Thursday, November 10, 2016

အိမ်အတွင်း ပုန်းလျှိုးဝင်ရောက်နေသူက အဘွားအိုကို ဓားဖြင့်ထိုး

-မောင်မောင်လင်း(ဝမ်းတွင်း)

နိုဝင်ဘာလ ၉ ရက် မနက် ၂ နာရီလောက်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ ဆေးရုံ အုပ်ဆရာဝန်၏ မိခင် ဒေါ်ခင်ထွေး ၇၈ နှစ်တရေးနိုးအိမ်သာအထွက်မှာ အိမ်အတွင်းပုန်လျှိုးဝင် ရောက်နေသူက ဓားနဲ့ထိုးလို့ လည်ပင်း၊ အောက်ရင်ညွှန့်နဲ့ မေးစေ့မှာ ပြတ်ရှဒဏ်ရာရရှိခဲ့ပါတယ်။

“ဆေးရုံဝင်းထဲက ဝန်ထမ်းအိမ်ရာဆိုတော့ ဝင်းထရံထပ်မကာထားဘူး။ ပုန်းနေတဲ့သူက မီးဖိုထဲရောက်နေတာ။ အိမ်သာနဲ့မီးဖိုက ကပ်နေတော့ အဖွားက အိမ်သာကအထွက် ပက်ပင်းတိုးတော့ သူကို့မဖမ်းမိအောင် ဓားနဲ့ပက်ထိုးလိုက်တာဖြစ်မယ်” လို့ ဆယ်အိမ်မှူး ဦတင်ကပြောပြပါတယ်။

အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး အမှုစစ်အရာရှိ ဒုရဲအုပ်သိန်းဇော်သန်းက “အဘွားက အသက်ကြီးပြီဆိုတော့ ဓားနဲ့ထိုးတဲ့သူက လုံချည်အစိမ်းရောင်ဝတ်ထားတယ်။ ခန္ဓာကိုယ်ပိန်ပါးပါး အရပ်မနိမ့်မမြင့်လောက်ပဲ ပြောပြနိုင်တယ်။ အခြားပစ္စည်းတခုမှယူမသွားဘူး။ မီးဖိုချောင်သုံးဓားတချောင်းလျော့နေတယ်လို့ ပြောတယ်။ အဲဒီဓားနဲ့ထိုးခဲ့တာဖြစ်မယ်။ အဘွားလည်ပင်းမှာဆွဲထားတဲ့ ချည်ကြိုးနဲ့တွဲဆွဲထားတဲ့ ပယင်း ဆွဲသီးလေးပြတ်ကျသွားတယ်။ ပြစ်မှုကျူးလွန်သူကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။

ဒေါ်ခင်ထွေးရဲ့ တိုင်တန်းချက်အရ ဝမ်းတွင်းမြို့မ ရဲစခန်းက အမှု အမှတ်(ပ)၂၁၀/၂၀၁၆ နဲ့ ညအချိန်မတော် ပုန်းလျှိုးဝင်ရောက်သော ပြစ်မှုပုဒ်မ-၄၅၆ နှင့် ချွန်ထက်သော လက်နက်ဖြင့် သာမန်ဒဏ်ရာရရှိစေမှု ပုဒ်မ-၃၂၄ တို့နဲ့ ဒုရဲအုပ်သိန်းဇော်သန်းက အမှုဖွင့် စုံစမ်းစစ်ဆေး ဆောင်ရွက်နေပါတယ်။

No comments: