Wednesday, November 16, 2016

စစ်တွေခရိုင်မှ အမြင့်ဆုံးဘဲငါးရာတောင်သို့ ရာနှင့်ချီသော လူငယ်များတက်ရောက်

စံမောင်သန်း၊ စစ်တွေ


ယခုနှစ်တွင် ပြုလုပ်သော ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဘဲငါးရာတောင်ထိပ်သို့ လူငယ် အများအပြား တက်ရောက်ခဲ့ကြသည်။

နှစ်စဉ် တောင်တက်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပရာ ယခုနှစ်တွင်နိုဝင်ဘာလ ၁၄ ရက်နေ့ ၌ ကျရောက်သဖြင့် တန်ဆောင်မုန်းလပြည့် အာရုဏ်တက်ချိန်မှစပြီး လက်နှိပ် ဓါတ်မီးများ အသုံးပြု၍ တက်ရောက်ခဲ့ကြသည်။

ယခုနှစ်တောင်တက်ပွဲတွင် ပါဝင်ခဲ့သူ ယိုးတရုပ်ကျေးရွာဇာတိ မစုလှိုင်က“ကျွန်မက ရန်ကုန်ကနေ လာတာပါ။ မတက်ဖြစ်တာ ၂ နှစ် လောက် ရှိပါပြီ။ တောင်တက်တာ ပင်ပန်းတော့ နောက်တစ်ခါ မတက်တော့ဘူးလို့ ပြောဆို တတ်ကြပေမယ့် အချိန်ကျရင် တက်ချင်လာတာပဲ။ ကျွန်မက ရန်ကုန်မှာ အလုပ် လုပ်တာတော့ မဟုတ်ဘူး။ မလေးရှားမှာ အလုပ်လုပ်ခဲ့ပြီးတော့ ဂျပန် သွားမလို့ စီစဉ်နေတာပါ။ သင်တန်းမတက်ခင်လေးမှာ အချိန် ရတာနဲ့ ဘေးငါးရာ တောင်ကို တကိုးတက လာတက်တာပါ”ဟု နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

မစုလှိုင်နှင့်အတူ ရန်ကုန်နှင့် ပဲခူးတို့မှသူငယ်ချင်းများလည်း အတူတူလိုက်ပါ တောင်တက်ခဲ့ကြသည်။

“ဘဲငါးရာတောင်တက်တဲ့အကြောင်းကို သူများတွေပြောပြလို့ စိတ်ဝင်စားပြီးတော့ ရောက်ဖူးချင်ပါတယ်။ လမ်းကကြမ်းပြီးတော့ တောင်တက်တာပင်ပန်းပေမယ့် တောင်ထိပ်ပေါ်ရောက်ပြီး တိမ်တိုက်တွေကို မြင်ရတော့လည်း ပင်ပန်းရကျိုး နပ်ပါတယ်”ဟု ရန်ကုန် လှည်းကူးမှ မထက်ထက်အောင်က ပြောသည်။

ယခုနှစ် ဘဲငါးရာတောင်တက်ပွဲသည် နှစ်တိုင်းလို စည်ကားသည့်အပြင် သက်ကြီး ရွယ်အိုများလည်း တက်ရောက်ခဲ့ကြသည်။

“အဘွားအသက် ၇၀ ရှိပါပြီ။ တစ်ခါမှ ဘဲငါးရာတောင် မတက်ဖူးသေးဘူး။ သူများ တွေကို အားကျလို့ လာတက်တာပါ။ အခု အသက် ၇၀ ရှိနေပေမယ့် တောင်ထိပ်ကို အရောက်တက်နိုင်ခဲ့ပြီ ဆိုတော့ အဘွားဘ၀မှာ ကျေနပ်ပါပြီ”ဟု အနီးအနား ကျေးရွာ တစ်ရွာမှ အသက် ၇၀ အရွယ် အဘွားအိုတစ်ဦးက နိရဉ္စရသတင်းဌာနသို့ ပြောသည်။

ယခုနှစ် ဘဲငါးရာတောင်တက်ပွဲသို့ ရခိုင်သမိုင်းသုတေသီ တစ်ဦးဖြစ်သည့် ဆရာကြီး ဦးအောင်လှသိန်းလည်း တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

ဘဲငါးရာတောင်တက်ပွဲအတွက် ယိုးတရုပ်ကျေးရွာတွင် ဇာတ်ပွဲကို နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၃ ညတိုင်တိုင် ကပြလျက်ရှိသည်။

ယခုနှစ် ဘဲငါးရာတောင်တက်ပွဲတွင် တန်ဆောင်မုန်းလပြည့် နိုဝင်ဘာလ ၁၄ ရက် နံနက် ၉ နာရီခန့်က တောင်ထိပ်ပေါ်မှ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦး ပြုတ်ကျ၍ သေဆုံးခဲ့သည်ဟု ယိုးတရုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

သို့ သော် ပွဲတော်ကို ထိခိုက်မည်စိုး၍ သတင်းမဖေါ်ပြလိုသဖြင့် နိရဉ္စရာ သတင်း ဌာနက အသေးစိတ်ကို မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်းမရှိခဲ့ပါ။

ဘဲငါးရာတောင်သည် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး အမြင့်ပေ ၃၆၀၀ ကျော်ရှိသည်။

No comments: