Thursday, November 10, 2016

စေတီတောင်တိုက်နယ်ဆေးရုံဖွင့်သည်မှာ ၉ လခန့်ရှိပြီ ဖြစ်သော်လည်း ကျန်းမာရေးဝန်ထမ်းမရှိ၍ ဒေသခံများအခက်ကြုံ

နောင်ခိုင်အောင်


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာအုပ်စုရှိ တိုက်နယ်ဆေးရုံကို ဖွင့်လှစ်သည်မှာ ၉ လ နီးပါးခန့် ရှိနေပြီ ဖြစ်သော်လည်း ကျန်းမာရေး ဝန်ထမ်းများ တာဝန်ထမ်းဆောင်ခြင်းမရှိသောကြောင့် ယင်းဆေးရုံကိုအားထားနေကြရသည့် ကျေးရွာသားများအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူရာတွင် အခက်အခဲကြုံနေကြသည်ဟု ဒေသခံများက နိရဉ္စရာသို့ပြောကြသည်။

“ဆေးရုံဆောက်ပြီးတဲ့နောက်ပိုင်း ဆရာဝန်နဲ့ ဆေးရုံးဝန်ထမ်းတွေက တစ်လလောက်ပဲနေခဲ့တယ်။ အခုဒီဆေးရုံကို အားကိုးနေတဲ့ လူတွေအားလုံး ရွာမှာ ဆေးရုံးရှိတာတောင် တစ်ခုခုဆို ဘူးသီးတောင်မြို့ပေါ်ထိ သွားနေရတယ်။ အချိန်ကုန်တယ်။ ပိုက်ဆံကုန်တယ်။ သွားလာရေးက အစ ဒုက္ခရောက်နေကြရပါတယ်” ဟု စေတီတောင်ကျေးရွာသား ကိုသိန်းဝင်းက နိရဉ္စရာသို့ ပြောသည်။

(၁၆)ကုတင်ဆန့်သော အဆိုပါဆေးရုံကို ယခုနှစ် မတ်လအတွင်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆရာဝန် အပါအ၀င် ကျန်းမာရေး ၀န်ထမ်းများ မေလအတွင်းသာ ရောက်ရှိလာပြီး ၎င်းတစ်လတည်းသာ တာဝန်ထမ်းဆောင်ခဲ့ကြကာ ပြန်သွားခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။

“ ကျွန်တော်တို့ ဒေသက ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် ကြားထဲမှာ တည်ရှိပြီး မြို့နဲ့ ဝေးတဲ့ အတွက် ကျန်းမာရေးအရ တစ်ခုခု ဖြစ်လာရင် အခက်အခဲအများကြီးရှိတယ်။ ဒီအတွက် တိုက်နယ်ဆေးရုံကို နိုင်ငံတော်က တည်ဆောက်ပေးခဲ့တယ်။ ဒါပေမယ့် အခု ဆရာဝန်လဲ မရှိသလို ကျန်းမာရေး ၀န်ထမ်းလည်း မရှိဘဲ ဖြစ်နေပြန်တယ်။ ဒါကြောင့် ဆရာဝန်နဲ့ ကျန်းမာရေး ၀န်ထမ်းတွေကို အမြန် ချပေးစေလိုပါတယ်” ဟု သူက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းထွန်ကျော်အား ဆက်သွယ် မေးမြန်းရာ သူက “ အဆိုပါဆေးရုံအား ဆောက်လုပ်ပြီးစီး၍ လွှဲပြောင်းလက်ခံဆောင်ရွက်ပြီး အဆင့်တွင်သာရှိသေးပြီး အစိုးရက ဝန်ထမ်းများအား တရားဝင် ခန့်ထားပေးခြင်းမရှိသေး” ဟု နိရဉ္စရာကို ပြောသည်။

“ဝန်ထမ်းတွေ အမြန်ဆုံး ခန့်ပေးဖို့ ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို တင်ပြထားပြီးဖြစ်ပါတယ်။ မကြာခင်မှာတော့ ချက်ချင်း ခန့်ပေးပါလိမ့်မယ်” ဟု သူက ဆိုသည်။

စေတီတောင်တိုက်နယ်တွင် ကျေးရွာပေါင်း (၃၆) ရွာရှိပြီး အခြားကျေးရွာများအပါအဝင် ကျေးရွာပေါင်း (၁ဝဝ)ကျော်က အဆိုပါတိုက်နယ်ဆေးရုံကိုသာ အားထားနေရသည်ဟုလည်း သိရသည်။

No comments: