Thursday, November 17, 2016

မင်းတပ်မြို့နယ်တွင် လူမှုကူညီထောက်ပံ့ငွေများ အလွဲသုံးစားမှုရှိနေဟုဆို

admin


ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် သဘာဝဘေးဒဏ်ပြန်လည် ထူထောင်ရေးအတွက် လူမှု ကယ် ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ထောက်ပံ့ပေးသော ငွေကြေးများ အလွဲသုံးစား မှုရှိနေသည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က မြေပြိုမှုဒဏ်ခံခဲ့ရသည့် မင်းတပ်မြို့နယ် တိုက်နယ် အမှတ်(၁၁) အုံအုပ်စု ချိုင်ကျေးရွာအား ပြောင်းရွှေ့ရန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ ငွေကြေးထောက်ပံ့ ခဲ့သော်လည်း ဒေသခံများအား အပြည့်အ၀မခံစားစေဘဲ အုံအုပ်စုအုပ်ချူပ်ရေးမှူးအဖွဲ့က အလွဲသုံးစားလုပ်နေ သည်ဟု မင်းတပ်မြို့ ချင်းဒီမိုကရက်တစ် ပါတီ လူငယ်တာဝန်ခံ ကိုဂေအွမ်ကပြောသည်။

မင်းတပ်မြို့မှ ၃၇ မိုင်ခန့်အကွာ အိမ်ခြေ ၅၄ ရှိသည့် ချိုင်ကျေးရွာသားများကို ကျေးရွာသစ်သို့ပြောင်းရွှေ့ရန် အတွက် အုံအုပ်စုအုပ်ချူပ်ရေးမှူးအဖွဲ့က ယခုနှစ်လယ်ပိုင်းက ပထမရစ်အဖြစ် တစ်အိမ်လျင် (ကျပ် ၁၀၀၀၀) နှုန်းဖြင့် ထုတ်ပေးကာ သို့သော်လည်း ဒေသခံများကို (ကျပ် ၂၀၀၀၀) လက်ခံကြောင်း လက်မှတ်ရေးထိုးစေခဲ့ သည်ဟု ကိုဂေအွမ်ကဆက် ပြောသည်။

ဒုတိယအရစ်ငွေထုတ်ပေးသည့်အချိန်တွင် တစ်အိမ်လျင်(ကျပ် ၃သိန်း)စီထုတ်ပေးရန်ဖြစ်သော်လည်း ၆ အိမ်ခြေကို (၂ သိန်း)စီ၊ ကျန်အိမ်ခြေများကို (၂၄၂၀၀၀)နှုန်းဖြင့် ထုတ်ပေးကာ ငွေထုတ်ပေးရမည့်စာရင်း တွင်မပါရှိသူ ၂ ဦးကိုလည်း (၂၄၂၀၀၀) စီထုတ်ပေးသည်ဟု ၎င်းကဆက်ပြောသည်။

မင်းတပ်မြို့ပြည်နယ်လွှတ်တော်အမတ် ဦးထိတ်ထန်းသည် နိုဝင်ဘာ ၁၄ ရက်နေ့က ချိုင်ကျေးရွာသို့ သွားရောက်ကာ ယင်း ကိစ္စနှင့်ပတ်သက်ပြီးဖြေရှင်းပေးခြင်းမရှိဘဲ ဒေသခံများအနေဖြင့်တိုင်တောခြင်း များမပြုလုပ်ကြရန်သာ မှာကြားသွား သည်ဟု သိရသည်။

ချိုင်ကျေးရွာသားများသည် ယခုအခါ ၎င်းတို့ကျေးရွာမှ ၃ မိုင်ခန့်ဝေးသော ရွာသစ်သို့ အများစုပြောင်း ရွှေ့နေထိုင်ကြပြီးဟု သိရသည်။

No comments: