Thursday, November 10, 2016

မောင်တော အကြမ်းဘက်မှုဖြစ်စဉ်တွင် သေဆုံးခဲ့ရသူများအတွက် အဝေးသင်ကျောင်းသား ကျောင်းသူများမှ တစ်လပြည့် ဆုတောင်းပွဲပြုလုပ်

စံမောင်သန်း၊ စစ်တွေ


အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ဖြစ်ပွားခဲ့သော အကြမ်းဘက်တိုက်ခိုက်ခံရမှု တစ်လပြည့် ဆုတောင်းပွဲ အခမ်းအနားတစ်ခုကို မောင်တောမြို့နယ် အဝေးသင်ကျောင်းသူကျောင်းသားများက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လောကနန္ဒာစေတီ ရင်ပြင်တွင် နိုဝင်ဘာလ ၉ ရက်နေ့ ညဥ့် ၇ နာရီက ပြုလုပ်ခဲ့သည်။

၎င်းဆုတောင်းပွဲ အခမ်းအနားကို မောင်တောမြို့နယ် အဝေးသင် ကျောင်းသူကျောင်းသားများ ပရဟိတအဖွဲ့မှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး ယင်းအကြမ်းဘက်မှု ဖြစ်စဉ်အတွင်း ကျဆုံးခဲ့ရသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ရခိုင်လူငယ် ၃ ဦးအတွက် မေတ္တာပို့ ဆုတောင်းခဲ့ကြသည်။

“ကျွန်တော်တို့ အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီဘင်္ဂလီ အကြမ်းဘက်တိုက်ခိုက်ခံရမှုမှာ အသက်ပေးပြီး နိုင်ငံကိုကာကွယ်သွားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရယ်၊ သေဆုံးသွားတဲ့ လူငယ် ၃ ဦးအတွက် ၀မ်းနည်းမှု အထိမ်းအမှတ်နဲ့ ကျွန်တော်တို့ ဒေသမှာရှိတဲ့ စိုးရိမ်ကြောက်လန့်မှုနဲ့ နေရတဲ့ရခိုင်လူမျိုးတွေ ဘ၀လုံခြုံမှု ရှိပြီးတော့ ငြိမ်းချမ်းမှုရှိလာစေဖို့အတွက် ဒီဆုတောင်းပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု မောင်တောမြို့နယ် အဝေးသင် ကျောင်းသူ ကျောင်းသားများ ပရဟိတလူငယ်အဖွဲ့မှ ဦးစီးဦးဆောင်ပြုလုပ်နေသူ စီးပွားရေးမေဂျာမှ စတုတ္ထနှစ် ကျောင်းသား ခိုင်ကျော်ဝင်းက ပြောသည်။

ကျောင်းသားလူငယ်များအနေဖြင့် မိမိပညာရေးအတွက် စာသင်ရန်လာကြသော်လည်း ဖြစ်ပွားခဲ့သော အရေးအခင်းသည် မိမိတို့နှင့် သက်ဆိုင်နေသည့်အတွက် ဤဆုတောင်းပွဲကို ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီဆုတောင်းပွဲမှာ ပူးပေါင်းပါဝင်ရတာကတော့ မောင်တောမြို့ အနောက်တံခါး အေးချမ်းစေချင်လို့ပါ။ နောက်ထပ် အခုလိုမျိုး အခြေအနေဆိုးတွေ မဖြစ်လာအောင် အတွက်လည်း ဆုတောင်းပေးတာပါ။ ဒီလိုမျိုး ဖြစ်ပွားခဲ့တဲ့အပေါ်မှာ အတိုင်းမသိ ၀မ်းနည်းမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး ဖြစ်ရပ်တွေက ၂၀၁၂ ကလည်း တစ်ခါ ဖြစ်ပွားခဲ့ပါပြီ။ အခု မောင်တောမြို့နယ်က လူတွေဆိုရင် ကိုယ့်နေရာမှာကိုယ် နေရတာတောင် အသက်လုံခြုံမှုမရှိတော့ဘူး”ဟု သမိုင်းမေဂျာ ဒုတိယနှစ် ကျောင်းသူ မဇူးဇူးရတီက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဆုတောင်းပွဲအခမ်းအနားကို ဖယောင်းတိုင်ထွန်းညှိခြင်း၊ အနောက်တံခါးအတွက် အသက်ပေးသွား သူများအတွက် တစ်မိနစ် ငြိမ်သက်ဆုတောင်းခြင်း၊ အနောက်တံခါးနှင့် ရခိုင်ပြည်ကြီးငြိမ်းချမ်းရန်အတွက် ဆုတောင်းခြင်း၊ တက်ရောက်လာသူများက မောင်တောခရိုင် အကြမ်းဘက်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ရင်တွင်းစကားများ ပြောကြားခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။

“သူများတွေက ဆုတောင်းတဲ့အခါမှာ ဘာတွေ ဆုတောင်းခဲ့လဲတော့ မပြောတတ်ဘူး။ ကျွန်မကတော့ ကျွန်မတို့မြေမှာနေပြီး ကျွန်မတို့ကို ရန်ပြုနေသူတွေ ဒီအနောက်တံခါးက အပြီးအပိုင် ထွက်ခွာသွားကြပါလို့ ဆုတောင်းခဲ့ပါတယ်” ဟု ဆုတောင်းပွဲသို့ တက်ရောက်ခဲ့သူ ကျောင်းသူတစ်ဦးက သူမ၏ ရင်တွင်းစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြောက်ဦးမြို့မှ အဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ဦးကလည်း “ဒီလိုမျိုး ဆုတောင်းပွဲပြုလုပ်တဲ့ ကျောင်းသူ ကျောင်းသားတွေကို အလွန်လေးစားမိပါတယ်။ ဒီလိုမျိုးဆုတောင်းပွဲကို ဒီမှာသာမကဘဲ ရခိုင်တစ်ပြည်လုံး၊ မြန်မာတစ်နိုင်ငံလုံးနဲ့ ကမ္ဘာအရပ်ရပ်မှာ ရောက်ရှိနေကြတဲ့ ရခိုင်သူ ရခိုင်သားတွေက ပြုလုပ်သင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဆုတောင်းပွဲအခမ်းအနားကို ဦးဆောင်ဦးရွက် ပြုလုပ်ခဲ့သူ ခိုင်ကျော်ဝင်းကလည်း ယင်းအကြမ်းဘက်မှု ဖြစ်စဉ်ကြောင့် ဒေသခံပြည်သူများ ဘ၀ လုံခြုံမှုမရှိသည့်အပြင် စီးပွားရေး ဆုံးရှုံးရကြောင်း၊ လက်လုပ်လက်စားများ ၀မ်းရေးအတွက် အလုပ်မလုပ်နိုင်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

သူက ဆက်လက်၍“အကြမ်းဘက်မှု ဖြစ်ပွားတဲ့နေ့က အသက် ၃ နှစ်အရွယ် တူမလေးက ဦးလေး သမီးတို့ကို ကုလားတွေ သတ်ဖို့လာနေကြပြီဆိုပြီးတော့ ဖုန်းဆက်ပြီးပြောကြားပါတယ်။ ဒေသခံတွေက စိတ်မလုံခြုံမှုဝေဒနာကို တော်တော်ခံစားနေကြရပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံဆိုတာ သင်္ဘောတစ်စင်းလိုပါပဲ။ ဒီသင်္ဘောမှာ မောင်တောမြို့ဆိုတဲ့ အပေါက်တစ်ပေါက် ပေါက်နေပါပြီ။ ဒီအပေါက်ကြောင့် သင်္ဘောတစ်စီးလုံး နစ်မြုပ်သွားနိုင်ပါတယ်။ ဒီအနောက်တံခါးကို ကာကွယ်ဖို့အတွက် နိုင်ငံတော်အစိုးရသာမကဘဲ တိုင်းရင်းသား ၁၃၅ မျိုးလုံးမှာ တာဝန်ရှိပါတယ်”ဟု ပြောကြားသွားသည်။

သက်ဆိုင်ရာအစိုးရနှင့် တာဝန်ရှိသူများက လုံခြုံမှုရှိနေပါပြီဟု ပြောကြားနေကြသော်လည်း ဒေသခံပြည်သူများမှာ လုံခြုံမှု မရှိဟု ခံစားနေရတုန်းဖြစ်ကြောင်း တက်ရောက်လာသူများက ပြောကြားခဲ့ကြသည်။

အခမ်းအနားကို ညဥ့် ၇ နာရီတွင် စတင်ပြီး ၈ နာရီတွင်ပြီးဆုံးခဲ့သည်။ အခမ်းအနားသို့ ကျောင်းသူ ကျောင်းသားများနှင့် စိတ်ပါဝင်စားသူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

No comments: