Monday, November 14, 2016

တကျော့ပြန်တိုက်ပွဲကြောင့် မောင်တောနယ်စပ်ကုန်သွယ်စခန်း မဖွင့်နိုင်သေး

ဝဏ္ဏခွာညို၊


နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက အကြမ်းဖက်အဖွဲ့တွေ မောင်တောရဲကင်းတခုကို တကျော့ပြန်ဝင်ရောက်တိုက် ခိုက်ခဲ့တဲ့အချိန်ကစလို့ မောင်တောနယ်စပ်ကုန်သွယ်ရေး ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ဆိုရင် ကုန်သွယ်ရေးစခန်း ပိတ်ထားခဲ့တာ ၁၀ ရက်မြောက်နေရှိပြီး၊ တကျော့ပြန်အကြမ်းဖက်သူတွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့ အချိန်ကစလို့ မောင်တောနယ်စပ် ကုန်သွယ်ရေးကို ပိတ်ထားခဲ့တာဖြစ်ပြီး ၁၃ ရက်နေ့ အထိ ကုန်သွယ်မှုကို ပြန်မဖွင့်နိုင်သေးဘူးလို့ မောင်တော ကုန်သွယ်ရေးစခန်းက ဥက္ကဋ္ဌဦးအောင်မြင့်သိန်းက ဒီဗွီဘီကိုပြောပါတယ်။

“ရဲကင်းတခုကို အကြမ်းဖက်သမားတွေ ဆိုင်ကယ်နဲ့ ဝင်းစီးနေကတည်းက ပိတ်ထားတာပါ။ ဒီလနိုဝင်ဘာ၃ ရက်နေ့ကတည်းက ကုန်သွယ်ရေးကို ပိတ်ထားတာဖြစ်ပါတယ်။ ဒီနေ့အချိန်ထိဆိုရင် ၁၀ ရက်ရှိနေပြီပေါ့လေ။ ဒီရက်အတောအတွင်း ပို့ကုန်တွေမရှိသလို ဟိုက်ဘက်ကုန်သွယ်တွေဘက် ပို့ပေးတာမရှိပါဘူး။ ကုန်သွယ်မှု တခုတည်းမဟုတ်ပါဘူး။ Daily Passport နဲ့သွားတဲ့သူရော အလည်အပတ်သွားတဲ့သူတွေရော ၃ ရက်နေ့ကတည်းက ပိတ်ထားတာပါ။”

အခုလို ရက်ရှည်ပိတ်ထားတာကြောင့် ကုန်သွယ်တွေအနေနဲ့ အနည်းအများ ထိခိုက်မှုတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ကုန်သွယ်တွေ အခြေအနေကတော့ ပိတ်လိုက်တယ်ဆိုကတည်းက ထိခိုက်မှုတွေကတော့ အနည်းအများကတော့ ရှိတာပေါ့။ ဒါပေမယ့် အဲဒီအကျိုးထက် လက်ရှိအခြေအနေကို ဦးစားပေးရမှာပေါ့။ အခုလိုအခြေအအနေမျိုး ကုန်သွယ်မှုကို ပိတ်ထားတာတော့ ကောင်းတာပေါ့။ ဒီဘက်က ပို့ကုန်တွေက ဒီရက်အတောအတွင်း ဘာမှမရောက်ဘူး။ ရခိုင်ပြည်အနှံအပြားက ပုစွန်၊ ငါးတွေကို လက်တလောအခြေအနေရ မဖမ်းဘဲ ထားတာပေါ့။ ငါးခြောက်တွေကတော့ တာရှည်ခံဆိုတော့ ဂိုဒေါင်ထဲမှာ သိုလောင်ထားလို့ရတဲ့ အခြေအနေမှာရှိတာပေါ့။”

လက်တလောမှာ တိုက်ခိုက်မှု ဆက်လက်ရှိနေတာကြောင့် နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ဖို့ အခြေအနေမရှိနိုင်သေးသလို အတိုင်းအတာတခု အေးချမ်းတည်ငြိမ်လာရင် သက်ဆိုင်ရာကိုတင်ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်သွားမယ်လို့ ပြောပါတယ်။

မောင်တောနယ်စပ်မှာ ငါးပုစွန်တင်ပို့နေတဲ့ ကုန်သွယ်တဦးက “ပိတ်လိုက်တယ်ဆိုကတည်းက ကုန်သွယ်တွေ အနေနဲ့ထိခိုက်တာပေါ့။ ကျနော်တို့မှာ သက်မှတ်ထားတဲ့တနေ့တာ ငါးဘယ်လောက်ပို့မယ်။ ပုစွန်ဘယ်လောက် ပို့မယ်ဆိုတာရှိတယ်။ အခုဆိုရင်ကျနော်တို့ ဒီကမပို့တာ ၁၀ ရက်လောက်ရှိပြီးတော့ ထိခိုက်တာပေါ့လေ။ နောက်ပြီး ကျနော်တို့က တဆင့်အခြားကုန်သည်တွေကယူတာ ရှိတယ်။ သူတို့ဘက်မှာလည်း အလုပ်သမားခ၊ ၀န်ထမ်းခ ဘာညာရှိတာပေါ့လေ။ ဒါပေမယ့် ဒီဘက်ကလုံခြုံရေးအခြေ အနေအရပြန် မဖွင့်တာလည်း ဖြစ်နိုင်ပါတယ်။”

မောင်တောနယ်စပ်ဂိတ်ဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ ပို့ကုန်အများဆုံး ကုန်သွယ်ရေး စခန်းဖြစ်ပြီး ရေထွက်ကုန်ဖြစ်တဲ့ ပုစွန်၊ ငါးခြောက်မျိုးစုံ၊ ငါးနီတူ စတဲ့ ရေထွက်ကုန်တွေကို တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တင်သွင်းပါတယ်။ လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မောင်တော နယ်စပ်ကုန်သွယ်မှုပမာဏဟာ နိုဝင်ဘာ ၁၃ ရက်နေ့ထိ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၀၈၉ သန်းရှိတယ်လို့ သိရပါတယ်။

No comments: