ရဲထွန်း (သီပေါ)
ဖက်ဒရယ်နိုင်ငံဆိုသည်မှာ မတူခြားနားသော နိုင်ငံရေးအသိုက်အဝန်းများကို ဘုံတူညီသော အရေးကိစ္စများအတွက် ဘုံအစိုးရတရပ် (အမျိုးသားအစိုးရ) ဖွဲ့စည်းခွင့်ရှိခြင်းနှင့် မတူကွဲပြားခြားနားသော ဒေသဆိုင်ရာ အရေးကိစ္စများအတွက် အသိုက်အဝန်းတခုစီအား ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ဒေသန္တရ အစိုးရများအဖြစ် ခွဲခြားဖွဲ့စည်းစေကာ ပေါင်းစပ်ထားသည့်စနစ် ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျနှင့် ဆွစ်ဇာလန်နိုင်ငံများသည် ဖက်ဒရယ်နိုင်ငံများ ဖြစ်ကြသည်။ ဖက်ဒရယ်စနစ်ဆိုသည်မှာ မတူကွဲပြားမှုများရှိသည့် ပေါင်းစည်းညီညွတ်မှုပင် ဖြစ်သည်။ ကနေဒါနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဆာဂျွန်အမက္ကဒေါ်နယ် ပြောခဲ့သလို “ဒေသဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းရန် ‘ဒေသဆိုင်ရာအစိုးရများနှင့် ဥပဒေပြုအဖွဲ့အစည်းများ ပါဝင်သည့်’ တမျိုးသားလုံးဆိုင်ရာ ကိစ္စများကို ဖြေရှင်းရန် အမျိုးသားအစိုးရတရပ်နှင့် ဥပဒေပြုအဖွဲ့အစည်း” လည်း ဖြစ်ပေသည်။
“ကွန်ဖက်ဒရေးရှင်း” ဆိုသည်မှာ (အမေရိကန်ပြည်ထောင်စုက ၁၇၇၆ ခုနှစ်မှ ၁၇၈၉ ခုနှစ်အထိ ကျင့်သုံးခဲ့သလို) သီးခြားလွတ်လပ်သောနိုင်ငံများ စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့ကြီး ဖြစ်သည်ဟု မကြာခဏ အဓိပ္ပာယ်ဖွင့်ဆိုကြသော်လည်း ကနေဒါနိုင်ငံကို စတင်တည်ထောင်ခဲ့သူများအတွက်မူ ထိုသို့ ဆိုလိုခြင်းမဟုတ်ချေ။ ပြင်သစ်စကား ပြောသူများရော၊ အင်္ဂလိပ်စကား ပြောသူများကပါ ၎င်းတို့အနေဖြင့် “နိုင်ငံတော်သစ်တရပ်”၊ “နိုင်ငံရေးဆိုင်ရာ လူမျိုးသစ်တရပ်”၊ “ကမ္ဘာ့နိုင်ငံများအကြား ဝင်ရောက်နေရာယူရန် အင်အားတောင့်တင်းသော အမျိုးသားနိုင်ငံတရပ်”၊ “မဟာအင်အားကြီး နိုင်ငံတရပ်” ထူထောင်နေကြခြင်းဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောခဲ့ကြသည်။
၎င်းတို့အနေဖြင့် ဖက်ဒရယ်အဖြစ် စုဖွဲ့လိုက်သော ပြည်နယ်/တိုင်းများ သို့မဟုတ် ကိုလိုနီများ၏ ဝိသေသလက္ခဏာများ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းထားနိုင်ရန် စွဲစွဲမြဲမြဲ ရပ်တည်ပြောဆိုခဲ့ကြသည်။ အဓိကအားဖြင့် ကနေဒါ အရှေ့ဘက်ခြမ်း (ကွိဘက်ပြည်နယ်) ရှိ ပြင်သစ်စကားပြော၊ ကက်သလစ်ခရစ်ယာန် ဘာသာဝင်များသည် ၎င်းတို့၏ ဘာသာစကား၊ ပြင်သစ်ပုံစံ တရားမဥပဒေနှင့် ထူးခြားသည့် ပညာသင်ကြားရေးဆိုင်ရာ ဘာသာရေးစနစ်တို့ကို အင်္ဂလိပ်စကားပြောသည့် ပရိုတက်စတင့် ခရစ်ယာန်ဘာသာဝင်တို့၏ လွှမ်းမိုးဖျက်ဆီးခြင်း ခံရမည့်အရေး စိုးရိမ်ပူပန်နေရသည့် အနေအထားမှ လွတ်ကင်းလိုကြသည်။ အင်္ဂလိပ် ဘာသာစကားပြော ပရိုတက်စတင့်တို့ လွှမ်းမိုးသည့် ကနေဒါအနောက်ခြမ်း (အွန်တေရီယို) နယ်သားများအနေဖြင့်မူ ပြင်သစ်လွှမ်းမိုးမှုအန္တရာယ်မှ ကင်းလွတ်ရေးဖြစ်သည်။ နိုဘာစကိုးရှားနှင့် နယူးဘန်းစဝစ်က်တို့ကမူ ကနေဒါနယ်ပယ်များ၏ သိမ်းပိုက် ဝါးမျိုခံရမည်ကို မလိုလားချေ။ အဆိုပါ ကနေဒါနယ်ပယ်များမှာ အမြဲတမ်းလို နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပြင်သစ်-အင်္ဂလိပ်တို့၏ ပြင်းထန်သော ရန်လိုအငြင်းပွားမှုများ တရစပ်ဖြစ်နေသည့် ဒေသများဟု မှတ်ယူကာ ယုံကြည်မှု မရှိကြချေ။
အခြားတဘက်တွင်မူ အားလုံးက အမေရိကန်ကျူးကျော်မှုနှင့် စီးပွားရေးအရ အမေရိကန်တို့၏ လည်ပင်းညှစ်ခံရမည်ကိုလည်း စိုးရိမ်ကြသည်။ အကြောင်းမှာ ကနေဒါအနေဖြင့် တနှစ်လျှင် ခြောက်လခန့် သူ၏ အဓိကကုန်ပစ္စည်းထုတ်လုပ်ရာ ဗြိတိန်နှင့် အဆက်အသွယ် ပြတ်နေတတ်ပြီး အမေရိကန်ဆိပ်ကမ်းများမှတဆင့်သာ ကုန်သွယ်ကြရသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ကနေဒါ ကွန်ဖက်ဒရေးရှင်းကို တည်ထောင်ခဲ့သူများက သူတို့ မကြာခဏ ခေါ်ဆိုခဲ့ကြသလို တကယ်စစ်မှန်သော ယူနီယံတခု၊ အစစ်အမှန်ဖက်ဒရေးရှင်းတရပ်ကို တည်ထောင်ရန် စိတ်ထက်သန်ခဲ့ကြခြင်းဖြစ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံများ သို့မဟုတ် တဝက်တပျက် လွတ်လပ်သောပြည်နယ်များ စုပေါင်းပါဝင်သည့် သမဂ္ဂကြီးမျိုး တည်ထောင်ရန် စိတ်ကူးခဲ့ကြခြင်း မဟုတ်ချေ။
ကွန်ဖက်ဒရေးရှင်းကို စတင်တည်ထောင်သူများသည် “ကျယ်ဝန်းလွန်းလှသော ဧရိယာအတွင်း ပြန့်ကြဲနေသည့် လူဦးရေ ခပ်ပါးပါးသာ စုစည်းနေထိုင်သော သေးငယ်သည့် လူ့အဖွဲ့အစည်းများကို” တစုတစည်းတည်း ဖြစ်စေရန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ကြရသည်။ ဤလူ့အဖွဲ့အစည်းအား သဘာဝအတားအဆီးများကသာ ပိုင်းခြားထားသည်မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ အကျိုးစီးပွား၊ ဘာသာစကား၊ ကိုးကွယ်ရာ အယူဝါဒ၊ ဥပဒေနှင့် ပညာရေး စသည်တို့ကလည်း နက်ရှိုင်းစွာ ပိုင်းခြားထားလေသည်။ လမ်းပန်းဆက်သွယ်ရေးမှာ ဆိုးဝါးညံ့ဖျင်းလှသည်။
ဤပြဿနာများကို ဖြေရှင်းရန်မှာ တခုတည်းသောအဖြေသာရှိပြီး ၎င်းမှာ ဖက်ဒရယ်စနစ်ပင် ဖြစ်သည်။ ပြည်နယ်/ဒေသများအနေဖြင့် အထီးတည်း ခွဲမနေလိုသည့်နည်းတူ ဝါးမျိုခြင်းလည်း မခံလို။ သူတို့အနေဖြင့် အားကောင်းသော ဗဟိုအစိုးရနှင့် ဥပဒေပြုလွှတ်တော်ရှိသလို ဖက်ဒရေးရှင်းအဖွဲ့ဝင် ပြည်နယ်/တိုင်းဒေသများအတွက် လုံလောက်သော ကိုယ်ပိုင်အုပ်ချုပ်မှု အာဏာရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ရေးအစိုးရများ ပါဝင်သည့် ဖက်ဒရေးရှင်းကို ဖွဲ့စည်းနိုင်ခဲ့ကြလေသည်။
ခန့်အပ်ခံရသူများဖြင့် ဖွဲ့စည်းထားသည့် အထက်လွှတ်တော်ရှိသော ဖက်ဒရယ်နိုင်ငံ
ကနေဒါဖက်ဒရေးရှင်းကို ၁၈၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ကနေဒါ ဖက်ဒရယ်စနစ်မှာ ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်တို့နောက် တတိယမြောက် သက်တမ်းအရင့်ဆုံး ဖက်ဒရယ်ပြည်ထောင်စု ဖြစ်သည်။ ဧရိယာ အကျယ်အဝန်းအားဖြင့် ရုရှားနိုင်ငံပြီးလျှင် ဒုတိယမြောက် အကြီးမားဆုံးနိုင်ငံတခု ဖြစ်သော်လည်း လူဦးရေအားဖြင့် နည်းပါးလှသည်။ မူလက အင်္ဂလိပ်နှင့် ပြင်သစ် ကိုလိုနီနယ်သားများသာ အဓိကအားဖြင့် နေထိုင်ခဲ့ကြသော ကနေဒါဖက်ဒရေးရှင်းမှာ ၂၀၁၆ ခုနှစ် သန်းခေါင်စာရင်းများအရ လူဦးရေ ၃၆ သန်းရှိပြီဖြစ်သည်။ ပြင်သစ် အခြေချနေထိုင်သူများက ၁၆၀၄ ခုနှစ်တွင် စတင်လာရောက် အခြေချနေထိုင်ခဲ့ကြသော်လည်း ယနေ့ ကနေဒါလူဦးရေတွင် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ လူမျိုးများပါ ရှိနေပြီဖြစ်သည်။ ကွိဘက်သည် ပြင်သစ်စကားပြောသော လူများစုများ နေထိုင်ရာပြည်နယ်ဖြစ်ပြီး ကနေဒါနိုင်ငံရှိ ပြင်သစ်လူမျိုးအားလုံး၏ ၈၀% နေထိုင်ကြသည်။
ကနေဒါဖက်ဒရယ်စနစ်တွင် လွတ်လပ်အမှီခိုကင်းသော အမျိုးသားအစိုးရတရပ်နှင့် လွတ်လပ်အမှီခိုကင်းသော ဒေသဆိုင်ရာအစိုးရများ ရှိကြပြီး ၎င်းတို့၏ ဥပဒေပြုပိုင်ခွင့် အဝန်းအဝိုင်းအတွင်း အုပ်ချုပ်ရေးအာဏာ ကျင့်သုံးကြသည်။ သို့ဖြစ်လေရာ ကနေဒါ နိုင်ငံရေးအာဏာကို ဖက်ဒရယ်အစိုးရ (အမျိုးသားအစိုးရ) နှင့် ဒေသဆိုင်ရာ အစိုးရများအကြား ခွဲဝေကျင့်သုံးသည်ဟု ဆိုရမည်။ ၎င်းတို့အား ခွဲဝေသတ်မှတ်ပေးထားသော ဥပဒေပြုခွင့်အာဏာ အဝန်းအဝိုင်းအရ ဖက်ဒရယ်အစိုးရနှင့် ဒေသဆိုင်ရာအစိုးရတို့မှာ ထက်-အောက် ဆက်ဆံရေးမဟုတ်ဘဲ တန်းတူရည်တူ ဖြစ်သည်။ ပြည်နယ်ဥပဒေပြုအဖွဲ့အစည်းများနှင့် ကနေဒါ ပါလီမန်တို့၏ တာဝန်များခွဲဝေမှုကို ဗြိတိသျှ မြောက်အမေရိက အက်ဥပဒေဖြင့် ပိုင်းခြားသတ်မှတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါ အက်ဥပဒေကို “၁၈၆၇ ခုနှစ် အခြေခံဥပဒေ” ဟု ခေါ်တွင်သည်။
အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်း (အင်္ဂလန်)မှာကဲ့သို့ပင် ကနေဒါတွင် (House of Commons) ခေါ် အောက်လွှတ်တော်နှင့် (Senate) ခေါ် အထက်လွှတ်တော်တို့ ပါဝင်သော လွှတ်တော်နှစ်ရပ်စနစ် ရှိသည်။ သို့သော် ကနေဒါ အထက်လွှတ်တော်မှာ အမေရိကန် အထက်လွှတ်တော်နှင့် သိပ်မတူလှဘဲ အင်္ဂလိပ်အထက်လွှတ်တော်နှင့် ပိုမိုဆင်တူသည်။ အကြောင်းမှာ ကနေဒါ အထက်လွှတ်တော်အမတ်များကို ရွေးကောက်တင်မြှောက်ခြင်း မဟုတ်ဘဲ ရွေးချယ်ခန့်ထားသည့် စနစ်ကြောင့် ဖြစ်သည်။ သို့သော် အထက်လွှတ်တော်မှာ ပြည်သူလူထု၏ ရွေးချယ်တင်မြှောက်ထားသော အောက်လွှတ်တော်၏ လွှမ်းမိုးမှုအောက်တွင် ရှိသည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်တိုင်းမှ တူညီသောအရေအတွက်ရှိသည့် အထက် လွှတ်တော်အမတ် ဦးရေ စေလွှတ်ခွင့်ရှိသော်လည်း ကနေဒါအခြေခံဥပဒေတွင် ထိုသို့မဟုတ်ဘဲ ပြည်နယ်တခုစီအလိုက် အထက်လွှတ်တော်အမတ် အရေအတွက်ကို သတ်မှတ်ထားသည်။ ကနေဒါတွင် အထက်လွှတ်တော်အမတ် နေရာကိုယ်စားပြုမှုကို မဲဆန္ဒနယ်ယူနစ်များကို အခြေမခံဘဲ ဒေသများကို အခြေခံသည်။ ဤသည်မှာ ကနေဒါရှိ ဘာသာစကားအရ လူနည်းစုများ (အထူးသဖြင့် ပြင်သစ်စကားပြော ကွိဘက်) ၏ ကိုယ်စားပြုမှုကို လုံလောက်စွာ အာမခံချက်ရှိစေလို၍ ဖြစ်သည်။
ကနေဒါနိုင်ငံမှာ အင်္ဂလန်ကဲ့သို့ ပါလီမန်စနစ် ကျင့်သုံးသောနိုင်ငံ ဖြစ်သဖြင့် အမေရိကန်ကဲ့သို့ သမ္မတစနစ် ကျင့်သုံးသည့်နိုင်ငံ မဟုတ်ချေ။ ထိုသို့ဆိုခြင်းကြောင့် ကနေဒါနိုင်ငံ၏ အုပ်ချုပ်ရေးမှာ ဖွဲ့စည်းပုံဆိုင်ရာအုပ်ချုပ်သူနှင့် နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်သူအကြား တနည်းအားဖြင့်ဆိုလျှင် “ဘုရင်ခံချုပ်နှင့် ဝန်ကြီးချုပ် ခေါင်းဆောင်သည့် သူ၏အစိုးရအဖွဲ့” တို့အကြား လုပ်ပိုင်ခွင့်တာဝန်များ ခွဲဝေကျင့်သုံးခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
ကွန်ဂရက်စနစ် (သမ္မတ အုပ်ချုပ်ရေးစနစ်) တွင် သမ္မတသည် နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်သလို အဓိက အနိုင်ရ နိုင်ငံရေးပါတီခေါင်းဆောင်လည်း ဖြစ်သည်။ ကနေဒါနိုင်ငံတွင်မူ ဝန်ကြီးချုပ်သည် နိုင်ငံ့အကြီးအကဲ မဟုတ်ပေ။ ဤတာဝန်ကို ဘုရင်ခံချုပ်က ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်သည်။ ဖွဲ့စည်းပုံဆိုင်ရာ အုပ်ချုပ်မှုအာဏာမှာ ဘုရင်မတွင် ရှိသည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံအဓိပ္ပာယ်အရ ကနေဒါသည် ဘုရင်စနစ်အုပ်ချုပ်ရေး အစိုးရ ဖြစ်သည်။ ဘုရင်ခံချုပ်က သဘောတရားအရ ဘုရင်မ၏ကိုယ်စား အထူးအခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များ ကျင့်သုံးခွင့်ရှိသည် ဆိုသော်လည်း အမှန်တကယ် လုပ်ပိုင်ခွင့်အာဏာမှာ ဝန်ကြီးချုပ်နှင့် သူ၏ အစိုးရအဖွဲ့တွင်သာ ရှိပါသည်။ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များမှာ ဘုရင်ခံချုပ်၏ ရာဘာတံဆိပ်တုံး ထုနှက်ခြင်းဖြင့် အသက်ဝင်ရခြင်း ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် အစိုးရ၏ အကြံပြုချက်အရသာ ဘုရင်ခံချုပ်က ဆောင်ရွက်ရန် နားလည်မှုရှိထားချက် ဖြစ်သဖြင့် အမှန်တကယ် အာဏာရှိသူမှာ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဖြစ်ပါသည်။
ကွန်ဂရက်စနစ် (သမ္မတအုပ်ချုပ်ရေးစနစ်) နှင့် ပါလီမန်စနစ်တို့၏ နောက်ထပ် ခြားနားချက် တခုမှာ ကွန်ဂရက်စနစ်က အာဏာကို ခွဲဝေကျင့်သုံးခြင်းဖြစ်ပြီး ပါလီမန်စနစ်က အာဏာများကို စုစည်းကျင့်သုံးသည်။ အမေရိကန်သမ္မတနှင့် သူ၏ အစိုးရအဖွဲ့ဝင်များမှာ မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်ရပေ။ ထို့အတူ သမ္မတနှင့် သူ၏အစိုးရအဖွဲ့ဝင်များမှာ ကွန်ဂရက်တွင် ဥပဒေ တရပ်ရပ်ကို တင်သွင်းခြင်း၊ မေးခွန်းများကို ဖြေကြားခြင်း သို့မဟုတ် အစိုးရ၏ ပေါ်လစီများကို ဝေဖန်တိုက်ခိုက်မှုအား တုံ့ပြန်ဖြေရှင်းခြင်းများ လုပ်ဆောင်ရန် မလိုပေ။
အခြားတဘက်တွင် ကနေဒါ ဝန်ကြီးချုပ်နှင့် သူ၏ အစိုးရဝန်ကြီးများသည် ထုံးစံအားဖြင့် လွှတ်တော်တခုခု၏ အမတ်များ ဖြစ်ကြရမည်။ အစိုးရ၏ ဥပဒေကြမ်းများမှာ အစိုးရဝန်ကြီး တဦးဦး သို့မဟုတ် ၎င်းကို ကိုယ်စားပြုသူတဦးဦးက တင်သွင်းရမည်ဖြစ်ပြီး ဝန်ကြီးများသည် ပါလီမန်သို့ တက်ရောက်၍ အစိုးရ၏ ဥပဒေကြမ်းများကို ခုခံချေပရှင်းလင်းရမည့် တာဝန်ရှိသည့်အပြင် အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်ချက်နှင့် ပေါ်လစီများနှင့် ပတ်သက်သည့် ပါလီမန်တွင်း မေးခွန်း များကို ဖြေကြားပေးရန် တာဝန်ရှိလေသည်။ သို့ဖြစ်၍ ပါလီမန်စနစ် ဆိုသည်မှာ အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေပြုရေးအာဏာတို့ ပေါင်းစပ်ထားသည့် အခြေခံမူအပေါ် အခြေပြုထားသည်ဟု ဆိုရပေမည်။ ဥပဒေပြုလွှတ်တော်အတွင်း အများစု နေရာရထားသည့် နိုင်ငံရေးပါတီသည် အုပ်ချုပ်ရေးအပိုင်းကိုလည်း ထိန်းချုပ်ခွင့်ရပေလိမ့်မည်။ အနိုင်ရပါတီ တခုတည်း၏ ခေါင်းဆောင်များက အစိုးရ၏ အုပ်ချုပ်ရေးအာဏာရော၊ ဥပဒေပြုအာဏာကိုပါ ကိုင်တွယ် ဆောင်ရွက်မည် ဖြစ်သည်။ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးယန္တရားများအကြား ပေါင်းကူးတံတားမှာ ကက်ဘိနက် (အစိုးရအဖွဲ့) ဖြစ်၏။ အဆိုပါအဖွဲ့သည် ဥပဒေပြုလွှတ်တော်ကို စုပေါင်းတာဝန်ခံရ သည် ဖြစ်၍ လွှတ်တော်တွင် အများစု ထောက်ခံမှုရနေသ၍ အစိုးရအာဏာကို ဆုပ်ကိုင်ထားပေ လိမ့်မည်။
ကွန်ဂရက်စနစ် (သမ္မတစနစ်) တွင်မူ ဥပဒေပြုအာဏာနှင့် အုပ်ချုပ်ရေးအာဏာ ပေါင်းစပ်ကျင့်သုံးခြင်းမဟုတ်ဘဲ အာဏာကို ခွဲဝေကျင့်သုံးသည့်စနစ် ဖြစ်သည်။ ဤအာဏာခွဲဝေကျင့်သုံးမှုကို အပြန်အလှန် ထိန်းကျောင်းမှုများဖြင့် ထိန်းညှိထားသည်။ ဥပမာအားဖြင့် သမ္မတသည် ဥပဒေပြုခွင့်အာဏာ မရှိသော်လည်း ကွန်ဂရက်က အတည်ပြုထားသောဥပဒေကို ဗီတိုအာဏာသုံး၍ ပယ်ချခွင့်ရှိသည်။ သူ၏ဗီတိုကို ပြန်လည်ချေဖျက်ရန်အတွက် လွှတ်တော်နှစ်ရပ်လုံးတွင် သုံးပုံနှစ်ပုံ ထောက်ခံမဲရရှိရန် လိုသည်။
ကနေဒါ ပြည်နယ်အစိုးရများမှာ အမျိုးသားအစိုးရ (ဗဟိုအစိုးရ) ကို ရောင်ပြန်ဟပ်သည်။ ပြည်နယ်အဆင့်တွင် အုပ်ချုပ်ရေးကဏ္ဍမှာ ဝန်ကြီးချုပ်နှင့် လက်ထောက်အုပ်ချုပ်ရေးမှူးတို့အကြား ခွဲဝေထားသည်။ မည်သို့ဆိုစေကာမူ ပြည်နယ်များတွင် လွှတ်တော်နှစ်ရပ်စနစ် မဟုတ်ဘဲ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်တရပ်သာ ရှိသည်။ ကနေဒါနိုင်ငံသည် ဖက်ဒရယ်စနစ် ကျင့်သုံးသည့် ဒီမိုကရေစီနိုင်ငံတခု ဖြစ်သည်နှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့၏ ဆက်ဆံရေးမှာ ဤသို့ ဖြစ်သည်။ ဖက်ဒရယ်အဆင့် (အမျိုးသားအဆင့်) မှာကဲ့သို့ပင် ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများတွင်လည်း တနေရာနှင့်တနေရာ ကွဲပြားခြားနားနိုင်သော်လည်း အများစု မဲဖြင့်ဆုံးဖြတ်သည့် တန်းတူညီစနစ်တခု ရှိသည်။ ဒီမိုကရက်တစ် အမြင်အယူအဆများကို ဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့်အများစုကမှ အခြားသော အများစုထက် ပိုမိုသာလွန်ခြင်း သော်လည်းကောင်း၊ ယုတ်လျော့ခြင်းသော်လည်းကောင်း မရှိချေ။ မတူကွဲပြားသော ပြည်နယ် အသီးသီးသည် သက်ဆိုင်ရာပြည်နယ် ပြည်သူလူထုနှင့်ပတ်သက်သော အထူးအကြောင်းကိစ္စများကို တုံ့ပြန်ဆောင်ရွက်ရန် သီးခြားဖြစ်သောပေါ်လစီများကို ချမှတ်နိုင်သည်။ တချိန်တည်းမှာပင် ဖက်ဒရယ်စနစ်သည် ကနေဒီယန်များကို တမျိုးသားလုံးနှင့်ဆိုင်သော ၎င်းတို့၏ ရည်မှန်းချက်များ ပေါက်မြောက်စေရန် ဖက်ဒရယ်အစိုးရအနေဖြင့် သူ၏ ဥပဒေပြုပိုင်ခွင့်ဘောင်အတွင်းမှ ဆောင်ရွက်ပေးခြင်းဖြင့် ရရှိနိုင်သည်။ သို့ဖြစ်၍ ကနေဒါဖက်ဒရယ်စနစ်သည် နိုင်ငံသားများကို ဖက်ဒရယ်အဆင့် (အမျိုးသားအဆင့်) မှာရော ပြည်နယ်အဆင့်တွင်ပါ တပြိုင်နက်တည်းတွင် မတူကွဲပြားခြားနားသော စုပေါင်းလှုပ်ရှားမှုများအတွင်း ပါဝင်ဆောင်ရွက်နိုင်လေသည်။
ကနေဒါဖက်ဒရယ်စနစ် ဖြစ်ပေါ်လာစေသည့် အကြောင်းရင်းများ
ကနေဒါနိုင်ငံ၏ လက်ရှိဖက်ဒရယ်စနစ် ဖြစ်ပေါ်တိုးတက်လာပုံကို ကောင်းစွာ နားလည်သဘောပေါက်စေရန်မှာ ၎င်းကို ပုံသွန်းလောင်းပေးခဲ့သော အင်အားစုများအကြောင်းကို သိရှိနားလည်ရန်လိုပေသည်။ ကနေဒါဖက်ဒရယ်စနစ်မှာ ၁၉ ရာစုအလယ်က ဗြိတိသျှ မြောက်အမေရိက ရင်ဆိုင်နေခဲ့ရသော နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ပကတိ ဘဝအကြောင်း အချက်များကို တုံ့ပြန်ခဲ့ရသည့် နိုင်ငံရေးနှင့် ဥပဒေရေးရာ ဖြေရှင်းချက်ပင် ဖြစ်သည်။
၁၈၆၀ ခုနှစ် (အမေရိကန် လွတ်လပ်ရေးရပြီး ၈၄ နှစ်အကြာ) တွင် ဗြိတိသျှ မြောက်အမေရိက ဆိုသည်မှာ နယူးဖောင်လန်၊ နိုဘာစကိုးရှား၊ နယူးဘန်းစ်ဝစ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာကမ်းခြေရှိ ပရင့်စ်အက်ဝပ်ကျွန်း စသည့် ဗြိတိသျှကိုလိုနီများကို ခေါ်ဆိုခြင်း ဖြစ်သည်။ တဒေသနှင့်တဒေသ ဆက်စပ်မှုမရှိဘဲ တကွဲတပြားစီ ဖြစ်သည်။ ပစိဖိတ်ကမ်းခြေဘက်တွင် ဗင်ကူးဗားကျွန်းနှင့် ဗြိတိသျှကိုလံဘီယာတို့ ရှိသည်။ အလယ်ကောင်တွင် ကြီးမားသော ကနေဒါ ပြည်နယ်/တိုင်းဒေသကြီး တည်ရှိပြီး ၎င်းအထဲတွင် ပြင်သစ်-ကက်သလစ် လွှမ်းမိုးသော ကနေဒါ အောက်ပိုင်းနှင့် အင်္ဂလိပ်-ပရိုတက်စတင့် လွှမ်းမိုးသော အထက်ပိုင်းကနေဒါတို့ ပါဝင်သည်။ အဆိုပါကိုလိုနီများမှာ ပထဝီအရ လည်းကောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးအရလည်းကောင်း၊ တဒေသနှင့် တဒေသ တကွဲတပြားစီ ဖြစ်နေသော်လည်း ၎င်းတို့အားလုံး ဗြိတိန်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိကြသည်။
၁၈၄၁ ခုနှစ်တွင် ဗြိတိန်က ယခင် တကွဲတပြားစီ ရှိနေခဲ့သော အထက်ပိုင်းနှင့် အောက်ပိုင်း ကနေဒါကိုလိုနီများကို နိုင်ငံရေးအရ ဇွတ်အတင်းအကျပ် ပြည်ထောင်စုတရပ် ဖွဲ့စေသည်။ အောက်ပိုင်းကနေဒါသည် အထက်ပိုင်းကနေဒါထက် လူဦးရေအရ ပိုမိုများပြားသော်လည်း ဒေသကြီးနှစ်ခုလုံးမှ တူညီသော အရေအတွက်ရှိသည့် ကိုယ်စားလှယ်များကိုသာ ရွေးချယ် စေလွှတ်ခွင့်ပေးခြင်းဖြင့် အောက်ပိုင်းကနေဒါရှိ ပြင်သစ်ကနေဒီယန်များကို မကျေမနပ် ဖြစ်စေလေသည်။
ထို့သို့ ကိုလိုနီများအတွင်း ဖိအားများ ရှိနေစဉ်အတွင်း တောင်ဘက်ရှိ အမေရိကန်ပြည်ထောင်စုမှ ခြိမ်းခြောက်မှုများကလည်း ရှိပြန်သည်။ ပထမ ခြိမ်းခြောက်မှုမှာ မြောက်အမေရိကရှိ အင်္ဂလိပ်ကိုလိုနီများကို တိုက်ခိုက်ခြင်းဖြင့် အိုင်ယာလန်လွတ်လပ်ရေး ရရှိရန် မျှော်လင့်ကြသော အိုင်းရစ်ရှ် ကက်သလစ် အုပ်စုတခု ဖြစ်သော Fenian တို့၏ ခြိမ်းခြောက်မှု ဖြစ်သည်။ ၁၈၆၆ ခုနှစ်က Fenian ၁၅၀၀ လောက်က အထက်ကနေဒါကို ကျူးကျော်လာသည့်အတွက် တိုက်ထုတ်ခဲ့ရသေးသည်။
ထို့ပြင် နောက်ထပ်ခြိမ်းခြောက်မှုတခုမှာ အမေရိကန်ပြည်ထောင်စု၏ သိမ်းပိုက်ခံရမည့် အရေးဖြစ်ပြီး နှစ်ကြိမ် နှစ်ခါ ကျူးကျော်တိုက်ခိုက်ခံရကာ နှစ်ကြိမ်လုံး မအောင်မြင်ချေ။ တကြိမ်မှာ ၁၇၇၅ ခုနှစ်ကဖြစ်ပြီး အမေရိကန်တပ်မတော်က ကွိဘက်ကို ကျူးကျော်တိုက်ခိုက်ပြီး မွန်ထရီယယ်ကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယတကြိမ်မှာ ၁၈၁၂ ခုနှစ်တွင် ဖြစ်ပြီး အွန်တေရီယိုရှိ နိုင်ယာဂရာဒေသကို ဝင်ရောက် ကျူးကျော်ခဲ့ခြင်း ဖြစ်သည်။
ဗြိတိသျှလူထု၏ အမြင်တွင် စစ်စားရိတ်လျှော့ချရေးကိုသာ လိုလားကြသည်။ သို့ဖြစ်ရာ မြောက်အမေရိကတွင် အသုံးပြုမည့် အစိုးရအသုံးစရိတ် (အထူးသဖြင့် ကာကွယ်ရေးစရိတ်)ကို ဖြတ်တောက်လိုကြသဖြင့် ကိုလိုနီများအဖို့ နောက်တခေါက် တိုက်ခိုက်ခံရလျှင် မိမိကိုယ်ကို ကာကွယ်ရမည့်ပုံ ပေါ်နေပေတော့သည်။
ထိုသို့ဖြင့် ၁၈၆၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ကျူးကျော်သိမ်းပိုက်မှုအန္တရာယ်ကို ကာကွယ်ရန်နှင့် အပြန်အလှန် စီးပွားကုန်သွယ်ရေး တည်ဆောက်ရန်အတွက် ဗြိတိသျှ မြောက်အမေရိကယူနီယံ ဖွဲ့စည်းရန် ပရင့်စ်အက်ဒဝပ်ကျွန်းရှိ ရှားလော့တောင်း (Charlottetown) တွင် အတ္တလန်တိတ်ကမ်းခြေ ပြည်နယ်များနှင့် ကနေဒါပြည်နယ်မှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပုံစံအမျိုးမျိုးကို ဆွေးနွေးစဉ်းစားခဲ့ကြသည်။ တပြည်ထောင်စနစ်ပုံစံကို ထောက်ခံဆွေးနွေးမှုများရှိသလို ဆန့်ကျင်ကန့်ကွက်မှုများလည်း ရှိခဲ့သည်။ အထူးသဖြင့် ကွိဘက်အနေဖြင့် ကနေဒါတိုက်ငယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ခွဲဝေခံစားလိုသကဲ့သို့ အခြားသော ပြည်နယ်များရှိ ဈေးကွက်များတွင်လည်း ရောင်းဝယ်ဖောက်ကားလိုသည်။ သို့သော် ၎င်းအနေဖြင့် တပြည်ထောင်စနစ်တွင် လူနည်းစုအနေအထားသို့ ကျရောက်သွားမည်ကို လက်မခံလိုပေ။ ထိုသို့သောအနေအထားမှာ ကွိဘက်ပြည်သူအဖို့ လက်ခံနိုင်ဖွယ်ရာ မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ၎င်းတို့၏ ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကား၊ ဥပဒေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းထားလိုပြီး သီးခြားဖြစ်ခြင်းအပေါ် ဂုဏ်ယူကြသည်။ ကွိဘက်များအနေဖြင့် ဒေသယူနစ် တခုစီ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ထောက်ခံအသိအမှတ်ပြုမှုရှိသော ဖက်ဒရယ်ပြည်ထောင်စုကသာ သူတို့၏ ထူးခြားမှုများကို အကောင်းဆုံးထိန်းသိမ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကိုယ်စားလှယ်များသည် အထပ်ထပ်အခါခါ ဆွေးနွေးပြီးနောက် ဖက်ဒရေးရှင်းတခုကသာ အဖွဲ့ဝင် ယူနစ်များ၏ အကျိုးစီးပွားကို ကာကွယ်ရင်း တခုလုံး၏ အကျိုးစီးပွားမှ ခွဲဝေခံစားနိုင်ကြလိမ့်မည်ဟု ယုံကြည်သဖြင့် ဖက်ဒရယ်ပြည်ထောင်စုတရပ် ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော်လည်း ပြည်နယ်အားလုံးက ထိုသို့ ယုံကြည်ခဲ့ကြခြင်း မဟုတ်ချေ။ ပရင့်စ်အက်ဒ်ဝပ်ကျွန်းနှင့် နယူးဖောင်လန်တို့က ဖက်ဒရေးရှင်းသည် ၎င်းတို့၏ ကွဲပြားခြားနားသော ယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု မယုံကြည်သဖြင့် ချက်ချင်းမပါဝင်ခဲ့ကြဘဲ ၁၈၇၃ ခုနှစ်တွင်မှ ပရင့်အက်ဒ်ဝပ်ကျွန်းကလည်းကောင်း၊ ၁၉၄၉ ခုနှစ်တွင်ကျမှ နယူးဖောင်လန်က လည်းကောင်း ပူးပေါင်းပါဝင်ခဲ့ခြင်း ဖြစ်သည်။
အားကောင်းသော ဗဟိုအစိုးရလော၊ အားနည်းသော ဗဟိုအစိုးရလော
ဖက်ဒရေးရှင်းပြည်ထောင်စု ဖွဲ့စည်းရန် ဆုံးဖြတ်ပြီးဖြစ်သော ကိုယ်စားလှယ်များသည် နောက်တလအကြာတွင် ကွိဘက်မြို့တွင် ထပ်မံတွေ့ဆုံကာ အသေးစိတ်ကိစ္စများကို ထပ်မံ ညှိနှိုင်းခဲ့ကြပြန်သည်။ ဖက်ဒရေးရှင်းတွင် အားကောင်းသော ဗဟိုအစိုးရလော သို့တည်းမဟုတ် အားနည်းသော ဗဟိုအစိုးရလော ဆိုသည့်ကိစ္စမှာ အဓိကငြင်းခုံရသောပြဿနာ ဖြစ်သည်။ နယူးဗန်းစ်ဝစ် ကိုယ်စားလှယ်များက ပြည်နယ်ရှိ လုပ်ပိုင်ခွင့်အာဏာများကို ဗဟိုသို့ ပေးလိုက်ရလျှင် ၎င်းတို့မှာ မြူနီစီပယ် ကော်ပိုရေးရှင်းသာသာမျှသာ အာဏာရှိတော့မည်ဟု ဆိုကြသည်။ အားကောင်းသော ဗဟိုအစိုးရကို လိုလားသူများက အမေရိကန်၏ ပြည်တွင်းစစ်အတွေ့အကြုံကို ညွှန်ပြ၍ အားနည်းသော ဗဟိုအစိုးရသာရှိသည့် ဖက်ဒရေးရှင်းကြောင့် ပြည်နယ်များ အချင်းချင်းအကြား ပဋိပက္ခများ ထိန်းမနိုင်သိမ်းမရ ဖြစ်ရပုံကို ဆွေးနွေး၍ အားကောင်းသော ဗဟိုအစိုးရလိုအပ်ပုံကို တင်ပြသည်။ ထိုကဲ့သို့သော ကံကြမ္မာ ၎င်းတို့ထံ တပတ်ပြန်လည်လာ မည်ကို စိုးရိမ်သဖြင့် ၎င်းတို့တည်ဆောက်မည့် ပြည်ထောင်စုတွင် ဗဟိုကို အားကောင်းစေချင်သည်။
အထက်ကနေဒါမှ ကွန်ဆာဗေးတစ် ခေါင်းဆောင်တယောက်လည်းဖြစ်၊ နောက်ပိုင်းတွင် ကနေဒါ၏ ဝန်ကြီးချုပ်အဖြစ်လည်း ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဆာဂျွန်အေ မက်ဒေါ်နယ်က အမေရိကန်ပြည်ထောင်စု စတင်ဖွဲ့စည်းစက အဓိကအမှားတခုမှာ ပြည်နယ်တိုင်းက အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မစွန့်လွှတ်ဘဲ ထိန်းသိမ်းထားကြပြီး သေးငယ်သော လုပ်ပိုင်ခွင့်အာဏာကိုသာ ဗဟိုအစိုးရသို့ လွှဲအပ်ခဲ့ကြခြင်း ဖြစ်သည်ဟု ယုံကြည်လေသည်။ မက်ဒေါ်နယ်အနေဖြင့် အမေရိကန်တို့ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်ကို ပြောင်းပြန်လုပ်ခြင်းဖြင့် ဗဟိုအစိုးရကို အားကောင်းစေရန်အတွက် ပြည်နယ်များ၏ ဒေသဆိုင်ရာ ရည်မှန်းချက်များအတွက် လိုအပ်သော လုပ်ပိုင်ခွင့် အာဏာကိုသာ ထိန်းသိမ်းရန် ပြည်နယ်များနှင့် တိုင်ပင်ညှိနှိုင်းရမည်ဟု ယူဆလေသည်။ မက်ဒေါ်နယ်အနေဖြင့် အင်အားတောင့်တင်းသော စည်းလုံးညီညွတ်သည့် ကနေဒါနိုင်ငံကသာ အမေရိကန်ပြည်ထောင်စု၏ နောက်ထပ်တဖန် ကျူးကျော်တိုက်ခိုက်လာမှုကို ကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်လေသည်။
၁၈၆၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ အက်ဥပဒေ
ဖက်ဒရယ်စနစ်ဆိုင်ရာ အဆိုနှစ်ရပ်လုံး၏ ကောင်းကွက်များကို ကိုင်စွဲကာ ပြင်းပြင်းထန်ထန် ဆွေးနွေးငြင်းခုံကြပြီး၊ နောက်ဆုံးတွင် မက်ဒေါ်နယ်နှင့် သူ့ကို ထောက်ခံသူများ၏ အမြင် ယူဆချက်က လွှမ်းမိုးသွားလေတော့သည်။ သို့ဖြစ်၍ ၁၈၆၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အတည်ပြုသက်ဝင်ခဲ့သော ဖက်ဒရေးရှင်းမှာ ဗဟိုချုပ်ကိုင်မှုများသော အခြေခံဥပဒေ ဖြစ်ခဲ့လေသည်။ ဥပမာအားဖြင့် ဗဟိုဖက်ဒရယ်အစိုးရအား ကန့်သတ်ချက်မရှိ အခွန်ကောက်ယူခွင့်အာဏာ ပေးထားသော်လည်း ပြည်နယ်အစိုးရများမှာမူ ပြည်နယ်အတွင်း တိုက်ရိုက်အခွန်ကောက်ယူခွင့်နှင့် ပတ်သက်၍ ကန့်သတ်ချက်များ ရှိလေသည်။ ထို့ပြင် ဖက်ဒရယ်အစိုးရအနေဖြင့် ဒေသဆိုင်ရာ လုပ်ငန်းတခုခု သို့မဟုတ် စီမံကိန်းတခုခုအပေါ် တရားစီရင်ခွင့်အာဏာရှိပြီး အကယ်၍ အဆိုပါလုပ်ငန်းမှာ ပြည်နယ်တခုအတွင်း လုံးဝ ကျရောက်တည်ရှိနေခဲ့လျှင်သော်မှ ကနေဒါနိုင်ငံအတွက် အထွေထွေဦးစားပေးမှုအရ ဖြစ်စေရမည်ဟု ကြေညာလျက် ဗဟိုတရားစီရင်ပိုင်ခွင့် အောက်သို့ ဆွဲသွင်းနိုင်သည်။ အချို့သော အခြေအနေ အချက်အလက်များအောက်တွင် ဖက်ဒရယ်အစိုးရအနေဖြင့် ပြည်နယ်က ပြဋ္ဌာန်းထားသော ဥပဒေများအား ပယ်ဖျက်ခွင့်ကိုလည်း ပေးအပ်ထားသေးသည်။
ကနေဒါ ဖက်ဒရယ်အစိုးရအနေဖြင့် ၎င်းအရှေ့က တည်ရှိနေသော အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်ဖက်ဒရယ်စနစ်များတွင် ဗဟိုကရရှိသော လုပ်ပိုင်ခွင့်အာဏာများထက် ပိုသော အထူးသီးသန့်လုပ်ပိုင်ခွင့်အာဏာများ ရရှိရုံသာမကသေး Residual power ခေါ် ကြွင်းကျန်သော အာဏာများကိုလည်း “ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အစိုးရကောင်းဖြစ်ရေး” ဆိုသည့် အထွေထွေပြဋ္ဌာန်းချက်ဖြင့် ဖက်ဒရယ်အစိုးရသို့ ပေးအပ်ထားသေးသည်။ အမေရိကန်၊ ဆွစ်ဇာလန်နှင့် သြစတြေးလျပုံစံ ဖက်ဒရယ်စနစ်များတွင်မူ Residual power ခေါ် ကြွင်းကျန်အာဏာကို ဒေသဆိုင်ရာနှင့် ပြည်နယ်များသို့ ပေးအပ်ထားလေသည်။
အထက်လွှတ်တော်အမတ်များ တသက်တာပတ်လုံး တာဝန်ထမ်းဆောင်နိုင်ရန် ဘုရင်ခံချုပ်က ခန့်ထားခွင့်ပေးထားခြင်းသည်လည်း ဖက်ဒရယ်အစိုးရကို ပိုမိုအားဖြည့်ပေးရာ ရောက်လေသည်။ အစောပိုင်းကာလက အမေရိကန်ပြည်ထောင်စုတွင်မူ အထက်လွှတ်တော် အမတ်များမှာ ပြည်နယ်အကျိုးဆောင်ရွက်ရန်အတွက် ပြည်နယ်ဥပဒေပြုလွှတ်တော်မှ ကွန်ဂရက်လွှတ်တော်သို့ ခန့်အပ်စေလွှတ်ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ အမေရိကန် အထက်လွှတ်တော်အမတ်များကို ပြည်နယ်တွင်းရှိ ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် စနစ်သို့ ပြောင်းလဲပြီ ဖြစ်သော်လည်း ကနေဒါနိုင်ငံတွင်မူ ဖက်ဒရယ်အစိုးရက ခန့်အပ်ခြင်း ဖြစ်နေသေးသည်။
ကနေဒါ ဖက်ဒရယ်အစိုးရအနေဖြင့် အထွေထွေအယူခံတရားရုံး တည်ထောင်ခွင့်ရှိသလို တရားသူကြီးများကိုလည်း ခန့်အပ်ခွင့်ရှိလေသည်။ ၁၈၇၅ ခုနှစ်က ကနေဒါ ပြည်ထောင်စု တရားရုံးချုပ်ကို ဖွဲ့စည်းစဉ်ကလည်း ဆိုခဲ့ပါ အခွင့်အာဏာကို အသုံးပြုခဲ့လေသည်။ အဆိုပါ ပြည်ထောင်စုတရားရုံးချုပ်မှာ ပြည်နယ်အစိုးရနှင့် ဖက်ဒရယ်အစိုးရတို့အကြား အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို နောက်ပိတ်ဆုံး အဆုံးအဖြတ်ပေးရာဌာနလည်း ဖြစ်လေသည်။ ကနေဒါ ပါလီမန်သည် ပြည်နယ်တရားသူကြီးများ၊ ခရိုင်အဆင့်နှင့် အထက်အယူခံတရားရုံး တရားသူကြီးများနှင့် တရားရေးဝန်ထမ်းများကို ခန့်ထားခွင့်ရှိသည့်အပြင် ၎င်းတို့၏ လစာ၊ ခံစားခွင့်နှင့် ပင်စင်များအတွက်လည်း တာဝန်ရှိလေသည်။
မူလပြည်နယ်များက ဖက်ဒရယ်တွင် ပါဝင်ဖွဲ့စည်းပါမည်ဟူသော စေ့စပ်ညှိနှိုင်းသဘောတူမှုကို အခြေခံဥပဒေက ရုပ်လုံးဖော်ရခြင်း ဖြစ်သည်။ လူနည်းစုများ၏ အခွင့်အရေးကို ထိန်းသိမ်းပေးခြင်းသည် အဆိုပါ လူနည်းစုများ ဖက်ဒရေးရှင်းထဲ ဝင်လာစေသည့် အချက်အလက် အကြောင်းအရင်းလည်း ဖြစ်သလို အဆိုပါအခြေခံအပေါ်မှ နိုင်ငံ၏ တည်ဆောက်ပုံကို ဖော်ဆောင်ရခြင်းလည်း ဖြစ်လေသည်။
ဖက်ဒရယ်နှင့် ပြည်နယ်အကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုကို ပြဋ္ဌာန်းခဲ့သည့် အခြေခံဥပဒေကို ၁၈၆၇ ခုနှစ် ဗြိတိသျှ မြောက်အမေရိက အက်ဥပဒေဟု ခေါ်တွင်သည်။ အကြောင်းမှာ အဆိုပါအက်ဥပဒေကို ဗြိတိသျှပါလီမန်က ပြဋ္ဌာန်းပေးခဲ့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် ၁၈၆၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံအက်ဥပဒေဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ အဆိုပါအက်ဥပဒေဖြင့် ကနေဒါ ဒိုမီနီယံကို ဖန်တီးလိုက်ကာ အရှေ့ကနေဒါ၊ အနောက်ကနေဒါ၊ နိုဘာစကိုးရှားနှင့် နယူးဘန်းစ်ဝစ်ပြည်နယ်များကို စုစည်းလိုက်သည်။ အဆိုပါဥပဒေက ဗြိတိသျှ မြောက်အမေရိက၏ အခြားသောအစိတ်အပိုင်းများကို ဝင်ခွင့်ပြုရေးနှင့် ပတ်သက်၍လည်း စည်းဘောင်ပြဋ္ဌာန်းပေးသည်။ ထို့ပြင် ဖက်ဒရယ်ပါလီမန်နှင့် ပြည်နယ်ဥပဒေပြုလွှတ်တော်များ အကြား ဥပဒေပြုရေးအာဏာများကိုလည်း ခွဲခြားသတ်မှတ်ပေးသည်။
၁၇၈၇ ခုနှစ် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သူ၏ပြင်ဆင်ချက်များနှင့် မတူဘဲ ကနေဒါ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကြီးမားသည့် အစိတ်အပိုင်းမှာ စာချုပ်စာတမ်း တခုတည်း အတွင်း မတည်ရှိပေ။ “၁၉၈၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံ အက်ဥပဒေ” ပုဒ်မ ၅၂ (၂) တွင်ပါသည့် မပြည့်စုံသေးသော အခြေခံဥပဒေဇယား ၂၅ ခုက ကနေဒါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည့်စုံစေလေသည်။
မည်သို့ဆိုစေကာမူ ကနေဒါဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကြီးမားသောအစိတ်အပိုင်း (တချို့သော ပြောစကားများအရ အခြေခံအကျဆုံး အစိတ်အပိုင်း)လည်း ဖြစ်ပြီး ရေးသား မထားသည့် အခြေခံမူများက အခြေခံဥပဒေဖြစ်ပေါ်လာရန် လှုံ့ဆော်ပုံသွန်းပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သဘောတူညီချက်များ (constitutional conventions) ဟု ခေါ်တွင်သည်။
No comments:
Post a Comment