Tuesday, November 15, 2016

အင်းတော်တွင် မှောင်ခိုကျွဲ အကောင် ၂၀ ဖမ်းဆီးရမိ

ကိုကိုလင်း(အင်းတော်)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နားခါကျေးရွာနားမှာ ဆယ်ဘီးကားနဲ့ တင်ဆောင်လာတဲ့ တရားမဝင် မှောင်ခိုကျွဲ အကောင် ၂၀ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒု-ရဲမှူးအောင်ဇော်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်ညက တရားမဝင်ကျွဲနွားတွေ သယ်ဆောင်လာကြောင်း သတင်းအရ ရဲတပ်ဖွဲ့က နားခါကျေးရွာအနီး စောင့်ဆိုင်းနေစဉ် မဲဇာဘက်မှ အင်းတော်ဘက်သို့ ယာဉ်မောင်း စောစိုး (ခ) ဇာကရီယာ (ခ) ချစ်ကိုနဲ့ ယာဉ်နောက်လိုက် အောင်အောင် (ခ) အောင်မြင့် မောင်းနှင်လာတဲ့ ဆယ်ဘီးကားကို စစ်ဆေးရှာဖွေရာ ကျွဲအကောင် ၂၀ ကာလတန်ဖိုး ၈၂ သိန်းခန့် တွေ့ရှိရပြီး အထောက်အထားတစုံတရာ ပြသနိုင်ခြင်းမရှိလို့ ဖမ်းဆီးအရေးယူခဲ့တာပါ။

တရားမဝင်ကျွဲတွေ သယ်ဆောင်မောင်းနှင်လာသူတွေကို အင်းတော်မြို့မရဲစခန်းက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

No comments: