Monday, November 14, 2016

ရခိုင့်သယံဇာတ ခွဲဝေသုံးစွဲခွင့်ရရေးတောင်းဆိုမည့် ခရီးရှည် လူထုချီတက်ပွဲ နိုဝင်ဘာ ၂၁ ရက်နေ့ စတင်မည်

နိရဉ္စရာ၊


ဆုံးရှုံးနေသော ရခိုင်သဘာဝ သယံဇာ ခွဲဝေ သုံးစွဲခွင့်ရရေး အတွက် တောင်းဆိုမည့် ခရီးရှည် လူထု ချီတက်ပွဲတစ်ခုကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းချီတက်ပွဲကို ရခိုင်သယံဇာနနှင့် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ဦးဆောင် ပြုလုပ်သွားမည် ဖြစ်ပြီး စစ်တွေမြို့မှ ကျောက်ဖြူမြို့ထိ ကားလမ်းမအတိုင်း နိုဝင်ဘာ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့ထိ ချီတက်မည်ဖြစ်ကြောင်း ၎င်းအဖွဲ့၏ ဦးဆောင်ကော်မတီ ဦးထွန်းကြည်က နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

“ အဓိက ဒီလမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ရတာက ရခိုင်ပြည်နယ် သဘာဝသယံဇာတနဲ့ မြေယာခွဲဝေပိုင်ဆိုင်ခွင့်ကို ရခိုင်လူထု ကိုယ်တိုင် စီမံပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးအတွက် တောင်းဆိုသွားဖို့ အတွက် ဖြစ်ပါတယ်” ဟု သူက ပြောသည်။

လမ်းလျှောက်ချီတက်ပွဲကို အမာခံ အင်အား ၁၅၀ ဖြင့် စစ်တွေမှ ကျောက်ဖြူ အရောက်ချီတက်ရန် စီစဉ် ထားသော်လည်း မြို့နယ်တိုင်းက ယခု ချီတက်ပွဲကို ထောက်ခံထားသဖြင့် လူပေါင်းထောင်နှင့်ချီပြီး ပါဝင် လာနိုင်သည်ဟု သူက ဆက်လက် ပြောကြားသည်။

၎င်းပြင် ရခိုင်ပြည်နယ် အတွင်းရှိ လူမှုအဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင်မည် ဖြစ်ကြောင်း သိရသည်။

“ အခု ပူးပေါင်းပါဝင်မယ့် အဖွဲ့တွေကတော့ ရခိုင်လူမှုကွန်ရက် (တောင်ကုတ်)၊ ရခိုင်လူမှုကွန်ရက် (မင်းပြား)၊ ရခိုင်လူမှုကွန်ရက် (ကျောက်တော်)၊ ရခိုင်လူမှုကွန်ရက် (ရသေ့တောင်) တို့လဲ ပါဝင်မှာ ဖြစ်သလို သံတွဲကမ်းခြေ လူမှုကွန်ရက်၊ စစ်တွေကဆိုရင်လဲ ၀ံလက်တို့ အမျိုးသမီး အဖွဲ့တွေ အများအပြား ပါဝင်လာမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းကြည်က ဆက်လက် ပြောဆိုသည်။

ယခု ၎င်း ခရီးရှည်ချီတက်ပွဲအတွက် တီရှပ် အကျီများရိုက်နှိပ်ခြင်း၊ ပိုစတာ ဆိုင်းဘိုးများ ရေးသားခြင်းများကို စတင် ပြုလုပ်နေကြပြီဟု သတင်းရရှိသည်။

No comments: