Wednesday, November 16, 2016

အကြမ်းဖက်မှုများအား ဆန့်ကျင်ရန် ရခိုင်ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် တိုက်တွန်း

DVB


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် အလွန်စိုးရိမ်ကြောင်းနဲ့ အကြမ်းဖက်မှုတွေကို လူထုအသိုင်းအ၀ိုင်းအားလုံးအနေနဲ့ ဆန့်ကျင်ကြဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုဖီအာနန်က တိုက်တွန်းလိုက်ပါတယ်။

လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ကော်မရှင်အနေနဲ့ မနေ့က ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး လုံခြုံရေးဆောင်ရွက်နေတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကိုလည်း တရားဥပဒေနဲ့ အညီ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒီအကြမ်းဖက်မှုတွေဟာ ရခိုင်ပြည်နယ်ကို မတည်ငြိမ်မှုတွေ တဖန်ပြန်လည်ဖြစ်ပေါ်စေဖို့ လမ်းကြောင်းပေးနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးသူအသစ်တွေ ထပ်မံ ဖန်တီးပေးလိမ့်မယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လတ်လော ဖြစ်နေတဲ့ ပြဿနာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့နဲ့ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်သူအားလုံးအတွက် အကျိုးရှိစေပြီး ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းမှုတွေကို ရှာဖွေနိုင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း မစ္စတာကိုဖီအာနန်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဝင်းမြ၊ ဒေါက်တာသာလှရွှေ၊ မစ္စလက်တီတီရာ ဗန်ဒန် အာဆမ်၊ ဦးအေးလွင်၊ ဒေါက်တာမြသီတာ၊ ဦးခင်မောင်လေး၊ ဒေါ်ခင်စောတင့် စသူတို့ဟာလည်း မနေ့ကတည်းက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရောက်ရှိနေပြီး ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေနဲ့ ရခိုင်နဲ့ ဘင်္ဂါလီ နှစ်ဖက်အသိုင်းက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ဒီလိုတွေ့ဆုံရာမှာ လတ်တလော မောင်တောအကြမ်းဖက်တိုက်ခိုက်မှုတွေလို ထပ်မဖြစ်ဖို့၊ ရခိုင်ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုရှိရေး အထောက်အကူဖြစ်စေမယ့် ရေရှည်အစီအမံတွေရရှိဖို့၊ ဆင်းရဲနွမ်းပါးမှုတွေ၊ လုံခြုံရေးဆိုင်ရာအားနည်းချက်တွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစိန်ခေါ်ချက်တွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဟာ ၃ ရက်ကြာ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း စစ်တွေမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ဖို့ရှိသလို မြေပုံမြို့ကိုလည်း သွားရောက်ဖို့ရှိပြီး အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ မောင်တောဒေသကိုတော့ လုံခြုံရေး အခြေအနေကြောင့် မသွားတော့ဘူးလို့ ပြည်နယ်အစိုးရ ပြန်ကြားရေးတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်အကြံပေးကော်မရှင်အဖွဲ့ရဲ့ခရီးစဉ်မှာ အဖွဲ့ခေါင်းဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ကတော့ လိုက်ပါလာနိုင်ခြင်း မရှိသေးပါဘူး။

No comments: