Saturday, November 12, 2016

ပယောဂဆရာများက ခေါင်း၊ ခြေနှင့် လက်များ ဖြတ်ထားသည့် ကလေးတွေ့ရှိ

DVB


ပယောဂ အောက်လမ်းနည်းတွေ လုပ်ဆောင်ဖို့ အသက် ၄ နှစ်အရွယ် ဆူနူဂေါ့ဒ်ဘာ သတ်ဖြတ်ခံထားရတာကို ရဲတွေက တွေ့ခဲ့ရပြီးနောက် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေကြပါတယ်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အထက်အက်ဆမ် ရွာတရွာက ကလေးမလေး ဆူနူဂေါ့ဒ်ဘာရဲ့ ခေါင်းနဲ့ ခြေ၊ လက်တွေ ဖြတ်ထားတဲ့ အလောင်းကို သူမ အိမ်ဘေးနားက တောထဲမှာ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ခဲ့တာလို့ နိုဝင်ဘာလ ၁၁ ရက်နေ့ မေရာသတင်းမှာ ဖော်ပြထားတာပါ။

အိမ်နီးချင်းတဦးရဲ့ မိုးဘိုင်းလ်ဖုန်းပျောက်ကို အောက်လမ်းနည်းသုံးပြီး ရှာဖွေဖို့ ပရောဂဆရာတွေက ဒီကလေးမလေးကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

စုန်း ကဝေအတတ်၊ အောက်လမ်းပညာတွေ လုပ်ဆောင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းက ရွာလေးမှာ မိန်းကလေး ဆူနူဂေါ့ဒ်ဘာ ပျောက်ဆုံးသွားကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့က သတင်းပို့ခဲ့တယ်လို့ သိရပါတယ်။

အိမ်နီးနားချင်းတဦးဖြစ်သူ ဟန်နုမာန်ဘူမိ့က သမီးဖုန်းပျောက်တာ ပြန်ရဖို့ ခိုင်းခဲ့တဲ့ ပယောဂဆရာ ၂ ဦးကို ရဲတွေက လက်ရှိအချိန်မှာ ရှာဖွေနေကြပါတယ်။ အဲဒီဒေသတွေမှာ မိုဘိုင်းလ်ဖုန်းတွေက ဇိမ်ခံပစ္စည်းဖြစ်တယ်လို့ သိရပါတယ်။

ဒီပယောဂဆရာ ၂ ဦးက သူတို့ရဲ့အောက်လမ်းပညာအတွက် ကလေးမလေးကို ဖမ်းပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာလို့ သံသယရှိနေပါတယ်။

သေဆုံးသူ ဆူနူရဲ့ ဖခင်ဆူဆန်က “ကျနော့်သမီးအပေါ် အရမ်းကောင်းတဲ့ အိမ်နီးချင်းတွေ၊ သူတို့က ဦးလေးအရင်းလို သဘောထားပြီး သမီးကိုလည်း ချစ်တဲ့သူတွေက သူတို့ရဲ့လောဘ အတွက် သမီးကို သတ်လိုက်တာ ကျနော် မယုံနိုင်ဘူး” လို့ ပြောပါတယ်။

“သမီးလေး သေဆုံးသွားလို့ ကျနော်တို့တွေ အရမ်းစိတ်မချမ်းမသာ ဖြစ်နေကြတယ်။ သမီးက အပြစ်ကင်းတဲ့ ကလေးငယ် တစ်ယောက်ပါ။ ဒီလိုနာနာကျင်ကျင်နဲ့ သေဖို့ မတန်ပါဘူးဗျာ။ ကျနော်တို့တွေ အရမ်း စိတ်မကောင်းဖြစ်ရတယ်” လို့ ကလေးရဲ့ဖခင် ဆူဆန်က ပြောပါသေးတယ်။

ဟန်နုမာန်ဘူမိ (၄၅ နှစ်)ဟာ သေဆုံးသူ ကလေးမရဲ့ဖခင် ဆူဆန်ဂေါ့ဒ်ဘာ (၃၅ နှစ်)ရဲ့ ဘေးအိမ်မှာ နေတာဖြစ်ပြီး သူတို့ ၂ ဦးဟာ အိမ်နီးချင်းကောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဟန်နုမာန်ဘူမိရဲ့ ဆယ်ကျော်သက်သမီး ပိုင်တဲ့ဖုန်း ပျောက်တဲ့အခါ ရဲကို အမှုမဖွင့်ဘဲ ပညာမတတ်တဲ့ အိန္ဒိယတိုင်းရင်းသားဟာ ပယောဂဆရာ ၂ ဦးရဲ့အကူအညီနဲ့ ဖုန်းကို ပြန်ရဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။

အောက်လမ်းသုံးပြီး ဆုတောင်းတဲ့ပွဲကို ဟန်နုမာန်က မိတ်ဆွေ ၂ ဦးကို ဖိတ်ခဲ့ပြီး ကလေးကို သတ်ဖို့ကတော့ အောက်လမ်းဆရာတွေက ဆုံးဖြတ်ခဲ့တာလို့ ရဲတွေက ယူဆနေပါတယ်။

“ကလေးအဖေက ရဲစခန်းကို ကလေးပျောက် လာတိုင်တာ အောက်တိုဘာလ ၂၅ ရက်နေ့။ ကျနော်တို့လည်း နေရာအနှံ့ ရှာတယ်။ ဒါပေမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာ ရွာသားအချို့ ခေါင်းမပါတဲ့ အလောင်း ၁ လောင်း ချုံပုတ်ထဲက တွေ့တယ်လို့ အကြောင်းကြားတယ်” လို့ ရဲအရာရှိတဦးက ပြောပါတယ်။

“အကြောင်းကြားတဲ့နေရာကို ကျနော်တို့ ရောက်သွားတော့ မြင်ကွင်းက တကယ့် ဆိုးဆိုးရွားရွားပဲ။ ကလေးမလေးရဲ့ ခေါင်းက သူမရဲ့ အသက်မပါတော့တဲ့ ခန္ဓာကိုယ်ဘေးမှာ။ လက်တွေ ခြေတွေကိုလည်း ဖြတ်ထားတယ်။ စုံစမ်းမှုပြီးတော့ ဒီအလောင်းဟာ ကလေးမလေး ဆူနူရဲ့ အလောင်းဆိုတာ ကျနော်တို့ အတည်ပြုခဲ့ပါတယ်” လို့ ရဲက ပြောပါတယ်။

အောက်လမ်းဆုတောင်းပွဲ တက်ခဲ့တဲ့ ဟန်နုမာန်နဲ့ သူ့မိတ်ဆွေ အရစ်အူဒင်တို့ကို ရဲက ဖမ်းဆီးလိုက်ပြီး ပယောဂဆရာ ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေပါတယ်။

ဒီလို ခေါင်းဖြတ်ပြီး “နတ်”ကို ပူဇော်တာက တိုင်းရင်းသား ပယောဂဆရာတွေကြားထဲမှာ အမြင့်ဆုံးပွဲတော်အဖြစ် လုပ်ဆောင်ကြတယ်။

ပယောဂဆရာတွေက သူတို့ ဆုတောင်းပွဲလုပ်နေတုန်း လပြည့်နေတာကို မြင်တော့ ဒါက နတ်ဘုရားရဲ့လက္ခဏာပဲ ဆိုပြီး ကလေးမလေးကို သတ်လိုက်တာလည်း ဖြစ်နိုင်တယ်လို့ ရဲတွေက ယူဆနေပါတယ်။

No comments: