Saturday, November 12, 2016

ဗဲင်(န်)တေ့(ခ်ျ)ငါးအမှုန့် ကြိတ်စက်ရုံ ပါးကေးငါးအပုတ်များဖြင့် လည်ပတ်နေဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပြော

ဇော်နီ

မြိတ်မြို့ရှိ ဗဲင်(န်)တေ့(ခ်ျ) ငါးအမှုန့်ကြိတ်စက်ရုံ၌ ပါကေးငါးအပုတ်များဖြင့် စက်ရုံလည်ပတ်နေမှုမှာ မဖြစ်သင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက နိုဝင်ဘာ (၁၁)ရက်တွင် ပြောသည်။

“မလတ်ဆတ်တဲ့ ပါကေးငါးအပုတ်တွေ မ၀ယ်ဘူးဆိုပြီးပြောထားပေမယ့် အခုဒီမှာ ပုတ်နေတဲ့ ငါးတွေကို တွေ့ရတယ်။ ဒီလိုမျိုးကတော့ မဖြစ်သင့်တဲ့ဟာလို့ မြင်ပါတယ်။ ဒါကြောင့် လုပ်ငန်းစဉ်အရ ဒါကို ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

စက်ရုံအနေဖြင့် လတ်ဆတ်သော ငါးများကိုသာ ၀ယ်ယူအသုံးပြု လျက်ရှိပြီး ယခုမြင်တွေ့ရသည့် ငါးများမှာ စက်ရုံရှိ စက်ချို့ယွင်းမှုကြောင့် ခေတ္တရပ်နားရသည့် အချိန်အတောအတွင်း ငါးများ နာသွားခြင်းဖြစ်ကြောင်း စက်ရုံမန်နေဂျာ ဦးရဲမြင့် က ငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ငါးအမှုန့်ကြိတ်စက်ရုံ(၂)ရုံကို (၆)လ ယာယီ လုပ်ငန်းရပ်နား၍ ပြင် ဆင်မှုပြု လုပ်ခိုင်းခဲ့ ပြီးနောက် ယခုတစ်ကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများ ၀င်ရောက်စစ်ဆေးခဲ့ရာ ဗဲင်(န်)တေ့(ခ်ျ)ငါးအမှုန့်ကြိတ်စက်ရုံအနေဖြင့် မလတ်ဆတ်သော ပါကေးငါးအပုတ်များ အသုံးပြု၍ ငါးအမှုန့် ကြိတ်စက်ကို လည်ပတ်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မြိတ်မြို့ ဒေသခံများအနေဖြင့် အဆိုပါ ငါးအမှုန့်ကြိတ်စက်ရုံများမှ အနံ့ဆိုးပြဿနာကို နှစ်ရှည်လ များ ခံစားနေရလျက် ရှိပြီး ယခုကဲ့သို့ ငါးအမှုန့်ကြိတ်စက်ရုံမှ “မလတ်ဆတ်သော ပါကေးငါးများကို လုံးဝ(လုံးဝ) မ၀ယ် ယူ” ဟု ဆိုင်းဘုတ် တပ်၍ ကြေညာထားသော်လည်း စစ်ဆေးသည့်အခါ၌ မလတ်ဆတ်သော ငါးများဖြင့် စက်ရုံလည်ပတ်နေသည်ကို တွေ့ရှိ နေရဆဲဖြစ်ကြောင်း ဦးစိုးပိုင်ဌေးက ဆိုသည်။

(၆)လ လုပ်ငန်း ယာယီရပ်နားခဲ့ရသည့် အမှုန့်ကြိတ်စက်ရုံစာရင်းတွင် အဆိုပါ ဗဲင်(န်)တေ့(ခ်ျ)ငါးအမှုန့်ကြိတ်စက်ရုံ ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။

No comments: