Saturday, November 12, 2016

လှည်းတန်း လမ်းဆုံအနီး လေးဆင့်ဆက် ယာဉ်တိုက်မှုဖြစ်

စိုးသူအောင်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံအနီးတွင် နေ့လည် ၁ နာရီခန့်က ခရီးသည် တင်ယာဉ် ဘတ်စ်ကား (၄) စီးဆင့်တိုက်မှုဖြစ်ပွား ခဲ့ကြောင်း ကမာရွတ်ယာဉ် ထိန်းတပ်ဖွဲ့ရုံးမှ သိရသည်။
“လာတာတော့ ပြည်လမ်း စိန်ရတုဘက်ခြမ်းကနေ အင်းစိန်လမ်းဘက်ကို မီးစိမ်းတဲ့အချိန်မှာ ဖြတ်လာတဲ့ကား ၁၂၄ ယာဉ်လိုင်းကကားပေါ့ သူကရှေ့ကသွားနေတဲ့ ခရီးသည်ယာဉ်ကား ၄၅ ယာဉ်လိုင်းက ကားကို ၀င်ဆောင့်တယ်ပေါ့။ အဲ့လိုမျိုး ၀င်ဆောင့်လိုက်တော့ ရှေ့က ၁၂၄ နှစ်စီးကို ထိမိတယ်ပေါ့ “ ဟု ကမာရွတ် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ ဒုရဲမှူး ဇော်ဝင်းထွန်းကပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် (၁၂၄) ယာဉ်လိုင်းမှ ယာဉ်မောင်းမှာ ကားစီယာတိုင် နှင့် ယာဉ်မောင်းထိုင်ခုံကြား ခန္ဒာကိုယ် အောက်ပိုင်း ညပ်နေ၍ ၁နာရီကြာအချိန်ယူကယ်ဆယ်ခဲ့ရကြောင်း ၄င်းကပြောသည်။

ကားပေါ်တွင်ပါရှိသည့် ဒဏ်ရာရ ခရီးသည် (၁၀) ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး စိုးရိမ်ရသည့် အခြေနေမရှိကြောင်း သိရသည်။ ခရီးသည်ယာဉ်ဖြစ်သည့် ၁၂၄ ယာဉ်လိုင်းမှ ယာဉ် ၃ စီးနှင့် ၄၅ ယာဉ်လိုင်းမှ ယာဉ်တစ်စီးတို့ ဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် အောက်တိုဘာ ၁ရက်နေ့မှ ၂၇ ရက်ထိ ယာဉ်စည်းကမ်းဖောက်ဖျက်မှုပေါင်း ၃၅၀၀ ခန့်ရှိနေသည်။ လက်ရှိ နေပြည်တော်ယာဉ်ထိန်းရဲရုံး၏ စာရင်းအရ တစ်နိုင်ငံလုံးတွင် မော်တော်ယာဉ် ၉၇၅,၅၇၂ စီးနှင့် မော်တော်ဆိုင်ကယ် ၄၉၆,၅၁၁၇ စီး စုစု ပေါင်း ယာဉ် ၅,၉၄ဝ,၆၈၉ ရှိနေကြောင်းသိရသည်။

No comments: