Tuesday, November 15, 2016

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုဖြင့် စွပ်စွဲခံရသည့် မြန်မာဆရာဝန် အပြစ်မရှိဟု တရားရုံးဆုံးဖြတ်

DVB


အင်္ဂလန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာဆရာဝန်တဦးဟာ လူနာမိန်းကလေးတဦးကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုစွဲချက်နဲ့ ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ဒါဟာ ဆိုးဝါးတဲ့ နားလည်မှုလွဲခဲ့တာဖြစ်လို့ အပြစ်မရှိကြောင်း ဗဟိုတရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

အသက် ၄၅ နှစ်အရွယ် ဒေါက်တာအံ့ထွန်းမောင်ဟာ ကလေးတဦးရဲ့ ဖခင်ဖြစ်ပြီး အင်္ဂလန်နိုင်ငံ ချက်စတာလီလမ်းမှာ နေထိုင်တာပါ။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ သူဟာ အသက် ၁၉ နှစ်အရွယ် လူနာ မိန်းကလေးတဦးကို ဆေးကုသစစ်ဆေးချိန် ဘရာဇီယာကို ချွတ်ခိုင်းခဲ့ပြီး ရင်သားတွေကို ကိုင်တွယ် အခွင့်အရေးယူတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၈ လ ချမှတ်ခံခဲ့ရတာပါ။

ဒါပေမယ့် သူက မိန်းကလေးရဲ့ အတွင်းခံအင်္ကျီကို မဖြုတ်ခဲ့ဘူးလို့ တချိန်လုံး ငြင်းနေခဲ့တာပါ။

သူ့ကို ၂၀၁၅ ခုနှစ် ဧပြီလမှာတော့ ထောင်ဒဏ် ၁၈ လ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပြီး အမှုကို ပြန်လည်စစ်ဆေးခဲ့ချိန်မှာ ဒါဟာ ဆိုးဝါးတဲ့ နားလည်မှုလွဲခဲ့တာကြောင့်ဖြစ်ပြီး သူ့မှာ အပြစ်မရှိကြောင်း တရားရုံးက နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

နောက်ဆုံး ကြားနာစစ်ဆေးမှုမှာတော့ အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၆ ဦး ပါဝင်တဲ့ ဂျူရီအဖွဲ့က သူ့ကို အချိန် ၂ နာရီကြာအောင် စစ်ဆေးခဲ့ကြတာပါ။

အဆိုပါမိန်းကလေးကို ဒေါက်တာအံ့ထွန်းမောင်က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမရှိခဲ့ဘူးလို့ ဟားလ်ခရိုင် တရားရုံးတွင်း ကြားနာပြီးခဲ့ချိန်မှာ သူဟာ ငိုကြွေးခဲ့ပြီး “ကျနော် စိတ်သက်သာရာ ရခဲ့ပါပြီ” လို့ ပြောခဲ့ပါတယ်။

ဒေါက်တာအံ့ထွန်းမောင်ရဲ့ မိဘ ၂ ပါးစလုံးဟာ ဆရာဝန်တွေဖြစ်ကြပြီး ဖခင်ဖြစ်သူကတော့ ခွဲစိတ်မှုဆိုင်ရာ ပါမောက္ခတဦး ဖြစ်ပါတယ်။

သူဟာ ၁၉၉၀ ပြည့်နှစ်လောက်ကတည်းက အင်္ဂလန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီး အထွေထွေဆရာဝန်အဖြစ် ဆန်းဒါးလန်း၊ တက်စ်ဆိုဒ်နဲ့ ဟပ်တဲလ်ပိုးလ်ဆေးရုံတွေမှာ အလုပ် လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

No comments: