Tuesday, November 15, 2016

အမ်ပီတီ ဆက်သွယ်ရေး နေ့စားဝန်ထမ်းများ နစ်နာမှု ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ

မင်းရဲစစ်နိုင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) နေ့စားဝန်ထမ်းတွေရဲ့ နစ်နာမှုတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြထားတယ်လို့ ကလေးမြို့ အန်အယ်လ်ဒီထံမှ စုံစမ်းသိရပါတယ်။

အမ်ပီတီဝန်ထမ်းတွေရဲ့ နစ်နာမှုတွေနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီ ကလေးမြို့နယ် အမှုဆောင်လူငယ်တွေ ပေါင်းစုပြီး စစ်တမ်းကောက်ယူပြီးနောက် ခုလို တင်ပြထားတာ ဖြစ်ပါတယ်။

ကလေးမြို့ အန်အယ်လ်ဒီ မြို့နယ်လူငယ်တဦးက “အခုလက်ရှိကာလမှာ အမ်ပီတီမှာ လုပ်သက် ၃ နှစ်ကနေ ၂၀ အထိရှိတဲ့ နေ့စားဝန်ထမ်းတွေ နစ်နာမှုရှိနေတယ်။ အခု စာတိုက်နဲ့ ကြေးနန်းကလွဲပြီး ကျန်တဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို KDDI Summit Global Myanmar Co Ltd (Japan) တွဲလုပ်နေတော့ မြန်မာပြည်တွင်းလုပ်သားတွေ သက်တမ်းရင့် နေ့စားသမားတွေအတွက် အမြဲတမ်းဝန်ထမ်းမဟုတ်တော့ ပင်စင်မရှိ၊ နစ်နာကြေးမရှိ ခက်ကုန်မယ်။ နောက်အလုပ်အတွက်ကြတော့လည်း အလုပ်တွေက အသက်ကန့်သတ်ထားတော့ သတ်မှတ်ချက်ကျော်သူတွေ ခက်ပါလိမ့်မယ်” လို့ ပြောပါတယ်။

သက်တမ်း ၃ နှစ်ကနေ နှစ် ၂၀ ကျော်အထိ သက်တမ်းရှိ နေ့စားဝန်ထမ်းတွေကို အမြဲတမ်းဝန်ထမ်းတွေအဖြစ် ပြောင်းလဲခန့်အပ်ဖို့ အစီအစဉ်ရှိ၊ မရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ထားတဲ့ စစ်တမ်းစာမှာ ထည့်မေးထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဂျပန်ကုမ္ပဏီ ကေဒီဒီအိုင်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာမှာ ကေဒီဒီအိုင်ဘက်က ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ နိုင်ငံတော်ဝင်ငွေ ရှိ၊ မရှိ။ ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲရာမှာလည်း အခြေခံအဆောက်အဦတွေကို နိုင်ငံပိုင်အဖြစ်မှ ကော်ပိုရေးရှင်းသို့ ဘယ်လိုလွှဲပြောင်းပေးမလဲ ဆိုတာတွေကိုလည်း လူငယ်တွေက သိရှိလိုကြောင်း မေးမြန်းထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အမ်ပီတီ နေ့စားဝန်ထမ်းပေါင်း ၃၅၀ နီးပါး ရှိတယ်လို့ စစ်တမ်းအရ သိရပါတယ်။

No comments: