Thursday, November 17, 2016

ဒေါ်နယ်ထရမ့် တကယ် ထရမ့် ဖြစ်ပါ့မလားနှင့်……..

စိုးနေလင်း


နိုဝင်ဘာလ ၈ ရက် အင်္ဂါနေ့က ကျင်းပပြီးစီးသွားခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကတော့ အောင်အောင်မြင်မြင်ပဲပြီးဆုံးသွားခဲ့ပါပြီ။ ရီပတ်ဘလစ်ကန်ပါတီရဲ့သမ္မတ လောင်းဖြစ်တဲ့ ဘီလျံနာသူဋ္ဌေးကြီး ဒေါ်နယ်ထရမ့်က ရေပန်းစား လူကြိုက်များခဲ့သလို ရွေးကောက်ပွဲ မကျင်းပ ခင်ကလေးအထိ အသာစီးရထားတဲ့ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်း ဖြစ်တဲ့ သမ္မတ ကတော် ဟောင်းနဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း မစ္စ ဟီလာရီ ကလင်တန်ကို အနိုင်ရအောင်ပွဲခံခဲ့တဲ့ အတွက် အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတ ဖြစ်လာပါတော့မယ်။

ရွေးကောက်ပွဲနေ့မတိုင်ခင်အထိ ဒေါ်နယ်ထရမ့်ထက် ၄ ပွိုင့် အသာစီးရထားခဲ့တဲ့ မစ္စဟီလာရီ ကလင်တန်ဟာ တကယ့်ရွေးကောက်ပွဲနေ့မှာတော့ သမ္မတဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စလှယ်မဲ ၂၇၀ မှာ၂၃၂ မဲပဲရရှိ ခဲ့ပြီး မစ္စတာ ဒေါ်နယ်လ်ထရမ့်ကတော့ ၂၉၀ မဲအထိရရှိပြီး အနိုင်ရှိ သွားတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပုံ စနစ်အရ (Electoral College) လို့ခေါ်တဲ့ကိုယ်စားလှယ် မဲအရ မစ္စတာ ဒေါ်နယ်ထရမ့် က မစ္စဟီလာရီ ကလင်တန်ကို အနိုင်ရ သမ္မတဖြစ်သွားပေမယ့် (Popular Vote)လို့ခေါ်တဲ့ လူထုမဲ အရတော့ မစ္စ ဟီလာရီကလင်တန်က ၆၀၁၃၇၂၀၀ ရရှိခဲ့ပြီး မစ္စတာဒေါ်နယ်ထရမ့်ကတော့ ၅၉၈၂ရ၀၆၀ ရရှိခဲ့တဲ့အတွက် လူထုမဲမှာတော့ မစ္စဟီလာရီကလင်တန်က ပိုပြီးရရှိခဲ့တာတွေ့ရပါတယ်။ လွယ်လွယ်ပြောရရင်တော့ လူထုထောက်ခံမဲ ပိုများခဲ့တယ်လို့ပြောရမှာပါပဲ။

ဒါကလည်း သူတို့ ၂ ယောက်ရဲ့မဲဆွယ်စည်းရုံးရေးကာလအတွင်း ဒေါ်နယ်ထရမ့်ရဲ့မဲဆွယ်စည်းရုံးရေးပွဲ အတော်များများမှာ လူထု ကန့်ကွက်မှုတွေဖြစ်ခဲ့လို့ သူ့ကို ထောက်ခံသူတွေနဲ့ သူ့ကိုကန့်ကွက်သူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ရတာတွေ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာတွေကို ပြန်ကြည့်ရင် မစ္စတာဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးပွဲတွေအတွင်း သူပြောကြားခဲ့တဲ့ အပြောတွေ၊ သူ့ရဲ့ အတွေးအခေါ်တွေကို ပြည်သူလူထုအတော်များများက သဘောမကျ၊ လက်မခံနိုင်ဖြစ်ခဲ့တယ်ဆိုတာကို အထင်အရှားတွေ့ခဲ့ရပါတယ်။ နှိုင်းယှဉ်မှုအရ ပြောရရင်တော့ မစ္စဟီလာရီကလင်တန်ရဲ့ အတွေ့အကြုံ အပြောအဆိုနဲ့ တွေးမြင်ယုံကြည်မှုတွေကို အမေရိကန်ပြည်သူလူထု အတော်များများက ပိုပြီး သဘောကျ လက်ခံတယ်လို့ပြောရင် မမှားဘူးလောက်ဘူးလို့ထင်ပါတယ်။

ဒီလိုပဲ ကမ္ဘာတ၀ှမ်းက နိုင်ငံရေး စိတ်ဝင်စားကြတဲ့ ပြည်သူလူထုတွေကို စစ်တမ်းကောက်ယူမယ်ဆိုရင်လည်း မစ္စဟီလာရီ ကလင်တန်ကို အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ တယောက်ဖြစ်စေချင်၊ သမ္မတအဖြစ် မြင်ချင်ကြတဲ့သူ အရေအတွက်က ပိုပြီးများမယ်လို့ထင်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲစည်းစနစ်အရ လွတ်လွတ်လပ်လပ် တရားမျှမျှတတ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ ရလဒ် အရတော့ မစ္စတာ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက် မြောက်သမ္မတဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

မစ္စတာ ထရမ့်က သူ့ရဲ့ အောင်ပွဲရ ပထမဆုံးမိန့်ခွန်းမှာ သူ့ကိုထောက်ခံသူတွေကို ကျေးဇူးတင်စကား ပြောရာမှာ ၀န်ကြီးဟောင်း မစ္စကလင်တန်က သူ့ကို မကြာခင်ကလေးကပဲ ဖုန်းဆက်ပြီးသူ့ရဲ့အောင်ပွဲကို ချီးကျူးဂုဏ်ပြုစကားပြောခဲ့သလို သူကလည်းမစ္စကလင်တန်ရဲ့ မိသားစုရဲ့ခက်ခဲရုန်းကန်ခဲ့ရတဲ့ မဲဆွယ်စည်းရုံးရေးတွေအတွက် ချီးကျူးဂုဏ်ပြုခဲ့တဲ့ အကြောင်းထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ သူ့ရဲ့စကားထဲမှာ “ကျနော် ရိုးရိုးသားသား ပြောတာပါ။ အခုအချိန်ဟာ အမေရိကဟာ ကွဲပြဲနေတဲ့ဒဏ်ရာ တွေကိုပြန်ချုပ်ရမယ့် အချိန်ပါ။ စုစည်းကြရမှာပါ။ တနိုင်ငံလုံးမှာရှိတဲ့ ရီပတ်ဘလစ်ကန်တွေ၊ ဒီမိုကရက်တွေနဲ့ တသီးပုဂ္ဂလတွေ အားလုံးကို ကျနော်ပြောပါရစေ။ ဒီအချိန်ဟာ ကျနော်တို့တွေအတွက် တစုတည်း ညီညွတ်စည်းလုံးတဲ့ ပြည်သူလူထုအဖြစ် ပေါင်းစည်းရမယ့် အချိန်ပါ” “အခု ကျနော်တို့ တိုင်းပြည်အတွက် ကျနော်လုပ်ပေးချင်တာတွေ လုပ်မယ့်အချိန်ပါ။ ကြီးမားတဲ့စွမ်းပကား ကြီးပါ။ ကျနော်တို့တိုင်းပြည်ရဲ့အကြောင်း ကျနော်ကောင်းကောင်းသိလာပါပြီ။ ကြီးမားတဲ့စွမ်းပကားကြီးပါ။ အဲဒါဟာလှပတဲ့ အရာတခုဖြစ်လာတော့မှာပါ။ အမေရိကန်တိုင်းဟာ သူတို့ရဲ့ အပြည့်ဝဆုံး စွမ်းပကားတွေကို သိမြင်နားလည်ဖို့ အခွင့်အရေးရလာပါတော့မယ်။ ကျနော်တို့နိုင်ငံမှာ အမေ့လျော့ခံထားခဲ့ကြရတဲ့ အမျိုးသား၊ အမျိုးသမီးတွေ အားလုံးဟာ ဆက်ပြီးမေ့လျော့ခံကြရတော့မှာ မဟုတ်ပါဘူး” လို့ထည့်သွင်းပြော သွားတာကိုတော့ ထောက်ခံရမယ့် စကားလို့ ပြောရမှာပါပဲ။

အပြောနဲ့လက်တွေ့ညီညွတ်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။ ကဲ မစ္စတာထရမ့်နဲ့ သူ့ကိုယ်စားလှယ်တွေ ၂၀၁၆ ခုနှစ်သမ္မတ မဲဆွယ်စည်းရုံးရေးပွဲတွေမှာ၊ မီဒီယာ အင်တာဗျူးတွေမှာနဲ့ မဲဆွယ်စည်းရုံးရေး ၀က်ဘ်ဆိုက်တွေမှာ ဘာတွေ လုပ်ပေးမယ်လို့စည်းရုံး ပြောဆိုကတိပေးသွားခဲ့ ထိပ်တန်းကတိစကား (၁၀) ခုကိုကြည့်ကြရအောင်ပါ။

(၁) “တံတိုင်းတခု တည်ဆောက်ရန်” (မက်ဆီကို အစိုးရ ကုန်ကျစရိတ်နဲ့) အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်စပ် အမေရိကန်-မက်ဆီကို နယ်စပ်မှာ မဟာတံတိုင်းကြီးတခုတည် ဆောက်ပြီး မက္ကဆီကိုအစိုးရကို ကုန်ကျစရိတ် ကျခံခိုင်းဖို့။

(၂) မွတ်စလင်တွေကို အမေရိကန် နိုင်ငံတွင်းဝင်ရောက်ခွင့် ယာယီ ပိတ်ပင်ထားဖို့။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ဆန်ဘာနာဒီနို, ကာလစ်ဖ်မှာ အကြမ်းဖက်ပစ်ခတ်မှုအပြီးမှာ ထရမ့်က မွတ်စလင် တွေ အမေရိကန် နိုင်ငံထဲဝင်ရောက်တာကို လုံးဝ အပြီးတိုင်ပိတ်ပင် ပစ်ဖို့ တောင်းဆိုခဲ့ပါတယ်။

(၃) ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို ပြန်လည်တိုးမြှင့်ဖို့။ ထရမ့်က ထပ်ပြန်တလဲ ထုတ်လုပ်မှု အမျိုးမျိုးနဲ့ ကုန်ထုတ်လုပ်ငန်းတွေ ပြန်ပြီးရှင်သန်အောင်လုပ် ပေးမယ်။ ထရန်စ်ပစ္စိဖိတ် ပတ်တနာရှစ်ပ် (TPP)ကနေ ထွက်ပစ်မယ်။ နက်ဖ်တာ(NAFTA) ကစီးပွားဖက်တွေကို သူ့အနေနဲ့ သဘောတူညီ သတ်မှတ်ထားတဲ့ အချက်တွေကို အမြန်ပြန်လည်ညှိနှိုင်းဖို့ ပြောပြီး သူ့နိုင်ငံက အလုပ်သမားတွေအတွက် ပိုပြီးကောင်းမွန်တဲ့ အပေးအယူဖြစ်လာအောင်လုပ်မယ်။ တရားဝင် ရရှိထားတဲ့ သမ္မတအာဏာကို အသုံးပြုပြီးကုန်သွယ်ခွန် ပြဋ္ဌာန်းသတ်မှတ်တာ အပါအ၀င် ကုန်သွယ်ရေး အငြင်းပွားမှုတွေကို ပြေပျောက်အောင်လုပ်ပေးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

(၄) တရုတ် နဲ့ မက္ကဆီကို နိုင်ငံတွေက ကုန်ပစ္စည်းတွေ ပေါ်မှာသွင်းကုန်ခွန်တွေ ချမှတ်မယ်။ သူက အဲဒီ နိုင်ငံတွေက သွင်းကုန်ပစ္စည်းတွေအပေါ် အခွန်ငွေကို ပိုပြီးမြှင့်တင် ကောက်ခံမယ်လို့ပြော ခဲ့တာပါ။အမေရိကန် ကုန်သွယ်ရေး ကိုယ်စလှယ်ဖြစ်ခဲ့တဲ့ ၀ါရင်မာရူရာမ ကတော့ သမ္မတအနေနဲ့ အဲဒီလို သွင်းကုန်ခွန် တိုးကောက်ဖို့ကုန်သွယ်ရေး ဥပဒေတွေ ပြဋ္ဌာန်းနိုင်ခွင့်ရှိပေမယ့် အဲဒီလိုလုပ်လိုက်ရင် ကုန်သွယ်ရေးစစ်ပွဲဖြစ်လာပြီး အလုပ် ထောင်သောင်းချီပြီး ဆုံးရှုံးရနိုင်တယ်လို့ ကောက်ချက်ချခဲ့တာရှိပါတယ်။

(၅) NEFTA နဲ့ TPP တွေကို ပြန်လည် ညှိနှိုင်းဆွေးဆွေးနွေး၊ ဒါမှမဟုတ် နုတ်ထွက်ဖို့။ ဒီကိစ္စမှာလည်း ကျွမ်းကျင်သူတွေက အမေရိကန်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်တွေ ပိုပြီးတိုးများလာနိုင်စရာ မရှိနိုင်လောက်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

(၆) သမ္မတ အိုဘာမားရဲ့ စောင့်ရှောက်မှုတွေကို လုံးဝ ရုတ်သိမ်းပြီး ဈေးကွက်အခြေပြု တခြားရွေး ချယ်စရာ တခုနဲ့အစားထိုးဖို့။

(၇) အီရန်နဲ့ ဆက်ဆံရေးကို ပြန်ပြီးညှိနှိုင်းဆွေးနွေးဖို့။ ဒီကိစ္စကို ထရမ့်က အီရန်ဘက်က ဒီကိစ္စကို ပြန်ပြီးဆွေးနွေးတော့မှာမဟုတ်ဘူးလို့ ပြောဆိုထားခဲ့ပေမယ့် အီရန်နဲ့ ဆက်ဆံရေးကို ပြန်လည်ညှိနှိုင်းဖို့လို့ စမ်းပြောကြည့် လိုက်ရုံပဲ ပြောခဲ့ပါတယ်။ ဒါကလည်းထရမ့်အနေနဲ့ ဒီကိစ္စကို ဘာမှ ထဲထဲဝင်ဝင် နားလည်ထားတာ မရှိခဲ့လို့ဖြစ်မယ်ဆိုတာက သေချာသလောက်ပါပဲ။

(၈) လူမှုလုံခြုံရေးကိစ္စတွေကို ရှိနေတဲ့ အခြေအနေအတိုင်းထားဖို့။ ထရမ့်က သက်ပြည့်ပင်စင်နဲ့ အကျိုးခံစားခွင့်တွေကို ဒီအတိုင်းပဲထားပေးဖို့ ကတိပြုပြောကြားခဲ့ပါတယ်။

(၉) အခွန်ဖြတ်တောက်ဖို့။ ထရမ့်က လူတိုင်းအခွန်ဖြတ်တောက် ခွင့်ရ ရမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မဲဆွယ်စည်းရုံးရေး ကာလထဲမှာ သူက အခွန်ကိစ္စ အသေးစိတ်ကတော့ အပြောင်းအလဲ အရပဲဖြစ်လိမ့်မယ်။ သူ့အနေနဲ့ မကြာခင် မူဝါဒအသစ်ကို ထုတ်ပြန်ကြေညာပေးမယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါကလည်း သူ့အနေနဲ့ အခွန်ကိစ္စမှာ ထဲထဲဝင်ဝင် မသိသေးတဲ့ အတွက် နောက်ပိုင်းမှာမှ မူဝါဒထုတ်ပြန်ပေးမယ်လို့ ပြောလိုက်တာဆိုတာကလည်း နားလည်ပေးလို့ ရပါတယ်။

(၁၀) အိုင်အက်စ်တွေဆီက လောင်စာဆီကို ရအောင်ယူမယ်။ ဒါမှမဟုတ် ဗုံးခွဲ တိုက်ခိုက်ပစ်မယ်။ ထရမ့်က ဆယ်စုနှစ် တခုလောက်ကြာနေပြီဖြစ်တဲ့ စိတ်ကူးတွေးမြင်မှုမှာ ပြန်လည်ပေးချေမှုအဖြစ် အရှေ့အလယ်ပိုင်းက ရေနံတွေကို သိမ်းပိုက်ရယူ လို့ရအောင်လုပ် လိုက် မယ်လို့ စဉ်းစားထားခဲ့တယ် လို့ယူဆရပါတယ်။ ကျွမ်းကျင် ပညာရှင်တွေရဲ့ ဝေဖန်သုံးသပ်ချက်တွေကို ကြည့်ရင် အများစုတွေ့ရတာကတော့ သမ္မတ တယောက်ဖြစ်လာရင် မစ္စတာ ထရမ့်အနေနဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာအရ လုပ်နိုင် မှာဖြစ်ပေမယ့် မဖြစ်နိုင်တာတွေ ပြဿနာ ပေါ်စရာ၊ အကျိုးယုတ်စရာတွေ တွေ့ကြုံလာရ နိုင်ခြေရှိတယ် ဆိုတဲ့ ဝေဖန်သတိပေးချက်တွေကို တွေ့ရပါတယ်။ ကောလင်းစ် အင်္ဂလိပ် အဘိဓာန်က ထရမ့်(trump) ဆိုတာကို သာမန်အရပ်သုံးအရ ကောင်းမွန်စိတ်ချ အားထားရတဲ့ သူလို့ အဓိပ္ပာယ်ဖွင့်ဆိုထားချက် အရ ခု ၄၅ ယောက်မြောက် အမေရိကန်သမ္မတ ဖြစ်လာမယ့် မစ္စတာ ဒေါ်နယ်ထရမ့်ဟာ ထရမ့် တကယ်ရောဖြစ်လာနိုင်ပါ့မလား ဆိုတာကိုတော့ မကြာခင် တွေ့လာရမှာပဲဖြစ်ပါတယ်။ ။

No comments: