Friday, November 11, 2016

စစ်တွေ ဆေးရုံပိုင်မြေအတွင်းရှိ ဆိုင်ခန်းအဆောက်အဦးများအား ဖျက်သိမ်းရန် အကြောင်းကြားစာထုတ်

ဖြူနှင်းဝေ၊ စစ်တွေ


ရခိုင်ပြည်နယ် စစ်တွေမြို့ ဆေးရုံကြီးပိုင်မြေအတွင်းတွင် တရားမ၀င် ဆောက်လုပ်ထားသော ဆိုင်ခန်းများနှင့် အဆောက်အဦးများကို ဖျက်သိမ်းရန် နိုဝင်ဘာလ ၄ ရက်နေ့က စစ်တွေ အထွေထွေရောဂါကုပြည့်သူဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာ ရွှေသိန်းမှ အကြောင်းကြားစာထုတ်လိုက်သည်ဟု သိရသည်။

ဖျက်သိမ်းရန် စာထုတ်ခံရသည့် အဆောက်အဦးများသည် ဆေးရုံပိုင်မြေအတွင်းရှိ ၀န်ထမ်းအိမ်ယာများနှင့် ၀န်ထမ်းနေအိမ်များတွင် ဌာနဆိုင်ရာခွင့်ပြုမိန့်မပါဘဲ တရားမ၀င်ဆောက်လုပ်ထားသော အဆောက်အဦးများ ဖြစ်ကြောင်းလည်း သိရှိရသည်။

ဆေးရုံပိုင်မြေအတွင်းရှိ တရားမ၀င်ဆောက်လုပ်ထားသော အဆောက်အဦးများမှာ ဆိုင်ခန်း၊ ဈေးဆိုင်၊ တိုးချဲ့ အဆောက်အဦးများ၊ ဘေးတွဲအဖီများနှင့် ဆောက်လုပ်နေဆဲဆိုင်ခန်းများပါရှိကြောင်း အကြောင်းကြားစာတွင် ဖေါ်ပြထားသည်။

ထိုအပြင် ဆေးရုံပိုင်မြေအတွင်းတွင် ဆေးရုံစီမံခန်းခွဲဆိုင်ရာ လက်စွဲလမ်းညွှန့်ချက်အရ ကျူးကျော် အဆောက်အဦးများ မရှိစေရန်၊ ဆိုင်ခန်းအဆောက်အဦးများကြောင့် မီးဘေးအန္တရာယ်၊ လုံခြုံရေးအန္တရာယ်များနှင့် လူမှုရေးပြသာနာများမရှိစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ရွှေ့ပြောင်းဖျက်သိမ်းရန် သတိပေးစာ ထုတ်ရခြင်းဖြစ်သည်ဟု ရေးသားထားသော စာထဲတွင် ဖော်ပြထားသည်။

ဆေးရုံပိုင်မြေအတွင်းရှိ အဆောက်အဦးများကို နိုဝင်ဘာလ ၃၀ ရက်နေ့နောက်ဆုံးထား၍ ရွှေ့ပြောင်း ဖျက်သိမ်းပေးရန် စာထဲတွင် ပါရှိသည်။

ယင်းသို့ရွှေ့ပြောင်းဖျက်သိမ်းရန် အကြောင်းကြားစာထုတ်ပြန်ထားသော်လည်း အချို့ဆိုင်ခန်းများမှာ ဖျက်သိမ်းရမည့် စာရင်းထဲတွင် မပါဝင်ဘဲ ဖြစ်နေကြောင်း ဖျက်သိမ်းရမည့် ဆိုင်ပိုင်ရှင်များက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ဖြိုဖျက်ရမည့်ဆိုင်ခန်းပေါင်း ၃၅ ခန့်ရှိသည်ဟု လေ့လာသိရှိရသည်။

No comments: