Tuesday, November 15, 2016

မောင်တောဖြစ်စဉ်အတွင်း တပ်မတော်မှ ၇ဦး၊ ရဲမှ ၁၀ဦးကျဆုံးခဲ့ပြီး ဘင်္ဂလီ ၆၉ ဦး သေဆုံးခဲ့ဟု သတင်းထုတ်ပြန်

နိရဉ္စရာ၊


ရခိုင်ပြည်နယ် အနောက်အစွန်ဆုံး မောင်တောမြို့နယ်တွင် အောက်တိုဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကျဆုံးမှု စာရင်းနှင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ဘင်္ဂလီများဘက်မှ သေဆုံးမှုစာရင်းကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲမှ သတင်းထုတ်ပြန်သည်။

ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်မှ စစ်ကြောင်းမှူး အပါအ၀င် အရာရှိ/စစ်သည် ၇ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး အရာရှိ/စစ်သည် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ရပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

စုစုပေါင်း သေဆုံးသူ ဘင်္ဂါလီ ၆၉ ဦးနှင့် ဖမ်းဆီးရမိ ၂၃၄ ဦး ရှိခဲ့ကြောင်း၊ ထိုအထဲမှ ၂၉ ဦးကို တရားဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သက်ဆိုင်ခြင်းမရှိသူ ၂၃ ဦးကို ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

၎င်းအပြင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ တိုက်ပွဲဖြစ်စဉ် ၉ ကြိမ်၊ ဘင်္ဂါလီဖမ်းဆီးရရှိမှု ၆၁ ကြိမ်၊ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိမှု ၁၀ ကြိမ်၊ ပစ်ခတ်ဖမ်းဆီးမှု ၉ ကြိမ်၊ နှောက်ယှက်ပစ်ခတ်ခံရမှု ၃ ကြိမ်၊ ကားမိုင်းဖောက်ခွဲခံရမှု ၃ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။

ဘင်္ဂါလီအကြမ်းဖက်သူများ၏ မီးရှို့ဖျက်ဆီးထွက်ပြေးမှုကြောင့် ၀ါးပိတ်ကျေးရွာတွင် အိမ်ခြေ ၁၀၅ လုံး၊ ကြက်ရိုးပြင်ရွာတွင် အိမ်ခြေ ၅ လုံး၊ ငါးခူရ (ဘင်္ဂါလီ)ကျေးရွာတွင် ဆိုင်ခန်း ၃ ခန်း၊ မြင်းလွတ်ရွာသစ်ရှိ လူနေထိုင်ခြင်းမရှိသော ရဲကင်းအဆောက်အဦ ၃ လုံး၊ မြင်းလွတ်(အနောက်)ရွာမ အလယ်တန်းကျောင်းရှိ ဆရာမ အိပ်ဆောင် ၁ ဆောင်၊ ဒါးကြီးစား(တောင်)ရွာတွင် နေအိမ် ၆၀ လုံး၊ ဂွဆုံကျေးရွာတွင် နေအိမ် ၅၀ လုံး၊ ပွင့်ဖြူချောင်းရွာတွင် နေအိမ် ၅၀ လုံး စုစုပေါင်း အဆောက်အဦ ၂၇၇ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းတွင် ဆက်လက် ဖော်ပြသည်။

ဘင်္ဂါလီအကြမ်းဖက်သမားများမှ နေအိမ်များကို မီးရှို့ထွက်ပြေးကြ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည့် ကျေးရွာ ၆ ရွာရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေး တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးသည့် ပုံစံမျိုးဖြစ်စေရန် ဖန်တီး လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း သိရှိရဟု သတင်းတွင် ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် မောင်တောဒေသတွင် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဥပေဒေနှင့်အညီ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများကို ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။

No comments: