Wednesday, November 9, 2016

ဒေါ်နယ်ထရမ့်ကို ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာ မြန်မာအစိုးရ အမြန်ဆုံးပို့မည်

ရွှေအောင်


အမေရိကန်သမ္မတသစ်အဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရမ့်ထံ မြန်မာအစိုးရအနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သ၀ဏ်လွှာ အမြန်ဆုံးပေးပို့သွားမယ်လို့ သမ္မတရုံး ဒုညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့ဒီမိုကရေစီအရေးမှာ အရေးပါသူဖြစ်ရုံတင်မကဘဲ မြန်မာဆက်သွားမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ အမေရိကန်ရဲ့ အားပေးထောက်ခံမှု ဆက်လက်လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

“ကျနော်တို့ နိုင်ငံခေါင်းဆောင်တွေ ၀မ်းမြောက်တယ်ဆိုတဲ့စာ ပေးပို့သွားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ အမေရိကန်နိုင်ငံရဲ့ အခန်းကဏ္ဍက မြန်မာနိုင်ငံ ဒီမိုကရေစီကူးပြောင်းရေး ပြီးခဲ့တဲ့ တလျှောက်မှာလည်း အရေးပါခဲ့သလို ဆက်သွားမယ့် ဒီမိုကရေစီ အပြောင်းအလဲတွေနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးတွေမှာ အမေရိကန် အပါအ၀င် နိုင်ငံတကာ ထောက်ခံမှုတွေက အရေကြီးနေဦးမှာ ဖြစ်ပါတယ်။”

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒုသမ္မတတို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့သွားကြမယ်လို့လည်း ဆိုပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှ နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်တွေအရ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဒီမိုကရက်သမ္မတလောင်းဟီလာရီကို အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်တွေ သမ္မတဖြစ်လာသလို လွှတ်တော်မှာလည်း အနိုင်ရသွားတဲ့ အတွက်နှစ်နိုင်ငံဆက်ဆံရေးပိုပြီး နီးစပ်လာနိုင်တယ်လို့လည်း ဦးဇော်ဌေးက သုံးသပ် ပြောပါတယ်။

“ထရမ့်လက်ထက် အမေရိကန်-မြန်မာ ဆက်ဆံရေးက ပိုကောင်းလာဖို့ပဲ ရှိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အခု ရီပတ်ဘလစ်ကန် အောက်လွှတ်တော် အထက်လွှတ်တော် နှစ်ရပ်စလုံးမှာ အများစု ဖြစ်သွားတယ်။ အခု ရီပတ်ဘလစ်ကန် သမ္မတ ဖြစ်လာတယ်၊ ပြန်ကြည့်ရင် ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အဓိက တွန်းအားပေးခဲ့တာက ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မက်ကိန်းတို့ မက်ကောနယ်တို့ စသဖြင့်ပေါ့၊ သူတို့ကနေပြီးတော့ ဥပဒေတွေပြဋ္ဌာန်းပြီး ပိတ်ဆို့ အရေးယူမှုတွေ လုပ်တယ်။ ဒီလိုမျိုး တောက်လျှောက် အစဉ်တစိုက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထောက်ခံခဲ့တဲ့ နိုင်ငံရေးမူဝါဒ ဖြစ်ပါတယ်။”

မြန်မာ့ဒီမိုကရေစီအရေးကို အစဉ်တစိုက် အားပေးကူညီခဲ့တဲ့ ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ သူတို့ရဲ့ စံမူဝါဒတွေနဲ့ ထပ်တူတဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက်အားပေးထောက်ခံသွားမယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

ကျားဖြူပါတီက သီပေါမြို့နယ်အမတ်ဟောင်း ဦးရဲထွန်းကတော့ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာတဲ့အတွက် လတ်တလော ရခိုင်ပြည်နယ်အရေးမှာ ပိုအလုပ်ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“ဟီလာရီကလင်တန်သာ ရရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိပေမယ့် ဒီလူစုကို နိုင်ငံသားပေးနိုင်ဖို့ ဖိအားပေးလာနိုင်တယ်။ ကျနော်တို့နိုင်ငံမှာ နိုင်ငံသားပေးဖို့ ဆိုတာကို အပြင်းအထန် ဆန့်ကျင်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဖို့ သူ မလုပ်ရဲဘူး။ အဲ့ဒီလို အနေအထားတွေကို ဒေါ်နယ်ထရမ့်က နားလည်နိုင်လိမ့်မယ်။ ဒါကြောင့်မို့ ပြဿနာတွေကို လက်တွေ့ကျကျ ချဉ်းကပ်မယ်ဆိုရင်တော့ ဒေါ်နယ်ထရမ့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီအစိုးရတို့ သိပ်ပြီး ခက်ခက်ခဲခဲ အမြင်တွေ ပြောင်းလဲမယ် မထင်ဘူး၊ အခြေခံအားဖြင့် ခြိမ်းခြောက်ခံထားရတဲ့ အနေအထားတွေ တူနေတဲ့အခါကျတော့ နားလည်ပြီး အလျင်အမြန် ကောင်းသွားမှာပါ။”

No comments: