Wednesday, November 16, 2016

ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှ အဖွဲ့ဝင်များ စစ်တွေသို့ ရောက်ရှိ

စံမောင်သန်း၊ စစ်တွေ


ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးရှင်ကော်မရှင်မှ အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည်။

ယခုခရီးစဉ်တွင် ကော်မရှင် အကြီးအကဲ ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း ကိုဖီအာနန် လိုက်ပါလာခြင်း မရှိကြောင်း၊ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင် နယ်သာလန် သံအမတ်ဟောင်း အမျိုးသမီး မစ္စတစ်ရှာဗင်ဒင်အာဆမ်နှင့် အတူ ဦးဝင်းမြ၊ ဒေါက်တာ သာလှရွှေ၊ ဒေါ်စောခင်တင့်၊ ဦးအေးလွှင် အပါအ၀င် ကျန်မြန်မာ ကော်မရှင် အဖွဲ့ဝင် ၆ ဦးတို့ လိုက်ပါကြကြောင်း၊ ခရီးစဉ်မှာ သုံးရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ရောက်ရှိလာပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ကျော်ဇံနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေတို့နှင့် စစ်တွေလေဆိပ်တွင် ၁၀ မိနစ်ခန့် အလွတ်သဘော စကားပြောဆိုခဲ့ကြသည်။

အဆိုပါ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်သည် အောက်တိုဘာလ ၉ ရက်နေ့က မောင်တောခရိုင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း ၃ ခု အကြမ်းဘက်တိုက်ခံမှု ခံခဲ့ရပြီးနောက်ပိုင်း ၁ လ ကျော်အကြာတွင် ရခိုင်နယ်သို့ ပထမဆုံးအကြိမ်ရောက်ရှိ လာခြင်း ဖြစ်သည်။

“သူတို့နဲ့ စကားမပြောရသေးတော့ ခရီးစဉ် အသေးစိတ်ကို မသိရှိရသေးပါဘူး။ မောင်တော ဒေသကို သွားရောက်မယ်လို့တော့ သိရပါတယ်။ ဒါပေမယ့် သွားရောက်မယ် မသွားရောက်ဘူးဆိုတာကိုလည်း မပြောနိုင်သေးဘူး”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

၎င်းကော်မရှင်အဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ယနေ့တွေ့ ဆုံမည်ဟု သိရသည်။

No comments: