Tuesday, November 15, 2016

မန္တလေးတိုင်းအတွင်းရှိ သက်ကြီးရွယ်အိုများကို လူမှုဝန်ထမ်းဦးစီးဌာနမှ ငွေကြေးထောက်ပံ့လျှက်ရှိ

အောင်ကိုဦး

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သက်ကြီးရွယ်အိုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်နှစ်တစ်ကြိမ် ငွေကြေးများ ထောက်ပံ့ပေးလျှက်ရှိကြောင်း သိရသည်။

ယင်းသို့ ထောက်ပံ့ရာတွင် အသက် ၉၀ နှစ်နှင့် အသက် ၁၀၀ နှစ်ကြားရှိသူများအား တစ်ဦးကို တစ်နှစ်လျှင်တစ်သောင်း ခွဲကျပ်နှင့် အသက် ၁၀၀ နှစ်အထက်ရှိသူအား တစ်ဦးကို တစ်နှစ်လျှင် နှစ်သောင်းကျပ်ထောက်ပံ့ပေးလျှက်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဖြူဖြူခိုင်က မဇ္ဈိမကို ပြောသည်။

"နိုင်ငံတော်က ချပေးတဲ့ ဘတ်ဂျက်နဲ့ ထောက်ပံ့ပေးတာပါ" ဟု ဒေါ်ဖြူဖြူခိုင်က ပြောသည်။

၂၀၁၆/၂၀၁၇ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ နိုဝင်ဘာလ ပထမပတ်အထိ အသက် ၉၀ နှစ်မှ ၁၀၀ နှစ်အတွင်းရှိသူ စုစုပေါင်း ၃၃၈၉ ဦး နှင့် အသက် ၁၀၀ နှစ် အထက်ရှိသူ စုစုပေါင်း ၁၆၂ ဦးကို ထောက်ပံ့ကြေးပေးထား ပြီး ဖြစ်သည်။

" အခုမှ ရောက်လာတဲ့ လျှောက်လွှာတွေလည်းရှိပါတယ်။ ဒါတွေကိုလည်းပေးမှာပါ။ ဒီဘဏ္ဍာနှစ်အတွင်းပါပါတယ် " ဟု ဒေါ်ဖြူဖြူခိုင်က ပြောသည်။

၂၀၁၆/၂၀၁၇ ဘဏ္ဍာနှစ်အတွက် ထပ်မံလျှောက်ထားလာသူ အသက် ၉၀ နှစ်နှင့် ၁၀၀ နှစ်ကြားရှိသူ ၂၂၇ ဦးနှင့် အ သက် ၁၀၀နှစ် အထက်ရှိသူ ၉ ဦးရှိကြောင်း သိရသည်။

လျှောက်ထားလိုသော သက်ကြီးရွယ်အိုများအနေဖြင့် မိမိတို့နေထိုင်သည့် ရပ်/ ကျေး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးရုံးများတွင် အသက်၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနှင့် မိမိနေထိုင်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ဓာတ် ပုံ ၂ ပုံတို့ဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

No comments: