Thursday, November 17, 2016

မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ပြန်လည်ဖွဲ့စည်းမည်

နေဖြိုးဝင်း


မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရဲ့ ဥက္ကဋ္ဌနေရာတွေနဲ့ ဗဟိုကောင်စီမှာ အစိုးရနဲ့ မပတ်သက်သူတွေနဲ့ ပြန်လည်ဖွဲ့စည်းမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက် အမျိုးသားလွှတ်တော်မှာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၈ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနဲ့ အမျိုးသမီးရေးရာအဖွဲ့တွေကို လွတ်လပ်ပြီး လူထုအခြေပြုတဲ့ စီအက်စ်အို အဖွဲ့အစည်းတွေ ဖြစ်နိုင်ခြင်း ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ပြောသွားတာပါ။

မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဟာ သီးခြားလွတ်လပ်တဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံရေးကင်းရှင်းတဲ့ စွမ်းအားမြင့် လူမှုရေးအဖွဲ့အစည်းတရပ်ဖြစ်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေကြောင်း၊ ဒီလိုဆောင်ရွက်ရာမှာ အသင်းကြီးရဲ့ ဥက္ကဋ္ဌနေရာတွေနဲ့ ဗဟိုကောင်စီမှာ အစိုးရနဲ့ မပတ်သက်တဲ့ စေတနာ့ဝန်ထမ်းလုပ်ငန်း စိတ်ပါဝင်စားသူတွေ၊ ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်လိုတဲ့ အငြိမ်းစားဝန်ထမ်းတွေနဲ့ ပြန်လည်ပြောင်းလဲဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ ၀န်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကို ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပြည်သူတွေက ဆောင်ရွက်နိုင်ဖို့အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သုံးသပ်ပြင်ဆင်ရေးဆွဲနေပြီး မကြာခင် လွှတ်တော်မှာ တင်သွင်းမှာဖြစ်သလို ဗဟိုကောင်စီဝင်တွေ ရွေးချယ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း မကြာခင်ရက်ပိုင်းအတွင်းမှာ အစိုးရအဖွဲ့ကို တင်ပြပြီး အတည်ပြုချက်ယူမယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဟာ ၁၉၉၀ ခုနှစ် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥပဒေအရ ဖွဲ့စည်းထားတဲ့ အစိုးရမဟုတ်တဲ့ လူမှုရေးအသင်းအဖွဲ့တခုဖြစ်ပြီး မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ မိခင်နဲ့ ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစောင့်ရှောက်မှုပေးတာနဲ့ မိသားစုတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာရေးကို အထောက်အကူပြုရေး ရည်ရွယ်ဖွဲ့စည်းထားတာပါ။

ဒီအသင်းဟာ အစိုးရမဟုတ်တဲ့ လူမှုရေးအသင်းဖြစ်ပေမယ့် ယခင်စစ်အစိုးရတွေ လက်ထက်ကတည်းက စစ်ဗိုလ်ချုပ်တွေနဲ့ အစိုးရထိပ်ပိုင်းတာဝန်ရှိသူတွေရဲ့ ဇနီးတွေကသာ ခေါင်းဆောင်ပိုင်းနေရာတွေမှာ အစဉ်အဆက် တာဝန်ယူဆောင်ရွက်ခဲ့တာပါ။

ခုချိန်မှာလည်း ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌတွေအဖြစ် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတွေရဲ့ ဇနီးတွေက တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။

No comments: