Wednesday, August 31, 2016

ထွေအုပ်၊ ရဲတပ်ဖွဲ့ အပါအ၀င် ဌာန ၅ ခု အရပ်ဖက်အုပ်ချုပ်ရေးအောက်သို့ပြောင်း

နိရဉ္စရာ၊


ပြည်ထဲရေးဝန်ကြီးဌာန အောက်တွင် ရှိနေသေည မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များ၏ ကွပ်ကဲမှုအောက်မှာ ထားရှိတော့မည်ဟု သတင်း ရရှိသည်။

ထိုသို့ ထားရှိရန် ပြည်ထဲရေးဝန်ကြီးက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များထံ စာပေးပို့ထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက “ ယခုကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များ၏ ကွပ်ကဲမှုအောက်တွင် ထားရှိခြင်းဖြင့် အစိုးရအဖွဲ့အတွင်း လုပ်ကိုင်တဲ့ အခါ သီးခြားစီ ဖြစ်မနေတော့ဘဲ လုပ်ရ ကိုင်ရ အဆင်ပြေသွားတယ်” ဟု ဘီဘီစီကို ပြောကြားသွားခဲ့သည်။

သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအရ ပြင်ဆင်ရန် လိုအပ်နေသေးကြောင်း၊ သို့သော်လည်း လိုအပ်ချက်အရ ယခုလို အလျင်အမြန် လွဲပြောင်းပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၁ ရာစု ပင်လုံညီလာခံ ပထမနေ့ အခြေအနေ


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံသားများဖြင့်သာဖွဲ့စည်းရန် အရေးကြီးအဆိုတင်

မင်းမင်း

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်အပါအဝင် ပြည်ပနိုင်ငံသားသုံးဦး ပါဝင်ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ကို မြန်မာနိုင်ငံသားများဖြင့်သာ ဖွဲ့စည်းရန် ရခိုင်ပြည်နယ်အမတ်တစ်ဦးက ဩဂုတ် ၃၀ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆိုတစ်ရပ် တင်သွင်းလိုက်သည်။

"ဒီလို နိုင်ငံခြားသားတွေ ဦးစီးတဲ့ ကော်မရှင်ဟာ အကြံပေးရုံသက်သက်ပဲ။ ပေးတဲ့အကြံအားလုံးကို မိမိတို့ အနေနဲ့ လက်ခံချင်မှ လက်ခံမယ်လို့ ပြောနိုင်ပေမယ့် မစ္စတာ ကိုဖီအာနန်လို ပုဂ္ဂိုလ်မျိုးရဲ့ အကြံပြုချက်များဟာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများကို များစွာ သြဇာလွှမ်းမိုးသွားနိုင်ပါတယ်" ဟု အဆိုရှင်ဖြစ်သူ ပေါက်တောမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကျော်ဇံက အရေးကြီးအဆိုတင်သွင်းစဉ် ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၄ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်အား ကော်မရှင်ဥက္ကဌအဖြစ် တာဝန်ပေးအပ်ခြင်းနှင့် ပြည်ပနိုင်ငံသားအချို့ကို ကော်မရှင်တွင် ထည့်သွင်းဖွဲ့စည်းလိုက်ခြင်းမှာ နိုင်ငံခြားသားများအား ပြည်တွင်းရေးတွင် ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခွင့် ပေးထားခြင်းဖြစ်သည်ဟု ၎င်းက ဝေဖန်ပြောဆိုသည်။

"ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ပယောဂ ဝင်ပူးကပ်နေသူများဦးဆောင်တဲ့ ကော်မရှင်ဟာ ပြည်တွင်းပြဿနာအား နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးခွင့်ရရှိသွားသဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လာနိုင်သည်ဟု ရှုမြင်သုံးသပ်ပါတယ်” ဟု ဦးအောင်ကျော်ဇံက ပြောသည်။

ဦးအောင်ကျော်ဇံ၏ အရေးကြီးအဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေးရန် လွှတ်တော်အမတ်အားလုံးက သဘောတူလိုက်သဖြင့် ယင်းအဆိုကို လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်သည်။ အဆိုနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသည့်အမတ်များအနေဖြင့် စက်တင်ဘာ ၁ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော်ရုံးသို့ အမည်စာရင်းပေးပို့ကြရန်လည်း လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေငြာထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်တွင် မစ္စတာ ကိုဖီအာနန်အပါအ၀င် ပြည်ပပညာရှင်သုံးဦး ပါဝင်နေခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အရေးတွင် နိုင်ငံတကာ၏ပါဝင်ပတ်သက်မှုနှင့် ဖိအားကို ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရှင်းလင်းထားသည်။

ထို့ပြင် ယင်းကော်မရှင်သည် အကြံပေးကော်မရှင်သာဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ကော်မ ရှင်၏ အကြံပြုတင်ပြချက်အားလုံးကို လိုက်နာလုပ်ဆောင်ရန် လိုအပ်မည်မဟုတ်ဟုလည်း ဦးဇော်ဌေးက နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

နောက်ဖေးလမ်းကြားတွေမှာ အမှိုက်ပစ်တာ ဒဏ်ရိုက်ဖို့ ညွှန်ကြားချက် မရရှိသေး


ညီညွတ်ရေး ရှေးရှုရန် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးညီလာခံတွင် ပန်ကြား

ဧရာဝတီ


မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲတွင် မရှိမဖြစ် လိုအပ်နေသော ပြည်တွင်းစစ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး နှစ်ဘက် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကို နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်သည်။

“ကျမတို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသား ညီညွတ်ရေး မတည်ဆောက် နိုင်သမျှ ကာလပတ်လုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ကျမတို့ အားလုံးညီညွတ်မှ ကျမတို့နိုင်ငံ ငြိမ်းချမ်းမယ်”ဟု တက်ရောက်သူ ၁၈၀၀ ခန့် ရှိသည့် ၂၁ ရာစု ပင်လုံဟု လူအများသိသော ငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် အစိုးရသစ်လက်ထက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ်(NCA) လက်မှတ်ထိုးရန် ကျန်နေသောအဖွဲ့များ ပါဝင်လာနိုင်ရေး အစိုးရအနေဖြင့် အထူးအလေးထားပြီး ဆောင်ရွက်လျက်ရှိကြောင်း ပြောပြီး “NCA လက်မှတ်ထိုးပြီးဖြစ်တဲ့ အဖွဲ့တွေနဲ့ NCA မထိုးရသေးတဲ့ အဖွဲ့တွေကြားမှာ ၀ိဝါဒ ကွဲပြားမှုတွေ ဖြစ်ပေါ်နေရင် ကျမတို့ ငြိမ်းချမ်းရေးခရီးဟာ နှောင့်နှေးကြန့်ကြာသွားမှာဖြစ်ပါတယ်။ ကျမတို့ တိုင်းရင်းသားအချင်းချင်းအကြားမှာ နားလည်မှု လွဲမှားတာတွေ စိတ်ဝမ်းကွဲမှုတွေ မရှိစေဖို့ ဘုံသဘောတူညီချက်ဖြစ်တဲ့ NCA ရဲ့ ထီးရိပ်အောက်မှာ အားလုံးရောက်ရှိလာအောင် ကျမတို့ ကြိုးစားဆောင်ရွက်နေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ညီလာခံကို သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ သြဂုတ်လ ၃၁ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော ညီလာခံ အဖွင့်မိန့်ခွန်းကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဌ ၊ ကာကွယ်ရေးဦးစီးချုပ် ၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ၊ UNFC မှ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ နာယကဦးတင်ဦးနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့က ပြောသည်။

ဆက်လက်ကျင်းပမည့် ဆွေးနွေးဝိုင်းများတွင် တိုင်းရင်းသား စစ်ရေး ခေါင်းဆောင်များ၏ ရာထူးများကို မဖော်ပြဘဲ သာမန်နာမည်များကိုသာ ခေါ်မည်ဟူသော ကနဦး သတင်းများအပေါ် ရည်ရွယ်ရင်း “တိုင်းရင်းသားတွေက ကျနော့်ကို ဗိုလ်ချုပ်ကြီးလို့ ခေါ်ပါတယ်”ဟု ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ ပြောကြားသော မိန့်ခွန်းက ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းများတွင် အချေအတင် ပြောဆိုနိုင်ကြောင်း အရိပ်ပြခြင်း ဖြစ်သည်။

NCA မထိုးရသေးသော အဖွဲ့ အများစုဖြင့် ဖွဲ့ထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်းတွင် ၎င်းတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် ၁၉၄၇ခုနှစ်၊ တောင်တန်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပြည်မ ဗမာခေါင်းဆောင်တွေအကြား ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို အစွဲပြုပြီး ယခုကျင်းပသည့် ညီလာခံ ကို ဒုတိယပင်လုံဟု မှတ်ယူထားကြောင်း ပြောသည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လက “ဟိုတုန်းက ကျနော်တို့ပြောခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုဟာ စုဖွဲ့ပြီး အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်ဖို့ ဖြစ်သလိုပဲ အခုကျနော်တို့ ပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဟာလည်း ခွဲထွက်ရေးမဟုတ်ဘူး ဆိုတာကို ပြောလိုတယ်”ဟု ရှင်းပြသည်။

ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးစုများ လက်နက်ကိုင်စွဲကိုင်ပြီး တော်လှန်ရေး လုပ်နေကြသည်မှာ ပင်လုံစာချုပ်ပါ ကတိကဝတ်များ ၊ သဘောတူညီချက်များဖြစ်သည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ အကောင်အထည်မဖော်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

ယခုညီလာခံမှာ တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားရင်ကြားစေ့ရေးကို ပြန်လည်အစပျိုးနေပြီး အနာဂတ်ကောင်းကို အကောင်အထည်ဖော်ကြရန် လုပ်ဆောင်နေကြသဖြင့် ကိုယ်ကျိုးထက် ပြည်သူလူထု အကျိုးကို ကြည့်ပြီး လုပ်ဆောင်ကြမည်ဖြစ်ပြီး ဒီမိုကရေစီပြည်ထောင်စုစနစ် ပေါ်ပေါက်ရန် ယုတ်လျော့ ပျက်ပြယ်စေမည့် တိမ်းစောင်းမှေးမှိန်မေးမည့် ကိစ္စရပ်များကို မလုပ်ဆောင်မိစေရန် အထူးသတိထား အကောင်အထည်ဖော်ကြဖို့ လိုသည်ဟုလည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသွားသည်။

၂၁ ရာစုပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမကျင်းပရန် တရက်အလို၊ သြဂုတ်လ ၃၀ရက်အထိ UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ မိန့်ခွန်းပြောမည်ကို အစိုးရဘက်က ခွင့်မပြုချက် မပေးခဲ့ပါ။ NCA ချုပ်ဆိုထားသည့် တိုင်းရင်းသား ၈ ဖွဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တဦးကိုသာ အဖွင့်မိန့်ခွန်းပြောရန် ခွင့်ပြုထားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သို့သော် သြဂုတ်လ ၃၀ ရက် ညပိုင်းတွင် တံခါးပိတ်အစည်းအဝေးများ ပြန်လည်ပြုလုပ်ပြီး အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက်မှ ဗိုလ်ချုပ်ကြီးအင်ဘန်လကို မိန့်ခွန်းပြောရန် အစိုးရဘက်က လက်ခံ လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက UNFC အဖွဲ့ဝင်များမှာ NCA လက်မှတ်မထိုးထားသည့် အဖွဲ့များ ဖြစ်နေသဖြင့် မိန့်ခွန်း ပြောမှုတွင် ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် တစုံတရာ ပြောဆိုသွားမည်ကို အစိုးရဘက်မှ စိုးရိမ်မှု များ ရှိခဲ့သည်ဟု သုံးသပ်ရကြောင်း ဧရာဝတီကို ပြောသည်။

ဆက်လက်ပြီး ပဒိုစောကွယ်ထူးဝင်းက “ ကျနော်တို့က ဒီလိုသဘောထားနဲ့ ငြိမ်းချမ်းရေး ညီလာခံကို တတ်တာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် ရည်စူးပြီး တတ်လာတာကြောင့် ကျနော်တို့ ပြောဆိုမှုမှာ လည်း ငြိမ်းချမ်းရေးကို တည်ဆောက် အထောက်အကူပြုတာပဲ ဖြစ်မှာပါဆိုတော့ တဖက်က အစိုးရဘက် တပ်မတော်ဘက်က လက်ခံလိုက်ပါတယ်”ဟု ပြောသည်။

သို့သော် ညီလာခံ အဖွင့်မိန့်ခွန်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီမိုကရေစီ နည်းလမ်းတကျ လုပ်ကိုင် ဆောင်ရွက်နိုင်ပြီဖြစ်သည့် ယနေ့ အခြေအနေ အချိန်အခါမျိုးတွင် လက်နက်ဆွဲကိုင်ပြီး မိမိတို့ လိုချင်သည်ကို လက်နက်ကိုင် လမ်းစဉ်ဖြင့် ဖော်ဆောင်နေခြင်းသည် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ပြောဆိုလိုက်သည်။

“လက်နက်ကိုင် လမ်းစဉ်ကို ဖက်တွဲပြီး လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာဖြင့် မိမိတို့ရဲ့ ဆန္ဒကိုသာ ဦးစားပေးဖော်ဆောင် ဖန်တီးနေ တာမျိုးတွေဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဖက် ဖြစ်နေတယ်ဆိုတာကို အလေးအနက် သတိပြုရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်ချုပ်က “ကျနော်တို့ အနေနဲ့ တိုင်းရင်းသားများနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ စိုးရိမ်ပူပန်မှုကိုလည်း နားလည်ပါတယ်။ ကျနော်တို့ အားလုံးရဲ့ ဆန္ဒက တိုင်းရင်းသားပြည်သူအားလုံးအတွက် ညီညွှတ်မျှတတဲ့ လူမှုစီးပွားဘ၀ လုံခြုံရေးနဲ့ အာမခံချက် ရရှိရေးဟာ အဓိက ဖြစ်ပါတယ်”ဟု ပြောသော်လည်း “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ လိုအပ်သည်ထက်ပိုပြီး အချိန်ကြာလာရင် ဘေးပယောဂတွေ၊ ၀င်ရောက် စွက်ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ်လိုတာတွေ ပိုမိုလာနိုင်ပြီး ရှိရင်းစွဲ ယုံကြည်မှု တည်ဆောက်ပြီးသား အရာများ ပျောက်ပျက်နိုင်ခြင်း၊ ပွတ်တိုက်မှုများ များပြားလာနိုင်ခြင်းကြောင့် ယခုလို အကြံပြု တင်ပြရခြင်း ဖြစ်ပါတယ်”ဟု သတိပေးသည်။

တပ်မတော်အနေနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အောင်မြင်ရန် အစွမ်းကုန် ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပြုခဲ့သော်လည်း “ဖက်ဒရယ်”ဆိုသည့် စကားရပ်ကို သုံးစွဲသွားခဲ့ခြင်း မရှိပေ။

လက်ရှိအစိုးရ ခက်ခက်ခဲခဲလုပ်နေရတဲ့အနေအထားရှိတယ်လို့ သူရဦးရွှေမန်း ပြော


လွိုင်ကော်မြို့လယ်တွင် ဈေးဆိုင်ခန်းများ မီးလောင်၊ ဆိုင်ခန်းပေါင်း ၁၇ ခန်း ဆုံးရှုံး

နန်းမြနဒီ

ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့လယ်ခေါင် ကားဂိတ်မှာ ဒီကနေ့မနက် စောစောက မီးလော င်မှုဖြစ်ပွားပြီး ဆိုင်ခန်းပေါင်း ၁၇ ခန်းနဲ့ အရောင်းပစ္စည်းတွေ ဆုံးရှုံးခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့သတင်းရရချင်း မီးသတ်ကားပေါင်း ၁၅ စီး၊ အကူရေသယ်ယာဉ်တွေနဲ့အတူ သွားရောက်ငြိမ်းသတ်ခဲ့ပေမယ့် ဆိုင်ခန်း ၁၇ ခန်းတော့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ လွိုင်ကော် မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းထွေးက ဒီဗွီဘီကို ပြောပါတယ်။

“မီးလောင်တယ်လို့ချက်ချင်းသိတာနဲ့ ပြည်နယ်မီးသတ်မှူးဦးဆောင်ပြီးတော့ မီးသတ်တပ်ဖွဲ့ဝင် တစ်ရာကျော်က မီးသတ်ယာဉ်မျိုးစုံ ၁၅ စီး အကူရေတင်ယာဉ် ၂ စီး အားလုံး ၁၇ စီးနဲ့ သွားပြီး ငြိမ်းသတ်ပါတယ်။ သတင်းရတာက ၂ နာရီ ၄၀ မိနစ်၊ ကျနော်တို့ရောက်သွားတော့ ၂ နာရီ ၅၀ မိနစ်၊ မနက် ၃ နာရီ မိနစ် ၄၀ မှာ မီးတွေအားလုံးငြိမ်းပါတယ်ခင်ဗျ။ ပျက်စီးဆုံးရှုံးမှုကတော့ ဆိုင်ခန်းအားလုံးပေါင်း ၂၇ ခန်းရှိတဲ့ထဲမှာ ဆယ်ခန်းကို မီးဆက်မကူးအောင် ကာကွယ်နိုင်ခဲ့ပြီး ၁၇ ခန်းကတော့ မီးလောင်သွားပါတယ်ခင်ဗျာ၊ လူထိခိုက်ဒဏ်ရာရမှုမရှိဘူး၊ ဆုံးရှုံးမှုတန်ဘိုး စုစုပေါင်း ကိုတော့ ကျပ်သိန်းပေါင်း ၂၂၈ သိန်းနဲ့ ၅ သောင်းလို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။”

မီးလောင်ခံရတဲ့ ဆိုင်ခန်းတွေဟာ ဆေးနဲ့ဆေး ပစ္စည်းဆိုင်၊ ဟန်းဆက်ပစ္စည်းရောင်းတဲ့ဆိုင်၊ အလှကုန်ပစ္စည်း၊ ကားပစ္စည်း၊ စက်ဘီးနဲ့ စက်ဘီးအပိုပစ္စည်း၊ ကွမ်းယာဆိုင်တွေ၊ ဆန်ဆိုင်တွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီမီးဟာ ဆိုင်ခန်းတခုမှ ၀ါယာရှော့ဖြစ်ပြီး အပူလွန်ကဲကာ မျက်နှာကျက်သို့တဆင့် ကူးစက်လောင်ကျွမ်းတာလို့ စုံစမ်းသိရှိရကြောင်း၊ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဆိုင်ခန်းပိုင်ရှင် ဦးစောချယ်ရီဘတ်ဆိုသူကို လွိုင်ကော်ရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ ဦးစီးမှူးက ပြောသွားပါတယ်။

ဟားခါးမြို့ဆီ သွားတဲ့ခရီး


အစိုးရ နှင့် KIA ရှမ်းမြောက်တွင် တိုက်ပွဲ ဖြစ်

Kachinnews


ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ နှင့် အစိုးရတပ် ကြား ယနေ့ သြဂုတ် ၂၈ ရက်နေ့ မနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

KIA တပ်မဟာ ၄ အောက် တပ်ရင်း ၉ တပ်ဖွဲ့များ စခန်းချနေသော နားဖိုင် (Na Hpai) အရှေ့ဘက်ရှိ ဟူလောင်း (Hu Long) တောင်ကို အစိုးရတပ်များ ဝင်ရောက် ပစ်ခတ်လာသည့် အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီးနော်ဘူက ပြောသည်။

အစိုးရတပ်မ ၉၉ နှင့် ဖြစ်ပွားခဲ့သည့် ယနေ့ တိုက်ပွဲတွင်း နှစ်ဖက် ထိခိုက် ဒဏ်ရာ ရရှိမှု စာရင်းကို မသိရသေးဟု ဒုဗိုလ်မှုးကြီး နော်ဘူက ဆိုပါသည်။

တိုက်ပွဲမှာ မနက် ၁၀ နာရီ ခန့်မှ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အစိုးရဘက် ထိခိုက်မှု များသည်ဟု KIA ရှေ့တန်း သတင်းများက ပြောသည်။

အစိုးရတပ် နှင့် KIA ကြား ယခု လဆန်းပိုင်းမှ ကချင်ပြည်နယ် အတွင်း နေ့စဉ်လိုလို တိုက်ပွဲ ဖြစ်ပွား နေသော်လည်း ယနေ့ သြဂုတ် ၂၈ ရက်တွင် ကချင်ပြည်နယ်တွင်း မဖြစ်ပွားဘဲ ရှမ်းမြောက်တွင်သာ ဖြစ်ပွားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြုလုပ်သည့် “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ” ကို KIO အနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အစီစဉ်ဖြင့် တက်ရောက်သွားမည်ဟု သြဂုတ် ၂၇ ရက်နေ့တွင် KIO ဒု ဥက္ကဌ (၂) ဗိုလ်ချုပ် ဂွမ်မော်က ကချင်ပြည်သူလူထုကို အကြောင်းကြားခဲ့သည်။

၂၁ ရာစုပင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မိန့်ခွန်း


ပုဂံငလျင်ကြောင့် ခရီးသွားလုပ်ငန်းထိခိုက်မှုမရှိ

စိုးသူအောင်

သြဂုတ်လ ၂၄ က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ယဉ်ကျေးမှုနယ်မြေအတွင်း ခရီးသွားလုပ်ငန်းများ ထိခိုက်မှုမရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်တွင်း/ပြင်ပဆက်ဆံရေးနှင့် သတင်းပြန်ကြား ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက မဇ္စျိမကို ပြောသည်။

“ ဖျက်သွားတဲ့ ခရီးစဉ်မရှိသလို ရောက်နေတဲ့ ခရီးသည်တွေပေါ့နော် ဒီမှာလေ့လာနေပြီး ပြန်ထွက်သွားတာမျိုးမရှိသလို ရောင်းထားပြီးတဲ့ ခရီးစဉ်တွေကလည်း လာကြမှာပဲဖြစ်ပါတယ် “ လို့ ဦးမြင့်ထွေးက ပြောသည်။

ပုဂံဒေသတွင် စေတီအဆူပေါင်း ၃၀၀၀ ကျော်ရှိပြီး ငလျင်ဒဏ်ကြောင့် စေတီအဆူ ၄၀၀ (၁၀ %ကျော်) နီးပါးထိခိုက် ခဲ့ ခြင်း ဖြစ်သည်။

လုံခြုံရေးကြောင့် စေတီ ၃၃ ဆူကို ၀င်ရောက်ကြည့်ရှုခွင့် ပိတ်ထားရာမှ သြဂုတ်လ ၃၀ ရက်နေ့တွင် သန့်ရှင်းရေးလုပ်ရန် အတွက် စေတီ ၄၄ ဆူနှင့် ခေတ္တပိတ်ထားခဲ့သည့်အတွက် စုစုပေါင်း စေတီ ၇၇ ဆူကို ၀င်ရောက်ခွင့် ပိတ်ထားကြောင်း သိရသည်။

ပျက်စီးသွားသည့် စေတီ ၄၀၀ နီးပါးကို သန့်ရှင်းရေး ပြန်လည်ဆောင်ရွက်မည်ဖြစ်ပြီး ယနေ့ပိတ်ထားသည့် စေတီ ၄၄ ဆူကို သန့်ရှင်းရေးပြုလုပ်၍ ပြီးစီးပါက ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဟု ရှေးဟောင်းသုတေ သနနှင့်အမျိုးသား ပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။

လုံခြုံရေးအရ ယာယီ တားမြစ်ထားသည့် စေတီ ၃၃ဆူ ရှိသော်လည်း ကျန်ရှိနေသည့် စေတီ ၃၀၀,၀ နီးပါးတွင် လည် ပတ်နိုင် သောကြောင့် ကြည့်ရှု့နိုင်သည့် အခြေနေလျော့ပါးသွားခြင်းမရှိဘဲ ခရီးသွားလုပ်ငန်းကို ထိခိုက်မှုမရှိနိုင် ကြောင်း လည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်တွင်း/ပြင်ပဆက်ဆံရေးနှင့် သတင်းပြန်ကြား ရေးဌာနခွဲမှ ညွှန် ကြားရေးမှူး ဦးမြင့်ထွေးက ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန စာရင်းများအရ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၄ ဒသမ ၆၈သန်း မြန် မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၅ ဒသမ ၅ သန်း လာရောက်လည် ပတ် မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

၂၁ ရာစုပင်လုံ KIO ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ မိန့်ခွန်း


ဦးစခုန်တိန့်ယိန်းကို အမတ် အဖြစ်မှ အပြီးသတ်ပယ်ဖျက်

ထွန်းထွန်း


ကချင် အထူးဒေသ (၁) ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန်တိန့်ယိန်းအား ကချင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ အပြီးသတ်ပယ်ဖျက်ကာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၃၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

ရွေးကောက် ပွဲကော်မရှင်အနေဖြင့် ဦးစခုန်တိန့်ယိန်း၏ ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းထားမှု အပေါ် အယူခံ တင်ထားမှုကို အပြီးသတ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယ မဲအများဆုံးရရှိခဲ့သည့် တသီး ပုဂ္ဂလကိုယ်စားလှယ် ဦးယောန အား အနိုင်ရ ကိုယ်စားလှယ်အဖြစ် အတည်ပြု ဆုံးဖြတ်ခဲ့သည်။

ဦးစခုန်တိန့်ယိန်း၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးလှဟန်က “ကော်မရှင်က သူတို့ရဲ့ အတွေးအခေါ် ဆုံးဖြတ်ချက်နဲ့ ချမှတ်လိုက်တာကို ဘာမှ ပြောစရာမရှိပါဘူး၊ ဒါဟာ အပြီးသတ်ဖြစ်တဲ့အတွက် ဘာမှ လုပ်စရာလဲ မရှိတော့ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဦးစခုန်တိန့်ယိန်း အား ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးယောနနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် ဦးစံဝေခေါင်လွမ်းတို့က ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၄ ရက်တွင် ရွေးကောက်ပွဲ ခုံအဖွဲ့ (၂) က လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၅) အဖြစ်၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂ သောင်းအောက်သာ ရှိသည့် ချီဖွေ၊ ဆော့လော်နှင့် အင်ဂျန်းယန် မြို့နယ်တို့ကို ပေါင်းကာ သတ်မှတ်ထားခြင်းဖြစ်ပြီး ဦးစခုန်တိန့်ယိန်းက မဲ ၅ ထောင်ကျော်ရရှိခဲ့ပြီး ဒုတိယအများဆုံး အဖြစ် ဦးယောနက မဲ ၂၆၀၀ ကျော်ရရှိခဲ့သည်။

ဦစဇခုန်တိန့်ယိန်းအား အနိုင်ရ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခဲ့သော်လည်း ရွေးကောက်ပွဲတရားမဲ့ ပြုကျင့်မှုဖြင့်ပင် တိုင်ကြားခံရသည့် သူ၏ သားဖြစ်သူ ဦးစခုန်ယိန်းဆောင်မှာ ချီဖွေမြို့နယ် မဲဆန္ဒနယ် (၂) မှ အနိုင်ရ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် တည်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့သည်။

ဦးစခုန်တိန့်ယိန်းသည် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ၏ ခေါင်းဆောင်ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် အစိုးရစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည့် အဖွဲ့ဖြစ်သည်။ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့သူ ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် သြဂုတ်လ ၃၀ ရက်နေ့အထိ ဆုံးဖြတ်ချက်အမိန့် ချမှတ်ပြီးသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုပေါင်း ၂၇ မှုရှိပြီး အပြီးသတ် အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်း ကြေညာပြီးသည့် အမှုမှာ ၁၉ မှု ရှိပြီဖြစ်ကြောင်း သိရသည်။

၂၁ ရာစုပင်လုံ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်စောမူတူးဆေးဖိုး မိန့်ခွန်း


ပုဂံသွားလိုသူများ ဒါတွေရှောင်ပါ

မဇ္ဈိမ


သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြောင့် ပုဂံဘုရားများ ပြိုပျက်ခဲ့ရာ ပုဂံသို့ ဘုရားဖူး သွားရောက်လိုသူများအနေဖြင့် ဘုရားပရဝဏ်အတွင်းရှိ အပျက်အစီး အပိုင်းအစများ မယူဆောင်သွားကြရန်နှင့် လွှင့်ပစ်ခြင်း မပြုကြရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အချက် ငါးချက် ပါဝင်သည့် မေတ္တာရပ်ခံချက်တွင် နံရံဆေးရေးပန်းချီကားများကို မကိုင်ကြရန်၊ ပြိုကျနေသည့် ဘုရားများသို့ သွားရောက်ဖူးမျှော်ခြင်းမပြုကြရန်၊ တားမြစ်ထားသည့် ဘုရားစေတီဝန်းအတွင်းသို့ ခွင့်ပြုချက် မရှိဘဲ မဝင်ကြရန်နှင့် ပြန်လည်ပြင်ဆင်နေသည့် လုပ်ငန်းများကို အနှောက်အယှက် မပြုကြရန်ပါဝင်သည်။

ငလျင် လှုပ်ခတ်မှုကြောင့် “ပုဂံဒေသ၏ ရှေးဟောင်း ထိန်းသိမ်းစောင့်ရှောက်မှု နယ်မြေအတွင်း ကြီးမားသော ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်” ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ဘုရား ပုထိုးစေတီပေါင်း ၃၀၀၀ ကျော်ရှိသည့်ပုဂံတွင် စေတီပုထိုးပေါင်း ၄၀၀ ဆူခန့် ပျက်စီးခဲ့သည်။

၂၁ ရာစုပင်လုံ NLD နာယက ဦးတင်ဦး မိန့်ခွန်း


ငပလီကမ်းခြေအနီး ဟိုတယ်ဆောက်လုပ်မူ ဒေသခံများ ထောက်ခံမည်မဟုတ်

နောင်ခိုင်အောင်


ရခိုင်ပြည်နယ် သံတွဲ ငပလီမြို့၊ မဇင်ရပ်ကွက် သံတွဲလေဆိပ် အနီး ပင်လယ်ကမ်းခြေရှိ အများပြည်သူပိုင် မြေကို DCA (Department of Civil Aviation) – မြန်မာ လေကြောင်းမှ ဂရမ်လုပ်ပြီး ဟိုတည် ဆောက်လုပ်ရန် ငှားရမ်းထားမှုကို မဇင်ရပ်ကွက်သားများ အနေဖြင့် ထောက်ခံသွားမည် မဟုတ်ကြောင်း နိရဉ္စရာ သတင်းဌာနသို့ သံတွဲ ဒေသခံများက ပြောဆိုသည်။

ယခင် အစိုးရလက်ထက်တွင် မြန်မာ့လေကြောင်း DCA မှ အများပြည်သူပိုင် မြေကွက် တစ်ခုအား ဂရမ်ပြုလုပ်ပြီးနောက် Golden Hinthawaddy Company Ltd (ဂိုးလ်ဒင်းဟသာင်္ဝတီကုမ္ပဏီ)အား ဟိုတည် ဆောက်လုပ်ရန် နှစ် (၃၀) စာချုပ်ဖြင့် ငှားရမ်းခဲ့သည်ဟု သိရသည်။

၎င်းဂိုးလ်ဒင်း ဟင်္သာဝတီ ကုမ္ပဏီမှ ယင်းမြေကွက်တွင် ဟိုတည်ဆောက်လုပ်ရာ လက်ရှိကာလတွင် မြို့နယ် စည်ပင်မှ ချမှတ်ထားသော စည်းကမ်းများနှင့် ကိုက်ညီမှု မရှိဟု ဆိုကာ ရပ်တန့်ထားခဲ့ပြီး ဟိုတည် ဆောက်လုပ်ရန် အတွက် ဒေသခံ ပြည်သူများ၏ သဘောတူ ထောက်ခံမှု လိုအပ်သည်ဟု ဆိုသည်။

သို့အတွက် ယခုလ ၂၆ ရက်နေ့က မဇင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းကျော်မှ မဇင်ရပ်ကွက်နေ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများ အပါအ၀င် ရပ်ကွက်နေ မိဘ ပြည်သူများနှင့် အစည်းအဝေး တစ်ရပ် ပြုလုပ်ပြီး ၎င်းဟိုတည်ဆောက်လုပ်မှုကို လက်ခံရန် အခြေအနေ ရှိ/မရှိ မေးမြန်းခဲ့သည်ဟု သိရသည်။

၎င်းအစည်းအဝေးသို့ လူပေါင်း ၈၆ ယောက်တက်ရောက်ခဲ့ပြီး အများစုက ဟိုတည်ဆောက်လုပ်ရန် သဘောမတူကြောင်း ဆုံးဖြတ်ခဲ့ကြသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းကျော်မှ နိရဉ္စရာသို့ ပြောကြားသည်။

မဇင် ရပ်ကွက်နေဦးစိုးမင်းက “ဒီမြေဟာ ကျွန်တော်တို့ သိသလောက် ကလေးတွေ ဘောလုံးကွင်းနေရာ၊ အများပြည်သူ ပင်လယ်ဆင်းလို့ သက်မွေးဝမ်းကျောင်းပြုဖို့ လွတ်လွတ်လပ်လပ် သွားလာခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ DCA က ပိုင်ထားတယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ သူတို့ ဂရမ်ခံတုန်းကလည်း ဘယ်ပြည်သူမှ မသိလိုက်ရပါဘူး။ ကျွန်တော်တို့ မှတ်မိသလောက် ဒီဒေသက လူတွေက ဒီနေရာမှာ လေကောင်းလေသန့်ရှူတယ်။ ငါးရှာတယ်။ ခရုကောက်တယ်။ ဒီလိုသွားလာခဲ့တဲ့နေရာပါ” ဟု ပြောသည်။

၂၀၁၅ ခုနှစ် ဟိုတည်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် ဥပဒေအရ ကမ်းခြေနှင့် ဒီရေ ရောက်သော နေရာမှ မီတာ ၅၀ အကွာမှာသာ အဆောက်အဦ ဆောက်လုပ်ခွင့် ပြုထားသော်လည်း လက်ရှိမှာ သောင်ပြင်အထိ ဟိုတည်ကို တည်ဆောက်ထားသည်ကို တွေ့ရကြောင်း၊ စည်ပင် တားထားသော်လည်း ဆောက်လုပ်မှုများ ရှိနေကြောင်း ရပ်ကွက်နေ ပြည်သူ တစ်ဦးဖြစ်သည့် ဦးစန်းယုက ပြောသည်။

“ ကျွန်တော်တို့ ပြည်သူတွေက ဥပဒေကို ထဲထဲဝင်ဝင်နားမလည်တာ မဟုတ်ဘူး။ ဒါပေမယ့် ဒီဟိုတည် ဆောက်လုပ်နေတာဟာ ဥပဒေနဲ့ မညီဘူးလို့ ခံစားမိတယ်။ ဥပဒေနဲ့ ညီ / မညီကို သက်ဆိုင်ရာက စစ်ဆေးပေးရမယ့် တာဝန် ရှိတယ်။ ဒါကြောင့် အမြန်စစ်ဆေးဖို့ အထက်အာဏာပိုင်တွေကို တိုက်တွန်း ပြောဆိုအပ်ပါတယ်” ဟု ဦးစန်းယုက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေမှူး ဦးသိန်းကျော်က “ ဒီခေတ်မှာ ပြည်သူသဘောထား မပါဘဲနဲ့တော့ လုပ်လို့ရ တာမရှိပါဘူး။ ဟိုတည်ဆောက်ဖို့အတွက်လည်း ကျွန်တော်တို့က လက်မှတ်ထိုးပြီး ခွင့်ပြုထားတာမျိုး မရှိပါဘူး။ ပြည်သူက မလိုလားဘူးဆိုရင်တော့ သက်ဆိုင်ရာကို အဆင့်ဆင့်ကို တင်ပြပေးသွားဖို့ ကျွန်တော် ကူညီမယ်” ဟု ပြောသည်။

ယခု ဟိုတည်ဆောက်နေသော နေရာမှာ ပင်လယ်ကို အမှီပြုပြီး ငါးရှာ၊ ခရုကောက် ဝမ်းစာရှာ စားကြ ရသည့် အနီးအနား ကျေးရွာသားများ၏ ကလေးငယ်များ အားကစား လုပ်လာကြသည့် ဘောလုံးကွင်း ဖြစ်ကြောင်း၊ ယခုနေရာတွင် ဟိုတည်တည်ဆောက်သဖြင့် ဒေသခံများ ပင်လယ်ထဲသို့ ဆင်းရန် လမ်းပိတ်သွားခဲ့ပြီး ကလေးငယ်များ ကစားစရာ မြေနေရာ မရှိ ဖြစ်သွားကြောင်း ဦးသိန်းထွန်းမှ ဆက်လက် ပြောကြားသည်။

ဒေသခံကျေးရွာသားတွေပြောဆိုချက်အရ ယခု ငပလီကမ်းခြေတွင် ဟိုတည် အများစု ဆောက်ထားသော မြေနေရာမှာ ဒေသခံများ၏ ဘိုးဘွားလက်ထက်က ပိုင်ဆိုင်ခဲ့သော အုန်းခြံ၊ ကွမ်းခြံများ ဖြစ်ကြောင်း၊ ၁၉၅၁ ခုနှစ်တွင် သံတွဲ လေယာဉ်ကွင်း စီမံချက်အရ လေယာဉ်ကွင်းနှင့် နီးသောကြောင့် ဖယ်ပေးခိုင်းရာမှ ဒေသခံများက နိုင်ငံတော် ကောင်းကျိုး အတွက် ရည်ရွယ်ပြီး ဖယ်ပေးခဲ့သော်လည်. နောက်ပိုင်းတွင် ယင်းမြေနေရာများတွင် ပုဂ္ဂလိကပိုင် ဟိုတည်များသာ အသီးသီး ပေါ်ပေါက်လာခဲ့သည်ဟု သိရသည်။

၎င်းပြင် စစ်အစိုးရ လက်ထက်တွင်လည်း ခလ၇ (၅၅) တပ်ရင်း တိုးချဲ့ရန်ဟု အကြောင်းပြကာ ဒေသခံ လယ်သမားများအား ၂၀၀၀ ခုနှစ် ဇူလှိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ပေးရမည်၊ မထွက် ပေးပါက ဘော်ဒူဇာဖြင့် ဖြိုမည်ဟု ခြိမ်းခြောက်သဖြင့် မိုးထဲရေထဲတွင် ဒေသခံများ ထွက်ပေးခဲ့ရကြောင်း၊ နောက်ပိုင်းတွင် ၎င်းမြေများကို နှစ် (၃၀) စာချုပ်ဖြင့် ဟိုတည်ဆောက်ရန် ခရိုနီများသို့ ငှားရမ်းခဲ့ကြောင်း၊ ယခု ယင်းမြေနေရာတွင် ဟိုတည် ၄ လုံးတည်ဆောက်ထားကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ယင်းမြေများအစား ဒေသံများအား ပေ ၄၀၊ ပေ ၆၀ မြေကွက်များ ချပေးခဲ့သော်လည်း မည်သူမျှ ယင်းမြေနေရာတွင် မနေထိုင်ကြကြောင်း သူက ဆက်လက် ပြောကြားသည်။

သံတွဲငပလီ ကမ်းခြေတွင် ဟိုတည် အလုံးပေါင်း ၃၀ ခန့် ရှိသော်လည်း ၎င်းအထဲတွင် ဒေသခံ ရခိုင် အမျိုးသားပိုင် ဟိုတည် တစ်လုံးသာ ရှိပြီး ကျန်ဟိုတည်များမှာ ပြည်နယ်ပြင်က စီးပွားရေး သမားများ ပိုင်ဆိုင်သော ဟိုတည်များ ဖြစ်ကြောင်း သိရသည်။

နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက် (၃၁ - ၈ - ၂၀၁၆)


ငါနဲ့မတူ ငါ့ရန်သူ ရန်သူသဘောထားများ ပြင်ဖို့လိုပြီလို့ ဦးရွှေမန်းပြော

မင်းမင်း

နိုင်ငံရေးပါတီများအနေဖြင့် ရန်သူ၊ ရန်ဘက်လို သဘောထားများကို ပြုပြင်ပြီး လုပ်ဖော်ကိုင်ဖက်စိတ်မွေးပြီး အလုပ်လုပ်ကြဖို့လိုပြီဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖယ်ရှားခံရသူ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

"ရန်သူမဟုတ်ဘူး။ ရန်ဘက်မဟုတ်ဘူး။ လုပ်ဖော်ကိုင်ဘက်လို သဘောထား၊ ပြိုင်စရာရှိရင် တစ်ကယ့်မှန်ကန်တဲ့ ပြိုင်ဆိုင်မှုမျိုးပဲ လုပ်ဖို့လိုတယ်" ဟု ပြည်ထောင်စုလွှတ်တော်၏ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းက ၂၀၁၆ခုနှစ်၊ ဩဂုတ် ၃၀ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"အရင့်အရင်က ဖြစ်ခဲ့တာတွေက တစ်ပါတီနဲ့ တစ်ပါတီ ငါနဲ့မတူ ငါ့ရန်သူ ရန်သူလိုသဘောထားပြီး ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့်မို့လို့ တစ်ပါတီနဲ့ တစ်ပါတီ ရန်သူလို သဘောမထားပါနဲ့။ ရန်ဘက်လို သဘောမထားပါနဲ့။ နိုင်ငံ့အတွက်၊ နိုင်ငံ့အရေးအတွက် လုပ်ဖော်ကိုင်ဖက်များလို သဘောထားပြီးတော့ ယှဉ်ပြိုင်ကြပါ" ဟု သူရဦးရွှေမန်းက ပြောဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဥက္ကဌသစ်ပြောင်းလဲလိုက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဌသစ်ဖြစ်လာသူ ဦးသန်းဌေးကို သူရဦးရွှေမန်းက ဝမ်းမြောက်ဂုဏ်ပြုစာပေးပို့ရာတွင်လည်း "ပါတီ၏ မူဝါဒနှင့်အညီ အခြားနိုင်ငံရေးပါတီများသည် ရန်သူမဟုတ်၊ ရန်ဘက်မဟုတ်၊ လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားပြီး အမျိုးသားအကျိုးစီးပွားအတွက် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းနှင့်မဆို ဆွေးနွေးတိုင်ပင်ညှိနှိုင်းကာ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားကို ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုပါသည်" ဟု ဂုဏ်ပြုစာတွင် ရေးသားထားသည်။

ငါနဲ့မတူ ငါ့ရန်သူ၊ ရန်သူသဘောထားများ ပြင်ဖို့လိုပြီဟု ပြောဆိုလိုက်သည့် သူရဦးရွှေမန်းအနေဖြင့် သမ္မတဟောင်းတဖြစ်လဲ ပြည်ခိုင်ဖြိုးဥက္ကဌဟောင်း ဦးသိန်းစိန်နှင့် လက်ရှိဆက်ဆံရေးကိုမူ မေးစရာပင်မလိုအောင် ခန့်မှန်းကြည့်ပါဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

၂၀၂၀ခုနှစ်အတွက် နိုင်ငံရေးရည်မှန်းချက် ထားရှိမှုနှင့်ပတ်သက်၍မူ သူရဦးရွှေမန်းက အောက်ပါအတိုင်း ပြောသည်။

"ပြည်သူများကောင်းစားရေး၊ နိုင်ငံတော်တိုးတက်ရေးအတွက် ရောက်တဲ့နေရာမှာ ရှိတဲ့တာဝန်နဲ့ အတတ်နိုင်ဆုံး စေတနာထားပြီး ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ မိမိရဲ့ အဓိကနိုင်ငံရေးရည်မှန်းချက်ပဲ ဖြစ်ပါတယ်" ဟု သူရဦးရွှေမန်းက မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

၂၁ ရာစုပင်လုံ လွှတ်တော် ဥက္ကဋ္ဌ များ မိန့်ခွန်း


အုပ်ချုပ်ရေးမဏ္ဍိုင် တည့်မတ်ရန် အစိုးရသစ် ခက်ခက်ခဲခဲ လုပ်နေရဟု ဦးရွှေမန်းပြော

ထက်နိုင်ဇော်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ် အနေဖြင့် အုပ်ချုပ်ရေး မဏ္ဍိုင်တည့်မတ်ရန် ခက်ခက်ခဲခဲ ဆောင်ရွက်နေရကြောင်း ဦးရွှေမန်းက ပြောသည်။

ယနေ့ နေပြည်တော် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲတွင် ယင်းကော်မရှင် ဥက္ကဋ္ဌ ဦးရွှေမန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အစိုးရသစ်သည် မြန်မာပြည် မြောက်ဖျားတွင် ဖြစ်ပွားလျက် ရှိသည့် တိုက်ပွဲများကြောင့် စဉ်းစားနေရသည့် ငြိမ်းချမ်းရေးကိစ္စ၊ ရခိုင်ပြည်နယ်အရေး ကိစ္စနှင့် အုပ်ချုပ်ရေး ယန္တရားကို ပြန်လည် တည့်မတ်ရန် ကိစ္စများတွင် ထင်မှတ်ထားသည်ထက် ပိုမိုသည့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဦးရွှေမန်းက မီဒီယာများသို့ ပြောသည်။

“အစိုးရအနေနဲ့တော့ ကြိုးစားပမ်းစား လုပ်နေတယ်။ ဒီထက် ပိုပြောရမယ်ဆိုရင် ခက်ခက်ခဲခဲ လုပ်နေရတဲ့ အနေအထား ရှိပါတယ်။ အုပ်ချုပ်ရေး ယန္တရားကို ပြန်ပြီးတော့ တည့်မတ်တဲ့ ကိစ္စမှာ ထင်မှတ်တာထက် ပိုပြီးတော့ အခက်အခဲတွေ ရှိတယ်။ အဲဒါကြောင့်မိုလို့ ပိုပြီးတော့ ကြိုးစားနေရတယ်” ဟု ဦးရွှေမန်းက ပြောသည်။

ယခင် ခေတ်ကာလများက ဈေးကွက် စီးပွားရေးစနစ်ကို မှန်မှန်ကန်ကန် မကျင့်သုံးနိုင်ခဲ့သည့် အကျိုးဆက်များကြောင့် ယခုအစိုးရသစ်မှာ စီးပွားရေး ဘက်တွင်လည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ အစိုးရက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို တပြိုင်တည်း ဆောင်ရွက်နေသော်လည်း မအောင်မြင်သေးကြောင်း ဦးရွှေမန်းက ပြောသည်။

“စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တော့ လုပ်နေတယ်။ သို့သော် ခရီးမရောက်ခဲ့ဘူး” ဟု ဧရာဝတီ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် ဦးရွှေမန်းက ထည့်သွင်း ပြောဆိုသည်။

ယနေ့ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပရခြင်းမှာ ကော်မရှင်သည် လူပုဂ္ဂိုလ် တဦးတယောက်အတွက် ရပ်တည် လှုပ်ရှားနေသည်ဟု လူမှုကွန်ရက်များတွင် စွပ်စွဲပြောဆိုချက်များကြောင့် ဖြစ်သည်ဟုလည်း သိရသည်။

ဦးရွှေမန်းက သူ၏ နိုင်ငံရေး ရည်မှန်းချက်နှင့် ပတ်သက်၍လည်း “ဒီနေ့ မိမိရဲ့ နိုင်ငံရေး ရည်မှန်းချက်က ပြည်သူပါပဲ။ ပြည်သူများ ကောင်းစားရေး၊ နိုင်ငံ တိုးတက်ရေးဟာ မိမိရဲ့ နိုင်ငံရေး ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ ပြည်သူများ ကောင်းစားရေး၊ နိုင်ငံ တိုးတက်ရေးအတွက် မိမိ ရောက်တဲ့နေရာမှာ ရှိတဲ့တာဝန်နဲ့ အတတ်နိုင်ဆုံး စေတနာထားပြီး ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒါက မိမိရဲ့ နိုင်ငံရေး ရည်မှန်းချက်ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ပယ်ခံရပြီးနောက် ယင်းပါတီအပေါ် ၄င်း၏ သဘောထားနှင့် ပတ်သက်၍လည်း မေတ္တာ၊ စေတနာ၊ မုဒိတာနှင့် ဥပက္ခာ တရားများ လက်ကိုင်ထား၍ ဆက်လက် ကျင့်သုံး ဆောင်ရွက်သွားတော့မည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

“ပါတီနိုင်ငံရေး ကိစ္စက လောလောဆယ် စဉ်းစားထားတာ မရှိပါဘူး။ တခုပဲ ဘယ်ပါတီ ဘယ်အစိုးရပဲ တက်တက် ဒီအစိုးရက ပြည်သူနဲ့ နိုင်ငံအတွက် ကောင်းအောင် လုပ်မယ်ဆိုတာ သိရင်မြင်ရင် အဲဒီအတွက် ကျနော်တို့က ကူညီဖို့ ၀ိုင်းဝန်းဖို့ အသင့်ပါပဲ” ဟု ဦးရွှေမန်းက ပြောသည်။

ထို့အပြင် ၄င်းဦးဆောင်သည့် ကော်မရှင်အနေဖြင့် ပြည်သူ့အကျိုး စီးပွား၊ နိုင်ငံအကျိုးစီးပွားအတွက် ပြည်ထောင်စု လွှတ်တော်ကို သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ကို သော်လည်းကောင်း အကြံဥာဏ်များ ပေးပို့ဆောင်ရွက်လျက် ရှိကြောင်း၊ ကော်မရှင်သည် အဆုံးအဖြတ် ပေးနိုင်သည့် အဖွဲ့အစည်းတခု မဟုတ်ဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အဆုံးအဖြတ်များ မှန်ကန် ကောင်းမွန်ရန် ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်ဟုလည်း ပြောသည်။

NLD ပါတီ ပြောခွင့်ရသူ တဦးကမူ ဦးရွှေမန်းအနေဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တိုက်ရိုက် အကြံပေးနိုင်ခွင့် ရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“သူ (ဦးရွှေမန်း) လုပ်နိုင်တာက အတိုင်ပင်ခံဆီကို အကြံပေးနိုင်တဲ့ လမ်းကြောင်းတခု ဖွင့်ပေးထားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

DASSK 21 Pinlon


ဗဟန်းလူသတ်မှု ကျူးလွန်သူဟု စွပ်စွဲခံရသူကို မော်လမြိုင်တွင် ဖမ်းမိ

မဇ္ဈိမ

ဗဟန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို သတ်ခဲ့သူဟု ယူဆရသူ အောင်ဇင်ဗိုလ် (ခ) ဇင်ဗိုလ်ကို မော်လမြိုင်မြို့တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း Yangon Police Facebook စာမျက်နှာက ရေးသားထုတ်ပြန်သည်။

“မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်ရဲတပ်ဖွဲ့၊ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်စဉ် ဒိုင်းဝန်ကွင်းမီးပွိုင့်အနီး၌ Yangon Police Facebook လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသော ပြစ်မှုကျူးလွန်သူ၏ ဓါတ်ပုံနှင့် ပုံသဏ္ဍန်တူညီသူ အမျိုးသားတစ်ဦးအား တွေ့ရှိသဖြင့် ထိန်းသိမ်းစစ်မေးခဲ့ရာ ၎င်းသည် ၂၉.၈.၂၀၁၆ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ အောင်ဇင်ဗိုလ်(ခ) ဇင်ဗိုလ်ဖြစ်ကြောင်း၊ အဆိုပါအမှုအား ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင် လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဗဟန်းမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြား ခဲ့ပါသည်။” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဖမ်းဆီးရမိသူ အောင်ဇင်ဗိုလ်(ခ)ဇင်ဗိုလ်အား ဗဟန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွား ရောက်ခေါ်ဆောင်လျက်ရှိပြီး အမှုဖြင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်” ဟုလည်း ဖေါ်ပြထားသည်။

ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင် သြဂုတ်လ ၂၉ ရက်က လူသတ်မှုဖြစ်ပွားရာတွင် သေဆုံးသူမှာ မခိုင်မာလာ ဆိုသူဖြစ်ပြီး “ကြမ်းပြင်ပေါ်တွင် ပက်လက် အနေအထားဖြင့် လဲကျနေပြီး မျက်နှာအား အင်္ကျီ အုပ်ထားသဖြင့် ဖယ်ရှားကြည့်ရှုရာ ပါးစပ်အတွင်း အင်္ကျီဆို့လျက် မျက်နှာညိုမဲဒဏ်ရာ၊ ပါးစပ်သွေးထွက် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိသည့်အပြင် မခိုင်မာလာ၏ အသက် ၉ နှစ်အရွယ် သမီးဖြစ်သူကိုလည်း အောင်ဇင်ဗိုလ်မှ လည်ပင်းညစ်ကာ ရိုက်နှက်သွားသဖြင့် ဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရ” ကြောင်း ယမန်နေ့က ရေးသားထားသည်ကို တွေ့ရသည်။

၂၁ ရာစုပင်လုံ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်း


ကချင် ရှေ့တန်း အစိုးရတပ် အတွင်း သတ်ဖြတ်မှု ဖြစ်ပွား

Kachinnews


ကချင်ပြည်နယ် တောင်ပိုင်းမှာ ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို ထိုးစစ် ဆင်နေသည့် အစိုးရစစ်ကြောင်း အတွင်း အချင်းချင်း သတ်ဖြတ်မှု ဟု ယူဆရသော ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

သြဂုတ် (၁၉) ရက်နေ့ တပ်မတော် စစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်စဉ် KIA တပ်ရင်း (၂၇) မှ နောက်ဆုတ်ပေးသည့် Nam Hka Bum တောင် စခန်းတွင် အစိုးရတပ် ခလရ (၂၇၆) တပ် အတွင်း သတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လူရှိသည့် အသံမကြား တိတ်ဆိတ်နေသော ၎င်းစခန်းသို့ သြဂုတ် ၂၃၊ တနင်္လာနေ့ KIA တပ်ရင်း (၂၇) တပ်ဖွဲ့များ သွားရောက် စစ်ဆေးကြည့်ရာ စစ်သားများ မရှိဘဲ စခန်း ၀န်းကျင်မှာ မြှုပ်ထားသည့် ခမရ (၂၇၆) စစ်သား အလောင်း (၅) လောင်းနှင့် အခြား ပစ္စည်းများ တွေ့ရသည်ဟု KIA သတင်းရပ်ကွက်က ဆိုပါသည်။

Nam Hka Bum စခန်းသည် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် စပ်ကြား မန်ဝင်းကြီးကျေးရွာ အနီးမှာရှိပြီး ယခုချိန် ၎င်းစခန်းတွင် KIA တပ်ရင်း (၂၇) တပ်ဖွဲ့များ ပြန်လည် စခန်းချ နေကြောင်း သိရသည်။

၂၁ ရာစု ပင်လုံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း


တစ်နိုင်ငံလုံးရှိ နှုတ်ခမ်းကွဲ အာခေါင်ကွဲသူများအတွက် မြန်မာ ဘရူဝါရီ လီမိတက် အကူအညီပေးမည်

မဇ္ဈိမ

တစ်နိုင်ငံလုံးရှိ နှုတ်ခမ်းကွဲ အာခေါင်ကွဲသူများအတွက် မြန်မာ ဘရူဝါရီ လီမိတက်က နိုဝင်ဘာ ၃ ရက်မှ ၇ ရက်အထိ ခွဲစိတ်ကုသမှုပေးမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ “မြန်မာတစ်နိုင်ငံလုံးရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို ကရုဏာ ရှေးရှုမြန်မာမှု အစီအစဉ်ဖြင့် မြန်မာဘရူဝါရီ လီမိတက်မှ အဓိက ပံ့ပိုးကူညီမှုနှင့်အတူ Japan Heart Organization ၊ မန္တလေး ကလေးဆေးရုံကြီးတို့နှင့် ပူးပေါင်းပြီး “Smile” Project ဖြင့် ဂျပန်နိုင်ငံမှ ကျွမ်းကျင် ဆရာဝန်ကြီးများ လာရောက်၍ခွဲစိတ် ကုသသွားမည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အသေးစိတ် အချက်အလက်များနှင့် အတူ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာစာရင်းပေး ကုသိုလ်ယူလိုပါက Andy@ Aung Kyaw Soe, Corporate Communications Manager, Myanmar Brewery Ltdဖုန်းနံပါတ် ၀၉၂၆၃၃၃၇၄၃၆ သို့လည်းကောင်း၊ Hot Line ဖုန်းနံပါတ် ၀၉၇၇၇၇၅၆၉၄၁ နှင့် ၀၉၉၆၈၂၅၈၈၅၈ ဖုန်းနံပါတ် (၉၅၉) ၈၆၃၇၂၅၀ လိုင်းခွဲ ၄၀၀, ၄၂၁နှင့် ၄၂၂သို့လည်းကောင်း မဖြူမို့မို့နှင်း(ခ)ပန်ပန် ၀၉၄၃၀၄၉၄၀၂ နှင့် ကိုစောမိုးဇက်ဝင်း ၀၉၄၃၀၅၁၃၇၄ သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

အလားတူ စစ်ကိုင်းတောင်ရိုး၊ ၀ါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံကြီးအတွက်လည်း ရေသန့်စက်နှင့် ခြင်ဖမ်းစက်များ လှူမည်ဟု ထုတ်ပြန်ထားသည်။ “စစ်ကိုင်းတောင်ရိုး၊ ၀ါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံကြီးအတွက် စစ်ကိုင်း၊ မင်းကွန်းနှင့် အနယ်နယ် အရပ်ရပ်မှ ရဟန်း သာမဏေ၊ သီလရှင်တို့သာမက လူပုဂ္ဂိုလ်များ၏ အသက် ချမ်းသာရေးနှင့် ကျန်းမာရေးအတွက် ဆေးရုံကြီးတွင် လိုအပ်သော သောက်သုံးရေသန့်ရှင်းမှုရှိစေရန် ကိုရည်ရွယ်၍ စုစုပေါင်းငွေကျပ် သိန်း(၁၂၀)ကျော် တန်ဖိုးရှိသော လီတာ(၁၂၀၀၀)၀င်ဆန့်နိုင်သော ရေသန့်စက်အားလည်းကောင်း ၊ ခြင်ဖမ်းစက် အလုံး (၁၀၀) တို့ကိုလည်း(၂၅) ရက်နေ့ သြဂုတ်လတွင်လည်း ကရုဏာရှေးရှု မြန်မာမှု အနေဖြင့် လှူဒါန်းသွားမည်” ဟု မြန်မာ ဘရူဝါရီ လီမိတက်က ထုတ်ပြန်သည်။

ပြည်ခိုင်ဖြိုး ခေါင်းဆောင်အပြောင်းအလဲအပေါ် ပြောစကားများ


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌကို အရေးယူရန် သမ္မတထံတိုင်ကြား

ထွန်းထွန်း


ဒေသတွင်း မလျော်သြဇာသုံးပြီး တရားမဝင်သစ်များ ရောင်းဝယ်နေသည့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းကို အရေးယူ ဆောင်ရွက်ရန် ဒေသခံများက သမ္မတထံ တိုင်ကြားထားကြောင်း သတင်းရရှိသည်။

ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းက အင်ကြင်း၊ ပျဉ်းကတိုး အပါအဝင် တရားမဝင် သစ်ချောင်း အရေအတွက် ၂၈၀ ခန့် တန်ချိန်အားဖြင့် ၄ တန်ခန့် ကို ကျောက်တောကျေးရွာနေ မောင်နိုင် ဆိုသူထံက ဝယ်ယူခဲ့ပြီး ကားဖြင့် သယ်ဆောင်လာစဉ် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ရွာငံမြို့နယ်၊ ကျောက်ငှက် ကျေးရွာအုပ်စုအတွင်း ဦးစီးအဖွဲ့ အလုပ် အမှုဆောင်များထဲမှ တဦးဖြစ်သည့် ဗိုလ်မှူး ရာဇာငြိမ်းချမ်းနှင့် မြို့နယ်ရဲတပ်ဖွဲ့က သြဂုတ် ၂၅ ရက်နေ့က ဖမ်းမိခဲ့သော်လည်း လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

အဆိုပါသစ်များနှင့် ပတ်သက်၍ အထောက်အထား ပြသနိုင်ခြင်းမရှိသော်လည်း ဦးအာကာလင်း ပိုင်ဆိုင်သည့် သစ်များဖြစ်နေသဖြင့် ဖမ်းဆီးခြင်း မရှိဘဲ လွှတ်ပေးလိုက်သည့် အပေါ် ကျေနပ်မှုမရှိ၍ ကျောက်ငှက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သောင်းက ဦးဆောင်၍ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်စည်းရုံးရေးမှူး ဦးစိုးဝင်းသန်းက “နိုင်ငံတော်ပိုင်သစ် တွေကို ကိုယ်ကျိုးအတွက် အသုံးချနေတာပါ။ အရင်ကလည်း ဒီလိုလုပ်ခဲ့တာတွေကို အထောက်အထားတွေ ရရှိထားပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ဒေသဦးစီးအဖွဲ့အလုပ်အမှုဆောင် ဦးအေးမင်းစိုး၏ အကြောင်းကြားချက်ဖြင့် ပင်းတယမြို့နယ် သစ်တောဦးစီးဌာနက လွှတ်ပေးလိုက်သည့် ကားကို ပြန်လည် ဖမ်းဆီးထားသော်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အမှုဖွင့်ထားခြင်းမရှိသေးပေ။

NLD ပါတီဝင် ရွာငံမြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက “ဒေသအုပ်ချုပ်ရေး အာဏာပိုင် တယောက်က ဒီလိုမလျော်သြဇာ သုံးနေတာကို လက်မခံပါဘူး”ဟု ပြောသည်။

ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၏ မလျော်သြဇာ သုံးနေသည့်အပေါ် သမ္မတ ဦးထင်ကျော်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုလည်း တိုင်ကြားထားကြောင်း သိရသည်။

ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၏ မလျော်သြဇာသုံးကာ လုပ်ဆောင်နေမှုအပေါ်အရေးယူ ဆောင်ရွက်မည့် နိုင်ငံတော်သမ္မတထံမှ ညွန်ကြားချက်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေသဆိုင်ရာ အာဏာပိုင်များအပေါ် ဒေသဦးစီးအဖွဲ့က ဖိအားမပေးရေး စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရွာငံမြို့နယ် NLD ပါတီ စည်းရုံးရေးမှူး ဦးစိုးဝင်းသန်းက ရှင်းပြသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပင်းတယမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ သူဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် ကို စုစည်းကာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။

၂၁ ရာစု ပင်လုံ ညီလာခံ ထောက်ခံကြိုဆိုပွဲကို ပွင့်ဖြူမြို့နယ်မှာ ပြုလုပ်


မူးယစ်ဆေး ဖြတ်ပေမယ့် ပြန်လည်ထူထောင်ရေး ခက်ခဲနေ

အောင်ကိုဦး

မူးယစ်ဆေးဝါး ဖြတ်ဆေးရုံများတွင် မူယစ်ဆေးဝါး ဖြတ်နေသူများစွာရှိနေသော်လည်း ပြန်လည်ထူထောင်ရေး စခန်းများ သို့ ရောက်ရှိလာသူ မရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးစခန်းမှ စခန်းမန်နေဂျာ ဦးလှသွေးက မဇ္ဈိမ ကိုပြောသည်။

"မူးယစ်ဆေးဖြတ်ပြီးရင် ပြီးပြီလို့ထင်နေကြတယ်။ အဲဒါမှားတယ်။ ဆေးဖြတ်ပြီးတာနဲ့ ကျွန်တော်တို့ ပြန်လည် ထူထောင် ရေးစခန်းကို ပို့ပေးရမယ်။ ဆေးရုံကလည်း မလွဲဘူး။ မိဘတွေကလည်း ပို့ပေးရမှန်းမသိကြဘူး။ ဒီလိုတွေဆိုတော့ ဆေး ဖြတ် ပြီးလည်း မူးယစ်ဆေးကို ပြန်သုံးကြတယ်။ သံသရာလည်သွားတယ်ပေါ့။ သူတို့မှာ ဆေးဘဲဖြတ်လာတာ ရုပ်ပိုင်း၊ စိတ်ပိုင်းကို ပြုပြင်ပေးဖို့ ပြန်လည်ထူထောင်ရေးကို ရောက်ဖို့လိုတယ် "ဟု ဦးလှသွေးက ပြောသည်။

မူးယစ်ဆေးဝါး ဖြတ်ပြီးသူများကို ပြန်လည်ထူထောင်ရေးစခန်းသို့ လွှဲပေးရန်အတွက် ကျန်းမာရေးဦးစီးဌာနများနှင့် ညှို နှိုင်းမှုများ ပြုလုပ်နေသလို မိဘများကိုလည်း ပညာပေး စည်းရုံးဟောပြောမှုများ လုပ်ဆောင်နေသော်လည်း ပြန်လည် ထူထောင်ရေးစခန်းတွင် ၂၀၁၆/၂၀၁၇နှစ်အတွက် ရောက်ရှိလာသူ လက်ရှိတွင် ၁၀ ဦးသာရှိကြောင်း သိရ သည်။

"ဆေးဖြတ်သူတွေကို လွဲပေးဖို့ ညှိုနေတယ်။ မိဘတွေကိုလည်း ဒီကိုလာရောက် အပ်နှံပေး ဖို့ ဟောပြောမှုတွေလုပ် နေ တယ်"ဟု ဦးလှသွေးက ပြောသည်။

မူးယစ်ဆေးဖြတ်ပြီး ရောက်ရှိလာသူများသည် ပြန်လည်ထူထောင်ရေးစခန်းတွင် ၃၅ ရက် နေထိုင်ရမည်ဖြစ်ပြီး ထိုကာလ တွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများကို ပြုပြင်မှုများလုပ်ဆောင်ပေးသွားမည် ဖြစ်သည်။

မူးယစ်ဆေးရုံမှ မှတ်ပုံတင်ဆေးဖြတ်ပြီး မိမိဆန္ဒအလျောက် ပြန်လည်ထူထောင်မှု ခံယူလိုသူများ၊ မိဘများမှ အပ်နှံသူ များ၊ INGO ၊ NGO တို့မှ ပေးပို့အပ်နှံသူများကို တစ်ဦးခြင်း အကဲဖြတ် လေ့လာခြင်း၊ နှစ်သိမ့်ဆွေးနွေး အကြံ ပေးလမ်း ညွှန်ခြင်း၊ အသက်မွေး ဝမ်းကြောင်းပညာရပ်များ သင်ကြားပေးခြင်း၊ ဘာသာရေး အဆုံးအမများဖြင့် ပြုပြင်ပေးခြင်း၊ စိတ် အပန်းဖြေမှုရရှိအောင် ဆောင်ရွက်ပေးခြင်း ၊ ပိုးဇာပုံနှိပ်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို သင်ကြား ပေးသွားမည် ဖြစ်သည်။

ပြန်လည်ထူထောင်ရေးစခန်းမှ သတ်မှတ်ရက်ပြည့်၍ မိဘထံ ပြန်လည်နေထိုင်ပါကလည်း မူးယစ်ကြီးကြပ် စေတနာ့ ဝန်ထမ်းများက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အလိုက် စောင့်ကြည့်မှုများ ပြုလုပ်၍ မူးယစ်ဆေးပြန်လည် မသုံးစွဲနိုင်စေရန် ဆောင်ရွက်ပေးနေသည်ဟုလည်း မန္တလေးတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးစခန်းမှ သိရသည်။

လက်ရှိတွင် ပြန်လည်ထူထောင်ရေးစခန်းသို့ ရောက်ရှိလာသူများအား တစ်ဦးကို ၄၃၂ကျပ်၊ ၁၀ပြား စားစရိတ်ထောက်ပံ့ပေးနေပြီး အလှူရှင်များအနေဖြင့်လည်း လာရောက်လှူဒါန်းနိုင်သည်ဟု မန္တလေးတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးစခန်းမှ စခန်းမန်နေဂျာ ဦးလှသွေးက ပြောသည်။

"ပြန်လည်ထူထောင်ရေးစခန်းက လှူမယ့်သူမရှိပါဘူး။ လက်ရှိကတော့ မိဘတွေက သူတို့စားရိတ်ထောက်ပံ့ ပေးတာ ရှိ တော့ အခက်အခဲတော့မရှိပါဘူး။အလှူရှင်ရှိတော့ သူတို့အတွက် ပိုအဆင်ပြေတာပေါ့။"ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မန္တလေး၊ ရန်ကုန်၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် မြစ်ကြီးနားမြို့တို့၌သာ မူးယစ်ဆေးဝါး ပြန်လည် ထူ ထောင်ရေးစခန်းများရှိပြီး မန္တလေးမြို့ရှိ ပြန်လည်ထူထောင်ရေးစခန်းမှာ အောင်မြေသာစံမြို့နယ်၊ ရတနာပုံ တိရစ္ဆာန် ဥယျာဉ်အနီးတွင် တည်ရှိသည်။

၂၁ ရာစုပင်လုံ ညီလာခံ ထောက်ခံပွဲကို ပခုက္ကူခရိုင်မှာ ပြုလုပ်


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကမ္ဘာ့က အံ့အားသင့်ခဲ့ဟု ဘန်ကီမွန်းပြောကြား

DVB


မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ကမ္ဘာ့နိုင်ငံတွေက အံ့အားသင့်ခဲ့ရပြီး သမ္မတ ဦးထင်ကျော် ခေါင်းဆောင်တဲ့ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အေးချမ်းသာယာတဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပြောကြားလိုက်ပါတယ်။

မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံသို့ ဖိတ်ကြားခံရတဲ့အတွက် ၀မ်းမြောက်ကြောင်း၊ ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်ကို ထောက်ခံတာကို ပြသဖို့ လာရောက်တာ ဖြစ်တယ်၊ ၂၁ ရာစု ပင်လုံညီလာခံအောင်မြင်ဖို့ အလားအလာများပြီး တက်ရောက်မယ့် အဖွဲ့အစည်းတွေရဲ့ စိတ်ရှည်သည်းခံမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို ချီးကျူးဂုဏ်ပြုတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။

ဒါ့အပြင် မြေငလျင်ကြောင့် ရှေးဟောင်းသာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့တဲ့အပြင် အသက်သေဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့သောသူတွေအတွက် များစွာဝမ်းနည်းတဲ့အကြောင်းနဲ့ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေကို အစိုးရအဖွဲ့အနေနဲ့ အမြန်ဆုံးလုပ်ဆောင် နိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့လည်းဆိုပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ အပေါ် ကုလသမဂ္ဂက ဆက်လက်ကူညီပံ့ပိုးပေးဖို့၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဖို့အပြင် လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုကိစ္စရပ်တွေနဲ့၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစဉ်ဆွေးနွေးခဲ့ရာမှာ ရခိုင်ပြည်နယ်အခြေအနေဟာ နက်ရှိုင်းရှုပ်ထွေးတဲ့အတွက် အစိုးရအနေနဲ့ ပြဿနာ အရင်းအမြစ်တွေကို ဖြေရှင်းရာမှာ စိန်ခေါ်မှုများ ရှိနေတဲ့အကြောင်းနဲ့ IDP စခန်းတွေမှာ ဆင်းရဲကြပ် တည်းစွာ နေထိုင်ကြရတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်မှု ရှိကြောင်းကို ပြောဆိုခဲ့တယ်လို့ မစ္စတာ ဘန်ကီမွန်းကပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာနိုင်ငံမှာ သြဂုတ် ၃၀ ကနေ ၃၁ရက်ထိ နှစ်ရက်ကြာ နေထိုင်မှာဖြစ်ပြီး ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံမှာ မိန့်ခွန်းပြောဖို့ရှိသလို၊ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် စသူတို့နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

၂၁ ရာစုပင်လုံ ညီလာခံ ထောက်ခံပွဲကို ပခုက္ကူခရိုင်မှာ ပြုလုပ်


ငြိမ်းချမ်းရေးရဖို့ဆိုတာ မြန်မာနိုင်ငံသားတိုင်းရဲ့ ဆန္ဒဖြစ်တယ်

မင်းကောင်းချစ်


တရုတ်နိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ သြဂုတ်လ ၁၇ ရက်နေ့က ဘေကျင်းမြို့ကို ရောက်ရှိခဲ့ပြီး ၅ ရက်ကြာ လည်ပတ်ရေးခရီးစဉ်အတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၁၉ ရက်နေ့က သတင်းထောက်များရဲ့ တွေ့ဆုံမေးမြန်းခြင်းကို လက်ခံဖြေကြားခဲ့ရာမှာတော့ သူမရဲ့ အကြီးမားဆုံး ရည်မှန်းချက်ဟာ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ သူမရဲ့ အကြီးမားဆုံးရည်မှန်းချက် ဖြစ်တယ်ဆိုတဲ့ “ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး” ဆိုတာ မြန်မာနိုင်ငံသားအားလုံးရဲ့ ရင်ထဲအသည်းထဲမှာ နှစ်ရှည်လများ ကိန်းအောင်းနေတဲ့ ဆန္ဒအိပ်မက်တွေပါပဲ။ လူတိုင်းဟာ ရေရှည်မှာ လုံခြုံတဲ့ဘ၀တွေ ပိုင်ဆိုင်ဖို့ ငြိမ်းချမ်းရေးကို အခြေခံအားဖြင့် လိုအပ်ပါတယ်။ ကိန်းဘရစ်ခ်ျ အဘိဓာန်မှာ ပြထားတဲ့ အင်္ဂလိပ်စကား “Peace” ရဲ့ အောက်ပါအဓိပ္ပာယ်ဖွင့်ဆိုချက်တွေက ငြိမ်းချမ်းရေးရဲ့ အရေးကြီးပုံကို ညွှန်းဆိုနေပါတယ်။

“Freedom from war and violence, especially when people live and work together happily without disagreements” : (ပဋိပက္ခများ အငြင်းပွားစရာမလိုဘဲ လူအများ ပျော်ရွှင်စွာ ရှင်သန်နေထိုင်နိုင်တဲ့ အကြမ်းဖက်မှုရှင်း၊ စစ်မဲ့ကင်းတဲ့ အခြေအနေ)

“The state of not being interrupted or annoyed by worry, problems, noise or unwanted actions” : (အနှောင့်အယှက်ကင်းကင်း၊ အပူအပင်ကင်းကင်း၊ ဆူညံသံအစ အမြင်မတော်ရာအဆုံး မလိုလားအပ်တဲ့ ကသိကအောင့်ဖြစ်စရာ မရှိဘဲ ချမ်းသာစွာ နေနိုင်တဲ့ အခြေအနေတရပ်)

ဒါကြောင့်လည်း “ကျမအနေနဲ့ ငြိမ်းချမ်းရေးဆိုတာကို တကယ့်ကို ရိုးရိုးစင်းစင်းနဲ့ လွယ်လွယ်လေးပြောရမယ်ဆိုရင် ငြိမ်းချမ်းခြင်းဆိုတာက အိပ်တဲ့အခါ ချမ်းသာရမယ်၊ နိုးတဲ့အခါ ချမ်းသာရမယ်။ ဒါပါပဲ။ ဒီလို စဉ်းစားလိုက်မယ်ဆိုရင် ကျမတို့အားလုံး သဘောပေါက်မယ် ထင်ပါတယ်” လို့ သူဖွင့်ဆိုထားတဲ့ ငြိမ်းချမ်းရေးရဲ့ အဓိပ္ပာယ်ကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါဟာ အမှန်ပါပဲ။ ကျနော်တို့ မြန်မာပြည်သူတွေဟာ ကောင်းစွာ မအိပ်စက်နိုင်သလို ကောင်းစွာ မနိုးထနိုင်တာ ရာစုနှစ်ဝက် ကျော်နေပါပြီ။ မှားယွင်းတဲ့ အုပ်ချုပ်ပုံစနစ်အောက်မှာ၊ မပြေလည်တဲ့ စားဝတ်နေရေး၊ နိမ့်ကျတဲ့ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်းကျင်၊ မလုံခြုံတဲ့ ဘ၀တွေနဲ့ ရှင်သန်ရင်း အကုသိုလ်စိတ်တွေနဲ့ အိပ်စက်လို့ အကုသိုလ်စိတ်တွေနဲ့ နိုးထနေကြရတာ မဟုတ်လား။

မြန်မာနိုင်ငံမှာ မငြှိမ်းသတ်နိုင်သေးတဲ့ အရှိန်တငြီးငြီး တောက်လောင်နေဆဲ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်မီးတောက်ကြီးကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီရင်းအစ်ကိုမောင်နှမ၊ သွေးရင်းသားချင်းတွေ လက်နက်အားကိုးပြီး ဦးတဲ့လူက ဦးသလို၊ အားကြီးသူက အားနည်းသူကို ညှဉ်းဆဲသတ်ဖြတ် အနိုင်ကျင့် ဗိုလ်ကျခဲ့ကြတာ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါးဆိုတော့ နိုင်ငံသူနိုင်ငံသားတွေနဲ့ တတိုင်းပြည်လုံးအတွက်တော့ တွက်ချက်ဖို့ မ၀ံ့ရဲလောက်စရာ ကြီးမားစွာ ဆုံးရှုံးနေတာပါ။

မညီညွတ်တဲ့လူမျိုး၊ အချင်းချင်း ဗိုလ်ကျတတ်တဲ့ လူမျိုးတွေလို့ မြန်မာကို နိုင်ငံတကာအလယ်မှာ အရှက်ရစေတဲ့ ပြည်တွင်းစစ်မီးတောက်ကြီးကြောင့် အောက်ပါမေးခွန်းတွေ မဖြေကြားရဲလောက်အောင် စက္ကန့်တိုင်း၊ မိနစ်တိုင်းမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆုံးရှုံးနစ်နာမှုတွေ ရင်ဆိုင်ကြုံတွေ့ နေရတာ မဟုတ်လား။

(၁) အဖိုးတန်တဲ့ လူ့အသက်တွေ အချည်းအနှီး သေကျေပျက်စီးခဲ့ရတာ ဘယ်လောက်ရှိနေပြီလဲ?

(၂) စစ်ဒဏ်ကြောင့် ခြေပြတ် လက်ပြတ်၊ ဒုက္ခိတဖြစ်၊ ဘဝပျက်ရသူ ဘယ်လောက်ရှိနေပြီလဲ?

(၃) စစ်မီးတောက်ကြီးအောက်မှာ အိမ်ခြေဘယ်နှစ်လုံး ကျေးရွာဘယ်နှစ်ရွာလောက် မီးလောင်တိုက်သွင်းခံခဲ့ရ၊ ပြာကျခဲ့ရပြီးပြီလဲ?

(၄) ပြည်တွင်းစစ်ကြောင့် ကလေးငယ်လေး ဘယ်နှစ်ယောက် မိဘမဲ့၊ ခိုကိုးရာမဲ့ ဒုက္ခရောက်ခဲ့ရပြီးပြီလဲ?

(၅) ပြည်တွင်းစစ်ကြောင့် ပညာသင်ကြားခွင့်မရတဲ့ မြန်မာနိုင်ငံသား ကလေးငယ်တွေ ပညာမတတ် အောက်ကျနောက်ကျ ဖြစ်ခဲ့ရပြီးပြီလဲ?

(၆) ပြည်တွင်းစစ်ကြောင့် လက်နက်ခဲယမ်းမီးကျောက် အပါအဝင် စစ်စရိတ်အတွက် တိုင်းပြည်ဘဏ္ဍာ ဘယ်လောက်ဆုံးရှုံး လေလွင့်ခဲ့ပြီးပြီလဲ?

(၇) ပြည်တွင်းစစ်ကြောင့် မိမိအရပ်ဒေသကနေ အဓမ္မ ရွေ့ပြောင်းခံရသူတွေ၊ တိုင်းတပါးမှာ တရားမဝင်ကျော်ဖြတ်လို့ အနိုင်ကျင့်ခံ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေရသူ ဘယ်နှစ်သန်းလောက်ရှိနေပြီလဲ?

(၈) ပြည်တွင်းစစ်ကြောင့် စီးပွားရေးဖွံ့ဖြိုးအောင်၊ ဒေသဖွံ့ဖြိုးအောင်၊ လုံခြုံအောင် မလုပ်ဆောင်နိုင်ခဲ့တာကြောင့် တိုင်းပြည်သယံဇာတတွေ ဘယ်လောက်ခိုးယူခံခဲ့ရ၊ လေလွင့်ဆုံးရှုံးခဲ့ရပြီးပြီလဲ?

(၉) ပြည်တွင်းစစ်ကြောင့် စစ်ဖြစ်ရာဒေသတွေက တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ အစားထိုးမရတဲ့ လူမျိုးငယ်စုတွေရဲ့ စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ဘယ်လောက်တောင် တိမ်ကောပျောက်ကွယ်ကုန်ပြီလဲ?

(၁၀) ပြည်တွင်းစစ်ကြောင့် မလုံခြုံတဲ့ဘဝတွေအောက်၊ စစ်ဂျပိုး လူ့ဂျပိုး မုဒိမ်းကောင်တွေကြောင့် အားကိုးရာမဲ့ တိုင်းရင်းသူ အမနဲ့ နှမငယ်တွေ ဘယ်လောက်များ အညွန့်ချိုး ဘဝဖျက်ခံခဲ့ရပြီးပြီလဲ?

အရပ်ထဲ ရွာထဲမှာ မိသားစုဝင်အချင်းချင်း၊ လူအချင်းချင်း ရန်ဖြစ်ဖြစ်၊ လူမျိုးတမျိုးနဲ့တမျိုး၊ ဘာသာတခုနဲ့တခု အဓိကရုဏ်းတွေဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ စစ်ဖြစ်ဖြစ်၊ လူမှုပဋိပက္ခ ပြဿနာတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းတွေသုံးပြီး အဖြေမရှာဘဲ လက်နက်ကိုင် အကြမ်းဖက်တယ်ဆိုတာ သီလချို့ယွင်းမှုနဲ့ ဉာဏ်ရည်နိမ့်ကျမှုရဲ့ လက္ခဏာ ပြယုဂ်ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးစကနေ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုသာ အားကိုးတတ်တဲ့ တောရိုင်းဥပဒေသကို ကျင့်သုံးလို့ အကြမ်းဖက်ပြီး သွေးထွက်သံယို ဖြေရှင်းအနိုင်ယူခဲ့တဲ့ စစ်ဏာရှင်အဆက်ဆက် လက်ထက်မှာ မြန်မာလူမျိုးကြီးဝါဒ ကျင့်သုံးပြီး ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျခဲ့သလို တိုင်းရင်းသားအချင်းချင်းမှာလည်း အဲ့ဒီ ဗိုလ်ကျဘူလီ ယဉ်ကျေးမှုဆိုး ဗိုင်းရပ်စ်ပိုးဟာ ကူးစက်ပြန့်ပွားလို့ လူမျိုးငယ်စု အချင်းချင်းကြားမှာလည်း အဆင့်ဆင့် အနိုင်ကျင့် ဗိုလ်ကျမှုတွေ ရှိနေခဲ့ကြတော့ တဦးနဲ့တဦး ယုံကြည်မှုတွေ ပျောက်ဆုံးလို့ ညီညွတ်ရေးတွေ ပျက်သုဉ်းခဲ့ရတာ မဟုတ်လား။

ဒါကြောင့်မို့လို့လည်း အမြော်အမြင်ကြီးမားပြီး တိုင်းပြည်နဲ့ ပြည်ထောင်စုကြီးတခုလုံးအကျိုး ရည်သန်ကြတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး ဒဂုန်တာရာ၊ ဒေါ်အောင်ဆန်းစုကြည် အစရှိတဲ့ နိုင်ငံ အမိအဖ ခေါင်းဆောင်တိုင်းဟာ အားလုံးညီညွတ်ကြဖို့ ငြိမ်းချမ်းရေးကို အရယူဖို့ တဖွဖွ တသသ ပြောဆိုတိုက်တွန်းခဲ့ကြသလို တိုင်းပြည်အပေါ် ရိုးသားစွာ စေတနာထားတတ်ရုံမက ဉာဏ်ကိုဦးစီးပြီး ချစ်တတ်တဲ့ နိုင်ငံသားတိုင်းက ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုပဲ တစိုက်မတ်မတ် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာ မဟုတ်လား။

မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုတိုင်းဟာ အချည်းအနှီး အကျိုးမဲ့ ဖြစ်လေ့မရှိပါဘူး။ မိုးစက်မိုးပေါက်တွေ စုလာရင် ပင်လယ်သမုဒ္ဒရာကြီး ဖြစ်လာသလို တနေ့တလံ ပုဂံဘယ်ပြေးမလဲဆိုတဲ့ ဆိုရိုးစကားလိုပါပဲ၊ သမိုင်းအဆက်ဆက်က အာဇာနည် အသောင်းအသိန်းရဲ့ ကိုယ်ကျိုးစွန့် ပေးဆပ်ဖြည့်ဆည်းးမှုတွေရဲ့ စုပေါင်းရလဒ်အကျိုးဟာ အခုဆို မြန်မာ့နိုင်ငံရေးခရီးမှာ ငြိမ်းချမ်းရေးရောင်နီသန်းလို့ နေပါပြီ။

အခုဆို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ လူထုခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆော်သြတိုက်တွန်းမှု၊ ကမကထ ဆောင်ရွက်မှုနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကျင်းပတော့မယ့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို တနိုင်ငံလုံးက ပြည်တွေက လှိုက်လှဲစွာ ကြိုဆိုနေကြပါပြီ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တက်လာတဲ့ အစိုးရသစ်နဲ့ လက်တွဲပြီး ငြိမ်းချမ်းရေးရအောင် လုပ်ပါ့မယ်လို့ ကတိပေးထားခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကလည်း ကြိုဆိုကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။

တရုတ်၊ အိန္ဒိယ အစရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ မိသားစုတွေကလည်း မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ကမ္ပည်းတင်တော့မယ့် ညီလာခံကြီးနဲ့ ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ပြည်တွင်းစစ်ကြီးကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး အရယူသွားနိုင်ဖို့ ထောက်ခံကြောင်းတွေ ပြသလို့ စိတ်ဝင်တစား စောင့်ကြည့်လို့ နေပါပြီ။

နိဂုံးချုပ်ရရင် နှစ်ရှည်လများ အနိုင်ကျင့် ဗိုလ်ကျမှုတွေကြောင့် တိုင်းရင်းသားတွေ အပါအ၀င် မြန်မာနိုင်ငံသား အားလုံးရဲ့ စိတ်ဒဏ်ရာ၊ ရုပ်ဒဏ်ရာတွေကို ဂရုတစိုက် အပြန်အလှန် ဖေးမကုစားပေးဖို့ ငြိမ်းချမ်းရေးဟာ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် မကြာမီ ကျင်းပတော့မယ့် ၂၁ ရာစု ပင်လုံညီလာခံကြီးမှာ တက်ရောက်ကြမယ့် ကိုယ်စားလှယ်တော်တွေသာမက၊ မတက်ရောက်ရပေမယ့် သက်ဆိုင်ကြတဲ့ ပြည်ထောင်စုဖွား မြန်မာနိုင်ငံသားတိုင်းဟာ မိမိလူမျိုး၊ မိမိအဖွဲ့၊ မိမိဘာသာ၊ မိမိပါတီအတွက် အကျိုးလည်းရှိ ပြည်ထောင်စုတခုလုံး အကျိုးလည်းရှိအောင် နာတာရှည် ပြည်တွင်းစစ် ငရဲဘုံရဲ့ ဆိုးကျိုး အနိဋ္ဌာရုံတွေကို အပြီးတိုင် အဆုံးသပ်နိုင်ဖို့ ရာစုသမိုင်းတခေတ်ရဲ့ အကြီးမားဆုံး သမိုင်းတာဝန်ကြီးကို ၀ိုင်းဝန်းထမ်းပိုးကြဖို့ လေးနက်စွာ မေတ္တာရပ်ခံချင်ပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံကို ထောက်ခံတဲ့ လူထုချီတက်ပွဲ ရန်ကုန်မြို့မှာ ပြုလုပ်


ဖားကန့်လမ်း တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်ပွားနေ

Kachinnews


ယနေ့ ညနေပိုင်း ၆ နာရီ ကျော်မှ ကချင်ပြည်နယ် ဖားကန့်လမ်း တောင်ကုန်ရွာ အနီး မြန်မာ အစိုးရ စစ်ကြောင်းနှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၆) တပ်ဖွဲ့ ကြား တိုက်ပွဲ ဖြစ်ပွားနေပါသည်။

ယခု သတင်းရေးသားနေချိန်အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွား နေသည်ဟု ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

Namya (နန့်ယား) ရှိ အစိုးရတပ်နှင့် ရှမ်းနီ ပြည်သူ့စစ် များကလည်း ဖားကန့် အသွားအပြန် ကားများကို ဟန့်တားမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ဆိုပါသည်။

အစိုးရက ‘စစ်ရေး အရ’ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ကို NCA ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ထိုးရန် ဖိအားပေးနေချိန် ကချင်ဒေသများတွင် နှစ်ဖက်တိုက်ပွဲများ အရှိန်မြင့် ဖြစ်ပွားနေပါသည်။

ဇာတ်သဘင်သည် အပေါ် ဇာတ်ဆရာတွေက အမြတ်ထုတ်တယ်ဆိုပြီး မကျေမနပ်ဖြစ်


လမ်းတံတားတည်ဆောက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် တိုင်းရင်းဆေးပညာကဏ္ဍများအတွက် အိန္ဒိယနှင့် မြန်မာ သဘောတူညီချက် လေးရပ် လက်မှတ်ရေးထိုး

The Economic Times

အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီနှင့် အလည်အပတ်ရောက်ရှိနေသော သမ္မတဦးထင်ကျော်တို့အကြား အပြန်အလှန်ဆွေးနွေးမှုများအရ အိန္ဒိယနှင့် မြန်မာနိုင်ငံကြား သဘောတူညီချက်လေးရပ်အား သြဂုတ် ၂၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

“မြန်မာနိုင်ငံနဲ့ အတူ ရှေ့ဆက်လက်တွဲသွားမယ်။ နှစ်ဖက်ကြား ဝန်ကြီးချုပ်နဲ့ သမ္မတတို့ကို ရှေ့မှောက်သက်သေပြုပြီး သဘောတူညီချက်လေးရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။”ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Vikas Swarup က တွစ်တာတွင် ရေးသားသည်။
ပထမသဘောတူညီချက်မှာ အိန္ဒိယ-ထိုင်း-မြန်မာ သုံးနိုင်ငံအဝေးပြေးချိတ်ဆက်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော တမူး-ကာလဝါလမ်းပိုင်းတွင် တံတားပေါင်း ၆၉ စင်း တည်ဆောက်ရေးနှင့် ပတ်သက်သည့် သဘောတူညီချက်ဖြစ်သည်။

ဒုတိယသဘောတူညီချက်က သုံးနိုင်ငံအဝေးပြေးမှ ကာလဝါ-ယာဂီလမ်းပိုင်း အဆင့်မြှင့်တင်ရေးဖြစ်ပြီး တတိယမြောက် သဘောတူညီချက်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ပူးဆောင်ရွက်ရေးနှင့် စတုတ္ထမြောက်သဘောတူညီချက်သည် တိုင်းရင်းရိုးရာဆေးပညာနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရေးတို့ဖြစ်ကြသည်။

ယခု သမ္မတဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအနိုင်ရပြီးနောက်ပိုင်း မြန်မာသမ္မတတစ်ဦးအနေဖြင့် ပထမဆုံးအိန္ဒိယခရီးစဉ်လည်းဖြစ်သည်။

လေးရက်တာ အိန္ဒိယခရီးစဉ်အတွင်း သမ္မတဦးထင်ကျောက်က သြဂုတ် ၂၇ ရက်နေ့တွင် ဗုဒ္ဓဂါယာသို့သွားရောက်ကာ သြဂုတ် ၂၈ ရက်၌ တာ့ဂ်ျမဟာသို့ သွားရောက်လည်ပတ်ခဲ့သည်။

ယနေ့ သြဂုတ် ၂၉ ရက်၌ ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်တွေရဲ့ လစဉ်ချီးမြှင့်ငွေပေးမယ်လို့ ပြော


ဆိုက်ရောက်၊ထွက်ခွာ စည်းကမ်းမလိုက်နာသည့် ယာဉ်အစီးရေ ၄၀၀ ကျော် အရေးယူခံထားရ

ဒီလှိုင်းဝင်း


မန္တလေးမြို့တွင်းရှိ ယာဉ်ရပ်နားစခန်းများ၏ ဆိုက်ရောက်၊ ထွက်ခွာနေရာ၌ ဂိတ်ထိုးရပ်နားခြင်းမရှိဘဲ ပြေးဆွဲနေသည့် ယာဉ်များကို ဇွန်လဆန်းမှစတင်၍ ဖမ်းဆီးအရေးမှု ပြုလုပ်လျက်ရှိရာ ယခု သြဂုတ်လကုန်ပိုင်းအထိ ယာဉ်အစီးရေ ၄၀၀ ကျော်ကို အရေးယူထားကြောင်း သိရှိရသည်။

“လိုင်းအဖြစ် ပြေးဆွဲမယ်ဆိုရင် တရားဝင်ခွင့်ပြုပေးနေပါတယ်။ ဒါကို ဆိုက်ရောက်ထွက်ခွာနေရာမှာ မရှိတဲ့ယာဉ်တွေက ဝင်ရောက်ပြေးဆွဲကြတယ်။ ဒါကြောင့် စစ်ဆေးအရေးယူမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်” ဟု ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဌ ဦးအောင်ကျော်လင်းက ပြောသည်။

ဆိုက်ရောက်ထွက်ခွာနေရာ၌ ဂိတ်ထိုးခြင်းမရှိဘဲ ပြေးဆွဲနေသည့်ယာဉ်များတွင် Light Truck ယာဉ်များက အများဆုံးဖြစ်ပြီး မန္တလေး – စစ်ကိုင်း၊ မန္တလေး – မုံရွာ၊ မန္တလေး – ပြင်ဦးလွင် လမ်းကြောင်းများကို အများဆုံး ပြေးဆွဲနေကြောင်း ထိုယာဉ်များသည် နံပါတ်အနက်များဖြင့် ဘုရားဖူးထွက်သည့်ပုံစံ၊ လမ်းကြုံတင်သည့် ပုံစံမျိုးဖြင့် ပြေးဆွဲနေသည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး) က ပြောဆိုသည်။

မန္တလေးမြို့အတွင်း တရားမဝင် ပြေးဆွဲနေသည့်ယာဉ်များကို မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေ၊ ယာဉ်လုပ်ငန်း စနစ်တကျပြေးဆွဲရေး ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်နေပြီး၊ ဒဏ်ကြေးအဖြစ် ငွေကျပ် ၃ သောင်းအထိ ဒဏ်ရိုက်လျက်ရှိကြောင်း ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး) က ဆိုသည်။

အရေးယူဖမ်းဆီးမှုများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီ (အဝေးပြေး)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် မန္တလေးမြို့မှတဆင့် ဖြတ်သန်းသွားလာရသော အဝေးပြေးလမ်းမများ၊ မြို့တွင်းခရီးသည် အတင်အချပြုလုပ်သော နေရာများ၌ စောင့်ဆိုင်းဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့အတွင်း တရားဝင်ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ်များကို မန္တလေးခရိုင်အတွင်း ဆိုက်ရောက်ထွက်ခွာနေရာများဖြစ်သည့် ချမ်းမြရွှေပြည်၊ သီရိမန္တလာ၊ ပြည်ကြီးမျက်ရှင်၊ မဟာအောင်မြေနှင့် ဒေါနဘွား ယာဉ်ရပ်နားစခန်း စုစုပေါင်း ၅ ခု တွင် နေရာသတ်မှတ်ပေး၍ ပြေးဆွဲခွင့်ပြုထားကြောင်း သိရသည်။

၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံမှာ အမျိုးသမီးအဖွဲ့တွေ လေ့လာသူအဖြစ် ဖိတ်ကြား


လေးလောင်ပြိုင်လူသတ်မှု အမှုမှန်ပေါ်ပေါက်ရန် ရဲတပ်ဖွဲ့ အကူအညီတောင်း

မဇ္ဈိမ

မင်္ဂလာဒုံမြို့နယ်တွင် ပေါ်ပေါက်ခဲ့သည့် လေးလောင်းပြိုင် လူသတ်မှုအတွက် အမှုမှန်ပေါ်ပေါက်ရေး ကူညီသတင်းပေးကြပါရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “သေဆုံးခဲ့ကြသည့်အမှုကို ထောက်ကြန့် နယ်မြေရဲစခန်း(ပ)၅၀၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ အမှုမှန်ပေါ်ပေါက်စေရေးအတွက် အပူတပြင်း စုံစမ်းဖော်ထုတ် လျက်ရှိပါသည်” ဟု ဆိုထားသည်။

သေဆုံးသွားခဲ့သူ မချယ်ရီပွင့်၏ လက်ကိုင်ဖုန်းအတွင်း ရိုက်ကူးထားသည့် မသင်္ကာသူ သုံး၏ ဓာတ်ပုံကို ဖြန့်ဝေထားပြီးဖြစ်ကာ “ပြည်သူများအနေဖြင့်လည်း အဆိုပါဓာတ်ပုံပါ မသင်္ကာသူ ၃ ဦးနှင့် ပတ်သက်၍ သတင်းအချက်အလက် တစ်စုံတစ်ရာရရှိပါက ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ သတင်းလက်ခံဌာန 199 Call Centre ဖုန်း အမှတ် ၁၉၉၊ ၀၁-၂၃၂၃၁၉၉ သို့ ဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်း ကူညီပေးနိုင်ပါရန်နှင့် သတင်းပေးပို့သူ၏ လုံခြုံရေးကို လျှို့ဝှက်ထားမည်ဖြစ် ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်” ဆိုသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ် ရပ်ကွက်၊ မြအေးချမ်းလမ်းသွယ်တွင် နေထိုင်သူ ဦးစိုးနောင်နှင့် ၎င်း၏မိသားစုများဖြစ်သော ဇနီးဖြစ်သူ မချယ်ရီပွင့်၊ သားဖြစ်သူ မောင်ဟန်သူရနှင့် မောင်စွမ်းထက်မြက်တို့ ၄ ဦး အသတ်ခံခဲ့ရကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

သုတေသန လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လုံလောက်တဲ့ အသုံးစရိတ် မရှိ


တိမ်ကောနေတဲ့ ရပ်မိရပ်ဖ ယဉ်ကျေးမှုနဲ့ ပြာဖုံးနေတဲ့ အမျိုးသားရေး လက္ခဏာများ

မင်းကောင်းချစ်


လူတဦးတယောက်အတွက်ဖြစ်ဖြစ်၊ လူမျိုးတမျိုးဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံဖြစ်ဖြစ် ကိုယ်ပိုင်ဂုဏ်ရည်၊ လူမျိုး အမှတ်အသား၊ နိုင်ငံရဲ့ အမျိုးသားရေးလက္ခဏာ (National Identities) တွေဆိုတာ တခုတင်မကဘဲ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အဓိကလူမျိုး ၈ မျိုးနဲ့ လူမျိုးငယ်စုတွေ ပေါင်းရင် လူမျိုးပေါင်း ၁၀၀ ကျော်ရှိနေတော့ တိုင်းရင်းသားတွေ အပါအ၀င် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အမျိုးသားရေးလက္ခဏာတွေကလည်း ရာကျော်မက ထောင်ချီရှိနိုင်တာပေါ့။

ဥပမာတချို့ဆောင်ရရင် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ အမျိုးသားရေးလက္ခဏာတွေ (Burma’s National Identities) ကတော့ …

(၁) ဂါရ၀ထားတတ်ခြင်း၊ (၂) ယဉ်ကျေးသိမ်မွေ့ခြင်း၊ (၃) အေးချမ်းစွာနေလိုခြင်း၊ (၄) ခင်မင်ဖော်ရွေခြင်း၊ (၅) ယိုင်းပင်းကူညီတတ်ခြင်း၊ (၆) ပျော်ပျော်နေတတ်ခြင်း၊ (၇) သည်းခံတတ်ခြင်း၊ (၈) အားနာတတ်ခြင်း၊ (၉) ယုံကြည်တတ်ခြင်း၊ (၁၀) သနားကြင်နာတတ်ခြင်း၊ (၁၁) ခွင့်လွှတ်တတ်ခြင်း၊ (၁၂) ရောင့်ရဲတတ်ခြင်း၊ (၁၃) မဟုတ်မခံတတ်ခြင်း၊ (၁၄) ရဲရင့်ခြင်း၊ (၁၅) သစ္စာစောင့်တတ်ခြင်း၊ (၁၆) ကတိတည်ကြည်ခြင်း၊ (၁၇) ဇွဲကြီးခြင်း၊ (၁၈) ဝီရိယကောင်းခြင်း၊ (၁၉) ကျေးဇူးသိတတ်ခြင်း၊ (၂၀) လှူဒါန်းစွန့်ကြဲလိုစိတ်ထက်သန်ခြင်း၊ (၂၁) ရိုးသားခြင်းတို့ပါပဲ။

လူ့လောကမှာ လူပုဂ္ဂိုလ်တဦးဟာ လူလူချင်းဆက်ဆံရာမှာ ဂါရဝတရားမရှိဘူး၊ ဒေါသခက်ထန်လွယ်ပြီး အကြမ်းဖက်လေ့ရှိတယ်၊ ယဉ်ကျေးသိမ်မွေ့မှုမရှိဘဲ ရုန့်ရင်းကြမ်းတမ်းစွာ အမြဲတစေ အော်ဟစ်ဆဲဆိုပြုမူ စော်ကားတတ်ရင် ရိုင်းစိုင်းတဲ့လူလို့ သတ်မှတ်ကြတယ်။

အဲ့ဒီလိုပါပဲ၊ အရပ်ဒေသတခု၊ တိုင်းနိုင်ငံတခုမှာ အုပ်ချုပ်တဲ့ အစိုးရတရပ်ဟာ ရပ်မိရပ်ဖ၊ မြို့မိမြို့ဖတွေကို အလေးမထားဘူး၊ ပညာရှင်တွေကို နေရာမပေးဘူး၊ လုပ်ချင်ရာလုပ်၊ အနိုင်ကျင့် အကြမ်းဖက်လေ့ရှိတယ်ဆိုရင် အုပ်စိုးသူ အရိုင်းအစိုင်း ပညာမဲ့ အာဏာရှင်အစိုးရလို့ သတ်မှတ်ကြသလို သူတို့ ဗိုလ်ကျအုပ်စိုးတဲ့ နိုင်ငံဟာလည်း ရိုင်းစိုင်းနိမ့်ကျသွားတော့တာပါပဲ။

ကိုယ်ကျင့်တရား ပျက်ယွင်းနေတဲ့ စစ်အာဏာရှင်တွေ နှစ်ပေါင်း ၅၀ ကျော် မင်းမူကြီးစိုးခွင့် ရသွားတာမို့ အထက်မှာ ရေးပြခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးလက္ခဏာ အများအပြားဟာ တဖြည်းဖြည်းချင်း တိမ်ကောပျောက်ကွယ်သွားနေတယ်။ အဲ့ဒီအထဲမှာ ဂါရဝတရားကို အခြေခံတဲ့ လူကြီးသူမ၊ ရပ်မိရပ်ဖတွေရဲ့ ထိန်းကျောင်းစောင့်ရှောက်မှုနဲ့ ယဉ်ကျေးသိမ်မွေ့ခြင်းဆိုတဲ့ အမျိုးသားရေးလက္ခဏာကောင်း ၂ ရပ် ပါဝင်သွားတာကို ဝမ်းနည်းစွာ တွေ့ရပါတယ်။

“ဟေ့.. မဆိုင်သူ မကပ်နဲ့ကွနော်၊ မင်းတို့မယားတွေ မုဆိုးမဖြစ်စေချင်ရင် ဘေးဖယ်နေကြ” လို့ ကြိမ်းမောင်းအော်ဟစ်ရင်း သေနတ်တရမ်းရမ်းနဲ့ ဓားပြတိုက်နေတဲ့ ဇာတ်ဝင်ခန်းကို ရုပ်ရှင်ဗွီဒီယိုတွေထဲမှာ စာဖတ်သူတချို့ ကြည့်ဖူးကြမှာပါ။ အကာအကွယ်မဲ့နေတဲ့ အစည်းအဝေးခန်းမထဲမှာ မြန်မာ့လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ပြီး အတွင်းဝန်ရုံး လှေခါးအတိုင်း ဘရင်းဂန်းသေနတ်တွေရမ်းပြီး ပစ်ခတ်ရင်းပြေးဆင်းလာတဲ့ ဂဠုန်ဦးစော စေလွှတ်လိုက်တဲ့ လူသတ်သမားအုပ်စုဟာလည်း အဲ့ဒီလို သဘောရတဲ့ ခြိမ်းခြောက်မှုစကားတွေ အော်ဟစ်ခဲ့တာပါပဲ။

အဲ့ဒီလိုပါပဲ စစ်အာဏာရှင်ကြီး ဦးနေ၀င်းဟာလည်း စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ်ထောင်မဖောက်ဘူး … ပစ်ရင် တည့်တည့် မှန်အောင်ပစ်တာလို့ ပြည်သူလူထုကို ခြိမ်းခြောက်ပြီး အကြောက်တရားဝန်းကျင် အရိပ်မည်းကြီးကို ဖန်းတီးလို့ ဗိုလ်ကျအနိုင်ကျင့်ခဲ့ကြတာပဲ မဟုတ်လား။

မိမိမှာရှိတဲ့ လက်သည်း၊ အစွယ်၊ ဦးချို စတဲ့ လက်နက်ကိုသာ အားထားပြီး ကြီးနိုင်ငယ်ညှဉ်း သတ်ဖြတ်စားသောက်လေ့ရှိတဲ့ တောရိုင်းဥပဒေသလို ဓားလှံသေနတ် လက်နက်အားကိုးနဲ့ လူလူချင်း အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့ စစ်အာဏာရှင် အမှောင်ခေတ်တလျှောက်လုံးမှာ သူတို့ မတရားလုပ်တာကို ဆန့်ကျင်ကြတဲ့သူတွေကို နှစ်ပေါင်း ၅၀ ကျော် သတ်ဖြတ်ညှဉ်းဆဲ၊ အလုပ်ဖြုတ်၊ ဘ၀ပျက်အောင်လုပ်ပြပြီး အကြောက်တရားနဲ့ အမိန့်နာခံအောင် လုပ်ခဲ့တာဆိုတော့ မြန်မာ့လူ့အဖွဲ့အစည်းကြီးမှာ အမှန်တရားဘက်က ရပ်တည်ရဲတဲ့ သတ္တိတွေ ပျောက်ဆုံးခဲ့ရတယ်။ မတရားတဲ့ အမိန့်အာဏာမှန်း သိပေမယ့် ခေါင်းငုံ့လက်ခံတဲ့ အလေ့အထတွေနဲ့ အသားသေလာခဲ့ကြရတာပါ။

ဗိုလ်ကျသူတိုင်း ကျင့်သုံးလေ့ရှိတဲ့ နည်းနာက လက်နက်အင်အား၊ ငွေအင်အား၊ စီးပွားအင်အား၊ အသိုင်းအဝိုင်းအင်အား၊ အသိပညာအင်အား၊ ကာယဗလအင်အား စတဲ့ မိမိကအားသာတဲ့ အင်အားတခုခုကိုသုံးပြီး တဘက်လူကို အနိုင်ယူ မင်းမူပြီး မလှန်နိုင်အောင် နှိပ်ကွပ်လို့ အကြောက်တရားတွေ ဖန်တီးတဲ့ နည်းလမ်းပါပဲ။ ဗိုလ်ကျစီးပိုးမှုဆိုတာ တကယ်တော့ သီလချို့ယွင်းမှုနဲ့ ဉာဏ်ရည်နိမ့်ကျမှုရဲ့ ပြယုဂ်သာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ကျားကန် ထောက်ကူပေးနိုင်အောင် တပ်မတော်အရာရှိတွေကို အရပ်ဘက်၊ နယ်ဘက် အုပ်ချုပ်ရေးဌာနတွေမှာ ခန့်အပ်နေရာပေးခြင်းကို နှစ်ရှည်လများ မိုက်မဲစွာ ဆောင်ရွက်ခဲ့ခြင်းရဲ့ ဆိုးကျိုးရလဒ်ကတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြင်မတော်တဲ့ကိစ္စတွေ၊ မလုပ်သင့်တဲ့ အရာတွေကို မကောင်းမြစ်တား ကောင်းရာညွှန်လတ်ကြမယ့် ရပ်မိရပ်ဖ၊ မြို့မိမြို့ဖ ယဉ်ကျေးမှုကြီး တိမ်ကောပျောက်ကွယ်သွားခဲ့တာပါပဲ။

ခေါင်ကအစ မိုးမလုံလေတော့ အထက်အမိန့်ကိုသာ မဆင်မခြင် နာခံတတ်အောင် လေ့ကျင့်သင်ကြားပေးတာပဲ ခံခဲ့ရသလို ငါ့အလှည့်ကျရင် စားမယ်ဝါးမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ အကျင့်သီလ ချွတ်ခြုံကျနေတဲ့ စစ်ဗိုလ်အများစုက အရပ်ဘက်လူ့အဖွဲ့အစည်းမှာ နေရာရလာတော့ တတ်သိပညာရှင်တွေ၊ ရပ်မိရပ်ဖတွေကို မလေးမစား အဂါရဝတရားတွေနဲ့ ဆက်ဆံ၊ မသင့်တော်လို့ အကြံပေးရင် လက်မခံ၊ ဖားယားကပ်ရပ်သူတွေကို နေရာပေး မြှောက်စား၊ မှန်မှန်ကန်ကန်လုပ်တဲ့သူဆိုရင် ချောင်ထိုးဖိနှိပ် အလုပ်ဖြုတ် စတဲ့ အကြောက်တရားဝန်းကျင်ကို ပီပီပြင်ပြင် နှစ်ရှည်လများ တည်ဆောက်ခဲ့ကြတာ မဟုတ်လား။

ဒီတော့ ရပ်မိရပ်ဖ လူကြီးသူမတွေ၊ လူကောင်းသူကောင်းတွေ အားလုံးလိုလိုဟာ အရပ်ထဲရွာထဲမှာ နောက်ဆုတ်ပြီး ရေငုံနှုတ်ပိတ်နေကြတော့တာပေါ့။ အဲ့ဒီလို ရပ်မိရပ်ဖ ယဉ်ကျေးမှုကြီး တိမ်ကောဆိတ်သုဉ်းသွားတာဟာ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ခင်ညွန့် မင်းမူဗိုလ်ကျတဲ့ခေတ်မှာ အဆိုးဝါးဆုံး အမြင့်ဆုံးကို ရောက်ခဲ့ရတာပါ။ ဘာကြောင့်လို့လဲဆိုတော့ အဲ့ဒီခေတ်ဆိုးအတွင်းမှာ တပ်ထောက်လှမ်းရေးက တပ်ကြပ်ကြီးအဆင့်လောက်ကို ဗျူဟာမှူးတွေ၊ ဗိုလ်မှူးကြီးအဆင့်ရှိသူတွေက ကြောက်ကြရတာကိုး။ မကြောက်လို့ရမလား .. အဲဒီဗျူဟာမှူးတွေ၊ ဗိုလ်မှူးကြီးတွေ၊ တိုင်းမှူးတွေ၊ ဗိုလ်ချုပ်တွေ မဟုတ်တရုတ် လုပ်ထားတာတွေကို ထောက်လှမ်းရေးကသိပြီး အညှာကို ကိုင်ထားတာလေ။

အဲ့ဒီလို ရပ်မိရပ်ဖယဉ်ကျေးမှု ပျောက်ကွယ်သွားတဲ့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့လတုန်းက မိသားစုကိစ္စ အကြောင်းပြုလို့ အိမ်ပြန်ရောက်ခဲ့တော့ အလွန်ဝမ်းနည်းဖွယ်ရာ အုပ်ထိန်းသူမဲ့နေတဲ့ ရပ်ရွာအုပ်ချုပ်ရေး အခြေအနေကို မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်။ တကယ်တော့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ တာဝန်ဝတ္တရားတွေထဲမှာ အရပ်ထဲရွာထဲက အမြင်မတော်တာတွေ၊ ဥပဒေနဲ့ မညီညွတ်တာတွေကို ရပ်မိရပ်ဖသဖွယ် ထိန်းကျောင်းပဲ့ပြင် မျှမျှတတ ဆိုဆုံးမ အုပ်ချုပ်ရမှာ မဟုတ်လား။

အခုတော့ အဲ့သလိုမဟုတ်ဘဲ သူတို့က အရပ်ထဲနေထိုင်ကြောင်း ထောက်ခံချက် ထုတ်ပေးရတာ၊ အစိုးရ ကြေညာချက် ထုတ်ပြန်ရတာလောက်သာ သူတို့အလုပ်လို့ မှတ်နေပုံရတယ်။ သာရေးနာရေး အကြောင်းပြပြီး နေထိုင်မကောင်းတဲ့ လူမမာတွေ၊ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစကလေးတွေကို လုံးဝညှာတာမှုမရှိဘဲ အသံချဲ့စက် လော်စပီကာတွေကို မီးကုန်ယမ်းကုန် နေ့နေ့ညညဖွင့်ပြီး နှိပ်စက်နေတာကို တားမြစ်ရကောင်းမှန်းလဲမသိ၊ တခါတရံ သူတို့ကိုယ်တိုင်ကဦးဆောင်နေတာတောင် တွေ့ရတယ်။

အရပ်ထဲမှာ အိမ်အတော်များများက ကိုယ့်အိမ်ရှေ့ကိုယ် အိမ်မကြီးတံခါးတပ်ပြီး ယာဉ်ဝင်ဖို့ ဆင်ခြေလျောခင်းကြတာများ အများပိုင်လမ်းပေါ်ထိ ကျူးကျော်ခင်းနေကြတာကို ရပ်ကွက်အုပ်ချုပ်ရေးက တလုံးတပါဒမှ ဝင်မပြောဘူး၊ လာမတားကြဘူးလေ။ အရပ်နာရွာနာအောင် ဖဲဝိုင်းထောင်၊ ဇိမ်ခန်းဖွင့်၊ လောင်းကစားဒိုင်ကိုင်၊ မူးယစ်ဆေးဝါး ရောင်းတာသိလည်း မတားမြစ်၊ အရေးမယူဘဲ သိသိနဲ့ လွှတ်ထားကြတာလေ။

ဘာကြောင့် ဒီလိုတွေဖြစ်နေရတာကို လေ့လာလိုက်ရင် တရားဥပဒေစိုးမိုးအောင် မလုပ်နိုင်သေးတာကြောင့် မကောင်းမှုလုပ်နေသူတွေက ရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို ငွေနဲ့ဝယ်ထားလို့ဖြစ်ဖြစ်၊ လုပ်ပိုင်ခွင့်နဲ့ အာဏာ၊ အကာအကွယ်တွေ ပြည့်စုံလုံလောက်အောင် မပေးထားလို့ဖြစ်ဖြစ်၊ သူတို့ကိုယ်တိုင်က အကျင့်ပျက်လို့ဖြစ်ဖြစ်၊ အသိပညာနည်းလို့ဖြစ်ဖြစ် အမှန်တရားဘက်ရပ်ဖို့ သတ္တိမရှိလို့ဖြစ်စေ မလွန်ဆန်နိုင်ကြတာ တွေ့ရတယ်။

နောက်ထပ်ရေးပြချင်တဲ့ ယိုယွင်းပြိုကျနေတဲ့ အမျိုးသားရေးလက္ခဏာကတော့ “ယဉ်ကျေးသိမ်မွေ့ခြင်း” ပါပဲ။ ရှေးအစဉ်အဆက်ဆက်ကတည်းက ပြည်ထောင်စုဖွား တိုင်းရင်းသား မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အမျိုးသားရေးလက္ခဏာရပ်တွေထဲမှာ “ယဉ်ကျေးသိမ်မွေ့တယ်” ဆိုတဲ့ လက္ခဏာဟာ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။

ယဉ်ကျေးသိမ်မွေ့တယ်ဆိုတဲ့ လက္ခဏာရပ်ဟာ အလွန်ကျယ်ဝန်းလှပါတယ်။ နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုးဟာ နိစ္စဓူဝ နေထိုင်၊ လုပ်ကိုင်၊ ပြုမူဆက်ဆံ၊ ပြောဆိုသုံးနှုန်း၊ ရေးသားမှုတိုင်း ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ရှိတယ်ဆိုတဲ့ သတ်မှတ်မှုနောက်ကွယ်မှာ အဲ့ဒီနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အသိတရား၊ အတွေးအခေါ်၊ ယဉ်ကျေးမှုအဆင့်အတန်း၊ သမိုင်းအစဉ်အလာ၊ ဓလေ့ထုံးတမ်းနဲ့ စံတန်ဖိုးတွေ မြင့်မားစွာ ကျောထောက်နောက်ခံပြုနေတာ မဟုတ်လား။ မြန်မာနိုင်ငံသားတွေဟာ ကိုယ့်ကိုယ်ကိုယ်လည်း ယဉ်ကျေးတဲ့လူမျိုးဖြစ်တယ် ဆိုတာကို အမြဲဂုဏ်ယူခဲ့ကြတာပါ။

ဒါပေမယ့်လည်း ယဉ်ကျေးသိမ်မွေ့ခြင်းဆိုတဲ့ အမျိုးသားရေးလက္ခဏာဟာ အထူးသဖြင့် အင်တာနက်စာမျက်နှာ လူမှုကွန်ရက်တွေပေါ်မှာ အလွန်ဆိုးဝါးစွာ နိမ့်ကျယိုယွင်းနေတာ တွေ့ရပါတယ်။ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာဆို လူချင်း မျက်နှာချင်းမဆိုင်ရတာကြောင့်လည်း ပိုအတင့်ရဲကြတာနေမှာ၊ မောင်ရင်းနှမ၊ သားအမိ သားအဖ အတူတူ မဖတ်ဝံ့လောက်အောင် ရိုင်းပြတဲ့ စကားလုံးတွေနဲ့ ဆဲကြဆိုကြ၊ ပုံတွေတင်ကြနဲ့ မိုးမွှန်အောင် သောင်းကျန်းနေကြတာ။

တချို့က ကိုယ်မူရင်းပုံကို ပရိုဖိုင်းပုံမတင်ဘဲ ရေးကြဆဲကြတယ်။ တချို့များဆို ကိုယ့်ပရိုဖိုင်းအမှန်နဲ့တောင် အဲ့သလို ဆဲဆိုရေးသားတာကို ရှက်ရကြောက်ရမှန်း မသိတော့ဘူး။ လူလိမ္မာသား ယဉ်ပါး၊ လူမိုက်သား ရမ်းကားသတဲ့၊ အဖယုတ်တော့ ကိုယ်ကြမ်း၊ အမိယုတ်တော့ နှုတ်ကြမ်းသတဲ့၊ ဆိုရိုးစကားတွေရှိတယ်။ ကိုယ့်ကြောင့် မိဘဆရာသမားတွေပါ ကဲ့ရဲ့ အပြစ်တင်တာ ခံရတတ်တယ်။

ဒါကြောင့်လည်း လူရွှင်တော် ဇာဂနာထင်ပါရဲ့ ပျက်လုံးထုတ်ရင်း သတိပေးတာ … “မြန်မာတွေက ဆဲရင်းဆဲရင်းနဲ့ ဆင်းရဲကုန်တာတဲ့” ဆင်းရဲတယ်ဆိုတာ ပစ္စည်းဥစ္စာ ရုပ်ပိုင်းတင်မဟုတ်ဘူး၊ အတွေးအခေါ် အကျင့်စရိုက်၊ စိတ်ဓာတ်တွေ အားလုံးဆင်းရဲကုန်တာလေ။

ဒါကြောင့် ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာနိုင်ငံကို တကယ်ပဲ ပြုပြင်ပြောင်းလဲမယ်ဆိုရင် တိမ်ကောသွားတဲ့ အမျိုးသားရေးလက္ခဏာတွေကို အသစ်တဖန် ပြန်မွေးဖွားလာဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ “မလုပ်၊ မရှုပ်၊ မပြုတ်၊ နေသာသလိုနေ၊ ဘယ်အစိုးရတက်တက် ကိုယ့်ထမင်းကိုယ်စားရတာ၊ ဘယ်သူသေသေ ငတေမာပြီးရော မဆိုင်ရင်ဝင်မရှုပ်နဲ့၊ ကိုယ့်လမ်းကိုယ်သွား၊ ဘယ်သူအမှားလုပ်နေနေ မျက်နှာလွှဲ အားလုံးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ တာဝန်မဲ့နေ” စတဲ့ အဆိပ်သင့်အတွေးအမြင်တွေ တဖြည်းဖြည်းဖျောက်လို့ လူနဲ့ လူ့ဝန်းကျင်ကို စောင့်ရှောက်တတ်တဲ့၊ အမြင်မတော်တာကို ထိန်းသိမ်းတည့်မတ်ပေးတတ်တဲ့ ရပ်မိရပ်ဖ ယဉ်ကျေးမှုကို တဖန်ပြန်မွေးဖွားဖို့ မဖြစ်မနေ လိုအပ်သလို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံ၊ ပြုမူရေးသား ဝေဖန်ဆွေးနွေးတတ်တဲ့ အကျင့်ကောင်း၊ လက္ခဏာကောင်းတွေ ပြန်လည် ပျိုးထောင်ကြရမှာ ဖြစ်ပါတယ်။

အဲ့ဒါတွေကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့ဆိုရင် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် စတဲ့ အခြေခံလူ့အဖွဲ့အစည်းတွေမှာ ကျင့်သုံးနေတဲ့ အုပ်ချုပ်ရေးပေါ်လစီတွေကို အကြောက်တရားနဲ့ နာခံရခြင်းမျိုး မဟုတ်ဘဲ လူကြီးသူမ၊ ရပ်မိရပ်ဖ၊ တတ်သိပညာရှင်များရဲ့ အကြံအဉာဏ်တွေယူလို့ ထိန်းကျောင်းတည့်မတ်သွားဖို့လိုသလို လူငယ်တွေရဲ့ ပညာရေးအဆင့်အတန်းတွေ မြင့်မားလာအောင်၊ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံတတ်တဲ့ အကျင့်စရိုက်ကောင်းတွေကို ငယ်စဉ်ကနေ လေ့လာသင်ယူခွင့်ရှိအောင် ကျောင်းသင်ရိုးတွေထဲမှာ ထည့်သွင်း သင်ကြားနိုင်ဖို့ ပြဋ္ဌာန်းပေးရတော့မှာ ဖြစ်ပါတယ်။ ။

နိုင်ငံရေး အကျဉ်းသား ၂၃၀ ကျော်ကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်


ဗဟန်းလူသတ်မှု ဖမ်းမိနိုင်ရန် ဓာတ်ပုံနှင့်တကွ ဖေါ်ပြ၍ ရဲတပ်ဖွဲ့ အကူအညီတောင်းခံ

မဇ္ဈိမ

ဗဟန်းမြို့နယ် ကျိက္ကဆံရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက ပေါ်ပေါက်ခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူမှာ အောင်ဇင်ဗိုလ်ဆိုသူဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဆိုထားပြီး ဓာတ်ပုံနှင့်တကွ လူမှု ကွန်ယက်စာမျက်နှာတွင် ဖေါ်ပြကာ တွေ့ရှိပါက ဖမ်းမိနိုင်ရေး သတင်းပေးနိုင်ရန် အကူအညီ တောင်းခံထားသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ဖေါ်ပြချက်တွင် သေဆုံးသူမှာ မခိုင်မာလာ ဆိုသူဖြစ်ပြီး “ကြမ်းပြင်ပေါ်တွင် ပက်လက်အနေအထားဖြင့်လဲကျနေပြီး မျက်နှာအား အင်္ကျီ အုပ်ထားသဖြင့် ဖယ်ရှားကြည့်ရှုရာ ပါးစပ်အတွင်း အင်္ကျီဆို့လျက် မျက်နှာညိုမဲဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို တွေ့ရှိသည့်အပြင် မခိုင်မာလာ၏ အသက် ၉ နှစ်အရွယ် သမီးဖြစ်သူကိုလည်း အောင်ဇင်ဗိုလ်မှ လည်ပင်းညှစ်ကာ ရိုက်နှက်သွားသဖြင့် ဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရ” ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

ထို့ကြောင့် အောင်ဇင်ဗိုလ်အား အရေးယူပေးရန် တိုင်တန်းချက်အရ ဗဟန်းမြို့မရဲစခန်း(ပ)၂၅၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိပါသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“ထွက်ပြေးတိမ်းရှောင်နေသူ အောင်ဇင်ဗိုလ်မှာ ဖော်ပြပါဓါတ်ပုံပိုင်ရှင်ဖြစ်ပြီး ၎င်းအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများအနေဖြင့်လည်း ၎င်းနှင့် ပတ်သက်သည့် သတင်း တစ်စုံတစ်ရာရရှိပါက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းလက်ခံဌာန 199 Call Centre ဖုန်းအမှတ် ၁၉၉၊ ၀၁ ၂၃၂၃၁၉၉ ဖုန်းများသို့ ဆက်သွယ်သတင်းပေးကူညီနိုင်ပါရန် အသိပေး ဖော်ပြအပ်ပါသည်။” ဟု အကူအညီတောင်းခံထားသည်။

ရခိုင်အကြံပေးကော်မရှင်တွင် နိုင်ငံခြားသား ၃ ဦးပါဝင်မှု လွှတ်တော်၌ အရေးကြီးအဆိုတင်

နေဖြိုးဝင်း


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှာ နိုင်ငံခြားသား သုံးဦး ပါဝင်မှုဟာပြည်တွင်းေ ရးပြသနာ ကို နိုင်ငံတကာ ပြသနာအဖြစ်အောင် ဖန်တီးရာရောက်လို့ ပြည်တွင်းက ပညာရှင်တွေနဲ့ သာဖွဲ့စည်းဖို့ အစိုးရကို တိုက်တွန်းကြောင်း ပြည်သူ့လွှတ်တော်မှာ အရေးကြီး အဆို တင်သွင်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဂါနာနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်၊ လက်ဘနွန်နိုင်ငံသား ဂါဆမ်ဆလမ်နဲ့ နယ်သာလန်နိုင်ငံသူ လက်တီတီရာ မန်ဒန်ဆာဆမ်တို့ ပါဝင်တဲ့အဖွဲ့ဝင် ၉ ဦးနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက သြဂုတ် ၂၄ ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီ ပေါက်တော မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ ကတင်သွင်းရာမှာ “ကော်မရှင်ကို နိုင်ငံခြားသားတွေ ကို ဦးဆောင်ပါဝင်စေခြင်းဖြင့် ပြည်တွင်းရေးကို ၀က်ရောက် စွက်ဖက်ခွင့်ပေးထား တာတွေ့ရတဲ့အကြောင်း၊ နိုင်ငံတော်မှာ ပြသနာတွေကိုဖြေရှင်းဖို့ ခက်ခဲ နေချိန်မှာ နောက်ထပ်ပြသနာကြီးတခုကို မီးမွှေးပေး လိုက်သလိုဖြစ်နေတယ်”လို့ပြောသွား ပါတယ်။

အစိုးရသစ်အနေနဲ့ ကော်မရှင်အသစ်ဖွဲ့စည်းဖို့မလိုဘဲ ယခင်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကိုသာ အကျိုးရှိအောင် ဆက်လက်အကောက်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့လည်း လွှတော်အမတ် ဦးအောင်ကျော်ဇံ အကြံပြု တိုက်တွန်းပါတယ်။

ဒီအဆိုကို ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ထောက်ခံဆွေးနွေးခဲ့ပြီး ဒီအဆိုကို ဆက်လက် ဆွေးနွေးသင့် မသင့် မဲခွဲရာမှာ ကန့်ကွက်သူမရှိတာကြောင့် စက်တင်ဘာ ၁ရက် ပြည်သူ့လွှတ်တော်မှာဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

ယနေ့ မြန်မာ့ရေရာသတင်းများ August, 31st,2016

( 20 )ကိုယ်စားလှယ်တွေရဲ့ တစ်ရက်စာ နေ့တွက်စရိတ်ကို ပုဂံ စေတီပုထိုးတွေ ပြုပြင်ဖို့ လှူဒါန်

( 19 )အိန္ဒိယနှင့် မြန်မာနိုင်ငံကြား ကာကွယ်ရေးလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

( 18 )လူ့အခွင့်အရေးကိစ္စ အလေးပေးဖို့ အစိုးရသစ်ကို ကုလသမဂ္ဂ တိုက်တွန်း

( 17 )၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုထောက်ခံကြောင်း ပြည်ထောင်စုလွှတ်တော်ကြေညာ

( 16 )ဦးဇခုန်တိန့်ယိန်း ကိုယ်စားလှယ်အဖြစ် ပျက်ပြယ်ဟု ကော်မရှင် ကြေညာ

( 15 )၂၁ ရာစုပင်လုံညီလာခံ ထောက်ခံပွဲ ဟင်္သာတတွင် ကျင်းပ

( 14 )၂၁ ရာစုပင်လုံညီလာခံ နေပြည်တော်တွင် စတင်ကျင်းပ

( 13 )ကလေးအလုပ်သမား ၆ သိန်းကျော် အန္တရာယ်ရှိ လုပ်ငန်းများတွင် လုပ်ကိုင်နေရ

( 12 )ရန်ကုန်တိုင်းအတွင်း ယာဉ်တိုက်မှုများကြောင့် ၇ လအတွင်း လူ ၃၀၀ ခန့် သေဆုံး

( 11 )၂၁ ရာစုပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်ရေး ဆန္ဒပြတောင်းဆို

( 10 )ငလျင်သင့် ရှေးဟောင်းအမွေအနှစ်များ ပြုပြင်မွမ်းမံရန် အလှူငွေကောက်ခံ

( 9 )ငြိမ်းချမ်းရေးညီလာခံမှာ ဘန်ကီမွန်း မိန့်ခွန်းပြောကြားမည်

( 8 )Nokia နဲ့ အူရီဒူး ပူးပေါင်းပြီး သဘောတူ စာချုပ်ချုပ်ဆို

( 7 )ထိုင်းဇနီးသည်အား မြန်မာခင်ပွန်းနှင့် သူငယ်ချင်းတို့ ပူးပေါင်းလုပ်ကြံ

( 6 )ရန်ကုန်မြို့ရှိ စည်းကမ်းမဲ့မောင်းနှင် မော်တော်ယာဉ်များ စီမံချက်ဖြင့်အရေးယူမည်

( 5 )တောင်ကုတ်တွင် တရားဥပဒေစိုးမိုးရေး တကိုယ်တော်ဆန္ဒထုတ်ဖော်

( 4 )ရခိုင်အကြံပေးကော်မရှင် မှာ ပြည်တွင်းပညာရှင်တွေကို သာ ခန့်အပ်ဖို့ အဆိုတင်

( 3 )ငြိမ်းချမ်းရေးညီလာခံမှာ ဘန်ကီမွန်း မိန့်ခွန်းပြောကြားမည်

( 2 )လူ့အခွင့်အရေးကိစ္စအလေးပေးဖို့ အစိုးရသစ်ကို ကုလသမဂ္ဂ တိုက်တွန်း

( 1 )အဖွဲ့အားလုံးပါဝင်မှ ငြိမ်းချမ်းရေးညီလာခံ အဓိပ္ပါယ် ပြည့်ဝမည်

Tuesday, August 30, 2016

ငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားခေါင်းဆောင်နှစ်ဦး အဖွင့်မိန့်ခွန်းပြောခွင့်ရရန် အစိုးရကို တင်ပြထား

မင်းမင်း

အစိုးရသစ်လက်ထက်အတွင်း ပထမဆုံးကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များဘက်မှ ခေါင်းဆောင်(၂)ဦး မိန့်ခွန်းပြောကြားခွင့်ရရန် တိုင်းရင်းသားများဘက်က အစိုးရကို တင်ပြထားသည်။

ဩဂုတ် ၃၁ရက်တွင် စတင်ကျင်းပမည့် ညီလာခံတွင် အပစ်ရပ်လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ ခေါင်းဆောင်တစ်ဦးနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ ခေါင်းဆောင်တစ်ဦးစီ အဖွင့်မိန့်ခွန်းပြောကြားခွင့်ရရန် အစိုးရကို တင်ပြထားခြင်းဖြစ်သည်။

"ဖွင့်ပွဲမှာမိန့်ခွန်းပြောမယ့်ကိစ္စမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ ၂ဦးပြောဖို့ တင်ထားပါတယ်။ မနက်ဖြန်တစ်ရက်ပဲ ကျန်တာဆိုတော့ မနက်ဖြန်ရရင် ရမှာပေါ့" ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံ ပူးတွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဌ ပဒိုကွယ်ထူးဝင်းက နေပြည်တော်တွင် ဩဂုတ် ၂၉ရက်ကပြုလုပ်သည့် ကော်မတီအစည်းအဝေးအပြီးတွင် ပြောသည်။

ဩဂုတ် ၃၁ရက်တွင်စတင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အဖွင့်မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ယင်းအပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းတို့ကလည်း အဖွင့်မိန့်ခွန်းပြောကြားရန် ရှိနေသည်။

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တွင် အဖွင့်မိန့်ခွန်းပြောကြားရန် အစိုးရက တစ်ဦးစီသတ်မှတ်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများဘက်ကမူ နှစ်ဦးစီ ပြောခွင့်ရရန် တင်ပြထားခြင်းဖြစ်သည်။

"တိုင်းရင်းသားလက်နက်ကိုင်ဘက်ကလည်း အဖွင့်အမှာစကားကို နှစ်ဦးပြောဖို့ တင်ပြတာရှိပါတယ်။ ဒါပေမယ့် ရက်က အရမ်းကပ်နေတော့ အဆင်ပြေမလားတော့ မသိဘူး။ ဒီလိုပဲ နိုင်ငံရေးပါတီအစုအဖွဲ့ဘက်မှာလည်း နှစ်ဦးပြောကြားနိုင်အောင် တင်ပြထားတာ ရှိပါတယ်။ လောလောဆယ်တော့ တစ်ဦးပဲ ခွင့်ပြုထားပါတယ်" ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ စိုင်းကျော်ညွှန့်က ပြောသည်။

မီးဖိုချောင်သုံး အမှိုက်တွေ တလမ်းဝင်တလမ်းထွက် အခမဲ့ လိုက်လံသိမ်းဆည်း


ရန်ကုန် ရွှေပြည်သာအထက ၄ တွင် မိုးကြိုးပစ်ခံရ၍ န၀မတန်းကျောင်းသား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

စောမင်းဦး


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆင်းချိန် ကျောင်းဘော်လုံးကွင်းတွင် ကစားနေသော ကျောင်းသား နှစ်ဦး မိုးကြိုးပစ်ခံရ၍ န၀မတန်းကျောင်းသား တစ်ဦး သေဆုံးပြီး အဋ္ဌမတန်းကျောင်းသား တစ်ဦးမှာ ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသည့် ကျောင်းသားမှာ န၀မတန်း(ခ) မောင်မိုးမြင့်သူ (ဘ) ဦးမြင့်ငွေ ဖြစ်ပြီး ဒဏ်ရာ ရရှိသွားသူမှာ အဋ္ဌမတန်း(ဆ) မှ မောင်သန့်ဇင်ကျော် (ဘ) ဦးကျော်မိုး ဖြစ်ကြောင်း အထက်ကျောင်းမှ ပေးပို့သော အစီရင်ခံစာတွင် ဖော်ပြသည်။

ဖြစ်ပွားပုံမှာ အဆိုပါ ကျောင်းသား နှစ်ဦးသည် ယနေ့ သြဂုတ် ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆင်းပြီးချိန်တွင် ကျောင်းကစားကွင်း၌ ဘော်လုံးကစားနေစဉ် မိုးကြိုးပစ်ခံရသည်ဟု သိရသည်။

မိုးကြိုးပစ်ခံရသည်ကို သိလျင် သိချင်း ကျောင်းမှ ဆရာမများသည် မိုးကြိုးပစ်ခံရသည့် ကျောင်းသား ကလေးနှစ်ဦးကို အနီးအနားရှိ ရွှေပြည်သာ အထူးဆေးခန်းသို့ ပို့ဆောင်ရာ နေ့လယ် ၁၂ နာရီတွင် န၀မတန်းကျောင်းသားမောင်မိုးမြင့်သူ သေဆုံးသွားပြီး မောင်သန့်ဇင်ကျော်လက်တစ်ဖက်မှာ ကြင်သည့် ဝေဒနာကို ခံစားနေကြောင်း ကျောင်းဆရာမများထံမှ တစ်ဆင့် သိရသည်။

အမှုကို ရွှေပြည်သာ မြို့မရဲစခန်းမှ ရဲအုပ်တင်မျိုးထွဋ်မှ ကိုင်တွင်ပြီး ဖြစ်စဉ် အသေးစိတ်ကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သေဆုံးသွားခဲ့သည့် မောင်မိုးမြင့်သူအား အင်းစိန်ဆေးရုံမှ ( PR 14 ) လက်ခံထားရှိပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ်ကို စစ်ဆေးနေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားခွင့်ကို မထိခိုက်စေဖို့ သတိထားဖို့လို


၂၁ ရာစု ပင်လုံညီလာခံတွင် အမျိုးသမီး ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းအောက်သာ ပါဝင်နိုင်ဟုဆို

စိုးသူအောင်

အချိန်ယူမှုနှင့် အချိန်ပေးဖိတ်ကြားမှု အားနည်းသည့်အတွက် ၂၁ ရာစုပင် လုံညီလာခံတွင် အမျိုးသမီးပါဝင်မှု နူန်းမှာ ၁၀ ရာခိုင်နှုန်း အောက်သာ ဖြစ်နိုင်ကြောင်း ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့(AGIPP) မှ ညှိနှိုင်းရေး မှူး ဒေါ်နန်းအေးသန္တာက ပြောသည်။

သြဂုတ်လ ၂၉ ရက် မြေနုကွန်ဒိုတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ၁၀ ရာခိုင်နူန်း အောက်ပဲဖြစ်လိမ့်မယ်လို့ ကျွန်မ ယူဆတယ်ရှင့် “ ဟု ဒေါ်နန်းအေးသန္တာက ဆိုသည်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးပါဝင်နိုင်မှု မှာ ၇ ရာခိုင်နှုန်းခန့်သာရှိကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ခန့်မှန်းသော်လည်း ပင်လုံညီလာခံကျင်းပသည့် အချိန်ရောက်မှသာ အမျိုးသမီးဦးရေ မည်မျှ ရာခိုင်နူန်း ပါဝင် မည်ကို တိတိကျကျသိရ မည်ဖြစ်ပြီး လက်ရှိအနေထားအရ ပြောဖို့ခက်နေသေးသည်ဟုလည်း ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့(AGIPP)မှ ပဲ့ကိုင်ကော်မတီအဖွဲ့ဝင် ဒေါ်ခင်လေးက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်ပါဝင်သည့် အမျိုးသမီးဦးရေ ၁၂ရာခိုင်နူန်းရှိနေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ခွင့် ၇ ရာခိုင် နူန်းသာရှိသည့်အတွက် နည်းနေသေးကြောင်း ၄င်းက ဆကလက်ပြောဆိုသည်။

ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့(AGIPP) ကို ၂၀၁၄ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ငြိမ်း ချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုကို တိုးတတ်ကောင်းမွန်စေမည့် အ မျိုးသားအဆင့် မူဝါဒရေးရာ ပြောင်းလဲမှုများအတွက် ပူးပေါင်းလုပ်ဆောင်ရန်ရည်ရွယ်သည်ဟု သတင်းစာရှင်းလင်းပွဲ အချက်အလက်များအရ သိရသည်။

AGIPP အဖွဲ့ မှ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီး ၃၀ ရာခိုင်နူန်းပါဝင်ရန်နှင့် ၂၁ရာစု ပင်လုံညီလာခံတွင် စာတမ်း ဖတ်ကြားခွင့် ရရှိရန် လည်းတောင်းဆိုထားကြောင်းလည်း သိရသည်။

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကို ရှေးရှုပြီးလုပ်မှ ငြိမ်းချမ်းရေး ပြည်သူ့ဆီ ရောက်မယ်


ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် တိုက်ပွဲဖြစ်ပြီး အစိုးရစစ်သည်တချို့ ထိခိုက်ကျဆုံး

နန်းမြနဒီ


ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ထဲမှာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA/SSPP အဖွဲ့နဲ့ မြန်မာ့တပ်မတော်ကြားတိုက်ပွဲဖြစ်ပွားပြီး တပ်မတော်ဘက်က ၅ ဦးကျဆုံးသွားတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

သြဂုတ် ၂၈ရက် ညနေက ခလရ ၃၃၊ ခလရ ၁၄၇၊ ခလရ ၃၃ လက်အောက်ခံတပ်သားတွေနဲ့ လားဟူအထူးတိုက်ခိုက်ရေးအဖွဲ့ဝင် စုစုပေါင်း အင်အား ၆၀ ကျော်ဟာ တန့်ယန်းမြို့နယ် နားဟဲရွာနဲ့ ခိုတုမ်းရွာကြားရှိ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ စခန်းရှိရာဘက်ကို ရောက်လာတာကြောင့် ပစ်ခတ်မှုဖြစ်ပွားတာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုတွေမှာ တပ်မတော်ဘက်က ၅ ဦးကျဆုံး၊ ၅ ဦး ဒဏ်ရာရပြီး ဒဏ်ရာရ လားဟူ တပ်သားတဦးကို ရှမ်းပြည်တပ်မတော်ဘက်က ဖမ်းဆီးရမိကာ မနေ့ကဘဲ ဆေးကုပေးပြီး သက်ဆိုင်ရာ အဖွဲ့အစည်းကို ပြန်အပ်ပေးခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူး စိုင်းဆုက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီပူးပေါင်းတပ်တွေက ကျနော်တို့ တပ်စခန်းဘက်ကို ရောက်လာတော့ ခုခံတိုက်ပွဲဖြစ်ပါတယ်၊ သူတို့က အပေါ်ဘက်ကို တက်လာတာဆိုတော့ ကျနော်တို့ဘက်က ပစ်တယ်၊ တိုက်ပွဲဖြစ်တဲ့အခါ ကျနော်တို့လည်း နေပြည်တော်ကို လှမ်းပြီးအကြောင်းကြားတယ်။ နေပြည်တော်က သူတို့အနေနဲ့ မညွှန်ကြားရဘူး၊ အောက်ခြေဗျူဟာတပ်တွေက လုပ်တာပါလို့ပြော ပါတယ်။ မနေ့ကတော့ သူတို့အဲဒီနေရာကနေ ပြန်ဆုတ်ခွာသွားတယ်၊ ဆုတ်ခွာတဲ့အချိန် ကျေန်ာတို့ နယ်မြေရှင်းတော့ နည်းနည်းပါးပါးပစ်ခတ်မှုရှိပါတယ်။ ပြီးတော့ အုပ်စုနဲ့ကွဲနေတဲ့ ဒဏ်ရာရ စစ်သားတယောက်ကို ဖမ်းမိတယ်၊ အသက် ၃၀ နဲ့ ၃၅ ကြား လားဟူအထူးတိုက်ခိုက်ရေးတပ်ကလို့ ပြောပါတယ်။ သူ့မှာ သေနတ်လည်းမရှိတော့ဘူး၊ ကျေန်ာတို့ သူ့ကို သေချာဆေးတွေဘာတွေ ကုပေးပြီး မနေ့ကဘဲ လားဟူအဖွဲ့က တာဝန်ရှိသူလက်ထဲ ပြန်အပ်လိုက်ပါတယ်။ ကျနော်တို့ တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်ရှင်းလင်းဖို့ ရည်ရွယ်ချက်မရှိဘူး၊ နောက်နောင်လည်း ကျနော်တို့ကိုလာပြီး တိုက်တဲ့အဖွဲ့ထဲမှာ ၀င်မပါဖို့ ၊ ခေါ်မလာဖို့ ၀န်ခံချက်လက်မှတ်ထိုးပြီး အပ်လိုက်တယ်။”

ဒီနေ့မှာတော့ တန့်ယန်းဘက်က တင့်ကား ၄ စီး တက်လာတယ်လို့ သိရပေမယ့် တိုက်ပွဲတွေ ဖြစ်ပွားခြင်းတော့ မရှိပါဘူး။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ ယူအန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီး အစိုးရနဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ ပါဝင် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

မနှစ် အောက်တိုဘာလက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ နဲ့ အစိုးရတို့ အန်စီအေ လက်မှတ် ထိုးပြီးတဲ့နောက် တပ်မတော်ဘက်က ရှမ်းပြည်တပ်မတော်ဌာနချုပ်ဝမ့်ဟိုင်းအနီး ကျေးသီးနဲ့ မိုင်းနောင်မြို့နယ်တွင်းရှိ တပ်စခန်းတွေဘက်ကို ထိုးစစ်ဆင်ခဲ့ရာ ဒေသခံ ၁သောင်းကျော်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ရခိုင်ပြည်နယ်အတွက် အကောင်းဆုံးရလဒ်တွေ ထွက်ပေါ်လာဖို့ လုပ်ကိုင်သွားမယ်


ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်ဖြင့် ရဲတပ်ဖွဲ့ဝင်များက ပြည်သူများကြား ကွင်းဆင်းဆောင်ရွက်

ရဲနိုင်(လောက်ကိုင်)

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းတွင် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် ကွင်းဆင်း ဆောင်ရွက်ခြင်းမှာ ပြည်သူများနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်လို၍ ရင်းနှီးမှု တည်ဆောက်ခြင်း ဖြစ်သည်ဟု အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ရုံး ဦးစီး (၃)တာဝန်ခံ ရဲအုပ် ဦးအောင်ဇော်ထွန်းက မဇ္ဈိမ သို့ ပြောသည်။

သြဂုတ်လ ၂၉ရက် နံနက် ၁ဝနာရီတွင် ကျောက်တံတားမြို့နယ် ရဲစခန်းအနီးမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ အ နောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံှး ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် (ဆင့်ပွား)သင်တန်းအမှတ်စဉ် ၂၂/၂ဝ၁၆ မှ ရဲတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ သွားရောက်ပြီး ရဲစခန်းသို့ဆက်သွယ်ရန် ဖုန်းနံပါတ်များ၊ အန္တရာယ်သတိပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့သည်။

"အခုအခြေအနေကတော့ ကောင်းလာပြီပေါ့နော်၊ ကျွန်တော်တို့ ၂၀၁၄ကစပြီး အကောင်းအထည်ဖော် ဆောင်ရွက်နေတာဆိုတော့၊ တစ်ဖြည်းဖြည်း အောင်မြင်မှုကတော့ ရလာပြီပေါ့နော်၊ ပြည်သူလူထုနဲ့ ရင်းနှီးမှုလည်း တော်တော်လေး တော့ ရရှိလာပါပြီ၊ ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲမှုပေါ့၊ ရဲတပ်ဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ကဏ္ဍမှာ အောင်မြင်မှုအနေနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုတွေ၊ ရင်းနှီးမှုတွေ တဖြည်းဖြည်းရရှိလာပါပြီ" ဟု ရဲအုပ် ဦးအောင်ဇော်ထွန်းက ပြောသည်။

၂ဝ၁၆ ခုနှစ်မှ စတင်ကာ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်တွင် ပိုမိုကောင်းမွန်လာကြောင်း၊ ညဘက်တွင် လှည့်ကင်း၊ ပတ်ကင်းများကို ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်ဖြင့် ပိုမိုလုပ်ဆောင်လာကြောင်း ကျောက်တံတားမြို့နယ် အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘုန်းကျော်မြင့် က ပြောသည်။

"အရင်တုန်းကကျတော့ လူတွေက ရဲနဲ့ ဆက်ဆံရမှာ ကြောက်တယ်၊ ရဲစခန်းသွားရမှာ ကြောက်တယ်ပေါ့၊ အခုနောက်ပိုင်းကျတော့ ရဲကလည်း ကျွန်တော်တို့ဆီမှာ အမြဲတမ်း စေတနာနဲ့လုပ်ပေးတယ်၊ သူတို့ခုနောက်ပိုင်း အရင်တုန်းကလိုမျိုး ဆက်ဆံရေး ရိုင်းပျတာတို့ ဘာတို့လည်း မရှိတော့ဘူး၊ အခုပြည်သူနဲ့ အမြဲတမ်း ထိတွေ့တယ်၊ အခုပဲ ကျွန်တော် ရုံးမှာ ပြည်သူတွေနဲ့ လာတွေ့တာ လေးကြိမ်လောက်ရှိပြီ၊" ဟု ၄င်းက ဆိုသည်။

ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်ကို ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး ၂ဝ၁၄ခုနှစ် ၁လပိုင်းမှ စတင်ကာ ၁၈ လတာ သင်တန်းကို သင်တန်းသား ၁၆ ယောက်ဖြင့် စတင်ခဲ့ကာ ယခုနောက်ပိုင်းတွင် ဆင့်ပွားသင်တန်းများကို ခရိုင်အလိုက် ပို့ချပေးနေကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဦးစီး (၃)တာဝန်ခံ ရဲအုပ် ဦးအောင်ဇော်ထွန်း ပြောပြချက်အရ သိရသည်။

နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက် (၃၀ သြဂုတ် ၂၀၁၆)


ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူရန် တောင်းဆို

စံမောင်သန်း၊ စစ်တွေ


ရခိုင်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေး တစ်ရပ် ခေါ်ယူပေးရန် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးမှ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌအား ယနေ့ စာရေးတောင်းဆိုလိုက်သည်ဟု သိရသည်။

၎င်းတောင်းဆိုစာအား လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးကိုယ်စား မြေပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက လက်မှတ်ရေးထိုး၍ တောင်းဆိုထားသည်။

ဦးမြသန်းရေးသားထားသောစာထဲတွင် လောလောဆယ်ပေါ်ပေါက်လာသော အများပြည်သူနှင့် သက်ဆိုင်သော အရေးတကြီး ကိစ္စရပ်များအပေါ် အရေးကြီးအဆိုများ ရခိုင်ပြည်နယ် လွှတ်တော်သို့ တင်သွင်းရန် ရှိပါသဖြင့် အထူး အစည်းအဝေး ခေါ်ယူပေးရန် တောင်းဆိုကြောင်း ပါရှိသည်။

ရခိုင်ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ (၃၄) အရ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၄၇ ဦးအနက် အနည်းဆုံး ၄ ပုံ ၁ ပုံ တောင်းဆိုပါက လွှတ်တော်ကို ခေါ်ယူပေးရမည်ဟု သိရသည်။

ယင်းအထူးအစည်းအဝေးတွင် ၁၉၈၂ ဖြင့် မညီညွတ်သည့် နိုင်ငံသားစိစစ်နေမှုကိစ္စ၊ ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ပါဝင်သည့် ရခိုင်ပြည်နယ်အရေး အကြံပေးကော်မတီကိစ္စများ ကိစ္စကို ဆွေးနွေးသွားမည်ဟု စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇော်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေး ကော်မတီ ကိစ္စကို တုန့်ပြန်ဖို့ လိုတယ်။ နိုင်ငံသား စိစစ်ရေးကိစ္စတွေကိုလည်း ဥပဒေနဲ့ မညီဘဲ လုပ်ဆောင် နေကြတာတွေကို တွေ့ရတယ်။ အဲ့ဒီကိစ္စတွေကို လွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့အတွက် အထူး အစည်းအဝေး ကျင်းပပေးဖို့ တောင်းဆိုရတာဖြစ်ပါတယ်။ အဓိကကတော့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အရေး အကြံပေးကော်မတီကိစ္စဖြစ်ပါတယ်”ဟု သူက ပြောကြားသည်။

အလှကုန် ဥပဒေ ပေါ်ပေါက်ဖို့ လုပ်ဆောင်နေ


ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင် မိုးအောင်ရင် မူးယစ်ဆေးမှုဖြင့် အဖမ်းခံရ

ဇေယျာမော်

ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မိုးအောင်ရင်ကို ယနေ့မနက် ၄ နာရီဝန်းကျင်က ပုဇွန်တောင် မြို့နယ်၂ ရပ်ကွက်၊ သာယာကုန်းလမ်းရှိ နေအိမ်တစ်ခုတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် မျိုးသန့်က မဇ္ဈိမသို့ ပြောသည်။

"သာယာကုန်းလမ်းက အိမ်ကိုတက်ရှာတယ်။ မိုးအောင်ရင်ကိုတွေ့တယ် ၊ ခါးပတ်ပတ်ထားတဲ့ သားရေအိတ်ထဲကနေ ice ၁ ဂရမ်ခန့်ကို သိမ်းဆည်းရမိတယ်" ဟု ရဲအုပ်မျိုးသန့်က ပြောသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ) ၊ ပုဇွန်တောင်မြို့မ ရဲစ ခန်း ပ ၆ /၁၆(မယ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တာမွေမြို့နယ်ရှိ မိုးအောင်ရင်၏ နေအိမ် တွင် အလေးချိန် ဂရမ် ၄၀ ကျော်ရှိ ဆေးခြောက်ဟု ယူဆရသော အရွက် ခြောက်များနှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ခြင်း၏ အဆက်ဖြစ်ပြီး သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်အတွင်း၌ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဗကသများအဖွဲ့ချုပ် အကြိုညီလာခံ နိုဝင်ဘာ နောက်ဆုံးပတ်ထဲ ပြုလုပ်မည်