Wednesday, March 12, 2014

ရှမ်းပြည်လူဦးရေစာရင်း တိုင်းရင်းသားအဖွဲ့များ သီးခြားကောက်မည်

နန်းမြနဒီ

အစိုးရက မြန်မာတပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူမှုတွေ ဒီလကုန်မှာ စတင်ဖို့ ရှိနေစဉ်မှာပဲ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားတွေကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် လူဦးရေစာရင်း ကောက်ယူဖို့ စီစဉ်နေပါတယ်။

ရှမ်းပြည်နယ်ထဲမှာရှိတဲ့ တိုင်းရင်းသားလူဦးရေ စာရင်းအမှန်ရရှိရေးအတွက် ရှမ်း၊ ပလောင်၊ ပအိုဝ်း၊ ကိုးကန့်၊ အင်းသားနဲ့ ဓနု အစရှိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကိုယ်တိုင် ကိုယ့်ဒေသနဲ့ကိုယ် တာဝန်ယူ ကောက်ခံသွားဖို့ ရှိနေတာပါ။

ဒီအစီအစဉ်ဟာ အစိုးရရဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုနဲ့ မပတ်သက်ဘဲ မိမိပြည်နယ်အတွက် သီးခြားကောက်ယူတာ ဖြစ်ကြောင်း၊ ခုလို လူဦးရေစာရင်း ကောက်ယူရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်တိုင်းရင်းသားများ လူဦးရေ စာရင်းမှန်ရရေး ကော်မတီဝင် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ခုလို ပြောပါတယ်။

“တိုင်းရင်းသားလူဦးရေ ဘယ်လောက်ရှိသလဲဆိုတာ ကျနော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သိထားဖို့ပါ။ အစိုးရကို မတင်ပြပါဘူး။ နောက်နောင် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာတဲ့အခါမှာ ကျနော်တို့ဆီမှာ ရှိတဲ့ ကောက်ထားတဲ့ စာရင်းဇယားနဲ့ တတ်နိုင်သလောက် အသုံးပြုနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်လေးပါ။ အဓိကက သူတို့ လိုအပ်နေတဲ့ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုဇယားတွေ လုပ်ပေးဖို့နဲ့ အခြားလိုအပ်တဲ့ ပညာရေးနဲ့ လူမှုရေး လိုအပ်ချက် စတာတွေလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ပါ။”


ဒီလို ကောက်ခံရာမှာ တိုင်းရင်းသားလူမျိုးတွေအနေနဲ့ မိမိခံယူတဲ့ လူမျိုးအတိုင်း လွတ်လပ်စွာ ပြောဆိုနိုင်ပြီး ပြောဆိုတဲ့အတိုင်း ကောက်ယူမှာဖြစ်တဲ့အတွက် အခက်အခဲ မရှိနိုင်ကြောင်း၊ အခြား လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်အဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာ ရှိတဲ့ တိုင်းရင်းသားလူဦးရေစာရင်းတွေပါ အကုန်ရယူနိုင်အောင် စည်းရုံး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းကို အစိုးရသန်းခေါင်စာရင်းကောက်ခံပြီးနောက်ပိုင်း စတင် အကောင်အထည် ဖော်သွားမှာ ဖြစ်ပြီး ပထမ ၃ လ နဲ့ ကောက်ခံလို့ မပြီးရင် နောက်ထပ် ၆ လ ၊ ၉ လ စသဖြင့် လိုအပ်သလို အချိန်ကာလ တိုးမြှင့်သွားဖို့ ရှိနေတာပါ။

လူဦးရေစာရင်းနဲ့အတူ မှတ်ပုံတင်အထောက်အထားမရှိတဲ့ တိုင်းရင်းသားတွေရဲ့ စာရင်းပါ တပါတည်းကောက်ယူပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွေပါ ရရှိနိုင်အောင် တိုင်းရင်းသား လွှတ်တော်အမတ်တွေအနေနဲ့လည်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးသွားမယ်လို့ ရှမ်းတိုင်းရင်းသားလူဦးရေစာရင်းကောက်ယူရေးအဖွဲ့ရဲ့ ခေါင်းဆောင် ဦးစိုင်းသန်းမောင်က ပြောပါတယ်။

“လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်က တိုင်းပြည်အခြေအနေဆိုးတဲ့အချိန်မှာ ထွက်ခွာသွားပြီးတော့ အိုးအိမ်စွန့်သွားရသူတွေ ပြန်လာနိုင်အောင်ရယ်၊ နောက်ပြီးတော့ မှတ်ပုံတင်မရှိသေးသော ကျနော်တို့ရဲ့ ပြည်ပရောက်တိုင်းရင်းသားများကို ကူညီဖို့ရယ်၊ အိမ်ထောင်စုစာရင်းတွေ ပြန်ရဖို့ ကူညီဖို့ရယ်ပါ။ အဲဒါ ချင်းမိုင်နဲ့ ဘန်ကောက်တို့မှာ ရှိတဲ့ လူမှုအဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး ၀ိုင်းဝန်းပြီးတော့ ဘယ်လိုကူညီနိုင်မလဲဆိုတာတွေ ဆွေးနွေးဖို့၊ ရှမ်းပြည်နယ်အစိုးရနဲ့လည်း တိုင်ပင်ထားတာတွေ ရှိပါတယ်။”

ဒီအစီအစဉ်အတွက် ကျပ်သိန်းပေါင်း ၂ ထောင်လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူမှုအဖွဲ့အစည်းနဲ့ တသီးပုဂ္ဂလိကအလှူရှင်တွေက စေတနာ အလျောက် ထည့်ဝင်ကူညီကြတဲ့ ရန်ပုံငွေ ကျပ်သိန်းပေါင်း ၁၂၀၀ ကောက်ခံ ရရှိပြီလို့ သိရပါတယ်။

ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ လူဦးရေစာရင်းအမှန်ရရေးကော်မတီကို ပြီးခဲ့တဲ့နှစ် သြဂုတ် ၂၂ ရက်နေ့မှာ လွှတ်တော်အမတ်တွေ၊ စာပေပညာရှင်တွေနဲ့ ရပ်မိရပ်ဖတွေနဲ့ စတင် ဖွဲ့စည်းခဲ့ပြီး အလုပ်အမှုဆောင်တွေအနေနဲ့ ရှမ်းပြည်နယ်မြို့နယ်ပေါင်း ၈၄ မြို့နယ်က တမြို့နယ်ကို ကိုယ်စားလှယ် ၁၀ ဦးစီ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

No comments: