Wednesday, March 12, 2014

ကပစ(၁၉) နယ်နိမိတ်တွင် မပါသည့် တပ်သိမ်းမြေများ ပြန်ပေးမည်

ရေခဲ(ပြည်)

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်တပ်မှသိမ်းယူထားသည့် လယ်ယာမြေဧက ၉၀၀ ကျော်ထဲမှ တပ်နယ်နိမိတ်အတွင်း မပါဝင်သည့်မြေများကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်မည်ဟု မြို့နယ်မြေ စာရင်းဦးစီးဌာနမှ ကွင်းစာရေး ဦးစိုးမင်းနောင်က ပြောသည်။

၁၉၉၇ ခုနှစ်တွင် စစ်လက်နက်ပစ္စည်းစက်ရုံ လုံခြုံရေး အကြောင်းပြကာ ကပစ(၁၉)က ပေါက်ခေါင်းမြို့နယ် အရာတော်ကျေးရွာအုပ်စု သရက်တစ်ပင်ကျေးရွာအနီး ကွင်းအမှတ်(၅၂)အတွင်းရှိ တောင်သူ ၆၈ ဦးပိုင်ဆိုင်သည့် လယ်ယာမြေ ၉၃၄ ဧကကို သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အထဲမှ တပ်နယ်နိမိတ်အ တွင်း မပါဝင်သည့်မြေများ မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်သွားမည်ဟု ဆိုသည်။

“ကွင်းဆင်းလို့ မပြီးသေးပါဘူး။ အင်္ဂါနေ့ (မတ်လ ၁၁ ရက်) ကွင်းထပ်ဆင်းမယ်။ ခုမှ နယ်နိမိတ်ပြန်ရှာ တာ။ ပါတယ်မပါဘူးဆိုတာ နယ်နိမိတ်ပြန်ပြီးတော့ သတ်မှတ်ပြီးတော့ လုပ်ပေးမှာပါ”ဟု ဦးစိုးမင်းနောင် က ပြောသည်။

နယ်နိမိတ်များ သတ်မှတ်ရန်အတွက် ကပစ(၁၉)၊ သစ်တော၊ မြေစာရင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံကျေးရွာသားများသည် မတ်လ ၈ ရက်မှ ၁၂ ရက်အထိ တိုင်းတာမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မြေပိုမည်မျှရှိနိုင်သည်ကို မြေစာရင်းဌာန၀န်ထမ်းက ပြောဆိုနိုင်ခြင်းမရှိသေးဘဲ လက်ရှိစိုက်ထူထား သောဘုတ်တိုင်များအရ လယ်ယာမြေဧက ၁၀၀ ၀န်းကျင်ခန့် ရှိနေသည်ဟု ဆိုသည်။

သိမ်းဆည်းခံရသူများအနက် တောင်သူ ၃၇ ဦးတွင် ဦးပိုင်အမည်ပေါက် ပြေစာများရှိပြီး ကပစ ၁၉ က ထိုလယ်များကို၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆယ်နှစ်တိုင် အငှားချထားခဲ့ရာ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်တွင် ပထမတန်းစစ်ဦးစီးချုပ်ဦးကျော်ဦး လာရောက်ခဲ့ပြီး သီးစားချမပေးရန်နှင့် တပ်ပိုင်မြေအဖြစ် တစ်နှစ်တစ်ကြိမ် လက်မှတ်ထိုးပေးရန် သတ်မှတ်ခဲ့သော်လည်း မြေယာသိမ်းဆည်းခံရသူများက ငြင်းဆို ခဲ့ကြောင်း လယ်ယာသိမ်းဆည်းခံရသူ ကိုအေးကိုက ပြောသည်။

No comments: