Wednesday, March 12, 2014

အိမ်သာကျင်း တူးရာမှ ဗုံးနှစ်လုံးတွေ့

စည်သူမောင်မောင်

ပုသိမ်မြို့တွင် နေအိမ်ခြံဝင်းအတွင်း မြေကျင်းတူးရာမှ ဗုံးနှစ်လုံးတွေ့ရှိသည့်အတွက် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းသို့ အရေးပေါ် အကြောင်းကြားလိုက်ရသည်ဟု အိမ်ရှင် ဦးမြင့်သန်းက မတ်လ ၁၀ ရက် တွင် မဇ္ဈိမကိုပြောသည်။

မတ်လ ၁၀ ရက်နံနက် ၈ နာရီခန့်တွင် ဧရာဝတီတိုင်း ပုသိမ်မြို့၊ အောင်ချမ်းသာ (၅)လမ်း၊ အမှတ် (၁၅၈၅) ရှိ ဦးမြင့်သန်း နေအိမ်ခြံဝင်းအတွင်း အိမ်သာ အုတ်ကန်တူးရာတွင် ကြွပ်ကြွပ်အိပ် တစ်လုံးထဲမှ ဗုံးနှစ်လုံးတွေ့ရှိသည့်အတွက် ရဲစခန်းသို့ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ရဲစခန်းမှတဆင့် အမှတ်(၉၀၇) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းသို့ ဆက်လက် အကြောင်းကြားရာတွင် ဗိုလ်တင်မိုးဝင်း လာရောက်ပြီး စစ်ဆေးရာ အဆိုပါ ဗုံးနှစ်လုံးကို BA 91 Gren Han နှင့် BA88 Gren Han ဗုံးအမျိုးအစား အဖြစ် အတည်ပြုခဲ့သည်။

“မြေကြီးတူးပြီး ပြန်ဖို့တော့ ကြွပ်ကြွပ်အိတ်အထုပ်တစ်ထုပ်ကိုတွေ့တယ်။ အထုပ်ကို ဖြည်ကြည့်တော့ အထဲမှာဘာရှိမလဲဆိုပြီး ဖွင့်ကြည့်တော့ ဗုံးနှစ်လုံးတွေတော့ သက်ဆိုင်ရာ အသည်းကြီး ရဲစခန်းကို အကြောင်းကြားခဲ့တာပါ။ အရင်တွေ့ တာ ပန်းရံလုပ်တဲ့ အလုပ်သမားက တွေ့တာ”ဟု အိမ်ရှင် ဦးမြင့်သန်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဗုံးနှစ်လုံးကို အမှတ်(၉၀၇) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ သိမ်းဆည်းသွားခဲ့ပြီး လက်ရှိ အခြေအနေအရ သယ်ယူရွှေ့ပြောင်းရန် အန္တရာယ်မရှိကြောင်းနှင့် အကယ်၍ ပေါက်ကွဲမည်ဆိုပါက မီတာ ၅၀၀ ခန့်အထိ အန္တရာယ်ရှိနိုင်သည်ဟု ဗိုလ်တင်မိုးဝင်းက ပြောသည်။

No comments: