Tuesday, March 11, 2014

မုံရွာ - ကလေးဝတောင်ပေါ်လမ်း ကားတစ်စီး ချောက်ထဲကျ၊ နှစ်ဦးသေ ငါးဦးပျောက်ဆုံးနေ

ကိုတိုးကြီး

ချောက်ထဲသို့ ကားတစ်စီးပြုတ်ကျမှုကြောင့် ခရီးသည်နှစ်ဦးသေဆုံးပြီး ငါးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း စစ်ကိုင်းတိုင်းကနီမြို့ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မတ် ၅ ရက်တွင် ပြောသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ- ယာကြီး- ကလေးဝ ကားလမ်း ၀ဲဘက်ခြမ်း မိုင်တိုင်အမှတ် ၄၅/၆ - ၇ အကြား တောင်ကမ်းပါးစောင်းရှိ အနက်ပေ ၂၀ ခန့် ချောက်ထဲသို့ တိုယိုတာ အမျိုးအစား ခြောက်ဘီး(သုံးတန်)ယာဉ်တစ်စီး ထိုးချတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယာဉ်အောက်တွင် နှစ်ဦးပိမိသေဆုံးကာ ငါးဦးမှာပျောက်ဆုံးနေသည်ဟု သွားရောက်စစ်ဆေးခဲ့သည့် ကနီမြို့မရဲစခန်းက ဆိုထားသည်။

သေဆုံးသူများမှာ ကနီမြို့နယ်၊ ယာကြီးရွာမကျေးရွာနေ ကိုကျောက်ခဲစိန် အသက်(၃၀)နှစ်ဆိုသူနှင့် ကိုမင်းနိုင် အသက် (၃၀)နှစ် ဆိုသူတို့ဖြစ်ကြောင်း သိရသည်။ ထိုသူနှစ်ဦးအနက် သေဆုံးသူကိုမင်းနိုင်သည် မင်္ဂလာဆောင်ပြီး ရက်ပိုင်းခန့်အကြာတွင် မိဘများနှင့် သီးခြားအိမ်ခွဲနေထိုင်ရန်အတွက် တောတွင်းသို့ သစ်ဝါးများသွားရောက် တိုက်ယူရာမှ အပြန်ခရီးတွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ကနီမြို့မရဲစခန်းမှူး ဒု-ရဲမှူး စိန်အောင်က ပြောသည်။

အဆိုပါ တိမ်းမှောက်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူများအနက် ကိုဖိုးချစ်၊ ကိုဇော်လင်းထွန်း၊ ကိုဇော်ဝင်း၊ ကိုမင်းနိုင်ဆိုသူနှင့် ယာဉ်မောင်းဖြစ်သူ ကိုဟန်ဝင်းအောင်ဆိုသူတို့ငါးဦးမှာ ယာဉ်တိမ်းမှောက်ရာအရပ် တွင် ရှာဖွေတွေ့ရှိခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း ရဲစခန်းမှတ်တမ်းက ဆိုသည်။

ထို့ကြောင့် အဆိုပါ ယာဉ်တိမ်းမှောက်မှုအား မေ ၅ ရက်တွင် ကနီမြို့ မရဲစခန်းက ယာဉ်(ပ)၂/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄-က အရအမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။

No comments: