Tuesday, March 11, 2014

ဗဟိုသန်းခေါင်စာရင်းကော်မရှင် ထုတ်ပြန်ချက် တိုင်းရင်းသားများ မကျေနပ်

ကြယ်ပြာ

ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံစဉ်က ထားရှိခဲ့ သော နှစ်ဖက်သဘောတူညီချက်များကို အများပြည်သူများ သိရှိစေရန် အစိုးရဘက်က တရားဝင် ထုတ် ပြန်ပေးမည်ဟု ကတိပေးခဲ့သော်လည်း ထုတ်ပြန်ပေးခဲ့သော ကြေညာချက်တွင် အရေးပါသော အချက် များကို ချန်လှပ်ထားခဲ့သည်ဟု တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်များက မတ်လ ၉ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့် တွေ့ဆုံခဲ့ကြသော တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်း ၁၀ ခုက အဆိုပါကြေညာချက်နှင့်ပတ်သက်၍ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဒိုင်းမွန်းကွန်ဒိုတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းသို့ ပြောကြားလိုက်သည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက “သန်းခေါင်စာရင်းကောက်ပြီးရင် ထွက်လာတဲ့ အချက်အ လက်တွေကို တိုင်းရင်းသားပါဝင်ခွင့်ပေးပြီးတော့ အတူထိုင်ပြီး တည်းဖြတ်ပြီးမှ လွှတ်တော်ကိုပို့မယ်ဆို တာ နေပြည်တော်မှာ သဘောတူခဲ့တယ်။ ပေးပါမယ်လို့ ပြောခဲ့လို့ ကျွန်မတို့ပြန်ခဲ့တာကို မပြည့်မစုံလုပ် ပေးတဲ့အတွက် ဒုတိယအကြိမ် ယုံကြည်မှုပျက်ပြားတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့် တွေ့ဆုံခဲ့စဉ်က တိုင်းရင်းသားများက ၎င်းတို့၏ တောင်းဆိုချက်များနှင့် တွေ့ဆုံပွဲ သဘောတူချက် အသေးစိတ်များကို တစ်ပတ်အတွင်း ထုတ်ပြန်ပေးရန်၊ အဆိုပါ သဘောတူ ညီချက်များကို နောက်အစိုးရလက်ထက်အထိတိုင်အောင် အာမခံချက်ပေးရန် တောင်းဆိုခဲ့ရာ ၀န်ကြီးက လုပ်ပေးပါမည်ဟု အာမခံချက်ပေးခဲ့သည်ဟုလည်း ဒေါ်ခွန်ဂျာက ဆိုသည်။

တွေ့ဆုံရာတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ တိုင်းရင်းသားများ၏မျိုးနွယ်စုအမည်များတွင် မှားယွင်း မှုများရှိနေသော်လည်း ပြင်ဆင်ရန်ခက်ခဲသော အနေအထားကြောင့် သန်းခေါင်စာရင်း နည်းပညာအကြံ ပေးအဖွဲ့တွင် လူမျိုးစုများ၏အရေးကို နားလည်သော အကြံပေးများ ခန့်အပ်ပေးရန်၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးစုအမည်များ မှားယွင်းမှုမရှိစေရေးအတွက် တိုင်းရင်းသားများက သန်းခေါင်စာ ရင်းကောက်မည့်အဖွဲ့များကို သင်တန်းများ ဆွေးနွေးပို့ချခြင်းများ ပြုလုပ်ခွင့်ပြုရန်နှင့် တွေ့ဆုံရာမှ ထွက် ပေါ်လာသော ရလဒ်များကို တရားဝင် သတင်းထုတ်ပြန်ပေးရန် စသော အချက်များကို တိုင်းရင်းသား အရပ်ဘက်အဖွဲ့များက တောင်းဆိုခဲ့ကြသည်။

၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြုကော်မတီ ညှိနှိုင်းရေးမှူး ဆလိုင်း အိုင်းဇက်ခင်က “ဖေဖော်ဝါရီ ၂၈ က အစိုးရရဲ့ ဒီကြေညာချက်ထွက်လာတော့ ပြောထားတဲ့ သဘောတူ ညီမှုတွေမပါသေးလို့ သန်းခေါင်စာရင်းကော်မရှင်ကို ကျွန်တော်တို့ လှမ်းပြောတော့ အသေးစိတ်ကို တစ် ပတ်အတွင်း ထုတ်ပေးပါမယ်လို့ ပြောတယ်။ ခုအထိ မတုံ့ပြန်လို့ ဒီပွဲကို လုပ်ဖြစ်တာပါ”ဟု ပြောသည်။

အစိုးရကထုတ်ပြန်ခဲ့သော ကြေညာချက်တွင် (က)၁၉၃၁/၁၉၇၃/၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကောက် ယူမှုအရပေါ်ထွက်လာသော တိုင်းရင်းသား ၁၃၅ မျိုးသည် အတည်ပြုထားဆဲဖြစ်၍ ကနဦးအဆင့်အဖြစ် အခြေခံထားခြင်းဖြစ်ပြီး အမှန်ဖြစ်ကြောင်း တရားသေဆုပ်ကိုင်ထားခြင်းမဟုတ်ကြောင်း၊ (ခ) လူမျိုး ၁၃၅ မျိုးတွင် အခေါ်အဝေါ် သတ်ပုံသတ်ညွှန်းမှားယွင်းခြင်း၊ တိုင်းရင်းသားလူမျိုးအချို့ ပျောက်ကွယ်သွားခြင်း၊ အမည်သစ်အချို့ ရှိနေခြင်း စသည့် အဆိုပြုချက်များအရ နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စုတိုင်းကို ကိုယ်ပိုင် ဆန္ဒအရ ဖြေကြားချက်များကို ကနဦးရယူပြီး ပြန်လည်စိစစ်ခြင်းကို ဆောင်ရွက်ရာတွင် သန်းခေါင်စာရင်း လုပ်ငန်းက များစွာအထောက်အကူပြုသည်။ (ဂ) သန်းခေါင်စာရင်းကောက်ယူပြီး၍ ပြန်လည်စိစစ်အ တည်ပြုရာတွင် လက်ရှိဖွဲ့စည်းထားသော တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ၀န်ဆောင် မှုရေးရာကော်မတီသို့ ဆက်လက်ပေးပို့သွားမည်။ ထို့အချိန်တွင် တိုင်းရင်းသားလူမျိုးများထံမှ အကြံပြု ချက်၊ ပူးပေါင်းကူညီဆောင်ရွက်ချက်များကို ရယူ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မည်ဆိုသော အချက်သုံးချက် ပါရှိခဲ့သည်။

No comments: