Tuesday, March 11, 2014

သမ္မတနှင့် ဒေါ်စုတို့ ပြန်လည်တွေ့ဆုံ

ဉာဏ်လှိုင်လင်း

လွန်ခဲ့သော လေးလခန့်က ဖွဲ့စည်းပုံပြင်ဆင်ရေး လေးပွင့်ဆိုင်တွေ့ဆုံရန် သမ္မတဦးသိန်းစိန်ထံ ဒေါ် အောင်ဆန်းစုကြည် တောင်းဆိုခဲ့ပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦး၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုကို မတ်လ ၉ ရက်တွင် နေပြည်တော်ရှိ သမ္မတ၏ လယ်တောအိမ်၌ ပြန်လည် စတင်လိုက်ကြသည်။

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အဆိုပါနေ့ ညနေ ၅ နာရီအချိန်မှစတင်၍ မိနစ် ၅၀ ကြာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု နှစ်ဖက် တာဝန်ရှိသူတို့က ထုတ်ဖော်ပြောဆိုသည်။

“ဆွေးနွေးမှုအသေးစိတ်ကိုတော့ ထုတ်ပြန်ဖို့မရှိပါဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။ နိုင်ငံတော်သမ္မတရုံး အကြီးတန်းတာဝန်ရှိသူတစ်ဦးကလည်း တွေ့ဆုံမှုကိုသာ အတည်ပြုပေးခဲ့သည်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံရေး ဆောင် ရွက်ပေးရန် သမ္မတထံတောင်းဆိုမှု ဆိုင်းငံ့ခံထားရပြီးနောက် ခေါင်းဆောင်နှစ်ဦး၏ ဆက်ဆံရေးသည် ယခုမှ ပြန်လည်စတင်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ရည်ရွယ်၍ သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ဆွေးနွေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုကို တိုင်းရင်းသားနှင့် နိုင်ငံရေးသမားအချို့က ကြိုဆိုလိုက်ပြီး နိုင်ငံ့အနာ ဂတ်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ယခုထက် ပိုမိုလိုအပ်သည်ဟု ဆိုလိုက်ကြသည်။

“တွေ့ဆုံတာ သိပ်ကောင်းတာပေါ့၊ ကာချုပ်တို့နဲ့တွေ့ဖို့ တောင်းဆိုထားတာတွေ ဖြစ်လာရင် ပိုတောင် ကောင်းသေး။ တွေ့ဆုံဆွေးနွေးရေးကသာလျှင် နိုင်ငံအတွက် အလုပ်ဖြစ်မှာပါ”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

အချို့ကမူ ယခုတွေ့ဆုံမှုအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဘာသာရေးနှင့်လူမှုရေး ဆိုင်ရာ ဥပဒေပြဋ္ဌာန်းရေးကိစ္စတို့ ဆွေးနွေးကြလိမ့်မည်ဟု သုံးသပ်ကြသည်။

No comments: