Tuesday, March 18, 2014

ဖွဲ့စည်းပုံတွင် မပြင်မဖြစ် ပြင်ရမည့် ပုဒ်မ လေးခု ပြင်ရန် ဒဂုံဆိပ်ကမ်း ပြည်သူ ၁၀၀၀ ခန့် ဆန္ဒပြမည်

ရွှေရည်ဝင်းထက်

လွှတ်တော်အတွင်း၌ ဖွဲ့စည်းပုံပြင်ဆင်ရာတွင် ပုဒ်မ၄ ခုကို မဖြစ်မနေပြင်ဆင်ပေးရေး ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ပြည်သူ ၁၀၀၀ ခန့်က မတ်လ ၂၂ရက်တွင် ဆန္ဒထုတ်ဖော်သွားမည်ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်မည့် ဦးသန်းစိုးက မဇ္ဈိမ ကိုပြောသည်။

ဆန္ဒပြမည့်သူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မ-၆(စ)၊၊ပုဒ်မ ၅၉(ဃ)နှင့်(စ)နှင့် ပုဒ်မ-၄၃၆ တို့ကို မဖြစ်မနေ ပြင်ဆင်ပေးရန် တောင်းဆို ဆန္ဒပြခြင်းဖြစ်သည်။ ကြွေးကြော်သံများအဖြစ် "ပုဒ်မ-၄၃၆ ပြင်ဆင်ပေးရေး ဒို့အရေး"၊ "ပုဒ်မ-၅၉(စ) ပြင်ဆင်ပေးရေး ဒို့အရေး"၊ "ပုဒ်မ-၅၉(ဃ) ပြင်ဆင်ပေးရေး ဒို့အရေး"၊ "ဒီမိုကရေစီစံနှုန်းနှင့် မညီသော ပုဒ်မများ ပြင်ဆင်ပေးရေး ဒို့အရေး" စသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒထုတ် ဖော်မည် ဖြစ်သည်။

ဦးသန်းစိုးက “ အခုလွှတ်တော်မှာ ပြင်ဆင်မယ့် ပုဒ်မတွေထဲမှာ ဒီပုဒ်မလေးခုမပါဘူး။ ဒီပုဒ်မတွေက အဓိက ပြင်ကို ပြင်ရမယ့် ပုဒ်မတွေဖြစ်တယ်။ ဒါကြောင့် တောင်းဆိုတာဖြစ်တယ်။ ဒီပုဒ်မတွေ မပြင်မချင်း ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်။ အခုလည်း ရဲစခန်းက ခွင့်ပြုမိန့်ရရ၊ မရရ ကျွန်တော်တို့ ကတော့ ဆန္ဒပြ မှာပါ"ဟု ပြောသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရန် ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းသို့ မတ်လ၁၅ရက်က ခွင့်ပြုချက် လျှောက်ထားတင်ပြပြီးဖြစ်ကာ မတ်လ ၁၉ ရက်မှသာ ခွင့်ပြု၊ မပြုကို သိရှိရမည်ဖြစ်သည်။

အဆိုပါ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခြင်းကို မတ်လ ၂၂ရက် ညနေ ၃နာရီမှ ၆နာရီခွဲအထိ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ ၈၈ ရပ်ကွက် ငွေဇင်ယော်လမ်းမှ ၉၄ ရပ်ကွက် ပုဏ္ဏမီလမ်းအထိ ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားမည်ဟု ဦးသန်းစိုးက ပြောသည်။

ဆန္ဒထုတ်ဖော်သည့်နေ့မှာပင် လူထု၏သဘောထားလက်မှတ်များကို ကောက်ခံသွားမည်ဖြစ်ပြီး ထိုလက်မှတ်များကို လွှတ်တော်သို့ တင်ပြသွားမည်ဟုလည်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်မည့် ဦးသိန်းလှိုင်ထွန်းက ပြောသည်။

ပြည်သူက လိုလားနေသည့် ပြည်သူ့ခေါင်းဆောင် သမ္မတဖြစ်ခွင့်ကို အဟန့်အတားဖြစ်နေသည့် ပုဒ်မ-၅၉(ဃ)နှင့် (စ)ကို ပယ်ဖျက်ပေးရေး၊ နိုင်ငံသားများ အတွက် တန်းတူညီမျှ တရားမျှတမှုကို ပျောက်ဆုံးနေသော ပုဒ်မ-၆(စ)ကို ပယ်ဖျက်ပေးရေး၊ ပြုပြင်ပြောင်းလဲမှုတွင် များစွာ အဟန့်အတား ဖြစ်စေပြီး စစ်အာဏာရှင်များတည်မြဲရေးကို ကာကွယ်ပေးသည့် ပုဒ်မ-၄၃၆ကို ပြင်ဆင်ပေးရေးအတွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု ဦးသိန်းလှိုင်ထွန်းက ပြောသည်။

No comments: