Tuesday, March 18, 2014

ရခိုင်မှ လေလံများကို ဈေးပြိုင်စနစ်ဖြင့်မရောင်းဘဲ ရာခိုင်နုန်းတိုး၍ လိုင်စင် သက်တမ်းတိုးပေးမည်

ဖြိုးဝေအောင်

ကယား(ကရင်နီ)ပြည်နယ် ရှားတောမြို့နယ်အတွင်းရှိ ကျေးရွာအများစု ရေရှားပါးမှု ပြဿနာနှင့် ကြုံတွေ့ နေကြရသည်ဟု သီရိဒါးကျေးရွာအုပ်စု ဒေါလဲဒူကျေးရွာမှ မော်လီးမယ်က ပြောသည်။

ယခုကဲ့သို့ နွေရာသီအချိန်ရောက်ရှိလာသည့်အချိန်တိုင်းတွင် ချောင်းရေများ၊ လယ်တွင်းရှိ ရေများက ခမ်းခြောက်လာသဖြင့် သောက်သုံးရေအတွက် ပူပန်နေရကြရသည်။

“နွေရာသီက ဘယ်လိုအခက်အခဲရှိလဲဆိုရင် လယ်ထဲကရေတွေက ခမ်းကုန်တယ်လေ။ အဲဒါ အဝေးကနေ ရေသွားခပ်ရတယ်၊ ရေသွားချိုးရတယ်။ ရတဲ့ရေကလည်း မလုံမလောက်နဲ့ အပြိုင်အဆိုင်ယူကြတာပေါ့နော်။ မနက်အစောကြီး သွားခပ်ကြတယ်လေ” ဟု မော်လီးမယ်က ပြောသည်။

ရေရှားပါးပြဿနာ ကြုံတွေ့နေကြရသည့် ဒေါလဲဒူကျေးရွာ တွင်လည်း ဒေသခံများမှီခို အားကိုးအားထားရသည့် ချောင်းရေသည် တဖြည်းဖြည်းခမ်းခြောက် လာသဖြင့် သောက်သုံးရေရရှိရန် ရွာနှင့် နှစ်နှစ်ရီခရီး အကြာ ခြေလျှင်ဖြင့် တောင်ကြားသို့ သွားရောက်ခပ်ယူနေကြရသည်ဟု သိရသည်။

“ဖြစ်နိုင်ရင် အနီးအနားမှာပဲ ခပ်ချင်တယ်” ဟု ၎င်းကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးငါးရယ်က ပြောပါသည်။

ယခင်နှစ်များတွင် ကျေးရွာအနီးရှိ လယ်ကွင်းထဲမှ ကျွဲ၊ နွားများရှိသည့် ဗွက်အိုင်ရေကိုလည်း အသုံးပြုခဲ့ကြသဖြင့် အရေပြားရောဂါများ ဖြစ်ပွားခဲ့ကြသည်ဟု ဦးငါးရယ်က ပြောသည်။

“ရေမလောက်တာနဲ့  လယ်ထဲမှာ သွားခပ်မယ်ဆိုလည်း နွား၊ကျွဲ တွေကလည်း လယ်ထဲမှာ။ အဲတော့ သွားချိုးရင်လည်း မကောင်းဘူးလေ၊ အဲဒါလည်း ရောဂါလည်းကူးတယ်။ နကိုယ်ယားတာလည်း ပါတယ်လေ”
ရှားတောမြို့နယ်ရှိ ကျေးရွာတော်တော်များများသည် ရေရှားပါးမှု ပြသာနာ နှစ်တိုင်းကြုံတွေ့နေရသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် အပစ်အခတ်ရပ်စဲရေးမယူခင် ကာလတွင် နိုင်ငံရေး မတည်ငြိမ်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတကာ ကူညီရေးအသင်းများ၊ ဒေသခံ လူမှုအသင်းအဖွဲ့အစည်းများ သွားရောက်ကူညီရန် ခက်ခဲသည့် နေရာဖြစ်သည်။

ပစ်ခတ်ရပ်စဲရေးကာလတွင် နိုင်ငံတကာ ကူညီရေးအသင်းများ၊ ဒေသခံလူမှုအသင်းအဖွဲ့အစည်းတို့က ရှားတောမြို့ပေါ်နှင့် လက်လှမ်းမှီသည့် ကျေးရွာများတွင် စတင်ပြီး သတင်းအချက်အလက်များ ကွင်းဆင်းကောက်ယူခြင်းများ စတင်ပြုလုပ်လာသည်ဟု သိရသည်။

No comments: