Tuesday, March 11, 2014

အခွန်ဆောင်ရန် အမည်စာရင်းတွင်ကုမ္ပဏီ ကိုးခု မှားယွင်းထည့်သွင်းခဲ့ဟု ၀န်ခံ

ထင်လင်းအောင်၊ သိမ့်သဉ္ဇာဇင်

အခွန်မဆောင်သည့်ကုမ္ပဏီများ အမည်စာရင်းထုတ်ပြန်မှုတွင် အခွန်ဆောင် ထားပြီးသော ကုမ္ပဏီ ကိုးခု အား စာရင်းမှားယွင်း ထည့်သွင်းဖော်ပြထားခဲ့မိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုဒ် စာမျက်နှာ တွင် မတ်လ ၁၀ ရက်က ပြန်လည် ထုတ်ပြန်ထားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ကုမ္ပဏီများ၏ ၀င်ငွေခွန်များကို ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်အခွန် စည်းကြပ်ကောက်ခံလျက်ရှိရာတွင် အခွန် မဆောင်ရသေးသော ကုမ္ပဏီအရေအတွက် ၁၀,၆၇၀ ရှိနေ ကြောင်း မတ်လ ၇ ရက်က ဘဏ္ဍာရေးဝက်ဘ်ဆိုဒ် စာမျက်နှာတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းအနက် ကုမ္ပဏီ ကိုးခုမှာ အခွန်ဆောင်ထားပြီး ဖြစ်သည်ဟု ထပ်မံထုတ်ပြန်ခြင်း ဖြစ်သည်။

ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က “ အခွန်မဆောင်လို့ အမည်စာရင်းထုတ်ပြန်တဲ့ ကုမ္ပဏီတွေထဲမှာ အခွန်ဆောင်ပြီးသား ကုမ္ပဏီတွေ စာရင်းပါသွားတဲ့အတွက် အဲဒါကိုပြန်ပြီး ပြင် ဆင်ပြီး ၀က်ဘ်ဆိုဒ်မှာ တင်ပေးထားပါတယ်” ဟု မတ်လ ၁၀ ရက်က မဇ္ဈိမကိုပြောသည်။

အခွန်ပေးဆောင်ပြီးဖြစ်ကြောင်း ပြန်လည် ပြင်ဆင်ထုတ်ပြန်သည့် ကုမ္ပဏီ အမည်စာရင်းများတွင် Dagon Agriculture Group Co., Ltd ၊ Dagon Food Ltd ၊ Dagon International Ltd ၊ Dagon Rubber Plantation Ltd ၊ Dagon Star Co., Ltd ၊ Dagon Timber Co., Ltd ၊ Thuriya Energy Co., Ltd ၊0 Ayeyar Hinthar Trading Co., Ltd နှင့် Mahar Shwe Yadanar Myay Co., Ltd များဖြစ်ကာ အဆိုပါ ကုမ္ပဏီများအား အခွန်ပေးဆောင်ရန် ကျန်ရှိသည့်အမည်စာရင်းမှ ပယ်ဖျက်ကြောင်းကို ထုတ်ပြန်ထား သည်။

သို့ရာတွင် အခွန်မဆောင်သော ကုမ္ပဏီတစ်သောင်းကျော် အမည်စာရင်း၌မူ ယခင်ကုမ္ပဏီအမည်မှ အမည်အသစ် ပြောင်းလဲခြင်း၊ ကုမ္ပဏီပယ်ဖျက်ခြင်း နှင့် ဖုန်းဖြင့်ဆောင်ရွက်ရ၍မရသော ကုမ္ပဏီများ ပါဝင်နေသဖြင့် ကုမ္ပဏီပြောင်းလဲရာတွင် ဥပဒေနှင့်ဆောင်ရွက်သင့်ကြောင်း ညွှန်ကြားရေးမှူး ဦးတင်ထွန်း နိုင်က ထပ်မံ ပြောသည်။

ယင်းက“ကုမ္ပဏီအမည်ပြောင်းတဲ့အခါမှာ ဥပဒေနဲ့အညီမလုပ်ကြတော့ အခွန်စာရင်းထဲမှာ အမည်ဟောင်း က ဆက်ပြီးရှိနေတယ်။ အဲတော့ ကုမ္ပဏီအမည်ပြောင်းရင် အခွန်ရုံးမှာကိုပါ စာရင်းပေးသွင်း ဆောင်ရွက် ဖို့လိုတယ်။ အခွန်ဆောင်ဖို့ကျန်နေတဲ့ ကုမ္ပဏီတွေကိုတော့ ဒီလ(၂၀၁၄ ၊ မတ်လ)၂၀ ရက်နေ့အထိ နောက်ဆုံးထားပြီး စောင့်ပေးသွားမယ်။ အဲဒီအချိန်ထိ အခွန်ရုံးကို လာရောက်ဆောင်ရွက်တာမျိုး မရှိရင် တော့ လုပ်ထုံးလုပ်နည်းတွေ အတိုင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့်၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းအခွန်များဦးစီးဌာန မှ အခွန်ငွေ ကျပ် ၂၇၁၀ ဒသမ ၉၀၆ ဘီလီယံ ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

No comments: