Tuesday, March 18, 2014

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု မထည့်သွင်းရန် ရခိုင်ပြည်နယ် မြို့ကြီးများ တစ်ပြိုင်နက် ဆန္ဒထုတ်ဖော်

ကေဇူး

သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟူသည့် အမည်စာရင်း ထည့်သွင်းခြင်းမပြုရန် မတ် ၁၆ ရက်က ရခိုင်ပြည်နယ်ရှိ မြို့ကြီးများတွင် တစ်ပြိုင်နက်တည်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မြောက်ဦးမြို့များတွင် မတ် ၁၆ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်အသီးသီးတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာလို့ မထည့်သွင်းဖို့နဲ့ ၈၂ ဥပဒေအရ အမြန်ဆုံး စိစစ်ပေးဖို့ တောင်းဆိုတာပါ။ ဒီအတိုင်းထားပြီး သန်းခေါင်စာရင်းကို ဖြစ်အောင်ကောက်မယ် ဆိုရင်လည်း နည်းမျိုးစုံနဲ့ ကန့်ကွက် သွားမှာပါ”ဟု တရားမ၀င် ဘင်္ဂါလီအမည် တိုက်ဖျက်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ၊ စစ်တွေမြို့ခံ ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။

ဆန္ဒထုတ်ဖော်ကြရာ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟူသော အမည်ထည့်သွင်းခြင်းမပြုရန်နှင့် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ကြသည်ကို တွေ့ရသည်။

သန်းခေါင်စာရင်းဥပဒေအရ “အခြားအမည်” ထည့်သွင်းရမည့်ကုတ်နံပါတ် ၉၁၄ တွင် ရခိုင်ဒေသရှိ အစ္စ လာမ်ဘာသာဝင်များအား ရိုဟင်ဂျာဟု ထည့်သွင်းပါက လူဦးရေအများစုမှာ ရိုဟင်ဂျာဟု စာရင်းပေါ် ပေါက်မည်ကို စိုးရိမ်ကြသဖြင့် ထိုသို့ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်သူများက ဆို သည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရေးအတွက် မြို့နယ်အသီးသီးမှ ရခိုင်လူမှုကွန်ရက်အဖွဲ့များ၊ အမျိုးဘာသာစောင့် ရှောက်ရေး ရဟန်းသံယာများနှင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ မြို့နယ်တာဝန်ခံများက ချိတ် ဆက်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ရိုဟင်ဂျာဟုမထည့်သွင်းရေး ကန့်ကွက် ဆန္ဒပြမှုများနှင့်ပတ်သက်ပြီး မောင်တောမြို့၊ မြို့မိမြို့ဖဖြစ်ပြီး၊ ဒုချရားတန်းစုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ပါဝင်ခဲ့သူ အစ္စလာမ်ဘာသာဝင် ဦးလှသိန်းက “ဘယ်လို နာမည်နဲ့ သန်းခေါင်စာရင်းမှာ အမည်စာရင်းသွင်းမယ်ဆိုတာကို ကြိုတင် စီစဉ်ထားတာ မရှိပါဘူး။ ကျွန် တော်တို့ခေါင်းဆောင်တွေ ပြန်တွေ့ဆုံ ညှိနှိုင်းရပါဦးမယ်။ ဆန္ဒထုတ်ဖော်ပွဲကိုတော့ ဘာမှ မပြောလိုဘူး” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် မတ် ၃၀ မှ ဧပြီ ၁၀ ရက်အထိ သန်းခေါင်စာရင်းကောက်ယူရန် အစိုးရက စီစဉ် ထားပြီး ရခိုင် သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသား ရှစ်မျိုးကို ကုတ်နံပါတ် တစ်ခုစီဖြင့် ကောက်ခံမည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသားများမှာ နံပတ်စဉ်(၇)ကျကာ ကုတ်နံပါတ် ၇၀၁ မှ ၇၀၇ ထိရခိုင်၊ မြို၊ သက်၊ မရမာကြီး၊ ကမန်၊ ခမိ၊ ဒိုင်းနက်တို့ ဖြစ်သည်။

အစိုးရ၏ ထုတ်ပြန်ချက်များတွင် တိုင်းရင်းသား ၁၃၅ မျိုးသည် အတည်ပြုထားဆဲဖြစ်ပြီး အမှန်အဖြစ် တရားသေ ဆုပ်ကိုင်ထားခြင်းမရှိဟု ဆိုသည်။

No comments: