Monday, March 17, 2014

မြစ်ဆုံစီမံကိန်း တည်ဆောက်မည့် CPI ကုမ္ပဏီ ထွက်ခွာရန် တောင်းဆိုမှု အသံကျယ်ဖို့လိုဟုဆို

ဖိုးစိုးသူ

မြစ်ဆုံစီမံကိန်းကို အကောင်ထည်ဖော်တည်ဆောက်မည့် တရုတ်ကုမ္ပဏီ CPI (China Power Investment) မြန်မာပြည်ထဲက ထွက်ခွာရန်နှင့် မြစ်ဆုံစီမံကိန်းကို ထာဝရဖျက်သိမ်းပေးရန်အတွက် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ အရပ်ဘက်အဖွဲ့စည်းပေါင်း ၃၂ ခုမှ " CPI Get Out " ဟူသောဆိုင်းဘုတ်များကိုကိုင်ဆောင်ပြီး တရုတ်ကုမ္ပဏီ CPI အလိုမရှိ၊ ထွက်သွား ဟူသော ကြွေးကြော်သံများဖြင့် အပြည်ပြည်ဆိုင်ရာ မြစ်များနေ့ (မတ်လ ၁၄ရက်)တွင် မြစ်ကြီးနားမြို့မှ နံနက် ၈ နာရီမှစတင်ပြီး မြစ်ဆုံရှိရာသို့ ကားများဖြင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြစ်ကြီးနားမြို့ နှင့် မြစ်ဆုံဒေသသည် အကွာဝေးမိုင် ၂၈ မိုင်ခန့်ကွာဝေးသည်။ အရပ်ဘက်အဖွဲ့စည်း ၃၂ ဖွဲ့မှ ကားအစီး ၂ဝခန့်၊ လူအင်အား ၂ဝဝ ကျော်ဖြင့် ကားများတွင် " CPI get out " ဟူသော ဗီနိုင်းများကပ်ပြီး မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းရုံးရှိသော ကျိန်ခရမ်ကျေးရွာသို့ ထွက်ခွာခဲ့ကြသည်။ ကျိန်ခရမ်ရွာရှိ စီမံကိန်းရုံးအရောက်တွင် ကားများပေါ်မှဆင်းပြီး မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ဆိုင်းဘုတ်အဝင်အဝတွင် အော်ဟစ်ဆန္ဒပြခဲ့ကြသည် ။ ပြီးနောက် မြစ်ဆုံရှိရာ တန်ဖဲကျေးရွာသို့ ဆက်လက်ထွက်ခွာ ပြီး နေ့လည် ၁၂ နာရီခန့်တွင်ရောက်ရှိခဲ့သည်။

အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့တွင် မြစ်ဆုံစီမံကိန်းတည်ဆောက်မည့် CPI Get Out ကမ်းပိန်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့သော အရပ်ဘက်အဖွဲ့စည်းခေါင်းဆောင်အချို့က ကမ်းပိန်းလှုပ်ရှားမှု နှင့် ပတ်သက်၍ မဇ္ဈိမကို ပြောကြားခဲ့သည့်အထဲမှ အချို့ကို ကောက်နှုတ် တင်ပြလိုက်သည်။

ဦးတင်သစ် ဥက္ကဋ္ဌ (စိမ်းရောင်စို -မန္တလေး)

မြစ်ဆုံဟာ Not For Sale ဖြစ်တယ်။ သဘာဝတရား က လက်ဆောင်ပေးထားတဲ့ အရာတစ်ခုပါ။ မြစ်ဆုံဆည်စီမံကိန်းကို ဘာကြောင့် ဖျက်သိမ်းပစ်သင့်လဲ ဆိုတာကတော့ မြစ်ဆုံစီမံကိန်းကို သဘောတူစာချုပ် လက်မှတ်ရေးထိုး ကတည်းက ပြည်သူ့ဆန္ဒ ဘာတစ်ခုမှ မပါခဲ့ဘူး။ မြစ်ဆုံစီမံကိန်းဟာ အကတိလိုက်စားမှု မကင်းတဲ့ စီမံကိန်းတစ်ခုလည်းဖြစ်တယ်။ မြစ်ဆုံစီမံကိန်း တည်ဆောက်မယ့် CPI အနေနဲ့ ဒီစီမံကိန်းဟာပြည်သူအတွက် ဘာမှအကျိုးမရှိဘူး။ ဒေသခံတိုင်းရင်းသားတွေအတွက် ဆုံးရှုံးမှုတွေ ပဲများတဲ့ အရာတွေပဲဖြစ်တယ်။ ဒါတွေကို တရုတ်ကုမ္ပဏီ CPIအနေနဲ့လည်း သိပြီးဖြစ်လို့ မကောင်းတာတွေပဲ ပေးတယ်ဆိုပြီး ကုမ္ပဏီအပြစ်ဖြစ်နေတော့ ဒီစီမံကိန်းကို နောက်ဆုတ်ပေးသင့်ပါတယ်။ မြန်မာပြည်သူတွေ ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်ပါဘူး။

ဒေါက်တာဦးခင်မောင်ညို (ဓာတုဗေဒ)

မြစ်ဆုံစီမံကိန်းက အခုအစိုးရလက်ထက်မှာ ယာယီရပ်နားထားမယ်။ နောက်အစိုးရလက်ထက်မှာ ဆက်ပြီးဆုံးဖြတ်မှာဖြစ်တဲ့ အတွက် အရပ်ဘက်အဖွဲ့စည်းတွေ အနေနဲ့ရော ဒေသခံတွေကပါ ဒီစီမံကိန်းကို ထာဝရဖျက်သိမ်းပေးဖို့အတွက် လုပ်ဆောင်နေရ မယ်။ ၂ဝ၁၅ ရောက်မှ ကန့်ကွက်နေမယ်ဆိုရင် နောက်ကျနေနိုင်တယ်။ အဖွဲ့စည်းတွေ ပူးပေါင်းဆောင်ရွက်ပြီး ကျယ်ကျယ်ပြန့်ပြန့် နဲ့ မြစ်ဆုံစီမံကိန်းကိုဖျက်ပေးဖို့ ၊ အကောင်ထည်မဖော်ဖို့ အတွက် ကျယ်ကျယ်ပြန့်ပြန့် ဗဟိုကော်မတီအဖွဲ့စည်းတွေ ဖွဲ့စည်းပြီး ထားသင့်ပါတယ်။ ဒီစီမံကိန်းကို ကန့်ကွက်တဲ့ အသံတွေပိုပြီး ကျယ်လောင်လာဖို့လည်းလိုပါတယ်။

ဦးထူးခေါင် (မြစ်ကြီးနားဒေသခံ)

ဒီမြစ်ဆုံစီမံကိန်းကို တစ်နိုငံလုံးက မကြိုက်ကြဘူး။ ပထမဆုံးအနေနဲ့ ဆိုးကျိုးတွေ ၊ စွှန့်လွှတ်မှုတွေနဲ့ အရင်ကြုံတွေ့ရတယ်။ နယ်မြေဒေသတွေ ပြောင်းရွှေ့လိုက်ရတယ်။ ခေတ်အဆက်ဆက်က စိုက်ပျိုးစားသောက်လာတဲ့ နေရာတွေကို စွန့်လွှတ်လိုက်ရပြီ။ အဲတော့ ဒီစီမံကိန်း ဟာ နောက်တက်လာမဲ့ အစိုးရအပေါ်မှာလည်း မူတည်နေပါတယ်။ နောက်တက်လာမဲ့ အစိုးရအနေနဲ့ ပြည်သူတွေ ဒေသခံတွေ တားဆီးနေတဲ့ ကြားက ဒီစီမံကိန်း ကို မဖြစ်မနေဆက်ပြီး အကောင်ထည်ဖော်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ လမ်းပေါ်ထွက်ပြီး CPIကို မောင်းထုတ်ပစ်ရမယ်။

မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်ပေးရန် နှင့် တရုတ် CPI Get Out လှုပ်ရှားမှုကို တန်ဖဲကျေးရွာ မြစ်ဆုံတွင် ဆုတောင်းပွဲများ၊ မြစ်ဆုံဒေသကို ချစ်မြတ်နိုးသူများ၊ အရပ်ဘက်အဖွဲ့စည်းများက ပြုလုပ်ခဲ့ပြီး ဒေသအသီးသီးမှ တက်ရောက်လာသော အရပ်ဘက် အဖွဲ့စည်းမှ မြစ်ဆုံစီမံကိန်း ရပ်နားပေးရန်အတွက် ကန့်ကွက်လက်မှတ်များကို တရုတ်နိုင်ငံအစိုးရ ၊ မြန်မာအစိုးရ နှင့် တရုတ် ကုမ္ပဏီ CPIတို့ထံ ကန့်ကွက်စာများကို ပေးပို့သွားမည်ဖြစ်ဟု အဆိုပါ လှုပ်ရှားမှုကို ပြုလုပ်သော အရက်ဘက်အဖွဲ့စည်းများက ဆိုကြသည်။

No comments: