အောင်ကိုဦး
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းတို့သည် ဧပြီ ၂၃ ရက်၊နံနက် ၁၀နာရီ ၃၀မိနစ်က ပုသိမ်ကြီးမြို့နယ်၊ရွှေစာရံဂေါက်ကွင်းတည်ဆောက်ရန် မြေယာသိမ်းဆည်းခံထားရသော တောင်သူများကို ကျောက်ချောကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ ၁၉၉၃ခုနှစ်တွင် ဂေါက်ကွင်းဆောက်ရန်အတွက် လယ်ယာမြေဧက ၅၀၀ ကျော်သိမ်းယူခဲ့ပြီးကောင်းမြတ်ကုမ္ပဏီက နှစ် ၅၀လုပ်ကိုင်ခွင့်စာချုပ်ဖြင့် ၂၀၀၃ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။
အမှန်တကယ်ဂေါက်ကွင်းတ်ာဆောက်ရာတွင် ဧက ၃၀၀ သာအသုံးပြုလျှက်ရှိပြီး ပိုလျှံနေသော ဧက ၂၀၀ ကျော်ကို မူလပိုင်ရှင်တောင်သူများမှ ၂၀၁၅ခုနှစ်တွင် ဝင်ရောက်စိုက်ပျိုးမှုများပြုလုပ် ခဲ့သောကြောင့် မြေယာအငြင်းပွားမှုများလည်းဖြစ်လျှက်ရှိသည်။ ထိုလယ်မြေအငြင်းပွားမှုများပြေလည်ရန်နှင့်အမှန်တကယ်တောင်သူများနစ်နာဆုံးရှုံးမှုများကိုသိရှိစေရန် တောင်သူများကို လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးမှ မေးမြန်းမှုများပြုလုပ်သည်။ "ကျွန်တော်တို့က အမှန်တကယ်ဆုံးရှုံးနစ်နာမှုဖြစ်မဖြစ်နဲ့သူတို့ခံစားနေရတာတွေသိဖို့တွေ့ဆုံတာပါ။အခုသိသလောက်ကတော့ တကယ်ကို ဆုံးရှုံးနစ်နာပါတယ်။ဂေါက်ကွင်းအသုံးပြုထားတဲ့မြေကလည်း နစ်နာကြေးဘယ်လိုပေးထားတယ်ဆိုတာမသိရသေးဘူး။ကုမ္ပဏီကလည်း တပ်အတော်ကနေဌားထားတယ်ပဲပြောတယ်။ဒါကြောင့် တောင်သူတွေအနေနဲ့သူတို့နစ်နာဆုံးရှုံးတာတွေ စာရေးတင်ခိုင်ထား တယ်။ အခုလည်းတောင်သူတွေပြောတာ မှတ်တမ်းတင်ထားတယ်။စီမံကိန်းမလုပ်တဲ့မြေကတော့ တောင်သူတွေပြန်ရရမှာပေါ့။လျော်ကြေးကိစ္စကတော့ ကျွန်တော်တို့အစိုးရက ဆက်ဆောင်ရွက် ပါလိမ့်မယ်။" ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး က မဇ္ဈိမ ကိုပြောသည်။
ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းကလည်း "တောင်သူတွေလက်ထဲမြေပြန်ရဖို့ပဲ။မြေပြန်ရအောင် ကျွန်တော်တို့အနေနဲ့ လွှတ်တော်မှအဆိုတွေတင်မှာပါ။ဒါကြောင့်လည်း လယ်သိမ်းခံတောင်သူတွေနဲ့ တွေ့ဆုံမှုတွေလုပ်တာပါ"ဟု ပြောသည်။ ဂေါက်ကွင်းတည်ဆောက်ရန်အတွက် လယ် ၁၂ ဧက သိမ်းဆည်းခံခဲ့ရသူ ဒေါ်ခင်ဌေးက "ဘာမှမပေးဘဲ ဒီအတိုင်းနှင်ထုတ်ပြီးသိမ်းခဲ့တာပါ။လျှော်ကြေးဆိုတာဝေးရောပဲ။မြေတွေပြန်ရအောင် အမျိုးမျိုး ကြိုးစားတယ်။စာတွေအဆင့်ဆင့်တင်ခဲ့တယ်။ ဘာမှမထူးခဲ့ဘူး။ဒီနေ့တော့ လွှတ်တော်ဥက္ကဋ္ဌကြီးက လာတွေ့ပြီး မေးတော့ ဝမ်းသာတာပေါ့။တောင်သူတိုင်းကတော့ ကိုယ်မြေကို ပြန်ယူချင်ကြတာပဲ။ အခုချိန်ကတော့ ပြန်ရမယ်လို့ယုံကြည်တယ်။"ဟု ပြောသည်။
အဆိုပါသိမ်းဆည်းလယ်ယာမြေများပြန်လည်ရရှိအောင် တောင်သူများစုပေါင်းပြီး ၂၀၁၃ခုနှစ်မှစတင်၍ အကြိမ်ကြိမ်စာတင် တောင်းဆိုမှုများပြုလုပ်ခဲ့သည်ဟုလည်း ၆ ဧက အသိမ်းခံရသူ ဦးကျော်မောင် ကဆိုသည်။ အဆိုပါဂေါက်ကွင်းတည်ဆောက်နေသောကောင်းမြတ်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သက်ခိုင် က "ကျွန်တော်တို့ တပ်ကနေ တစ်နှစ်၊တစ်ဧက သုံးသိန်းနှုန်း ငှားရမ်းလုပ်ကိုင်နေတာပါ။ ကျွန်တော် တို့က မြေမသိမ်းပါဘူး။အခုအသုံးပြုနေတာက ဧက ၃၀၀ ပါ။ကျန်တဲ့ ၂၀၀ ကျော်ကလည်း ပိုနေတာမဟုတ်ပါဘူး။စီမံကိန်းတွေဆက်လုပ်ဖို့ရှိပါတယ်။အခုအစိုးရရဲ့ဆုံးဖြတ်ချက်ကို ခံယူပြီးဆက်လုပ် သွားမှာပါ။" ဟုပြောသည်။
No comments:
Post a Comment