Wednesday, April 27, 2016

စစ်ကိုင်းတွင် လေဘေးသင့်ပြည်သူ ၁ သောင်းကျော်အတွက် အမိုးအကာများ လိုအပ်နေ

မြတ်ပြည့်ဖြိုး


စစ်ကိုင်းတိုင်းအတွင်း လေဘေးသင့်ပြည်သူပေါင်း ၁၁၀၀၀ ကျော်ရှိပြီး အများစုမှာ အိမ်အမိုးအကာများ လိုအပ်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးဝီလီဖရန့်က ပြောသည်။

“စစ်ကိုင်းတိုင်းအတွင်းက ခရိုင် ၈ ခုလုံးလေဘေးဒဏ်ခံစားလိုက်ရပါတယ်၊ အခုလောလောဆယ်တော့ သေဆုံး သွားတဲ့သူတွေရဲ့ မိသားစုတွေနဲ့ နေအိမ်ပြိုကျတဲ့မိသားစုတွေကို ထောက်ပံ့ကြေးပေးနေပါတယ်” ဟု ၎င်းက ပြောသည်။

လေဘေးကြောင့် သေဆုံးသူမိသားစုဝင်များအား တအိမ်ထောင်လျှင် ငွေကျပ် တသိန်းစီ၊ ပြိုကျပျက်စီးအိမ် တအိမ်လျှင် ငါးသောင်းကျပ်စီ ထောက်ပံ့ကြေးပေးခဲ့ပြီး ပြည်ထောင်စုအစိုးရ၏ အစီအစဉ်ဖြင့် သွပ်မိုးများ
ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၀က်လက်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက “အဓိကလိုတာကတော့ သွပ်ပါပဲ၊ နဂိုကတည်းက စီးပွားရေးသိပ်အဆင်မပြေတဲ့ရွာဆိုတော့ စိုက်ခင်းလေးကောင်းရင် သူများဆီက ချေး ဌား ပြီး အိမ်ပြင်နိုင်ဦးမှာ၊ ခုတော့ စိုက်ခင်းက ဘာတခုမှပြန်မရတော့ဘူး” ဟု ပြောသည်။

ဧပြီ ၂၂ နှင့်၂၃ ရက်က ရွာသွန်းခဲ့သည့် မိုးနှင့်အတူ မိုးသီး၊ လေပြင်းတိုက်ခတ်မှုတို့ကြောင့် စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာများတွင် နေအိမ်များ ပြိုကျပျက်စီးခြင်း၊ အိမ်အမိုးများ လန်ခြင်း၊ ပေါက်ပြဲပျက်စီး ခြင်း၊ ဥယျာဉ်စိုက်ခင်း များ ပျက်စီးခြင်းတို့အပြင် လူ ၉ ဦးသေဆုံးခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၁၄ ဦးသေဆုံးကြောင်း သိရသည်။

ခင်ဦးမြို့နယ် မြင်းကျကျေးရွာက တောင်သူဦးမောင်တူးက “မြို့နယ်က လူကြီးတွေတော့ခေါက်တုံ့ခေါက်ပြန် ရွာကိုလာနေကြတယ်၊ အခုထိတော့ ဘာအကူအညီမှ မရသေးဘူး၊ ကိုယ်ထူကိုယ်ထပဲ လုပ်နေရတယ်၊” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်းရှိ ပင်လယ်ဘူး၊ ၀န်းသို၊ အင်းတော်၊ ကသာမြို့နယ်တို့တွင် လည်း လေဘေးဒဏ်ခံရသည့် အိမ်ခြေ ၁၅၀ ကျော်ရှိရာ မုံရွာ- ကသာလမ်းတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိသောကြောင့် လိုအပ်သည့်အကူအညီများ ထိရောက်စွာပေးနိုင်ရန် ကြန့်ကြာနေကြောင်း ကသာခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။

No comments: