Wednesday, June 2, 2010

အာဏာပိုင်များ ငွေယူကာ ဧရာဝတီမြစ်အတွင်း ရွှေရှာခွင့်ပေး

ခိုင်လင်း / ၀၂ ဇွန် ၂၀၁၀

ဗန်းမော် အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) နှင့် ဗန်းမော်မြို့နယ် မယက တို့က ရွှေလုပ်ငန်း ရှင်များ ထံမှ ရန်ပုံငွေ ကောက်ခံကာ ကချင်ပြည်နယ် ဗန်းမော်မြို့ အနီးတွင် ရွှေရှာ ဖွေခွင့်ပြု လိုက်သည်။

ဗန်းမော်မြို့အနီးရှိ ဧရာဝတီမြစ်အတွင်း တာပိန်မြစ်နှင့် မုံးလွဲချောင်းစီးဝင်ရာ နေရာတွင် ရွှေရှာဖွေခွင့်ပေးထားသဖြင့် ရွှေဖောင်ဟု ခေါ်သည့် စက်ယန္တရားများ တပ်ဆင်ထားသော စက်လှေအစီး (၂ဝ) ခန့် ယခုအခါ ရွှေရှာဖွေလုပ်ကိုင်နေကြောင်း ရွှေလုပ်ငန်းရှင်များနှင့် နီးစပ်သူ ဗန်းမော်ဒေသခံတဦးက ပြောသည်။

၎င်းက “ဗန်းမော် စကခနဲ့ မြို့နယ် မယကတို့က ရန်ပုံငွေအတွက်ဆိုပြီး ရွှေရှာခွင့် ပေးလိုက်တာ။ လွန်ခဲ့တဲ့ (၅) နှစ် ကျော်ကတည်းက အဲဒီနေရာမှာ လုပ်ခဲ့ဖူးတယ်၊ ရွှေလည်း ရကြတယ်။ အဲဒီနားက ရွာတွေက ဘုန်းကြီးတွေကိုယ်တိုင် အထက်ကို စာတင်တော့ ရပ်ထားခဲ့တာ။ အခု ပြန်လုပ်ခွင့်ပြုနေတယ်။ ရွှေကျင်တဲ့ စက်လှေတစီးက (၁ဝ) သိန်း အလှူငွေ ထည့်ရတယ်။ စစချင်း ပေးရတာ။ ရွှေရရင် သုံးပုံတပုံ ပေးရမယ်။ လုပ်ငန်းသိမ်းချိန်မှာ ထွက်လာတဲ့ရွှေကို အချိုးကျ ထည့်ရမှာပေါ့” ဟု ပြောသည်။

လွန်ခဲ့သည့် (၅) နှစ်က ယခုရွှေရှာနေသည့်နေရာတွင် မှုန်စုပ်စက် (ရေအောက်ကြမ်းပြင်မှ သဲ၊ ခဲများကို စုပ်ယူသည့်စက်) များ အသုံးပြုကာ ရွှေအကြီးအကျယ်ရှာဖွေခဲ့သဖြင့် သဲသောင်များ ထွန်းကာ ရေစီးကြောင်း ပြောင်းလဲပြီး ဧရာဝတီမြစ်လယ် အတွင်းရှိ ကျွန်းရွာများဖြစ်သည့် ကမ်းနီ၊ ကမ်းပါးနီ၊ ကုန်းခါးနှင့် ကျွန်းကြီးရွာတို့တွင် ရေကြီးမှုဖြစ်ပေါ်ခဲ့သည်ဟု အဆိုပါ ဗန်းမော်ဒေသခံက ပြောသည်။

၎င်းက “ကျွန်းကြီးရွာဆိုရင် အိမ်ခြေ (၁ဝဝ) ကျော်ရှိတယ်၊ ကုန်းခါးလည်း (၁ဝဝ) လောက်ရှိမယ်၊ အားလုံး အိမ်ခြေ (၃ဝဝ) ကျော်လောက်ရှိမယ်။ မိုးတွင်းအချိန်ဆို အရင်က အဲဒီရွာတွေက ရေမကြီးဘူး။ ရွှေလုပ်တဲ့ခါကျတော့ ရေကြောင်းက ရွာတွေဘက် ဦးတိုက်လာတယ်၊ ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့တယ်။ အဲဒါနဲ့ နားခဲ့တာ။ အခုပြန်လုပ်နေတယ်ဆိုတော့ ရေကြီးမှာကို စိုးရိမ်နေကြတယ်” ဟု ဗန်းမော်ဒေသခံက ပြောသည်။

ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားတွင် ရွှေတွင်းလုပ်ငန်းများကို အာဏာပိုင်များ၏ ခွင့်ပြုချက်ရယူကာ တရားဝင်နည်းလမ်းဖြင့်လည်းကောင်း၊ တောတောင်များတွင် ခိုးတူးသည့် တရားမဝင် နည်းလမ်းဖြင့်လည်းကောင်း လုပ်ကိုင်နေကြပြီး အဆိုပါ ရွှေတွင်းလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများလည်း ရှိနေသည်။


လူသိရှင်ကြားတောင်းပန်ရန် ထက်ထက်မိုးဦး ငြင်းဆန်

NEJ / ၀၂ ဇွန် ၂၀၁၀

7day news ဂျာနယ်မှ သတင်းထောက် မအေးသူစံ အား ကိုယ်ထိလက်ရောက် ကျုးလွန်မှု အတွက် လူသိရှင်ကြား တောင်းပန်မှု ပြုလုပ် ရန် မင်းသမီး ထက်ထက်မိုးဦးက ငြင်းဆန် လိုက်သည်။

7day news ဂျာနယ်မှ သတင်းထောက် မအေးသူစံအား ကိုယ်ထိလက်ရောက် ကျုးလွန်သည့်ကိစ္စကြောင့် သတင်းထောက်ဘက်မှ ရန်ကင်းမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ကာ တရားစွဲဆိုထားသည်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြားဝင်စေ့စပ်ပြီး ထက်ထက်မိုးဦးအား သတင်းထောက်ကို လူသိရှင်ကြားတောင်းပန်ပေးရန် ညှိနှိုင်းပြောဆိုမှုအပေါ် မင်းသမီးက ငြင်းဆန်လိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးမြင့်သိန်းဖေတို့အပါအ၀င် လူကြီးတွေက တောင်းပန်ဖို့ပြောတယ်၊ သူက ငြင်းနေတယ်၊ တရားစွဲထားတဲ့အတွက် တရားဥပဒေအရ ရင်ဆိုင်မယ်လို့ပဲ ပြောတယ်။ ဒီကိစ္စဟာ အမှိုက်ကစပြီး ပြဿဒ်ကို မီးလောင်ဆိုတာမျိုးဖြစ်ရင်တော့ ခက်မယ်” ဟု မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်တဦးက ပြောသည်။

မေလ (၂၆) ရက်နေ့၌ ထက်ထက်မိုးဦးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ခေါ်ယူတွေ့ဆုံခဲ့သည့်အပေါ် ထက်ထက်မိုးဦးက ယင်းသို့ ငြင်းဆန်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံစာပေနဲ့ စာနယ်ဇင်းအဖွဲ့ဘက်ကလည်း အေးသူစံနဲ့ မေ (၂၃) ရက်နေ့က တွေ့တယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ စာနယ်ဇင်း (၂) ဖွဲ့စလုံးက သတင်းထောက်ကို ထက်ထက်မိုးဦးက လူသိရှင်ကြားတောင်းပန်ရင် သတင်းထောက်က တရားရုံး အမှုကို ပိတ်ပေးမယ်ဆိုတာမျိုးပေါ့။ အဲဒီလိုသာ ထက်ထက်မိုးဦးက မလုပ်ရင် သတင်းထောက်ရဲ့ သဘောဆိုတာကိုလည်း စာပေနှင့်စာနယ်ဇင်းက အတွင်းရေးမှူးသစ် ဦးကိုကို (စက်မှု) က တရားဝင် စာအမှတ် ၁/၂၀၁၀ နဲ့ တရားဝင် ထုတ်ပြန်တဲ့စာမှာလည်း ပါတယ်လေ” ဟု စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်တဦးက ပြောသည်။

ထိုသို့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၏ ဆုံးဖြတ်ပေးမှုကို ထက်ထက်မိုးဦးက လက်မခံသည့်အတွက် ၀မ်းနည်းစွာ ရှုတ်ချကြောင်း ကြေညာချက်ကို အဆိုပါအဖွဲ့က မေ (၃၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးက “ထက်ထက်မိုးဦးကိစ္စ သူတို့ ညှိနှိုင်းပေးတယ်။ ဒါကို ထက်ထက်မိုးဦးက လက်မခံတော့ စာနယ်ဇင်းအဖွဲ့က ကြေညာချက်ထုတ်ပြီး ရှုတ်ချလိုက်တာ။ ကြေညာချက်ထဲမှာ ထက်ထက်မိုးဦးကို လွန်စွာ ရိုင်းပျခဲ့တယ်။ လူမှုရေးအရ ဖြေရှင်းပေးတာကို လုံးဝ လိုက်လျောမှု မရှိ ဆိုတာတွေပါ ထည့်ရေးထားတယ်။ တကယ်ဆို ထက်ထက်မိုးဦးအနေနဲ့ သူ့ဘာသာသူ တရားဥပဒေအရပဲ ဖြေရှင်းမယ်ဆိုတာ သူ့လုပ်ပိုင်ခွင့်ပဲ။ ခုလို ကြေညာချက်ထုတ် ရှုတ်ချတာမျိုး မလုပ်သင့်ဘူး။ တကယ်တော့ အစိုးရက ခန့်ထားတဲ့ စာပေနဲ့ စာနယ်ဇင်းဥက္ကဋ္ဌ ဦးတင်ခ၊ ကိုကို (စက်မှု)၊ မြတ်ခိုင်၊ ဒေါက်တာတင်ထွန်းဦးတို့ အုပ်စုအနေနဲ့ အနုပညာရှင်တွေကိုရော၊ သတင်းထောက်တွေ အယ်ဒီတာတွေကိုပါ သူတို့ သြဇာ နာခံလာအောင် လုပ်လိုက်တာလို့ပဲ မြင်တယ်” ဟု ပြောသည်။

အခြား သတင်းစာဆရာ တဦးကလည်း ယခုကဲ့သို့ ထင်ရှားကြော်ကြားသည့် အနုပညာသည်နှင့် သတင်းထောက် ပြဿနာဖြစ်ကြခြင်းသည် နိုင်ငံတကာတွင်လည်း အဆန်းတကြယ် မဟုတ်ကြောင်း၊ ပြဿနာဖြစ်လာပါက တရားရုံးကနေ ဖြေရှင်းနိုင်သကဲ့သို့ မီဒီယာများမှတဆင့်လည်း လွတ်လပ်စွာ တင်ပြခွင့်ရကြကြောင်း ပြောသည်။

၎င်းက “အခု မြန်မာပြည်တွင်းမှာ ဖြစ်နေတာက ဒီလို သတင်းလေးကိုတောင် လွတ်လပ်စွာ ဖော်ပြခွင့်ပေးဖို့ နေနေသာသာ လုံးဝ ပိတ်ပင်ထားတယ်။ ဒါတင်မက ကနဦးခွင့်ပြုချက်နဲ့ ဖော်ပြခဲ့တဲ့ ဂျာနယ်တွေကိုလည်း ဂျာနယ်ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခိုင်းပြီး အပြစ်ပေး အရေးယူတာမျိုး လုပ်ခဲ့တယ်။ အခုတခါ စာပေနဲ့ စာနယ်ဇင်းအဖွဲ့က သူတို့ဘာသာသူတို့ တရားရုံးသဖွယ် ဆောင်ရွက်လာပြန်တယ်” ဟု ပြောသည်။

လူမှုရေးအရ အမှန်တကယ် ညှိနှိုင်းပေးသည်ဆိုပါက ညှိနှိုင်းပေးမှုအား လက်မခံပါက လက်မခံသည့်အတိုင်း ထားရုံသာဖြစ်ပြီး တရားရုံးဖြေရှင်းချက်ကို စောင့်ရမည်ဖြစ်ကြောင်း၊ ယခုလုပ်ရပ်သည် စစ်အစိုးရ စာပေစိစစ်ရေး၊ စာပေနှင့်စာနယ်ဇင်းအဖွဲ့များ အနေဖြင့် လိုရင် လိုသလို၊ မလိုရင် မလိုသလို လုပ်သည့်လုပ်ရပ်မျိုးသာ ဖြစ်ကြောင်း အဆိုပါ သတင်းစာဆရာက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်များက သတင်းလိုက် ဓာတ်ပုံရိုက်သည့် The Voice ဂျာနယ် သတင်းထောက် တယောက်ကို စီးပွားရေး လုပ်ငန်းရှင်တဦးနှင့် အပေါင်းအဖော်များက ဝိုင်းဝန်းရိုက်နှက်မှုမျိုး ဖြစ်ခဲ့ဖူးသော်လည်း ဖြစ်စဉ်ကို သတင်းရေးသားခွင့် မရရုံသာမက စာပေနှင့်စာနယ်ဇင်းအဖွဲ့ကလည်း ဝင်ရောက်ဖြေရှင်းပေးခြင်းမျိုး မရှိခဲ့ပေ။

အလားတူ သတင်းထောက်များ နှောင့်ယှက် စော်ကားခံရမှု များစွာ၌လည်း မည်သို့မျှ ဝင်ရောက်ပြောဆို ကြေညာချက် ထုတ်ပေးခြင်းမျိုး မရှိခဲ့ပေ။

ယခုကြေညာချက်ထုတ်ပြီး နောက်နေ့တွင် စာပေနှင့်စာနယ်ဇင်းအဖွဲ့က သတင်းထောက် မအေးသူစံကို ခေါ်ပြီး သတိပေးချက်နှင့် ဆုံးမသြဝါဒများ ပေးခဲ့ကြောင်းလည်း သိရသည်။

7day news ဂျာနယ်မှ သတင်းထောက် အေးသူစံက ထက်ထက်မိုးဦးနှင့် အင်တာဗျုးရန် ဖုန်းဆက်ချိန်းဆိုရာ ပြီးခဲ့သည့် မေ (၁၉) ရက်တွင် ဆီဒိုးနားဟိုတယ်၌ ပြုလုပ်မည့် Johnson’s Baby Lotion ကုန်ပစ္စည်း အရောင်းမြှင့်တင်ပွဲတွင် တွေ့ဆုံရန် ထက်ထက်မိုးဦးက ချိန်းဆိုမှုကြောင့် သတင်းထောက် အေးသူစံက သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းရာတွင် ထက်ထက်မိုးဦးက မကြိုက်သော မေးခွန်းများပါဝင်သည့်အတွက် မင်းသမီးက သတင်းထောက်အား ထွက်သွားရန် နှင်ထုတ်ခဲ့ကြောင်း၊ သတင်းထောက်က ယင်းကို ပြန်လည်တောင်းပန်၍ ထွက်ခွာခဲ့ကြောင်း၊ ခေတ္တခဏအကြာတွင် ထက်ထက်မိုးဦးက သူနှင့် ရင်းနှီးသော Perfect မဂ္ဂဇင်းမှ မခင်သက်ဦးအား 7Day News ဂျာနယ်သတင်းထောက် မအေးသူစံကို ခေါ်ခိုင်းကာ ဆီဒိုးနားဟိုတယ် ballroom ရှေ့ လူမြင်ကွင်းတွင် ကာယကံမြောက်ကျူး လွန်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်အတွက် 7 Day News ဂျာနယ်သတင်းထောက်က ရန်ကင်းရဲတပ်ဖွဲ့စခန်းသို့ အမှုဖွင့်ပေးရန် တိုင်ကြားခဲ့ပြီး ရန်ကင်းတရားရုံးသို့ လျှောက်ထားခဲ့ကြောင်း၊ အမှုကို ဇွန်(၃) ရက်တွင် ချိန်းဆိုထားကြောင်း သိရသည်။

အဖြစ်ဆိုးနှင့် ကြုံတွေ့ရသော မြို့တော်ဝန် တာဝန်များ မထမ်းဆောင်နိုင်သေး

NEJ / ၀၂ ဇွန် ၂၀၁၀

ယခု ရက်ပိုင်း အတွင်းတွင် ရန်ကုန် မြို့တော်ဝန် သည် စိတ်သောက ရောက်နေသည့် အတွက် စည်ပင်နှင့် ပတ်သက်သော ကိစ္စရပ်များ၊ ကြံ့ဖွံ့နှင့် ပတ်သက်သော ကိစ္စရပ် များကို ဆောင်ရွက် နိုင်ခြင်း မရှိသေး ကြောင်း သိရသည်။

“ကြံ့ခိုင်ရေးအနေနဲ့ ပါတီအတွက်လည်း လှုပ်ရှားစရာတွေ ရှိနေတယ်။ ဒါပေမယ့် မြို့တော်ဝန်က တော်တော်စိတ်ထိခိုက်နေတယ်။ အခုရက်ပိုင်းတော့ သူနားနေမှာပဲ” ဟု ကြံ့ဖွံ့အဖွဲ့ဝင်တဦးက ပြောသည်။

ပြီးခဲ့သည့် မေ (၂၉) ရက်၌ နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးတွင် ကားဘီးပေါက်ကာ တိမ်းမှောက်ခဲ့သောကြောင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မြေးဖြစ်သူ သေဆုံးပြီး သားနှင့်ချွေးမတို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ထိုနေ့ည (၇) နာရီကျော်တွင် မြို့တော်ဝန်၏ မြေးဖြစ်သူ မောင်ဆက်နိုင်လင်း (ခ) ဖိုးတီလုံး အသက် (၁) နှစ်၊ (၄) လအရွယ်သည် အမှတ် (၁) တပ်မတော်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ပြီး မေ (၃၁) ရက်၌ ရေဝေးသုသာန်တွင် သဂြုင်္ိဟ်ပြီးစီးခဲ့ပြီးဖြစ်သည်။

မြို့တော်ဝန်၏သားဖြစ်သူ ဗိုလ်ကြီးဇော်ဇော်နိုင်နှင့် သူ၏ဇနီး ဒေါ်ခင်ဆွေရီတို့မှာ ပြင်းထန်စွာ ဒဏ်ရာရသွားသည့်အတွက် ဇွန် (၁) ရက်နေ့၌ စင်ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူရန် သွားရောက်ကြကြောင်း စည်ပင်သာယာရေးကော်မတီ သတင်းရပ်ကွက်မှ သိရသည်။ စင်ကာပူသို့ မသွားခင်က အမှတ် (၁) တပ်မတော်ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့သည်။

“မြို့တော်ဝန်ချွေးမတော့ အခြေအနေ ပိုဆိုးတယ်လို့ ပြောရမှာပဲ။ ရန်ကုန်မှာကုရင် အသက်ရမှာ မဟုတ်ဘူး။ သူ့သားကတော့ ကျိုးတာလောက်ဖြစ်တဲ့အတွက် အချိန်ကာလတခုပဲ ပြောရမှာပေါ့။ ကောင်းတာတော့ ကောင်းသွားမယ်၊ ဒါတောင် ရေရှည်မှာ မလွယ်ဘူး။ သူက ဘယ်ဘက်နံရိုးတွေ ကျိုးတာများတယ်” ဟု စည်ပင်သာယာ အရာထမ်းတဦးက ပြောကြားသည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် ဇနီး၊ သား ဗိုလ်ကြီးဇော်ဇော်နိုင်နှင့် ဇနီး၊ သား မိသားတစုလုံးသည် နေပြည်တော်မှ အပြန်တွင် ရန်ကုန်မြို့ အမှတ် (၃) လမ်းမကြီး နွယ်ခွေရွာအနီးတွင် ယင်းသို့ ကားမတော်တဆမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ကြီးဇော်ဇော်နိုင်တို့ မိသားစု စီးသောကားမှာ ဘီးပေါက်ပြီး တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းကြောင့်မဟုတ်ဘဲ လမ်းကြောင့် တာယာ ကွဲပေါက်သွားကာ ထိုသို့အဖြစ်ဆိုးနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း အဆိုပါ စည်ပင်အရာထမ်းက ပြောသည်။

နေပြည်တော်လည်း မီးပျက်

အောင်သက်ဝိုင်း Wednesday, June 02, 2010

လျှပ်စစ်မီး လုံးဝ ပြတ်တောက်ခြင်း မရှိသော စစ်အစိုးရ မြို့တော်သစ် နေပြည်တော်တွင် ယခုအခါ မီး ပြတ်တောက်မှု ကြုံတွေ့နေရပြီ ဖြစ်ကြောင်း နေပြည်တော် ဝန်ထမ်း အသိုင်းအဝန်းမှ သတင်းရရှိသည်။

ဝန်ကြီးဌာနအများစု ရုံးစိုက်ရာ နေပြည်တော်တွင် မေလလယ်ပိုင်းမှ စ၍ လျှပ်စစ် မီးပြတ်တောက်မှုများ ဖြစ်ပေါ်နေပြီး
ရန်ကုန်၊ မန္တလေးနှင့် တခြား မြို့ကြီးများတွင် လျှပ်စစ်မီးရရှိမှု အလွန် ဆိုးရွားလျက်ရှိနေကြောင်း နေပြည်တော် မြန်မာ့ လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ အရာရှိတဦးက ပြောဆိုသည်။

“၀န်ကြီးဌာန ရုံးတွေမှာတောင် မီးက ၁၀ မိနစ်လောက် ပြတ်သွားလိုက်၊ ပြန်လာလိုက် ဖြစ်နေ တယ်။ နေပြည်တော် စပြောင်းတဲ့ ၂၀၀၆ ကတည်းက တာဝန်ထမ်းဆောင်လာတာ အခုလို တခါမှ မီးမပျက်ဖူးသေးဘူး” ဟု အဆိုပါအရာရှိက ပြောသည်။

ရန်ကုန်နှင့် မန္တလးတွင်လည်း မီးရရှိမှု အခြေအနေများ ဆိုးရွားလျက်ရှိပြီး ပဲခူး၊ စစ်ကိုင်း၊ မကွေးတိုင်း အပါအ၀င် နယ်ဒေသ ကြီးများတွင် လျှပ်စစ်မီး လုံးဝ မရရှိတော့ကြောင်း ကြားသိရသည်။

အထက်မြန်မာပြည် မန္တလေးမြို့တော်တွင် တနေ့လျှင် ၁ နာရီခန့်သာ မီးရရှိပြီး မန္တလေး ဈေးချိုတွင် မီး လုံးဝ မလာသည်မှာ ၃ ရက်ခန့် ရှိနေပြီဟု မန္တလေးမြို့ခံများကပြောသည်။

“မြို့ထဲမှာကို မီးက လုံးဝမလာဘူး။ လာရင်လည်း တ နာရီတောင်မပြည့်ဘူးဟု” မန္တလေးသား တဦးက ဆိုသည်။

ရန်ကုန်မြို့တွင်လည်း အလားတူ အခြေအနေမျိုးကြုံတွေ့နေရပြီး မီးပွိုင့်၊ အစိုးရဆေးရုံ၊ စာသင်ကျောင်းများ အပါအ၀င် အများပြည်သူအတွက် အရေးကြီးသော နေရာများတွင်ပင် လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း သိရသည်။

“ရပ်ကွက်တခုကို တနာရီလောက်ပဲ အလှည့်ကျ မီးပေးနိုင်ပါတယ်။ ဒါတောင် ရေတင်ဖို့အတွက် အဓိက ပေးတာ” ဟု
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အင်ဂျင်နီယာတဦးက ပြောသည်။

ယခုကဲ့သို့ လျှပ်စစ်မီးများ ပြတ်တောက်ခြင်းသည် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ ပေါက်ခြင်းနှင့် တရုတ်နိုင်ငံလုပ်
ရေအားလျှပ်စစ်ထုတ် စက်များ ချွတ်ယွင်းမှုကြောင့်ဖြစ်ကြောင်း အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

သဘာဝဓာတ်ငွေ့ ပိုက်လိုင်းချွတ်ယွင်းမှုများမှာ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး မေလ ၃၀ ရက်တွင် မွန်ပြည်နယ်၊ မုဒုံမြို့အနီး ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ခဲ့ကြောင်း သိရသည်။

“ဓာတ်ငွေ့မရလို့ ဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံတွေလည်း မလည်နိုင်ဘူး။ တရုတ်ရေအားလျှပ်စစ်ထုတ် စက်တွေ ချွတ်ယွင်း တာကြောင့်ရော၊ ရေမရှိတာရောကြောင့် စွမ်းအားပြည့် မလည်နိုင်သေးဘူး” ဟု မြန်မာ့လျှစ်စစ်ဓာတ်အားလုပ်ငန်းအရာရှိက
ပြောသည်။

ပဲခူးတိုင်းအတွင်းတွင်လည်း မီးလုံးဝမလာသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီး ဒေသခံများသည် ရေတင်ရန် ဒီဇယ်သုံး အင်ဂျင်စက်ကြီးများကို ငှားရမ်း အသုံးပြုနေရသည်ဟု သိရသည်။

“ရေတင်ဖို့ ဒီဇယ်သုံးစက်တွေ ငှားပြီးရေတင်တယ်။ မိုးရွာတဲ့အချိန်လည်း ရေခံပြီး သုံးကြတယ်။ မီးက မလာတာ တလ လောက်တောင် ရှိတော့မယ်” ဟု ပဲခူးတိုင်း အုတ်ဖိုဒေသခံ တဦးက ဆိုသည်။

လျှပ်စစ်မီးလာသော နာရီပိုင်း အချိန်တွင်လည်း လူအများ ဝိုင်းဝန်း သုံးစွဲကြသောကြောင့် မီးအားအပြည့် မရကြောင်း
ရန်ကုန်မြို့ခံများက ပြောသည်။

မြန်မာတနိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ မဂ္ဂါဝပ် ၁၀၀၀ ကျော်ဖြစ်ပြီး ရန်ကုန်မြို့၏ ဓာတ်အား လိုအပ်ချက် မှာ မဂ္ဂါဝပ် ၆၀၀ ဖြစ်သည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ၀န်ထမ်းတဦး အဆိုအရ သိရသည်။

လမ်းတွင် ငွေတောင်းသည့် ရဲ ပိုများပြားလာ

သျှမ်းသံတော်ဆင့် Wednesday, 02 June 2010

တရုတ် - မြန်မာ နှစ်နိုင်ငံ အဓိကကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် လုံခြုံရေး ရဲကင်းများ တိုးမြှင့်လာရာ ကား ထော်လာဂျီနှင့်ဆိုင်ကယ်သမား များထံမှ တရားမ၀င်ငွေတောင်းယူသည့် ရဲတပ်ဖွဲ့ဝင် ဦးရည် ပိုတိုးလာကြောင်းလှိုင်းဆွဲနေ သည့် ကားသမားများ အဆိုအရ သိရသည်။

အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံတားကြီး ရွာကြီး မှန်သမျှတွင် ရဲကင်း လုံခြုံရေးချထားခြင်း ဖြစ်ပြီး သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မှ မန္တလေး အထိ လမ်းတစ်လျှောက်တွင် ငွေတောင်းသည့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ထက်မနည်း ရှိကြောင်း သိရသည်။

တရားဝင် ကုန်စစ်ဆေးရေး စခန်းများ အနေဖြင့် မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုံ ၊ ရေပူ နှင့် ၁၆ မိုင် တို့တွင် သာ ထားရှိ သော်လည်း ရဲကင်းများက ဂျူတီလက်မှတ်စစ်ဆေးခြင်း ကုန်စစ်ဆေးခြင်းများပြုလုပ်ပြီး ငွေတောင်း ယူကြောင်းကားသမား တစ်ဦးက ဆိုသည်။


တရားဝင်ဂျူတီ ကုန်ကားများအား စစ်ဆေးသည့်အခါ စာရွက်စာတမ်းနှင့်ကုန် ကိုက်ညီနေ သော်လည်း ရဲများ၏ငွေတောင်း ယူခံရခြင်းမှ မလွတ်ကင်းကြောင်း သူကဆိုသည်။

“တရားဝင်ဂျူတီဆောင်ထားတဲ့ကားပေါ့ဆိုရင် ကားဆရာ ခင်ဗျားဘာတွေတင်လာသလဲ ပြအုံး ဂျူတီစာရွက် တောင်း ကြည့်တယ်ဗျာ စာရွက်စာတမ်း စစ်ကြည့်လို့ အကုန်စုံတယ်ဆိုရင်တောင်မှ စားဖို့သောက်ဖို့ ပေးခဲ့ပါအုံး ပေါ့ အနည်းဆုံး ၅၀၀၀ ပေါ့ဗျာ တရားဝင် ဂျူတီ မဆောင်တဲ့ ထော်လာဂျီတို့ ဆိုင်ကယ်တို့ဆိုရင် လာစမ်းပဲ ဘယ် လောက် ဆိုတာ ” ဟု ဆိုသည်။

ထင်ရှားသည့် ရဲကင်းများမှာ မူစယ် အ၀င် / အထွက် အေးရှားဝေါလ်ဂိတ် ၊ လားရှိုးအ၀င်/ အထွက် အေးရှား ဝေါလ်ဂိတ် ၊ သိန်းနီတံတား ၊ သီပေါတံတား ၊ ကျင်တီတံတား ၊ ပြင်ဆာရဲကင်း ၊ ၀က်ဝံရဲကင်း ၊ နောင်ချို မူးယစ်ဂိတ် တို့ဖြစ်ကြောင်း သိရသည်။

ကားသမားများက တစ်နိုင်တစ်ပိုင် တရားမ၀င် သယ်ဆောင်လာသည့် ကုန်ပစ္စည်းများလည်းရှိရာ ပစ္စည်းပေါ်မူ တည်၍ ငွေတောင်းယူကြောင်း သိရသည်။

“စစ်ဆေးရေး ဂိတ်တွေ မသိအောင် သယ်သွားတာမျိုးလည်း ရှိတယ် တောင်းတာကတော့ အစားစားပေါ့ ရဲကင်း ရှိရင် ရဲကင်းကထွက်လာတယ် ပိုက်ဆံတောင်းပြီဆို ၅၀၀၀ ပေးလိုက်တယ်ဆိုရင် ဒါငါတို့ အတွက်ပဲရှိ သေးတယ်စခန်းမှူးအတွက် လုပ်ပါအုံး မြို့နယ်မှူးအတွက်လုပ်ပါအုံး အဲဒါမျိုးတွေပေါ့ အုပ်စုလိုက် အုပ်စုလိုက် အနည်းဆုံးက ၃ /၄ ယောက်ထွက်တောင်း တယ် နောင်ချိုမူးယစ်ဂိတ်က ၅ သောင်းအထက်ပဲ ” ဟု ဆိုသည်။

ထိုသို့ တရားမ၀င်ငွေတောင်းယူမှုများကြောင့် ကားသမားများအနေဖြင့် လမ်းခရီးကြန့်ကြာ၍ စိတ်အနှောက် အယှက် ဖြစ်ရကြောင်း ဆိုကြသည်။


China ties with Myanmar not uniform

နိုင်ငံပိုင် အဆောက် အအုံများ ရောင်းချ

နရီလင်းလက် Wednesday, June 02, 2010

မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ထိန်းသိမ်း ထားသော ရန်ကုန်မြို့ရှိ နိုင်ငံပိုင် အဆောက်အအုံ ၂၀ ကျော် အနက် ၅ ခုကို ရောင်းချ လိုက်ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မတီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

အဆောက် အအုံ ၅ ခုမှာ ခြောက်ထပ်ရုံး၊ ပြည်သူ့ ကုန်တိုက်၊ MRTV-3 New Studio Complex၊ ရတနာပုံ ရုပ်ရှင်ရုံနှင့် အမျိုးသား စာကြည့်တိုက်တို့ ဖြစ်သည်။

၂၀၀၉ ခုနှစ် အကုန်ပိုင်း လောက်မှ စတင်၍ နိုင်ငံပိုင် စက်ရုံများ၊ ၀န်ကြီးဌာနများ၊ အလုပ်ရုံများ စသည့် နိုင်ငံပိုင် အဆောက် အအုံ ၁၄၇ ခု ကို ဈေးပြိုင် စနစ်နှင့် ရောင်းချ ခဲ့ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။


“ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex အဆောက် အဦး မြေနေရာကို ကျပ် သိန်းပေါင်း တသိန်း သုံးသောင်း နဲ့ ရောင်းချလိုက်ပြီ”ဟု သူက ပြောသည်။

ယင်း အဆောက်အအုံနှင့် မြေနေရာကို ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ လီမိတက်က ရရှိသွားသည်။ ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ၀ဏ္ဏကျော်ထင် ဦးအောင်ဇော်နိုင်သည် အာဏာပိုင်များနှင့် နီးစပ်သည့် အာရှဓန ဘဏ် လုပ်ငန်းရှင် ဦးအိုက်ထွန်း၏သား ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာနမှ အရာရှိတဦးက“အာဏာပိုင်တွေကတော့ ပုဂ္ဂလိက ကို လွှဲပေးတယ်ဆိုတာ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပိုင်ဆိုင်မှုတခု ထပ်တိုးမယ်၊ ပြည်သူတွေလည်း သင်တင့်မျှတတဲ့ ဈေးနှုန်း နဲ့ သုံးစွဲခွင့်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှဲပေးနေတာ”ဟု ပြောသည်။

ပြန်ကြားရေး ၀န်ကြီးဌာန၏ မြန်မာ့ရုပ်ရှင်လုပ်ငန်းပိုင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ရတနာပုံ ရုပ်ရှင်ရုံ မြေနေရာနှင့် အဆောက် အအုံကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင် တဦးအား ငွေကျပ် သိန်း ကိုးထောင့် နှစ်ရာ ကျော် ဖြင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်းထောင့်ရှိ အမျိုးသား စာကြည့်တိုက်အား ကျပ် သိန်းပေါင်း တစ်ထောင် ကျော်ဖြင့် ရောင်းချလိုက်ခြင်းဖြစ်ကြောင်း အာဏာပိုင်နှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

“နေပြည်တော်မှာရှိတဲ့ အဆောက်အဦးတွေကို ဦးစားပေးဆောက်နေတော့ ဒီအတွက် ကုန်ကျစရိတ်နဲ့ ရွေးကောက်ပွဲအတွက် သုံးဖို့ ငွေကြေးအများအပြားက လိုလာပြီဆိုတော့ အခုလို တဖြည်းဖြည်းချင်း ထပ်ရောင်းထုတ်နေတာ”ဟု သူက ပြောသည်။

ယခုကဲ့သို့ တမျိုးသားလုံးနှင့် သက်ဆိုင်သည့် စာကြည့်တိုက်နေရာအား ရောင်းချလိုက်ခြင်းမှာ အာဏာပိုင်များအနေနှင့် အမှန် တကယ် စာပေပြန့်ပွားမှုကို လုပ်ဆောင်မည်ဆိုသည်နှင့် ကိုက်ညီမှုမရှိကြောင်း စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ တဦးက သုံးသပ်ပြောဆိုသည်။

ထိန်းသိမ်းထားသည့် အဆောက်အဦးပေါင်း၂၀ ကျော်တွင် အမှတ် (၁) စက်မှု ၀န်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည် မြောင်း ၀န်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာန၊ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ စွမ်းအင်ဝန်ကြီး ဌာန၊ သမ၀ါယမ၀န်ကြီးဌာန စသည့် ၀န်ကြီးဌာနများမှ ရုံးများ၊ အဆောက်အဦးများ ပါဝင်ကြောင်း သိရသည်။

KNG

က ချင်ပြည်နယ်၊ မေခ-မလိခ မြစ်ဆုံရေကာတာတည်ဆောက်ရေး လုပ်ကွက်အနီးရှိ ကျေးရွာ ၄၇ရွာများမှ ရွာသုံးရွာကို ထပ်မံ ပြောင်းရွှေ့ နေသည်။

မေ၂၈ရက်နေ့ တစ်ရွာလုံးအပြီးပြောင်းရွှေ့ခံရသည့် မဇွပ်ကျေးရွာပြောင်းရွှေ့ပြီးနောက် ဒေါင်ပန်၊ ခမ်းပူ၊ လဖဲ့ ရွာတို့လည်း နောက်ထပ်ပြန်လည် ပြောင်းရွှေ့နေကြသည်။ “ကျွှန်တော်တို့ကို အစိုးရက အိုးမဲ့အိမ်မဲ့ဖြစ်အောင် လုပ်နေတာ” ဟု ဒေသခံ တစ်ဦးမှပြောသည်။

၎င်းရွာများတွင် တစ်ရွာလျှင် အိမ်ခြေပေါင်း ၇၀ကျော်ရှိပြီး ကချင်လူမျိုးများသာနေထိုင်သောကျေးရွာဖြစ်သည်။ အေးရှား ဝေါလ်မှ တည်ဆောက် ပေးသော အိမ်ခြံမြေများသည် ၉ပေပတ်လည်သာရှိသည့် ဧည့်ခန်းတစ်ခန်းနှင့် အိပ်ခန်းတစ်ခန်းသာပါရှိသည်။


မြစ်ကြီးနားအထက် ၁၈မိုင် အကွာ လုံဂါဇွပ်ရွာတွင် ပြောင်းရွှေ့လာသည့် ရွာသားများကို အေးရှားဝေါလ် ကုမ္ပဏီမှ အခမဲ့ထမင်း၅ရက် ကြွေးကာ နောက်ထပ် ဆန်ထုတ်ပေးရန်အစီအစဉ်များရှိသည် ဟုဒေသခံများမှသိရသည်။

ယင်းသို့အိမ်ပြောင်းရွှေ့ရေးတွင် စစ်အစိုးရမှ လျှောကြေးများမပေးသည့်အပြင် တန်ဖိုးနည်းသည့်အိမ်ယာများသာ ဆောက်လုပ်ပေးနေကြောင်းဒေသခံများပြောသည်။ “ရပ်ရွာအေးချမ်းသာယာရေးလို့သာ ပြောနေကြတာ ပြည်သူလူထုကို ဘာမှမလုပ်ပေးတဲ့အပြင် လူ့အခွင့်အရးကို ချိုးဖောက်နေတယ်” ဟု ၎င်းမှ ဆက်ပြောသည်။

အခုလိုပြောင်းရွှေ့ရေးအား မြန်မာစစ်အစိုးရ၏ ကချင်ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကော်စီ (ပယက)မှ မေ (၁)ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် ရေကာတာစီမံကိန်း ဧရိယာအတွင်းရှိသည့် ကချင်ရပ်ရွာများကို ပြောင်းရွှေ့ရေး အမိန့်စာကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

မကြာသေးမီကလည်း ပူတာအိုမြို့နယ်၊ မချမ်းပေါ်မြို့ ဒိန်ဖန်ကျေးရွာတွင် ရေအားလျှပ်စစ် စီမံကိန်းကြောင့် မလိခမြစ်၏ အရှေ့အနောက်ရှိ ရွာ၈ရွာကို အစိုးရမှ အတင်းအကြပ်ပြောင်းရွှေ့ခိုင်းနေသည်။ ချီဖွေမြို့နယ် မေခမြစ်တွင်လည်း ထိုနည်းတူ ရေအားလျှပ်စစ်စီမံကိန်းများ ပြုလုပ်နေသည်။

ဗန်းမော်မြို့နယ် တာပိန်မြစ်တွင်လည်း ပြီးခဲ့သည့် ၂၀၀၈ခုနှစ်မှ ရေကာတာနှစ်ခု တပြိုင်တည်း တည်ဆောက်လာသည့်အတွက် ဒေသခံများ၏ တောင်ယာ၊ လယ်ယာမြေများ များပြားစွာဆုံးရှုံးခဲ့ရသည်။

ယခုချိန် ကချင်ပြည်နယ်တွင် ရေကာတာ စီမံကိန်း ၉ ခုကို တရုတ်အစိုးရကပြုလုပ်နေပြီး ယင်းစီမံကိန်းများမှ ထွက်လာမည့် လျှပ်စစ်မီး အများစုကို တရုတ်ပြည်သို့ရောင်းချရန်ဖြစ်သည်။

မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်တန့်ပေးရန် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့(KDNG)မှ တရုတ်သမ္မတကြီး ဟူကျင်တောင်ကို မေလ ၂၇ ရက်က အိတ်ဖွင့်ပေးစာဖြင့် တောင်းဆိုခဲ့ပြီးနောက် စစ်အစိုးရက မြစ်ဆုံဒေသခံရွာများ ပြောင်းရွှေ့ခြင်းကို ချက်ချင်းပြုလုပ်လာပါသည်။


ကျိုင်းတုံမြို့နယ် ကြံ့ဖွံ့အသင်းမ၀င် မနေရစာရင်းကောက်သိမ်းသွင်း

မွေခေါဝ်

သျှမ်းပြည် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ နယ် အတွင်း ရှိ ကျေးရွာ အုပ်စု များတွင် အာဏာပိုင် များက ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီအား ထောက်ခံ မဲရရန် ဒေသခံ များအား ကြံ့ဖွံ့ အသင်းသား အဖြစ် အဓမ္မသိမ်းသွင်း လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ကျိုင်းတုံမြို့ အရှေ့ဘက် ၂ မိုင်ခန့်အကွာ ကျိုင်းလိတ်လေဆိပ်အနီးရှိ မိုင်းလန်းကျေးရွာအုပ်စု၊ ဟွေပုံကျေးရွာတွင် မေ ၁၇ ရက်မှစ၍ ကျေးလက်လူထုကြံ့ဖွံ့အသင်းဝင်များဖြစ်စေရန် စာရင်းများကောက်ယူလျက်ရှိသည်။

“အသက် ၁၅ နှစ်အထက် ရွာသူရွာသားအားလုံး ကြံ့ဖွတ်အသင်းဝင်ရမယ်။ မ၀င်တဲ့သူတွေ နိုင်ငံတော်ကိုပုန်ကန်တဲ့ စာရင်း ထဲပါသွား မယ်” ဟု ခြိမ်းခြောက်ကြောင်း စည်းရုံးခံရသူတစ်ဦးကပြောပါသည်။

ရွာသူရွာသားများ၏ ကိုယ်ရေးအကျဉ်းနှင့် ဓါတ်ပုံများရိုက်ယူသွားကြောင်း၊ ကျေးရွာအုပ်စု ၁၀အုပ်စု၏စာရင်းများ ကောက်ယူ ပြီး မြို့ပေါ် ၅ ရပ်ကွက်၌ လူထုစာရင်းဆက်တိုက်ကောက်ယူမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ကျိုင်းတုံမြို့ ကြံ့ဖွံ့အကြီးအကဲများက “တြိဂံတိုင်းမှူးဖြစ်ခဲ့ဖူးတဲ့ ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်(လက်ရှိကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်)ရဲ့ ကျေးဇူးကိုဆပ်တဲ့အနေနဲ့ အသက် ၁၅ နှစ်အထက် လူတွေအားလုံး ကြံ့ဖွံ့ အသင်းထဲဝင်ရောက်ရမယ်လို့ လူထုကိုပြောဆိုစည်းရုံးတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ရွာသူရွာသားအချို့က ကြံ့ဖွံ့အကြီးအကဲများ ၀န်ကြီးချုပ်သိန်းစိန်သည် ကျေးလက်ပြည်သူလူထုများကို မည်ကဲ့သို့ လုပ်ဆောင်ပေးခဲ့သည်ကို မပြောပြကြောင်း၊ သူတို့လည်း ဘာမှမသိရှိရကြောင်း အဆိုပါဒေသခံက သျှမ်းသံတော်ဆင့် သို့ဆက်၍ပြောပါသည်။

ဦးသိန်းစိန်ဦးဆောင်သော ကြံ့ဖွံ့ပါတီသည် တပြည်လုံးအတိုင်းအတာဖြင့် စည်းရုံးရေးဆင်းနေပြီဖြစ်သော်လည်းအခြား ယှဉ်ပြိုင်ပါတီများ စည်းရုံးရေးဆင်းခွင့်မရသေးပေ။

စစ်တွေတွင် ကျောင်းတချို့ ကျောင်းဝင်ကြေး အဆမတန် ကောက်၍ ကျောင်းသားမိဖများ အခက်ကြုံ

Narinjara News

စစ်တွေတွင် နာမည်ကြီး အထက်တန်း ကျောင်းတချို့မှ ကျောင်းဝင်ကြေး အဆမတန် ကောက်ခံနေ၍ ဆင်းရဲသော ကျောင်းသား မိဖများ အနေဖြင့် သားသမီးကို ကျောင်းသွင်းရာတွင် အခက်အခဲ ကြုံတွေ့နေကြရသည်ဟု ကျောင်းသား မိဖတဦးက ပြောသည်။

စစ်တွေတွင် နာမည်ကြီး ကျောင်းတကျောင်းမှ ကျောင်းဝင်ကြေးကို အထက်တန်း ကျောင်းသား တဦးကို ကျပ်ငွေ ၅၀၀၀၀ ကောက်ခံပြီး အလယ်တန်းကျောင်းသား တဦးကို ၃၀၀၀၀ ကျပ် ကောက်ခံသည်ဟု သူက ပြောသည်။

“ဒီနှစ်မှာ သတ်မှတ်ထားတဲ့ ကျောင်းဝင်ကြေးထက် ပိုမကောက်ဖို့ အထက်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ခုလို ကောက်ခံရင် အထက်ကို တိုင်ကြားနိုင်တယ်လို့လည်း ပြောပါတယ်။ ကောက်ခံတာကို တွေ့ရှိရင် အလုပ်က ဖြုတ်မယ်။ တခြား ဝေးလံတဲ့ ဒေသတွေ ကိုလည်း ပြောင်းရွှေ့ ပစ်မယ်ဆိုပီး အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် တချို့ အထက်တန်းကျောင်းတွေက လိုက်နာမူ မရှိဘဲ ခုလို ကောက်ခံ နေတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုနှစ်တွင် ကျောင်းသား ကျောင်းသူများအား ကျောင်းလက်ခံရာတွင် သတ်မှတ်ထားသော ကျောင်းဝင်ကြေးထက် ပိုမကောက်ခံရန်နှင့် ကောက်ခံပါက အရေးယူခံရမည်ဟု မေလ ၃ ရက်နေ့ နေ့စွဲ ဖြင့် သက်ဆိုင်ရာ ကျောင်းများ အားလုံးသို့ ပညာရေး ၀န်ကြီးဌာနမှ ညွန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုသို့တောင်းခံပါက သက်ဆိုင်ရာ ကျောင်းသား မိဖများ အနေဖြင့် ပညာရေး ၀န်ကြီးဌာနသို့ စာဖြင့်သော်၎င်း၊ လူကိုယ်တိုင်သော်၎င်း၊ ဖုံးဖြင့်သော်၎င်း တိုင်ကြားနိုင်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ ပြောသည်။

အပိုငွေကြေး တောင်းခံမူများကို တိုင်ကြားလိုလျှင် ဦးအေးကြူ၊ ညွန်ကြား ရေးမှူးချုပ်၊ အမှတ် (၃) အခြေခံ ပညာဦးစီးဌာန (ဖုံး - ၀၁ ၂၁၁၀၀ ၇) သို့ သော်၎င်း၊ ဦးကျော်ဝင်း ညွန်ကြားရေးမှူး၊ အမှတ် (၃) အခြေခံ ပညာ ဦးစီးဌာန (ဖုံး ၀၁- ၂၁၀၀၂၆) သို့ သော်၎င်း၊ ရုံးအဖွဲ့မှူး ပညာရေး ၀န်ကြီးဌာန နေပြည်တော် (ဖုံး ၀၆၇- ၄၀၇၁၁၆) သို့သော်၎င်း ဆက်သွယ် တိုင်ကြားနိုင်ပြီး တခြား မြို့နယ်၊ ခရိုင်နှင့် ပြည်နယ် ပညာရေး ဌာနများသို့လည်း တိုင်ကြားနိုင်ကြောင်း အခြေခံ ပညာ ဦးစီးဌာနမှ အသိပေးထားကြောင်း သိရသည်။

ကျောင်းအပ်နှံရေး နေ့များဖြစ်သော မေလ ၂၅၊ ၂၆၊ ၂၇၊ ၂၈ နှင့် ၂၉-ရက်နေ. များတွင် ထိုကဲ့သို့ စစ်တွေမှ အထက်တန်း ကျောင်းတချို့မှ ကျောင်းဝင်ကြေးများကို ကောက်ခံခဲ့ခြင်း ဖြစ်သည်။ “အများစု ကျောင်းသားမိဖတွေကတော့ ခုလို စီးပွားရေး ကျပ်တည်းတဲ့ ကာလမှာ အထက်တန်းကျောင်းတွေက တောင်းတဲ့ ကျောင်းဝင်ကြေးကို မပေးချင်ကြပါဘူး။ ဒါပေမယ့်လည်း သားသမီး ပညာရေး ကိစ္စ ဖြစ်နေတော့ မတတ်သာဘဲ ပေးနေကြရပါတယ်။ ပီးရင် နာမည်ကြီး ကျောင်းတွေမှာ ၀င်ခွင့်ရဖို့ အရေးကလည်း လွယ်တာ မဟုတ်တော့ ပြဿနာ မလုပ်တော့ဘဲ ပေးနေကြရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကျောင်းဝင်ကြေးကို သက်ဆိုင်ရာ ပညာရေး ၀န်ကြီးဌာမှ တိတိကျကျ သတ်ထားချက် မရှိသဖြင့် တိုင်ကြားပါကလည်း အကျိုးထူးမည် မဟုတ်သည့် အပြင် အဆိုပါ နာမည်ကြီး ကျောင်းများတွင် ကျောင်းဝင်ခွင့် ရရှိရေးမှာလည်း မလွယ်ကူသဖြင့် ကျောင်းသား မိဖ အများစုမှာ အထက်သို့ တိုင်ကြား လိုစိတ် မရှိဘဲ ကျောင်းများမှ တောင်းသော ၀င်ကြေးကို ပေးနေကြရကြောင်း အဆိုပါ ကျောင်းသား မိဖက ပြောသည်။

ဒိုင်ယာလော့၏ နိဂုံး၊ ပြည်သူ့အစိုးရ၏ နိဒါန်း

ဂါမဏိ

အာဏာသိမ်း နအဖစစ်အုပ်စုရဲ့ အမိန့်ဥပဒေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မေလ (၆) ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ်ကနေ နိဂုံးချုပ်သွားပြီလို့ ဖက်ဆစ်အလံရှူးတွေက သခင်အားရ ကျွန်ပါးဝ မြူးတူးအော်မြည်နေတာကို ရုပ်ပျက်ဆင်းပျက် တွေ့နေရပါတယ်။ တကယ်တော့ ၂၀၁၀ မေ (၆) ရက်ဟာ အဖွဲ့ချုပ်ရဲ့ နိဂုံးမဟုတ်ဘဲ ဒိုင်ယာလော့ရဲ့နိဂုံးသာ ဖြစ်ပါတယ်။ ဒီထက်ပို တိတိကျကျ ပြောရရင်တော့ နိဂုံးချုပ် အသက်ထွက်သွားတာ ကြာပြီဖြစ်တဲ့ ဒိုင်ယာလော့ အလောင်းကောင်ထည့် ခေါင်းတလားအဖုံးကို ပိတ်တဲ့ နောက်ဆုံးသံချက်ပဲဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခု စက်တင်ဘာ (၂၇) ရက်မှာ စတင်ဖွဲ့စည်းခဲ့စဉ်က ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေး၊ ဒီမိုကရေစီအစိုးရ ပေါ်ထွန်းရေးကို ကြွေးကြော်ခဲ့ပါတယ်။ အဲဒီရည်မှန်းချက်မြောက်ဖို့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ နည်းဗျူဟာလမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့ပါတယ်။ မတရားတဲ့ အမိန့်အာဏာ ဖျက်သိမ်းရေး လမ်းကြောင်းပေါ်ကနေ ဒိုင်ယာလော့လုပ်ဖို့ ရပ်တည်ခဲ့ပါတယ်။

၁၉၈၉ ခု ဇူလိုင် (၂၀) ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရပြီးနောက်မှာ အာဏာဖီဆန်ရေး နည်းဗျူဟာ မှေးမှိန်သွားခဲ့ပြီး ၁၉၈၉ စက်တင်ဘာလကစလို့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူထုစည်းရုံးရေးနည်းဗျူဟာကို အဓိကထားလာခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရပြီးတဲ့အခါ ပြည်သူ့လွှတ်တော်ခေါ်ယူရေးနဲ့ ပြည်သူ့အစိုးရဖွဲ့စည်းရေး လုံးပမ်းခဲ့ရာမှာ နဝတစစ်အုပ်စုက ၁၉၉၀ ဇူလိုင် (၂၇) ရက် ၁/၉၀ ကြေညာချက်နဲ့ ပြည်သူ့လွှတ်တော်ခေါ်ယူခွင့်၊ ပြည်သူ့အစိုးရ ဖွဲ့စည်းခွင့်တို့ကို ပိတ်ပင်ခဲ့တဲ့အတွက် ဇူလိုင် (၂၉) ရက် ဂန္ဓီခန်းမကြေညာစာတမ်းထုတ်ပြီး လွှတ်တော်ခေါ်ပေးဖို့ ခပ်ပျော့ပျော့တောင်းတာပဲ လုပ်ခဲ့ပါတော့တယ်။

အဲဒီနောက်မှာ လွှတ်တော်ခေါ်ပေးဖို့ တကျီကျီတောင်းရင်းနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ဒီဇင်ဘာ (၁၁) ရက်မှာ၊ အတွင်းရေးမှူး ဦးဝင်းတင်ကို ၁၉၉၂ ခု ဇန်နဝါရီ (၉) ရက်မှာ၊ ဥက္ကဋ္ဌ သူရ ဦးတင်ဦးနဲ့ ဦးကြည်မောင်ကို ၁၉၉၂ ခု ဇန်နဝါရီ (၂၄) ရက်မှာ ပါတီက ထုတ်ပစ်ပေးခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော်ခေါ်မယ့် ဒိုင်ယာလော့ကတော့ ပေါ်မလာဘဲ ၁၉၉၃ ခု ဇန်နဝါရီ (၉) ရက်မှာ အမျိုးသားညီလာခံဆိုတာကို နဝတ က ကျင်းပတဲ့အခါ လိုက်ပါတက်ရောက်ခဲ့ရပါတယ်။

၁၉၉၅ ခု ဇူလိုင် (၁၀) ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်က လွတ်လာတဲ့အခါ ဒေါ်စု၊ ဦးတင်ဦး၊ ဦးကြည်မောင်တို့ကို အဖွဲ့ချုပ်ထဲပြန်ထည့်ပြီးနောက် နိုဝင်ဘာ (၂၂) ရက်မှာ အမျိုးသားညီလာခံကို ပြန်လည်သုံးသပ် တောင်းဆိုချက်ထုတ်ပြန်ပြီး ညီလာခံအစား စစ်မှန်တဲ့ ဒိုင်ယာလော့နည်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီပေါ်ထွန်းရေး၊ အများလက်ခံနိုင်တဲ့ အခြေခံဥပဒေ ပေါ်ထွန်းရေးတွေ ဖြစ်မြောက်ဖို့ ကြိုးပမ်းခဲ့ပြန်ပါတယ်။ ဒါကြောင့် နိုဝင်ဘာ (၂၉) ရက်မှာ နအဖက အဖွဲ့ချုပ်ကို ညီလာခံက ထုတ်ပစ်လိုက်ပါတယ်။ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ခေါ်ပေးဖို့ ၁၉၉၆ မတ် (၂၅) ရက်မှာ လူသိရှင်ကြား တောင်းဆိုလိုက်ပြီးနောက် မတ် (၃၁) ရက်ကစပြီး အမျိုးသားညီလာခံဆိုတဲ့ ဒိုင်ယာလော့အတုလည်း တိုးလို့တန်းလန်းနဲ့ ဆန့်ငင်ဆန့်ငင် သွက်ချာပါဒလိုက်သွားခဲ့ပါတယ်။ ညီလာခံကို ‘နှောင့်ယှက်’ ရင် အရေးယူမယ်ဆိုတဲ့ အမိန့်ဥပဒေ ၅/၉၆ ကိုတော့ နဝတ က အရှက်ပြေ ထုတ်ခဲ့ပါသေးတယ်။

အတုအယောင် အမျိုးသားညီလာခံရဲ့ အပြင်ဘက်မှာတော့ စစ်မှန်တဲ့ ဒိုင်ယာလော့အတွက် ကြိုးပမ်းချက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမအကြိမ် အကျယ်ချုပ်ကာလအတွင်း ၁၉၉၄ စက်တင်ဘာ (၂၀) ရက်မှာ ဗိုလ်ချုပ်သန်းရွှေနဲ့ တခါ၊ ၁၉၉၄ အောက်တိုဘာ (၂၈) ရက်မှာ ဗိုလ်ချုပ်ခင်ညွန့်နဲ့တခါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ၁၉၉၇ ခု ဇူလိုင် (၁၇) ရက်မှာတော့ ဗိုလ်ချုပ်ခင်ညွန့်က ဦးအောင်ရွှေ၊ ဦးသန်းထွန်းနဲ့ ဦးလှဖေတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဦးအောင်ရွှေက တိုက်တွန်းပေမယ့် ဗိုလ်ချုပ်ခင်ညွန့်က ပယ်ချခဲ့ပါတယ်။ ၁၉၉၇ စက်တင်ဘာလထဲမှာပဲ ဗိုလ်ချုပ်ခင်ညွန့်က ဦးအောင်ရွှေနဲ့ ထပ်တွေ့ဖို့ ခေါ်ခဲ့ပေမယ့် ဒေါ်စုကို ဖယ်ထားလို့ ဒီဒိုင်ယာလော့ ပျက်သွားခဲ့ပါတယ်။

အဲဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒိုင်ယာလော့ကို ဘေးဖယ်ပစ်လိုက်ပြီး ၁၉၉၈ ခု ဇွန် (၂၃) ရက်မှာ နအဖကို ရက်ပေါင်း (၆၀) အတွင်း လွှတ်တော်ခေါ်ပေးဖို့ ရာဇသံပေးခဲ့ပါတယ်။ ရက် (၆၀) ပြည့်သွားပေမယ့် နအဖက လွှတ်တော် မခေါ်ပေးတဲ့အတွက် ကိုယ့်ဘာသာ လွှတ်တော်ခေါ်မယ်လို့ သြဂုတ် (၂၁) ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် နအဖ စစ်အုပ်စုဟာ ကောက်ကျစ်ယုတ်မာစွာနဲ့ စက်တင်ဘာ (၆) ရက်နေ့ကစပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များဟာ တာဝန်သိ တာဝန်ရှိစွာနဲ့ စက်တင်ဘာ (၁၆) ရက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ကို ဖွဲ့စည်းထူထောင်လိုက်ပါတယ်။

စီအာပီပီဟာ ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့အစိုးရပေါ်ပေါက်ရေးအတွက် လှုပ်ရှားခဲ့ရာမှာ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ (၁) ရက်နေ့မှာ နအဖ က ဒေါ်စု၊ ဦးတင်ဦး အပါအဝင် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အားလုံးကို အကျယ်ချုပ်ချခဲ့ပြီး (၁၄) ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ စက်တင်ဘာ (၁၆) ရက်နေ့မှာတော့ စီအာပီပီက အခြေခံဥပဒေကို ကိုယ့်ဘာသာ ရေးဆွဲမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် နအဖက စက်တင်ဘာ (၂၂) ရက်နေ့ကစပြီး ဒေါ်စုနဲ့ ဗဟိုအလုပ်အမှုဆောင်အားလုံးကို အကျယ်ချုပ်ချခဲ့ပြန်ပါတယ်။ ဒေါ်စုကို ၂၀၀၂ မေလ (၆) ရက်ကျမှ လွှတ်ပေးခဲ့ပါတယ်။

ဒီဒုတိယအကျယ်ချုပ်ကာလအတွင်း ၂၀၀၀ ပြည့်နှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလထဲမှာ ဒေါ်စုဟာ ဗိုလ်ချုပ်သန်းရွှေနဲ့ (၂) ခါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီနောက် နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၊ တခါတရံ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်တို့ ဦးစီးတဲ့ နအဖ စေ့စပ်ညှိနှိုင်းရေးအဖွဲ့နဲ့ (၁၀) ခါ ဆွေးနွေးခဲ့ပါတယ်။ လွတ်ခါနီး ၂၀၀၂ ခု ဇန်နဝါရီလမှာ ဗိုလ်ချုပ်သန်းရွှေနဲ့ (၂) ခါ ဆွေးနွေးခဲ့ပါသေးတယ်။ မေလမှာ လွတ်ပြီးနောက် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင် ခေါင်းဆောင်တဲ့ စေ့စပ်ရေးအဖွဲ့နဲ့ (၃) ခါ ထပ်ဆွေးနွေးခဲ့ပါတယ်။

ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ဒေါ်စုအပေါ် လူထုထောက်ခံမှုကို အကြီးအကျယ် စိုးရိမ်ကြောက်လန့်လာတဲ့ ဗိုလ်ချုပ်သန်းရွှေဟာ ၂၀၀၃ ခု မေ (၃၀) ရက်မှာ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီးကို ကျူးလွန်ခဲ့ပြီးနောက် မသေလို့ ကျန်ခဲ့တဲ့ ဒေါ်စုနဲ့ ဦးတင်ဦးကို အကျယ်ချုပ် ထပ်ချခဲ့ပြန်ပါတယ်။ ဒါပေမယ့် လုပ်ကြံမှုကို စိတ်မပါတဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ သဘောထားကြီး အမြင်ကျယ်တဲ့ ဒေါ်စုတို့ဟာ အကျယ်ချုပ်ကျပြီး မကြာမီအတွင်း တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့် ကြီးကြပ်စီစဉ်မှုအောက်မှာ ဗိုလ်ချုပ်ကျော်ဝင်း၊ ဗိုလ်ချုပ်သန်းထွန်း၊ ဗိုလ်မှူးကြီးတင်လှိုင်တို့ပါတဲ့ စေ့စပ်ရေးအဖွဲ့ဟာ ဒေါ်စုနဲ့ (၅) ခါ ဆွေးနွေးခဲ့ရာမှာ ဒေါ်စုနဲ့ အဖွဲ့ချုပ်ဘက်က ဒီပဲယင်းကိစ္စကို သင်ပုန်းချေဖို့၊ အမျိုးသားညီလာခံတက်ဖို့၊ တပ်မတော်အခန်းကဏ္ဍကို ကာလတခုအထိ ပါဝင်ခွင့်ပေးဖို့ သဘောတူခဲ့ပြီး နအဖဘက်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ၉၀ ရွေးကောက်ပွဲရလာဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့၊ အမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံမူ (၁၀၄) ချက်ကို ပြန်ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ တနည်းအားဖြင့်ပြောရရင် အမျိုးသားပြန်လည်သင့်မြတ်ရေးအောင်မြင်ဖို့ (၉၅) ရာခိုင်နှုန်း သေချာနေခဲ့ပါတယ်။ ဒီဒိုင်ယာလော့ကာလအတွင်းမှာပဲ ဗိုလ်ချုပ်ခင်ညွန့်ဟာ ဒေါ်စုတို့နဲ့ ပူးတွဲပြီး တိုင်းပြည်အနာဂတ်ကို ပုံဖော်ဖို့ ရည်ရွယ်တဲ့ လမ်းပြမြေပုံကို ၂၀၀၃ ခု သြဂုတ် (၃၀) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၄ ခု ညောင်နှစ်ပင်ညီလာခံ မကျင်းပမီ တရက်အလို မေ (၁၆) ရက်မှာ ဗိုလ်ချုပ်သန်းရွှေက သဘောတူညီချက်အားလုံးကို သူ့တယောက်တည်းသဘောနဲ့ ဖျက်သိမ်းပစ်လိုက်ပြီး ဒေါ်စုနဲ့ အဖွဲ့ချုပ်တို့အနေနဲ့ ညီလာခံကို ခြွင်းချက်မရှိ တက်ရမယ်၊ ညီလာခံအတွင်း အနေအထိုင်ပေါ်မူတည်ပြီးတော့မှ ဒေါ်စုတို့တောင်းတဲ့ကိစ္စတွေ စဉ်းစားပေးမယ်လို့ တချက်လွှတ်အမိန့်ချခဲ့ပါတယ်။ တိုင်းပြည်ရဲ့လက်တွေ့အခြေအနေနဲ့ ကမ္ဘာကြီးရဲ့ ဦးတည်လမ်းကြောင်းကို အတိုင်းအတာ တခုအထိ သဘောပေါက်လာတဲ့ ဗိုလ်ချုပ်ခင်ညွန့်လည်း ၂၀၀၄ အောက်တိုဘာ (၁၉) ရက်မှာ ရာထူးပြုတ်သွားခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံမှာ ဒိုင်ယာလော့ရဲ့ အခန်းကဏ္ဍဟာ ၂၀၀၄ မေလမှာ ဂိမ်းဘောဆိုက် သွားခဲ့ပါပြီ။ တနည်းပြောရရင် ဒိုင်ယာလော့ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

၂၀၀၃-၂၀၀၄ ဒိုင်ယာလော့မှာ ဒေါ်စုအပြင် တခြားအဖွဲ့ချုပ်ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီခေါင်းဆောင်ကြီးတွေဟာ ဒိုင်ယာလော့ နိဂုံးချုပ်သွားခဲ့ပေမယ့်လည်း ဒိုင်ယာလော့ကိုပဲ တစာစာ ဆက်အော်နေခဲ့ကြပါတယ်။ ဒီတော့ ဒိုင်ယာလော့ အသက်ထွက်သွားတာ မသိကြတဲ့ တခြား ပြည်တွင်းပြည်ပအတိုက်အခံတွေကလည်း ဒိုင်ယာလော့တို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကိုပဲ နားမလည်ပါးမလည်နဲ့ လိုက်ယောင်နေခဲ့ကြပါတယ်။

ဒါပေမယ့် အဖွဲ့ချုပ်ခေါင်းဆောင်တွေဟာ ဒိုင်ယာလော့အလောင်းကောင်ကြီး အသက်ပြန်ရှင်နိုး မျှော်လင့်ပြီး ၂၀၀၆ ဖေဖော်ဝါရီ (၁၂) ရက်မှာ လွှတ်တော်ခေါ်ပေးရင် နအဖကို ဒီဂျူရီ (ဥပဒေကြောင်းညီ တရားဝင်) အစိုးရဖြစ်အောင် လုပ်ပေးမယ်၊ ဒီနောက် တရားဝင်သွားတဲ့ နအဖအစိုးရနဲ့ လွှတ်တော်လက်တွဲပြီး အခြေခံဥပဒေဆွဲတာ၊ ရွေးကောက်ပွဲ ကျင်းပတာ၊ တိုင်းပြည်ပြဿနာတွေ ဖြေရှင်းတာ လုပ်ကြမယ်လို့ ကမ်းလှမ်းခဲ့ပါသေးတယ်။

၂၀၀၇ သြဂုတ် (၁) ရက်မှာလည်း တာဝန်သိ တာဝန်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စီအာပီပီအဖွဲ့ဝင်တွေ စုစုပေါင်း (၉၂) ယောက် (နောက်ပိုင်းမှာ ၉၇ ယောက်ဖြစ်လာ) ပူးပေါင်းပြီး နအဖ ညောင်နှစ်ပင်ညီလာခံနဲ့ နအဖ အခြေခံဥပဒေ (၁၀၄) ချက်တွေကို ထည့်သွင်းစဉ်းစားပေးထားတဲ့ အစားထိုး ပြည်သူ့လမ်းပြမြေပုံတခုကို အဆိုပြုခဲ့ပါသေးတယ်။ ဒါပေမယ့် သေပြီးတဲ့ ဒိုင်ယာလော့အလောင်းကောင်ကြီးကတော့ ဘယ်လိုမှ မလှုပ်နိုင်တော့ပါဘူး။ အခုလို အသက်ပြန်ရှူအောင် အဆုတ်ထဲ ပါးစပ်ချင်းတေ့ လေမှုတ်သွင်း၊ နှလုံးပြန်ခုန်အောင် ပြင်ပကနေ လက်နဲ့ဖိနှိပ်ပေးပြီး အရေးပေါ် အသက်ကယ်နည်းတွေနဲ့ ကြိုးစားခဲ့ကြပေမယ့် ဒိုင်ယာလော့အလောင်းကောင်ကြီး အသက်ပြန်ရှင်မလာပါဘူး။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဖြစ်တဲ့အခါမှာတော့ ပြည်တွင်းနဲ့ နိုင်ငံတကာလူထုကို လှည့်စားဖို့ ဗိုလ်ချုပ်သန်းရွှေက ဒိုင်ယာလော့အလောင်းကောင်ကြီးကို သနပ်ခါးလိမ်း ပန်းပန်ပေးပြီး ပွဲထုတ်ပြခဲ့ပါတယ်။ ဒီလိုနဲ့ ဆက်ဆံရေးဝန်ကြီးဆိုတဲ့ ဗိုလ်ချုပ်အောင်ကြည်ကို ဒေါ်စုနဲ့ ဆွေးနွေးပြစေခဲ့ရာမှာ ၂၀၀၇ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ (၃) ခါ၊ ၂၀၀၈ ဇန်နဝါရီမှာ (၂) ခါ၊ ၂၀၀၉ အောက်တိုဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ (၄) ခါ ပုံဆွဲပြခဲ့ပါတယ်။ တကယ်တော့ ဝိညာဉ်ချုပ်ပြီးသားဖြစ်တဲ့အတွက် ဒိုင်ယာလော့မသာကောင်ကြီးဟာ ပုပ်စော်နံလာတာပဲ အဖတ်တင်ပါတယ်။

အင်မတန် ထက်မြက်လှတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒိုင်ယာလော့ အသက်မရှိတော့တဲ့အကြောင်း ပြည်တွင်းပြည်ပ သိစေဖို့အတွက် ၂၀၀၉ စက်တင်ဘာ (၂၅) ရက်မှာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကိစ္စဆွေးနွေးဖို့ ခေါင်းစဉ်တပ် ကမ်းလှမ်းပြခဲ့ပါတယ်။ ဒီကိစ္စကို နောက်ဆုံးမှာ ဘယ်လိုမှ ရှေ့ဆက်မရအောင် ဗိုလ်ချုပ်သန်းရွှေ လုပ်ခဲ့တာဟာ ဒိုင်ယာလော့အလောင်းထည့်ထားတဲ့ ခေါင်းတလားအဖုံးကို သံချက်နှက်ခဲ့တာဖြစ်ပါတယ်။

ဒီနောက် ၂၀၀၉ ခု ဧပြီ (၂၉) ရက်က ချမှတ်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အနိမ့်ဆုံးသတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့တာကို နအဖရဲ့ မတ်လ (၈) ရက်ရွေးကောက်ပွဲဥပဒေတွေက အပြီးအပြတ် ပယ်ချပစ်လိုက်တာ၊ ဒါနဲ့ တဆက်တစပ်တည်း မေ (၆) ရက်မှာ အဖွဲ့ချုပ် မှတ်ပုံပြန်မတင်လို့ တရားမဝင်ဖြစ်ပြီဆိုတဲ့ နအဖရဲ့ အာဏာပါဝါတွေဟာ ဒိုင်ယာလော့အလောင်း ခေါင်းတလားဖုံးကိုပိတ်တဲ့ နောက်ဆုံးသံချက်တွေ ဖြစ်သွားပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း မိမိရဲ့အခြေခံရပ်တည်ချက်ဟာ (အရည်မရ အဖတ်မရ ဒိုင်ယာလော့ မဟုတ်ဘဲ) ၂၀၀၃ မတ် (၉) ရက်၊ ၁၉၉၇ ဖေဖော်ဝါရီ (၄) ရက်၊ (၁၉၉၃ နေရူးဆုအတွက်) ၁၉၉၅ နိုဝင်ဘာ (၁၆) ရက်တို့မှာ ပြောခဲ့တဲ့ မိန့်ခွန်း/ဆောင်းပါး (၃) ခုအတိုင်း ဖြစ်တယ်လို့ ၂၀၀၉ အောက်တိုဘာလမှာ မက်ဆေ့ခ်ျပေးခဲ့သလို ၂၀၁၀ မတ်လ (၂၃) ရက်မှာလည်း အန်အယ်လ်ဒီဗဟိုဌာနချုပ်ကို ဘူးသီးတလုံး ပေးလိုက်ပြီး ဘူးတိုက်ပွဲဆင်နွှဲဖို့ မက်ဆေ့ခ်ျပေးခဲ့ပါတယ်။

ဒါကြောင့် ကွယ်လွန်အနိစ္စရောက်သွားတဲ့ ဒိုင်ယာလော့တို့၊ (နအဖနဲ့) အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို လက်ရှိ စစ်အုပ်စု အသက်နဲ့ကိုယ် အိုးစားမကွဲသရွေ့ (နအဖအသက်နဲ့ တပ်မတော်ကိုယ်) ဘာမှမျှော်လင့်စိတ်ကူးယဉ်နေစရာ မရှိတော့ဘဲ တာဝန်သိ တာဝန်ရှိ (အဖွဲ့ချုပ်+တိုင်းရင်းသား) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ mandate ကို ရဲရဲဝံ့ဝံ့ ပါးပါးနပ်နပ်နဲ့ အပြည့်အဝ အသုံးချပြီး ပြည်သူ့လွှတ်တော်၊ ပြည်သူ့အစိုးရတို့ကို ပြည်တွင်းမှာ ကိုယ့်ဘာသာ ဖွဲ့စည်းထူထောင်ဖို့၊ မြန်မာ့ဒီမိုကရေစီတိုက်ပွဲ နောက်ဆုံးအောင်ပွဲရတဲ့အထိ ပြည်သူလူထုနဲ့ တပ်မတော်သားတွေကို ခေါင်းဆောင်သွားဖို့ လမ်းကြောင်းပဲ ရှိပါတော့တယ်။

ဒီနည်းနဲ့ ၂၀၁၀ မေ (၆) ရက် ဒိုင်ယာလော့ရဲ့ အပြီးသတ်နိဂုံးကနေ ပြည်သူ့အစိုးရရဲ့ နိဒါန်းဖြစ်လာအောင် ဝိုင်းဝန်းလုံးပန်းကြပါစို့။ ။





ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ

လွန်းဒင်။

ရခိုင်ပြည်နယ် မြို့နယ်တချို့တွင် ဒီပဲယင်း အကြမ်းဖက်မှုတွင် ကျဆုံးသွားခဲ့သည့် ရဟန်းရှင်လူကျောင်းသားလူငယ်များအတွက် ဆွမ်းကပ် ဆုတောင်းပွဲများကို မနေ့က ပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့နယ်ရှိ NLD အဖွဲ့ဝင်များက ဘုန်းကြီးကျောင်း (၂) ကျောင်းကို ဆွမ်းကပ်လှူခဲ့ပြီး မအီမြို့နယ်၊ ဆားပြင်ရွာဘုရားတွင်လည်း အဖွဲ့ချုပ်ဝင် (၁၈) ယောက်က မီးပူဇော်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပေးခဲ့ပြီး ဒီပဲယင်းတွင် အကြမ်းဖက်ခံရ၍ ကျဆုံးခဲ့သူများအတွက် အမျှပေးဝေခဲ့သည်ဟု မြို့ခံက ပြောသည်။

သံတွဲမြို့နယ်တွင်လည်း အထိမ်းအမှတ် ဆွမ်းကပ်ပွဲများပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“သံတွဲမြို့မှာလည်းပဲ အဖွဲ့ဝင် (၇) ယောက်လောက်က မြို့မကျောင်းမှာ မနက် ၁၀ နာရီလောက်မှာ ဒီပဲယင်းအထိမ်းအမှတ်အနေနဲ့ အဖွဲ့ဝင်တွေ ဆွမ်းကပ်တယ်” ဟု ပြောသည်။

အာဏာပိုင်များက ဒီပဲယင်းအထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပွဲကို ကြိုတင်သိရှိထားပြီး မေလ (၃၀)ရက်နေ့ ညနေတွင် တောင်ကုတ်မြို့နယ်အတွင်း လက်နက်၊ ယူနီဖောင်းအပြည့်အစုံဖြစ် အင်အား(၂၀)ကျော်သည့် လက်နက်ကိုင် လုံခြုံရေးများ လှည့်လည် အင်အားပြခဲ့ပြီး ဆက်သွယ်ရေးဖုန်းလိုင်များကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များဘက်မှ ဖြတ်တောက်ထားခဲ့သည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဒီပဲယင်းအထိမ်းအမှတ် လှုပ်ရှားမှုများပြုလုပ်ခဲ့သည့် NLD အဖွဲ့ဝင်များကို အာဏာပိုင်များက စောင့်ကြည့်မှုများ မေးမြန်းစုံစမ်းခြင်းဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်။

အလားတူ ဒီပဲယင်းအကြမ်းဖက်မှု (၇)နှစ်ပြည့် အထိမ်းအမှတ်ပွဲများကို ရန်ကုန်တိုင်း မြို့နယ်တချို့နှင့် ကျန်မြို့နယ် အသီးသီးတို့တွင်လည်း ဆွမ်းကပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။


အိတ်ခ်ျအိုင်ဗီနဲ့ အခွင့်အရေးယူရောဂါ

ဖြူဖြူသင်း

ကျမ ဒီ အိတ်ခ်ျအိုင်ဗီ ကာကွယ် တားဆီးရေးနဲ့ တိုက်ဖျက်ရေး လုပ်ဆောင်နေရာမှာ အစစ အခက်ခဲတွေ ရှိနေတယ် ဆိုတာကို အစောပိုင်း ကတည်းက ပြောပြထားပြီးသားပါ။

အဲဒီ အထဲမှာ ခက်ခဲတဲ့ တခြား လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက် တခုကို ပြောပါ ဆိုရင်တော့ ခုခံအား ကျဆင်းမှု ရောဂါနဲ့ အတူ ဒွန်တွဲနေတဲ့ အခွင့်အရေးယူ ရောဂါများပဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးယူ ရောဂါထဲမှာမှ အဖြစ်များဆုံး ရောဂါဟာ တီဘီရောဂါ ဆိုရင် မမှားပါဘူး။ ၉၀ ရာနှုန်း ကျော်သော ခုခံအား ကျဆင်းမှုရောဂါ ခံစားနေရသူများဟာ တွဲလျက်သား တီဘီရောဂါ ဖြစ်နေတယ် ဆိုတာကို ကျမ အထိတ်တလန့် သိရှိလိုက်ရပါတယ်။

အထိတ်တလန့်လို့ သုံးနှုန်းရတာနဲ့ ပတ်သက်ပြီး အနည်းငယ် ရှင်းပြချင်ပါတယ်။ သာမာန် ခုခံအား ကျဆင်းမှု ရောဂါ ခံစားနေရသူ တယောက် ဆိုရင် နှစ်သိမ့် ဆွေးနွေး ပညာပေးပြီး ဆေးဝါး အကြောင်း ရှင်းပြ၊ ဆေးပေးမယ့် ဌာနတွေကို ဆက်သွယ်ပေး ဒါမှ မဟုတ် ကိုယ်တိုင် ၀ယ်သောက်၊ ဒါမှ မတတ်နိုင်သေးရင် ကျမက ကြားခံ ၀ယ်တိုက်၊ သိပ် ကရိကထ မများဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း တီဘီ တွဲလျက်သား ဖြစ်လာပြီ ဆိုရင်တော့ ပိုပြီးတော့ အလုပ် များပါတယ်။ အထိတ်တလန့် ဖြစ်ရပါတယ်။

မြန်မာပြည်မှာ အစိုးရက ဖွင့်လှစ်ထားတဲ့ ဒေသန္တရ ဆေးပေးခန်းတွေ၊ ပီအက်စ်အိုင်က ဖွင့်ထားတဲ့ ဆေးခန်းတွေကနေ တီဘီ ရောဂါ အတွက် ဆေးတွေ အခမဲ့ ပေးနေတယ် ဆိုပေမယ့် သူတို့ ကုသချက်တွေက ပုံမှန် ကုသပေးတာ ဆိုတော့ ဆေးကို နှစ်လ တိုက်ပြီးတော့ သလိပ်စစ်၊ ပိုးမရှိဘူး ဆိုရင် ဆေးလျှော့၊ နောက်ထပ် လေးလ ထပ်တိုက်။ ဒီလို ကုသမှုဟာ ပုံမှန်ပါပဲ။

ဒါပေမယ့် ခုခံအား ကျဆင်းမှု ဖြစ်နေတဲ့ လူနာက တီဘီ ဖြစ်လာပြီ ဆိုရင်တော့ ဒီလောက်နဲ့ မရပါဘူး။ ဆေးကို လေးမျိုးပေါင်း စတိုက်ပြီးတော့ နှစ်လ ပြည့်ရင် ဓာတ်မှန် ပြန်ရိုက်ရပါတယ်။ ဒီဓာတ်မှန်မှာမှ အခြေအနေ ဆိုးနေသေးတယ် ဆိုရင် လေးမျိုးပေါင်း ကို နောက်ထပ် အနည်းဆုံး နှစ်လ တင်ရပါသေးတယ်။

အဲဒါဟာ ကျမ အယူအဆ မဟုတ်ပါဘူး။ တတ်ကျွမ်း နားလည်တဲ့ အထူးကု ဆရာဝန်ကြီးများရဲ့ ကုထုံးပါ။ အဲဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့ တီဘီက ယဉ်ပါးသွားပြီးတော့ ဆေး မတိုးတာတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီလို ဖြစ်လာပြီ ဆိုရင် ထိုးဆေးလိုက်၊ ထိုးဆေးမှ မနိုင်ရင် တခြား အဆင့်မြင့် ဆေးတွေက တလကို အနည်းဆုံး ကျပ် တသိန်းခွဲ လောက် ကျခံပါမှ ကုသလို့ ဖြစ်မှာပါ။ ဒါဆိုရင်တော့ သေချာပါတယ်၊ လူနာဟာ ဒီလောက် မတတ်နိုင်တော့ပါဘူး။ သေဖို့လမ်း များပါတယ်။ သေလည်း သေကုန်ကြပါ တယ်။

တီဘီဆေး လေးမျိုးပေါင်း ဆေးတွေကတော့ RIFAMPICIN 150mg + ISONIAZID 75mg + PYRAZINAMIDE 400mg + ETHAMBUTOLHYDROCHLORIDE 275mg ဖြစ်ပါတယ်။

တီဘီဖြစ်သူတွေဟာ ပုံမှန် ဆိုရင် ကိုယ်အလေးချိန် ၈၈ ပေါင်နဲ့ အထက်က ဒီ လေးမျိုးပေါင်းဆေးကို သောက်ရပါတယ်။ နောက် နှစ်လ နေလို့ အဆုတ်ထဲမှာ ပိုးလျော့ကျသွားတယ် ဆိုမှ နောက်က နှစ်မျိုးကို ဖြုတ်ပြီးတော့ ရှေ့နှစ်မျိုး သောက်ရတာပါ။

ဒါပေမယ့် ခုခံအား ကျဆင်းမှု ဖြစ်နေသူများကျတော့ အများအားဖြင့် နှစ်လ လောက်နဲ့ ဘယ်လိုမှ မလုံလောက်တဲ့ အခါ ဒီလေးမျိုး ပေါင်းကို လေးလလောက် သောက်ပြီးတော့မှ ကျန်တဲ့ နှစ်မျိုးပေါင်းကို ကိုးလလောက် အထိ ဆက်သောက်ရပါတယ်။

ဆေး အခမဲ့ပေး ဝေနေတဲ့ ဆေးခန်း တချို့ကတော့ နှစ်လပြည့်လို့ သလိပ်ထဲမှာ ပိုးမရှိတော့ရင် တန်းပြီးတော့ နှစ်မျိုးပေါင်းကို လျှော့ချတော့တာပါပဲ။ ဒီအတွက်လည်း တီဘီဆေး ယဉ်ပါးမှုတွေ ဖြစ်လာနေတာ သတိ ပြုမိစေချင်ပါတယ်။
မြန်မာပြည်ရဲ့နောက်ထပ် ထူးခြားချက် တခုက တီဘီ ယဉ်ပါးသူတွေအတွက် အောင်ဆန်းမြို့က အထူးကုဆေးရုံ တရုံပဲ ရှိတဲ့ အချက်ပါ။ ဒီတော့ တီဘီက ခုခံအား ကျဆင်းမှု ဖြစ်ဖြစ်၊ မဖြစ်ဖြစ် တီဘီ ယဉ်ပါးသူတွေအတွက် အင်မတန်မှ ခက်ခဲလွန်းပါတယ်။

ကျမ အနီး ပတ်ဝန်းကျင်မှာလည်း သူတို့ဘာသာ သိပ်မသေချာလို့ ကျမဆီ လာလာပြီးတော့ ခုခံအားကျဆင်းမှု ရှိမရှိ မေးစမ်းကြ ပါတယ်။ တချို့ကလေးတွေ၊ အမျိုးသမီးတွေဟာ ခုခံအား ကျဆင်းမှု မရှိဘဲ တီဘီရောဂါ ယဉ်ပါးနေတာပါ။ သူတို့က ဆေးဝါး ကုသမှု လုပ်ကြပေမယ့်လည်းပဲ အထက်က ပြောသလို ဆေးရုံကလည်း တရုံတည်းပဲ ရှိပြန်၊ အခမဲ့ဆေးခန်းတွေကလည်း ဒီယဉ်ပါး ရောဂါအတွက် ဆေးတွေက မပေး၊ ဆေး ၀ယ်သောက်ဖို့ကလည်း ရှိသမျှ စည်းစိမ် ပြုတ်အောင် ကုရင်တောင် မပျောက် ဆိုတော့ ကျမ အနီးအနားမှာ ခုခံအား ကျဆင်းမှု ရောဂါမရှိဘဲ ဒီရက်ပိုင်းအတွင်း တီဘီယဉ်ပါးရောဂါနဲ့ သေဆုံးတာ ငါးယောက် ရှိပါပြီ။

ဒီအတွက် မကူညီနိုင်တာကို ကျမ တကယ့်ကို ယူကြုံးမရ ဖြစ်ရပါတယ်။ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေဟာ ဒီအတွက်လည်း စဉ်းစားဖို့ ကောင်းတယ် လို့ ကျမ ထင်မြင်မိပါတယ်။

နောက်ထပ် စိတ်မကောင်းစရာ အဖြစ်ကတော့ ဒီလို ကွယ်လွန်တဲ့ လူတချို့ဟာ တီဘီဆေးတော့ သောက်သုံးပါရဲ့၊ အာဟာရ မလိုက်နိုင်လို့ သေကြတာကျတော့ ကျမ ဘယ်လိုပြောရမလဲ။ အရင် ကျမတို့ ကြားဖူးနေကျ စကား တခွန်းကို ချေဖျက်နေသလို ပါပဲလားလို့ ကျမ တွေးထင်မိပါတယ်။ အရင် မြန်မာပြည်သားများဟာ ဟေ့ မြန်မာပြည်မှာ ငတ်သေတဲ့မသာ မရှိဘူး ဆိုတဲ့စကားကို မကြာခဏ ပြောပါတယ်၊ ဒါပေမယ့် ခုဖြစ်ရပ်တွေနဲ့ နှိုင်းပြောရမယ် ဆိုရင် မငတ်ပင် မငတ်သော်ငြားလည်း အာဟာရ ပြတ်သေတဲ့ မသာတွေ များလာတယ် လို့ ကောက်ချက်ချရင် ဖြစ်မလား မသိဘူး။

ဒီလို ပြောပြန်ရင်တော့လည်း တိုင်းပြည်နဲ့ လူမျိုးကို ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေ တင်ဦးမှာပါ။ ဒါပေမယ့် ကျမ စိတ်မကောင်းခြင်း ကြီးစွာနဲ့ ပြောလိုက်တာပါ။ ကျမမှာ သက်သေ အထောက်ထားတွေ အတိအကျရှိလို့ ပြောရဲတာပါ။

ဒီတော့ ကျမက ကျမ လူနာတွေကို တီဘီ ယဉ်ပါးနေပြီ ဆိုရင် တရား စခန်းတွေ ပို့ပြီးတော့ သူတို့ သက်သာရာရအောင် စီစဉ်ပေးပါ တယ်။ တိုက်ဆိုင်မှုလား၊ ကံကောင်းခြင်းလားတော့ မသိပါဘူး၊ ဒီလို တရားထိုင်သူတွေ အများစုဟာ ပြန်လည် ကောင်းမွန်လာကြပါ တယ်။ တချို့ဆိုရင် တီဘီဆေး ၂ နှစ်လောက် သောက်ပြီးသည် အထိ မသက်သာပါဘူး။ ဒီလို လူမျိုးကို ဆိုရင်တော့ သေချာပါ တယ် ကျမက တရားစခန်း တန်းပို့တော့တာပါ။

ဒီ တီဘီရောဂါနဲ့ ပတ်သက်ပြီး ကျမ သတိထားမိသွားတာ နှစ်ခုရှိပါတယ်။ ပထမ တခုကတော့ ကျမတို့ တိုင်းပြည်မှာ ခုခံအား ကျဆင်းမှု တခုတည်းတင် မဟုတ်ပါဘူး၊ တီဘီရောဂါကိုလည်း အထူး သတိထား တိုက်ဖျက်ရမယ် ဆိုတာရယ် ဒီရောဂါ နောက် ဆက်တွဲ အနေနဲ့ အာဟာရပြတ်လပ် သေဆုံးနေသူတွေ ဒုနဲ့ဒေး ရှိတယ် ဆိုတာပါ။

နောက်တခုကတော့ တရားထိုင်တဲ့ ကျေးဇူးပါ။ ဆရာဝန်ကြီးတွေ လက်လျှော့လိုက်ပြီ ဖြစ်တဲ့ တီဘီရောဂါ ယဉ်ပါးနေသူများဟာ တရား ထိုင်ရင်းနဲ့ ပြန်ကောင်းမွန်လာကြတာကို တကယ် အံ့သြစရာ ကောင်းလောက်အောင် တွေ့ရပါတယ်။

ဒီတော့ ဒီရောဂါ ခံစားနေရသူများကို ကျမအနေနဲ့ အထူး တိုက်တွန်းလိုတာက တရား မထိုင်ရင်တောင်မှ အသက်ရှူ လေ့ကျင့်ခန်း ပြင်းပြင်း ထန်ထန် လုပ်မယ် ဆိုရင် အသက် ရှည်နိုင်သေးပါတယ် ဆိုတာပါပဲ။


ယနေ့ မြန်မာ့ရေးရာ သတင်းများ June,2nd,2010

( 40 )NLD member given five years’ jail

( 39 )ထက်ထက်မိုးဦးနှင့် ပဋိပက္ခဖြစ်သည့် သတင်းထောက်ကို စာနယ်ဇင်းကျင့်ဝတ်နှင့် ညီရန်ခေါ်ပြော

( 38 )What Message Will Wen Jiabao Bring to Burma?

( 37 )တရုတ်-မြန်မာ ဆက်ဆံရေး နှစ် ၆၀

( 36 )AI Honors Burma's Independent Journalists

( 35 )ထိုင်းသို့ ခိုးဝင်သည့် မြန်မာ အမျိုးသမီးများ ဖမ်းဆီးခံရ

( 34 )Chronology of Burma-China Relations on 60th Anniversary

( 33 )၀မ်ကျားပေါင် အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုက်တွန်းသင့်၊ တိုင်းရင်းသား ခေါင်းဆောင်များ တောင်းဆို

( 32 )Technology

( 31 )Nuclear expert

( 30 )စားသုံးဆီဈေး မြင့်တက်

( 29 )Rohingya debate ‘to go international’

( 28 )သောက်သုံးရေ မပြတ်အောင် ပြင်ဆင်ရန် လိုအပ်

( 27 )Myanmar says farewell to neonatal tetanus

( 26 )ဘုန်းကြီး သင်ကျောင်းတွင် ကျောင်းအပ်သူပိုများလာ

( 25 )Chinese PM in Myanmar

( 24 )လေယာဉ်ကွင်း တိုးချဲ့ရန် နေအိမ်များကို ပြောင်းရွှေ့ခိုင်း၍ ပြည်သူများ အခက်တွေ့

( 23 )Chinese premier leaves Mongolia for Myanmar

( 22 )100 houses relocated for airport

( 21 )ကိုသန်းမြင့်အောင်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်

( 20 )Burma's journalists recognised at Amnesty Awards

( 19 )NZ MPs call for restoration of rights for Suu Kyi

( 18 )မယ်လ ဒုက္ခသည် စခန်းတွင် ကာလ၀မ်းရောဂါ ဖြစ်ပွား

( 17 )၀မ်ကျားပေါင်နှင့် ဗိုလ်ချုပ်မှူးကြီး ရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖွယ်ရှိ

( 16 )Parliament unanimous in Burmese plea

( 15 )Chinese firms 'can do more' in Burma

( 14 )ရှပ်နီ ဆန္ဒပြပွဲ အတွင်း နစ်နာခဲ့သော မြန်မာ အလုပ်သမားများ လစာလျှောက်ထား

( 13 )Chinese firms can do more in Myanmar

( 12 )ထက်ထက်မိုးဦးကို စာပေ စာနယ်ဇင်းက ရှုတ်ချ

( 11 )Border control high on Wen's agenda for visit to Myanmar

( 10 )မလေးရှား အန်အယ်ဒီအဖွဲ့ဝင် ထောင်ဒဏ် ၅ နှစ် ချမှတ်

( 9 )Rohingya issue to be raised in int'l forum if talks fail

( 8 )ကြယ်ငါးပွင့် သင်္ဘောသားများ အိုင်အယ်လ်လိုကို တိုင်ကြားရန် ပြင်ဆင်

( 7 )Myanmar to launch cafe flight service using destroyed aircraft

( 6 )သင်္ကြန်အကျတ်နေ့ ဗုံးပေါက်ကွဲမှု အဖမ်းဆီးခံ အမှုတွဲ

( 5 )Islander ‘arrests’ herself in solidarity with Burma’s imprisoned leader

( 4 )တရုတ်-မြန်မာ သံဆက်ဆံရေး နှစ် ၆၀ နဲ့ ၀န်ကြီးချုပ် ၀မ်ရဲ့ ခရီးစဉ်

( 3 )Youth Shot Resisting Conscription

( 2 )ပုဂ္ဂလိကပိုင်ပြောင်း ကြယ်ငါးပွင့် သင်္ဘောသားတွေ အလုပ်ထွက်ခွင့်မရ

( 1 )Chinese Premier’s Visit Should Spotlight Rights

Tuesday, June 1, 2010

Air Bagan နှင့် အပြိုင် Air Inlay လေကြောင်းလိုင်းသစ် ပျံသန်းမည်

ရန်ပိုင် Tuesday, June 01, 2010

စစ်အစိုးရနှင့် နီးစပ်သည့် ဦးတေဇ ပိုင် အဲပုဂံ (Air Bagan) လေကြောင်း လိုင်းနှင့် အပြိုင် လေကြောင်း လိုင်းသစ် တခုအား စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင် (IGE Co.,Ltd) ကို ပျံသန်း ပြေးဆွဲရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါ လေကြောင်း လိုင်းကို အင်းလေး လေကြောင်းလိုင်း (Air Inlay) ဟု အမည်ပေး ထားပြီး စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင်နှင့် ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တို့က ပူးတွဲ လုပ်ကိုင်မည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲ မတိုင်ခင် လုပ်ငန်းတွေအားလုံး၊ သူတို့နဲ့ ပတ်သက်တဲ့သူတွေကို ခွဲပေးတဲ့ သဘောပဲ”ဟု အဆိုပါ စီးပွားရေး သမားက ဆိုသည်။

Air Inlay လေကြောင်းလိုင်း ပြေးဆွဲမည့် ခရီးစဉ် အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

မကြာသေးမီ ရက်ပိုင်းက ထုတ်ဝေသည့် Weekly Eleven ဂျာနယ်တွင်လည်း “ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းစုတခု”မှ ပြည် တွင်း လေကြောင်းလိုင်းသစ်တခု တည်ထောင်ပြီး မြန်မာ့လေကြောင်းလိုင်းနှင့် ပူးပေါင်း၍ ပျံသန်းရန် စီစဉ်နေသည်ဟု ရေးသားထားသည်။

ဦးနေအောင်သည် အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏ သားဖြစ်ပြီး၊ IGE ကုမ္ပဏီ၊ အောင်ရည်ဖြိုး ကုမ္ပဏီ စသည့် အမည်များဖြင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်။

ဦးနေအောင်၏ ညီဖြစ်သူ ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး ပြည်အောင်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သားမက်ဖြစ်သည်။

IGE ကုမ္ပဏီသည် မုတ္တမ ပင်လယ်ကွေ့မှ ရန်ကုန်မြို့သို့ သွယ်တန်းသည့် ကမ်းလွန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှု စီမံကိန်းကို လုပ်ကိုင်နေသည်။

ကမ္ဘောဇ ဘဏ်လုပ်ငန်းရှင် ဦးအောင်ကိုဝင်းမှာလည်း ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးနှင့် နီးစပ်သူဖြစ်ပြီး ဖေဖော်ဝါရီလ အတွင်းက မြန်မာ့လေကြောင်းလိုင်း (MAI) ကို ၀ယ်ယူခဲ့သူဖြစ်သည်။

ပြည်တွင်းထုတ် မြန်မာ ပို့စ် ဂျာနယ်တွင်မူ အင်းလေး လေကြောင်းလိုင်းကို ဦးအောင်ကိုဝင်းက တည်ထောင်သည်ဟု ရေးသား ထားသည်။

ပြီးခဲ့သည့် ရက်အတွင်းကလည်း ဦးနေအောင် ၊ ဦးတေဇ အပါအ၀င် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ၄ ဦး ကို ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်။

အရေးပါသည့် စီးပွားရေးလုပ်ငန်းများ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကို အတွင်းရေး မှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင် မြင့်ဦးက ဦးဆောင် ပြုလုပ်နေကြောင်း သိရသည်။

၎င်းနှင့်နီးစပ်သည့် ဦးဇော်ဇော်(မက်စ်မြန်မာ)၊ ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်)၊ ဦးချစ်ခိုင် (ဧဒင် အုပ်စု ကုမ္ပဏီ) တို့ကို စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခွင့်များကို ပေးနေကြောင်း စီးပွားရေးလုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။

သီရိမင်္ဂလာဈေး နေရာပြောင်းမှု ဈေးသည်များ မကျေနပ်

တက်လူ / ၀၁ ဇွန် ၂၀၁၀

ဈေးသူဈေးသားများ၏ ထည့်ဝင်ငွေဖြင့် တည်ဆောက်ထားသည့် သီရိမင်္ဂလာဈေးကို ပြောင်းရွှေ့ခိုင်းသည့်အတွက် စည်ပင်သာယာက ပေးထားသည့်ကတိကို ဖောက်ဖျက်သည်ဟု ဈေးသူဈေးသားများက ဝေဖန်ပြောဆိုနေကြသည်။

သီရီမင်္ဂလာဈေးကို လှိုင်မြို့နယ် ပိတောက်ချောင်းအနီး ဘုရင့်နောင်လမ်းပေါ်ရှိ ယခင် ရတနာဖွဲနုဆီစက်ဝင်းအတွင်း ပြောင်းလဲ ဖွင့်လှစ်ပေးမည်ဟု စည်ပင်သာယာဈေးများဌာနမှ ဌာနမှူး ဦးတင်ကိုကိုက မေ (၂၈) ရက်တွင် ဈေးသူဈေးသားများအား တရားဝင် ပြောကြားခဲ့သည်။

ယင်းသို့ ပြောဆိုခဲ့သည့်အတွက် ဈေးသူဈေးသားများက မကျေမနပ်ဖြစ်နေကြကာ ၎င်းတို့ အကျိုးစည်းပွားဆုတ်ယုတ်အောင် လုပ်သည်ဟု စည်ပင်ကို ပြောဆိုဝေဖန်နေကြသည်။

သီရီမင်္ဂလာဈေးတွင် ဈေးရောင်းနေသော ကုန်စိမ်းဒိုင်တခုက “ကျနော်တို့က ဒီဈေးပြောင်းရမယ်လို့ ကြားပေမယ့် မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် အခု တရားဝင် လာပြောတဲ့အတွက် ကျနော်တို့အပေါ် စည်ပင်သာယာက လုံးဝ စေတနာမရှိဘဲ စီးပွားပျက်အောင် လုပ်တယ်လို့ပဲ သတ်မှတ်လိုက်ပါတယ်” ဟု ပြောသည်။

အလုံမြို့နယ် ကမ်းနားလမ်းမကြီးပေါ်တွင် တည်ရှိသော (၅) ထပ် အဆောက်အအုံ သီရိမင်္ဂလာဈေးသည် မြန်မာတနိုင်ငံလုံးကို လက်ကားဖြန့်ရောင်းချနေသော ကုန်စိမ်းဈေးကြီးဖြစ်ပြီး ရန်ကုန်စည်ပင်က (က) အဆင့် သတ်မှတ်ထားသည့် ဈေးဖြစ်သည်။

ထိုသို့ အဆင့်မြင့်ဈေးဖြစ်လာရန်အတွက်လည်း ဈေးသူဈေးသားများ၏ ထည့်ဝင်ငွေ လေးပုံသုံးပုံနှင့် အထပ်မြင့်ဈေးအဖြစ် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဈေးကော်မတီမှ တာဝန်ရှိသူတဦးက “ကျနော်တို့ အခုရောင်းနေတဲ့ သီရိမင်္ဂလာအဆင့်မြင့်ဈေးဆိုတာ မဖြစ်ခင်က ဂိုဒေါင်ကြီးတွေထဲမှာ ရောင်းခိုင်းတယ်။ အဲဒီတုန်းက ရန်ကုန်မှာ တဲပေါ်ကနေ တိုက်ပေါ်တင်တဲ့စနစ် ဆိုပြီးတော့လုပ်တယ်။ ဈေးသူဈေးသားတွေကိုလည်း ခင်ဗျားတို့ကို အတည်တကျဖြစ်အောင် အဆင့်မြင့်တဲ့ ဈေးဆောက်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ဈေးအတွက် လိုတဲ့ငွေကြေးကိုလည်း ဈေးသူဈေးသားတွေက ကုန်ကျခံရမှာလို့ပြောတယ်။ အတည်တကျလို့ ပြောတဲ့အတွက် ကျနော်တို့က စည်ပင်ကိုယုံပြီး ငွေအကုန်အကျခံပြီးတော့ ဒီဈေးကို ပါဝင်တည်ဆောက်ခဲ့တာဖြစ်တယ်။ အဆင့်မြင့်ဈေး တည်ဆောက်ပြီး အတည်တကျထားမယ်ဆိုတာဟာ စည်ပင်က လိမ်ခဲ့တာလို့ပဲ ယူဆပါတယ်” ဟု ပြောသည်။

ယခု ပြောင်းရွှေ့ရမည့် ပိတောက်ချောင်းတွင် ဆောက်နေသော ဈေးသည် အမိုးတခုသာ ပါသည့်ဈေးဖြစ်သည့်အတွက် သီရိမင်္ဂလာဈေး တည်ဆောက်ရာတွင် ကုန်ကျခဲ့သည့်ငွေများကို ပြန်အမ်းပေးရန် ဈေးသူဈေးသားများက လိုလားနေကြကြောင်းလည်း သိရသည်။

ထို့အပြင် နေရာသစ်ဈေးသို့ ပြောင်းရွှေ့ရသည့်အတွက် စရိတ်စကများ ပိုမို ကုန်ကျလာမည်ဟုလည်း သိရီမင်္ဂလာဈေးမှ ဈေးသည်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ကို နေရာပြောင်းတဲ့အတွက် ကုန်တင်ကုန်ချ စရိတ်တွေပိုလာမယ်။ ဘာလို့လဲဆိုတော့ ဥပမာပြောရရင် ဧရာဝတီတိုင်းကို ကုန်တွေသွားမယ်ဆိုရင် သင်္ဘောနဲ့သွားရတာ။ အခု နေရာက သင်္ဘောဆိပ်နဲ့ နီးတယ်။ အဲဒီတော့ အဆင်ပြေတယ်။ အသစ်ဆောက်နေတဲ့ ပိတောက် ချောင်းနားကဆိုတော့ စရိတ်တွေ တက်လာမယ်” ဟု ပြောသည်။

စည်ပင်အနေဖြင့် ဈေးပြောင်းရွှေ့ရခြင်းမှာ ဈေးသို့လာသောယာဉ်များနှင့် ကုန်တင်ယာဉ်များကြောင့် ယာဉ်ကြောကျပ်ကာ ယာဉ်တိုက်မှုများဖြစ်ပေါ်သည့်အတွက် ပြောင်းရွှေ့ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဦးတင်ကိုကိုက ပြောသည်။

ယင်းပြောကြားချက်နှင့်ပတ်သက်၍ မြေညီထပ်မှ ဟင်းသီးဟင်းရွက်ရောင်းချနေသည့် ဆိုင်ခန်းပိုင်ရှင်တဦးက “ဒါကို ဘယ်ဈေးသည်ကမှ မယုံကြဘူး။ ယာဉ်ကြောပိတ်ဆို့ရင် ဒါကို ကောင်းအောင်လုပ်လို့ရနိုင်သားနဲ့ ဈေးကို ရွှေ့ပစ်တာ ဈေးသူဈေးသားတွေ အားလုံးက မကျေနပ်ကြဘူး။ အားလုံးသိနေကြတာကတော့ အေးရှားဝေါလ် ကုမ္ပဏီပိုင် ဆီလှောင်ကန်တွေရှိရာကို သွားဖို့လမ်းအတွက် ဒီဈေးကြီးက ဈေးသည်တွေကို ဖယ်ခိုင်းတာပဲ” ဟု ပြောသည်။

သီရိမင်္ဂလာဈေးတွင် ကုန်စိမ်း၊ ပန်း၊ သစ်သီးတန်းနှင့် ငါးပိ ငါးခြောက်များရောင်းသော ဆိုင်ခန်းပေါင်း (၂,၂၀၀) ကျော်ရှိပြီး ၎င်းတို့အနက် ဈေးပြောင်းရွှေ့ရန် မလိုလားသည့် ဆိုင်ခန်းပေါင်း (၉၈) ရာခိုင်နှုန်းရှိကြောင်း သီရိမင်္ဂလာဈေး သာယာရေးကော်မတီမှ ကောက်ယူထားသော စစ်တမ်းများအရ သိရကြောင်း ဈေးသာယာရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါဈေးသည် ယခင် မော်တင် ကလီဈေးဟောင်းကို ပြောင်းရွှေ့ပြီး ၁၉၉၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်ခဲ့သော (၅) ထပ် အဆောက်အအုံဈေးဖြစ်ကာ သိန်း (၁,၄၀၀) ကုန်ကျခဲ့ကြောင်း ဈေးသာယာရေးကော်မတီ စာရင်းများအရ သိရသည်။

မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယား နည်းပညာပေး

ကိုထွေး Monday, May 31, 2010


မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့် နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။


မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကုလ သမဂ္ဂ၏ အရေးယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိကြောင်းလည်း ယင်း အစီရင်ခံစာကို လက်ခံရရှိ ထားသည့် အေပီ သတင်း တရပ်တွင် ရေးသား ထားသည်။

“မြောက်ကိုရီးယားက သဘောင်္ ကွန်တိန်နာတွေမှာ မှားယွင်းတဲ့ ပိုင်ရှင်လိပ်စာ အညွှန်းတွေ တပ်ပြီးတော့ ကုန်ပစ္စည်းတွေ ဘယ် ကနေ ဘယ်ကို ပို့တယ်ဆိုတာ မသိရအောင် လှည့်စားတယ်၊ မြောက်မြားလှတဲ့ ကြားခံ လက်နက်ကုမ္ပဏီတွေနဲ့ ငွေကြေး အဖွဲ့ အစည်းတွေကို အသုံးပြုတယ်”ဟု ကျွမ်းကျင်သူများက ယင်းအစီရင်ခံစာတွင်ရေးသား ထားသည်။

၂၀၀၉ ခုနှစ်တွင် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက် ဆက်နွယ်မှုရှိသည်ဟု ယူဆရသော မလေးရှားမှ တဆင့် မြန်မာနိုင်ငံသို့ သံလိုက်ဓာတ်အား တိုင်းတာသည့် ကိရိယာ တမျိုး တင်သွင်းရန် ကြိုးပမ်းခဲ့သူ ၃ ဦးကို ဂျပန်နိုင်ငံ၌ ဖမ်းဆီး ခဲ့သည့် ဖြစ်ရပ်နှင့် မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း ကူညီခဲ့သည့် Namchongang Trading ကုမ္ပဏီစသော မြန်မာနိုင်ငံနှင့် ပတ် သက်သည့် သံသယ ဖြစ်ဖွယ် လှုပ်ရှားမှုများကိုလည်း ဆက်လက် စောင့်ကြည့်နေကြောင်း အဆိုပါ ကျွမ်းကျင်သူများ အဖွဲ့က ဆို သည်။

၂၀၀၉ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းဆိုင်ရာ အကူအညီပေးခဲ့သော မြောက်ကိုရီးယား Namchingang Trading ကုမ္ပဏီကို အမေရိကန်နိုင်ငံက ဘဏ္ဍာရေး ဆိုင်ရာ တားမြစ် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကပင် ထုတ်ဖော် ပြောကြားခဲ့သည်။

“တရားမ၀င် လက်နက် ဖြန့်ချိဖို့နဲ့ သယ်ဆောင်ဖို့အတွက် မြောက်ကိုးယားက ပြည်ပ အခြေစိုက် ဥပဒေ ပြင်ပက အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တာလည်း တွေ့ရတယ်”ဟု ကျွမ်းကျင်သူများက အစီရင်ခံစာတွင် ထောက်ပြထားသည်။

ယင်းကျွမ်းကျင်သူများက လေဆိပ်များ၌ မြောက်ကိုရီးယားက တင်သွင်းသည့် ပစ္စည်းများကို စစ်ဆေးရာတွင် ပိုမို သတိဝီရိယ ရှိရန် နှိုးဆော်ထားပြီး မြောက်ကိုရီးယားမှ ထွက်ခွာလာသော လေယာဉ်များကိုလည်း သေချာစွာ စောင့်ကြည့်ရန် တိုက်တွန်း ထားသည်။

အဆိုပါ ၄၇ မျက်နှာရှိ အစီရင်ခံစာကို မေလ ၂၇ ရက်နေ့တွင် အေပီသတင်းဌာနက လက်ခံရရှိထားပြီး အစီရင်ခံစာ ထွက်ပေါ် လာသည့် အချိန်သည် တောင်ကိုရီးယား ရေတပ်သင်္ဘောကို မြောက်ကိုရီးယားတို့က ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတကာ စုံစမ်း လေ့လာရေး အဖွဲ့က ဆုံးဖြတ်ခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

ချင်းမိုင်မြို့အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက မြောက်ကိုရီးယားက မြန်မာနိုင်ငံသို့ နျူကလီးယား လက်နက် ရောင်းချခြင်းနှင့် ပတ်သက်၍ အသေအချာ မသိရှိရသော်လည်း ဒုံးကျည်လက်နက်များကို တင်ပို့ ရောင်းချနေသည်မှာ ခိုင်မာ ကြောင်း ဆိုသည်။

“မြောက်ကိုရီးယားက သူ့သဘာဝအရ အဲသလို ကြားခံ ကုမ္ပဏီတွေနဲ့ လုပ်လေ့ရှိတယ်၊ နိုင်ငံတကာ စာရင်းမှာတော့ မြောက် ကိုရီးယား သုံးတဲ့ ကုမ္ပဏီ စာရင်းတွေ အတိအကျရှိတယ်၊ မြန်မာကလည်း နျူကလီးယား နည်းပညာတွေရအောင်တော့ ကြိုးစား နေတာပဲ”ဟု ဦးဝင်းမင်းက ပြောသည်။

မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့်အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင် စီက ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို ချမှတ်ပြီး အရေးယူခြင်း ခံခဲ့ရသည့် နိုင်ငံဖြစ်သည်။

ယင်းဆုံးဖြတ်ချက် ၁၈၇၄ အရ သံသယ ဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့် သင်္ဘော၊ လေယာဉ်များကိုမဆို နိုင်ငံတကာက ၀င်ရောက် စစ်ဆေးပိုင်ခွင့် ရှိရမည် ဖြစ်သည်။

မေလက အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းတို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) ကို လိုက်နာမည်ဟု ဦးသောင်းက ပြောသည်။ သို့ သော် နိုင်ငံ၏ အချုပ်အခြာ အာဏာကို စောင့်ရှောက်ရမည့် တာဝန်လည်း ရှိသည်ဟု ဆက်လက် ပြောဆိုသွားသည်။

မြန်မာနှင့် မြောက်ကိုရီးယားအစိုးရတို့သည် ၁၉၈၃ ခုနှစ်က သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ဖူးသည်။ ထိုနှစ်က မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် နှင့်အဖွဲ့အား ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် မြောက်ကိုရီးယား ကွန်မန်ဒိုတို့က ဗုံးခွဲတိုက်ခိုက်ရာ သမ္မတ ချန်ဒူးဝမ် သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီး ၄ ဦး အပါအ၀င်၂၁ ဦး သေဆုံးပြီး နောက်ပိုင်း သံတမန် ဆက်ဆံရေး ရပ်သွားခြင်း ဖြစ်သည်။

ထိုကဲ့သို့ မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေး သော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် အာဇာနည် ဗိမာန် ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ၂၅ နှစ်အကြာတွင် အာဏာရှင် နှစ်နိုင်ငံသည် သံတမန် ဆက်သွယ်ရေး သာမက စစ်ရေး ဆက်နွယ်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။

ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik)နှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကိုလက်မှတ် ရေးထိုးခဲ့ပြီး စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးသည်။

မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက်အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။

၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့ မြောက်ကိုရီးယားသံရုံးက စီစဉ် ကျင်းပရာ မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း မွေးနေ့အတွက် သ၀ဏ်လွှာတစောင် ထုတ်ပြန်ခဲ့သည်။


မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပထမဦးဆုံး ကျေးရွာတစ်ရွာ အဓ္ဓမပြောင်းရွှေ့ရ

KNG

ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား အထက်ပိုင်း ၂၈မိုင် အကွာရှိ မဇွပ်ရွာ သည် မြန်မာစစ်အစိုးရ၏ ဧရာဝတီမြစ်၊ မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပထမဦးဆုံးရွာအနေဖြင့် ယနေ့ အဓ္ဓမပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။

အိမ်ခြေပေါင်း ၆၃အိမ်ရှိသည့် မဇွပ်ရွာ (Mazup Mare) ကို ပြောင်းရွှေ့ရန် ကျေးရွာပြင်ပမှ အစိုးရနှင့် အရပ်သား အယောက် ၂၀၀ကျော်သည် မြစ်ကြီးနားမှတက်လာကာ မပြောင်းရွှေ့လိုသော ရွာသားများအား အတင်းအဓ္ဓမ ပြောင်းရွှေ့လိုက်ကြသည်။

ယင်းပြည်သူလူထုများသည် ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်တပ်များ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဝင်များ နှင့် မြစ်ကြီးနားမြို့မှ အလေ့ကျဆင့်ခေါ်ထားသည့်သာမန်ပြည်သူများဖြစ်ပြီး မဇွပ်ရွာကို အတင်းအကြပ်ပြောင်းရွှေ့ခိုင်းကာ အိမ်ခြံများကို ဖျက်ဆီးပစ်၍ လုံဂါဇွပ် ကျေးရွာရှိ အေးရှားဝေါလ် ကုမ္ပဏီမှ တည်ဆောက်ထားသည့် အိမ်တန်းသို့ ပြောင်းရွှေ့လိုက်ရသည်။

ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော်ရန် ရေကာတာတည်ဆောက်သည့် အနီးတစ်ဝိုတ်ရှိ ရပ်ရွာများအား အတင်းပြောင်းရွှေ့ခိုင်းခြင်းဖြစ်သည်။

မဇွပ်ရွာ သည် မေခနှင့်မလိခ မြစ်ဆုံကြားရှိကျေးရွာဖြစ်ပြီး လူဦးရေ ၁၅၀ကျော် နေထိုင်သည့်ရွာဖြစ်သည်။

မေ (၁)ရက်နေ့တွင် မြန်မာစစ်အစိုးရ၏ ကချင်ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကော်စီ (ပယက)မှ ထုတ်ပြန်လိုက်သည့် ရေကာတာစီမံကိန်း ဧရိယာအတွင်းရှိသည့် ကချင်ရပ်ရွာများကို ပြောင်းရွှေ့ရေး အမိန့်စာကို ယနေ့ပင် အကောင်အထည်ဖော်လိုက်သည်။

ယမန်နေ့တွင်ပင် တရုတ်သမ္မတ ဟူကျင်တောင်အား ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (KDNG)မှ တရုတ်နိုင်ငံတည်ဆောက်နေသော မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်တန့်ပေးရန်အတွက် တောင်းဆိုထားသည်။

၎င်းရေကာတာတည်ဆောက်ရေးအား တရုတ်အစိုးရပိုင် တရုတ်နိုင်ငံစွမ်းအင်ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း (CPI) ကုမ္ပဏီ၊ တရုတ်ပြည်မှ အင်ဂျီနီယာ၊ တရုတ်နည်းစနစ်ဖြင့် ဆောက်လုပ်ကာ လျှပ်စစ်လည်း တရုတ်ပြည်ကို ရောင်းချဖို့ရန် ဖြစ်သည်။

အခြေခံ ဥပဒေအရ ကြံ့ဖွံ့ပါတီ တရားမဝင်

ထက်အောင်

“တရားမျှတမှုနဲ့ အာဏာဟာ အတူတကွ တည်ရှိရမယ့် အရာတွေ ဖြစ်တယ်။ ဒါမှသာ တရား မျှတတယ် ဆိုတဲ့ အရာတိုင်းမှာ အာဏာရှိမှာ ဖြစ်ပြီး အာဏာနဲ့ ဆောင်ရွက်တဲ့ အရာတိုင်း ဟာလည်း တရားမျှတမှု အတူ ကပ်ပါလာမှာ ဖြစ်တယ်” လို့ ၁၇ ရာစု ပြင်သစ် အတွေးအခေါ် ပညာရှင် တဦးဖြစ်သူ ဘလေးဇ် ပါစကယ်က ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့် ၂၁ ရာစု မြန်မာနိုင်ငံကို ပြန်ကြည့်လိုက်တဲ့ အခါ တရား မျှတမှုနဲ့ အာဏာဟာ အတူ ယဉ်တွဲ ရှိမနေဘဲ တဘက်စွန်းစီမှာ သပ်သပ် တည်ရှိနေကြတယ်။ အဲ့ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းကတော့ စစ်အစိုးရရဲ့ ဥပဒေ ကျွမ်းကျင်သူတွေက ဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုရာမှာ လူထု အကျိုးစီးပွားထက် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားကိုသာ အဓိက ထားကြတဲ့အတွက် ဖြစ်ပါတယ်။

ဥပဒေကို တလွဲ အသုံးပြုခဲ့တဲ့ ထင်ရှားတဲ့ဖြစ်ရပ်တခု မကြာသေးခင်ကမှ ဖြစ်ပွားခဲ့ပါသေးတယ်။ မေလ ၉ ရက် နဲ့ ၁ဝ ရက်နေ့က အမေရိကန်နိုင်ငံရဲ့ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်းဘဲလ် ဦးဆောင်တဲ့ အဖွဲ့ မြန်မာပြည်ကို လာရောက် လည်ပတ်စဉ်က ဖြစ်ပွားခဲ့တာပါ။

တာဝန် ထမ်းဆောင်ဆဲ အစိုးရ ဝန်ကြီးတွေ နိုင်ငံရေးပါတီ တည်ထောင်ခြင်းဟာ ဥပဒေနဲ့ ကိုက်ညီခြင်း ရှိပါသလားလို့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးကို မေးတဲ့အခါ ဦးသိန်းစိုးက ပြောင်ပြောင် တင်းတင်း လိမ်ညာ ဖြေကြားလိုက်ပါတယ်။

ဦးသိန်းစိုးက ဗိုလ်ချုပ်ဟောင်း တဦး ဖြစ်ပြီး စစ်ဘက် ဆိုင်ရာ တရားသူကြီးဟောင်း တဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဗဟိုတရားရုံးမှာလည်း ဒုတိယ တရားသူကြီးချုပ် အဖြစ် တာဝန် ထမ်းဖူးပါတယ်။ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးသိန်းစိုးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့တာပါ။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးသိန်းစိုး ပြန်ဖြေကြားတာတွေကို အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ဦးသိန်းစိုးက လက်ရှိ ဝန်ကြီးများ နိုင်ငံရေး ပါတီ ထောင်ခြင်းဟာ ဥပဒေနှင့် ကိုက်ညီတယ်လို့ အကြောင်း ပြချက် ၂ ခုနဲ့ သက်သေပြ ဖြေဆိုပါတယ်။ ပထမအကြောင်းပြချက်က “ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ တည်ထောင်တာဟာ ဥပဒေနဲ့ အညီ ဖြစ်ပါတယ်” ပြောရမယ်ဆိုရင် “လက်ရှိ တာဝန် ထမ်းဆောင်ဆဲ နိုင်ငံ့ ဝန်ထမ်းတွေကို နိုင်ငံရေး ပါတီဝင်ခွင့် မရှိဘူး ဆိုတဲ့ ပြဋ္ဌာန်းချက် တခု ရှိပါတယ်။ ဒါပေမယ့် ဝန်ကြီး ဆိုတာ နိုင်ငံရေး ရာထူး ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းတွေ မဟုတ်ပါဘူး” လို့ ဖြေဆိုပါတယ်။

ပထမ အကြောင်းပြချက်ကို ကြည့်ကြရအောင်ပါ။ အစိုးရ ဝန်ကြီးတွေဟာ နိုင်ငံ့ဝန်ထမ်း မဟုတ်ဘူး ဆိုတဲ့ အချက်ကို ဦးသိန်းစိုးက ဘယ်ဥပဒေ ကိုးကား ဖြေခဲ့ပါသလဲ။ ကမ့်ဘဲလ်က ဦးသိန်းစိုးကို အဲ့ဒီ မေးခွန်း မေးခဲ့သလား ဆိုတာ ကျနော် မသိပါဘူး၊ မေးမြန်း စောကြောသင့်တဲ့ အရာပါပဲ။

ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့တဲ့ ရှေ့နေတွေ အဆိုအရ ပြည်ထောင်စု မြန်မာနိုင်ငံတော် ရာဇသတ်ကြီး ဥပဒေမှာ မည်သူဟာ နိုင်ငံ့ ဝန်ထမ်း ဖြစ်ပြီး မည်သူဟာ နိုင်ငံ့ဝန်ထမ်း မဟုတ် ဆိုတာကို ဖော်ပြထားပါတယ်။ ထိုရာဇသတ်ကြီးဥပဒေကို ၁၈၆၁ ခုနှစ် ဗြိတိသျှ အစိုးရ လက်ထက်မှာ ပြဋ္ဌာန်းခဲ့ပြီး ပြင်ဆင် ဖြည့်စွက်မှုများကို နောက်ဆုံး အကြိမ် အဖြစ် ၁၉၆၃ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ရာဇသတ်ကြီးဥပဒေ အခန်း (၂) မှာ ဥပဒေ ဝေါဟာရများကို အဓိပ္ပာယ် ဖွင့်ဆို ဖော်ပြထားပါတယ်။ အဲ့ဒီအခန်းရဲ့ ပုဒ်မ ၂၁ မှာ “ပြည်သူ့ဝန်ထမ်း” ဆိုတာ အောက်ပါ လူပုဂ္ဂိုလ်တွေကို ဆိုလိုပါတယ်၊ ပုဒ်မခွဲ ၉ ရဲ့ အောက်မှာ “အစိုးရ ဝန်ကြီးများ” လို့ ဖော်ပြထားပါတယ်။

၂ဝဝ၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေသစ် အရ “နိုင်ငံ့ဝန်ထမ်း” ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် ဘာသာ တိုက်ရိုက် ပြန်ဆိုရင် “state servant” လို့ အဓိပ္ပာယ် ရပါတယ်။ “ပြည်သူ့ဝန်ထမ်း” နဲ့ စကားလုံး မတူညီပေမယ့် အဓိပ္ပာယ် အတူတူပါပဲ။

အထက်ပါ စကားလုံး နှစ်ရပ်စလုံးရဲ့ အနက် ဖွင့်ဆိုချက်ကို ပညာရေး ဝန်ကြီးဌာန၊ မြန်မာအဖွဲ့ ဦးစီးဌာနက ထုတ်ဝေထားတဲ့ မြန်မာ - အင်္ဂလိပ် အဘိဓာန်မှာ “civil servant” လို့ အဓိပ္ပာယ်ဖွင့် ဆိုထားပါတယ်။

အဲ့ဒီ အထောက် အထားတွေ အရ ဘယ်လို ရှုထောင့်က ကြည့်ကြည့် ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် ဝန်ကြီးတွေဟာ နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်နေပါတယ်။ ပြောရရင် USDP ပါတီ တည်ထောင်တဲ့ နေရာမှာ အဲ့ဒီ ဝန်ကြီးတွေ ပါဝင်နေတာ ဥပဒေနဲ့ ဆန့်ကျင်နေတာ တွေ့ရပါတယ်။

မြန်မာ့အလင်း သတင်းစာ ဖော်ပြချက်အရ USDP ပါတီကို တည်ထောင်ခွင့် ရှိတဲ့ အကြောင်း ဦးသိန်းစိုးက အခြေခံ ဥပဒေရဲ့ “ကူးပြောင်းရေး ကာလ ပြဋ္ဌာန်းချက်” အခန်း၊ ပုဒ်မ ၄၄၄ (က)၊ ပုဒ်မ ၄၄၈ တို့ကို အထောက်အထား အဖြစ် ရည်ညွှန်းပြီး အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ရှင်းလင်းခဲ့ပါတယ်။

ဒါဆိုရင် အဲ့ဒီ ပုဒ်မတွေကို လေ့လာကြည့်ရအောင်ပါ။

ပုဒ်မ ၄၄၄ (က) မှာ “ဤ အခြေခံ ဥပဒေ အာဏာ တည်သည့်နေ့၌ တည်ရှိနေသော အစိုးရ အဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တာဝန်ပေးအပ်သည့် အစိုးရ အဖွဲ့ မပေါ်ပေါက်မီ မိမိတို့၏ သက်ဆိုင်ရာ တာဝန်များကို ဆက်လက် ဆောင်ရွက်ရမည်” လို့ ဆိုထားပါတယ်။

ပုဒ်မ ၄၄၈ မှာ “ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာ စတင် တည်သည့် နေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်အောက်၌ ဖွဲ့စည်း ထားရှိသည့် တပ်မတော်အပါအဝင် ဌာနဆိုင်ရာ အဖွဲ့ အစည်းများ၌ အမှုထမ်းဆဲ ဖြစ်ကြသော နိုင်ငံ ဝန်ထမ်းများသည် ပြည်ထောင်စု မြန်မာ နိုင်ငံတော် အစိုးရက အခြား ပြဋ္ဌာန်းခြင်းမပြုသမျှ ဆက်လက်အမှုထမ်းရမည်” လို့ ဆိုထားပါတယ်။

ဒီ ပြဋ္ဌာန်းချက်တွေကို နှစ်ကြိမ် သုံးကြိမ် ပြန်လှန် လေ့လာခဲ့ပါတယ်။ အဲ့ဒီပုဒ်မတွေဟာ USDP ပါတီ ထူထောင်တာနဲ့ ဆက်စပ်လို့ ရတာ တခုမှ မတွေ့မိပါဘူး။

“အစိုးရ”၊ “နိုင်ငံဝန်ထမ်း”၊ “တပ်မတော်”၊ “နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ” အစရှိတဲ့ အသုံးအနှုံးတွေကို ယခုပုဒ်တွေမှာ သုံးထားပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ဟာ ဥပဒေအရ ကိုယ်ပိုင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရှိတယ် ဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ညွန်းဆိုခဲ့သလို အဆိုပါ ပုဒ်မတွေက အထောက်အကူ ပြုထားတာ တချက်တလေမှ တိုက်ရိုက် ပါဝင်နေတာ မရှိသလို အဲ့ဒီလို အဓိပ္ပာယ် သက်ရောက်အောင်လည်း ဖွင့်ဆိုလို့ မရနိုင်ပါဘူး။

အခြေခံဥပဒေမှာ နိုင်ငံ့ ဝန်ထမ်းနှင့် နိုင်ငံရေးအကြား တိုက်ရိုက် နယ်နိမိတ် စည်းခြားထားတဲ့ ပုဒ်မ ၂၆ (က)၊ ပုဒ်မ ၁၂၁ (ည) တွေမှာ မတူညီမှု ရှိနေခြင်းကို ကွဲကွဲ ပြားပြား တိုက်ရိုက် ခွဲခြား ပြဆိုထားပါတယ်။

ပုဒ်မ ၂၆ (က) မှာ “နိုင်ငံ ဝန်ထမ်းများသည် ပါတီ နိုင်ငံရေးနှင့် ကင်းရှင်းရမည်” လို့ ဆိုထားပါတယ်။

ပုဒ်မ ၁၂၁ မှာ “အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေရ” လို့ ဆိုထားပြီး အဲဒီ ခေါင်းစဉ်အောက်မှာ ရာဇဝတ်အကျဉ်းသားများ၊ စိတ် ပေါ့သွပ်သူများ၊ နိုင်ငံခြားသားများ အစရှိသည်တို့ ပါဝင်တယ်။

ပုဒ်မခွဲ (ည) မှာ “နိုင်ငံ့ဝန်ထမ်း” လို့ ဆက်လက်ပါရှိ ပါတယ်။

ဒါပေမယ့် ပုဒ်မ ၁၂၁ (ည)မှာ “နိုင်ငံ့ဝန်ထမ်း” ဆိုတဲ့ စကားရပ်ကို ခြွင်းချက် ထားထားပါတယ်၊ အဲ့ဒါကတော့ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဖွဲ့စည်းသော လွှတ်တော်များနှင့် အဖွဲ့ အစည်းများတွင် ရွေးချယ် ခန့်အပ်ခြင်း ခံရသည့် တပ်မတော်သားများ အပါအဝင် နိုင်ငံ့ ဝန်ထမ်းများနှင့် မသက်ဆိုင်စေရ” လို့ ဖော်ပြထားပါတယ်။

“ရွေးချယ် ခန့်အပ်ထားသော” ဆိုတဲ့ စကားရပ်ကို သတိပြုဖို့ လိုပါတယ်။ အဲ့ဒီ စကားရပ်ဟာ “ရွေးကောက်ခံထားရသော” လို့ အဓိပ္ပာယ် မရပါ။ အဲ့ဒါကြောင့် ဒီပြဋ္ဌာန်းချက်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ် ခန့်အပ်မယ့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ အတွက်သာ ဖြစ်တယ် ဆိုတာ ရှင်းရှင်း လင်းလင်း မြင်နိုင်ပါတယ်။

ဒါကြောင့် အဲ့ဒီ ဥပဒေခြွင်းချက်ဟာ USDP ပါတီကို ထူထောင်ခဲ့ကြတဲ့ လက်ရှိ ဝန်ကြီးများနဲ့ မသက် ဆိုင်ပါ။

ဦးသိန်းစိုး ဖြေကြားချက်တွေဟာ အမှန်တရားနဲ့ ကွဲလွဲနေပါတယ်။ စစ်အစိုးရက ၁၄ နှစ်ကြာ ရေးဆွဲခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ အခြေခံ ဥပဒေက လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ ဝန်ကြီးချုပ်က ဖြစ်စေ၊ အခြား အစိုးရ ဝန်ကြီးတွေက ဖြစ်စေ နိုင်ငံရေး ပါတီ ဖွဲ့စည်း ထူထောင်တာကို ခွင့်ပြုထားတာ မရှိပါဘူး။

အဲ့ဒါကြောင့် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရ USDP ပါတီဟာ တရားဝင် နိုင်ငံရေးပါတီ မဟုတ်ပါဘူး။

နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တဲ့ အခါ နိုင်ငံရေး ပါတီတိုင်းက ကိုယ်စားလှယ်တွေဟာ အခြေခံ ဥပဒေကို စောင့်ထိန်း လိုက်နာပါမယ်လို့ လက်မှတ်ထိုးကြရပါတယ်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ (ဂ)၊ ပုဒ်မ ၁၂ (က/၄) တို့အရ ရွေးကောက်ပွဲ ကော်မရှင်ဟာ ဥပဒေကို ဖောက်ဖျက်တဲ့ ဘယ်လို နိုင်ငံရေး ပါတီကို မဆို ဖျက်သိမ်းနိုင်တဲ့ အခွင့် အာဏာ ရှိပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင်ဟာ ဒီဥပဒေကို ကျင့်သုံးပြီး USDP ကို ဖျက်သိမ်းတာမျိုး မလုပ်ပါဘူး။

ပိုပြီး ဆိုးရွားတာကတော့ မြန်မာ ပြည်သူတွေအဖို့ နိုင်ငံတွင်းမှာ ဖြစ်စေ၊ နိုင်ငံတကာမှာ ဖြစ်စေ တရားမျှတမှုကို ရှာဖွေဖို့ အတွက် ရွေးချယ်စရာ ဥပဒေ လမ်းကြောင်း ရှိမနေတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။

ဧရာဝတီမဂ္ဂဇင်း၏ ရွေးကောက်ပွဲ စာမျက်နှာ တာဝန်ခံ ထက်အောင် ရေးသားသည့် “USDP Illegal under Constitution” ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။


လူ ၄၀၀ မဲရုံတစ်ခုထားမည်ဟု နမ့်ခမ်း ကြံ့ဖွံ့ပြော

သျှမ်းသံတော်ဆင့်
့်
မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်များ ကြေငြာခြင်း မရှိသေးချိန်တွင် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကြံ့ဖွံ့အသင်းက မဲထည့်နိုင်သူ လူဦးရေ ၄၀၀ လျှင် မဲရုံတစ်ရုံထား ရှိမည်ဟု ဒေသတွင်း လှည့်လည်ပြော ကြားနေကြောင်း သိရသည်။


မေလနောက်ဆုံးအပတ်က စတင်ခဲ့သည့် ကြံ့ဖွံ့အသင်း၏ နမ့်ခမ်းမြို့နယ်အတွင်း ကျေးရွာများ စည်းရုံးရေး ခရီးစဉ်တွင် ကျေးရွာ အာဏာပိုင်များကို မဲရုံကိစ္စနှင့်ပတ်သက်၍ ထိုသို့ ပြောကြားခဲ့ကြောင်း ကြံ့ဖွံ့အသင်းဝင် တစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

“မေလ ၁၉ ရက်နေ့က စပြီးရွာတွေစည်းရုံးရေးဆင်းနေတာလေ အခုချိန်ထိပေါ့ မဲရုံတည်ဆောက်တာတွေကို ကျေးရွာ အာဏာပိုင်တွေနဲ့ပြောတယ် ရွာတစ်ရွာမှာ မဲထည့်တဲ့လူ ၄၀၀ ရှိရင် မဲရုံတစ်ရုံပေါ့ ၈၀၀ ရှိရင် ၂ ရုံထားရမယ်ပေါ့ ” ဟု သူက ဆိုသည်။

ထိုသို့ လူဦးရေ အကန့်အသတ်ဖြင့် မဲရုံများထားလျှင် အချို့ကျေးရွာများတွင် မဲရုံ ၂ ရုံမှ ၃ ရုံအထိ ထားရှိရမည်ဖြစ်ပြီး မဲရုံများလေလေ အာဏာပိုင်များဘက်မှ မဲလိမ်ရန် အခွင့်အလမ်းသာလေလေ ဖြစ်နိုင်ကြောင်း အကြားအမြင်များသည့် ဒေသခံတစ်ဦးက ဆိုသည်။

“အခုလို မဲရုံများများထားတော့ နအဖဘက်က မဲလိမ်လို့ပိုကောင်းတာပေါ့ စောင့်ကြည့်ဖို့ဟာလည်း အခက် အခဲရှိတယ်။ မဲသယ်တဲ့ ရွေ့တဲ့နေရာ ဒီကြားထဲအမျိုးမျိုးလှည့်လို့ရတယ်ဗျာ။ ကျွန်တော့်အထင်ပြောရရင် ဒီရည်ရွယ်ချက်နဲ့ လုပ်တာ ဖြစ် နိုင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုတုန်းကလိုပဲ သူတို့စိတ်ကြိုက် လုပ်သွား မှာပဲ” လို့ ၄င်းဒေသခံက သုံးသပ်သည်။

နအဖစစ်အာဏာပိုင်များ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဥပဒေအရ ကော်မရှင်သည် မဲဆန္ဒနယ် အကျယ် အ၀န်းကို ရွေးကောက်ပွဲမကျင်းပမီ အနည်းဆုံးရက်ပေါင်း ၃၀ ကြိုတင်၍ ကော်မရှင်အဖွဲ့ခွဲက ထပ်ဆင့်ကြေငြာရမည်ဟုဖေါ်ပြ ထားသည် ။

ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို ယနေ့အထိ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးချိန်တွင် လူမှုရေးအသင်းအမည်ခံ ထားသော ကြံ့ဖွံ့အသင်းက မဲရုံကိစ္စများ ဆောင်ရွက်နေခြင်းမှာ ဥပဒေအရ တရားဝင်မှုမရှိကြောင်း သူက ဆက်ပြောသည်။

နမ့်ခမ်းကြံ့ဖွံ့အသင်းအနေဖြင့် မေ ၁၉ ရက်နေ့မှ စ၍ အသင်းဝင်အင်အား စုဆောင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက် နေရာ နမ့်ခမ်းမြို့ပေါ်ရပ်ကွက်တစ်ခုလျှင် အယောက် ၅၀ မ၀င်မနေရ စနစ်ဖြင့် စုဆောင်းနေ ကြောင်း သိရသည်။



မင်ဒါနာအို ရွေးကောက်ပွဲသို့ ရောက်ခဲ့စဉ်က

စောရန်နိုင်

ဖိလစ်ပိုင်နိုင်ငံ သမ္မတနဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေကို ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ယက် (ANFREL) က နိုင်ငံတကာ ကိုယ်စားလှယ် ၄၁ ဦး သွားရောက် စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ ဒီတကြိမ်ဟာဆိုရင် ဖိလစ်ပိုင်နိုင်ငံမှာ Precinct Count Optical Scanner (PCOS) လို့ခေါ်တဲ့ စက်ကရိယာစနစ်ကို အသုံးပြုပြီး ပထမဆုံးအကြိမ် ရွေးကောက်ပွဲတွေ ကျင်းပတာ ဖြစ်ပါ တယ်။

ANFREL ကိုယ်စားလှယ်အဖွဲ့နဲ့ အတူ ကျနော်လည်း လိုက်ပါခွင့် ရခဲ့ပါတယ်။ ကျနော်တို့အဖွဲ့ မြို့တော် မနီလာကို မေလ ၂ ရက်နေ့ မှာ ရောက်ပြီး ဘယ်သူတွေ ဘယ်နေ့မှာ လေ့လာကြမယ်ဆိုတာကို တာဝန်ခွဲကြပါတယ်။ ဘင်္ဂလားဒေ့ရှ်က လုပ်ဖော်ကိုင်ဖက် တဦး နဲ့အတူ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ မင်ဒါနာအို ဒေသက ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာဖို့ ကျနော့်ကို တာဝန် ပေးပါတယ်။ မေလ ၅ ရက် မနက်စောစောမှာ ကျနော်တို့ နှစ်ယောက် မနီလာကနေ ဇမ်ဘွန်ဂါ (Zamboanga) မြို့ကို လေယာဉ်ပျံနဲ့ ထွက်ခွာခဲ့ပြီး အဲ့ဒီကနေတဆင့် မင်ဒါနာအိုက စူးလူးကျွန်း (Sulu Island) ဆီရောက်အောင် ဖယ်ရီနဲ့ ၁၃ နာရီကြာ ညအိပ်ခရီး ဆက်ခဲ့ကြပါတယ်။


ကျွန်းကို ရောက်တဲ့အခါမှာ ဒေသခံ ဘာသာပြန်တဦးက ကျနော်တို့ကို အသင့် စောင့်ကြိုနေပါတယ်။ သူက ကျနော်တို့ ရောက် တဲ့အကြောင်း စာရင်းပေးနိုင်အောင် ဖိလစ်ပိုင်တပ်မတော် ဒေသအခြေစိုက်စခန်းဆီကို ချက်ချင်းပဲ ခေါ်သွားပါတယ်။

စခန်းကို ရောက်တဲ့အခါ တာဝန်အရှိဆုံးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရပ်တီကိုဂွာရီရို က ရွေးကောက်ပွဲကာလမှာ အကြမ်းဖက်မှုတွေ ရှိလာ နိုင်တယ်။ ဒါပေမယ့် ဒါဟာ စူးလူးကျွန်းပေါ်မှာရှိနေတဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေထဲက တခုပါလို့ ကျနော်တို့ကို ပြောပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွတ်စလင် မင်ဒါနာအို နယ်မြေရဲ့ အစိပ်အပိုင်းတခုဖြစ်တဲ့ စူးလူးကျွန်းဟာ ပြန်ပေးဆွဲတဲ့ နေရာမှာ အထူး သဖြင့် နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲတဲ့နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဒေသဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီဒေသ မှာပဲ မိုရိုအစ္စလာမ် လွတ်မြောက်ရေးတပ်ဦး (Moro Islamic Liberation Front) နဲ့ အဘူဆေရပ် (Abu Sayyaf) လို မွတ်စလင် သူပုန်အဖွဲ့တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ဖိလစ်ပိုင် ဗဟိုအစိုးရကို ဆယ်စုနှစ်နဲ့ချီပြီး တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

စူးလူးဒေသကို ဗုံးခွဲတိုက်ခိုက်တာ၊ သေနတ်နဲ့ပစ်တာ၊ သတ်ဖြတ်တာတွေ အပြင် ရွေးကောက်ပွဲနဲ့ ဆက်နွယ်တဲ့ တခြား အကြမ်း ဖက်မှုတွေလည်း ဖြစ်နိုင်ချေရှိတဲ့ “ဆူပူရပ်ဝန်း” အဖြစ် သတ်မှတ်ထားတာလို့ ဗိုလ်ချုပ်ကြီး ရပ်တီကိုဂွာရီရိုက ပြောပါတယ်။ စစ်တပ်က အတည်တကျ မထိန်းချုပ်နိုင်တဲ့ နေရာတွေ အထူးသဖြင့် သူပုန်တွေလှုပ်ရှားနေတဲ့ ကမ်းရိုးတန်းဒေသတွေကို မသွားဖို့ကိုလည်း သူက ကျနော်တို့ကို သတိပေးပါသေးတယ်။

ကျနော်တို့ကို ရဲတွေကလည်း သူ့လိုပဲ သတိပေးတဲ့အပြင် အဘူဆေရပ်က ရွေးကောက်ပွဲကို ဖျက်ပစ်မယ်လို့ ခြိမ်းခြောက် ထားတယ်လို့လည်း ပြောကြပါတယ်။

ရွေးကောက်ပွဲအကြိုကာလ ပြင်ဆင်မှုတွေကို စူးလူးမှာ ကျနော်တို့ လေ့လာခွင့်ရခဲ့ပါတယ်။ အဲ့ဒီမှာ ကျနော်တို့တွေ့ခွင့်ရတဲ့ ရွေးကောက်ပွဲကော်မရှင် (Comelec) ကိုယ်စားလှယ်တွေက ကျေးလက်ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတော်တော်များများမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဗဟုသုတ မရှိသလောက်နည်းကြတယ်လို့ ပြောပြပါတယ်။ NGO ၀န်ထမ်းတွေကလည်း နိုင်ငံ အတွင်းပိုင်း ဒေသတွေမှာ မဲဝယ်မှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မဲဝယ်တာတွေကိုတော့ ကျနော်တို့ မတွေ့ခဲ့ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ရွေးကောက်ပွဲတွေကို မင်ဒါနာအို အနောက်ပိုင်းက ဇမ်ဘွန်ဂါမြို့မှာပဲ လေ့လာခဲ့ရလို့ ဖြစ်ပါ တယ်။

ဖိလစ်ပိုင်လူမျိုးတွေဟာ ရွေးကောက်ပွဲမှာ စိတ်ဝင်တစားနဲ့ အားတက်သရောရှိတာ တွေ့ရပါတယ်။ အသက်အရွယ် ကြီးရင့်သူတွေနဲ့ မစွမ်းမသန်ဖြစ်နေသူတွေဟာ သမ္မတ၊ ဒုသမ္မတ၊ ပါလီမန်အမတ်တွေနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးအတွက် သူတို့ရဲ့ ဆန္ဒမဲကို ပေးဖို့ သည်းခံစောင့်ဆိုင်းနေတာကိုလည်း မြင်ခဲ့ရပါတယ်။ တချို့ဆိုရင် မဲပေးရဖို့အရေး အကြာကြီး စောင့်ကြရပါတယ်။ မဲပေးတဲ့ နေရာတွေ ပိတ်တဲ့ အချိန် မေလ ၁၀ ရက် ည ၇ နာရီ မှာတောင်မှပဲ မဲရုံအပြင်ဘက်မှာ မဲဆန္ဒရှင် လူတန်းကြီး ရှိနေသေးတာကို တွေ့ရပါတယ်။ တချို့ကတော့ မဲပေးခွင့်မရတဲ့အပေါ် သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးကို ပိတ်ပင်တာဖြစ်တယ်လို့ Comelec ကို အပြစ်တင်ကြပါတယ်။

ဇမ်ဘွန်ဂါမြို့ အုပ်ချုပ်ရေး အောက်မှာရှိတဲ့ မြို့နဲ့အလှမ်းဝေးတဲ့ ရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဆိုရင် ဆန္ဒမဲပေးပွဲနဲ့ ပတ်သက်ပြီး သူတို့ သိသင့်သိထိုက်တာတွေ ဘာမှ မသိရဘူးလို့ ပြောပါတယ်။ အခုရွေးကောက်ပွဲမှာ အသုံးပြုတဲ့ PCOS စနစ်ကိုလည်း ရုပ်မြင်သံကြားကနေတဆင့် သိရတာလို့ အမျိုးသမီးတယောက်က ပြောပါတယ်။

ဇမ်ဘွန်ဂါမြို့က ဆန္ဒမဲပေးတဲ့နေရာအားလုံးရဲ့ ထက်ဝက်နီးပါးကို ကျနော်တို့ ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီမှာ ကျနော်တို့ တွေ့ခဲ့ရတဲ့ ဖိလစ်ပိုင်မဲဆန္ဒရှင်တွေက အရင်သုံးခဲ့တဲ့ မဲပေးစနစ်တွေထက်စာရင် အခု PCOS စနစ်ကို သူတို့ ပိုကြိုက်တယ်လို့ ဆိုပါတယ်။ ဒီစနစ်မှာ အရင်လို ကိုယ်စားလှယ်လောင်းတွေရဲ့ နာမည်အပြည့်အစုံကို သူတို့ကိုယ်တိုင် ရေးထည့်ဖို့ မလိုတော့တာကြောင့် ကြိုက်တာလို့ ပြောကြပါတယ်။

တချို့ PCOS စက်တွေမှာ ဆန္ဒမဲပြားကို လက်မခံတာ၊ အစွန်အဖျားကျတဲ့ ရွာတွေက ဆန္ဒမဲပေးတဲ့နေရာတွေမှာ လျှို့ဝှက် မဲပေးခွင့် မရှိတာ စတဲ့ ပြဿနာတွေလည်း ဖိလစ်ပိုင်ရွေးကောက်ပွဲကာလမှာ ရှိခဲ့ပါတယ်။ ဘာစီလန် ပြည်နယ်မှာ သွားရောက် လေ့လာခဲ့တဲ့ သူတွေကလည်း မဲဝယ်တာတွေ သူတို့အများကြီး ကြုံခဲ့ရတယ်လို့ နောက်ပိုင်းမှာ ကျနော်တို့ကို ပြောပြပါတယ်။

ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ စိတ်ဝင်စားစရာ အချက်တခုကတော့ ပြစ်မှုကျူးလွန်တယ်လို့ သတ်မှတ်မခံရသေးခင် ထောင်ထဲမှာ ထိန်းသိမ်းခံနေရသူတွေအနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရတာပဲ ဖြစ်ပါတယ်။ သူတို့ထဲက တယောက်ဆိုရင် မဲပေးခွင့်ရတဲ့ အတွက် ၀မ်းသာကြောင်း၊ ထောင်အာဏာပိုင်တွေကလည်း ဘယ်သူ့ကို မဲပေးရမယ်ဆိုတာမျိုး ဖိအားပေးတာ မရှိကြောင်း ကျနော် တို့ကို ပြောပြပါတယ်။

အခုလိုမျိုး အထိန်းအသိမ်းခံထားရသူတွေ မဲပေးပိုင်ခွင့် ရှိမရှိ မှုခင်းပညာရှင် အက်တာဂယ်ဗက်ပဲပီတို (Ester Galvez-pepito) ကို ကျနော်တို့ မေးကြည့်မိပါတယ်။ သူက “ဘာလို့ မရှိရမှာလဲ၊ သူတို့ အပြစ်ရှိတယ်လို့ သက်သေမပြနိုင်မချင်း သူတို့မှာ ဘာအပြစ်မှ ရှိတာမဟုတ်ဘူး၊ အဲ့ဒီတော့ သူတို့ ဘာကိစ္စနဲ့ မဲပေးခွင့် မရှိရမှာလဲ” လို့ ဖြေပါတယ်။

မဲပေးပြီး ပြန်လာတဲ့ အိမ်ထောင်သည်အမျိုးသမီး တယောက်ကတော့ “ကျမရဲ့ မဲက သိပ်ကို အရေးကြီးပါတယ်၊ ဆန္ဒမဲ အားလုံးက ကျမတို့နိုင်ငံ အနာဂတ်အတွက် အရေးပါတယ်လေ” လို့ ကျနော်တို့ကို ပြောပြလိုက်ပါသေးတယ်။

စောရန်နိုင်ရေးသားသည့် Election Witness in Mindanao ကို ဆီလျော်အောင် ပြန်ဆိုသည်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ June,1st,2010

( 41 )၂၀၀၉ - ၂၀၁၀ အတွင်း ဘိန်းပိုစိုက် - အထွက်နှုန်းကျဆင်းမှုစံချိန်တင်

( 40 )Myanmar eliminates neonatal tetanus

( 39 )ထိုင်းမြန်မာနယ်စပ်မှ ပြည်တွင်းသို့ဝင်သည့် လိုင်စင်မဲ့ ကားများ ဖမ်းဆီးခံရ

( 38 )Tay Za's Air Bagan Gets a Rival

( 37 )ဂုဏ၀ိသိဌပူဇာ မင်္ဂလာပွဲကို ရခိုင်အမျိုးသား အများစုက မျက်ကွယ်ပြု

( 36 )India implements FTA with Vietnam, Myanmar

( 35 )မြန်မာ တိုင်းမ်စ် အားကစား စာစောင် နေ့စဉ် ထုတ်ဝေခွင့်ရ

( 34 )China and Burma ‘allied over foreign enemies’

( 33 )မင်္ဂလာဈေးအနီး ဆိုင်ခန်းငှားခ ၂ ဆ မြင့်တက်

( 32 )Karenni resistance leader dies at 81

( 31 )ကျောက်စိမ်းအလုံးလိုက် ပြသရောင်းချခွင့် မပြု

( 30 )Branch Office of Myanmar Rakhine National Force Party Opens in Arakan

( 29 )စာပေလောကမှ လူငယ်စာရေးဆရာတဦး နိုင်ငံရေးလောကသို့ ၀င်ရောက်

( 28 )30 shopkeepers detained for using tokens as small change

( 27 )ရွှေ့ပြောင်းအလုပ်သမားများလည်း လျော်ကြေးခံစားခွင့်ရှိ

( 26 )ကရင်နီခေါင်းဆောင် ဗိုလ်ချုပ် မန်းအောင်သန်းလေး ကွယ်လွန်

( 25 )China and Burma ‘allied over foreign enemies’

( 24 )မင်္ဂလာဈေး မီးလောင်မှုကြောင့် နေ့စားအလုပ်သမားများ ၀မ်းရေးခက်

( 23 )Five facts about China-Myanmar relations

( 22 )ကရင်နီ ဝါရင့်ခေါင်းဆောင် ကွယ်လွန်

( 21 )EU meets old and new opposition

( 20 )ဓာတ်ငွေ့ ပိုက်လိုင်းပေါက်၊ ရန်ကုန်လျှပ်စစ်မီး ရရှိမှု ပိုဆိုး

( 19 )China's Wen to talk energy, elections in Myanmar

( 18 )မြန်မာ တပ်မတော်က ကလေးစစ်သား စုဆောင်းမှုကို ပြုလုပ်နေဆဲ

( 17 )Myanmar steps up fire prevention measures in all Yangon major markets

( 16 )မြန်မာနိုင်ငံတွင် ဆေးလိပ် သောက်သုံးသူ ဦးရော ကျဆင်းသည်ဟု ဆို

( 15 )Burma intelligence probes political inmates

( 14 )ရွေးကောက်ပွဲ ၀င်မည့် အဖွဲ့များနှင့် အီးယူ အဖွဲ့ တွေ့ဆုံ

( 13 )Chinese premier's visit to Myanmar to open up new page in bilateral ties

( 12 )Burma: Tricked into slavery by brutal traffickers

( 11 )ထက်ထက်မိုးဦး လုပ်ရပ်နှင့် ပတ်သက်ပြီး စာပေနှင့် စာနယ်ဇင်းအဖွဲ့က ရှုတ်ချ

( 10 )Myanmar to issue new stamp to mark Sino-Myanmar relations anniversary

( 9 )ဒီပဲယင်း လုပ်ကြံမှု ၇ နှစ်ပြည့်သော်လည်း တရားခံ မပေါ်သေး

( 8 )မဲဆောက်တွင် ငြိမ်းချမ်းရေး လိုလားသည့် ရဟန်းရှင်လူများ လမ်းလျှောက်

( 7 )Sanctioning Disaster

( 6 )NLD လုပ်ဆောင်ချက် ဥရောပသမဂ္ဂ ဆက်ထောက်ခံသွားမည်

( 5 )In Asia, Cutting Arsenic Risk in Water Through Well-Drilling Techniques

( 4 )မြန်မာ့အရေး တရုတ်က ဖိအားပေး ပြောဆိုဖို့ လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

( 3 )Global climate alliance pledges stronger action

( 2 )သဘာဝဘေးအန္တရာယ် အများဆုံး နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံပါ

( 1 )Depayin Masterminds Wield Power in USDP

Monday, May 31, 2010

မြစ်ဆုံရေကာတာစီမံကိန်းအတွက် ကျေးရွာသားများ စတင်ပြောင်းရွေ့

သတင်းနှင့်မီဒီယာ ကွန်ယက်။

ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း အတွက် မေခနှင့် မလိခ မြစ်ဆုံရာ ဒေသရှိ မဇွပ် ကျေးရွာအား ယနေ့တွင် မြစ် ကြီးနား မြို့နယ် အာဏာပိုင် များက စတင် ပြောင်းရွေ့ ခိုင်းခဲ့သည်။

မြစ်ကြီးမြို့နယ် မယကမှ ဦးဆောင်ပြီး စစ်တပ်၊ ရဲတို့ လိုက်ပါလုံခြုံရေးယူပေးကာ မြို့နယ်အတွင်းရှိ ကြံ့ဖွံ့နှင့်ရပ် ကွက်လုပ်အားပေးအဖွဲ့များက တန်ဖဲကျေးရွာတဖက်ကမ်း မဇွပ်ကျေးရွာအား ပြောင်းရွေ့ခဲ့သည်ဟု တန်ဖဲကျေး ရွာသားက ယခုလိုပြောသည်။

“မယကဥက္ကဌ၊ ဗျူဟာမှူးနဲ့ လုပ်အားပေးအဖွဲ့အချို့ စစ်တပ်နဲ့ရဲက မနေ့ကတည်းက ရောက်ပြီး ည အိပ်တယ်၊ ဒီိနေ့မှာ ကြံ့ဖွံ့နဲ့လုပ်အားပေးအဖွဲ့တွေရောက်ပြီးမဇွပ်ကျေးရွာပေါ၊့ ဗမာလို မြစ်ဆုံလို့ခေါ် တယ်၊ မေခနဲ့ မလိခဆုံတဲ့ထိပ်ကရွာ။ အိမ်ခြေ(၆၃)လုံးရှိတယ်၊ အဲဒီကနေ သူတို့တွေကို ခေါ်လာတော့ တချို့ကလေးတွေရော၊ လူကြီးတွေရော ငိုနေကြတယ်။ အားလုံးမျက်နှာမကောင်းကြဘူး။”

အဆိုပါ ပြောင်းရွေ့လာသူများအား တန်ဖဲကျေးရွာအောက်ဘက် (၈)မိုင်ခန့်အကွာ၊ မြစ်ကြီးနားအထက် မိုင်(၂ဝ)ကျော်အကွာရှိ လုံဂါဇွပ် ကျေးရွာအနီးတွင် အေးရှားဝေါ ကုမ္ပဏီကတည်ဆောက်ထားသည့် အိမ်ယာစီမံကိန်း မြေ နေရာတွင် နေရာချထားပေးသည်။

ယခုကျေးရွာအားပြောင်းရွေ့နိုင်ရန်အတွက် မြစ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်(၅၈)ရပ် ကွက်မှ တရပ်ကွက်လျင် လုပ်အားပေးလိုက်ရန် လူ(၁ဝ)ဦးစီ ဆင့်ခေါ်ခဲ့သည်။

မြစ်ဆုံဒေသရှိ မဇွပ်ကျေးရွာသည် မြေသြဇာကောင်းပြီး စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုကြပြီး ယခုပြောင်းရွေ့သည့်နေရာသည် စိုက်ပျိုးမြေ မရှိသည့်အတွက် ဒေသခံများမှာ မပြောင်းရွေ့ ချင်သော် လည်း အာဏာပိုင်များ၏ အမိန့်ကို မလွန်ဆန်ရဲဘဲ ပြောင်းရွေ့ခဲ့ရသည်ဟု အဆိုပါ ဒေသခံက ပြောသည်။

“အဲဒီရွာက စစ်တပ်ရဲ့ အုပ်ချုပ် ဖိနှပ်၊ ခြိမ်းခြောက်မှုအောက်မှာ နေလာတာကြာပြီဆိုတော့ ဘာမှ လည်း ပြန်မလုပ်ရဲကြဘူး။ အခုပြောင်းရွေ့တာ ဘာပြဿနာမှမရှိခဲ့ဘူး။”

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ကျေးရွာသား(၁၅ဝဝဝ)ကျော် နေရာပြောင်းရွေ့ရနိုင်ပြီး ကချင်တိုင်းရင်းသား တို့၏ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြစ်ဆုံဒေသ ပျောက်ကွယ် မည့်အပြင် တံငါလုပ်ငန်း၊ သယ်ယူပို့ ဆောင် ရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ ထိခိုက်မည်ဖြစ်၍ ဒေသခံများ အပါအဝင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့နှင့် ကချင်အင်န်ဂျီအိုအဖွဲ့များက မြစ်ဆုံရေကာ တာစီမံကိန်း ရပ်တန့်ပေးရန် တောင်းဆိုခဲ့သည်။

ယမန်နေ့ နေ့စွဲဖြင့် ကချင်ပြည်လူမှုဖွံ့ဖြိုးရေးကွန်ယက်က ရေကာတာရေအားလျပ်စစ် စီမံကိန်းတွင် ရင်းနှီးမြုပ် နှံထားသည့် တရုတ်လျပ်စစ်စွမ်းအားရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း (CPI) အားရည်ညွှန်း၍ စီမံကိန်းရပ်ဆိုင်း ပေး ရန် တရုတ်သမ္မတ ဟူကျင်းတောင်းထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။



တိုကင် အသုံးပြုသည့် မောင်တောမှ ဈေးဆိုင်ပိုင်ရှင် ၃၀ ကို ရဲက ခေါ်ယူ ထိန်းသိမ်း

တာကလူး

မြန်မာ နိုင်ငံ၏ အနောက်ဘက် အစွန်ဆုံး စီးပွားရေး အရ အချက် အချာမြို့ ဖြစ်သည့် မောင်တောတွင် ငွေစက္ကူ အကြွေ ရှားပါး နေသည့် အတွက် ငွေစက္ကူ အစား တိုကင်ပြားများ ထုတ်လုပ် အသုံးပြုနေသည့် ဈေးဆိုင်ပိုင်ရှင် ၃၀ ကို ရဲက မနေ့က ခေါ်ယူ ထိန်းသိမ်း လိုက်သည်။

အမည်မဖေါ်လိုသူ စီးပွားရေး သမား တဦးက “ သူတို့ကို မနေ့က နံနက် ၁၀ နာရီခန့်မှာ မောင်တောရဲစခန်းမှာ တိုကင် ကိစ္စ ဆွေးနွေးစရာ ရှိတယ်ဆိုပီး ခေါ်ယူကာ ဖမ်းဆီး ထိန်းသိမ်း လိုက်တာ ဖြစ်ပါတယ်။ မနေ့ကတော့ စစ်ဆေးမေးမြန်းမူတွေ လုပ်တယ်။ ဒီကနေ့မှာတော့ ရုံးတင်မယ်လို့ သိရပါတယ်။” ဟု ပြောသည်။

မောင်တောမြို့တွင် ငွေအကြွေ အထူး ရှားပါးနေသဖြင့် ၂၀၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်နှင့် ၅၀ ကျပ်တန်အစား တိုကင် ငွေစက္ကူများကို ဈေးဆိုင် ပိုင်ရှင်များက ရိုက်နှိပ် ထုတ်လုပ်ကာ သုံးစွဲ နေကြခြင်း ဖြစ်သည်။

“ခုလို အသုံးပြုနေတာကတော့ ဈေးဆိုင်တွေရော၊ ဈေးဝယ် သူတွေပါ အဆင်ပြေတဲ့ အတွက် နားလည်မူနဲ့ တိုကင်တွေ ကို ရိုက်နှိပ် သုံးစွဲနေကြတာ ဖြစ်ပါတယ်။ တိုကင်တွေမှာ ဈေးဆိုင် နာမည်နဲ့ ငွေကြေးတန်ဖိုးကို ရိုက်နှိပ်ထားတယ်။ အဲဒီ တိုကင်တွေနဲ့ မောင်တောမြို့အတွင်းမှာ ဈေးဝယ်တဲ့ နေရာမှာ အသုံးပြုလို့ရပါတယ်” ဟု သူက ဆက်ပြောသည်။

ရဲက ခေါ်ယူ ထိန်းသိမ်း ခံရသူများထဲတွင် ဖြိုးလဘက်ရည် ဆိုင်ပိုင်ရှင်၊ ရွှေနှင်းဆီ လဘက်ရည်ဆိုင် ပိုင်ရှင်၊ ခိုင်ထွန်း စားသောက်ကုန် ဆိုင်ပိုင်ရှင်၊ စေတနာ စတိုး ဆိုင်ပိုင်ရှင်၊ စန်းသီဟ လဘက်ရည် ဆိုင်ပိုင်ရှင်၊ ရွှေပျံလွှား ပိုင်ရှင်နှင့် ပိတောက်ရိပ် စတိုးဆိုင် ပိုင်ရှင်များ ပါဝင်သည်ဟု သိရသည်။

ယခုကဲ့သို့ တိုကင် ပြဿနာ တက်လာခြင်းမှာ မောင်တော မြို့မဈေးရှိ မာမတ်ဆောယော့ဒ် အထည်ဆိုင်၊ အာဘူတာဟေ စားကုန်ဆိုင်၊ ခိုင်ထွန်း စားကုန်ဆိုင်၊ ရပ်ကွက် (၂) မှ ကော်ရိမ္မူလာ ကုန်စုံဆိုင်၊ ရပ်ကွက် (၄) မှ ဖိနပ်ဆိုင်၊ ဇီးကာဖီ လဘက်ရည်ဆိုင်၊ ဖြိုးလဘက်ရည်ဆိုင်၊ စမ်းသီဟ လဘက်ရည်ဆိုင်တို့မှ ထုတ်ပေး ထားသည့် တိုကင်များနှင့် အမှတ် (၃)ရပ်ကွက်ရှိ အောင်ဝင်း ဆိပ်ကမ်း အကောက်အဖွဲ့မှ ထုတ်ပေးသည့် ၀ိမလ တိုကင်များကို ယခုရက်ပိုင်းအတွင်း ထုတ်ပေးထားသူများမှ လက်ခံရန် ငြင်းဆိုခဲ့ရာမှ စတင် ဖြစ်ပွား လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တော မြို့နယ် အတွင်း လက်ရှိ လည်ပတ်နေသည့် တိုကင်ငွေ တန်ဖိုး စုစုပေါင်းမှာ ကျပ်သိန်း ၅၀၀ နီးပါးဖိုးခန့် ရှိုပြီး လွန်ခဲ့သော နှစ်များစွာကတည်းကပင် တိုကင်ကို တွင်တွင်ကျယ်ကျယ် အသုံးပြု နေကြကြောင်း စုံစမ်းသိရှိရသည်။

အာဏာပိုင်များက တိုကင် ထုတ်ပေးသူ ဈေးဆိုင်ပိုင်ရှင်များကို ဖမ်းဆီးသည်သာမက ယခုအခါ တိုကင် သုံးစွဲခွင့်ကိုပါ ရုတ်တရက် ပိတ်ပင် လိုက်ခြင်းကြောင့် ပြသနာများ ပိုမို ရှုပ်ထွေးသွားပြီး ဆင်းရဲသား ပြည်သူများကို နစ်နာမူ ဖြစ်စေသည်ဟု မြို့လူကြီး တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ပြသနာရဲ့ ဇစ်မြစ်ကို အရင် မရှင်းပဲ ဒီလို ရုတ်တရက် ပိတ်ပင် လိုက်တာဟာ ပြသနာတွေကို ပိုမို ရှုပ်ထွေးသွားအောင် လုပ်လိုက်တာနဲ့ တူတယ်။ ဒီတိုကင်တွေ လည်ပတ်နေတာ ကြာပီဆိုတော့ ဒီလို ပိတ်လိုက်တာဟာ သာမန် ဆင်းရဲသား ပြည်သူတွေကို ထိခိုက်နစ်နာသွားအောင် လုပ်လိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အများကတော့ ခုလို လုပ်လိုက်တဲ့ အပေါ် အထူး မကျေမနပ် ဖြစ်နေကြပါတယ်” ဟု ပြောသည်။

မြန်မာ နအဖ စစ်အစိုးရ အနေဖြင့် ငွေအကြွေ စက္ကူ ရှားပါးနေသဖြင့် ပြည်သူများ ဈေးဝယ် ဈေးသုံးရာတွင် လွယ်ကူချော့မွေ့နိုင်ရေး အတွက် အစိုးရဘဏ်များမှ တဆင့် ငွေကြွေ အသစ်များကို လှဲလှယ် ထုတ်ပေးနေကြောင်း ကျေညာသော်လည်း မောင်တောမြို့ အပါအ၀င် ရခိုင်ပြည်နယ်တွင် ထုတ်ပေး လှဲလှယ် ခြင်း မရှိကြောင်း သိရသည်။

ယခု ဖမ်းဆီးမူကို မောင်တောခရိုင် ဥက္ကဌသစ် ထွန်းနိုင်လင်း အမိန့်အရ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသ မောင်တောမြို့နယ်အတွင်း အာဏာပိုင်များက ယခုကဲ့သို့ ပုဂ္ဂလိက ငွေတိုကင်များကို ပိတ်ပင်လိုက်ပြီးနောက် ငွေအကြွေ လည်ပတ်မှုရှိလာစေရန် မြန်မာ့ စီးပွားရေးဘဏ် ဒေသ ဌာနခွဲမှ အာမခံ တိုကင်များကို များမကြာမှီ ထုတ်ပေးသွားမည် ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

အစစ်အဆေးတင်းကျပ်မှုကြောင့် ခရီးသွားများအခက်အခဲဖြစ်

ဇော်ကြီး။

ကချင်ပြည်နယ်အတွင်း အာဏာပိုင်အဖွဲ့အစည်းများက တင်းတင်းကျပ်ကျပ် စစ်ဆေးနေသဖြင့် ခရီးသွားပြည်သူ များသွားလာရေးအခက်တွေ့နေရသည်။

မြစ်ဆုံရေကာတာစီမံကိန်း ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း ပြည်နယ်အတွင်း လုံခြုံရေး တင်းကျပ်ထားပြီး ရထား လမ်းနှင့် ကားလမ်းများတွင် ကျပ်တည်းစွာစစ်ဆေးနေသဖြင့် ပြည်သူလူထုအခက်အခဲ ဖြစ်နေရသည်ဟု ဒေသခံ ခရီးသွားတစ်ဦးက ယခုလိုပြောသည်။

“အခုလက်ရှိကျနော်တို့ ရထားပေါ်မှာရော၊ ကားပေါ်မှာရော သူတို့ ပြည်သူ့ရဲတွေက အုပ်စု ဖွဲ့ပြီးတော့ ရှာဖွေရေးလုပ်နေတာတွေရှိတယ်။ အခုမိုင်းကွဲတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး သူတို့ရှာဖွေရေး လုပ် တာတွေက ကြိုကြိုကြားကြားနိုက်တဲ့အထိပေါ့ဗျာ။ မရှက်မကြောက်နဲ့ လုပ်တဲ့အခါကျတော့ ခရီးသွား တွေအတွက် တော်တော်လေး အနှောင့်အယှက်ဖြစ်တယ်။”

အာဏာပိုင်တို့က ဖောက်ခွဲရေးပစ္စည်း၊ မူးယစ်ဆေးဝါးနှင့် တရားမ၀င်မှောင်ခိုပစ္စည်းများကို စစ်ဆေးရန် အ ကြောင်းပြပြီး လူထုထံငွေညှစ်နေခြင်းသာ ဖြစ်သည်ဟု ၎င်းကဆက်ပြော သည်။

“အ၀တ်အစားခပ်ညံ့ညံ့ဝတ်တယ်။ လက်ထဲမှာငွေက သိန်းဂဏန်း အထက်ဆိုရင်ဘယ်ကရလဲ၊ ဘာလုပ် လဲ ဘာညာပေါ့ဗျာ အတင်းမေးတော့တာ။ ဒီထက်များတဲ့သူတွေဆိုရင် သီးသန့်ခေါ်ပြီးတော့ကို သီး ခြားစစ်ဆေးတာတွေဗျ။စစ်ဆေးတယ်ဆိုတာကလည်းအမှန်ကငွေညှစ်တဲ့သဘောပါပဲ။ ဘာအထောက် အထားမှ မတွေ့ရင်လည်း ငွေထုတ် နည်းနည်းကြီးလို့ရှိရင် ခေါ်ယူစစ်ဆေးတော့တာပဲ။”

ထို့အပြင် မြစ်ကြီးနားမှ တရုတ်ပြည်နယ်စပ် လိုင်ဇာမြို့၊ ဗန်းမော်မြို့နှင့် ပူတာအိုဒေသ သို့သွားသည့် ကားလမ်း များတွင်လည်း တင်းကျပ်သည့်စစ်ဆေးမှုကြောင့် ကားသမားနှင့် ကုန်သည်များ အခက်အခဲဖြစ်ယုံသာမက ကုန် ဈေးနှုန်းပါမြှင့်တက်လာခဲ့သည်ဟု ကုန်သည်များကပြောကြောင်း ဆက်ပြောသည်။

“ပစ္စည်းတွေချခိုင်းတယ်။ စစ်ဆေးတယ်ဆိုတဲ့ခါကျတော့ ယာဉ်မောင်းနဲ့ စပယ်ယာတွေက တင်လိုက်ချ လိုက်လုပ်ရတဲ့ခါကျတော့ ပင်ပန်းတာပေါ့ဗျာ။ တချို့ငှားချရတာတွေ၊ ဘာတွေ ရှိတော့ ငွေကမလိုအပ် ပဲနဲ့ ကုန်ရတဲ့ခါကျတော့ အဲဒီမှာကုန်ဈေးနှုန်းတန်ဖိုးတွေက စားသုံးသူတွေလက်ထဲရောက်ရင် မတရား မြှင့်တက်လာတာမျိုးပေါ့။”

လွန်ခဲ့သည့် ဧပြီလ(၁၇) ရက်နေ့က မြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း လုံခြုံရေးများတင်းကျပ်စွာချထားခဲ့သည်။

ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ မသင်္ကာသူများကို စစ်အစိုးရက ဖမ်းဆီးစစ်ဆေး နေသော်လည်း တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။

ယမန်နေ့နေ့လည်က မြစ်ကြီးနားမှ မန္တလေးမြို့သို့သွားသည့် ရထားလမ်းကြောင်းပေါ်ရှိ နန်ကွေ့ဘူတာအနီး ထောင်ထားသည့် ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာ၌ ဖော်ပြထား သည်။