Monday, June 7, 2010

ဓာတ်ငွေ့ပိုက်လိုင်း ပေါက်သဖြင့် ရန်ကုန်မြို့ မီးအား ကျဆင်းဦးမည်

မျိုးချစ်သူ / ၀၇ ဇွန် ၂၀၁၀

ကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထပ်မံပေါက်သွားသည့်အတွက် ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုသည် ပုံမှန်ထက် လျော့ကျမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ပေးရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

၎င်းက “မေလ ဒုတိယပတ်ကလည်း တခါ ပိုက်ပေါက်သွားတယ်။ အဲဒီမှာ မီးတွေ ပုံမှန်ပေးနေတာ မပေးနိုင်ဖြစ်သွားတယ်။ အခုလည်း ပိုက်ပေါက်တာ ပြန်ပြင်နေတယ် မပြီးသေးဘူး၊ ပုံမှန်ထက် ကျမှာပဲ” ဟု ပြောသည်။

အဆိုပါပိုက်လိုင်းပေါက်မှုသည် ဇွန် (၂) ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသော်လည်း မည်သည့်ဒေသအနီး၊ မည်သည့်ကာလတွင် ပြန်လည်ပြင်ဆင်ပြီးစီးမည်ဆိုသည်ကိုမူ အဆိုပါ တာဝန်ရှိသူက ပြောဆိုခြင်း မရှိပေ။

ရန်ကုန်မြို့ခံများ အဆိုအရ မီးလာချိန် မမှန်သည့်အပြင် လာပါကလည်း မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ကျနော်တို့ စမ်းချောင်း ဗားကရာ ဘုန်းကြီးကျောင်းတိုက်အနီးက နေရာတွေကို ဥပမာထားပြောရရင် မနက် (၁၁) နာရီကနေ ညနေ (၅) နာရီထိ လာတယ်လို့ ယူဆရတဲ့ ရက်တွေမှာ မီးကကြားမှာ (၄) ခါလောက်ပြတ်တယ်။ လျှပ်စစ်က အရင် ထုတ်ပြန်ထားတဲ့ စာရင်းရှိတယ်လေ။ နံနက် (၁၁) နာရီမှ ညနေ (၅) နာရီထိ တအုပ်စု ဆိုရမှာပေါ့” ဟု စမ်းချောင်းမြို့နယ် နေသူတဦးက ပြောသည်။

ပြီးခဲ့သည့် မေ (၁၂) ရက်၌ ပေါက်သွားခဲ့သည့် ပိုက်လိုင်းနေရာမှာ ရေးမြို့၊ နောင်ပိုရွာအနီးတွင်ဖြစ်ကြောင်း၊ ပိုက်ပေါက်သည်မှာ မသမာသူများကြောင့် မဟုတ်ဘဲ ပိုက်များ ကြာမြင့်နေပြီ ဖြစ်သည့်အတွက် ဆွေးမြေ့ပေါက်ထွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ပေးရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ထို့နောက် မေ (၁၄) ရက်မှစ၍ စက်မှုဇုန်များ၊ အသေးစားစက်မှု လုပ်ငန်းများကို လျှပ်စစ်ဖြတ်တောက်ရန် လုပ်ငန်းသုံးမီတာများကို ဖြုတ်သိမ်းခဲ့ကာ မေ (၂၀) တွင် ပြန်လည်တပ်ဆင်ပေးခဲ့သော်လည်း ယခုတိုင် လျှပ်စစ်မီး ပုံမှန် မရရှိသေးကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

တနင်္သာရီမှ ရန်ကုန်သို့ သွယ်ထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ နှစ်စဉ်ပေါက်တတ်ကြောင်း၊ ပိုက်လိုင်းများ သံချေးတက်ကာ ဆွေးမြေ့ပေါက်ထွက်ခြင်းဖြစ်ကြောင်း၊ ထို့အတွက် ယခုအခါ ရတနာကမ်းလွန်ပြင်မှရသော ဓာတ်ငွေ့ကို (၂၄) လက်မအရွယ်ရှိ ပိုက်လိုင်းများဖြင့် သွယ်တန်းထားကြောင်း သိရသည်။

သွယ်တန်းထားသည့် ပိုက်လိုင်းအရှည်မှာ (၁၇၉) မိုင်ရှိပြီး ကမ်းလွန်ပိုင်းတွင် (၉၃) မိုင်၊ ကုန်းတွင်းပိုင်းအရှည် (၈၆) မိုင်ရှည်လျားကြောင်း စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

ယင်း ပိုက်လိုင်းသွယ်တန်းသော စီမံကိန်းကို အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီလီမိတက်က လုပ်ပိုင်ခွင့် ရရှိထားခြင်းဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သော စီးပွားရေးအသိုင်းအ၀ိုင်းက သိရှိရသည်။

အစိုးရက ၂၀၁၀ ပြည့်နှစ် မေလကုန်တွင် ရန်ကုန်၌ လျှပ်စစ်မီး အပြည့်ပေးမည်ဟု ပြည်သူတို့ကို ပြည်တွင်း သတင်းဂျာနယ်များမှ တရားဝင်ပြောကြားထားသော်လည်း ယခုအခါ သွယ်တန်းပြီးစီးပြီဆိုသော (၂၄) လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ထုတ်လွှတ်ခြင်း လုံးဝမရှိသေးကြောင်း သိရသည်။

ယင်းသို့ ဓာတ်ငွေ့မပို့လွှတ်နိုင်ခြင်းသည် လုပ်ပိုင်ခွင့်ရသော IGE ကုမ္ပဏီမှ အရည်အသွေး ပြည့်မီသော ပိုက်များကို မတပ်ဆင်သောကြောင့်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် ရေအားနှင့် သဘာဝဓာတ်ငွေ့များမှ ထုတ်လုပ်သော လျှပ်စစ်ပမာဏမှာ (၆၆၀) မဂ္ဂ၀ပ်သာရှိပြီး ရန်ကုန်တမြို့လုံး လိုအပ်သော ပမာဏမှာ မဂ္ဂါဝပ် (၇၀၀) နီးပါးဖြစ်ကြောင်း သိရသည်။

ယခုရရှိသော မဂ္ဂါဝပ် (၆၆၀) မှ တ၀က်ကို ရန်ကုန်တွင် သုံးစွဲနေကြောင်း လျှပ်စစ်ပေးဝေရေး၏ မှတ်တမ်းများအရ သိရသည်။

တရားဝင်ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံကုမ္ပဏီတည်ထောင် ခွင့်ပေးမည်

ဇော်ကြီး။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအပါအ၀င် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအား အသက်အာမခံကြေးရရှိနိုင် ရန် ထိုင်းအစိုးရက အာမခံကုမ္ပဏီတစ်ခု တည်ထောင်ခွင့်ပေးမည်။

ကုမ္ပဏီသို့ ငွေပေးရာတွင် အလုပ်သမားများထံမှ ပေးသွင်းရန်မလိုဘဲ အလုပ်ရှင် တစ်ဦးတည်းကသာ အလုပ် သမားလစာ၏ ၁ ရာခိုင်နှုန်းကိုပေးသွင်းရမည်ဟု မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့၏ အလုပ်သမားရေးရာ တာ ၀န်ခံ ကိုသက်ခိုင်က ပြောသည်။

“ဥပမာဆိုလိုတဲ့သဘောက ငါးထောင်ဝင်ငွေရှိတဲ့သူက တစ်ရာခိုင်နှုန်းဆိုလို့ရှိရင် တစ်လ ငါးဆယ်ပေါ့ ဗျာ။ အဲဒီကျတော့ တနှစ်ဆိုတော့ ၆၀၀ ပေါ့ဗျာ။ အာမခံကြေး တစ်နှစ်စာ သွင်းရမယ်။”

နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးကော်မတီမှ ယမန်နေ့ကပြုလုပ်သည့်အစည်းအဝေးတွင် ထိုင်း အလုပ်သမားရေးဝန်ကြီးဌာနက ဆုံးဖြတ်ချက်ချမှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ငန်းလုပ်ကိုင်ရန် မည်သည့်ကုမ္ပဏီအားလုပ်ကိုင်ခွင့်ပေးမည်ဆိုသည့်အချက်ကို လာမည့်အပတ်အစည်း အဝေးရောက်မှသာ ဆွေးနွေးသွားမည်ဖြစ်သည်။

ယင်းအစီအစဉ်သည် ထိုင်းအလုပ်သမားများ ရရှိနေသော လူမှုဖူလှုံရေးရံပုံငွေနှင့် သက်ဆိုင်ခြင်းမရှိဘဲ ပုဂ္ဂလိက အသက်အာမခံကုမ္ပဏီတွေက ကြားခံလုပ်ပေးသွားမည် ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများအား ကုမ္ပဏီမှအသက်အာမခံကြေး အမှန်တကယ်ပေးပါက ကောင်းသည့်လက္ခဏာ ဖြစ် ၍ ကြိုဆိုကြောင်း ဘန်ကောက်ရှိ မြန်မာအလုပ်သမားတစ်ဦးက ၎င်း၏အမြင်ကို ယခုလိုပြောသည်။

“အစတုန်းက ကျနော်တို့နေလာတာက အလုပ်သမားလက်မှတ်နဲ့နေတယ်။ ဘာမှအခွင့်အရေးမှ မရှိဘူး လေ။ ဘာမှလည်းတောင်းဆိုခွင့်မရှိဘူး။ အခုကျနော်တို့က ပတ်စပို့စ် ရထားတော့ ခံစားခွင့်အပြည့် အ၀ရလာတယ်။ နောက်ပြီးတော့ တောင်းဆိုခွင့်အပြည့်အ၀ ရလာတယ်ပေါ့။ အမှန်တကယ် ထုတ်ပေး မယ်ဆိုရင်တော့ကောင်းပါတယ်ဗျ။ ကိုယ့်ဗမာ ပြည်သားတွေအတွက် အထောက်အကူ တစ်ခုဖြစ်တာ ပေါ့နော။”

ယခင်က မြန်မာနိုင်ငံသားများတော်ရုံနှင့်မရနိုင်သည့် အခွင့်အရေးမျိုးရလာနိုင်သည့်အတွက် ယင်းကိစ္စအပေါ် ကြို ဆိုသော်လည်း ကုမ္ပဏီအား လုပ်ပိုင်ခွင့်ပေးထားသည့်အပေါ် ယင်းကုမ္ပဏီအနေနှင့် လူ့အခွင့်အရေးအပေါ် အ ခြေခံပြီး စဉ်းစားမှုရှိမရှိကို စောင့်ကြည့်ရန်လိုအပ်သည်ဟု အလုပ်သမားအရေးကို ကူညီပေးနေသူများက သုံးသပ် ပြောဆိုကြသည်။

လွန်ခဲ့သော ဖေဖေါ်ဝါရီလအထိ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားများအား သက်တမ်း တိုးစဉ်ကာလတွင် မြန်မာ အလုပ်သမား ၁သန်းကျော် တရားဝင်မှတ်ပုံတင်ခဲ့သည်။

အမေရိကန်နှင့် မြန်မာဆက်ဆံရေးတင်းမာနိုင်ဟု အတိုက်အခံသုံးသပ်

ဖနိဒါ

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် Jim Webb ၏ ခရီးစဉ် ရပ်ဆိုင်းလိုက်ရခြင်းကြောင့် စစ်အစိုးရနှင့် အမေရိကန်ဆက်ဆံရေး တင်းမာလာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သုံးသပ်ထားသည်။


ဆီးနိတ်နိုင်ငံခြားရေးကော်မတီ အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ၏ ဥက္ကဌဖြစ်သူ ဂျင်မ်ဝက်ဘ် သည် မြန်မာနိုင်ငံသို့ ယနေ့သွားရန် သတ်မှတ်ထားပြီးမှ အချိန်ကပ်၍ သူ၏ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာအပြီး မြန်မာအတိုက်အခံအဖွဲ့ကြီးက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အမေရိကန်နဲ့ သူတို့ကြားထဲမှာ ဒီကိစ္စတွေ အကြောင်းပြုပြီးတော့ တင်းတင်းမာမာ ဆက်ဆံလာနိုင် တယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။

ယခင်နှစ် နှောင်းပိုင်းမှစသည့် အမေရိကန် သမ္မတသစ် အိုဘားမား၏ ထိတွေ့ဆက်ဆံရေးမူဝါဒအသစ်သည် တိုတက်မှုမရှိဟု သူက ထပ်ပြောသည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် NLD ဒုဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း တို့အပါအဝင် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ၇ ဦးအား လာမည့် စနေနေ့ မွန်းလွဲပိုင်းတွင် အမေရိကန်သံမှူး၏ နေအိမ်၌ တွေ့ ဆုံရန် အစီအစဉ်ရှိခဲ့သည်။

မြန်မာနိုင်ငံက မြောက်ကိုးရီးယားထံမှ နျူကလီးယားရရှိရေး ကြိုးပမ်းနေသည့် စွပ်စွဲချက်များ ထွက်နေသည့်အပေါ် စိုးရိမ်မကင်းဖြစ်နေပြီး မြန်မာဘက်က ကောင်းစွာ ဖြေရှင်းမှု မပေးနိုင်မချင်း သွားရောက်ခြင်း မပြုဟု မစ္စတာဂျင်မ်ဝက်က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

သို့သော် ယခင်လက အမေရိကန် အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ကမ်းဘဲ Kurt Campbell နှင့် နအဖ ဝန်ကြီးများ နေပြည်တော်၌ တွေ့ဆုံစဉ် မစ္စတာ ကမ်းဘဲက မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးအပေါ် စိုးရိမ်ကြောင်း ပြောကြားရာ သိပ္ပံနှင့်နည်း ပညာဝန်ကြီး ဦးသောင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) တို့ အား “အပြည့်အဝ” လိုက်နာမည်ဟု စစ်အစိုးရက ပြောထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာ” ကို ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်ရှိကြောင်း ပြန်လည်ပြောကြားကြောင်း စစ်အစိုးရဘက်က ထုတ်ပြန်ခဲ့သည်။

၂ဝဝ၆ ခု အောက်တိုဘာ ၉ ရက်တွင် မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ကုလလုံခြုံရေးကောင်စီက စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုပြုလုပ်သော ဆုံးဖြတ် ချက်အမှတ် ၁၇၁၈ ကို အောက်တိုဘာ ၁၄ ရက်နေ့တွင် ချမှတ်ခဲ့သည်။

၂ဝဝ၉ ခု မေလ က ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် မြောက်ကိုရီးယား ကုန်တင် သင်္ဘော၊ လေယာဉ်တို့ကို လက်နက်သယ်ဆောင်လာလျှင် ကုလအဖွဲ့ဝင်နိုင်ငံများက စစ်ဆေးခွင့်ရှိစေမည့် ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ယင်းနှစ် ဇွန်လတွင် ချမှတ်ခဲ့သည်။ ယင်းဆုံး ဖြတ်ချက်အရ မြောက်ကိုရီးယားအား လက်နက်ရောင်းချခြင်း သို့မဟုတ် သူ့ထံမှ လက်နက်ဝယ်ယူခြင်းမပြုရန် အဖွဲ့ဝင်နိုင်ငံများကို တားမြစ်ထားသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို မူအားဖြင့် ကန့်ကွက်သူ မစ္စတာဂျင်မ်ဝက်ဘ် ယခင်နှစ် သြဂုတ် လ ၁၅ ရက်နေ့က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

စစ်အစိုးရက မြောက်ကိုးရီးယားမှ နျူကလီးယားလက်နက်များ ဝယ်ယူသည်ဟု အမေရိကန်က သံသယရှိနေသည်ဟု အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၏ နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်က ပြောသည်။

၂ဝဝ၈ ခု အတွင်း ဗိုလ်ချုပ်ကြီးသူရရွှေမန်း ဦးဆောင်သည့် စစ်ဘက်အဆင့်မြင့် ကိုယ်စားလှယ်များ သည် တရုတ်နိုင်ငံမှတဆင့် မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူလက်မှတ်ရေးထိုးကြောင်း လျို့ဝှက်မှတ်တမ်းများ မဇ္ဈိမက လက်ခံရရှိခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ရွှေ့ဆိုင်းသည့်အချိန်သည် မြောက်ကိုရီးယားနှင့် စစ်အစိုးရတို့၏ မဟာမိတ် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ် ဝမ်ကြားပေါင် ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

တရုတ်ဝန်ကြီးချုပ်သည် နေပြည်တော်တွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးမှု ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည်။

မစ္စတာဝမ်ကြားပေါင်၏ ခရီးစဉ်အတွင်း စွမ်းအင်၊ ရေအားလျှပ်စစ်၊ ငွေချေးခြင်းတို့အပါအဝင် နှစ်နိုင်ငံသဘောတူညီချက်စာချုပ် အနည်းဆုံး တဒါဇင်လက်မှတ်ရေးထိုးခဲ့သည်ဟု နေပြည်တော်သတင်းရပ်ကွက်တခုက မဇ္ဈိမသို့ ပြောသည်။

မည်သို့ပင်ဖြစ်စေကာမူ ဂျင်မ်ဝက်ဘ်သည် မြန်မာနိုင်ငံသို့ သွားရောက်ရန် ဆုံးဖြတ်ထားပုံ ရှိနေပြီး မစ္စတာဂျင်မ်ဝက်ဘ်နှင့် သမ္မတ အိုဘားမား၏ အစိုးရအဖွဲ့သည် မြန်မာစစ်ဗိုလ်ချုပ်များ တရုတ်နိုင်ငံ၏ ထိပ်တန်းကိုယ်စားလှယ်များနှင့် တွေဆုံခဲ့သည့် ရက်သတ္တပတ်၌ပင် မြန်မာစစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သဖြင့် ၎င်းတို့၏ စစ်အစိုးရအပေါ် ပျော့ပြောင်းသော မူဝါဒသည် ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားများနှင့် ဒီမိုကရက်တစ် ပါတီဝင်များစွာတို့၏ ပြင်းထန်သော ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။

မြန်မာ့နိုင်ငံရေး အတိုက်အခံ အင်အားစု များစွာကလည်း မစ္စတာဂျင်မ်ဝက်ဘ်၏ စစ်အစိုးရအပေါ် သဘောထားနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးခြေအနေအပေါ် ထားရှိသည့် ရှုထောင့်ကို စိုးရိမ်မကင်း စောင့်ကြည့်နေကြသည်။ ၂ဝဝ၈ ခုနှစ်က ထုတ်ဝေခဲ့သည့် မစ္စတာ ဂျင်မ်ဝက်ဘ်၏ “ ပျံသန်းဖို့ အချိန်တန်ပြီ (မျှတ၍ ဂုဏ်သိက္ခာရှိသော အမေရိကကို ပြန်လည်ဆယ်ယူခြင်း)” ဆိုသည့် စာအုပ်တွင် သူက အကယ်၍ အနောက်နိုင်ငံများအနေဖြင့် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများကို အတိတ်က ပိုမိုပြုလုပ်ခဲ့လျှင် ၂ဝဝ၇ စက်တင်ဘာတွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် သံဃာတော်များအား စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သည့်အဖြစ်မျိုးကို ရှောင်လွှဲနိုင်လိမ့်မည်ဟု ရေးသားခဲ့သည်။

မစ္စတာဂျင်မ်ဝက်ဘ် သတိမထားမိသည်မှာ ၂ဝဝ၇ ခုနှစ်မှ ယနေ့အချိန်အထိ မြန်မာစစ်အစိုးရ စီးပွားရေး အမြတ်အစွန်းရရှိမှု၏ အဓိကရင်းမြစ်မှာ ပြင်သစ် တိုတယ်လ် သဘာဝဓာတ်ငွေ့ ကုမ္ပဏီနှင့် အမေရိကန် ချက်ဗရွန် စွမ်းအင်ကုမ္ပဏီနှင့် ဖက်စပ်ပြုလုပ်ရာမှ ရရှိသော ဝင်ငွေများ ဖြစ်သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်၏ စစ်အစိုးရအပေါ် ပျော့ပြောင်းလွန်းသော သဘောထားဖြင့် ချဉ်းကပ်နေမှုကို မြန်မာအတိုက်အခံများက မကျေနပ်ကြပေ။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအား တည်ထောင်ခဲ့သူများထဲမှ တဦးဖြစ်သူ ဦးပညာဇောတက မစ္စတာဂျင်မ်ဝက်ဘ်၏ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ပြီးခဲ့သည့် နှစ်က တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် ဧရာဝတီ မဂ္ဂဇင်းတွင် ပြင်းထန်စွာ ဝေဖန်ရေးသားခဲ့ဖူးသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ဦးပညာဇောတက “ အခုဆိုရင် မြန်မာပြည်သူပြည်သားတွေဟာ မစ္စတာဂျင်မ်ဝက်ဘ်ကို စက်ဆုပ်မုန်းတီး ကုန်ကြပါပြီ။ တကယ်လို့ သူ့အနေနဲ့ အမေရိကန်အစိုးရရဲ့ စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူထားမှုတွေကို ရုပ်သိမ်းသွားပြီး မူဝါဒပြောင်းအောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ စစ်အာဏာရှင် သန်းရွှေကို အဓိက အထောက်အပံ့ ပေးခဲ့သူတဦးအဖြစ် သမိုင်းမှာ သူ့အတွက် တနေရာ သေချာသွားမှာပါ” ဟု ရေးသားခဲ့သည်။




ဘူးသီးတောင်ထဲရှိ နိုင်ငံရေး အကျဉ်းသားများကို ရာဇ၀တ်သားများနှင့် အတူထား

Narinjara News

ဘူးသီးတောင်ထောင်ထဲရှိ နိုင်ငံရေး အကျဉ်းသား အများအပြားကို သီးသန့် မထားဘဲ ရာဇ၀တ် ပြစ်မူ ကျူးလွန် သူများနှင့် အတူရောထား သဖြင့် နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် အခက်ကြုံနေရကြောင်း သတင်း ရရှိသည်။

များမကြာမှီက ထောင်ထဲမှ လွတ်လာသူ တဦးက � အခု လောလောဆယ် ရာဇ၀တ်သားတွေနဲ့ အတူ ရောထားတာက နိုင်ငံရေးသမား ၅ ဦး ဖြစ်ပါတယ်။ သူတို့ကိုကျွန်တော်တို့နေတဲ့ အဆောင် ၃ မှာထားပါတယ်။� ဟု ပြောသည်။

ရာဇ၀တ်သားများနှင့် အတူ ထားခံရသည့် နိုင်ငံရေးသမား ၅ ဦးမှာ ၂၀၀၇ ခုနှစ် စစ်တွေ ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သဖြင့် ဖမ်းဆီး လူဝတ်လဲခံရသူ ဦးအိသရိယ၊ တောင်ကုတ်မြို့မှ အဖွဲ့ချုပ် လူငယ်များ ဖြစ်ကြသည့် ကိုမိုးနေစိုး၊ ကိုချစ်မောင်မောင်၊ ကိုသန်းဌေးနှင့် ကိုမောင်မောင်သက် တို့ ဖြစ်ကြသည်။

ခုလို ရာဇ၀တ် ပြစ်မူ ကျူးလွန်တဲ့ ထောင်သားတွေ အတူထားတဲ့ အတွက် သူတို့ လုံခြုံရေးကို စိုးရိမ်ရတယ်။ ထောင်ထဲမှာက ကြီးနိုင် ငယ်ညှဉ်း စနစ် တွေရှိပါတယ်။ ပီးရင် မကြာခဏ ထောင်သားတွေ ရန်ဖြစ် တာတွေလည်း ရှိပါတယ်။ ထောင်အာဏာပိုင်တွေကို နေရာ ပြောင်းရွှေ့ပေးဖို့ ပြောပေမယ့် လည်း ထောင်အာဏာာပိုင်တွေက ဆောင်ရွက်ပေးမယ်ဆိုပီး ဘယ်တော့မှ မပြောင်းပေးဘူး။ ချိုးမယ့် ရေဆိုရင်လည်း သူတို့က တခြား ထောင်သား တွေလိုဘဲ ၆ ဖလားဘဲ ရပါတယ်။ ကျွေးတဲ့ ထမင်းကလည်း ပုံစံ ထမင်း ဖြစ်ပါတယ်� ဟု သူက ဆက်ပြောသည်။

ရှစ်ဆယ်ရှစ် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်ကိုမူ အတွင်း ထောင်တွင် သီးသန့်ထားရှိပြီး တီဗွီ တလုံးနှင့် မီးစက် တလုံးအား များမကြာမှီက တပ်ဆင် ပေးထားသည်ဟု သူက ပြောသည်။

� ကိုဌေးကြွယ်နဲ့ ထောင်သားတွေကို တွေ့ခွင့်မပေးပါဘူး။ သူ့ကို သီးသန့်ထားပါတယ်။ သူကိုတွေ့နိုင်တာက ဥပုတ်နေ့တွေမှာဆိုရင် ဘုရား ၀တ်ပြုတဲ့ ခမ်းမဆောင်မှာ တွေ့နိုင်ပါတယ်။ ဒါပေမယ့်လည်း ထောင်သား တွေက အများကြီးဆိုတော့ စကားပြောရဖို့ဆိုတာ မလွယ်ပါဘူး။ သူ့ကို သတင်းစာ ဖတ်ခွင့်ပေးတယ်။ လတိုင်း အစားအသောက်နဲ့ ဆေးဝါးတွေ အပြင်က ပုံမှန်လာပါတယ်။ တခြားထောင်ထဲက နိုင်ငံရေး အကျဉ်းသား တွေကို သူက စားစရာ သောက်စရာတွေနဲ့ ဆေးဝါးတွေ မျှဝေပေးပါတယ်။ သူ့ရဲ့ အခြေအနေက ကောင်းတယ်လို့ ပြောမယ်ဆိုရင် ပြောလို့ ရမယ်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ထွက်မလာခင် ကိုဌေးကြွယ် နေမကောင်း ဖြစ်နေတယ်လို့ ကြားခဲ့ရပါတယ်။�

တောင်ကုတ်မြို့မှ ကျောင်းသူ တဦးဖြစ်သူ မနီနီမေမြင့်ကိုလည်း အတွင်းဆောင်တွင် အမျိုးသမီးများနှင့် အတူထားသဖြင့် သူမ၏ အခြေအနေကို တိတိကျကျ မသိရှိကြောင်းသူက ပြောသည်။

ဘူးသီးတောင်ထောင်ထဲတွင် ထောင်သား ၁၄၅၀ ဦးရှိပြီး နိုင်ငံရေး အကျဉ်းသား ၂၀ ကျော်ရှိကြောင်း သိရသည်။ တနေ့အတွက် ဆန်အိတ် ၂၄ လုံး ထုတ်ပေးသော်လည်း ၁၇ အိတ်ကို ချက်ပြီး ကျန် ၇ အိတ်ကို ထောင်ပိုင်၊ ထောင်မှူးများက ရောင်းစားကြသည်ဟု သူက ပြောသည်။

လက်ရှိ ဘူးသီးတောင် ထောင်ပိုင်မှာ ဦးတင့်ဆွေ ဖြစ်ပြီး ထောင်မှူးမှာ ဦးကြည်ဦး ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ဘူးသီးတောင် ထောင်ထဲတွင် လွတ်ရက်နီး ထောင်သားများကို အပြင်သို့ ထုတ်ကာ အလုပ်ခိုင်းစေလေ့ရှိပြီး အလုပ် မလုပ်လိုသူ ထောင်သားများ အနေဖြင့် ထောင်ပိုင်၊ ထောင်မှူးတို့ကို ငွေ ၃၀၀၀၀ ကျပ်ကနေ တသိန်းထိပေးရသည်ဟု သူက ပြောသည်။

အန္တရာယ်ကြားက သတင်းသမားများ

အေးချမ်းမြေ့

အင်တာနက် ဆိုင်၏ အနေအထားကို အရင်ကြည့်ပြီးမှ သူ ဆိုင်ထဲသို့ဝင်သည်။ ဆိုင်က လူသိပ်ရှင်းနေလား၊ သူ့ကို သတိထား မိမလား၊ သူ့ကို ဂရုစိုက် ကြည့်နေသူတွေ ရှိမလားဆိုတာ လေ့လာရသည်။ ဆိုင်မှာ သူထိုင်မယ့်နေရာက လူအသွားအလာလုပ်ဖို့ မလွယ်တဲ့နေရာ ဖြစ်ဖို့တော့လိုသည်။

အားလုံး သတိ အနေ အထား ဖြစ်ပြီဆိုမှ အိမ်က အဆင်သင့် ရိုက်ယူ လာသော ဖိုင်ကို ဂျီမေးလ်က တဆင့် ပို့ဖို့ ပြင်ဆင် ရသည်။ ပို့နေသည့် အချိန် တွင်လည်း မျက်စိဖွင့်၊ နားစွင့် ထားရသည်။ သူ့သတင်း လျှောလျှော ရှူရှူ ပို့ပြီးပြီ ဆိုမှ သက်ပြင်း ချနိုင်သည်။ ပြီးတာနှင့် ချက်ချင်း ခြေရာ၊ လက်ရာ ဖျောက်ကာ ထိုဆိုင်မှ အမြန် ပြန်ထွက် သွားဖို့တော့ လိုအပ်သည်။

ပြည်ပ သတင်း ဌာနများကို သတင်း ပေးပို့နေသည့် သတင်း ထောက်များ အတွက် အဓိက စိန်ခေါ်မှုက လုံခြုံရေး ဖြစ်သည်ဟု သော်ညိမ်းက ပြောပြသည်။ သူက ပြည်ပ အခြေစိုက် ဧရာဝတီ မဂ္ဂဇင်း အတွက် ပုံမှန် သတင်း ရေးသား ပေးပို့ နေသူ ဖြစ်သည်။


“တကယ်အရေးကြီးတဲ့ သတင်းတွေကို ကြုံတဲ့ဆိုင်က ချက်ချင်း အရေးပေါ်ပို့ရမယ်ဆိုရင်တော့ ဆိုင်ကို အကဲခပ်ရတာပေါ့။ ဂိမ်း ဆိုင်တွေဆိုရင်တော့ ပိုကောင်းတယ်။ လူ သိပ်ရှင်းနေရင်တော့ သတိပိုထားရတယ်” ဟု သူက ဆိုသည်။

နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ခဲ့သည့် ၂၀၀၈ ခုနှစ် မေလက ဗီဒီယိုသတင်းထောက် (VJ) အဖြစ် ဧရာဝတီတိုင်းအတွင်း လှည့်လည် ရိုက်ကူးကာ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သို့ သတင်းများ ပေးပို့နိုင်ခဲ့သည့် သတင်းထောက် ဇက် (Z) က သတင်း ယူခဲ့ရသည့် အချိန်တွင် အလွန်ထိတ်လန့်ခဲ့ရသည်ဟု ပြောသည်။

“အဲဒီကာလက မီဒီယာတွေကို လုံးဝပိတ်ပင်ထားတဲ့အချိန်၊ ဗီဒီယို ကင်မရာ မပြောနဲ့ ရိုးရိုးကင်မရာ ထုတ်ဖို့တောင် တော်တော် ခက်တဲ့အချိန်ပါ” ဟု သူက ဆိုသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က မြန်မာမီဒီယာ သမားများကို “ခြိမ်းခြောက်မှုအောက်မှ စာနယ်ဇင်း” ဆိုသည့် ဂုဏ်ပြုဆု တဆု ယမန်နေ့က ချီးမြှင့်လိုက်သည်။ အဆိုပါ ဂုဏ်ပြုဆု ချီးမြှင့်ပွဲသို့ ဗြိတိန်နိုင်ငံရှိ အထင်ကရ သတင်းစာများ၊ အောင်မြင်ကျော်ကြားသူများ တက်ရောက်ကြောင်း သိရသည်။

ယခင်က အဆိုပါဆုကို တဦးချင်းစီအား ချီးမြှင့်ခြင်း ဖြစ်သော်လည်း ယခုနှစ်တွင် မြန်မာနိုင်ငံတွင်းရှိ လွတ်လပ်သော သတင်းသမား တိုင်းကို ချီးမြှင့်သည်ဟု AI အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“မြန်မာသတင်းထောက်တွေက အလုပ်လုပ်ရတာ အရမ်းကိုခက်ခဲပါတယ်။ တခါတလေမှာ အန္တရာယ်ကြားက သတင်းယူရတာပါ။ စွန့်စားရတဲ့ သူတို့ဟာ တခါတလေ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီးအရေးယူမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ ခံစား ကြရပါတယ်” ဟု ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ကာလက အခက်အခဲကြားမှ ဗီဒီယို ရိုက်ကူးကာ DVB သို့ သတင်းပေးပို့ခဲ့သည့် မြန်မာ သတင်းသမားများ အကြောင်း ရိုက်ကူးထားသော Burma VJ သတင်းရုပ်ရှင်မှာ ယခုနှစ် ဟောလိဝုဒ် အော်စကာ ဆုပေးပွဲတွင် ဆန်ခါတင် ၅ ကား စာရင်းဝင်ခဲ့သည်။

အတွေ့အကြုံများလာသည်နှင့်အမျှ အန္တရာယ်ကို မည်သို့ ရှောင်ရှားသင့်ကြောင်း ပိုမို နားလည်လာသည်ဟု ဧရာဝတီသို့ သတင်း ပေးပို့နေသည့် ခိုင်သွယ်က ရှင်းပြသည်။

“ဧရာဝတီမှာ သတင်းပါလာလို့ ကိုယ့်ရဲ့ သတင်းရင်းမြစ်က သိသွားရင် ပြန်မေးတာမျိုး ခံရတယ်။ အဲဒီလို အမေးခံရတာတွေ ရှိတော့ ကိုယ်က ဘယ်လို အကြောင်းပြမလဲ ဆိုတာ အမြဲစဉ်းစားထားရတယ်။ တခါတလေလည်း ကိုယ်မဟုတ်သလို ရူးချင်ယောင် ဆောင်တတ် ရတယ်” ဟု သူ့အတွေ့အကြုံကို ပြောပြသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း စသည်ဖြင့် ကြီးမားသည့် အရေးအခင်းများ ဖြစ်ပွားခဲ့ပြီး နောက်တွင် ပြည်တွင်းအခြေစိုက် သတင်းထောက်များ ပိုမို ထားရှိလာနိုင်သော်လည်း ဗီဒီယို သတင်းသမားများမှာ ယခင်ထက် ပိုမို ခက်ခဲလာကြောင်း DVB ဒါရိုက်တာအဖွဲ့ဝင်တဦး ဖြစ်သူ ဦးအေးချမ်းနိုင်က ရှင်းပြသည်။

“ဘာမှ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိစ္စ၊ ဥပမာ - ဈေးထဲမှာဆိုပါစို့။ ဆန္ဒပြပွဲကြီးကို ရိုက်နေတာ မဟုတ်ဘူး။ သာမန် လှုပ်ရှား သွားလာနေတဲ့ ဟာတွေ ရိုက်တာတောင်မှ အန္တရာယ် တော်တော်ကြီးတယ်။ ကင်မရာ ထုတ်တာနဲ့ လာမေးတယ်၊ မင်း ဘာလုပ်တာလဲ၊ ဘယ်ကလဲ၊ ဘာအတွက် ရိုက်တာလဲ။ သတင်းစာရှင်းလင်းပွဲတွေ သွားရင်လည်း အဲဒီလို လာမေးတာတွေ ရှိတယ်။ သူတို့ဘက်က စောင့်ကြည့်တာလည်း ပိုများလာတယ်” ဟု သူက ဧရာဝတီမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောသည်။

ယခု လက်ရှိတွင် မင်္ဂလာဈေးမီးကြောင့် ဆိုင်ခန်းများ ပြောင်းရွှေ့နေရာချထားသည်ကို မည်သည့် ပုဂ္ဂလိက ဂျာနယ်များကိုမဆို သတင်းဓာတ်ပုံ ရိုက်ယူခွင့် မပြုတော့ကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ဆိုသည်။

“ဂျာနယ်တွေက မမှန်တဲ့သတင်းတွေ ရေးတယ်ဆိုပြီး ဘယ်သူ့ကိုမှ ရိုက်ခွင့်မပေးတော့ဘူး။ အစိုးရပိုင် MRTV တို့ MRTV4 တို့ MI တို့ကိုပဲ ရိုက်ခွင့်ပေးတော့တယ်” ဟု သူက ပြောသည်။

သော်ညိမ်း၏ ပြောပြချက်အရ ရန်ကုန်မြို့တော်စည်ပင်နှင့် ဆိုင်သည့် သတင်းတပုဒ် ဧရာဝတီ အင်တာနက် စာမျက်နှာတွင် တက်အပြီး စာနယ်ဇင်းသမားများကို မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ခေါ်၍ ဆူပူသည်ဟု သိရသည်။

“အဲဒီလိုကျတော့လည်း မသိချင်ယောင် ဆောင်နေကြရတာပေါ့။ မြို့တော်ဝန်က နောက်တခါဆိုရင် မလွယ်ဘူးလို့ ဆူတာ” ဟု သူကပြောပြသည်။

ယခုနှစ်သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲသည့်နေရာတွင် ဗီဒီယို ကင်မရာရိုက်ကူးနေသည်ကို တွေ့ရသောကြောင့် လူငယ် တဦး အဖမ်းဆီးခံခဲ့ရသည်။ သူ့ဖခင်ဖြစ်သူကို ဖုန်းဆက် အကြောင်းကြားမိသောကြောင့် ဖခင်ဖြစ်သူကိုပါ ဖမ်းဆီးခဲ့ကြောင်း ကြားသိရသည်။

မြန်မာနိုင်ငံသည် သတင်းသမားများကို ဖမ်းဆီးထောင်ချသည့် နေရာ၌ ဖိနှိပ်ချုပ်ချယ်မှု အဆိုးဆုံး ၅ နိုင်ငံ စာရင်းထဲတွင် ပါဝင်နေကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ်ပေးရေးအဖွဲ့(CPJ)က လွန်ခဲ့သည့် ဒီဇင်ဘာ လဆန်းပိုင်း၌ ထုတ်ပြန်ထားသည်။

သတင်းထောက်များကို ဖမ်းဆီး ထောင်ချသည့် အဆိုးဆုံးနိုင်ငံများသည်လည်း တရုတ်၊ အီရန်၊ ကျူးဘား၊ အီရီထရီးယားနှင့် မြန်မာနိုင်ငံ တို့ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၀၉ ဒီဇင်ဘာ ၁ ရက်နေ့ထိ တနှစ်တာ စာရင်းအရ ကမ္ဘာတ၀န်းရှိ သတင်းထောက်၊ သတင်း အယ်ဒီ တာ၊ ဓာတ်ပုံသတင်းထောက်နှင့် သတင်းမီဒီယာ လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း ၁၃၆ ဦးတို့သည် ထောင်ဒဏ် အပြစ်ပေးခံထား ရကြောင်း CPJ အဖွဲ့က ဆိုသည်။

ထိုသို့ ဖမ်းဆီးထောင်ချ ခံထားရသူများထဲတွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း ပြည်ပမီဒီယာများသို့ သတင်းပေးပို့သူများ၊ ၂၀၀၈ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းလွန်ကာလက သတင်းယူသူများပါဝင်သည်။

ဖမ်းဆီးခဲ့သည့် သတင်းသမားများကို စွဲချက်တင်ရာတွင် အီလက်ထရွန်နစ် ပုဒ်မ ဟူသည့် ပုဒ်မ တခု ပါဝင်ပြီး ယင်းပုဒ်မမှာ ထောင်ဒဏ် ၁၅ နှစ် ကျခံစေရမည်ဟု သတ်မှတ်ထားသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး အဖမ်းအဆီး ခံရသည့် သတင်းသမားများထဲတွင် ဘလော့ဂါ နေဘုန်းလတ်လည်း ပါဝင်သည်။ ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်အင်းစိန် ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဗီဒီယို အက်ဥပဒေ၊ အီလက်ထရွန်နစ် အက်ဥပဒေများဖြင့် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ချမှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်း တရားရုံးက ပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၈ နှစ်နှင့် ၆ လ လျှော့ချပေးခဲ့သည်။

ထောင်ဒဏ် ၁၂ နှစ် ချခံထားရသော အသက် ၂၉ နှစ် အရွယ်ရှိ ကိုနေဘုန်းလတ် (ခေါ်) ကိုနေမျိုးကျော်ကို လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် အတွက် ကြိုးပမ်းခဲ့ သောကြောင့်၂၀၁၀ ရွှေကလောင်ဆု (2010 PEN/Barbara Goldsmith Freedom to Write Award) ကို ပေးအပ်ခြင်း ခံရသည်။

မြန်မာပြည်တွင်းမှ စာနယ်ဇင်းသမားများသည် စာပေစိစစ်ရေး လက်အောက်တွင် အတတ်နိုင်ဆုံး ကြိုးစားကာ ပြည်သူလူထုကို သတင်း ပေးပို့နေကြရသည်။ မကြာသေးမီက မင်းသမီးထက်ထက်မိုးဦး သတင်းကို စာပေစိစစ်ရေးက ပိတ်ပင်သည့်ကြားမှ သတင်း ထုတ်ပြန်ခဲ့သောကြောင့် The Voice ဂျာနယ်နှင့် Fast Music ဂျာနယ် ၂ စောင်ကို တပတ်စီ ထုတ်ဝေခွင့်ပိတ်ပင်ခဲ့သည်။

စာနယ်ဇင်းလုပ်ငန်းသည် မြန်မာပြည်တွင် အလွန် အန္တရာယ်ရှိသော လုပ်ငန်းတခုဖြစ်ပြီး ကမ္ဘာပေါ်တွင် ဆင်ဆာ အဖြတ်ဆုံး နိုင်ငံ တခုဖြစ်ကြောင်း CPJ ၏ အစီ ရင်ခံစာက ဖော်ပြသော်လည်း VJ ဇက် က အမျိုးသားရေး စိတ်ဓာတ်တခုတည်း ကြောင့်သာ ယခုကဲ့သို့ အန္တရာယ်ကြားမှ စွန့်စား၍ သတင်းရယူသည့် အလုပ်ကို လုပ်နေခြင်း ဖြစ်ကြောင်း ပြောသည်။

“ပြည်သူလူထုကို၊ နိုင်ငံတကာကို သိစေချင်တယ် ဆိုတဲ့ စိတ်ဓာတ် တခုတည်းပဲ။ မြန်မာနိုင်ငံက သူများနိုင်ငံတွေထက် အစစ အရာရာ နောက်ကျကျန်ခဲ့တယ်။ အာဏာရှင် စနစ်ကို ပြုတ်ကျစေချင်တယ်။ အစိုးရကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးတာမျိုး မရှိပေမယ့် လုပ်ရပ်ကို မကြိုက်တဲ့အတွက် မကြိုက်ကြောင်းကို ဖော်ပြချင်တယ်။ အဲဒါကြောင့်ပဲ ဒီအလုပ်ကို လုပ်ဖြစ်တာပါ” ဟု သူက ဆိုသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,7th,2010

( 28 )ကွမ်းခြံကုန်း ဓားပြမှု KNU နှင့် ပတ်သက်ခြင်း မရှိဟု ငြင်းဆို

( 27 )Burma Snubs Asean Election Offer

( 26 )လုံခြုံရေး ဆွေးနွေးပွဲ မြန်မာ ဗိုလ်ချုပ် မတက်

( 25 )Myanmar to extend loan to farmers to boost paddy cultivation

( 25 )မလေးရှားရောက် ရခိုင်များ UNHCR ကို ဆန္ဒပြ

( 24 )Yangon faces reduced power supply as old offshore gas pipeline leaks again

( 23 )မလေးရှားရောက် ရခိုင်များကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးရန် UNHCR အား ဆန္ဒပြ တောင်းဆို

( 22 )Regime ‘Destroying Economy’ Ahead of Elections

( 21 )မလေးရှားတွင် ဘာသာလူမျိုးခွဲခြားကာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံနေရ

( 20 )Bangladesh, Burma: Maritime Dispute Resolution

( 19 )နယ်စပ်သွင်းကုန်လိုင်စင် ဈေးကွက်အရ လုပ်ဆောင်ခွင့်မရ

( 18 )Burma accused of developing nuclear weapons

( 17 )ကမ္ဘာ့ဖလားသီချင်း ဗီဒီယိုတွင် မြန်မာ ၂ ဦးပါဝင်

( 16 )Burma accused of developing nuclear weapons

( 15 )Burma and Nuclear Weapons?

( 14 )မလေးရှားတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ အခက်ခဲများနှင့်ရင်ဆိုင်နေရ

( 13 )Myanmar, N Koreans linked to N-scheme

( 12 )No clear signs Myanmar wants help with elections—Asean

( 11 )မလေးရှားတွင် မြန်မာ အကျဉ်းသားများ ရုန်းရင်းဆန်ခတ်ဖြစ်

( 10 )UN Told To Speed Up Resolving Rohingya Issue

( 9 )ရဲချုပ် ခင်ရီ စွပ်စွဲချက်ကို ကေအန်ယူ တုန့်ပြန်

( 8 )'Cabinet to decide BSF deployment along India-Myanmar border'

( 7 )မလေးရှာမှာ လူကုန်ကူးခံရသည့် ကလေးများကို နေရပ်ပြန်ပို့

( 6 )200 detainees riot in M'sia

( 5 )မြန်မာတွေရှိရာ မလေးရှားထောင် ဆူပူမှုဖြစ်

( 4 )ULFA leaders in Bangladesh, Myanmar to surrender

( 3 )မယ်လ ဒုက္ခသည်စခန်းမှာ ၀မ်းရောဂါ ဆက်လက်ပျံ့နှံ့

( 2 )an intimate witness to rebellion in Burma

( 1 )Riot Attempt At Ajil Detention Depot Foiled

Sunday, June 6, 2010

ချင်းမိုင်ညဈေးရှိမြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်ပြုတ်

အားမီ။

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်မြို့ ရှိ နာမည်ကြီး Night Bazaar ခေါ် ညဈေးတွင် နိုင်ငံခြားသားများ လာရောက် လည်ပတ်မှု နည်းပါး သဖြင့် ယင်းဈေးမှ မြန်မာ အလုပ် သမားများ ယခု လဆန်းပိုင်း မှစတင်ကာ အလုပ် လက်မဲ့ဖြစ်သူ များပြား လာသည်။


ညဈေးထဲတွင် ၄ နှစ်ကြာအလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးမှာ ယခုလဆန်းပိုင်းတွင် စ တင်ကြုံတွေ့ရသော ပြဿနာအား ယခုလိုပြောပြသည်။

“ဒီလ ၁ ရက်နေ့ကနေစတာပေါ့ဗျာ။ လစာမရှိတော့ဘူး။ သူဌေးနဲ့တယောက်တဝက် ပေါ့နော်။ အခုချိန် မှာတော့ လုံးဝအဆင်မပြေဘူးဆိုတော့နော် သူဌေးလဲသူ့အတွက် အဆင်မပြေဘူးလေ။ ဘယ်သူ့အ တွက်မှ သိပ်အဆင်မပြေဘူးလေ၊ နားလည်မှုနဲ့ သည်းခံပြီးတော့ တယောက်နဲ့တယောက် ဆက်လုပ်နေ ကြတာလေ။”

လက်ရှိညဈေးတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားများသည် အလုပ်ပြုတ်ခံရခြင်း၊ လစာအလျော့ခံရ ခြင်း၊ လစာဆိုင်းငံ့ခံရခြင်း အခက်အခဲများ ကြုံတွေ့နေကြရသည်။

အချို့ အလုပ်ရှင်များက ရောင်းရသည့်ပစ္စည်းအပေါ် အမြတ်ငွေများကိုတယောက်တဝက်ယူပြီး ရောင်းနေရသော အလုပ်သမားများရှိသလို အချို့မှာ လုပ်အားခလျော့ခံရသည်ဟု နာရီဆိုင်တွင်အလုပ်လုပ်နေသူ ကိုအားခေါင်က ပြောသည်။

“ကျနော် သူဌေးဆီမှာက မြန်မာအလုပ်သမား ၃ ယောက်ရှိတယ်။ တယောက်ကိုတော့ အလုပ်ဖြုတ် တယ်။ ကျနော် ကိုတော့ ရာခိုင်နှုန်းပေးနေတာမပေးတော့ဘူး။ လစာကလည်း ၅၀၀ လျော့လိုက်တယ် လေ။”

ယခင်က ပစ္စည်းများ ရောင်းအားကောင်းခဲ့ပြီး ယခု ဈေးဦးပေါက်ရန်ပင်မနည်း ကြိုးစား ရောင်းနေရသည့် အခြေ အနေမျိုးဖြစ်သဖြင့် သူဌေးများမှာ အလုပ်သမားမငှားတော့ဘဲ ကိုယ်တိုင်ရောင်းနေသည်ဟု ၎င်းကဆက်ပြော သည်။

“သူဌေးတွေက ဈေးမရောင်းကောင်းတော့ သူတို့ကိုယ်တိုင် ရောင်းတာလည်းရှိတယ်။ ဆိုင်ပိတ်လိုက် တာလည်း ရှိတယ်။ ဈေးရောင်းမကောင်းတော့ အလုပ်သမားမငှားတော့ဘူး။ ဧည့်သည်ကမရှိဘူးလေ။ ရှိနေတဲ့ ဧည့်သည်ကလည်း ဈေးမဝယ်ဘူးလေ။ အရင်တုန်းက ဆိုရင်တော့ ရောင်းရတာပေါ့ဗျာ။ ဒါ ပေမယ့် အခုဟာက ဈေးဦးပေါက်ဖို့တောင် တော်တော်လေးခက်တာ မနည်းကြိုးစားရောင်းရတာ လေ။”

အခြားအလုပ်သမားတဦးက နေထိုင်ရန် အခန်းခပေးရန်ပင် အခက်ကြုံနေရသဖြင့် အိမ်ပြန် ရန်သာရှိတော့ ကြောင်း ယခုလိုပြောသည်။

“ဈေးရောင်းမကောင်းတော့။ သူဌေးကိုနားလည်ပေးရတာပေါ့နော်။ အလုပ်သမားတွေ ကလည်း ခက် ကုန်တယ်လေ။ အခန်းခအတွက်လိုက်ချေးနေရတယ်။ ဒီလိုပဲသာဖြစ်နေမယ် ဆိုရင်တော့ အလုပ် ပြောင်းရှာ၊ ဒါမှမဟုတ် အိမ်ပြန်ရမလိုတောင်ဖြစ်နေတယ်။ တလ၊ နှစ်လတော့ စောင့်ကြည့်ပြီး ဘာ လုပ်ရမယ်ဆိုတာဆုံးဖြတ်မယ်။ လောလောဆယ်တော့ စုထားတာလေးနဲ့စားရုံပေါ့။”

ယခုလို ရောင်းအားကျသွားခြင်းသည် ထိုင်းနိုင်ငံရေးအခြေအနေကြောင့်ဖြစ်သည်ဟု ညဈေးထဲတွင် ကိုယ်ပိုင်ဆိုင် ဖွင့်ထားသော မြန်မာအလုပ်သမားတဦးဖြစ်သည့် မနားနား က ယခုလိုပြောသည်။

“တော်တော်ကိုဆိုးတယ်။ ဧည့်သည်မှမလာတာ၊ ပုံမှန်ဆိုရင် ဒီရာသီက နိုင်ငံခြားသား ရှိတဲ့ရာသီပဲလေ၊ ဒါပေမယ့် ဒီနှစ်တော့မရှိဘူး။ ဒါပေမယ့် နိုင်ငံရေးအခြေနေကောင်းသွား ရင်တော့ ဧည့်သည်လာမှာပါ။ ထိုင်းနိုင်ငံကတော့လာဖို့ကို နိုင်ငံတကာကကြိုက်တယ်လေနော်။ဒါကတော့ နိုင်ငံရေးအခြေနေကြောင့် ပဲ လေ။”

ယခုနှစ် မတ်လ ၁၂ ရက်မှ မေလ ၁၉ ရက်နေ့ထိ ၂ လကျော်ကြာ ဆန္ဒုပြခဲ့သော ရှပ်အင်္ကျီ အနီနှင့် ထိုင်းအစိုးရ ကြားဖြစ်ပွားသည့် ပြဿနာကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည် များ အလာနည်းပါးခဲ့သည်။

ပြီးခဲ့သည့်လအတွင်းက ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သောကြောင့် ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်များ အပြောင်းလဲရှိခဲ့ပြီး ယခုလဆန်းပိုင်းတွင်မူ ညဈေးတွင်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများမှာ အလုပ်လက်မဲ့ ဖြစ်ကြ ရသည်။

ချင်းမိုင်ညဈေးတွင် လုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေမှာ ၂၀၀ ကျော်ခန့် ရှိသည်။


ကျောင်းကြေး ပိုမတောင်းရ တားမြစ်ချက်ကို လိုက်နာနိုင်မည် မဟုတ်ကြောင်း ကျောင်းဆရာမ တဦးက ပြော

ထွန်းထွန်း

ယခုနှစ် ကျောင်းဖွင့်ချိန်တွင် ကျောင်းသား ကျောင်းသားများထံမှ သတ်မှတ် ငွေထက် ပိုပြီး ကျောင်းဝင်ကြေး တောင်းခံပါက တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာက အရေး ယူမည် ဖြစ်ကြောင်း အခြေခံ ပညာ ဦးစီးဌာနမှ ထုတ်ပြန် ထားသော်လည်း အဆိုပါ ထုတ်ပြန်ချက်ကို မိမိတို့ လိုက်နာနိုင်မည် မဟုတ်ကြောင်း အလယ်တန်းပြ ဆရာမ တဦးက ပြောသည်။


“ ဘယ်သူမဆို မကောင်းမူကို လုပ်ချင်ကြမှာ မဟုတ်ဘူး။ ဆရာဆရာမတွေ ဆိုရင် ပိုပီး မလုပ်ချင် ကြပါဘူး။ နာသုံးနာနဲ့ အလုပ် လုပ်နေကြရတဲ့ ဆရာ ဆရာမတွေ ဖြစ်တဲ့ အတွက် ဖြစ်တယ်။ ပီးတော့ ကိုယ်ရဲ့ တပည့်တွေဆီက ဘယ်ဆရာ ဆရာမမှ ခုလို ငွေတွေကို အပိုတောင်းခံချင်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မတို့ အနေနဲ့ ကျောင်းဝင်ကြေးတွေ စာအုပ်ဖိုးတွေကို ပိုယူ နေရကြရတယ်။ ခုလို လုပ်ရတာက ကျွန်မတို့ ရတဲ့ လစာနဲ့ ကျွန်မတို့ မိသားစု စားဝတ်နေရေး မလုံလောက်တဲ့ အတွက် ဖြစ်တယ်။ ခုလို အပိုဝင်ငွေတွေ မရရင် ကျွန်မတို့ အချိန်ပြည့် စာပြနိုင်မှာ မဟုတ်ဘူး။ အဲသလို ဆိုရင် ကျောင်းသား တွေကို ပိုနစ်နာ စေနိုင်ပါတယ်။”

အဆိုပါ ကျောင်းဝင်ကြေး ပိုမတောင်းရ အမိန့်ကို အခြေခံ ပညာ ဦးစီးဌာနက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ကျောင်းများ အသီးသီးသို့ မေလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

၎င်းပြင် ဆရာမက “ကျွန်မ အခု အလယ်တန်းပြ ဆရာမပါ။ လစာက ကျပ် ၇၀၀၀၀ ဖြစ်ပါတယ်။ ဒီလစာနဲ့ ဘယ်လိုနည်းနဲ့မှ မိသားစု စားဝတ်နေရေးကို ဖြေရှင်းလို့ မရပါ။ ဒါကြောင်း ခေါင်းစဉ် အမျိုးမျိုးနဲ့ လှည့်ပြီး တောင်းခံ နေရတာ ဖြစ်ပါတယ်။ ဒီအလုပ်ကို လုပ်ချင်လို့ လုပ်တာ မဟုတ်ဘူး။ ၀မ်းရေး အတွက် ဖြစ်ပါတယ်။ အလုပ်လက်မဲ့ သူတွေကလည်း များနေတော့ တခြား အလုပ် တခု ရဖို့လည်း မလွယ်တော့ ကျောင်းဆရာ လုပ်ပြီး ဖြစ်သလို ရုန်းကန်နေရတာဘဲ ဖြစ်ပါတယ်” ဟု သူမက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် အထက်တန်း ကျောင်းအုပ် ဆရာကြီး၏ လစာမှာ တလကို ၁၀၀၀၀၀ ကျပ်၊ အထက်တန်းပြနှင့် အလယ်တန်းပြ ဆရာ တဦး၏ လစာမှာ ၇၀၀၀၀ ကျပ်နှင့် မှုလတန်းပြ ကျောင်းဆရာတယောက်၏ လစာက ၅၀၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ အတိုင်းအတာအရ မိသားစု ၆ ဦးရှိသော အစိုးရ အမှုထမ်း မိသားစု တစုအတွက် တလတာ အနိမ့်ဆုံး အသုံးစရိတ်မှာ ကျပ် ၃ သိန်းခွဲ ခန့် လိုအပ်သဖြင့် ကျောင်သားများကို သူမဆီတွင် ကျူရှင် တက်ရန် ပြောကြားထားသည်ဟု သူမက ပြောသည်။

“ကျွန်မကတော့ ကျွန်မ ကိုင်တဲ့ အတန်းသားတွေကို ကျူရှင်လာတတ်ဖို့ ပြောထားပါတယ်။ ကျူရှင်လိုရင် ကျွန်မဆီမှာ တက်ကြပါ။ ကျူရှင် မပြရင် ဘယ်သူမှ ရတဲ့ လစာနဲ့ စားဝတ်နေရေးကို ဖြေရှင်းနိုင်ကြမှာ မဟုတ်ပါဘူး။ ဘယ်သူဘဲ တားတား ပြောပြော ကျူရှင်ပြသွားဖို့ စီစဉ်ထားပါတယ်။ ”

တောင်ကုတ်မြို့ ဦးဥက္တမဈေး အနီးက အင်ဂျင်နီယာ တဦးကလည်း “ ကျွန်တော်က အီလက်ထရောနစ် အင်ဂျင်နီယာတ ယောက် ဖြစ်ပါတယ်။ လစာက တလကို ၆၀၀၀၀ ကျပ် ရပါတယ်။ မိသားစု များတော့ ဒီလစာနဲ့ မလုံ လောက်ဘူး။ မဖြစ်သာ လို့သာ လုပ်နေရတာပါ” ဟုပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရ အမှုထမ်းများ ဖြစ်ကြသည့် ကျောင်းဆရာ ဆရာမများ ၊ အင်ဂျာနီယာများ၊ တခြား ဌာနဆိုင်ရာ ၀န်ထမ်းများ၊ သူနာပြု သားဖွား ဆရာမနှင့် အောက်ခြေရှိ စစ်သားများနှင့် ရဲသားများ အစိုးရမှ ပေးသော လစာဖြင့် မလုံလောက်သဖြင့် ဆင်းရဲ ကျပ်တည်းမှု အဖုံဖုံကို ရင်ဆိုင်ပြီး ဘ၀ကို ရုန်းကန် နေကြရကြောင်း သိရှိရသည်။

ဂျင်မ် ဝက်ဘ် သို့မဟုတ် မြှုံးထဲကငါး

ထက်အောင်

အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်ဟာ ဇွန်လ ၄ ရက်နေ့မှာ မြန်မာ နိုင်ငံကို ၃ ရက်ကြာ နောက် တကြိမ် အလည် အပတ်ခရီးစဉ် စတင် ပါလိမ့်မယ်။ သူဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပထမဦးဆုံး တွေ့ခွင့်ရတဲ့ အမေရိကန် အဆင့်မြင့်အရာရှိ ဖြစ်ပါတယ်။


သူ့ခရီးစဉ် အသေးစိတ်ကို မသိရသေးပေမယ့် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ အရှေ့ အာရှနဲ့ ပဖိစိတ်ရေးရာ ကော်မတီခွဲ ဥက္ကဋ္ဌဖြစ်သူ ဂျင်မ် ဝက်ဘ် တယောက် စစ်အစိုးရအကြီး အကဲနဲ့ နောက်တကြိမ် တွေ့ခွင့်ရမရအပေါ် လေ့လာစောင့်ကြည့်သူတွေက အကဲဖြတ်နေကြပါတယ်။

လက်ဝှေ့သမားဟောင်း ဂျင်မ် ဝက်ဘ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မတွေ့နိုင်ဘူးဆိုတဲ့ ညာဖြောင့်လက်သီးနဲ့ အလဲ ထိုး လိုက်လေမလား၊ ဒါမှမဟုတ်လည်း ဂျင်မ် ဝက်ဘ်ဟာ လူတွေ့မခံတဲ့ ဗိုလ်ချုပ်ကြီးနဲ့ ဒုတိယအကြိမ် တွေ့ခွင့်ရပြီး ရင်းရင်းနှီးနှီး ဆက်ဆံရေး တည်ဆောက်နိုင်တဲ့ ရှားရှားပါးပါး အမေရိကန် ဖြစ်လာလေမလား စောင့်ကြည့်ရမှာ ဖြစ်ပါ တယ်။

ပထမအကြိမ် ခရီးစဉ်မှာ ဂျင်မ် ဝက်ဘ် တင်ပြဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေထဲက အရေးအကြီးဆုံး အချက် ကတော့ အမေရိကန်နိုင်ငံရဲ့လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထပ်ဆင့် ခြိမ်းခြောက်လာနိုင်တဲ့ မြန်မာနိုင်ငံနဲ့ ဒေသတွင်းအပေါ် တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု ကြီးမားလာတဲ့ အချက်ပါပဲ။

ဒါပေမယ့် တရုတ်လွှမ်းမိုးမှုနဲ့ ပတ်သက်တဲ့ သူ့စိုးရိမ်ချက်တွေကို ဗိုလ်ချုပ်မှူးကြီးနဲ့ တိုက်ရိုက် ဆွေးနွေးခဲ့ခြင်း ရှိမရှိ ကိုတော့ မသိရပါဘူး။ ဗိုလ်ချုပ်မှူးကြီးက တရုတ်ခေါင်းဆောင်တွေနဲ့ အလွန်နီးစပ်တာမို့ တကယ်လို့ ဂျင်မ် ဝက်ဘ်က ပြောခဲ့ရင်တောင်မှပဲ ဗိုလ်ချုပ်မှူးကြီးက ဘယ်လို တုံ့ပြန်လိုက်တယ် ဆိုတာကိုလည်း မသိနိုင်ပါဘူး။

တကယ်လို့ ဒီတကြိမ်မှာ ဂျင်မ် ဝက်ဘ်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ခွင့်ရမယ် ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ အပေါ်ထားရှိတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ ကြိုးပမ်းချက်တွေကြောင့်သာ ဖြစ်ပါလိမ့်မယ်။

“မြန်မာနိုင်ငံကို မျက်နှာလွှဲ ခဲပစ် လုပ်လို့မရပါဘူး”လို့ အမည်ရတဲ့ ဆောင်းပါးမှာ ဂျင်မ် ဝက်ဘ်က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသားခဲ့ဖူးပါတယ်။ အဲဒီ ဆောင်းပါးကို သူ့ရဲ့ မြန်မာနိုင်ငံ ပထမ အကြိမ် ခရီးစဉ်ကနေ ၀ါရှင်တန်ပြန်ရောက်ပြီး မရှေးမနှောင်းမှာပဲ နယူးရောက် တိုင်းမ်စ် သတင်းစာမှာ ဖော်ပြခဲ့တာပါ။

“တကယ့်လက်တွေ့တွင် ဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး သြဇာ သိသိသာသာ တိုးတက်လာခဲ့သဖြင့် ဒေသအတွင်း အန္တရာယ်ရှိသော မဟာဗျူဟာ ချိန်ခွင်လျှာ မမျှတမှုကို ဖြစ်ပေါ်စေသည်”လို့ ဂျင်မ် ဝက်ဘ်က သူ့ဆောင်းပါမှာ ထည့်သွင်း ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဖယ်ရှားပစ်လိုက်ရင် မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာရှိတဲ့ တရုတ်သြဇာကို ထိန်းထားနိုင်မယ်ဆိုတဲ့ ယုတ္တိဗေဒကို လက်ခံဖို့တော့ ခက်ခဲလှပါတယ်။

ပထမအကြိမ် ခရီးစဉ်အတွင်းမှာ ဂျင်မ် ဝက်ဘ်က သူ့အမြင်တွေကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း ဆွေးနွေးခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တရုတ်နိုင်ငံကို ဂျင်မ် ဝက်ဘ် လိုမျိုး “ကြောက်မက်ဖွယ်ရာ အရှိန်အ၀ါ” အဖြစ် မမြင်တဲ့အပြင် ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားပစ်ရေးနဲ့ ပတ်သက်တဲ့ ဂျင်မ် ဝက်ဘ် ရဲ့အမြင်ကိုပါ လုံးဝ ပယ်ချခဲ့ပါတယ်။

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီနားချင်း နိုင်ငံဖြစ်သလို မြန်မာပြည်ရဲ့ မိတ်ဆွေကောင်း ဖြစ်ချင်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်”လို့ ဂျင်မ် ဝက်ဘ် ခရီးစဉ်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို သူ့ရှေ့နေကတဆင့် စကားပါး ခဲ့ပါတယ်။

ဂျင်မ် ဝက်ဘ်အနေနဲ့ စစ်အေးခေတ် အမြင်နဲ့ တချို့လူတွေကို နားချနိုင်ရင်တောင်မှပဲ ဗိုလ်ချုပ်ကြီး နေ၀င်းက စလို့ မြန်မာ စစ်ခေါင်းဆောင် အဆက်ဆက်က အမေရိကန်ပြည်ထောင်စုကို ဘယ်သောအခါမှ အပြည့်အ၀ မယုံကြည်ဘူး ဆိုတဲ့ အချက်ကိုတော့ မျက်ကွယ် မပြုသင့်ပါဘူး။ ဒါ့အပြင် တချိန် စစ်အေးကာလတုန်းက အမေရိကန်နဲ့ ရုရှား အင်အားကြီး နှစ်နိုင်ငံအကြား အသုံးချမခံရအောင် မြန်မာစစ်တပ်က စွမ်းဆောင်နိုင်ခဲ့တယ် ဆိုတာကိုလည်း ဗီယက်နမ် စစ်ပြန် ဂျင်မ် ဝက်ဘ် သတိချပ်သင့်ပါတယ်။

အထက်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်ရဲ့ ဇွန်လ ၄ ရက်ခရီးစဉ်က ဇွန် ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ့် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ရဲ့ခရီးစဉ်အပြီးနဲ့ တဆက်တည်း ဖြစ်နေပါတယ်။ တိုက်ဆိုင်တယ်လို့ တောင် ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အဆိုအရ တရုတ်ဝန်ကြီးချုပ်က ခရီးစဉ်အတွင်းမှာ စွမ်းအင်နဲ့ အထောက်အပံ့ကိစ္စတွေ ဆွေးနွေးမယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးအနေနဲ့ တရုတ်ပြည်က သူ့ပေါက်ဖော်ကြီးကို ကော်ဇောနီခင်းပြီး ကြိုမယ်ဆိုတာကို သံသယ လုံးဝမရှိ ပေမယ့် အမေရိကန်က သူ့မိတ်ဆွေကိုတော့ ဘယ်သို့ဘယ်ပုံ ကြိုမယ်ဆိုတာ စိတ်ဝင်စားစရာပါ။

တကယ်လို့ စစ်အစိုးရခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်ရဲ့ အလည်အပတ်ခရီးစဉ်အပြီးမှာ အမေရိကန်က တရုတ် ဆန့်ကျင်ရေးလှုံ့ဆော်သူကို တွေ့ဆုံဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားရေး ဆိုတာတောင် သူ့အတွက် ဒုတိယဦးစားပေး ဖြစ်မှာပါပဲ။

ဂျင်မ် ဝက်ဘ်ကို သူတွေ့လိုတဲ့ အဓိက ရည်ရွယ်ချက်က ၂၀၁၀ ရွေးကောက်ပွဲကို အမေရိကန်နဲ့ နိုင်ငံတကာအမြင်မှာ တရားဝင် ဖြစ်ရေးပဲ ဖြစ်ပါလိမ့်မယ်။

တရားဝင် အသိအမှတ်ပြုခံရရေးနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားရေးဆိုတဲ့ ငါးကိုရဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ငါးရှာထွက် မယ် ဆိုရင်တော့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်ဟာ စစ်အစိုးရရဲ့ မြှုံးထဲက ငါးကြီးတကောင် ဖြစ်နေပါတော့တယ်။

သျှမ်းပြည် (မြောက်ပိုင်း) ၌ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပို့ချ

သျှမ်းသံတော်ဆင့်

ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းဆိုင်ရာများနှင့် ပတ်သက်၍ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ မြို့တော်ခန်းမတွင် မေလ ကုန်ပိုင်း၌ ၂ ရက်ကြာ သင်တန်းပို့ချခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။


နအဖ နေပြည်တော်၏ဗဟိုရွေးကောက်ပွဲ ကော်မရှင်မှ ဦးစီးကျင်းပသည့် အဆိုပါ သင်တန်းတွင် မူစယ် ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သင်တန်းသား ၃၀ ဦးခန့် တက်ရောက်ခဲ့သည်။

မူစယ်ခရိုင်နှင့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲကို ခရိုင်ဥက္ကဋ္ဌ ဦးချိုအေး မြို့နယ် ဥက္ကဋ္ဌ ဦးအုန်းမြင့် တို့အပါအ၀င် လူ ၃၀ ဦးဖြင့် မေလ ၂၃ ရက်နေ့က ဖွဲ့စည်းခဲ့ရာ အဆိုပါ အဖွဲ့ဝင်များ သင်တန်းတက်ခဲ့ခြင်း ဖြစ်သည်။

“သင်တန်းမှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေပေးသွားပါတယ် ကော်မရှင်အဖွဲ့အနေနဲ့ လုပ်ပိုင်ခွင့်တွေ အများ ကြီးရှိပါတယ်”

“ဒီအထဲက ရွေးကောက် တင်မြောက်ခံရတဲ့ လွတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ သူ့သဘောကျ လုပ်ခွင့်ပေး ထားတာတွေရှိပါတယ်”

“ဥပမာ အမတ်တစ်ဦးဦးက အကြောင်းအမျိုးမျိုးကြောင့် ပြုတ်ကျသွားလို့ရှိရင် ကော်မရှင်ကနေပြီး သူ့စိတ်ကြိုက်လူကို တင်မြှောက်နိုင်တယ်၊ လူထုမကြိုက်လည်း ကော်မရှင်ကို ပြန်တရားစွဲဆိုပိုင်ခွင့် မရှိဘူး ဒါမျိုးတွေပေါ့” ဟု နီးစပ်သူက ဆိုသည်။

မူစယ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် ခရိုင်နှင့်မြို့နယ် အဖွဲ့ခွဲဝင် ၁၅ ဦးစီပါဝင်ကာ ၄နှစ် သက်တမ်းရှိမည်ဖြစ်ပြီး ကျန်းမာရေး ပညာရေး မြေစာရင်း ဥပဒေ စည်ပင် စီမံကိန်း စသည့် ဋ္ဌာနဆိုင်ရာဝန်ထမ်းကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားကြောင်း သိရသည်။

သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ ကွမ်းလုံ နှင့် လောက်ကိုင်ခရိုင်များ (လူအင်အား 40 လားရှိုးသို့ ရွေးကောက်ပွဲ ဆိုင်ရာသင်တန်းသွားပြီး မေ 27 ကိုးကန့်ဒေသသို့ပြန်လည်ရောက်ရှိ) တွင်လည်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းပြီး ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးပြီးဖြစ်ကြောင်း သိရသည်။


ရှီးဖော ကြိုးမိန့်

ရန်ကုန်သားတာတေ

မှောင်နှင့် မည်းမည်း ဖြစ်နေသော အခန်းတွင်းတွင် ဖလောင်းတိုင်မီးက တဖြည်းဖြည်း လင်းလာသည်။ အရေးကြီး ပုဂ္ဂိုလ် ၂ ယောက် လာမည် ဆိုကာမှ ကြပ်ပြေး နေပူတော်တွင် လျှပ်စစ်မီး မမှန်သည်မှာ ၄ ရက်လောက်ရှိပြီဖြစ်၍ ချိုကုပ်ဒူးကြီး စိတ်မကြည်ချေ။

“မီးမလာတာ ဂတ်စ်ပိုက် ပေါက်နေလို့တဲ့၊ ဂက်စ်ပိုက်ကို တာဝန်ယူတာက ဦးအောင်တောင်းရဲ့ သား နေကြောင် (အီးအိုင်ဂျီး) ဆိုတဲ့ အကောင်ပဲ။ ဒင်းကိုတော့ မှတ်လောက်သားလောက်အောင် လုပ်ငန်းတွေ ချမပေးဘဲ နေဦးမှ” ဟု ချိုကုပ်ဒူးကြီးက ကြိမ်းဝါးနေလေသည်။

အရေးကြီး ပုဂ္ဂိုလ်များ လာမည့်ပွဲသို့ ချိုကုပ်ဒူးကြီးက ဖိတ်ကြားသဖြင့် လေ့လာသူ အဖြစ် ရောက်နေသော ချင်းမိုင် ဦးရုက္ခစိုးကြီးမှာလည်း နေပူတော်အရှိန်ကြောင့် ပူစပ်ပူလောင် ဖြစ်နေလေသည်။

သတင်းယူရန် ရောက်နေသော ဖိုးရှုပ်နှင့် လူလစ်လျှင် တရုတ် ဝင်ကြီးဂျုပ် ဝင်ကြားချောင်နဲ့ ပြောရပြောရ၊ မိုးပျံ လွှတ်တော်အမတ် မစ္စတာ ကြင်ဝက်နှင့် ပြောရပြောရ မြန်မာပြည်အရေး ကန်စွန်းပလိန်း (အဲလေ …) ကွန်ပလိန်းတက်လိုက်မည်ဟု ကြံနေသော ကြွက်စုတ် တို့က မလှမ်းမကမ်းတွင် တီးတိုးတီးတိုးနှင့် အတင်းပြောနေကြလေသည်။

“နေပူတော်တဲ့ကွာ … နာမည်နဲ့ လိုက်ပ … ကြက်တွေပြေးမယ်ဆို ပြေးလောက်စရာပဲ” ဟု ဖိုးရှုပ်က ညည်း၏။

ကြွက်စုတ်က ဝင်ဖြည့်သည်။

“ခုရက်ထဲ မီးပျက်နေတယ်ဆိုပဲ။ လာတဲ့ မီးကလည်း ခရမ်းချဉ်သီး တိုင်မှာ ချိတ်ထားသလား မှတ်ရတယ်”

ချိုကုပ်ဒူးကြီးမှာ အရေးကြီး ပုဂ္ဂိုလ်များ ရောက်လာလျှင် ဒေါသအိုး မျက်နှာကြီး ဖြစ်မနေစေရန် နှုတ်ခမ်းကို စူပွစူပွနှင့် အပြုံးကျင့် နေလေသည်။ တပြိုင်နက်တည်းတွင် အလွတ်ကျက်ထားသော တရုတ်စကားနှင့် သိုးဆောင်းစကားများကိုလည်း ရွတ်နေရသေးသည်။

“နိဟောင် … ကြည့်ရှောင် …
တွေးပူချိ … ဘေးလူသိ …
ရှဲရှဲနီ … အသည်းစွဲသည် …
ကမ်းပေး … အလှမ်းမဝေး”

“ဝဲလ်ကမ်း … အကဲစမ်း …
ဟောင်းဒူး ယူဒူး … မတောင်းဘူး မယူဘူး …
သင့်ခ်ယူ … နင့် အပူ
စီးယူ ဂွတ်ဘိုင် … နီးသူ ချွတ်ကိုင်”

ထိုအခိုက် တရုတ်မောင်းသံများ ဆူညံသွားသည်။

“ဒူ ဝမ် … ဒေါင် … ဒွမ်”

တရုတ်သိုင်းကားထဲမှာ ပေါင်ချိန်လာရင် ကြိုဆိုကြသလို ဝမ်းခေါင်းသံကြီးလည်း ထွက်လာသည်။

“ဝယ် ….. ဝယ် …. ဝူ … ဝူ”

“ဝယ် … တဲ့။ ဝယ်ဖို့ လာတာတော့ သေချာပြီ၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ပဲ ဖြစ်မယ်” ဟု ဖိုးရှုပ်က မှတ်စုတွင် ရေးမှတ်၏။

အလင်းရောင် သိပ်မရသော အခန်းတွင်းသို့ မှောက်လျက်မလဲစေရန် ခြေစမ်း သိုင်းကွက်ဖြင့် ချဉ်းနင်းဝင်ရောက်လာသူမှာ တရုတ် ဝင်ကြီးဂျုပ် ဝင်ကြားချောင်ပင် ဖြစ်လေတော့သည်။ ဝင်ကြားချောင်ကို ချိုကုပ်ဒူးကြီးက လာနေကြ ဖောက်သည်ကြီးလို ဝမ်းသာအားရ နှုတ်ဆက်သည်။

ချိုကုပ်ဒူးကြီး ။ ။ ပေါက်ဖော် တာကိုး … နိဟောင်
ဝင်ကြားချောင် ။ ။ ဟောင် … ဟောင်
ချိုကုပ်ဒူးကြီး ။ ။ ဝုတ် … ဝုတ်

ဦးရုက္ခစိုးနှင့် ဖိုးရှုပ်ကို တရုတ်သိုင်းကားများ ကြည့်၍ တရုတ်အရေး ကျွမ်းကျင်သူ ဖြစ်လာသည့် ကြွက်စုတ်က ဘာသာပြန်ပေးသည်။

“တာကိုး နိဟောင် ဆိုတာ ဘရားသားကြီး နေကောင်းလား တဲ့။ ဟောင် ဆိုတာ ကောင်းပါတယ်၊ ဝုတ်ဝုတ် ဆိုတာကတော့ ဘာ ဘာသာစကားလည်း ကျုပ်မသိဘူး” တဲ့။

ဦးရုက္ခစိုးကြီးနှင့် ဖိုးရှုပ်မှာ အငေးသားနှင့် နားထောင်နေကြလေသည်။

ဝင်ကြားချောင် က “တာကိုး တန်းချွေ (သန်းရွှေ) … လယပ်စစ် မီးအား တိတ် ခြွေတာလယ်၊ ကောင်းလယ်၊ ခြွေတာတော့ 'ဝ' တို့က ဝယ်မှာပေါ့လေ” ဟု ပြောသည်။

မည်သို့ဆိုစေ ချိုကုပ်ဒူးကြီးမှာ နည်းနည်းတော့ နေသာထိုင်သာ ရှိသွားလေသည်။ အရှက်ကတော့ အစကတည်းမရှိသဖြင့် ရှက်ရကောင်းမှန်းကိုကား မသိပေ။

“ဝင်ကြီးဂျုပ်နဲ့ ၂ မိနစ် အကွာ ခြားပြီး အရေးကြီး ပုဂ္ဂိုလ် တယောက် ရောက်လာပါဦးမယ်ခင်ဗျား”

ပြောရင်း ဆိုရင်း “ရိုင်းတဲ့ စင်ရော်” နောက်ခံတေးဖြင့် ဝင်ရောက်လာသူမှာ ရေတပ်အရာရှိဟောင်း၊ အမေရိကန် မိုးပျံလွှတ်တော် အမတ်မင်း မစ္စတာ ကြင်ဝက် ဖြစ်လေသည်။

“ဟောင်း အာယူ၊ ဟိုင်း၊ မင်ဂလာပါ ... စီနီကြာ ဂျင်ဂျင်လယ် တန်းဆွေ”

ကြင်ဝက်က အခန်းတွင်းကို စမ်းတဝါးဝါး ဝင်လာရင်း နှုတ်ဆက်၏။

ဖယောင်းတိုင် ထွန်းထားသော စားပွဲတွင် ဧည့်သည်တော် ၂ ဦးနှင့် အလယ်၌ ချိုကုပ်ဒူးကြီးက အသီးသီး နေရာယူလိုက်ကြသည်။ ချိုကုပ်ဒူးကြီးက အိမ်ရှင်ဖြစ်သည့် အတိုင်း မိတ်ဆက်ပေးသည်။

ချိုကုပ်ဒူးကြီး ။ ။ အဆွေတော်များကို မိတ်ဆက်ပေးပါရစေ၊ ဒါကတော့ ဦးစွာရောက်နှင့်တဲ့ နိုင်ငံရေး ပေါလစ်သုတ်ထားတဲ့ ဗီရို သံသရာဆက်တိုင်း ကော်မတီဝင်၊ နောက်ပြီး တရုတ် ဦးရှောင် ပါတီဝင်များအဖွဲ့ အပြင်ရေးမှူး ဝင်ကြီးဂျုပ် ဝင်ကြားချောင်ပါပဲ။ ဒီက ပုဂ္ဂိုလ်ကတော့ မိုးပျံ လွှတ်တော် ရေခြားမြေခြားရေးရာ ကော်မတီရဲ့ အာခေါင်ရှလို့ ပိစိလေး ဖိတ်သွားတဲ့ ကော်မတီ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

ချိုကုပ်ဒူးကြီးမှာ ရှည်လျားသော ရာထူးရာခံများကြောင့် မောသွားသဖြင့် ရေတခွက် သောက်လိုက်ရသေး၏။

ကြင်ဝက် ။ ။ ဘယ့်နှယ့်လည်း ပြိုင်းမီနီစတာ ဝင်ကြားချောင်၊ တောင်ကိုရီးယား မော်တော်ဘုတ်ကို မြောက်ကိုရီးယားက တော်ပီဒိုနဲ့ ကြင်ကြင်နာနာ ထိုးလိုက်တာ ဘာမှ ဝင်ပြောသံ မကြားပါလားဗျ။

မစ္စတာ ကြင်ဝက်က စစချင်း အပ်နှင့် ထွင်းသည်။

ဝင်ကြားချောင် ။ ။ အချစ်စမ်းကြတာပါပျာ။ 'ဝေါ်အိုက်ညီ' နေကြတာ။ ခင်ပျားတို့ ထင်သလို မဟုတ်ပါဘူး။ 'ဝ' တို့ အိမ်ငှားအရေး အဲလေ … အိမ်နီးနားချင်းအရေး 'ဝ' တို့က အတိဆုံးပါ။

အခြေအနေကား အစ္စရေးနှင့် ပါလက်စတိုင်းကဲ့သို့ တင်းမာဖွယ်ရှိသည်ဟု ဖိုးရှုပ်က ဦးရုက္ခစိုးကို တီးတိုး သုံးသပ်ပြသည်။ ချိုကုပ်ဒူးကြီးက ဝင်ရောက်ဖျန်ဖြေသည်။

ချိုကုပ်ဒူးကြီး ။ ။ တာကိုးတို့။ လာရောက်လည်ပတ်တာ ရှဲရှဲနီ၊ သိုင်းကျူးပါပဲ။ ဝင်ကြီးချုပ် ဝင်ကြားချောင်နဲ့ 'စီးပွားရေး ရင်းနှီး အပြုတ်နှံမှု'တွေ လုပ်နိုင်ပြီး မစ္စတာ ကြင်ဝက်နဲ့လည်း လာမယ့် ၂၀၁၀ ရွေးခန့်ပွဲကြီး 'ပိတ်ပိန်း မမြင်သာရေး'ကို ဆွေးနွေးသွားဖို့ မျှော်လင့်ပါတယ်။

ဝင်ကြားချောင် ။ ။ 'ဝ' တို့ကတော့ စီးပွားရေးပဲ စိတ်ဝင်စားတယ်လေ။ ရွေးကောက်ပွဲက သူ့ ပြည်တွင်းရေးပါပဲ။ ဒါကြောင့် 'မေကွမ်းရှိ'။ ခင်ပျားတို့ အမေလိကန် မသိပါဘူး။

ဘယ့်နှယ့် ကွမ်းတွေ ကွမ်းသီးတွေ ပါလာသလဲဟု ဦးရုက္ခစိုးက မေးသဖြင့် “မေကွမ်းရှိ” ဆိုသည်မှာ “ပြဿနာ မရှိပါဘူး” ဟု အဓိပ္ပာယ်ရကြောင်း ကြွက်စုတ်က ရှင်းပြသည်။

ကြင်ဝက် ။ ။ မေကွမ်းက ရှိရမယ်ဗျ။ မရှိလို့ မဖြစ်ဘူး။ အာရှမှာ ထိန်းထိန်းသိမ်းသိမ်း ခင်ဗျားတို့က မကွန်ထရိုးနိုင်ရင် ကျနော်တို့က ကြားဝင်ရမှာပဲ မစ္စတာ ဝင်ကြားချောင် ရဲ့။

ဝင်ကြားချောင်နှင့် ကြင်ဝက်မှာ ချိုကုပ်ဒူးကြီးကို အလယ်တွင်ထား၍ ဝါယောစစ်ပွဲ (ခေါ်) လေတိုက်ပွဲ အရှိန်မြင့်လာရကား ငယ်ကျိုးငယ်နာ ဖော်ကြလေသည်။

ကြင်ဝက် ။ ။ ဝင်ကြီးဂျုပ် ဝင်ကြားချောင် ... ဒါကြောင့်လည်းပဲ အင်္ဂလန်ကို မနှစ်က ဂိုးတော့ ကိန်းဗလစ် တက္ကသိုလ်မှာ ဖိနပ်နဲ့ အပေါက်ခံရတာပဲ … အဟား

ဝင်ကြားချောင်မှာ ရှုံမဲ့သွားပြီး ပြန်လည် ချေပသည်။

ဝင်ကြားချောင် ။ ။ အောင်မယ် ... 'ဝ' ကို ပြောချင်ရင် ကိုယ့်ကိုယ်ကိုယ် အရင်ကြည့်ပါ၊ ဟိုးအရင်က ခင်ပျား 'မိန်းမတွေ ဖိုက်တင် မချနိုင်ပါ' ဆိုတဲ့ 'ဝူးမင်း ကန့် ဖိုက်' ဆိုတဲ့ ဆောင်းပါးရေးလယ်၊ မိန်းမတွေ ခင်ပျားကို ဝိုင်းတီးလယ်၊ 'ဝ' တိလယ်။

အရေးကြီး ဧည့်သည်တော်များမှာ အလွန်ပင် လေ့လာအား ကောင်းလှပေသည်ဟု တွေးမိရင်း ချိုကုပ်ဒူးကြီးမှာ ကိုယ့်စိတ် ကိုယ်မလုံ ဖြစ်နေလေသည်။

ကြင်ဝက် ။ ။ မစ္စတာ ဝင်ကြားချောင်၊ ကျနော်တို့က ဒီမိုးကရေစီးတာ ရှိတယ်။ တရုတ်ဟာ ကိုယ်တိုင်လည်း မစီး အဲလေ … မရှိ၊ သူများကို ရှိအောင်လည်း မလုပ်နိုင်ပါလားဗျာ။

ဝင်ကြားချောင် ။ ။ မစ္စတာ ကြက်တောဆိုတာ ရန်ကုန်မှာ ရေဆင်းကူးလယ်၊ တာကိုး တန်းချွေက ဖမ်းလယ်၊ ခင်ပျား လာပြန်ခေါ်သွားတယ်၊ ဘာကောင်းသလဲ ဒီမိုးကရေစီးတာ။

ချိုကုပ်ဒူးကြီးမှာ သူပြောချင်သည့် တော့ပစ်များ ပျောက်ကုန်ပြီး ချွေးဒီးဒီးကျလာလေသည်။ အတွေ့အကြုံများနေပြီ ဖြစ်သော ဦးရုက္ခစိုးရော ဖိုးရှုပ်နှင့် ကြွက်စုတ်ပါ အမေရိကန်-တရုတ် ဝါယော စစ်ပွဲမှသည် ပထဝီ၊ တေဇော စစ်ပွဲနှင့် ဖြေရှင်းသည်အထိ ရောက်လာလျှင် မလွယ်သောကြောင့် ပြေးဖို့ အပေါက်ကို အရင် ကြည့်ထားရလေသည်။

ချိုကုပ်ဒူးကြီး ။ ။ တွေးပူချိ … ဘေးလူတွေ သိကုန်ပြီ လူကြီးမင်းများ ခင်ဗျာ။ ကမ်း ဒေါင်း (Clam Down) မလုပ်ရင် အရမ်း ဖောင်း (Foul) ကုန်ကြပါလိမ့်မယ်။ ရှဲရှဲနီ၊ သိုင်းကျူးပါ။ ကျနော် ပြောပါရစေ၊ 'ရင်းနှီး အပြုတ်နှံဖို့'နဲ့ 'ပိတ်ပိန်း မမြင်သာ' ရွေးခန့် … ခန့် … ခန့် …

ဝင်ကြားချောင် ။ ။ တာကိုး တန်းချွေ၊ 'ဝ' တီကို လာတယ်၊ ရင်းနှီး အပြုတ်နှံမှုတွေ အများကြီး လုပ်သွားမယ်၊ စိတ်ချ၊ တာပေမယ့် နောက်နေ့မှ ထပ်တွေ့မယ်၊ 'ဝ' နားဦးမယ်။ မန္တလေးမှာ ဆွေမျိုးတွေ သွားတွေ့လိုက်ဦးမယ်။

ကြင်ဝက်။ ။ ဒီယားမိုင် ဖရန့် တန်းဆွေ၊ ဘယ်သူမှ လာမကြည့်နိုင်လို့ ပိတ်ပိန်း မမြင်သာ ရွေးခန့်ပွဲကြီးကို ဗဲဒီးဂွတ်သွားမယ် ဆိုတာ ထရပ်စ် ပြီးသားပါ။ နောက်ထပ် မစ္စတာ ကြက်တော တယောက် လွှတ်လိုက်ဖို့ မိုင် ဂျူတီ ထားပါ။ ခုတော့ ပြန်ဦးမယ်။

ချိုကုပ်ဒူးကြီး ။ ။ မပြန်ပါနဲ့ဦး မစ္စတာ ကြင်ဝက်နဲ့ ဝင်ကြီးဂျုပ် ဝင်ကြားချောင်။ မစ္စတာ ကြင်ဝက်ကို “ဘောင်းဘီချွတ်၍ လွှတ်လိုက်သည်” ဆိုတဲ့ ဝတ္ထုလေးလည်း ပေးလိုက်ပါရစေဦး။ ဝင်ကြီးဂျုပ် ဝမ် အတွက်လည်း “မန္တလေးသား စစ်စစ်ကြီးပါဗျာ” ဆိုတဲ့ ပြဇာတ်ခွေကလေး ပေးလိုက်ပါရစေဦး။

ဝင်ကြားချောင် ။ ။ ဝေ့ … ထက်ထက်မိုးပြူး တရုပ်ဆောင်သလား၊ ထက်ထက်မိုးပြူးဆို 'ဝ' ကြိုက်လယ်။

ကြင်ဝက် ။ ။ သိပ် ဒစ်ဖစ်ကဲလ်တယ် ဝင်ဂျီးဂျုပ်။ ဂျာနယ်လစ်ကို ဆော်ပလော် တီးလိုက်တယ်။ ဒါဟာ ဒီမိုးကရေစီးတဲ့ မူနဲ့ဆို လက်မခံနိုင်ဘူး။ သိပ် ပရော်ဗလမ် ရှိတယ်။

ဝင်ကြားချောင်ရော ကြင်ဝက်ပါ ဒေါသအထွတ်အထိပ် ရောက်ပြီး ပြန်မည်ပြင်သောအခါ နဂိုကတည်းက ပျက်ပြီးသား မျက်နှာကြီးကို အိနြေ္ဒမဆည်နိုင်ဘဲ ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုးနှင့် ကြွက်စုတ်တို့ ဘက်သို့ အမောတကော လှမ်းအော်ပြောလိုက်လေသည်။

“ရှီးဖော ... ကြို့မိန့်”

ကြိုးမိန့်ဟု ကြားလိုက်သဖြင့် လန့်ဖြန့်သွားသော ဦးရုက္ခစိုးသည် “ဟေ့ ကြိုးမိန့်တွေ ဘာတွေ တို့ဘက်တော့ လှည့်မလာနဲ့၊ ၂ ယောက် ဆုံ ချိန်းတဲ့ ဂျိုကုပ်ကြီးရေ … ကိုယ့်ကိုယ်ကိုယ်သာ ကြိုးမိန့် ချလိုက်တော့ဟေ့” ဟု ပြန်အော်ကာ ဖိုးရှုပ်နှင့် ကြွက်စုတ်ကို ဂုတ်က ကောက်ဆွဲလျက် ဝင်ကြားချောင်နှင့် ကြင်ဝက်ထက် ဦးအောင် ဘေးပေါက်မှ အပြေးထွက်လေသည်။

အတော်ဝေးဝေးရောက်မှ စကားပြန် ကြွက်စုတ်က လက်ကို ဆွဲထားပြီး အောက်ပါအတိုင်း ရှင်းပြရလေသည်။

စွတ်မပြေးပါနဲ့ဦး ဦးရုက္ခစိုးရယ်၊ “ရှီးဖော ... ကြို့မိန့်” ဆိုတာ တရုတ်လို “အာစရိ … ကယ်ပါဦး” လို့ ပြောတာဟု ရှင်းပြသောအခါ ဦးရုက္ခစိုးနှင့် ဖိုးရှုပ်က သူတို့တတ်ထားသော တလုံးတည်းသော တရုတ်စကားဖြင့် ပြန်ပြောလိုက်ကြလေသတည်း။

“ဝေါ် ပု ကျိ တောက်” (မသိဘူးလေ)

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,6th,2010

( 8 )Chinese cultural troupe stages performance in Yangon for Sino-Myanmar anniversary

( 7 )200 illegal immigrants stage riot at Ajil detention camp

( 6 )တရုတ်ပြည် သစ်များ ခိုးထုတ် ဒေသခံ အာဏာပိုင်များ ကူညီပေး

( 5 )On Mae Sai time

( 4 )မြန်မာ အစိုးရ နျူးကလီးယား အစီအစဉ် သေချာ

( 3 )CNPC begins work on oil, gas pipelines in Myanmar

( 2 )ခိုင်မိုးလင်း ကျဆုံးခြင်း ၃၃ နှစ်ပြည့် အခမ်းအနား

( 1 )Myanmar seeking to build nuclear weapon, says report

Saturday, June 5, 2010

မယ်လဒုက္ခသည်စခန်းတွင်း ကာလဝမ်းရောဂါ ဆက်လက်ဖြစ်ပွား

ဘုန်းခိုင်။

မယ်လ ဒုက္ခသည်စခန်းတွင်း ဒုက္ခသည် (၁၁)ဦး ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ ၀မ်းရောဂါဖြစ်သည့် လူနာ (၂၀)ဦး စခန်းတွင်းရှိ အေအမ်အိုင်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရသည်။

မယ်လဒုက္ခသည်စခန်းတွင်း ၀မ်းရောဂါဖြင့် တက်ရောက်ခဲ့သည်လူနာ (၅၀)ဦးတွင် ကာလ၀မ်းရောဂါပိုးတွေ့ရှိသည့် လူနာ (၁၁) ဦးရှိခဲ့ပြီး အခုလက်ရှိ ကာလ၀မ်းရောဂါသည်တွေနှင့် ဝမ်းရောဂါသည်တွေ တက်ရောက်ကုသနေမှု အခြေအနေကို မယ်လဒုက္ခသည်စခန်း ဆေးရုံတာဝန်ခံ ဆရာ စောနေဆဲလ်က “မယ်လဒုက္ခသည်စခန်းမှာ ကာလဝမ်းရောဂါ ဖြစ်တဲ့လူနာ (၁၁) ယောက်ရှိပြီ။ ဒါက စဖြစ်တဲ့ ပြီးခဲ့တဲ့လ (၂၇) ရက်နေ့ကနေ ဒီနေ့ထိပေါ့လေ။ အခု လက်ရှိဆေးရုံမှာ ကာလ၀မ်းရောဂါ လူနာ (၃)ဦး ရှိတယ်။ တချို့သက်သာတဲ့သူတွေ ဆေးရုံက ပြန်ဆင်းခိုင်းလိုက်ပြီ၊ ၀မ်းရောဂါနဲ့ လူနာက မနေ့ကနဲ့ ဒီနေ့ထိ အယောက် (၂၀) ဆေးရုံမှာ ထပ်ရောက်လာတယ်။ ကျနော်တို့စခန်းထဲက ဆေးရုံမှာ ကုသရေးနဲ့ ဆေးဝါးအလုံအလောက်ရှိတယ်”ဟု ပြောသည်။


“ကာလ၀မ်းရောဂါ ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ မသန့်ရှင်းသည့် သောက်သုံးရေနှင့် အစားအသောက်များကြောင့်” ဟု ဆရာ စောနေဆဲလ်က ပြောသည်။

“မယ်လ ဒုက္ခသည် စခန်းမှာက အစားအစာနဲ့ပါတ်သက်လို့ လတ်လတ်ဆက်ဆက် မစားနိုင်ကြဘူး၊ ပြီးတော့ ကောင်းကောင်းမွန်မွန် မချက်ဘူး၊ တကိုယ်ရေ သန့်ရှင်းရေးကိစ္စတွေ မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်၊ ရေမလုံလောက်တာ ပြဿနာတခု၊ သောက်ရေရှားပါးတော့ သူတို့ဟာသူတို့ တူးပြီးသောက်တဲ့ရေကို သန့်ရှင်းအောင်မလုပ်တာတွေလည်း ပါတယ်” ဟု ဆရာ စောနေဆလ်က ဆက်ပြောသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် ကာလဝမ်းရောဂါ စတင်ဖြစ်ပွားခဲ့သည့် ဇုန်စီရှိ၊ စီဝမ်းအေနှင့် စီဝမ်းဘီရပ်ကွက်တွင်းတွင် လူနေထူထပ်သည့်အတွက် ကာလ၀မ်းရောဂါ ကူးစက်မှုများ ဖြစ်ပွားနေကြောင်း ၎င်းကဆက်ပြောသည်။

“ပထဦးဆုံး ကာလဝမ်းရောဂါဖြစ်တဲ့သူရဲ့ အိမ်ဘေးမှာ နှစ်အိမ်သုံးအိမ်က အဲလိုရောဂါတွေ ဖြစ်နေတာ။ ပြီးတော့ ဆေးရုံထဲမှာ လာပြတဲ့အထဲက အဲဒီလူအိမ်ဘေးနားက လူတွေပဲ များတယ်၊ စခန်းတွင်းမှာ solidarity အဖွဲ့က ရေကိုသန့် စင်အောင်လုပ်တာ။ ဆေးထည့်တာတို့လုပ်ထားပေးတယ်” ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင်း ကာလဝမ်းရောဂါဖြစ်ပွားမှုကို စခန်းဆေးရုံသို့ ၀မ်းရောဂါဖြင့် တက်ရောက်ကုသမှု ခံယူနေသည့် အသက် (၃၈) နှစ်အရွယ် အမျိုးသားတဦးကို ဆေးစစ်ကြည့်ရာမှ ပြီးခဲ့သည့်လ (၂၇) ရက်နေ့တွင် ရောဂါပိုး ရှိနေကြောင်းကို သိရှိခဲ့ပြီး အဆိုပါနေ့က စခန်းဆေးရုံတွင် ကာလဝမ်းရောဂါ သံသယရှိသူ လူနာ (၇) ဦးလည်း ရှိနေသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြောက်ဖက် (၆၅)ကီလိုမီတာအကွာတွင် ရှိသည့် မယ်လဒုက္ခသည်စခန်းသည် မြန်မာပြည်သား ဒုက္ခသည် (၅၀၀၀၀) ငါးသောင်းနေထိုင်လျက်ရှိပြီး ၂၀၀၇ ခုနှစ်၊ သြဂုတ်လအတွင်းကလည်း ကာလ၀မ်းရောဂါပိုးတွေ့သည့် လူနာ (၁၀) ဦး ရှိခဲ့သည်။

အာဇာနည် ဗိုလ်ခိုင်မိုးလင်း အထိမ်းအမှတ်နေ့ ကျင်းပ

စံလင်း (နိရဉ္စရာ)

၃၃ နှစ်မြောက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဌကြီး ခိုင်မိုးလင်း ကျသည့်နေ့ အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဌာနချုပ်နှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့တွင် ကျင်းပခဲ့ကြသည်။

အိန္ဒိယ- မြန်မာနယ်စပ်ရှိ ဗဟိုဌာနချုပ်တွင် ပြုလုပ်သော အခမ်းအနားသို့ လူပေါင်း ၉၀ တက်ရောက်ပြီး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးဆပ် တိုက်ပွဲဝင်သွားသူ ဗိုလ်ခိုင်မိုးလင်းအား တက်ရောက် ဦးညွှတ် အလေးပြုခဲ့ကြသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်ထွန်းလင်းက အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို ယခုကဲ့သို့ ပြောသည်။

“ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးခဲ့ရတဲ့ ဇွန်လ ၄ ရက်နေ့ကို ရောက်တိုင်း ကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ အနေနဲ့ အခမ်းနားတွေ ထုတ်ပြန်ချက်တွေ ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ အဖရခိုင်ပြည်ကြီးနဲ့ ရခိုင်အမျိုးသားတွေ လွတ်မြောက်ရေး အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ဥက္ကဌကြီး ခိုင်မိုးလင်းရဲ့ ဂုဏ်ကျေးဇူးတွေကို အစဉ် သတိရနေစေရန်နဲ့ သူ့ရဲ့ ဂုဏ်ကျေးဇူးတွေကို ဖေါ်ထုတ်လိုတဲ့ အတွက် ပြုလုပ်ရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်တော်လှန်ရေးမှာ ကိုယ့်အသက်ကို မဌဲ့ကွက်ဘဲ ပေးဆပ် တိုက်ပွဲ ၀င်သွားခဲ့တဲ့ ဥက္ကဌကြီး ခိုင်မိုးလင်းကို အထူး ဂါရဝဦးညွတ် အလေးပြုလိုတဲ့ အတွက် ခုလို အခမ်းအနားကို ကျင်းပ ပြုလုပ်ရတာ ဖြစ်ပါတယ်။”

၎င်းပြင်သူက “နောက်ပြီးတော့ ဥက္ကဌကြီး ခိုင်မိုးလင်းရဲ့ ရခိုင်ပြည် လွတ်မြောက်ရေး အတွက် စိတ်ရှည်ခြင်း သဘောထား ကြီးခြင်း စွန့်လွတ် အနစ်နာခံခြင်းနှင့် သူမတူ ထူးခြားတဲ့ ဇွဲလုံးလ ဝိရီယ တွေကို အနာဂတ် ရခိုင်မျိုးဆက် လူငယ်တွေ အတုယူနိုင်အောင် ရည်ရွယ်ပီး ကျင်းပ ပြုလုပ်ရတာလည်း ဖြစ်ပါတယ်” ဟု ပြောသည်။

အခမ်းအနားတွင် တက်ရောက်သူများက ဥက္ကကြီး ဗိုလ်ခိုင်မိုးလင်း၏ တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးပမ်းမူများကို ဖေါ်ကျူးသော မိန်းခွန်းစကားများကို ပြောကြားခဲ့သည်ဟု သိရသည်။

ဥက္ကဌကြီး ခိုင်မိုးလင်းသည် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် တပ်အင်အား ၁၀၀ ကျော်ကို ဦးစီးပြီး ကရင် မဟာမိတ် နယ်မြေမှ ၁၉၇၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ရခိုင်ပြည်သို့ စတင်ချီတက်ခဲ့သည်။ ကရင်နယ်မြေမှ ကရင်နီ၊ ရှမ်း၊ ကချင် ဒေသများကို ဖြတ်ကျော်ပြီး မိုင်ပေါင်း ၂၀၀၀ ကျော်ခရီးကို ချီတက်ပြီးနောက် ရခိုင်နှင့် ချင်းနယ်စပ် အရောက်တွင် ဗမာ စစ်တပ်မှ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ဗမာ စစ်တပ် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မူ အတွင်း ရဲဘော်အများအပြား ကျဆုံးသွားခဲ့ပြီး အများ အပြားလည်း ဖမ်းဆီးခံခဲ့ရသည်။ ၎င်းနောက်ပိုင်း ၁၉၇၇ ခုနှစ် ဇွန်လ ၄ ရက်နေ့ အရောက်တွင် ဥက္ကဌကြီး ခိုင်မိုးလင်းသည် ဗမာ စစ်တပ်လက်မှ မလွှတ်မြောက်နိုင်သည်ကို သိသဖြင့် ရန်သူထံတွင် လက်မြှောက် ဒူးထောက် အရှုံးပေးခြင်း မရှိဘဲ သူရဲကောင်း ပီသစွာဖြင့် ပါလာသော ပစ္စတိုဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးခဲ့တဲ့ ၃၃ နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ်နေ့ ဆုတောင်းပွဲ အခမ်းအနား တရပ်ကို ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ ဖလောင်းချိတ်တွင် ယနေ့ (ဇွန်လ ၄ ရက်) က ရခိုင်အမျိုးသမီး အစည်းအရုံးမှလည်း ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခမ်းအနား ကျင်းပ

ရိုးမ ၃။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောင်မြို့ရှိ (SAW) စာသင်ကျောင်းတွင် ကျောင်း (၈) ကျောင်း ပူးပေါင်းကာ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းသား (၁၀၀) ကျော်ပါဝင်၍ ပတ်ဝန်းကျင်မှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ အသုံးပြုနိုင်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု (SAW) စာသင်ကျောင်းမှ ကျောင်းဆရာ ကိုသီဟမောင်မောင်က ပြောသည်။

“ပထမ ရည်ရွယ်ချက်ကတော့ ကျနော်တို့ကျောင်းရဲ့ ဒီနေ့ ဆောင်ပုဒ်လေးတစ်ခုကတော့ ကျနော်တို့ လူမှုဘဝမှာ လွှင့်ပစ်စရာဆိုလို့ ကျနော်တို့က အတွေးအခေါ်ဟောင်းတွေ ဆိုးညစ်တဲ့ အတွေးအခေါ်တွေကလွဲရင် ဘာမှလွှင့်ပစ်စရာ မရှိပါဘူးလို့ ကလေးတွေကို အသိပေးလိုခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကျောင်းသူများက မိန်းကလေးများ၏ သဘာဝအရ ကြိုက်နှစ်သက်တတ်သော ပန်းပွင့်ကလေးများ၊ ပန်းစိုက်အိုး ကလေးများနှင့် ခဲတံထည့် ပစ္စည်းများကို ဖန်တီးစေပြီး ယောက်ျားလေးများအတွက် ဆောက်လုပ်ရေးနှင့် ပတ်သက်သော အသိပညာပေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သော အသိပေးခြင်းတို့ကို အဓိကထား လုပ်ဆောင်ပေးသည်ဟု ၎င်းက ဆက်ပြောသည်။

ယင်းအခမ်းအနားတွင် စွန့်ပစ်ပစ္စည်းများဖြစ်သည့် စက္ကူ၊ ပလပ်စတစ်၊ ၀ါးဟောင်း၊ သစ်ဟောင်းများနှင့် အခြားစွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ထားသည်း လူသုံးကုန်းပစ္စည်းအသစ် အမျိုးပေါင်း (၅၀) အလှဆင်ထားသည်။

သဘာဝဘေးအန္တရာယ် မဖြစ်ဖို့၊ လူ့ကျန်းမာရေး မထိခိုက်စေဖို့၊ ရာသီဥတု မဖောက်ပြန်ဖို့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ စွန့်ပစ်ပစ္စည်းတွေကို အလှဆင်ခြင်းဖြစ်သည်ဟုလည်း အခမ်းအနားတွင် ပါဝင်သည့် ကျောင်သူတဦးက ပြောသည်။

“အဲလိုမျိုးလုပ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို တဖက်ကနေ ထိန်းသိမ်းခြင်းဖြစ်တယ်။ စွန့်ပစ်ထားတဲ့ ပစ္စည်းတွေကို ပန်းအမျိုးမျိုးလုပ်လို့ ရတယ်။ အချိုရေသောက်ပြီးတော့ စွန့်ပစ်ထားတဲ့ ပိုက်တွေကို ပန်းပုံ လုပ်လို့လည်း ရတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်” ဟု အဆိုပါ မိန်းကလေးက ပြောသည်။

ယနေ့ပြုလုပ်သည့် အခမ်းအနားကို SEW, One Dream One World, Sun House, New Light, ဆာမူထော၊ လှည်းဘီး၊ မိုးမခ၊ BLSO စသည့်ကျောင်းများမှ ကျောင်းသားများ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်သည်။

စစ်အစိုးရ၏ နျူကလီးယား စီမံကိန်း ပေါက်ကြား

ခက်ထန် Friday, June 04, 2010

ပြည်ပသို့ တိမ်းရှောင် လာသော စစ်ဘက် အရာရှိတဦးက ရာနှင့်ချီသော ထိပ်တန်း လျှို့ဝှက်ချက် စာရွက် စာတမ်းနှင့် ဓာတ်ပုံ အထောက် အထားများကို ထုတ်ဖော် လိုက်သည့် အတွက် စစ်အစိုးရ၏ နျူကလီးယား လျှို့ဝှက် စီမံကိန်း နိုင်ငံတကာသို့ ပေါက်ကြားသွားသည်။

စစ်အစိုးရ၏ နျူကလီးယား စီမံကိန်း အကြောင်း ပြောဆိုမှုများ ရှိနေ သော်လည်း ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင် လာသည့် အထောက် အထား များကြောင့် စစ်အစိုးရ၏ လျှို့ဝှက် အစီအစဉ်များ ပိုမိုခိုင်မာ လာပြီး နိုင်ငံတကာနှင့် ဒေသတွင်းတွင် လုံခြုံရေး ခြိမ်းခြောက်မှုများ ဖြစ်လာ နိုင်ကြောင်း လေ့လာ သူများက သုံးသပ်ကြသည်။

“သူတို့ တကယ် လိုချင်တာက အဏုမြူဗုံးပဲ။ အဲဒါ သူတို့ရဲ့ အဓိက ရည်မှန်းချက်ပဲ။ ဒုံးကျည်တွေ နျူကလီးယား ထိပ်ဖူးတွေ ပိုင်ဆိုင် ချင်တယ်” ဟု ဗိုလ်မှူး စိုင်းသိန်းဝင်းက နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် အယ်လ်ဂျာ ဇီးယားတို့ ပူးပေါင်း ထုတ်လွှင့်သည့် သတင်း မှတ်တမ်းတွင် ပြောသည်။

စစ်သက် ၁၅ နှစ်ရှိ ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ဒုံးပျံ အင်ဂျင် အထူးပြု ဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဖြစ်ပြီး မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ အကြီးအကဲဖြစ်ခဲ့သည်။ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို ယူဆောင်၍ ၂၀၁၀ ဖေဖော်ဝါရီလတွင် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သည်။

ရရှိလာသော စာရွက်စာတမ်းနှင့် အထောက်အထားများကို သုံးသပ်ရေးသားထားသည့် စာမျက်နှာ ၂၀ ကျော်ရှိသော “မြန်မာနိုင်ငံ နျူကလီးယား ဆိုင်ရာ လူပ်ရှားမှုများ” စာတမ်းတွင် အထောက်အထား အချက်အလက်နှင့် ဓာတ်ပုံ၊ မြေပုံများဖြင့် ဖော်ပြထားသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာသော အချက်အလက်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီက လနှင့်ချီ၍ လေ့လာဆန်းစစ်ပြီးနောက် စာရွက်စာတမ်းနှင့် ဓာတ်ပုံအထောက်အထားများတွင်ပါရှိသော စက်ယန္တရား ပစ္စည်းများသည် နျူကလီးယား ဆိုင်ရာ လက်နက်များ ထုတ်လုပ်ရန် အသုံးဝင်သည်ဟု မှတ်ချက်ချကြောင်း သိရသည်။

မြန်မာ့အရေးလေ့လာသူ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ် လစ်တနာက “မြန်မာပြည်က ဒီလိုမျိုး အထောက်အထား စာရွက်စာတမ်းတွေ ထွက်လာတာ တခါမှ မတွေ့ဖူးဘူး” ဟု အယ်လ်ဂျာဇီးယားသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောထားသည်။

ဝါရှင်တန် အခြေစိုက် လက်နက် ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေး ဌာနမှ အမှုဆောင် ညွှန်ကြားရေးမှူး ဂျွန် အိုင်ဆက်စ် ကမူ စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းကို သံသယ ရှိသော်လည်း အတိအကျ ကောက်ချက်ချရန် အသင့် မဖြစ်သေးကြောင်း အယ်လ်ဂျာဇီးယားနှင့် အင်တာဗျူးတွင် မှတ်ချက်ပေးသည်။

ဥမင် လိုဏ်ခေါင်းများမှာ သာမန် ရည်ရွယ်ချက် အတွက်သုံးရန် ဆိုသော်လည်း တချို့မှာ ဘောလုံးကွင်း ၂ ခုစာမျှ ကျယ်နေကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက အယ်လ်ဂျာဇီးယား သို့ ပြောသည်။

စစ်အစိုးရသည် ကားသွားလာနိုင်လောက်အောင် ကျယ်ဝန်းသည့် လိုဏ်ခေါင်းများ၊ ပြင်ပမှ ပစ်ခတ် တိုက်ခိုက်ခြင်း မရှိအောင် တည်ဆောက်ထားသည့် ဥမင်များ၊ ချိတ်ဆက်ထားသည့် ဥမင်လမ်းရှည်များ ရှိနေကြောင်း စစ်တပ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် တခြား စစ်ဘက်အရာရှိများကို ကိုးကား၍ အယ်လ်ဂျာဇီးယားက ထုတ်လွှင့်သွားသည်။

“မြန်မာနိုင်ငံ နျူကလီးယား ဆိုင်ရာ လူပ်ရှားမှုများ” သုံးသပ်ချက် စာတမ်းအရ ဥမင်လိုဏ်ခေါင်းများကို မြောက်ကိုရီးယားအကူအညီနှင့် တည်ဆောက်ရာတွင် ခန့်မှန်းခြေ ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရှိမည်ဟု ဖော်ပြထားသည်။

အယ်လ်ဂျာဇီးယားနှင့် အင်တာဗျူးတွင် ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရသည် နျူကလီးယား စီမံကိန်းအတွက် ငွေများကို ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရရှိသော အကျိုးအမြတ်များဖြင့် လုပ်ဆောင်နေသည်ဟု ပြောသွားသည်။ ရတနာ ကမ်းလွန် ဘသာဝ ဓာတ်ငွေ့ လုပ်ငန်းမှ အမေရိကန် ဒေါ်လာ ၇.၅ သန်း ရရှိသည်။ စစ်ရေး ငွေများ ပိုမို သုံးစွဲရန် ရွှေ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရငွေများကို တိုးချဲ့ သုံးစွဲသွားဖွယ် ရှိသည်ဟုလည်း ပြောသွားသည်။ ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့၏ အဆိုအရ စစ်အစိုးရသည် ယင်းလုပ်ငန်းမှ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁.၂ သန်း ရရှိသည်ဟု သိရသည်။

စစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား စီမံကိန်းအကြောင်း DVB နှင့် အယ်လ်ဂျာဇီးယားတို့ ပူးပေါင်း ထုတ်လွှင့်မှုမတိုင်ခင် ဇွန်လ ၃ ရက်နေ့တွင် အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က မြန်မာပြည်သို့ လာရောက်မည့် ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်သည်။ မြောက်ကိုရီးယားနှင့် မြန်မာ၏ နျူကလီးယားဆိုင်ရာ သံသယ ဖြစ်ဖွယ် ဆက်ဆံရေးကြောင့် ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အိုဘားမား အစိုးရအနေနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကိုယ်စားလှယ် အမြန်ဆုံး စေလွှတ်သင့်ကြောင်း တိုက်တွန်းထားသည်။

ဇွန်လ ၃ ရက်နေ့က ဘန်ကောက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျင်မ် ဝက်ဘ်က “ထိုအရေးကိစ္စများကို မရှင်းလင်းဘဲ ဤအချိန်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်လျှင် အမြော်အမြင်ကင်းမဲ့ပြီး အကျိုးယုတ်ရာ ကျမည်ဟု ယုံကြည်သည်” ဟု ပြောသည်။

လန်ဒန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာန၏ ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) ဆွေးနွေးပွဲ ခေါ် ၉ ကြိမ်မြောက် အာရှ လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို ယနေ့မှ စ၍ ၆ ရက်နေ့ အထိ စင်ကာပူတွင် ကျင်းပနေသည်။ အာရှနှင့် ပစိဖိတ် ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒများ ဆွေးနွေးရေးအတွက် အရေးပါသော ပွဲဖြစ်ပြီး ယနေ့ ထွက်ပေါ်လာသော မြန်မာ နျူကလီးယား လှုပ်ရှားမှု အထောက် အထားများနှင့် ပတ်သက်၍ ဆွေးနွေးဖွယ် ရှိသည်။

ယခုနှစ် ရှန်ဂရီလာ ဒိုင်ယာလော့ဂ် သို့ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများ၊ စစ်တပ် အကြီးအကဲများ၊ လုံခြုံရေးဆိုင်မရာ မူဝါဒ ချမှတ်သူများ တက်ရောက်သော်လည်း စစ်အစိုးရဘက်မှ မည်သူ တက်ရောက်ကြောင်း မသိရှိရသေးပေ။ ယမန်နှစ်က ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အေးမြင့် တက်ရောက်ခဲ့သည်။

ယနေ့တွင် ရှန်ဂရီလာ ဒိုင်ယာလော့ဂ်၌ မိန့်ခွန်းပြောရာတွင် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က “ကိုရီးယား ကျွန်းဆွယ်နှင့် မြောက်အာရှတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပျက်ပြားစေသည့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို နိုင်ငံတကာက လေးလေးနက်နက် တုံ့ပြန်သင့်သည်” ဟု ပြောသွားသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ ကျွမ်းကျင် သူများထံမှ ပေါက်ကြား လာသည့် ၄၇ မျက်နှာရှိ အစီရင်ခံစာ တစောင်ကို အေပီသတင်း ဌာနက ကိုးကား ဖော်ပြရာ၌ မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက် ရှိပြီး ကုလ သမဂ္ဂ၏ အရေး ယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိသည်ဟု ဆိုထားသည်။

စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ်အဖြစ် သတ်မှတ်ရေး သဘောတူညီချက် (ဘန်ကောက်သဘောတူညီချက်) ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ နောက်တနှစ် အကြာတွင် ဘက်စုံ အဏုမြူစမ်းသပ်မှုများ တားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး ခဲ့သေးသည်။

အဏုမြူစွမ်းအင် ဦးစီးဌာနကို ၁၉၉၇ အောက်တိုဘာလတွင် အသစ် ဖွဲ့စည်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အောက်တွင် ထားရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလတွင် မြန်မာစစ်အစိုးရက "ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချရေး အတွက်" အဏုမြူ သုတေသနဓာတ်ပေါင်းဖို တခုတည် ဆောက်ရန် အစီအစဉ်ကို အတည်ပြုပြောဆိုလာခဲ့သည်။ ထိုအချိန် က နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်ဝင်းက "မြန်မာနိုင်ငံ၏ အဏုမြူစွမ်းအင်အပေါ် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် စိတ်ဝင်စားမှုမှာ ကာလကြာရှည်ကတည်းက ရှိနေခဲ့သည်" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

၂၀၀၃ ဇူလိုင်လတွင် မြောက်ကိုရီးယား ပညာရှင် ၁၅ ဦးမှ ၂၀ အထိ ရန်ကုန်ရှိ ရေတပ်စခန်းတခုနှင့် ကာကွယ်ရေး ဝန်ကြီးဌာန၏ ဧည့်ရိပ်သာ တခုတွင် တွေ့ရကြောင်း ဟောင်ကောင် အခြေစိုက် အရှေ့ဖျားဒေသ စီးပွားရေးရာ စာစောင် က ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကလည်း ထုတ်ဖော် ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက် သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။ ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် နှင့် စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

၂၀၀၉ ခုနှစ် ဇွန်လတွင်လည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်းသွားသည့် သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

၂၀၀၉ ခုနှစ်တွင် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက် ဆက်နွယ်မှုရှိသည်ဟု ယူဆရသော သံလိုက်ဓာတ်အား တိုင်းတာသည့် ကိရိယာ တမျိုးကို မလေးရှားမှ တဆင့် မြန်မာနိုင်ငံသို့ တင်သွင်းရန် ကြိုးပမ်းခဲ့သူ ၃ ဦးကို ဂျပန်နိုင်ငံ၌ ဖမ်းဆီးခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြောက်ကိုရီးယားသည် မြန်မာနိုင်ငံသို့ နျူကလီးယား နည်းပညာ လွှဲပြောင်းပေးအပ်ပါက အာဆီယံ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း ၂၀၀၉ ခုနှစ် ဇူလိုင်လတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်တွင် ကျင်းပသော အာဆီယံအစည်းအဝေး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သတိပေး ပြောကြားဖူးသည်။

စစ်အစိုးရသည် သန့်စင်ပြီးသား ယူရေနီယံများကို မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာ အကူအညီဖြင့် လာမည့် ၅ နှစ် အတွင်း အဏုမြူဗုံး ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ၂၀၀၉ ခုနှစ် သြဂုတ်လထုတ် Sydney Morning Herald သတင်းစာ၏ ဆောင်း ပါးတပုဒ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ နျူကလီးယား နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် စိုးရိမ် ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ P. J Crowleyက ယခုနှစ် မတ်လ ပထမပတ်တွင် ပြောကြားခဲ့သေးသည်။

မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေး သော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရ၏ လျှို့ဝှက်သတင်းများ ပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူး ၀င်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယခုနှစ် ဇန်နဝါရီလ ၇ ရက်က သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့သည်။

ဗိုလ်မှူး ဝင်းနိုင်ကျော်သည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ဖမ်းဆီး အပြစ်ပေး ခံခဲ့ရခြင်းဖြစ်သည်။


ထိုင်းနယ်စပ်အနီး လားဟူနယ်ခြားစောင့်တပ်ရင်း ဆောက်လုပ်ရန်သစ်တန်ချိန် ၁၀၀၀ ပါမစ်ရ

မွေခေါဝ်

သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ တော်လေ (ကိုးကန့်ရွာ) အနီး လားဟူနယ်ခြားစောင့် တပ်ရင်းဆောက်လုပ်နေသော ဆောက်လုပ်ရေးကုမ္ပဏီအား နအဖအာဏာပိုင်များ တန်ချိန် ၁၀၀၀ သစ်ခုတ်ခွင့်ပေး ကြောင်း စုံစမ်းသိရှိရသည်။

မေလလယ်မှစ၍ ပုံပါကျင်တောင်ဘက် (BP.1လမ်းမပေါ်ရှိ) တော်လေရွာအနီးတွင် လားဟူပြည်သူ့စစ် (နယ်ခြားစောင့်တပ်ရင်း ၁၀၀၇)တပ်ရင်းတည်ဆောက်ရန် ကျိုင်းတုံမြို့မှ နောင်တုံကုမ္ပဏီဦးစီးပြီး လူအား၊ စက်အား များဖြင့် ဆောက်လုပ်ရေးစတင်လျက်ရှိုသည်။

“ကျိုင်းတုံဘက်ကသျှမ်းတွေ၊ဗမာတွေလဲပါတယ်။ ကလေးလူကြီးပေါင်းအားလုံး ၇၀၀ လောက်ရှိမယ်။ တချို့ကလေး တွေ ကျောင်းပိတ်တုန်း ဆောက်လုပ်ရေးမှာ နေ့စားသွားရောက်လုပ်ကိုင်ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ပုံပါကျင်အခြေစိုက် လားဟူနယ်ခြားစောင့်တပ်ရင်း ၁၀၀၇ တပ်ရင်းဌါနချုပ်အား အစပိုင်း၌ နားကောင်းမူး အနောက်တောင်ဘက် (၂ မိုင်ခန့်အကွာ) မိုင်းကျွက်သွားလမ်း (ဂျလယ် သင်္ချိုင်းကုန်း)တွင် တပ်စခန်းဆောက်လုပ်ရန် လျာထားခဲ့သော်လည်း မဆောက်လုပ်ဖြစ်ခဲ့ဟုဆို၏။

ဂျပီးကွယ်ဦးဆောင်သော လားဟူပြည်သူ့စစ် (နယ်ခြားစောင့်တပ်ရင်း ၁၀၀၇) တပ်ရင်းဌါနချုပ်ဆောက်လုပ်ရန် နအဖ အာဏာပိုင်များထံမှ သုံးနှစ်စာ သစ်တန်ချိန် ၁၀၀၀ ခုတ်ခွင့်ပေးထားကြောင်း အမည်မဖော်လိုသည့် နောင်တုံကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ပြောပါသည်။

“သစ်မာပင်အကြီးစားတွေမှ သိပ်မကျန်တော့တာ။ ဘယ်နားကသစ်ပင်ကိုသွားခုတ်မလဲမသိဘူး။ သစ်တန်ချိန် ၁၀၀၀ ပါမစ်စာရွက်က သစ်တန်ချိန်ထောင်ပေါင်းများစွာ/တောလုံးပြောင်အောင် အခွင့်ထူးယူပြီးခုတ်ဖြတ်လို့ရတယ်” ဟု အဆိုပါကုမ္ပဏီဝန်ထမ်းကဆက်ပြောပါသည်။

မြို့ခံတစ်ဦးကလည်း “သူတို့ တန်ချိန် ၁၀၀၀ လုံးခုတ်ပြီး တပ်ဆောက်တဲ့နေရာမှာ အားလုံးဘယ်သုံးမှာလဲ။ သုံးလေးရာလောက်သုံးပြီး ကျန်တာတွေကို ရောင်းစားမှာပေါ့” ဟု ပြောကြားပါသည်။

ပုံပါကျင်အခြေစိုက် ဂျပီးကွယ် ဦးဆောင်သော လားဟူပြည်သူ့စစ်တပ်အား နအဖက မတ်လဆန်းပိုင်းတွင်နယ်ခြား စောင့်တပ်ရင်းအမှတ် ၁၀၀၇ အဖြစ် စရဖအရာရှိချုပ်ဗိုလ်ချုပ်ရဲမြင့်ကိုယ်တိုင် တိုးမြှင့်အပ်နှင်းပေးခဲ့သည်။

ယခုကဲ့သို့တပ်ရင်းဌါနချုပ်အကြီးအကျယ်ဆောက်လုပ်နေသော်လည်း တဘက်တွင် လားဟူတပ်သားများ နေ့စဉ်နှင့် အမျှ ထွက်ပြေးနေသည်ဟုလည်း သိရှိရပါသည်။

စိုင်းအွမ်တစ်ပိုင်နောင်တုံကုမ္ပဏီသည် ယခုလက်ရှိလားဟူနယ်ခြားစောင့်တပ်ရင်းဌါနချုပ် ဆောက်လုပ်နေသည့်အပြင် မိုးနဲ-ကျိုင်းတုံမီးရထားလမ်း၊ ကျိုင်းတုံအနောက်ဘက် ကျိုင်းဖောင်း (ကျိုင်းတုံဘူတာကြီး) ဘူတာရုံ ဆောက်လုပ်ရေး ကန်ထရိုက်ရရှိထားရှိထားသော ကုမ္ပဏီလည်းဖြစ်ပါသည်။

နအဖစစ်အုပ်စုကို တရားစွဲခြင်း

ဂါမဏိ

နအဖစစ်အုပ်စုကို တရားစွဲ အရေးယူဖို့နဲ့ပတ်သက်ပြီး သဘောတရားအရ ကြည့်ရင်တော့ အဓိကနည်းလမ်း (၆) မျိုး ရှိနေပါတယ်။ အဲဒါတွေကတော့ …

(၁) နိုင်ငံတကာတရားရုံး ICJ ကနေ မလိုက်နာလို့မရတဲ့ စီရင်ချက်ချစေခြင်း၊
(၂) နိုင်ငံတကာတရားရုံး ICJ ကနေ သဘောထားအကြံပြုချက် ချစေခြင်း၊
(၃) နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကနေ စီရင်ချက်ချစေခြင်း၊
(၄) အရေးပေါ် သီးသန့်ခုံရုံးတည်ထောင်ပြီး မလိုက်နာလို့မရတဲ့ စီရင်ချက်ချစေခြင်း၊
(၅) ပြည်ပနိုင်ငံတခုရဲ့တရားရုံးတခုကနေ စီရင်ချက်ချစေခြင်း၊
(၆) မြန်မာနိုင်ငံတွင်း တရားရုံးတခုကနေ စီရင်ချက်ချစေခြင်းတို့ဖြစ်ပါတယ်။

ပထမနည်းလမ်း (၅) ခုက နိုင်ငံတကာတရားရေးလမ်းကြောင်းတွေဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတခု သို့မဟုတ် တခြားနိုင်ငံတနိုင်ငံကနေ အစချီရမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ နောက်ဆုံးနည်းလမ်းကတော့ ကိုယ့်ပြည်တွင်း တရားရုံးတွေမှာပဲ ကိုယ့်အစိုးရကို နိုင်ငံတကာသဘောတူညီချက်ဖောက်ဖျက်မှု သို့မဟုတ် နိုင်ငံ့ဥပဒေချိုးဖောက်မှုနဲ့ တရားပြန်စွဲဖို့ဖြစ်ပြီး အလားအလာမရှိဆုံး နည်းလမ်းလည်းဖြစ်ပါတယ်။

၁။ နိုင်ငံတကာတရားရုံး ICJ ဟာ ကုလသမဂ္ဂရဲ့ အဓိကတရားရေးအဖွဲ့ဖြစ်ပြီး နိုင်ငံတွေအကြား တရားရေးဆိုင်ရာ အငြင်းအခုံတွေကို နိုင်ငံတကာဥပဒေနဲ့အညီ ဖြေရှင်းဆုံးဖြတ်ပေးရပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းတွေ ဌာနတွေက မေးမြန်းတင်ပြလာတဲ့ ဥပဒေရေးရာပြဿနာတွေအပေါ်မှာလည်း သဘောထားအကြံပြုချက် ပေးရပါတယ်။

နိုင်ငံတကာ့တရားရုံးမှာ တရားဆိုင်ရင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ICJ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေကို လက်မှတ်ထိုးထားတဲ့ ကုလအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေပဲ တရားပြိုင်ခွင့်ရှိပါတယ်။ ဒါ့အပြင် တရားပြိုင်နှစ်နိုင်ငံစလုံးက တရားရုံးဆုံးဖြတ်ချက်ကို လက်ခံမယ်လို့ သဘောတူဖို့လိုပါတယ်။ ဒါမှမဟုတ် ဖောက်ဖျက်တယ်လို့ စွပ်စွဲထားတဲ့ နိုင်ငံတကာစာချုပ်ထဲမှာ ICJ အဆုံးအဖြတ်ကို ခံယူရမယ်လို့ ပြဋ္ဌာန်းထားတဲ့ အခြေအနေရှိဖို့လိုပါတယ်။

တရားပြိုင်နှစ်ဘက်က ICJ မှာ စာနဲ့ရော နှုတ်နဲ့ရော လျှောက်လဲချက်ပေး စစ်ဆေးခံပြီးရင် တရားရုံးက စီရင်ချက်ချပါတယ်။ စီရင်ချက်ဟာ အပြီးအပြတ်ဖြစ်ပါတယ် (အထက်ဆင့်ကို အယူခံစရာမရှိပါ)။ နှစ်ဘက်စလုံး မဖြစ်မနေ လိုက်နာကျင့်သုံးရပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ကတည်းက ICJ ဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်လို့ ကတိပြု လက်မှတ်ထိုးထားတာဖြစ်တဲ့အတွက် တရားရုံးအဆုံးအဖြတ်ကို မလိုက်နာဘဲနေတာ အင်မတန်ရှားပါတယ်။ တရားပြိုင်နှစ်ဘက်မှာ တဘက်က တရားရုံးကို လာဖို့ပျက်ကွက်ရင်လည်း အမှုကို ဆက်စစ်နိုင်ပါတယ်။ တရားရုံးပြင်ပမှာ နှစ်ဘက်ညှိနှိုင်းပြီး ကြေအေးလို့လည်းရပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကို မလိုက်နာရင်တော့ လုံခြုံရေးကောင်စီက တရားရုံးစီရင်ချက်အတိုင်းဖြစ်အောင် ကိုင်တွယ်အရေးယူခွင့်ရှိပါတယ်။

အဓမ္မလုပ်အားပေးကိစ္စ၊ ကလေးစစ်သားကိစ္စ၊ လယ်ယာမြေသိမ်းယူမှုကိစ္စတွေကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ သဘောတူစာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ILO အဖွဲ့ဝင်လည်းဖြစ် ကုလသမဂ္ဂ အဖွဲ့ဝင်လည်းဖြစ်တဲ့ တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ တရားရုံးကတော့ မြန်မာပြည်မှာ အဓမ္မလုပ်အားပေးရပ်စဲဖို့၊ ကလေးစစ်သားရပ်စဲဖို့တွေ အမိန့်ပေးဆုံးဖြတ်ပါလိမ့်မယ်။

ဒါမှမဟုတ် တိုင်းရင်းသားနယ်မြေတွေမှာ ဥပဒေမဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ရွာမီးရှို့မှု၊ အဓမ္မအိုးအိမ်မဲ့စေမှုတွေနဲ့ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင်ယုတ်မာမှုတွေကြောင့် နိုင်ငံတကာလူသားချင်းစာနာရေးဥပဒေ၊ စစ်ပွဲဆိုင်ရာ ဂျီနီဗာစာချုပ်တွေ ဖောက်ဖျက်မှုနဲ့ ဒီစာချုပ်တွေ လက်မှတ်ထိုးထားတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် တခြားနိုင်ငံတခုက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲနိုင်ပါတယ်။ ICJ ဟာ လူပုဂ္ဂိုလ်တွေကို အရေးယူတာတော့မရှိဘဲ ဖောက်ဖျက်မှုတွေ ရပ်တန့်ဖို့ အမိန့်ချနိုင်ပါတယ်။ ဒါကိုလိုက်နာဖို့ လုံခြုံရေးကောင်စီက ကြပ်မတ်ရမှာဖြစ်ပါတယ် (ဒါပေမယ့် လုံခြုံရေးကောင်စီထဲမှာ တရုတ်က ဗီတိုသုံး ကန့်ကွက်ရင် ICJ စီရင်ချက် အလကားဖြစ်သွားနိုင်ပါတယ်၊ တဘက်ကကြည့်ရင်တော့ ICJ စီရင်ချက်ကို ဗီတိုသုံးတဲ့နိုင်ငံဟာ ကမ္ဘာမှာ အင်မတန်သိက္ခာကျသွားမှာလည်း ဖြစ်ပါတယ်)။

အဓိကအားနည်းချက်နောက်တခုကတော့ ICJ မှာ အမှုဆိုင်တာ အနည်းဆုံး (၂) နှစ်ကြာနိုင်တဲ့အတွက် တရားစွဲပေးတဲ့ နိုင်ငံက အဲသလောက် ဇွဲရှိရှိ စိတ်ဓာတ်ရှိရှိနဲ့ အချိန်ကုန် ငွေကုန်ခံလုပ်ပါ့မလား စဉ်းစားစရာပါပဲ။

၂။ ဒုတိယနည်းလမ်းဖြစ်တဲ့ ICJ ကနေ သဘောထားအကြံပြုချက် ချစေတာကိုတော့ ကုလသမဂ္ဂ ပင်မအဆောက်အအုံငါးခုနဲ့ (ILO အပါအဝင်) လက်အောက်ခံ အေဂျင်စီ (၁၆) ခုကပဲ တောင်းဆိုခွင့်ရှိပါတယ်။ အထွေထွေညီလာခံနဲ့ လုံခြုံရေး ကောင်စီတို့က “မည်သည့်ဥပဒေရေးရာပြဿနာကိုမဆို” အကြံဉာဏ်တောင်းခံနိုင်ပြီး အထူးပြု အေဂျင်စီတွေကတော့ မိမိလုပ်ငန်းအဝန်းအဝိုင်းနဲ့ဆိုင်တဲ့ ဥပဒေရေးရာပြဿနာကိုပဲ အကြံဉာဏ်တောင်းခံခွင့် ရှိပါတယ်။ အကြံဉာဏ်လို့ဆိုတဲ့အတိုင်း မလိုက်နာမဖြစ် binding မဟုတ်ပါဘူး။ လိုက်လုပ်ချင်လုပ် မလုပ်ချင်လည်း နေလို့ရပါတယ်။ ICJ ရဲ့ သဘောထား အကြံပြုချက်ဟာ ဥပဒေကြောင်းအရ အင်မတန်သြဇာကြီးတဲ့အတွက် မလိုက်နာတဲ့နိုင်ငံဟာ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ချိုးဖောက်နေကြောင်း ကမ္ဘာမှာ ပွင့်ကျသွားမှာဖြစ်ပြီး တခြားနိုင်ငံတွေက အဲဒီနိုင်ငံအပေါ် ပိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကိစ္စမှာတော့ တရုတ်နဲ့ ထိုင်းက ဒဏ်ခတ်ပိတ်ဆို့မှု မလုပ်ရင် သိပ်အကျိုးမထူးနိုင်ပါ။

မြန်မာပြည်က အဓမ္မလုပ်အားပေးကိစ္စနဲ့ပတ်သက်ပြီး ILO က ICJ ဆီက သဘောထားအကြံပြုချက် တောင်းနိုင်သလို လူသားချင်းစာနာရေးကိစ္စ၊ လူမျိုးသန့်စင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ ယူနက်စကို၊ WHO ၊ ILO ၊ FAO တို့က သဘောထားအကြံပြုချက် တောင်းနိုင်ပါတယ် (ယူနီဆက်ဖ်၊ လူ့အခွင့်အရေးကောင်စီ၊ ဒုက္ခသည်မဟာမင်းကြီးရုံး UNHCR ၊ UNDP ၊ UNODC မူးယစ်ဆေးရုံး၊ ICRC တို့မပါ)။ ဒီလိုမတောင်းခံခင် ကိုယ့်အဖွဲ့အစည်းထဲမှာ အများသဘောတူဆုံးဖြတ်ချက် အရင်ချဖို့လိုပါတယ်။ ILO ကတော့ ဒီနည်းလမ်းကို တော်တော်လေး လေ့လာဆန်းစစ်ထားပါတယ်။

၃။ တတိယနည်းလမ်းဖြစ်တဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဟာ ကုလသမဂ္ဂနဲ့မဆိုင်တဲ့ လွတ်လပ်တဲ့ ခုံရုံးဖြစ်ပါတယ်။ ဒီတရားရုံးက နိုင်ငံတွေကို အမှုစစ်တာမဟုတ်ဘဲ ၂၀၀၂ ခု ဇူလိုင် (၁) ရက်နေ့ နောက်ပိုင်းမှာဖြစ်တဲ့ ကျူးကျော်စစ်ပြုမှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်မှုနဲ့ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုကျူးလွန်သူ လူပုဂ္ဂိုလ်တွေကို အမှုစစ်တာ ဖြစ်ပါတယ်။ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အပြောအတိုင်းဆိုရင် ဘယ်အာဏာရှင်၊ ဘယ်စစ်အုပ်စု၊ ဘယ်စစ်တပ်မှ လူ့အခွင့်အရေးတွေကို အဟန့်အတားမရှိ ချိုးဖောက်နေတာမျိုး မဖြစ်နိုင်အောင် ICC ကို ထူထောင်ထားတာ ဖြစ်ပါတယ်။ ICC ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းဖြစ်တဲ့ ရောမစာချုပ်မှာ ICC ကိုင်တွယ်နိုင်တဲ့ ပြစ်မှုတွေကို တိတိကျကျ ဖွင့်ဆိုထားပါတယ်။

ICC ရဲ့ အကြီးဆုံးပြဿနာက အမေရိကန်ပြည်ထောင်စုက လက်မှတ်မထိုးထားတာဘဲ ဖြစ်ပါတယ်။ နောက်ပြဿနာကြီးတခုကတော့ မြန်မာနိုင်ငံကလည်း လက်မှတ်မထိုးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတရားရုံးဟာ မြန်မာပြည်အပေါ် တရားစီရင်နိုင်ခွင့်မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ICC အဖွဲ့ဝင်နိုင်ငံတခုခုကဖြစ်စေ၊ ICC ရှေ့နေကြီးကဖြစ်စေ၊ ကုလလုံခြုံရေးကောင်စီကဖြစ်စေ၊ မြန်မာပြည်အရေးဟာ ငြိမ်းချမ်းရေးကို ချိုးဖောက်နေတယ် သို့မဟုတ် ခြိမ်းခြောက်နေတယ်လို့ ဆုံးဖြတ်ပြီး ICC က ကိုင်တွယ်ဆုံးဖြတ်ဖို့ ‘ညွှန်း’ ပေးနိုင်ပါတယ်။ အဲသလိုဆိုရင်တော့ ICC ဟာ ရောမစာချုပ် လက်မှတ်မထိုးထားတဲ့ နိုင်ငံကိုလည်း တရားစစ်ဆေးစီရင်နိုင်ပါတယ်။ ဒါပေမယ့် ICC ဟာ ကုလသမဂ္ဂ လက်အောက်ခံ မဟုတ်တဲ့အတွက် လုံခြုံရေးကောင်စီကညွှန်းတိုင်း တရားစွဲအမှုစစ်ဖို့ တာဝန်ရှိတာတော့ မဟုတ်ပါဘူး။

လုံခြုံရေးကောင်စီဟာ နိုင်ငံတခုက တာဝန်ရှိသူတွေကို ICC ကိုတင် တရားစွဲဖို့အတွက် စုံစမ်းရေးကော်မရှင်တခု တည်ထောင်ပြီး အဲဒီလူတွေဟာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေကြောင်း အခိုင်အမာ သက်သေထူပြရပါတယ်။ အဲသလို သက်သေထူပြပြီးမှ ICC ကို လွှဲလို့ရပါတယ်။ ဒါကြောင့် စုံစမ်းရေးကော်မရှင်ဖွဲ့မဖွဲ့ လုံခြုံရေးကောင်စီတွင်းမှာ ဗီတိုနဲ့ မကန့်ကွက်ဘဲ ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုပါတယ်။ (လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ပြီး အတွင်းရေးမှူးချုပ်က ကော်မရှင်ကို ဖွဲ့စည်းပေးရတာဖြစ်ပါတယ်။) ဆူဒန်ကိစ္စမှာ ကော်မရှင်သက်တမ်းကို (၃) လ သတ်မှတ်ခဲ့ပါတယ်။

ရောမစာချုပ်ကို လက်မှတ်ထိုးမထားတဲ့ ဆူဒန်နိုင်ငံရဲ့သမ္မတ ဘာရှီယာကို တရားစွဲတဲ့ကိစ္စမှာ လုံခြုံရေးကောင်စီရဲ့ စုံစမ်းရေးကော်မရှင်က ညွှန်းပေးလိုက်တာကို ICC က လက်ခံစစ်ဆေးပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ICC ရဲ့ ဆုံးဖြတ်ချက်ကို ဆူဒန်က ပြောင်ပြောင်တင်းတင်း အာခံနေတဲ့အတွက် ဆူဒန်သမ္မတ ဘာရှီယာကို ICC အနေနဲ့ တရားစွဲ ဖမ်းဝရမ်းထုတ်တဲ့ အဆင့်ပဲရှိနေသေးပြီး ဘာရှီယာက စွဲချက်ကို လက်မခံဘဲ အတိအလင်း အာခံနေတာကတကြောင်း၊ သူသွားလည်တဲ့ တခြားနိုင်ငံတွေက ဖမ်းမပေးတာကတကြောင်းကြောင့် တရားရုံးတင် အမှုစစ်တဲ့အဆင့် မရောက်နိုင်သေးပါဘူး။ လုံခြုံရေးကောင်စီကလည်း ဘာရှီယာ တရားရုံးရောက်အောင် မကိုင်ပေးပါဘူး။

ICC ကို မညွှန်းခင် စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လုံခြုံရေးကောင်စီထဲ ဆုံးဖြတ်ရာမှာ တရုတ်ရဲ့ဗီတို ကြုံနိုင်သလို (ဆူဒန်ကိစ္စမှာ တရုတ်နဲ့ ရုရှက ကန့်ကွက်မဲ မပေးဘဲ ကြားနေမဲပေးလို့ စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ခဲ့ပါတယ်) ICC က တရားစွဲဖို့ ဆုံးဖြတ်ပြီးနောက်မှာလည်း တကယ်တရားရုံးရောက်အောင် အကြပ်ကိုင်ရာမှာ တရုတ်ဗီတိုနဲ့ တွေ့နိုင်ပါသေးတယ်။ ဒါ့အပြင် အမေရိကန်ကိုယ်တိုင်က ICC အဖွဲ့ဝင်မဟုတ်၊ ICC ကို မထောက်ခံတဲ့အပြင် ဆူဒန်ကိစ္စ တစ်လစ်ကြီးဖြစ်နေတာ တွေ့ထားတဲ့အတွက် ICC မှာတင်ဖို့ သိပ်စိတ်ပါမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဆူဒန်လိုအမှုမျိုး နောက်ထပ်ညွှန်းဖို့ အလားအလာ နည်းနေပါတယ်။ ဒါ့အပြင် ICC မှာ အမှုတင်တာ နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ ဥပမာ - ကွန်ဂိုအမှုဆိုရင် ၂၀၀၄ မှာ စလက်ခံခဲ့ပေမယ့် အခုထိမပြတ်သေးပါ။

၎။ စတုတ္ထနည်းလမ်းဖြစ်တဲ့ အရေးပေါ်သီးသန့်ခုံရုံး ad-hoc tribunal သို့မဟုတ် အထူးတရားရုံး special court ဖွင့် စစ်ဆေးစီရင်တာကို ICC မပေါ်ခင်က ရဝမ်ဒါ၊ ယူဂိုဆလားဗီးယား (ဆားဘီးယား)၊ ချတ်ဒ်၊ ဆီယာရာလီယွန်း၊ လိုင်ဘေးရီးယား၊ အရှေ့တီမောနိုင်ငံတို့က စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှုတွေအတွက် ကျင့်သုံးခဲ့ပါတယ်။ ICC တည်ထောင်ပြီးနောက်ပိုင်းတော့ အရေးပေါ်သီးသန့်ခုံရုံးဖွဲ့စစ်တာ မရှိတော့သလောက် ဖြစ်သွားပါပြီ။ မပြတ်သေးတဲ့အမှုတွေကို ဆက်စစ်နေတာပဲရှိပါတယ်။

သီးသန့်ခုံရုံးဖွင့် စစ်ဆေးဆုံးဖြတ်တာကို ILO ကနေ အလုပ်သမားအခွင့်အရေးဘက်က လုပ်နိုင်သလို ကုလလုံခြုံရေးကောင်စီကနေ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ဆန့်ကျင်ရေး ပြစ်မှုဘက်တွေကလည်း လုပ်နိုင်ပါတယ်။ ပြဿနာတခုက ဒီလိုသီးသန့်ခုံရုံးဖွင့်ဖို့ အချိန်အကြာကြီးယူရတာဖြစ်ပါတယ်။ စရိတ်စကလည်းကြီးတဲ့အတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေက ထည့်ဝင်ထောက်ပံ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ငွေအကုန်မခံနိုင်လို့၊ အကုန်မခံချင်လို့ အထူးခုံရုံးဖွင့်ဖို့ သဘောမတူတာလည်း ရှိလာနိုင်ပါတယ်။

ဒီခုံရုံးတွေဟာ လူပုဂ္ဂိုလ်တွေအပေါ် စီရင်ဆုံးဖြတ်နိုင်ပြီး စီရင်ချက်က မလိုက်နာမနေရ binding ဖြစ်ပါတယ်။ စကတည်းက လုံခြုံရေးကောင်စီသဘောတူညီချက်နဲ့ ထူထောင်တာဖြစ်လို့ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ လုံခြုံရေးကောင်စီက အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့် လုံခြုံရေးကောင်စီမှာ ဗီတိုနဲ့တိုးရင် ဒီလိုသီးသန့်ခုံရုံး ပေါ်မလာနိုင်ပါဘူး။ (ILO ခုံရုံးကတော့ လုံခြုံရေးကောင်စီကို ဖြတ်စရာမလိုပါ။)

၅။ ပဉ္စမနည်းလမ်းဖြစ်တဲ့ နိုင်ငံခြားတိုင်းပြည်တခုခုက တရားရုံးမှာ တရားစွဲတာကို အဲဒီနိုင်ငံရဲ့ အမျိုးသားဥပဒေအရရော နိုင်ငံတကာဥပဒေအခြေခံမူတွေအရပါ လုပ်နိုင်ပါတယ်။ ဒါကို ပင်လယ်ဓားပြမှုတွေမှာ ကျင့်သုံးနေပြီဖြစ်သလို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှုတွေနဲ့ ပတ်သက်လို့လည်း အသုံးများလာပြီဖြစ်ပါတယ်။ ချီလီအာဏာရှင်ဟောင်း ပီနိုရှေးကို ဒီနည်းနဲ့ ကိုင်ခဲ့ကြပါတယ်။ဒီနည်းလမ်းရဲ့ အားနည်းချက်ကတော့ သက်ဆိုင်ရာ အာဏာရှင်ဟာ အဲဒီပြည်ပနိုင်ငံကို ရောက်နေဖို့လိုပြီး အဲသလိုရောက်မနေဘဲ တရားစွဲရင် ဘာမှအကျိုးမထူးပါဘူး။ ဒါ့ပြင် အချုပ်အခြာအာဏာပြဿနာတွေ၊ တရားစွဲခံရတဲ့နိုင်ငံက တရားစွဲတဲ့နိုင်ငံကို လက်စားချေတာတွေလည်း ဖြစ်လာနိုင်လို့ နိုင်ငံတွေက သိပ်မလုပ်စေချင်ကြပါဘူး။ နအဖခေါင်းဆောင်ကို တရားစွဲဖို့ကတော့ အိန္ဒိယနိုင်ငံ လာလည်တုန်း အိန္ဒိယတရားရုံးမှာ တရားစွဲတာ၊ ကုလသမဂ္ဂ အစည်းအဝေးလာတက်တုန်း အမေရိကန်တရားရုံးမှာ တရားစွဲတာ လုပ်နိုင်စရာအကြောင်းရှိပါတယ်။ ဒါပေမယ့် တဘက်မှာ သံတမန်ကင်းလွတ်ခွင့်တွေ ပေးထားတဲ့ ထုံးစံကလည်းရှိနေတော့ လက်တွေ့တရားစွဲနိုင်ဖို့ မလွယ်လှပါဘူး။ အဓိကအားဖြင့် မိမိပြည်တွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ရအောင် လုပ်ထားတဲ့ အာဏာရှင်‘ဟောင်း’တွေကို အပြစ်ပေးဖို့တော့ ဒီနည်းလမ်းက အင်မတန် သင့်တော်လှပါတယ်။

၆။ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ပြည်တွင်းတရားရုံးမှာ တရားစွဲစစ်ဆေးဖို့ကတော့ ဒေသန္တရအာဏာပိုင်အဆင့်မှာ မစုစုနွေး အမှုနိုင်သွားတာ ရှိဖူးပေမယ့် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နအဖထိပ်သီးတွေကို တရားစွဲဖို့ ကြိုးပမ်းချက်တွေ ကြည့်ရင်တော့ ဖြစ်နိုင်ခြေ အင်မတန်နည်းနေပါတယ်။

ဒီကနေ့ မြန်မာပြည်က အာဏာရှင်တွေကို ဥပဒေကြောင်းအရ အရေးယူဖို့ လုပ်ကြရာမှာ တချို့က (အလုပ်သမားအခွင့်အရေး၊ အဓမ္မလုပ်အားပေး၊ ILO တို့နဲ့ ဆက်စပ်ပြီး) ICJ က သဘောထားအကြံပြုချက်ချတာကို လိုလားနေကြသလို တချို့ကတော့ (စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှု၊ လူမျိုးတုံးသုတ်သင်မှုတို့အပေါ်) လုံခြုံရေးကောင်စီက ICC ကို ညွှန်းဖို့ စုံစမ်းရေးကော်မရှင်ဖွဲ့တာကို လိုလားနေကြပါတယ် (ဆူဒန်ဥပမာအရ တရားစွဲတဲ့အဆင့်ပဲရနိုင်ပြီး အမှုစစ် စီရင်ချက်ချတဲ့ အဆင့် မဖြစ်နိုင်ပါ)။ ဖြစ်နိုင်ချေ မဖြစ်နိုင်ချေ အားကောင်းချက် အားနည်းချက်တွေကတော့ အထက်မှာဖော်ပြထားတဲ့ အတိုင်းပါပဲ။

နှစ်မျိုးစလုံးကတော့ အဓိကအားဖြင့် ပြည်တွင်း၊ တပ်တွင်းနဲ့ နိုင်ငံတကာမှာ နအဖ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းသွားစေနိုင်ပါတယ်။ ငပွကြီးတရုတ်ရှိနေသရွေ့ ဒီ့ထက်ပိုမမျှော်လင့်နိုင်ပါ။ စိတ်ကူးယဉ်အလွဲတွေ၊ မျှော်လင့်ချက်အမှားတွေ မရှိဖို့လိုပါတယ်။ ဒါပေမယ့် နအဖ ဂုဏ်သိက္ခာ အကြီးအကျယ်ကျသွားရင်တော့ ၁၉၈၇ ခုတုန်းက အဆင်းရဲဆုံးနိုင်ငံအဆင့် LDC ဖြစ်သွားခဲ့လို့ (ရှစ်လေးလုံးအထိ) ဂယက်ရိုက်ခဲ့သလိုမျိုး ထပ်ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မြန်မာပြည်က နအဖစစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်ဆန့်ကျင်ရေးပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးသန့်စင်ရေး လူမျိုးဖြုတ်ရေးပြစ်မှုတွေ အဆုံးသတ်ပြီး စစ်အာဏာရှင်တွေကို တကယ်တမ်း အပြစ်ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အတ္ထာဟိ အတ္ထနော နာထော မိမိကိုယ်သာအားကိုးပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့သာ ရှိပါတော့တယ်။ ။

ငွေကောက်ကြမ်း၍ ရေတပ် တပ်ကြီး ဓါးထိုးခံရ

ခိုင်သိန်း

ရခိုင်ပြည်နယ် သံတွဲမြို့နယ် သပြုချိုင် အခြေစိုက် ရေတပ်စခန်းမှ တပ်ကြပ်ကြီး တဦးကို ဒေသခံ ပြည်သူများထံမှ မတရား ငွေကောက်ခံသည့် အပေါ် မကျေနပ်၍ လူငယ်တဦးက ဓါးနှင့်ထိုး ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဓါးထိုးမှုမှာ သပြုချိုင် ဈေးတွင် ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဓါးထိုး ခံရသည့် ရေတပ်ကြပ်ကြီးမှာ ဌေးဦးဆိုသူ ဖြစ်ပြီး သပြုချိုင် ဈေးတွင် လာရောက်ဈေးဝယ်နေစဉ် ယခုကဲ့သို့ ဓါးထိုးခံရခြင်း ဖြစ်သည်။

ဓါးထိုးသူမှာ သံတွဲမြို့နယ် ဇရပ်တောင်ကျေးရွာနေ အဖ ဦးမောင်ရွှေသား ကိုလုံးမောင်ဖြစ်ပြီး ယခုအခါ ကိုမောင်လုံးမှာ တိမ်းရှောင်နေကြောင်း ဒေသခံများက ပြောသည်။

အဲဒီ တပ်ကြပ်ကြီး ဈေးဝယ်နေတုန်းမှာ ကိုလုံးမောင်က နောက်ကနေ ဓါးနဲ့ ထိုးတာပါ။ သုံးချက် ထိုးတယ်။ ဒဏ်ရာ ဘယ်လောက် ပြင်းတယ်ဆိုတာတော့ မပြောနိုင်ဘူး။ ဆေးရုံကို ချက်ချင်း ယူသွားတယ်� ဟု ဆင်ခေါင်းကျေး ရွာသား တဦးက ပြောသည်။

ကိုလုံးမောင်ထံမှ လစဉ် အဆိုပါ တပ်ကြပ်ကြီးက ပင်လယ်ပြင်ထဲ ငါးဖမ်းခ အဖြစ် ငွေကောက်ခံသည့် အပေါ် မကျေနပ်၍ ဓါးနှင့် ထိုးခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

� တပ်ကြပ်ကြီး ဈေးဝယ်စရာရှိတယ်ဆိုပီး ငွေလာတောင်းတယ်။ ကိုလုံးမောင်က ငါးဖမ်း မထွက်နိုင်တဲ့ အတွက် ငွေမရှိသေးဘူးလို့ ပြောတယ်။ အဲသလို မပေးနိုင်တဲ့ အပေါ် မချေမငံ ပြောတော့ ကိုလုံးမောင်လည်း အရှက်ရပီး ဈေးထဲမှာ နောက်ကနေ ဓါးနဲ့ထိုးတာ ဖြစ်ပါတယ်။�

ဒေသအတွင်းရှိ ဆင်ခေါင်းကျေးရွာ၊ ဇရပ်တောင်၊ ခမောင်းတန်း၊ မြိုတောင် ကျေးရွာနှင့် တခြားကျေးရွာ သားများမှာ ရေလုပ်ငန်းဖြင့် အသက်မွေးကြပြီး သူတို့ အနေဖြင့် ပယ်လယ်ပြင်တွင် ထွက်၍ ငါးရှာခွင့် ရရန်အတွက် သပြုချိုင် ရေတပ်ကို ပိုက်ဆံ ပေးရသည်။

အဆိုပါ ဒေသမှ ရေလုပ်ငန်းလုပ်ကိုင်သည့် ငါးဖမ်းစက်လှေပိုင်ရှင်များ အနေဖြင့် စက်လှေတစီးလျှင် ကျပ်ငွေ ၁ သိန်းခွဲနှုန်းဖြင့် သပြုချိုင် အခြေစိုက် ရေတပ်စခန်းမှ ဗိုလ်ကြီး သောင်းရွှေအား ပေးရပြီး မပေးပါက ငါးဖမ်းခွင့် မရှိကြောင်း သိရသည်။

ငွေမပေးဘဲ ငါးဖမ်းသည့် စက်လှေပိုင်ရှင်များကို ရေတပ်စခန်းသို့ ဆင့်ခေါ်ပြီး ထိတ်တုံးခတ်ကာ ငွေပေးမှ ပြန်လွှတ် ပေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဓါးထိုးခံရသည့် တပ်ကြပ်ကြီး ဌေးဦးမှာ ယခုအခါ သံတွဲ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသ နေကြောင်း သိရသည်။




အသည်းကွဲမြို့တော်

နှင်းပန်းအိမ်

ကျမတို့နေထိုင်ရတဲ့ ဒုက္ခသည်စခန်းလေးက မနှစ်ကနဲ့ မတူဘူး။ သိပ်ကိုပူလာတယ်။ မိုးလည်း မရွာဘူး။ ခါတိုင်းဆို ရွာလိုက်တဲ့မိုး။ တောတောင်တခုလုံးက မိုးရေနဲ့ ရွှဲရွှဲစိုလို့။ တခါတလေ မြူခိုးတွေကြောင့် ပတ်ဝန်းကျင်တခုလုံးကို ဘာမှမမြင်ရတော့ဘူး။ မိုးမှုန်တွေက လေထဲမှာလွင့်လို့။ ရုပ်ရှင်ဗီဒီယိုထဲကလို အထူးပြုလုပ်ချက် လုပ်ထားတာ မဟုတ်ဘူး။ ဒါ သဘာဝအတိုင်း ဖြစ်နေတာ။ သဘာဝတရားနဲ့ နီးနီးကပ်ကပ် လက်ရေတပြင်တည်း နေရတဲ့ ဒုက္ခသည်စခန်းလေ။

သစ်ရွက်ကြွေသံ၊ သစ်ရွက်တွေ သစ်ပင်တွေကို လေတိုးသံတွေက စည်းချက်ညီညီ။ စည်းချက်အတိုင်းဆို အလွမ်းပါတဲ့ စည်းချက်တွေပေါ့။ စိမ်းဖန့်တဲ့ သစ်ပင်သစ်တောတွေကြားက ဒုက္ခသည် ကျမတို့ဘဝတွေ အလွမ်းတွေထဲ စီးမျောနေရပါတယ်။ လူတွေတင် မဟုတ်ဘူး၊ တဲအိမ်လေးတွေပါ လွမ်းလို့ တူပါရဲ့။ ငြိမ်သက်လို့။ ဒါ အိပ်မက်မဟုတ်ဘူး။ အထီးကျန်အားငယ်နေရတဲ့ ဒုက္ခသည်တဲအိမ်လေးတွေက လူ့အဖွဲ့အစည်းအကြီးကြီးနဲ့ ကင်းကွာနေရတာမို့လား။

ဒီအတွေ့အကြုံ၊ ဒီခံစားချက်က ဒုက္ခသည်ပန်းချီကားကို ဆွဲမယ်ဆိုရင် အခြေခံကောက်ကြောင်းတွေပဲ ဖြစ်ပါလိမ့်မယ်။ ဘဝဆိုတာ အိပ်မက်များစွာနဲ့ ဖွဲ့စည်းထားတာပါ။ စိတ်ကူးယဉ်တာတွေ၊ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေ၊ ဖြစ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေ၊ ချစ်ခြင်းတွေ၊ ခွဲခွာခြင်းတွေ၊ မျက်ရည်တွေနဲ့ အိပ်မက်ကို ဒုက္ခသည်တွေ နေ့နေ့ညည မက်နေရပါတယ်။ မိုးက ဟန်ရေးတပြပြ။ လောကသဘာဝအတိုင်း ပွင့်ကြဖူးကြ၊ မွှေးကြကြိုင်ကြတာဆိုပေမယ့် ဒုက္ခသည်တွေ မှီခိုနေရတဲ့ အိမ်ရှင်နိုင်ငံရဲ့ သောကအပူကိုလည်း မေ့ထားလို့ မရပြန်ဘူး။ အိမ်ရှေ့ပူ အိမ့်နောက်မချမ်းသာဆိုတဲ့ ဗမာစကားပုံအတိုင်း မိမိဘဝနဲ့ယှဉ်ပြီး ခံစားရပါသေးတယ်။

ကျမတို့ နေထိုင်တဲ့ ဒုက္ခသည်စခန်းထဲမှာ PRE .. ပရီနံပါတ်နဲ့ နေထိုင်သူ ဒုက္ခသည်အသစ်လေးတွေ ၆ဝဝဝ လောက် ရှိပါတယ်။ ဒုက္ခသည် အသစ်လေးတွေရှေ့မှာ ဒုက္ခသည်လူဟောင်းတွေ ရှိပါတယ်။ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်ထဲက စခန်းထဲ ရောက်နေတဲ့သူတွေပါ။ သူတို့နဲ့အတူ ရောက်သူတွေ ထောင်ချီပြီး ထွက်သွားကြပြီ။ သူတို့ထဲက မိသားစု ၄ဝဝ လောက် ရှိပါသေးတယ်။ ဒုက္ခသည်အသစ်တွေကို ထိုင်းပြည်ထဲရေး လက်ခံလိုက်ပြီဆိုရင် MPO ရမယ်လို့ ပြောကြတယ်။

MPO ရမှ ဒုက္ခသည်စခန်းထဲကို ဒုက္ခသည်တွေ အခြေချပြောင်းရွှေ့နေထိုင်ရေးအတွက် နိုင်ငံတချို့က ခေါ်ကြပါတယ်။ အများဆုံး ခေါ်တာက အမေရိကန်ပါ။ အမေရိကန် ခေါ်ယူတဲ့အခါ OVERSEAS PROCESSING ENTITY ARRIVAL ဆိုတဲ့ OPE ကို အရင်ဖြတ်ရပါတယ်။ OPE အဆင့် အောင်မြင်ပြီးရင် ဒုက္ခသည်စာမေးပွဲကို တဆင့်ပြန်ဖြေရပါတယ်။ DEPRTURE OF HOMELANT SECURITY ဆိုတဲ့ DHS ကို ဖြေရတာပါ။ DHS အောင်မြင်ရင် အမေရိကန်နိုင်ငံရဲ့ လက်ခံစာကို လပိုင်းလောက်စောင့်ပြီးရင် ရပါပြီ။ နာမည်တူ၊ လက်ဗွေတူဆိုတဲ့ အဖြစ်မျိုးဆိုရင်လည်း အချိန်အကန့်အသတ်မရှိ ကြာတတ်ပါတယ်။

အားလုံး ရှင်းလင်းရင် သိပ်မကြာခင်မှာပဲ ထွက်ဒိတ်ကို ဒုက္ခသည်စခန်းရုံးရှေ့မှာ စာကပ်ထားပါတယ်။ ဒီလိုဆိုရင် တတိယနိုင်ငံကို အခြေချပြောင်းရွှေ့နေထိုင်မယ့်သူက ကိုယ်အခြေချနေထိုင်မယ့် နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံကို သင်တန်းတက်ရပါတယ်။ ဒီသင်တန်းမှာ လေယာဉ်စီးရင် ခံစားရမယ့် လေယာဉ်အတွေ့အကြုံကိုပါ သင်တန်းပေးပါတယ်။ သင်တန်းတက်ရတဲ့ ဒုက္ခသည်တွေထဲမှာ ကလေးငယ်တွေပါရင် ကလေးငယ်တွေကို ထိန်းပေးမယ့်သူတွေ ရှိပါတယ်။ ဒီကလေးထိန်းတဲ့ သူတွေကလည်း ဒုက္ခသည်တွေပါပဲ။ တနေ့မှာ ဘတ် ၈ဝ-၁ဝဝ ရပါတယ်။ ဒါကလည်း နေ့တိုင်း ထိန်းရတာ မဟုတ်ပါဘူး။ သင်တန်းရှိတဲ့ ရက်မှာပဲ ထိန်းရတာပါ။

ဒုက္ခသည်ဘဝမှာ နှစ်များစွာ နေထိုင်ခဲ့တဲ့ နေရာလေးဟာ ဟိုတုန်းက စိတ်ဖိစီးမှုတွေကြောင့် စိတ်ဒဏ်ရာတွေနဲ့ အကျည်းတန်ခဲ့သမျှ နောင် ဘယ်လိုမှ ပြန်တွေ့စရာမလိုတော့တဲ့အတွက် အလွမ်းတွေနဲ့ မြင်သမျှ လှနေတော့တာ။ နောင် ပြန်ဆုံဖို့ရောက်ဖို့ မလွယ်တဲ့ နေရာဒေသမှာ အမှတ်တရဓာတ်ပုံတွေ ရိုက်ကြတယ်။ လာ-ဟူး-ကြာဆိုတဲ့ ဈေးနေ့လေးကိုလည်း မမေ့မလျော့ ဓာတ်ပုံရိုက်ကြတာပဲ။ ရာသီနဲ့ယှဉ်ပြီး တွေ့ရတဲ့ ဈေးတန်းလေးက ခါတိုင်းနဲ့ မတူတော့ဘူး။

မြေပြင်မှာ ချရောင်းနေတဲ့ ရာသီပေါ် အသီးအနှံလေးတွေကလည်း စားချင်စဖွယ်။ အခုလို မိုးဦးမှာ ဖလံတောင်မွှေး နုနုစိမ်းစိမ်းလေးတွေ၊ ဒညင်းသီးနုနုလေးတွေ၊ ဝါးပင်တွေဘေးက တူးတာမဟုတ်ဘဲ မြေကြီးထဲက တူးထားတဲ့ မျှစ်စိမ်းစိမ်းတွေကို အခွံခွာထားလို့ ဖွေးဖွေးလှုပ်နေတယ်။ ရာသီမသိ ပန်းနဲ့မညှိရဘဲ အသီးအနှံနဲ့ ညှိနေရတဲ့ ဒုက္ခသည်စခန်းလေးပါ။

ဒီလိုနဲ့ တတိယနိုင်ငံကို အခြေချပြောင်းရွှေ့သွားတဲ့ လူဟောင်းတွေ တတိတိ ထွက်ခွာသွားနေရတဲ့ အချိန်မှာ Hold (ဆိုင်းငံ့) ၊ Reject (ငြင်းပယ်) တွေက စိတ်ဒဏ်ရာတွေနဲ့ ကိုယ့်ကံကြမ္မာကို မေ့ပျောက်နေရပါတော့တယ်။ ဘယ်အချိန် ဒုက္ခသည်စခန်းက ထွက်ခွာရမယ်ဆိုတာ မသိနိုင်တဲ့ သူတွေပါ။ ကိုယ့်မိခင်နိုင်ငံကိုလည်း ပြန်လို့မရ၊ အိမ်ရှင်နိုင်ငံမှာလည်း တရားဝင်ရပ်တည်ပြီး လုပ်ကိုင်စားလို့မရနဲ့ ဒုက္ခသည်အဖြစ်နဲ့ လောကဓံဆီမှာ လည်စင်းခံနေရပါတော့တယ်။

ဒုက္ခသည်တယောက်ရဲ့ နိစ္စဓူဝတွေကို နားထောင်ကြည့်ပါဦး။ တောကြက်၊ အိမ်မွေးကြက်တွေ အသံနဲ့ မနက်အာရုံကို နိုးထရပါတယ်။ စခန်းထဲမှာ ပဲပြုတ်၊ ကောက်ညှင်းပေါင်း၊ အီကြာကွေးဆိုတဲ့ အသံနဲ့ မနက်အာရုံကို နိုးရတာပဲ။ အိပ်ယာကနိုး၊ မနက်အစာပြေအတွက် ငွေသုံးနိုင်သူက အီကြာကွေး၊ ကောက်ညှင်းပေါင်းစား၊ မတတ်နိုင်သူကလည်း ထမင်းကြမ်း အစာပြေစား။ ပြီးတာနဲ့ ပလပ်စတစ်ဘုံးအပြာ၊ အဖြူလေးတွေကို ထမ်းပိုးနဲ့ရှို၊ ပုဆိုးနဲ့သိုင်းပြီး သောက်ရေခပ် ထွက်ကြတယ်။ စခန်းတွင်း ဘုံဘိုင်က ထုံးများလို့ ထမင်းချက်သောက်ရေအတွက် တောင်ကျရေကို အားပြုနေရတယ်။ ဒီတော့ တောင်ကျရေရှိတဲ့ နေရာကို နေ့စဉ် သွားပြီး တနိုင်တပိုင် ထမ်းကြပိုးကြ၊ ရွက်ကြနဲ့ ရေခပ်ရတယ်။ မိုးဦးကျ အခုလိုအချိန်မှာ ဖလံတောင်မွှေးလည်း ရေခပ်ရင်း ရှာကြတယ်။

အိမ်ပြန်ရောက်တော့ ထမင်းချက်ပြုတ်ရင်း ရေဒီယိုသတင်း နားထောင်ရတယ်။ မြန်မာပြည်သတင်းတွေ နားထောင်ပြီး အပူချိန်မြင့်နေတဲ့အချိန် အမိအဖဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ ပြည်သူတွေ ဘယ်လိုနေပါ့မလဲလို့ ပူရသေးတယ်။ နိုင်ငံရေးရာသီဥတုရော၊ သဘာဝရာသီဥတုပါ မြန်မာနိုင်ငံမှာ သိပ်ကို ပူပြင်းနေတာမို့လား။ မီးမလာရေမလာနဲ့ အပူဒဏ်ကို လည်စင်းခံနေရတဲ့ မြန်မာပြည်သူတွေအတွက် ရေအလှူရှင်တွေကို ကျမတို့က သာဓုခေါ်ရပါတယ်။ သူတပါးအကူအညီကို ကိုယ့်အကူအညီ၊ သူတပါးနာမည်ကို ကိုယ့်နာမည်၊ သူတပါးပေးဆပ်မှုကို ကိုယ့်ပေးဆပ်မှုအဖြစ် ဆိုင်းဘုတ်ပြောင်း ခေါင်းစီးပြောင်းတတ်သူ အလံတခု အရင်းပြုထားတဲ့ ကြံ့ခိုင်ရေးတွေ ရေအလှူရှင်တွေကို ဒုက္ခပေးနေတာကိုလည်း နားမသက်သာစရာ ကြားနေရပါတယ်။

ဒီကြံ့ခိုင်ရေးတွေကို စစ်အာဏာရှင်က အကာအကွယ်ပေးနေတယ်။ စစ်အစိုးရက သူတို့ အကျိုးစီးပွားနဲ့ အမုန်းတရားအောက်မှာပဲ ဥပဒေကို ပြဋ္ဌာန်းတာပါ။ ကျမတို့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ရှိနေသရွေ့ နိုင်ငံရေးအကျဉ်းသား၊ လက်နက်ကိုင် တော်လှန်ရေး၊ စစ်ရေးနိုင်ငံရေး ဒုက္ခသည်တွေ မပြတ်ရှိနေမှာပါ။

ကျမတို့ ဒုက္ခသည်စခန်းမှာ ရေအတွက် မပူရပါဘူး။ ဒုက္ခသည်စခန်းအတွင်းမှာ ဘုံဘိုငုတ်တိုင်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေမှာ ရေသိုလှောင်စရာ ရေတိုင်ကီ၊ အုတ်ကန်မရှိတဲ့အတွက် ရေချိန်မှတ်ပြီး ရေထည့်ရပါတယ်။ ဒါကြောင့် အိမ်တိုင်းမှာ ရေချိန်လေးတွေ ကပ်ထားရတယ်။ အလှည့်ကျရေချိန် တနေ့ ၄ ကြိမ် ရပါတယ်။ ပလပ်စတစ်အိတ်ကို ပီနံအိတ်စွတ်၊ ဝါးနဲ့ကွတ်ပြီး ရေအိတ်လုပ်ထားတဲ့အထဲ ရေထည့်ရတာပါ။ ဒီတော့ ရေဆိုတာ မရှိမဖြစ်မို့ ကိုယ့်အချိန်တိုင်း ရေလိုချင်ကြသူချည်းပါ။ နေ့စွဲမှားပြီး ရေချိန်မှားတပ်မိလို့ တခါတရံ ပြဿနာသံ စကားကျယ်ကျယ်လောင်လောင်တွေလည်း ကြားရတတ်ပါတယ်။ ဒီလိုပြဿနာတွေထဲမှာ ငရုတ်သီးညှော်ပြဿနာကလည်း ဒုက္ခတခုပါ။ အစပ်ဆိုတာ ခံတွင်းမြိန်တာမို့ ငရုတ်သီးကြော်က မပြတ်ဘူး။ တဲအိမ်လေးတွေကလည်း ပွတ်သီးပွတ်သပ်မို့ ညှော်တာပါ။ တခါတရံ ဘာမှ ပြဿနာမဖြစ်ပေမယ့် တခါတရံတော့ ဒါကလည်း မခံမရပ်နိုင်တဲ့ အငေါ့အထေ့လေးတွေ ဖြစ်ရပါတော့တယ်။ မပြည့်စုံမှု၊ စိတ်ဖိစီးမှုကြောင့် ဆူပွက်လာတဲ့ ဒုက္ခထုထည်ကို နှုတ်နဲ့ပဲ ဖြိုဖျက်နေရတယ်ဆိုတာကို နားလည်ပြီး အပြန်အလှန် ခွင့်လွှတ်နေကြရပါတယ်။

စခန်းတွင်း အုပ်ချုပ်ရေးအဆင့်ဆင့်မှာ လမ်းမှူး၊ လမ်းလူကြီး၊ လုံခြုံရေးတာဝန်ရှိသူဆိုတာ ရှိပါတယ်။ လမ်းမှူးနဲ့အတူ လုံခြုံရေးတာဝန်ရှိသူများက ကျမတို့ စခန်းတွင်း လိုက်နာရမယ့် စည်းကမ်းတွေကို ဟန်းစပီကာနဲ့ ကြေညာပေးတယ်။ ဝမ်းရောဂါ၊ ကြက်ငှက်တုတ်ကွေးရောဂါ ကာကွယ်ရေးအတွက် အသိပေးကြေညာချက်တွေ ထုတ်ပြန်တယ်။ ကျန်းမာရေး ပညာပေးဟောပြောပွဲတွေ လာရောက်နားထောင်ဖို့ အသိပေးတယ်။ ၃ နှစ်အောက် ကလေးတွေ တလတခါ ကီလိုချိန်ဖို့ ကြေညာပေးတယ်။ တလတခါ ရိက္ခာထုတ်ဖို့ အရင်ဆုံး လူစစ်ပါတယ်။ ရပ်ကွက် ၁ ကနေ ၁၆ အထိ ရှိတာမို့ လူစစ်-ရိက္ခာထုတ်က ရိက္ခာရုံမှာ ပြတ်တယ်မရှိပါဘူး။ ရိက္ခာရုံက ကျမတို့ တဲအိမ်လေးတွေနဲ့ အတော်ဝေးပါတယ်။ လူစစ်ခေါ်တတ်တာက မနက် ၉ နာရီ ချက်ချိန်ပြုတ်ချိန်ကြီးမို့ ထမင်းအိုးဟင်းအိုးထားပြီး ပြေးရတာ များပါတယ်။ အရောင်စုံ၊ အရွယ်စုံ၊ အသွေးစုံ၊ အနိမ့်အမြင့် ဖြတ်သန်းရတဲ့ ဘဝမတူညီမှုတွေက ဒီအချိန်မှာ တပြေးညီသွားတတ်ပါတယ်။

ရိက္ခာလူစစ်ပြီး မကြာခင် ဆန်ထုတ်ရတတ်ပါတယ်။ တခါတရံတော့လည်း မနက်လူစစ် ညနေဆန်ထုတ်ရပါတယ်။ ဒီလိုဆိုရင် ဆန်ထုတ်ပြီး လှည်းသမားကို အိမ်အရောက် ၁ဝ ဘတ်ပေးရင် ကိုယ်ထမ်းစရာ မလိုတော့ဘူး။ ကျမတို့ မြန်မာပြည်က စပါးကျီလို့ တင်စားရတဲ့ စိုက်ပျိုးရေးနိုင်ငံပါ။ ဆန်ဆိုတာ အမျိုးအစားစုံ၊ နွေစပါး၊ မိုးစပါးဆိုပြီး ဈေးသတ်မှတ်တယ်။ မိုးစပါးက ဆန်ကြောမာတယ်။ သိုလှောင်လို့ ကောင်းတဲ့အတွက် မိုးစပါးကို ပိုကြိုက်ကြတယ်။ ဆန်ဆို ကိုယ့်ဝင်ငွေပေါ် မူတည်ပြီး ဆန်ချော၊ ဆန်ကောင်း စားကြတယ်။ တောင်ပျံ၊ ပေါ်ဆန်မွှေး၊ ကောက်ကြီး၊ ပေါ်ကျွဲ၊ ဧရာမင်း၊ မနော်ဟရီ၊ ဧည့်မထ အစရှိတဲ့ ဆန်တွေ ဘယ်လိုလဲဆိုတာကို သတိရမိသေးတယ်။ ကျမတို့ စားနေရတဲ့ ဆန်က သုံးလွန်းတင်။ ကျမက ရေနွေးဆူအောင် တည်ပြီးမှ ဆန်ခတ်ချက်တယ်။ ထမင်းနပ်ရင် ထမင်းအိုး အပေါ်ဖုံးမှာ မီးသွေးခဲလေးတင်ပြီး နှပ်ထားလိုက်တာ။ ဒီနည်းက ကျမတို့ အဘွား ဇကွဲထမင်းချက်တဲ့ နည်းလေ။ မှတ်မိနေတဲ့ ကျမအတွက် ဟန်ကိုကျလို့။

မနက်စာညစာကို တောတောင်ထဲ၊ ရွာထဲ၊ ကန့်ထဲ အသီးအရွက်ကို ဟင်းဖြစ်အောင် ချက်စားပြီး ညနေ လမ်းလျှောက်ထွက်ကြတယ်။ အင်ဖက်အမိုး နိမ့်နိမ့်လေး ၁၂ ပေလောက်ရှိတဲ့ ဝါးတဲလေးထဲမှာ ညောင်းချိနေတဲ့ သူတွေအဖို့ အမိုးအကာမရှိတဲ့ ကောင်းကင်ကျယ်ကျယ်အောက်မှာ လမ်းလျှောက်ရတဲ့ အရသာကို ခုံခုံမင်မင် ရှိကြတယ်။ စိတ်လက်ပေါ့ပါး စိတ်လက်ကြည်လင်သွားတယ်ဆိုတာ ညနေခင်း လေပြေအောက် လမ်းလျှောက်ဖူးသူတွေ သိကြမယ်။

ကျမနေတဲ့ ဒုက္ခသည်စခန်းရဲ့ တောတောင်ရှုခင်းက သိပ်ကို သာယာပါတယ်။ တောပန်းတောင်ပန်းတွေရဲ့ ရနံ့က သင်းသင်းပျံ့ပျံ့၊ တောင်ကုန်းပေါ်ကနေ စခန်းထဲကို လှမ်းကြည့်ရင် တဲအိမ်လေးတွေက ပြားဝပ်လို့။ ရွာမယ်ဟန် တပြင်ပြင်နဲ့ ခြိမ်းခြောက်နေတဲ့ မိုးတပေါက်နှစ်ပေါက်ကျပြီး မကြာခင် သက်တန့်ရောင်စုံ ခုံးခုံးလေး ပေါ်လာတတ်တယ်။ တောင်တွေနောက်က သက်တန့်ကိုကြည့်ပြီး ဝမ်းသာအားရ အော်ဟစ်တတ်တဲ့ ကလေးတွေရဲ့ အသံက တောတောင်တွေပေါ်မှာ ပဲ့တင်ထပ်နေတယ်။ တောတောင်ရဲ့ နှလုံးခုန်သံကိုလည်း ကျမတို့ နားထောင်ကြတယ်။ ကျမတို့ ဒုက္ခသည်တွေကို တဒင်္ဂမှာ ကောင်းကင်က ပုခက်ကြိုးလွှဲပေးပြီး မြေကြီးက ကြင်ကြင်နာနာနဲ့ ချော့သိပ်တော့တာပဲ။ ကျမတို့ခေါင်းပေါ်က တိမ်တွေကလည်း ကျမတို့ကို အားကျပြီး တောင်တွေကြားမှာ ပုခက်စီးနေကြတာပေါ့။ တောပန်းတောင်ပန်းတွေရဲ့ ရနံ့ကလည်း ကျမတို့ကို အမောပြေအောင် လုပ်ပေးသေးတာ။

”အမျိုးအမည်မသိတဲ့ ပန်းတွေမို့ ဘာပန်းတွေရယ်လို့ သိနိုင်တတ်ပြီ။ မငုံတချို့ ငုံတချို့နှင့် မှုန်လို့စီ” ဆိုတဲ့ ဝိဇယပြဇာတ်ထဲက စလေဦးပုညရဲ့ စာတွေလည်း သတိရနေမိတယ်။ နေလုံးက တောင်တွေနောက် ပုန်းလျှိုးသွားမှ ကျမတို့တွေ ကိုယ့်ဝပ်ကျင်းလေးတွေရှိရာ ပြန်လာကြတယ်။ ည ၉ နာရီအထိပဲ မီးထွန်းခွင့်ရှိတဲ့ ဒုက္ခသည်စခန်းလေးဟာ အိပ်ချင်ချင်၊ မအိပ်ချင်ချင် အိပ်ပျော်အောင် ကြိုးစားရတယ်။ ညလူခြေတိတ်ချိန်မှာ ခံစားချက်တွေ ဖွင့်ထုတ်တတ်တဲ့ ABSDF က ရဲဘော်တဦးရဲ့ ရင်ထဲက ထွက်ပေါ်လာတဲ့ ခံစားချက်သီချင်းသံက ကြားရသူ ကျမတို့ကို အတွေးတွေနဲ့အတူ ခံစားချက်မျိုးစုံ ပေးတော့တယ်။ ၂ဝဝ၅ ခုနှစ်ကတည်းက ဒုက္ခသည်စခန်းကို ရောက်နေတဲ့ ရဲဘော်တဦး။ သူ့ရဲ့ ဘဝဖြတ်သန်းမှုက တတိယနိုင်ငံ အခြေချပြောင်းရွှေ့နဲ့ ငြိနေတယ်။

ဘယ်နေ့ဘယ်အချိန် ဘယ်ကာလမှ ဒုက္ခသည်စခန်းထဲက ထွက်ခွာရမှန်း မသိတဲ့သူ။ သူ့သီချငိးသံကြားရင် ကျောင်းသားက သူပုန်ဖြစ်ရတဲ့၊ စာသင်ခန်းတွေပိတ်၊ အကျဉ်းထောင်တွေဖွင့်တဲ့ စစ်အာဏာရှင်ကို ကျမ တူးတူးခါးခါး နာကျည်းလာတယ်။ သူ့ရဲ့ ငယ်ရွယ်နပျိုမှုကို တောတွင်းလက်နက်ကိုင် တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရတယ်။ သူ့ရဲ့ လူလတ်ဘဝကို ဒုက္ခသည်စခန်းထဲမှာ ပေးဆပ်နေရတယ်။ သူ့ရင်ထဲက ခံစားချက်ကို ကျမ သိလည်း သိချင်တယ်။ ဒါပေမဲ့ မမေးရက်ဘူး။ သူ့ခံစားချက် ဖြစ်ပေါ်လာဖို့ အကြောင်းတရားတွေက ဘယ်လောက်များ ကြေကွဲဝမ်းနည်းစရာတွေ ပါလိုက်မလဲ။ ”ထိခိုက်မှုတွေ များလွန်းလို့ ကျနော့်မှာ ဘယ်ဒဏ်ရာက ပိုနာတယ်လို့ ရွေးမပြောတတ်တော့ဘူး” လို့ ပြောလာရင် ကျမ ဘယ်လိုမှ နားထောင်ရက်မှာ မဟုတ်ဘူး။

ဒီလိုနဲ့ ကျမတို့ ဒုက္ခသည်တွေ မိုးလင်းမိုးချုပ် လောကဓံနဲ့ အသက်ရှင်လုပ်တန်း ကစားနေရတယ်။ ဒုက္ခသည်စခန်းမှာ ဝါနှစ်ခါဆိုပြီးတဲ့ ကျမ အရင်ရောက်နှင့်သူတွေ ဒုက္ခသည်တွေရဲ့ စိတ်ဒဏ်ရာကို ကိုယ်ချင်းစာနာနိုင်ခဲ့ပါတယ်။ ကျမတို့ ဒုက္ခသည်အသစ်တွေက တတိယနိုင်ငံ အခြေချနေထိုင်ရေးအတွက် အင်တာဗျူးဖို့ဝေး ထိုင်းပြည်ထဲရေးကပေးတဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတဲ့ MPO တောင် မရသေးဘူး။ လူဟောင်းတွေလို ကျမတို့ ဘဝစာမေးပွဲ မဖြေရသေးသလို ခက်ခဲတဲ့ မေးခွန်းတွေနဲ့ မဆုံရသေးဘူး။ ကျမတို့ လူ့အဖွဲ့အစည်းကြီးမှာ မကြားရ၊ မကြုံရတဲ့ အဖြစ်အပျက်တွေလည်း အများကြီး ရှိပါတယ်။ မိသားစု၊ ဇနီးမောင်နှံ၊ သားသမီးနဲ့ မိဘ ချစ်ခြင်းတွေ အနာဂတ်တွေကိုလည်း တခြားသူဆီမှာ ပုံအပ်ထားရတာ။ အိမ်ထောင်ဦးစီးရဲ့ ဘဝဖြတ်သန်းမှုက တတိယနိုင်ငံရဲ့ အခြေချပြောင်းရွှေ့နေထိုင်ရေးမှာ လက်မခံနိုင်စရာ၊ သံသယဖြစ်စရာဖြစ်လို့ နှောင့်နှေးကြန့်ကြာနေရတယ်။

ဒီလိုကြန့်ကြာနေသူတွေရဲ့ ဘဝကလည်း နာကြင်ကြေကွဲစရာ။ အချိန်ကြာလာတာနဲ့အမျှ သူတို့သားသမီးတွေ ဒုက္ခသည်စခန်းထဲမှာ တဖြည်းဖြည်း အရွယ်ရောက်လာတော့ သူတို့ရဲ့ ပညာရေး၊ လက်ရှိစားဝတ်နေရေး၊ ကျန်းမာရေးက မိသားစုချစ်ခြင်းမေတ္တာကိုပါ ထိခိုက်လာရတယ်။ ကိုယ့်နဲ့အတူ အေးအတူပူအမျှ ဒုက္ခကို မျှဝေခံစားခဲ့တဲ့ ဘဝတူတွေထဲက တတိယနိုင်ငံကိုရောက်လို့ အခြေကျနေပြီ။ ရာသီတွေ အလီလီပြောင်းပေမယ့် ကိုယ်က မသွားရသေးဘူး။ ဒီတော့ အိမ်ထောင်ဦးစီးက သူဘာလုပ်ရမလဲ။ သူ့ဘဝရဲ့ သမိုင်းဖြတ်သန်းမှုဖြစ်စဉ်ကို သူ လည်စင်းခံမယ်။ သူ့မိသားစုကို သူနဲ့ ခွဲထုတ်မယ်လို့ ပိုင်းဖြတ်တယ်။ စခန်းထဲကို UN ရောက်လာရင် သွားတွေ့ပြီး သူတို့ကို အကျိုးအကြောင်း ပြောပြတယ်။

သူ့ရဲ့ လက်ရုံးရည်၊ နှလုံးရည်နဲ့ သူ့မိသားစုကို သူ့ဘိုင်အိုနဲ့မတွဲဘဲ ခွဲထုတ်ဖို့ အကြံပြုတယ်။ ဒုက္ခသည်စခန်းမှာ အချိန်ပြည့် ပရဟိတအလုပ်တွေလုပ်ပြီး ခေါင်းပေါ်ကျောပေါ်မှာ ရာသီကုန် မပြတ်ရောင်းပြီး ဘဝရပ်တည်နေရတဲ့ မင်းသားကြီး နို့ဖိုး ဖိုးချစ်က သူ့စိတ်ဒဏ်ရာကို အရက်နဲ့ ဒဏ်ကြေဆေးလိမ်းသလို လိမ်းတယ်။ သူမူးနေရင်တော့ သူ့မိန်းမနဲ့ ကလေးတွေကို သူ့ဒုက္ခသည်ဘဝထဲက ခွဲထုတ်မယ်။ သူကတော့ ဒုက္ခသည်စခန်းထဲမှာပဲ ထားတဲ့အထိ နေတော့မယ်တဲ့။ သူမမူးရင်တော့ သားသမီး ၅ ယောက်နဲ့ သူ့မိန်းမကို မခွဲနိုင်ဘူး။ ”ငါတို့ ပြန်ဆုံဖို့ ဘယ်လွယ်မလဲ။ ငါ နေပူမရှောင် မိုးရွာမရှောင် လုပ်ကြွေးမယ်။ ဘယ့်လောက်ပင်ပန်းပါစေဟယ်။ မိသားစုနဲ့တော့ မခွဲနိုင်ဘူး။ ခွဲရရင် ငါ သေမှာ” လို့ သူ့ဝမ်းနည်းမှု၊ နာကျင်မှုကို ချပြတယ်။ တဖက်က မိသားစုအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာ၊ တဖက်က သူ့မိသားစု ဒုက္ခသည်ဘဝက လွတ်မြောက်ပြီး တတိယနိုင်ငံ အခြေချနေထိုင်ရေးဆိုတဲ့ အားပြိုင်မှုတွေနဲ့ သူ့စိတ်တွေ လွန်ဆွဲနေရတယ်။ ကြာတော့ သူ့ခန္ဓာကိုယ်လေးဟာ တဖြည်းဖြည်း ပါးလှပ်လာတယ်။

ABSDF က ရဲဘော်တဦးကတော့ သားသမီးမရှိပေမယ့် သူ့ဇနီးကို သူ့ဒုက္ခသည်ဘဝထဲက ခွဲထုတ်ပေးလိုက်တယ်။ သူက ဒုက္ခသည်စခန်းထဲမှာ ရင်တွင်းဒဏ်ရာနဲ့ အတွင်းကြေ ဖြစ်နေချိန်မှာ သူ့ဇနီးက ကမ္ဘာ့ခေါင်မိုးလို့ခေါ်တဲ့ အမေရိကန်ကို ရောက်သွားရပြီ။ သူနဲ့ သူ့ဇနီးက တယ်လီဖုန်းပေါ်မှာ အင်တာနက်ပေါ်မှာပဲ တွေ့နိုင်တော့တယ်။ ဒီတော့ လူချင်း ဘယ့်လောက်ဝေးဝေး စိတ်ချင်းနီးအောင် အကြောင်းတရား၊ အကျိုးတရားတွေနဲ့အတူ နည်းပညာတွေကလည်း ဘယ့်လောက်ထိအောင် လုပ်ပေးနိုင်ပါ့မလဲ။ လင်စုံမယားဘက် အသိုက်အမြုံဆိုတဲ့ စကား ဘယ့်လောက်လေးနက်တယ် ဆိုတာ ခံစားဖူးသူတိုင်း သိမှာပါ။

ဒုက္ခသည်ဆိုတာ ကိုယ့်ဘဝ ကိုယ်မပိုင်ဘူး။ ကိုယ့်ကံကြမ္မာ ကိုယ်မပိုင်ဘူး။ ကိုယ့်အနာဂတ် ကိုယ်မပိုင်ဘူး။ ဒုက္ခသည်ဆိုတဲ့ ဇာတိအဖြစ် ရရှိခြင်းကိုက လက်ပစ်ကူးခန်းတွေချည်းပါပဲ။ ကဗျာတပုဒ်ထဲကလို ဘဝပလပ်ခေါင်းနဲ့ ကံကြမ္မာပလပ်ပေါက် မတည့်မချင်း ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေ အသည်းကွဲနေရဦးမှာ ..။