Tuesday, June 8, 2010

မြန်မာ နျူကလီးယားဆိုင်ရာ အထောက်အထား IAEA စိစစ်

ခက်ထန် Tuesday, June 08, 2010

မြန်မာ နျူကလီးယား လျှို့ဝှက် စီမံကိန်းနှင့် ပတ်သက်၍ အသစ် ထွက်ပေါ်လာသော အထောက် အထားများကို ကြည့်ရှု စစ်ဆေး နေကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲ ယူကိယ အာမာနိုက ပြောကြားသည်။

မီဒီယာက တဆင့် ထွက်ပေါ် လာတဲ့ သက်ဆိုင်ရာ သတင်းနဲ့ ဆောင်းပါး တွေကို ကြည့်ပြီးပါပြီ။ အချက် အလက်တွေကို စိစစ်နေပါတယ်။ လိုအပ်ရင် မြန်မာအစိုးရ ဆီကနေ ရှင်းလင်းချက် တောင်းပါမယ်”ဟု ယူကိယ အာမာနိုက IAEA ၏ ၃၅ နိုင်ငံ ပါဝင်သော ဘုတ်အဖွဲ့ အစည်းအဝေးတွင် ယမန်နေ့က ပြောကြား သွားသည်။

ဇွန်လ ၄ ရက်မှ ၆ ရက်နေ့ အထိ စင်ကာပူ နိုင်ငံတွင် ကျင်းပသော ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) ဆွေးနွေးပွဲ ခေါ် ၉ ကြိမ်မြောက် အာရှလုံခြုံရေး ထိပ်သီး ဆွေးနွေး ပွဲတွင် မြန်မာ နျူကလီးယား အရေးနှင့် ပတ်သက်၍ တံခါးပိတ် ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာန (IISS) မှ လက်နက် မပြန့်ပွားရေးဆိုင်ရာ အကြီးတန်းသုတေသီ မာ့ခ် ဖစ်ဇ်ပက်ထရစ်ကို ကိုးကား၍ My Paper သတင်းဌာနက ဖော်ပြသည်။

စင်္ကာပူ အခြေစိုက် My Paper သတင်းဌာနက ထိပ်သီးဆွေးနွေးပွဲ အပြီး စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမြင့်ကို နျူကလီးယား အထောက်အထားသစ်များ အကြောင်း မေးမြန်းခဲ့ရာ “မမှန်ပါဘူး။ ကျနော်တို့ နိုင်ငံကို ဇွတ် ပုံစံသွင်းနေတာပါ” ဟု ဖြေသွားသည်။

“နျူကလီးယား ထုတ်ဖို့ဆိုရင် ကျနော်တို့မှာ အခြေခံ ပစ္စည်းပစ္စယနဲ့ နည်းပညာတွေ လိုအပ်ပါသေးတယ်”ဟု ဦးဝင်းမြင့်က ဆက်လက်ပြောသည်။

ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် အေးမြင့်သည် ရှန်ဂရီလာ ဒိုင်ယာလော့ဂ် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် စီစဉ်ပြီးမှ အစီစဉ်ကို ဖျက်သိမ်းလိုက်ပြီး သံအမတ်ကြီး ဦးဝင်းမြင့်သာ တက်ရောက်ခဲ့သည်။

အာရှနှင့် ပစိဖိတ် ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒများ ဆွေးနွေးရန်အတွက် ကာကွယ်ရေးဝန်ကြီးများ၊ လုံခြုံရေး ကျွမ်းကျင်သူများနှင့် ပညာရှင်များက ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ် အေးမြင့် မတက်ရောက်ခြင်းနှင့်ပတ်သက်၍ My Paper သတင်းဌာနက မေးမြန်းခဲ့ရာ တရုတ်ဝန်ကြီးချုပ် ဝမ်ကျား ပေါင် လာရောက်မည်ဖြစ်၍ တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းခြင်း ဖြစ်သည်ဟု ဦးဝင်းမြင့်က ဖြေကြားခဲ့သည်။

ရုရှားမှ ဒုံးပျံအင်ဂျင်ပညာနှင့် ဘွဲ့ရခဲ့သည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက ရာနှင့် ချီသော လျှို့ဝှက် အထောက်အထား စာရွက်စာတမ်း နှင့် ဓာတ်ပုံများကို ယူဆောင်ကာ ပြည်ပသို့ တိမ်းရှောင်လာပြီးနောက် စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းဆိုင်ရာ အချက် အလက်သစ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) နှင့် အယ်လ်ဂျာဇီးယား သတင်းဌာနတို့က ရရှိလာသော အထောက် အထားပေါ်မူတည်၍ ပြီးခဲ့သည့် သတင်းပတ်တွင် သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့်ပြသခဲ့သည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာသော အချက်အလက်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီက လနှင့်ချီ၍ လေ့လာဆန်းစစ်ပြီးနောက် စာရွက်စာတမ်းနှင့် ဓာတ်ပုံအထောက်အထားများတွင်ပါရှိသော စက်ယန္တရား ပစ္စည်းများသည် နျူကလီးယား ဆိုင်ရာ လက်နက်များ ထုတ်လုပ်ရန် အသုံးဝင်သည်ဟု မှတ်ချက်ချကြောင်း သိရသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်းက“သူတို့ တကယ် လိုချင်တာက အဏုမြူဗုံးပဲ။ အဲဒါ သူတို့ရဲ့ အဓိက ရည်မှန်းချက်ပဲ။ ဒုံးကျည်တွေ နျူကလီးယား ထိပ်ဖူးတွေ ပိုင်ဆိုင်ချင်တယ်”ဟု အယ်လ်ဂျာ ဇီးယားသတင်းဌာန၏ ထုတ်လွှင့်မှုတွင် ပြောကြားထားသည်။

ယင်းထုတ်လွှင့်ပြသမှု မတိုင်ခင်တွင် အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က မြန်မာပြည်ခရီးစဉ်ကို မြောက်ကိုရီးယားနှင့် နျူကလီးယား ဆက်ဆံရေးကြောင့် ဟုဆိုကာ ဇွန်လ ၃ ရက်နေ့တွင် ရုတ်တရက် ဖျက်သိမ်းလိုက်သည်။

စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ်အဖြစ် သတ်မှတ်ရေး သဘောတူညီချက် (ဘန်ကောက်သဘောတူညီချက်) ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ နောက်တနှစ် အကြာတွင် ဘက်စုံ အဏုမြူစမ်းသပ်မှုများ တားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး ခဲ့သေးသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း၏ မိသားစုဝင်များ စစ်ဆေးခံရ

သန်းထိုက်ဦး Tuesday, June 08, 2010

စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းအား ဖော်ထုတ် လိုက်သော ဗိုလ်မှူး စိုင်းသိန်းဝင်း၏ မိသားစုဝင်များကို အာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ဖေဖော်ဝါရီလက ပြည်ပသို့ တိမ်းရှောင် လာပြီး စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းနှင့် ဥမင် လိုဏ်ခေါင်း များကို ပြည်ပ မီဒီယာ ဖြစ်သော ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) နှင့် အယ်လ်ဂျာဇီးယား သတင်းဌာနများမှ တဆင့် ပြီးခဲ့သော တပတ်က ထုတ်လွှင့်ခဲ့သည်။

ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် နေထိုင်သော ဗိုလ်မှူး စိုင်းသိန်းဝင်း၏ မိဘနှင့် ညီအစ်ကို မောင်နှမများကို ရဲနှင့် စစ်ဖက် ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့က ၎င်းတို့၏ နေအိမ်သို့ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ နျူကလီးယား စီးမံကိန်း လျှို့ဝှက် ပေါက်ကြားမှုနှင့် ပတ်သက်၍ နေပြည်တော်ရှိ တပ်မှူး တချို့ကိုလည်း အစိုးရ အာဏာပိုင်များက ယခု ရက်ပိုင်း ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်းသည် စစ်သက် ၁၅ နှစ်ရှိ ပြီး ဒုံးပျံအင်ဂျင် အထူးပြု ဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဖြစ်သကဲ့သို့ မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ် ရေးစက်ရုံမှ ဒုတိယ အကြီးအကဲ တဦးလည်း ဖြစ် သည်။

၎င်းသည် ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို ယူ ဆောင်၍ ၂၀၁၀ ဖေဖော်ဝါရီလတွင် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင် လာခဲ့ ကြောင်း သိရသည်။

ယင်း စာရွက်စာတမ်းနှင့် အထောက်အထားများကို သုံးသပ်ရေးသားထားသည့် စာမျက်နှာ ၂၀ ကျော်ရှိသော“မြန်မာနိုင်ငံ နျူကလီးယား ဆိုင်ရာ လူပ်ရှားမှုများ”စာတမ်းတွင် အထောက်အထား အချက်အလက်နှင့် ဓာတ်ပုံ၊ မြေပုံများဖြင့် ဖော်ပြထားသည် ကိုတွေ့ရသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်းက အယ်လ်ဂျာဇီးယား သတင်းဌာသို့ ဥမင် လိုဏ်ခေါင်းများမှာ သာမန် ရည်ရွယ်ချက် အတွက်သုံးရန် ဆို သော်လည်း တချို့မှာ ဘောလုံးကွင်း ၂ ခုစာမျှကျယ်နေကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် စစ်အစိုးရသည် နျူကလီးယား စီမံကိန်းအတွက် ငွေများ ကို ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရရှိသော အကျိုးအမြတ်များဖြင့် လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ အမေရိကန် ဒေါ်လာ ၇.၅ သန်း ရရှိကြောင်း၊ စစ်ရေးအသုံးစရိတ် ငွေများ ပိုမို သုံးစွဲရန် ရွှေ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရငွေများကို တိုးချဲ့သုံးစွဲသွားဖွယ် ရှိကြောင်းလည်း ဗိုလ်မှူး စိုင်းသိန်းဝင်းက အယ်လ်ဂျာဇီးယား သတင်းဌာသို့ ပြောသွားသည်။

ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့၏ အဆိုအရ စစ်အစိုးရသည် ယင်းလုပ်ငန်းမှ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁.၂ သန်း ရရှိသည်ဟု သိရ သည်။

စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ် အဖြစ် သတ်မှတ်ရေး သဘောတူညီ ချက်(ဘန်ကောက်သဘောတူညီချက်) ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ နောက်တနှစ် အကြာတွင် ဘက်စုံအဏု မြူစမ်းသပ်မှုများ တားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး ခဲ့သေးသည်။

သို့သော် ၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလတွင် မြန်မာစစ်အစိုးရက "ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချရေး အတွက်" အဏုမြူ သုတေသန ဓာတ်ပေါင်းဖို တခုတည် ဆောက်ရန် အစီအစဉ်ကို အတည်ပြုပြောဆိုလာခဲ့သည်။

ထိုအချိန် က နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်ဝင်းက "မြန်မာနိုင်ငံ၏ အဏုမြူစွမ်းအင်အပေါ် ငြိမ်းချမ်းသော ရည် ရွယ်ချက်ဖြင့် စိတ်ဝင်စားမှုမှာ ကာလကြာရှည်ကတည်းက ရှိနေခဲ့သည်"ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

အဏုမြူစွမ်းအင် ဦးစီးဌာနကို ၁၉၉၇ အောက်တိုဘာလတွင် အသစ် ဖွဲ့စည်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အောက်တွင် ထားရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။


နယ်ခြားစောင့်တပ်ကိစ္စ DKBA ကို ပြင်းထန်စွာ သတိပေး

ဘစောတင် Tuesday, June 08, 2010

စစ်အစိုးရက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ ကို လာမည့် သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံး ထား၍ နယ်ခြားစောင့် တပ်ဖွဲ့ရန် ပြီးခဲ့သော စနေနေ့တွင် ပြင်းပြင်းထန်ထန် သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့ နယ် အခြေစိုက် စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) (၈) မှ ဗိုလ်မှူးချုပ် သန်းစိုးက DKBA တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကို သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု တပ်မဟာ ၅ မှ အရာရှိတဦး က ဧရာဝတီသို့ ပြောသည်။

သတိပေး ပြောကြားရာတွင် စစ်အစိုးရ တောင်းဆိုသည့် နယ်ခြားစောင့် တပ်မဖွဲ့ ပါက လက်နက် ဖြုတ်သိမ်းမည်၊ လက်နက် ဖြုတ်သိမ်း သည်ကို လက်မခံပါက အင်အားသုံး၍ အပြီးပြတ် တိုက်မည်ဟု ပါရှိကြောင်း သိရသည်။

ယင်းသို့ နအဖ က သတိပေးသည်ကို တပ်မဟာ ၅ မှ အရာရှိအများစုက လိုက်နာရန် ဆန္ဒမရှိကြောင်း အထက်ပါ အရာရှိက ဆက် လက်ပြောဆိုသည်။

“နအဖ အနေနဲ့ နယ်ခြားစောင့်တပ်ကို အတင်းဖွဲ့ စည်းခိုင်းတယ်၊ ကျနော်တို့က မဖွဲ့ စည်းချင်ဘူး၊ နအဖ ဘက်က စတင်ပြီး ငြိမ်းချမ်း စွာ မဖြေရှင်းဘဲ အကြမ်းဖက်ဖြေရှင်းမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း ခုခံရင်ဆိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ်”ဟု ၎င်း က ဆိုသည်။

နအဖ တောင်းဆိုသော နယ်ခြားစောင့် တပ်ဖွဲ့ ရန်ကိစ္စကို DKBA တပ်မှူးများထဲမှ လက်ခံချင်သူများရှိသကဲ့သို့ ငြင်းဆန် လိုသူများ လည်းရှိကြောင်း သိရသည်။ DKBA ၏ အရေးအကြီးဆုံး ခေါင်းဆောင်ဖြစ်သော ဆရာတော် ဦးသုဇန သည်လည်း နယ်ခြားစောင့် တပ်ကို လက်မခံဟု DKBA အဖွဲ့ဝင်တချို့က ဆိုသည်။

သို့သော် DKBA ဥက္ကဌ နှင့် စစ်ဦးစီးချုပ်ကြားတွင် သဘောထား အနည်းငယ် ကွဲလွဲလျှက်ရှိကြောင်း၊ ဥက္ကဌ ဦးသာလူးကျော်က နယ်ခြားစောင့်တပ် ဖွဲ့ စည်းခြင်းကို လက်ခံနိုင်သော်လည်း နအဖ အရာရှိများ နှင့် ရောယှက် ဖွဲ့ စည်းရမည်ကို လက်မခံနိုင်ကြောင်း၊စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်းကမူ နအဖ အလိုကျ ဖွဲ့ စည်းခြင်းကို လက်ခံကြောင်း ထိုင်း-မြန်မာ နယ်စပ် သတင်းရပ်ကွက်များ က ပြောဆိုကြသည်။

ယင်းသို့ DKBA အဖွဲ့ အစည်းအတွင်း ထိပ်ပိုင်းခေါင်းဆောင်များ ကြားတွင်လည်းကောင်း၊ အထက်နှင့် အောက် အဆင့်များကြား တွင် လည်းကောင်း နယ်ခြားစောင့်တပ်ဖွဲ့ ခြင်းကို အကြောင်းပြု၍ သဘောထားကွဲလွဲနေစဉ် နအဖက အခွင့်ကောင်းယူကာ ယခု ကဲ့သို့ တပ်မဟာ ၅ ကို သတိပေးဟန်တူကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။

“DKBA က နယ်ခြားစောင့်တပ်ဖွဲ့ ဖို့ ဖိအားပေးနေတာကို အရင်လတွေကလည်း ကြားနေရတယ်၊ ဒါပေမယ့် အခုလောက်ထိတော့ ပြင်းပြင်းထန်ထန် မဟုတ်ခဲ့ဘူး၊ အခုလို DKBA အတွင်းမှာ သဘောထားကွဲလွဲမှုတွေ အထက်တမျိုး အောက်တမျိုး ဖြစ်နေတဲ့ အနေ အထားတွေ၊ နအဖ အရာရှိတွေ အောက်မှာ မလုပ်ချင်တဲ့ အနေအထားတွေ၊ ဒါတွေကတော့ နအဖ အတွက် အကွက်ပဲ၊ ပွဲလန့်တုန်း ဖျာခင်းဆိုသလို ထိုးခွဲလိုက်ရုံပဲလေ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုလားသူတွေ အတွက်ကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ဖို့ကလွဲပြီး ရွေးစရာလမ်း ဘယ်ရှိတော့မလဲ”ဟု KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေက ပြောသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမား လာ သည့် လက်နက် ကိုင်အဖွဲ့ဖြစ်သည်။

စစ်အစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သော်လည်း ယခုအချိန် အထိ NDA-K ၊ ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ အဖွဲ့များသာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည်။

တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို စစ်အစိုးရက မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။


ရွှေတူးဖော်ရေးကြောင့် အိမ်ယာမြေများပြောင်းရွှေ့နေ

KNG

နေပူကျဲကျဲ မေခမြစ် ကမ်းတွင် အင်ဝိုင်း ကိုင်ကာ တစ်ကိုယ်လုံး ရေများ ရွှဲစို နေသော်လည်း ဂရုမစိုက် နိုင်သော ဇနီးမောင်နှံ (Bambing) သည် မျော်လင့်ချက်ကြီး ကြီးဖြင့် ရွှေကျင်နေသည်။ သူတို့ မကြာခင် တစ်ခါမှ မရောက်ဖူးသည့် ရွာသစ်(လွယ်ငူးဘွမ်တောင်ခြေ)သို့ ပြောင်းရွှေ့ရတော့မည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ မေခမြစ်ကမ်းနား ဗန်ဗိန်ကျေးရွာသည် ရွှေတူးဖော်လုပ်ငန်းအတွက် ပြီးခဲ့သည့်လမှ လွယ်ငူးဘွမ်တောင်ခြေသို့ ပြောင်းရွှေ့နေသည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းသွားသည့် NDA-K ဥက္ကဋ္ဌဟောင်း ဇခုန်တိန့်ယိန်း မိသားစု ပိုင် ပန်ဝါအထွဋ်အထိပ်ကုမ္ပဏီ မှ ရွှေတူးဖော်ရေးအတွက် ၎င်းကျေးရွာပြောင်းရွှေ့ရခြင်းဖြစ်သည်။

ချီဖွေမြို့နယ်ရှိ မေခမြစ်တွင်ရေကာတာတည်ဆောက်ခြင်းကြောင့် မေခမြစ်တလျှေက် ကျေးရွာများ၊ စိုက်ပျိုးရေးခြံများ ရေလွမ်းမိုးမှုတွင်ပျက်ဆီးဆုံးရှုံးသွားနိုင်သဖြင့် အိမ်ယာမြေများ အလဟသမဖြစ်စေရန် ၎င်းနေရာ၌ ရွှေတူးဖော်နေခြင်းဖြစ်သည်ဟု ဦးဇခုံတိန့်ယိန်းမှ ပြောသည်။

ဤသို့ မေခမြစ်ကို ပိတ်လိုက်ခြင်းဖြစ် ကချင်ပြည်နယ်မှ လိမ္မော်သီးအထွက်ကောင်းဆုံး မန်ဒေါင်ကျေးရွာ (Mandawng mare)၊ ဒုံဗန်ကျေးရွာ၊ ဗန်ဗိန်ရွာတို့သည်လည်း ရေလွှမ်းမိုးမှုတွင်ပါသွားနိုင်သည်။

မြစ်ကြီးနားမြို့နှင့် မိုင်၂၀ကျော်ဝေး ဗန်ဗိန်ကျေးရွာကို ဦးရှဇော်လွမ်းဇောင်းသည် စားအုန်းဆီ၊ လိမ္မော်၊ ဒညှင်းစသည့် စိုက်ပျိုးရေုးခြံအနေဖြင့် တည်ထောင်ခဲ့သည်။ ယင်းကျေးရွာတွင် အိမ်ခြေ ၃၀ကျော်ရှိသည်။

မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အပစ်အခတ်ရပ်ဆဲ နောက်ပိုင်း တောခိုနေသည့် ကချင်တိုင်းရင်းသားများ ဗန်ဗိုင်ကျေးရွာသို့ လာရောက်နေထိုင်လာခြင်းဖြစ်သည်။ “နိုင်ငံရေး အခြေအနေ အေးချမ်းသွားချိန်မှ အိမ်ခြံမြေမရှိလို့ စုဝေးပြီး နေထိုင်လာကြတယ်” ဟု ဝိုင်းမော် ဒေသခံခရစ်ယာန် ဆရာတစ်ဦးမှ ပြောပြသည်။

၎င်းက ဆက်ပြီး “ အရင်ဗန်ဗိန်ရွာက ပျက်ဆီးသွားပြီ၊ အခုနောက်ပိုင်းမှစတည်လာတာ၊ မြေဆီလွာအရမ်းကောင်းလို့ လာနေတာ” ဟု ပြောပြသည်။

အရင်းအနှီးမရှိသည့် မိသားစုများသည် မုံညှင်းဆီထုတ်သည့် မုံညှင်း၊ ရိုးရိုးမုံညှင်း၊ အာလူး၊ ငရုတ်၊ ခရမ်းသီး အစရှိသည့် ဟင်းသီးဟင်းရွက်များစိုက်ကာ သက်မွေးဝမ်းကျောင်းပြုလုပ်ကြသည်။

အရင်က သူတို့ဇနီးမောင်နှံသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကာပျော်ရွှင်သည့် ဘဝကိုဖြတ်သန်းလာခဲ့သည်။ “ရေကြီးသွားရင်ပါသွားမဲ့ မြေစာ၊ သူတို့လောင်းပြီးသွားတဲ့ မြေစာတောင်မယူခိုင်းဘူး” ဟု သူတို့ရွှေကျင်ရာတွင် မြေကွက်မရှိကြောင်း ဇနီးသည်မှ ပြောသည်။

၎င်းသို့အိမ်ခြံမြေများ ရွှေတူးဖော်ရေး လုပ်ကွက်တွင် ပါနေသော်ကြောင့် ဦးဇခုံတိန့်ယိန်းမှ ဝယ်ယူလိုက်သည်။
ကလေးတွေ ကျောင်းတက်ဖို့ ငွေစုရမည့်ဇောဖြင့် နေ့မအားညမအား ရွှေကျင်နေရသည်။

“ကလေးကျောင်းစရိတ်လည်းမရှိဘူး၊ အိမ်ပြန်ချင်တယ် လမ်းစရိတ်မရှိလို့ မပြန်နိုင်သေးတာ၊ အိမ်က ၁၀တန်း တက်မဲ့ကလေးတစ်ယေက်ရှိတယ်လေ” ဟု သူမ၏ ခံစားချက်ကို ဆက်ပြောသည်။

အရှုံးတွေထဲမှ တစ်နေ့တွင် ရွှေသုံးရွေး ရ၍ သူတို့ဇနီးမောင်နှံပျော်နေကြရသည်။ ၎င်းမှ “တစ်နေကုန် ရွှေကျင်ရင်လည်း တစ်ခါမှ မရသည့်အချိန်ကများနေတယ်”ဟု သူမဆိုသည်။

ယခုတွင် မြစ်ကမ်းပါး အိမ်ခြံများကို အရင်ရောင်းကာ ယင်းဒေသခံများကို တစ်အိမ်လျှင် ကျပ်၁သိန်းတန် လက်စွပ်တစ်ကွင်းဆီပေးနေသည်။ နောက်ထပ် မြေကွက်များရောင်းရလျှင် ဦးရှဇော်လွမ်းခေါင်မှ လွယ်ငူဘွမ်တောင်ခြေတွင် ကျပ်၁၀သိန်းတန် အိမ်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

လွယ်ငူဘွမ်တောင်ခြေသည် လဝါယန်ဌာနေပြည်သူ့စစ်(လဆန်အောင်ဝါ) လက်အောက်ခံ နယ်မြေဖြစ်သည်။

၎င်းပြည်သူ့စစ်သည် KIO (ကချင်လွတ်မြောက်ရေးအဖွဲ့) မှ ခွဲထွက်ကာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် မြန်မာ တပ်မတော် လက်အောက်ခံ ပြည်သူ့စစ်အဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

မေခ၊ မလိခမြစ်နှင့် မြစ်ဆုံရေအောက်ရှိ သယံဇာတ ရွှေသတ္တုများကို ဦးဇခုံတိန့်ယိန်း၊ ဦးလဆန်အောင်ဝါတို့အား နိုင်ငံတော်မှ ခွင့်ပြုနိုင်သော အချိန်ကာလအထိ သတ္တုတွင်းဝန်ကြီးဌာနနှင့် တူးဖော်၊ ထုတ်လုပ်၊ ရောင်းချလုပ်ကိုင်ရန် နှစ်ဦးနှစ်ဘက် သဘောတူစာချုပ်ချုပ်ကို ၂၀၁၀ ဖေဖော်ဝါရီလ (၈)ရက်က ချုပ်ဆိုထားသည်။

ယခင်တွေ ဒေသခံ များသည် ခြံစိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုကာ ယခုတွင်မူ အလုပ်လက်မဲ့ဖြစ်နေကြရ သည်။ ပြောင်းရွှေ့ရမည့် အိမ်ခြံမြေမရှိ၍ ခုထိမပြောင်းရသေးသော ထိုဇနီးမောင်နှံနှင့် အိမ်ခြေ ၆အိမ်ကျန်နေ သေးသည်။

မြန်မာက နျူကလီးယားဗုံး ထုတ်လုပ်ရန် ကြံရွယ်နေဟု ကျွမ်းကျင်သူ ပြောကြား

အောင်ဆန်းမန်း (ဘာသာပြန်ဆောင်းပါး)

ဒီဗွီဘီ ရဲ့ (၅) နှစ်ကြာ စုံစမ်း ထောက်လှမ်းမှု များက မြန်မာ နိုင်ငံရဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ရေး စီမံချက် များကို ဖော်ထုတ် နိုင်လိုက်ပါပြီ။ စုံစမ်း ထောက်လှမ်း တွေ့ရှိမှု များအတွက် အရေးပါသူ တဦး ကတော့ ဒုံးလက်နက်နှင့် နျူကလီးယား စီမံကိန်း အတွက် လိုအပ်သော စက်ပစ္စည်း အစိတ်ပိုင်း နမူနာများကို ထုတ်လုပ်ရာမှာ တာဝန်ယူ ခဲ့သော၊ ဒုံးလက်နက် ကျွမ်းကျင်သူ မြန်မာ စစ်အင်ဂျင် နီယာ ဗိုလ်မှူး စိုင်းသိန်းဝင်းပဲ ဖြစ်ပါတယ်။

ဒီဗွီဘီရဲ့ မြန်မာစစ်ရေး စီမံကိန်းများကို ထောက်လှမ်းစုံစမ်းနေမှုများကို သိရှိပြီးနောက်မှာ၊ ဗိုလ်မှူးစိုင်းသိန်းဝင်းဟာ ဒီဗွီဘီကို ဆက်သွယ်လာပြီး အထောက်ထားစာရွက်စာတမ်းများ၊ ရောင်စုံဓာတ်ပုံများကို ပေးအပ်ခဲ့ပါတယ်။ ထိုအချက်အလက်များသည် မြန်မာစစ်တပ်ရဲ့ ဒုံးလက်နက် စီမံကိန်းများအတွက် ရုရှမှလေ့ကျင့်သင်ကြားပေးနေသော အထောက်ထားများသာမက၊ မြောက်ကိုရီးယား၏ ပါဝင်ဆက်နွှယ်မှုတို့ကိုပါ ဖော်ထုတ်ပေးနိုင်လိုက်ပါတယ်။

ထိုအချက်အလက် အထောက်ထားများအား ဒီဗွီဘီနှင့်အတူ ပူးပေါင်း၍ လပေါင်းများစွာ လေ့လာခဲ့သူကတော့ IAEA မှာ ဒါရိုက်တာအဖြစ်ထမ်းဆောင်ခဲ့သူ ဒေါက်တာ ရောဘတ်ကယ်လီပဲဖြစ်ပါတယ်။ ဒေါက်တာကယ်လီသည် ဤအထူးဆောင်းပါးတွင် မြန်မာစစ်အစိုးရ၏ နျူလက်နက်များထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော နည်းပညာနှင့် ယူနေရီယမ်ရှာဖွေထုတ်လုပ်နေမှုများအကြောင်း ရေးသားထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှ အရေးပါသော သူတဦးဟာ အလွန်လျှို့ဝှက်လှသော နျူဆိုင်ရာ စီမံချက်များအကြောင်း ထုတ်ဖော်ဖို့ ပြည်တွင်းမှ ထွက်ခွာလာခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်အား ဒီဗွီဘီမှ အချိန်ယူ တွေ့ဆုံမေးမြန်းခဲ့ပြီး၊ အချက်လက်များအား ကမ္ဘာကို ထုတ်ဖော်ဖွင့်ချလိုက်ပါပြီ။ ထိုအရေးပါသောပုဂ္ဂိုလ်မှာ မကြာသေးခင်အထိ ပြည်တွင်းမှာ ဗိုလ်မှူးရာထူးအဆင့်နှင့် တာဝန်ထမ်းဆောင်ခဲ့သော စိုင်းသိန်းဝင်းဖြစ်ပါတယ်။ သူဟာ မြန်မာစစ်အင်ဂျင်နီယာတဦးဖြစ်ပြီး ရုရှနိုင်ငံတွင် ဒုံးပျံနည်းပညာများ သင်ယူခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံ ပြန်ရောက်ပြီးနောက် ဒုံးပျံနှင့် နျူကလီးယား စီမံကိန်းများအတွက် လိုအပ်သော စက်ပစ္စည်းအစိတ်ပိုင်းများထုတ်လုပ်ရာ အထူးစက်ရုံများတည်ဆောက်ခြင်း၊ ဥရောပနိုင်ငံများမှ ထုတ်လုပ်သော ခေတ်မီစက်ကိရိယာများ ထားရှိရာ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည့်တာဝန်များ ထမ်းဆောင်ခဲ့ပါတယ်။

ဗိုလ်မှူးစိုင်းဟာ သူနှင့်အတူ အဆိုပါစက်ရုံများတွင် တည်ဆောက်ထားသော စက်ပစ္စည်းများ၏ ရောင်စုံဓာတ်ပုံများ၊ စာရွက်စာတမ်း အထောက်အထားများအား ယူဆောင်လာခဲ့ပါတယ်။ ဒီဗွီဘီသည် ထိုအထောက်အထားများအား ကျွမ်းကျင်သူများကို ပြသကာ အသေးစိတ်စစ်ဆေးပြီး ကမ္ဘာအား ထုတ်ပြန်ကြေညာရန် စီစဉ်ခဲ့ပါတယ်။ အချို့သောကျွမ်းကျင်သူများဟာ လေ့လာတွေ့ရှိချက်များအပေါ်မှာ အတော်လေး ချိန်ချိန်ဆဆ ရှိကြပြီး အမျိုးမျိုးကောက်ချက်ချမှုများရှိကြသလို၊ အချို့ကတော့ ထိုအထောက်ထားများတွင်ပါဝင်သော ပစ္စည်းကိရိယာများဟာ နျူလက်နက်များထုတ်လုပ်ရာတွင် အသုံးပြုဖို့ဖြစ်တယ်ဆိုတဲ့ ကျွန်ုပ်တို့၏ ကောက်ချက်အား အပြည့်အ၀ သဘောတူချင်မှ တူပါလိမ့်မယ်။ မည်သို့ပင်ဆိုစေ ထိုကွဲပြားသော အမြင်များအား ကြိုဆိုပါတယ်။ တချိန်တည်းမှာ ထိုကွဲပြားသော အမြင်များအပေါ် အခြေခံထားသော ထပ်လောင်း စစ်ဆေးတွေ့ရှိချက်ဟာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်နေတယ်ဆိုသော ကျွန်ုပ်တို့၏ အမြင်အား ပိုမိုခိုင်မာအောင် အားဖြည့်ပေးပါလိမ့်မယ်။ ဒီဗွီဘီမှာ လျှို့ဝှက်စက်ရုံများ၏ ဓာတ်ပုံများ ရာချီရှိနေသလို၊ မရေမတွက်နိုင်အောင် များပြားလှသော အခြားအချက်လက်ရင်းမြစ်နှင့် အထောက်ထားများလည်း ရှိနေပါတယ်။ သို့ပေမယ့် ဗိုလ်မှူးစိုင်း ပေးအပ်လာတဲ့ အထောက်ထားများနှင့် ဆက်စပ်သော နောက်ကြောင်း အချက်လက်များကိုပဲ ဦးစားပေးဖော်ပြသွားပါမယ်။

လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ အီရန်နိုင်ငံ၏ လျှို့ဝှက်နျူစီမံကိန်းများအကြောင်း အထောက်အထားများဟာ laptop documents များအနေဖြင့် ထွက်ပေါ်လာခဲ့ပါတယ်။ ထိုအထောက်အထားများ၏ မူလရင်းမြစ်အား ရှင်းလင်းစွာ မသိရပေမယ့် ထိုကိစ္စသည် နိုင်ငံတကာတွင် အီရန်နိုင်ငံ၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အကြီးကျယ် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ တဖက်တွင် ယခု ဗိုလ်မှူးစိုင်း ယူဆောင်လာသော အထောက်အထားနှင့် ဓာတ်ပုံများအရ အသုံးပြုထားသော စက်ပစ္စည်းများ မူလရင်းမြစ် ဘယ်ကလာသည်ဆိုမှာ ပေါ်လွင်သည့်အပြင်၊ အထောက်ထားများ ထွက်ပေါ်ရာ လမ်းကြောင်းကလည်း လုံးဝရှင်းလင်းလှပါတယ်။ ထိုအထောက်အထား အချက်လက်များအပေါ် နျူမပြန့်ပွားရေးလုပ်ဆောင်နေကြသော အဖွဲ့စည်များဟာ မည်သို့ရှုမြင်ကြမည်လဲဆိုသည်မှာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်းဟာ ဒီဗွီဘီမှ ရိုက်ကူးထုတ်လွှင့်သော မြန်မာစစ်အစိုးရ၏ အစုအပြုံလိုက်သေစေနိုင်သော လက်နက်များ ထုတ်လုပ်ရေး စီမံကိန်းမှတ်တမ်း ရုပ်ရှင်အား ကြည့်ရှုခဲ့ရပါတယ်။ ထိုမှတ်တမ်း ရုပ်ရှင်ပါ စက်ရုံများထဲမှာ စက်ရုံ (၂) ခုမှာ သူတာဝန်ထမ်းဆောင်နေခဲ့ပြီး၊ ကမ္ဘာကသိသင့်သော အချက်လက်များ ပိုမိုလိုအပ်နေတယ်ဆိုတာကို ခံစားလာမိပါတယ်။ ဒီလိုနဲ့ သူဘာတွေတွေ့မြင်ခဲ့တယ်၊ ဘာတွေလုပ်ဖို့ ခိုင်းစေခဲ့ခြင်းခံခဲ့ရတယ်ဆိုတာကို ဖွင့်ချဖို့ ထိုင်းနိုင်ငံဘက်ကို ထွက်ခွာလာခဲ့ပါတယ်။ သူပြောပြတာတွေဟာ အခြား သူ့အရင်လူများ ပြောကြားထားခဲ့သမျှကို ဖြည့်စွက်ပေးရာ ရောက်တဲ့အပြင်၊ စစ်အစိုးရ ဘာတွေ ဆောက်လုပ်စီမံနေတယ်ဆိုတာကို ပြသထားတဲ့ဓာတ်ပုံများနှင့် ပိုမိုခိုင်မာအောင် အားဖြည့်ထားပါတယ်။ ထို့အပြင် သူတက်ရောက်ခဲ့ဖူးသော အထူးသရုပ်ပြ သင်တန်းများအကြောင်းလည်း ပြောပြနိုင်သလို၊ နျူစီမံကိန်းနှင့်ပတ်သက်၍ သူတွေ့ဆုံခဲ့ဖူးသော သက်ဆိုင်သူများ၏ အမည်နာမများအားလည်း ပြောပြနိုင်ခဲ့ပါတယ်။

စိုင်းသိန်းဝင်းဟာ အစ္စရေးနိုင်ငံရဲ့ လျှို့ဝှက် နျူလက်နက် ထုတ်လုပ်မှု စီမံကိန်းများအကြောင်း ဖွင့်ဟပြောဆိုခဲ့သူ Negev သဲကန္တာရတွင်ရှိသော Dimona နျူစက်ရုံတွင် တာဝန်ထမ်းခဲ့သူ အစ္စရေး နည်းပညာရှင် Mordecai Vanunu အား ပြန်ပြောင်း အမှတ်ရစေပါတယ်။ Vanunu ဟာ ထိုအချိန်က အစ္စရေး၏ လျှို့ဝှက် နျူစီမံကိန်းစက်ရုံများနှင့် ထုတ်လုပ်မှုများအား ဓာတ်ပုံများစွာရိုက်ကာ လန်ဒန်မြို့ အခြေစိုက် ဆန်းဒေးတိုင်းမ် သတင်းစာကြီးမှတဆင့် ၁၉၈၆ နှစ်တွင် ကမ္ဘာအား ဖွင့်ချခဲ့ပါတယ်။ အစ္စရေးကတော့ နျူလက်နက်များ ရှိသည်ကို မဆိုထားနှင့် ထိုဓာတ်ပုံများတွင်ပါရှိသော စက်ရုံများ ရှိသည်ကိုပင် ၀န်မခံခဲ့ပါ။ ဒါပေမယ့် Vanunu ကတော့ အစ္စရေးအစိုးရ၏ ပြန်ပေးဆွဲမှုကိုခံလိုက်ရပြီး နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချခြင်းကို ခံလိုက်ရပါတယ်။ ဗိုလ်မှူးစိုင်းဟာလည်း အလားတူ သတင်းအချက်လက်များကို ပေးအပ်ခဲ့သူဖြစ်ပါတယ်။

ဗိုလ်မှူးစိုင်းဝင်းသိန်းဟာ ဘယ်လို စီမံကိန်းမှာပါဝင်ခဲ့ရသလဲ

သူဟာ ဒုံးပျံနှင့် နျူစီမံကိန်းများအတွက် နမူနာစက်ပစ္စည်းအစိတ်ပိုင်းများ ထုတ်လုပ်ရာမှာ ပါဝင်ခဲ့ရပါတယ်။ သူဟာ အတွေ့အကြုံရှိသော စက်မှုအင်ဂျင်နီယာတဦးဖြစ်ပြီး စက်မှုပိုင်းဆိုင်ရာများကို အသေးစိတ် တိကျစွာပြောနိုင်ပါတယ်။ သူဟာ ဒုံးပျံ နည်းပညာသင်ခဲ့သူ အင်ဂျင်နီယာတဦးဖြစ်သည်နှင့်အညီ သူပြုလုပ်ခဲ့သည်ဆိုသော ဒုံးပျံလောင်စာပန့်တွင် အသုံးပြုသော ပန်ကာဒလက်အကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပါတယ်။ သူပြောပြတဲ့ နျူစီမံကိန်းအကြောင်းဟာ သူပြတဲ့ ရောင်စုံဓာတ်ပုံများနှင့် မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ်ရှိ နျူတပ်ရင်းအား (၂) ခေါက်သွားရောက်ခဲ့တဲ့ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ နျူတပ်ရင်းဟာ နျူလက်နက် ထုတ်လုပ်တပ်ဆင်ရေး အဆောက်အအုံများ ဆောက်လုပ်ရန် တာဝန်ပေးခြင်းခံထားရတဲ့အဖွဲ့ဖြစ်ပါတယ်။ အဆိုပါအဖွဲ့သည် နျူဓာတ်ပေါင်းဖိုဆောက်လုပ်ခြင်း၊ နျူသန့်စင်စက်ရုံများ ဆောက်လုပ်ခြင်းတို့ လုပ်ဆောင်ပါတယ်။

ဒီဗွီဘီ၏ အတိုင်ပင်ခံ အဖွဲ့များကတော့ လက်ရှိမြန်မာနိုင်ငံအခြေအနေဟာ နျူစီမံကိန်းအတွက် လိုအပ်သော အဆောက်အအုံနှင့် စက်ပစ္စည်းများ တည်ဆောက်ရန် လုံလောက်သော အစွမ်းမရှိသေးဟု ယူဆကြပါတယ်။ နျူလက်နက် ထုတ်လုပ်ရာတွင် လိုအပ်သော လက်နက်ကုန်ကြမ်းပစ္စည်း ထောက်ပံ့ရေး စက်ရုံများအား တည်ဆောက်ရာတွင် ကျွမ်းကျင်မှု မလုံလောက်သေးပါ။ သို့သော် ဗိုလ်မှူးစိုင်းနှင့် အခြားသတင်းရင်းမြစ်များမှ အချက်အလက်များအရဆိုလျှင် စစ်အစိုးရသည် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်သည်အထိ ရည်မှန်းထားပြီး ထို့အတွက် များစွာသော အရင်းမြစ်များကို တိုးချဲ့သုံးစွဲနေတာ ရှင်းလင်းလှပါတယ်။

ဥရောပလုပ် စက်ပစ္စည်းများနှင့် စက်ရုံများ

ဂျာမနီနှင့် အဆက်သွယ်ရှိသော စင်ကာပူအခြေစိုက် company (၂) ခုသည် မြန်မာနိုင်ငံ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း (DTVE) တွင် သုံးရန်ဟုဆိုကာ စက်ပစ္စည်းများစွားအား ရောင်းချခဲ့ပါသည်။ ထိုသင်တန်းကျောင်းသည် သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ အနျူမြူစွမ်းအင်ဌာန (DAE) နှင့် ဆက်စပ်နေပါသည်။ ထို ဆက်စပ်လျက်ရှိသော ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်သော အချက်လက်များ များစွာသိရှိထားပြီးဖြစ်ပါသည်။ ထိုသင်တန်းကျောင်းသည် အစိုးရ၏ နျူ၊ ဓာတု၊ ဇီဝလက်နက်ထုတ်လုပ်ရေး၊ အထူးသဖြင့် ဒုံးလက်နက် စီမံကိန်းအတွက် လိုအပ်သည်များကို အမည်ခံဝယ်ပေးနေခြင်း ဖြစ်နိုင်ပါသည်။

ဂျာမန်အစိုးရသည် စက်ပစ္စည်းများ ရောင်းချရန်ခွင့်ပြုချိန်မှာ ထိုသင်တန်းကျောင်းနှင့် ပတ်သက်၍ တိကျရေရာသော အချက်အလက်ရှိမထားခဲ့ပါ။ ကံကောင်းသည်မှာ ထိုရောင်းချလိုက်သော စက်ပစ္စည်းများသည် အလွန်ဈေးကြီးပြီး စွမ်းအားမြင့်ပေသော်လည်း၊ ဒုံးပျံနှင့် နျူဆိုင်ရာ ကိစ္စများတွင် အသုံးချနိုင်ရန်မူ အလွန် အသေးစိတ် တိကျမှုကို ပေးနိုင်သော အပိုဆောင်းပစ္စည်းအပြည့်အစုံလိုအပ်ပြီး၊ ထို အပိုပစ္စည်းများသည် ယခုရောင်းမှုများတွင် မပါဝင်ပါ။ ထိုလျှို့ဝှက်စက်ရုံများသည် ယခုအထိတော့ အခြား သုတေသနဌာနများအတွက် လိုအပ်သော နမူနာအစိတ်ပိုင်းများ၊ ပုံစံပြ မော်ဒယ်များကိုသာ အများစု ထုတ်လုပ်နေပါသည်။ ထိုစက်ရုံများသည် ထုတ်လုပ်ရေးစီမံချက်အရ နောက်ဆက်တွဲ ဆင့်ပွား အစိတ်ပိုင်းများကို မထုတ်လုပ်သေးသလို၊ သူတို့ကိုယ်တိုင် သုတေသနပြုထုတ်လုပ်ခြင်းမျိုးလည်း မလုပ်သေးပါ။

ရောင်းချလိုက်သော ကုမ္ပဏီကတော့ ထိုစက်ပစ္စည်းများသည် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများတွင် သုံးရန်သာဟု ယူဆထားသော်လည်း ဂျာမန်အစိုးရကတော့ သံသယရှိသဖြင့် ထိုစက်ပစ္စည်းများ တပ်ဆင်အသုံးပြုနေသော အထူးစက်ရုံများအား သွားရောက်စစ်ဆေးရန် သံတမန်တဦးနှင့် ကျွမ်းကျင်သူတဦးအား စေလွှတ်ခဲ့ပါသည်။ အဆိုပါ ဂျာမန် ကျွမ်းကျင်သူသည် ထိုစက်ရုံ၏ အနီးတ၀ိုက်တွင် တက္ကသိုလ်များ၊ ကျောင်းသားများ မရှိနေခြင်း၊ ကျောင်းတွင် အမျိုးသမီးကျောင်းသူမရှိခြင်းတို့ကို ထောက်ရှုကာ ထိုစက်ပစ္စည်းများအား သင်ကြားရေးတွင် သုံးနေသည်ဆိုသည့်အချက်အား သံသယဖြစ်သည်ဟု ဆိုပါသည်။ ထိုကျောင်းသားများသည် စစ်ယူနီဖောင်း ၀တ်ဆင်ထားခြင်းမရှိသည်ကိုလည်း သတိပြုမိခဲ့သည်။ ထို ဥရောပ အရာရှိများလာစဉ်က အရပ်သားဝတ်စုံဝတ်ထားကြသူများသည် အခြားအချိန်များတွင် ယူနီဖောင်းများဝတ်ထားကြသည်ကို ဒီဗွီဘီမှ စစ်ဆေးထားသော ဓာတ်ပုံအထောက်အထားများအရသော်လည်းကောင်း၊ ကျောင်းသားအချို့အား စစ်ဆေးမေးမြန်းချက်အရသော်လည်းကောင်း သိရှိရပေသည်။

ဗိုလ်မှူးစိုင်းသည် ထိုဂျာမန်များ လာစဉ်ကရိုက်ကူးထားသော ပုံများနှင့် စက်ပစ္စည်းများ တပ်ဆင်စဉ်က ပုံများ စသည့် အလွန် မှတ်မိလွယ်သော ပုံများအား ပြသခဲ့ပါတယ်။ ဤအချက်သည် ထိုအချိန်က ဗိုလ်မှူးစိုင်းသည် ထိုစက်ရုံတွင် ရှိနေခဲ့သည်ဆိုသော အချက်အား ခိုင်မာစေပါသည်။ ဂျာမန်အစိုးရ၏ နိုးကြားမှုရှိခြင်း၊ ထိုစက်ရုံများအား သွားရောက်စစ်ဆေးနိုင်ခြင်းတို့မှာလည်း အလွန်ကံကောင်းသည်ဟု ဆိုရမည်ပင်။ စစ်အစိုးရကတော့ အမှန်ကိုပြောချင်မှ ပြောမှာဖြစ်ပေမယ့် ထိုသွားရောက်စစ်ဆေးခြင်းသည် အမှန်တရားကို စစ်ကြောရာတွင် အလွန်အရေးပါလှပါတယ်။

နျူတပ်ရင်းက တည်ဆောက်နေတဲ့ စက်ပစ္စည်းများအကြောင်း

သပိတ်ကျင်း နျူတပ်ရင်းက တောင်းဆိုတဲ့ စက်ပစ္စည်းအစိတ်ပိုင်းများရဲ့ ဓာတ်ပုံအများပြားကို ဗိုလ်မှူးစိုင်းက ဒီဗွီဘီအား ပြခဲ့ပါတယ်။ ထိုပုံများအနက်မှာ အထင်ရှားဆုံးပုံတပုံကတော့ သပိတ်ကျင်း အခြေစိုက် အမှတ် (၁) သိပ္ပံနှင့်နည်းပညာတပ်ရင်းမှ လျှို့ဝှက်မန်မိုဖြင့် ပြင်ဦးလွင်ရှိ အထူးစက်ရုံ (၁) သို့ တောင်းဆိုထားသော စက်အစိတ်ပိုင်းပုံဖြစ်ပါတယ်။ ထိုအရာသည် အထူးပစ္စည်းထုတ်လုပ်ရေး သုတေသနဌာနက တောင်းဆိုသော bomb reactor ဖြစ်ပြီး လိုချင်သော ပုံစံအား ပုံကြမ်းရေးထားသည့် ဓာတ်ပုံများလည်း ပါဝင်ပါသည်။ နျူလက်နက် ထုတ်လုပ်ရေး စီမံကိန်းတွင် အသုံးပြုသော bomb reactor သည် ယူရေနီယမ် ဒြပ်ပေါင်းအား နျူကလီးယား လောင်စာ (သို့မဟုတ်) နျူကလီးယားဗုံးလုပ်ရာတွင် လိုအပ်သော ယူရေနီယမ် သတ္တုအဖြစ် ပြောင်းလဲရာတွင် သုံးသော အထူးကိရိယာဖြစ်ပါတယ်။ ဓာတ်ပုံများနှင့် ပုံကြမ်းများက ဖော်ပြထားသော bomb reactor သည် ထိုသို့ပြုလုပ်ရာတွင် သုံးသော ကိရိယာအစိတ်ပိုင်းများဖြစ်ပြီး၊ ထိုအထဲမှ တခုသည် မြင့်မားသောအပူချိန်တွင်အသုံးပြုနိုင်သော အရာမျိုးဖြစ်သည်။ ထိုကိရိယာသည် သုတ်ဆေးများအား အပူပေးကာ ခွာထားပြီး လက်ရှိအသုံးပြုနေပါတယ်။ ဒီဇိုင်းကတော့ နိုင်ငံခြား တိုင်းပြည်တခုခုမှမဟုတ်လျှင် မြန်မာဒီဇိုင်းဖြစ်နိုင်ပါတယ်။ နျူတပ်ရင်းရဲ့ bomb reactor လိုအပ်မှုဟာ မြန်မာနိုင်ငံဟာ ယူရေနီယမ် သတ္တုပြုလုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ခိုင်မာလှတဲ့ သက်သေဖြစ်ပါတယ်။ ယူရေနီယမ်သတ္တုကို ပလူတိုနီယံ ထုတ်လုပ်တဲ့ reactor မှာ သုံးသည်ဖြစ်စေ၊ နျူကိရိယာတခုခုမှာ သုံးသည်ဖြစ်စေ၊ ဘာပဲဖြစ်ဖြစ် ဒါဟာ လက်နက်များ ပြုလုပ်ရာတွင်သာ အသုံးဝင်သော နျူနည်းပညာကို ရရှိနိုင်ရန် အားထုတ်နေတဲ့ အချက်ပဲဖြစ်ပါတယ်။

ဗိုလ်မှူးစိုင်းရဲ့ ပုံတွေထဲမှာ ယူရေနီယမ် သန့်စင်ရာမှာအသုံးပြုတဲ့ uranium hexafluoride gas စတဲ့ ယူရေနီယမ် ဒြပ်ပေါင်းများ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုအင်ဂျင်နီယာဆိုင်ရာ စက်ပစ္စည်းများလည်း ပါဝင်နေပါတယ်။ ယူရေနီယမ် isotope များကို ဗုံးပြုလုပ်ရာမှာသုံးတဲ့ ပစ္စည်းများအဖြစ် ခွဲခြမ်းနိုင်သော အဆင့်မြင့် လေဆာ ကိရိယာများမှာသုံးသော နော်ဇယ်ခေါင်းများလည်း သူပြတဲ့အထဲမှာ ပါဝင်ပါတယ်။ ထို့အပြင် Glove box လို့ခေါ်တဲ့ ဓာတ်သတ္တိကြွပစ္စည်းများ ရောမွှေရာတွင် သုံးသောကိရိယာနှင့် ယူရေနီယမ် ဒြပ်ပေါင်းများပြုလုပ်ရာတွင် သုံးသော လုံခွက် (furnaces) များလည်း ပုံတွေထဲမှာ ပါဝင်တယ်။ ဒီပစ္စည်းများဟာ အခြား နေရာတွင်လည်း အသုံးပြုနိုင်တယ်ဆိုပေမယ့် နျူတပ်ရင်းမှာ လုပ်ဆောင်နေသည့်အရာများနှင့် ဆက်စပ်ကောက်ချက်ချရလျှင် နျူလက်နက်စီမံကိန်းမှလွဲ၍ အခြားဖြစ်နိုင်စရာမရှိပေ။

စစ်အစိုးရဟာ ပလူတိုနီယမ်ကို နျူဗုံးပြုလုပ်နိုင်ဖို့ nuclear reactor တခု တည်ဆောက်နေတဲ့အကြောင်း ဗိုလ်မှူးစိုင်းကို ပြောပြပါတယ်တဲ့။ ဒီအချက်နဲ့ အံဝင်စေတာကတော့ control rod လို့ခေါ်တဲ့ reactor ရဲ့အစိတ်ပိုင်းတခုအကြောင်း သရုပ်ပြပွဲတခုကို သူကိုယ်တိုင်တွေ့ခဲ့ရတာပါပဲ။ သူ့ကိုပြောပြတာကတော့ အခု အစိုးရဟာ ယူရေနီယမ်ကို သန့်စင်ပြီး ဗုံးလုပ်ဖို့ စီမံကိန်းချထားတယ်။ ယူရေနီယမ် သန့်စင်တဲ့ နည်းလမ်းတွေမှာ အစိတ်ပိုင်းတခုဖြစ်တဲ့ ကာဗွန်မိုနော့ဆိုက် လေဆာအကြောင်း သရုပ်ပြတာလည်း သူကြည့်ရှုခဲ့ရဖူးတယ်။ သူ သပိတ်ကျင်းမှာတွေ့ခဲ့၊ ကြားဖူးခဲ့တဲ့ သူအပေါင်းရဲ့ နာမည်တွေကိုပြောပြတော့ ထိုအထဲမှာ နာမည်အချို့ဟာ မြန်မာ အနုမြူစွမ်းအင်ဌာန (DAE) မှာ လုပ်ကိုင်နေကြသူများ ဖြစ်နေကြပါတယ်။ ထိုအထဲမှ အများစုဟာ IAEA ထောက်ပံ့မှုနဲ့ပြုလုပ်တဲ့ ထရိန်နင်များ တက်ရောက်ခဲ့ဖူးကြသူများ ဖြစ်ကြပါတယ်။ ဗိုလ်မှူးစိုင်း ကိုယ်တိုင်ဟာလည်း ကာဗွန်မိုနော့ဆိုက် လေဆာအတွက် နော်ဇယ်ပြုလုပ်ရာမှာ တာဝန်ယူခဲ့ရဖူးတယ်။ သူဟာ ဓာတုဗေဒ အင်ဂျင်နီယာပညာအကြောင်း သိပ်မသိတဲ့အတွက် ပုံတွင်ပါရှိသော ထိုဌာနမှ အသုံးပြုနေသော ကိရိယာများအကြောင်း ကျွန်ုပ်တို့ အကဲဖြတ်သိရှိနိုင်သလောက် သူမသိပေမယ့် အချုပ်အားဖြင့် သူ့ပြောပြချက်များဟာ အလွန်စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ သူမြင်တွေ့ခဲ့သော သရုပ်ပြမှု၊ သင်ကြားရှင်းလင်းမှုများဟာ အကြမ်းဖျင်းသိပ်ကျလွန်းတာလည်း ထင်ရှားလှပါတယ်။ အကယ်၍ ထိုအဆင့်သည် မြန်မာတို့ အကောင်းဆုံးလုပ်နိုင်တဲ့ အဆင့်ဆိုလျှင် သူတို့မျှော်မှန်းချက်ရောက်ဖို့ အတော်ပင်လိုသေးသည်ဟု ပြောရမည်။

ဗိုလ်မှူးစိုင်းသိန်းဝင်း ပြောပြချက်များအပေါ် သုံးသပ်ချက်

သူဟာ အဆင့်မြင့် ခေတ်မီစက်ပစ္စည်းများအကြောင်း ကောင်းကောင်းသိသူ အတွေ့အကြုံရှိသူ စက်မှုအင်ဂျင်နီယာတယောက် ဖြစ်ပါတယ်။ ထိုစက်ပစ္စည်းများဟာ နျူစီမံကိန်းနှင့် ဒုံးပျံများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော အလွန်တိကျသော စက်အစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပါတယ်။ သူဟာ နျူကျွမ်းကျင်သူတယောက်တော့ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ကို ဘာအတွက် ဘယ်လိုဟာတွေ ထုတ်လုပ်ပေးပါဟုပြောကာ လုပ်ခိုင်းသည့် အရာများကလွဲ၍ ကျန်သောအရာများအကြောင်း သူသိပ်မပြောနိုင်ပါ။ ဒါပေမယ့် သူတင်ပြလာတဲ့ပုံများတွင် ပါသည့်အရာများကတော့ နျူလက်နက်ထုတ်လုပ်ရာတွင် ပလူတိုနီယမ်ဒြပ်ပေါင်းများကို လက်နက်ထုတ်လုပ်နိုင်သည့် အရာများသို့ ပြောင်းလဲသည့်နေရာများ၌ သုံးနိုင်သည့်အရာများ ဖြစ်နေတာတော့ အသေအချာပါ။ ထို ဓာတ်ပုံများနှင့် သူ့ပြောဆိုချက်များဟာ အတုယောင်ဖြစ်သည်ပဲ ဆိုပါဦး၊ ထိုအရာများဟာ သူထောက်ပြတဲ့ အသုံးပြုမှုများနှင့် အံဝင်ခွင်ကျဖြစ်နေတာ တွေ့ရပါတယ်။

သူဟာ စစ်အင်ဂျင်နီယာဘွဲ့ရပြီး ရုရှနိုင်ငံ၊ မော်စကိုရှိ နာမည်ကျော် Bauman Institute တွင် Missile နည်းပညာ ဆက်လက်သင်ကြားခဲ့ပါတယ်။ ထိုအထောက်အထားအားလုံး သူပြနိုင်ပါတယ်။ သူ့ရဲ့သူငယ်ချင်းများဟာလည်း Moscow Institute of Engineering Physics နဲ့ Mendeleev Institute of Chemical Technology (MIFI) စတဲ့ကျောင်းတွေမှာ နျူကလီးယားနှင့် ဓာတုအင်ဂျင်နီယာ ဘာသာရပ်များကို သင်ကြားခဲ့ကြပါတယ်။ MIFI ဟာ ဆိုဗီယက် နျူကလီးယား လက်နက် ဒီဇိုင်းနာများကို လေ့ကျင့်မွေးထုတ်ပေးရာ အဓိက ကျောင်းကြီးဖြစ်ပါတယ်။ ထိုကျောင်းမှ ဓာတုနည်းပညာများ သင်ကြားလာသူများဟာ ဗိုလ်မှူးစိုင်းသိသလောက် အဓိကကျတဲ့ စက်ကိရိယာများ တည်ဆောက်တပ်ဆင်ရာတွင် အဓိက အရေးပါမည့်သူများ ဖြစ်နိုင်ခြေရှိပါတယ်။

မြန်မာပြည်ရဲ့ နျူကလီးယား reactor နဲ့ ပတ်သက်လို့

ဒါနဲ့ပတ်သက်လို့တော့ ခန့်မှန်းပြောဆိုချက် အမျိုးမျိုးရှိပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ (၁၀) မီဂါဝပ်အားရှိ သုတေသနသုံး reactor တလုံးဆောက်ဖို့ ရုရှနဲ့ မြန်မာ သဘောတူခဲ့တာကတော့ ရှင်းလင်းစွာသိကြပါတယ်။ ဒီသဘောတူကြီချက်ကို ဖုံးကွယ်မထားဘဲ ၂၀၀၈ ခုနှစ်လောက်မှာမှ ရုရှက တည်ဆောက်ရန် ရည်ရွယ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ အဲဒီ reactor ဟာ အခုထိ မတည်ဆောက်ရသေးသလို IAEA ရဲ့ အထူးသဘောတူညီချက်များအား မြန်မာဘက်မှ လက်မှတ်မထိုးမချင်း ရုရှမှ တည်ဆောက်ပေးမည့် အရိပ်အယောင်လည်း မရှိပါ။ ထို သဘောတူညီချက်အား မြန်မာဘက်မှ လက်မှတ်ထိုးမည့်ပုံလည်းမရှိပါ။ အဘယ့်ကြောင့် ဆိုသော လက်မှတ်ထိုးသဘောတူလိုက်သည်နှင့် သူတို့ ခိုးကြောင်ခိုးဝှက် လုပ်ဆောင်နေသော စီမံကိန်းများအား IAEA မှ ၀င်ရောက်စစ်ဆေးခွင့် ရရှိသွားမှာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ထို (၁၀) မီဂါဝပ် reactor ဆိုသည်မှာ နျူလက်နက် မပြန့်ပွားရေးအတွက် စိုးရိမ်စရာမရှိလောက်အောင် သေးငယ်တဲ့ အတိုင်းအတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအများမှာ ပုံမှန်လိုပဲ ရှိနေကြပါတယ်။ ထို reactor များကို နျူဆိုင်ရာ ပညာရပ်များ သင်ကြားရေးအတွက် အသုံးပြုနိုင်ပြီး လက်နက်ထုတ်လုပ်နိုင်သည်အထိ လိုအပ်တဲ့ ပလူတိုနီယမ် ပမာဏကို အလွယ်တကူနှင့် ချက်ချင်းထုတ်လုပ်နိုင်ရန်အတွက် အသုံးမပြုနိုင်ပါ။ IAEA မှာ ဘယ်လို reactors မျိုးဟာ ပလူတိုနီယမ်ထုပ်လုပ်ဖို့ သင့်တော်တယ်လို့ သတ်မှတ်ရန် စံနှုန်းထားများရှိပါတယ်။ အဆိုပါ (၁၀) မီဂါဝပ် reactor ဟာ ထိုစံနှုန်းများအောက်မှာ ရှိပါတယ်။ ထိုအရွယ်အစားသည် နျူဆိုင်ရာ သင်ကြားရေးနှင့် ဆေးပညာဆိုင်ရာ radioisotopes များ ထုတ်လုပ်ရာတွင်သာ အသုံးဝင်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာ အဆိုပါ reactor များကို ဒေသတွင်း ဆေးပညာဆိုင်ရာ radioisotopes များ ထုတ်လုပ်ရေးအတွက်သာ အဓိကသုံးကြပါတယ်။ အထက်ပါအချက်များကြောင့် မြန်မာဟာ ရုရှထံမှ 10 MW reactor ၀ယ်ယူထားသည်ဆိုသည့် သတင်းမမှန်သကဲ့သို့ ဗုံးစီမံကိန်းအတွက် သူတို့ဘာသာ သူတို့အလားတူ စက်ရုံမျိုး တည်ဆောက်နေတယ်ဆိုတဲ့ သတင်းဟာလည်း အဓိပ္ပာယ်ကင်းမဲ့ပါသည်။

ဖြစ်နိုင်တာကတော့ အစ္စရေးက ဖျက်ဆီးလိုက်တဲ့ ဆီးရီးယားရဲ့ reactor လို ပိုပြီးကြီးတဲ့ဟာမျိုး တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အမြင်က ဖြစ်နိုင်ခြေရှိပြီး ပိုစိတ်ဝင်စားဖွယ်ကောင်းပါတယ်။ အဲဒီ reactor ဟာ မြောက်ကိုရီးယားက ယွန်ဗြောင်း (Yongbyon) ဒေသမှာ တည်ဆောက်ထားတဲ့ 25 MW အားရှိ ပလူတိုနီယမ်ထုတ်နိုင်တဲ့ အဆင့်ရှိတဲ့ ဟာမျိုး ဖြစ်ဖွယ်ရှိပါတယ်။ မြောက်ကိုရီးယားဟာ ဆီးရီးယားလို ဖောက်သည် နိုင်ငံမျိုးတွေကို နျူနည်းပညာနဲ့ပတ်သက်ပြီး အကူအညီပေးနိုင်တယ်ဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံရဲ့ နျူစီမံကိန်းတွေအကြောင်း စဉ်းစားရာမှာ စိုးရိမ်ဖွယ်ရာအချက်အဖြစ် ထည့်သွင်းရပါလိမ့်မယ်။ မြောက်ကိုရီးယားဟာ တာလတ်ပစ် ဒုံးပျံများ တည်ဆောက်ရာမှာ အကူအညီပေးမယ်ဆိုတဲ့ စစ်ရေးဆိုင်ရာ သဘောတူညီချက် ရှိပေမယ့် နျူလက်နက် စီမံကိန်းနဲ့ပတ်သက်ရင်တော့ မြောက်ကိုရီးယား ဘယ်လောက် ပါဝင်ပတ်သက်နေသလဲဆိုတာ ခန့်မှန်းပြောဆိုရတဲ့အဆင့်ပဲ ရှိနေသေးတယ်။

မြန်မာဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်နေသလား

မြန်မာအနေနဲ့ အရေးကြီးဆုံးသောအချက်မှာ IAEA နှင့် သဘောတူညီချက်အား လိုက်နာခြင်းပင်ဖြစ်ပါတယ်။ ၁၉၉၅ မှာ အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်းနှင့် သဘောတူညီချက်များကို လိုက်နာသောအားဖြင့် နျူလက်နက်များရရှိအောင် မကြိုးပမ်းပါဟူသော သဘောတူညီချက်အား လက်မှတ်ထိုးထားခဲ့ပါတယ်။ ထိုသဘောတူညီချက်အား ဖြည့်စွက်ချက်ဖြစ်သည့် Small amount quantities protocol တွင် မြန်မာနိုင်ငံ၌ နျူဆိုင်ရာ အဆောက်အအုံပစ္စည်း လုံးဝမရှိပါဟု ကြေညာခဲ့ပါတယ်။ IAEA မှ လက်ခံခဲ့သော ထိုကြေညာချက်အရ မြန်မာပြည်တွင် နျူဆိုင်ရာ လုံခြုံရေး စစ်ဆေးမှုများ လုံးဝမရှိခဲ့ပါ။ မြန်မာနိုင်ငံဟာ လူမှုရေးရာ အထောက်အပံ့အနေဖြင့် IAEA မှ ပေးအပ်သော Scientific grant money ရရှိထားသော နိုင်ငံဖြစ်သောကြောင့် အခါအားလျော်စွာ IAEA မှ သွားရောက်ခြင်းများရှိပါတယ်။ ထို grant money မှ အချို့အား မြန်မာနျူသိပ္ပံပညာရှင်များအား နျူပစ္စည်းများ ထုတ်လုပ်နိုင်ရန် လေ့ကျင့်ပေးမှုများတွင် သုံးသော်လည်း ထိုငွေသည် grant money ၏ အနည်းစုသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ အာမခံပြောကြားချက်များအရ ၎င်းတို့ထံတွင် နျူထုတ်လုပ်နိုင်သည့် အဆောက်အအုံပစ္စည်းကိရိယာ မရှိ၊ နျူကုန်ကြမ်းအနည်းငယ်သာရှိပြီး လက်ရှိအခြေအနေမှ ပြောင်းလဲဖို့ အစီအစဉ်မရှိသေးပါဟူ၍ဖြစ်သည်။ ဗိုလ်မှူးစိုင်း၏ အထောက်အထားများအရဆိုလျှင် ယူရေနီယမ်များ တူးဖော်နေခြင်း၊ တူးဖော်ရရှိသည်များကို reactors နှင့် ဗုံးများတွင် အသုံးပြုနိုင်သော ဒြပ်ပေါင်းများသို့ ပြောင်းလဲနေခြင်း၊ နျူဗုံးပြုလုပ်ရာတွင်သာ အသုံးပြုနိုင်သော reactor နှင့် ယူရေနီယမ် သန့်စင်စက်ရုံများကို တည်ဆောက်ရန်ကြိုးစားနေခြင်း စသည်တို့ကို တွေ့ရှိရပါတယ်။ ထိုလုပ်ဆောင်ချက်များဟာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရည်ရွယ်၍ ဆောက်လုပ်ပါသည်ဟုလည်း လုံလောက်သော ဆင်ခြေပေးရန်မဖြစ်နိုင်ပါ။ ထိုလုပ်ဆောင်ချက်များဟာ မြန်မာနိုင်ငံ၏ လက်ရှိနည်းပညာအားဖြင့် အလှမ်းဝေးသောအရာများဖြစ်ပါတယ်။ အခြေအနေများ ပြောင်းလဲသွားပြီဆိုလျှင် IAEA ကို အကြောင်းကြားရမှာက မြန်မာနိုင်ငံ၏ တာဝန်သာဖြစ်ပါတယ်။ သေချာတာကတော့ သူတို့သာ လျှို့ဝှက်စွာနဲ့ ဗုံးထုတ်လုပ်နိုင်ရန်ကြိုးစားနေလျှင်၊ သဘောတူညီချက်ကို ဖောက်ဖျက်နေသည်ဆိုလျှင် IAEA ကို မိမိဆန္ဒအလျောက် အကြောင်းကြားမည် မဟုတ်ပါ။

မြန်မာဟာ စင်ကာပူရှိပွဲစားများမှတဆင့် လက်နက်များထုတ်လုပ်ရာတွင် သုံးနိုင်သော အဆင့်မြင့် ဂျာမန်လုပ် စက်ပစ္စည်းများကို ၀ယ်ယူခဲ့ခြင်း။ ထိုစက်များဟာ အရွယ်အစားအားဖြင့် အရည်အသွေးအားဖြင့် ၀ယ်ယူစဉ်က ခေါင်းစဉ်အဖြစ်သုံးခဲ့သော သင်ကြားရေးနှင့် လားလားမျှ မအပ်စပ်သော အရာများကို လုပ်ဆောင်နိုင်စွမ်းရှိခြင်း။ ထိုစက်များကို အမည်ခံကာ ၀ယ်ယူခဲ့သော သင်ကြားရေးဌာနသည် မြန်မာ အနုမြူစွမ်းအင်ဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့နှင့် ဆက်စပ်နေခြင်း။ အဆိုပါ အရာများအား ထောက်ရှု၍ ထိုဌာနများ၊ စီမံကိန်းများနှင့် သက်ဆိုင်သူအပေါင်းတို့အား လက်နက်ထုတ်လုပ်နိုင်သော ပစ္စည်းများ မ၀ယ်ယူနိုင်အောင် ပိတ်ဆို့တားဆီးခြင်းများ ပြုလုပ်သင့်ပေသည်။
မြန်မာရဲ့ နျူကလီးယားစီမံကိန်းအခြေအနေ ဘယ်လိုလဲ

ကျွန်ုပ်တို့ဟာ ဗိုလ်မှူးစိုင်းယူလာသော နျူစီမံကိန်း အထောက်ထားများ၊ ဓာတ်ပုံများအား အသေအချာ လေ့လာခဲ့ကြပါတယ်။ သူတို့တွေ တွင်ဖောက်ထားတဲ့ စက်ပစ္စည်းအစိတ်ပိုင်းများရဲ့ အရည်အသွေးဟာ ညံ့ဖျင်းပါတယ်။ ဒီအစိတ်အပိုင်းတွေထုတ်ဖို့ သုံးတဲ့ ဆွဲထားတဲ့ ပုံများဟာလည်း အတော်လေးဆိုးပါတယ်။ တကယ်သာ နျူလက်နက်ထုတ်ဖို့ စီမံနေတယ်ဆိုရင် အလွန်ရှုပ်ထွေးတိကျလှတဲ့ စက်များလိုအပ်မှာဖြစ်တဲ့အတွက် အဲဒီရှုထောင့်ကကြည့်ရင်တော့ မြန်မာပြည်ဟာ အဆင်သင့် မဖြစ်သေးပါဘူး။ ဖြစ်နိုင်ခြေကတော့ ဗိုလ်မှူးစိုင်းရဲ့ အချက်အလက်တွေထဲမှာ မပြည့်စုံတာတွေ ရှိကောင်းရှိနိုင်တယ်၊ ဒါမှမဟုတ်လည်း မြန်မာပြည်ဟာ အခုမှ ပွဲစရုံပဲရှိသေးတဲ့ အခြေအနေဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတွေ့မိသလောက် စက်ပစ္စည်းနဲ့ လိုအပ်သော ပစ္စည်းများအခြေအနေအရ သူတို့ အောင်မြင်အောင်လုပ်နိုင်ဖို့တော့ အလှမ်းဝေးနေပါသေးတယ်။
ဒါပေမယ့် သူတို့မျှော်မှန်းချက်က အရေးအပါဆုံးပါ။ သူတို့ဟာ ယူရေနီယမ်တွေ တူးဖော်နေတယ်၊ တူးဖော်ရတာတွေကို ဓာတုဗေဒ နည်းတွေနဲ့ အဆင့်မြှင့် သန့်စင်နေတယ်။ သူတို့ဟာ ပလူတိုနီယမ် ထုတ်လုပ်ဖို့ နျူကလီးယား reactor ၊ ဗုံးလုပ်နိုင်ဖို့ ယူရေနီယမ် သန့်စင်ရေး စက်ရုံတွေ ဆောက်နေတယ်။ ဒီလုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့ IAEA နဲ့ သဘောတူညီချက်တွေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။

အကယ်၍ သူတို့ရဲ့ တရားမ၀င်စီမံကိန်းတွေ မအောင်မြင်သေးရင်တောင် အခုသူတို့လုပ်နေတာတွေဟာ နျူလက်နက် မပြန့်ပွားရေး လုပ်ဆောင်နေကြတဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကြားမှာ ပွဲဆူသွားစေနိုင်ပါတယ်။ IAEA ဟာ မြန်မာအစိုးရကို မေးမြန်းသင့်ပါတယ်။ သည် စွပ်စွဲချက်တွေသာ အမှန်ဖြစ်လာရင် နောက်ဆက်တွဲ မေးခွန်းတွေ၊ လေ့လာစုံစမ်းမှုတွေ လုပ်ရပါမယ်။ ဒါပေမယ့် သည်ကြိုးပမ်းချက်တွေဟာ မြန်မာပြည်က နောက်ဆက်တွဲ သဘောတူညီချက်တွေကို လက်မှတ်မထိုးလျှင် လုပ်ဆောင်နိုင်ဖို့မလွယ်ပါ။ IAEA မှာ မြန်မာနိုင်ငံကို စစ်ဆေးရန် အခွင့်အာဏာရှိမည်မဟုတ်ပါ။

မြန်မာဟာ မြောက်ကိုရီးယားနှင့် စစ်ရေး သဘောတူညီချက်အရ တာလတ်ပစ် စကဒ်ဒုံးကျည်များကိုလည်း မြောက်ကိုရီးယား အကူအညီဖြင့် တည်ဆောက်ဖို့ကြိုးစားနေပါတယ်။ ထိုစကဒ် ဒုံးကျည်များဟာ မြန်မာလုပ် နျူထိပ်ခေါင်းများ သယ်ဆောင်ဖို့တော့ ဖြစ်နိုင်မယ်မဟုတ်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ကနဦး နျူထိပ်ဖူးများဟာ စကဒ်ဒုံးကျည်တွင် တပ်ဆင်ရန် အလွန်မှလေးလံသောကြောင့်ဖြစ်တယ်။ ဒါပေမယ့် ထို စကဒ်ဒုံးကျည်များတွင် တပ်ဆင်ဖို့ရာထက် အိမ်နီးချင်း နိုင်ငံများအား ခြိမ်းခြောက်နိုင်ဖို့က အဓိကဖြစ်ပါလိမ့်မယ်။ မြန်မာပြည်ကို အုပ်စိုးနေသူများဟာ နိုင်ငံရေးအတွေးအခေါ်ထက် လေဘများသာရှိကြတဲ့သူတစုဖြစ်ပါတယ်။ စစ်အစိုးရဟာ တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ ရင်းမြစ်များဖြစ်တဲ့ ကျွန်းသစ်၊ ရွှေ၊ ကျောက်စိမ်း၊ အခြား ဓာတ်သတ္တုများနှင့် ပြည်သူတို့ လုပ်အားစတာတွေကို လူတစုကောင်းစားရေးအတွက်ပဲ ဦးစားပေး လုပ်နေသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပေးလမ်းပြ ဆရာ မြောက်ကိုရီးယားလိုပဲ မြန်မာစစ်အစိုးရရဲ့ နျူရည်မှန်းချက်ဟာ နိုင်ငံရပ်ခြားမှ ကျူးကျော် နှောင့်ယှက်မှုများကို နျူပိုင်ဆိုင်ခြင်းဟူသည့် ဒိုင်းဖြင့် အကာကွယ်ယူကာ သူတို့အတွက် လုံခြုံနေရေးပင်ဖြစ်ပါတယ်။

မှတ်ချက်။ ။ ၂၀၁၀ခု ဇွန် (၃) ရက်နေ့ ရက်စွဲဖြင့် ဒီဗွီဘီတွင် ဖော်ပြထားသည့် IAEA ဒါရိုက်တာဟောင်း Robert Kelly ရေးသားသော Expert says Burma ‘planning nuclear bomb’ မူရင်းဆောင်းပါးကို အောင်ဆန်းမန်း ဘာသာပြန်ဆိုတင်ပြသည်။

ကချင်ပါတီအား တရားဝင်လက်ခံရေး ဆုတောင်းပွဲပြုလုပ်

KNG

မြန်မာစစ်အစိုးရ ယခုနှစ်မကုန်မီပြုလုပ်မည့်၂၀၁၀ ရွေးကောက်ပွဲ တွင် ကချင်ပါတီတခုအနေ ဖြင့်ပါဝင် ယှဉ်ပြိုင်ခွင့်ရရှိ ရေးအတွက် ဇွန် ၅ရက်နေ့ က အထူးဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား၊ မြို့သစ်ရပ်ကွက်၌ ရှိသော ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ဗဟိုရုံးချူပ်တွင် မြစ်ကြီးနားခရစ်ယာန်ကောင်စီအဖွဲ့ (Myitkyina Christian Council) နှင့် အထူး ဆုတောင်းပွဲကျင်းပပြုလုပ်ခဲ့သည်ဟု ဒေသခံများ ကချင်သတင်းဌာနသို့ ပြောသည်။

KSPP သည် ဧပြီလဆန်းပိုင်း တွင် နေပြည်တော်အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ ပါတီမှတ်ပုံ တင်ထားပြီးဖြစ်သည်။


ယနေ့အထိ နှိင်ငံရေးပါတီတည်ထောင်ခွင့်နှင့်ဆက်လက်တည်ထောင် ခွင့်လျှောက်ထားသည့် ပါတီ (၄၂) ပါတီရှိပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၃၁)ပါတီ အနက် (24)ပါတီ ကို မှတ်ပုံတင်ခွင့်ပြုကြောင်း နှင့် ကျန်လျှောက်ထားသည့်ပါတီများကို စီစစ်ဆောင်ရွက် လျက်ရှိနေကြောင်း ဇွန်လ ၅ ရက်နေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်းတွင်ကြေငြာထားပါသည်။

တခြားကချင်ပါတီများဖြစ်ကြသည့် ရှမ်းပြည်မြောက်ပိုင်းတိုးတက်ရေးပါတီ-ကချင် (NSPP) နှင့် စုပေါင်းဒီမိုကရေစီပါတီ-ကချင် တို့အား တရားဝင်ပါတီများအဖြစ် ယနေ့ အထိ ပါတီတည်ထောင်ခွင့် မချပေးသေးပေ။

ယခုချိန်ထိ KSPP ပါတီကို စစ်အစိုးရမှ လက်မခံသေးသော်လည်း ယခင် ကချင်လွတ်မြောက်ရေးအဖွဲ့ ဒု-ဥက္ကဌ အဆင့် ၂ဥက္ကဌဟောင်း ပါတီခေါင်းဆောင် ဒေါက်တာတူးဂျာ သည် ပါတီတရားဝင်ဖြစ်လာရေးကိစ္စပေါ် အကောင်းဘက်က မြင်နေဆဲဖြစ်ကြောင်းသိရပါသည်။

ကချင်ပြည်နယ်တွင် KSPP ပါတီ၏ ရွေးကောက်ပွဲ လူထုစည်းရုံးရေးများ လုံးဝရပ်ဆိုင်းသွားသည်မှာ တစ်လကျော် ရှိသွားပြီဖြစ်သည်။

စစ်အစိုးရမှ KSPP အား အခုချိန်ထိ တရားဝင်လက်ခံခြင်း မရှိသည့်အဓိကအကြောင်းရင်းကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က စစ်အစိုးရလိုလားသည့် နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Force) ကို လက်မခံသည့်အတွက်ဖြစ်သည်။

စပါး ငါးကန်

ငြိမ်းဝေ

၁၉၉၁ ခုနှစ်၊ မေလ …။

“ဒိုင်း.. ဒိုင်း… ဒိုင်း ”
ရွာလယ်လမ်းဆီက သေနတ်သံ ၃ ချက် ဆက်တိုက်ကြားရသည်။ တရွာလုံး ခွေးဟောင်သံများ ဆူညံသွားရ၏။ ကိုမောင်လှက တဲပေါက်ဝတွင် ရပ်လျက် နားစွင့်သည်။ နောက်ထပ်ပြီး သေနတ်သံ မကြားရ။ ခွေးဟောင်သံများ ဆူညံနေသည့်ကြားမှ ရွာဆော် ကိုအေးရဲ့ အော်သံက သောင်ပုရွာပေါ် လွှမ်းသွား၏။

“သောင်ပုရွာ ရွာသူရွာသားအပေါင်းတို့ခင်ဗျား.. တအိမ်တယောက် အိမ်ထောင်ဦးစီးကိုယ်တိုင် ရွာလူကြီး ဦးလှရွှေအိမ်ရှေ့ အခုချက်ချင်း လာရောက်ကြပါရန် နှိုးဆော်အပ်ပါတယ်ခင်ဗျား..” ရွာဆော် ကိုအေးရဲ့ အော်သံနောက်က သေနတ်သံတချက် ကြားရပြန်သည်။

ချက်ချင်းဆိုသလို ခွေးဟောင်သံများက ရွာအောက်ပိုင်းကို ရွေ့သွား၏။ ရွာဆော် ကိုအေးရဲ့အော်သံကလည်း တဖြေးဖြေးဝေးသွား၏။ ကိုမောင်လှ နေရာမှာတွင် ရပ်ကာ ငိုင်နေမိသည်။ ရွာလူကြီးအိမ် လူစုခိုင်းတဲ့ကိစ္စ သေနတ်ဖောက်ပြီး လူစုတာတော့ မကောင်းပါဘူး .. ဟု တွေးမိသည်။

“ကဲ ကိုမောင်လှ ထမင်းလေးတော့ ခပ်မြန်မြန်စားလိုက်ဦး။ ဟိုမှာ ဘယ်လောက်ကြာမယ်ဆိုတာ မပြောနိုင်ဘူး။ ဒါ မြိုးဆိုးစစ်တပ်ဂိတ်က စစ်သားတွေပဲဖြစ်မယ်။ တော်ကြာ နောက်ကျနေရင်လည်း ပြဿနာ လုပ်ခံနေရဦးမယ်၊ ခပ်မြန်မြန်စားပြီး သွားလိုက်ပေါ့” မနှင်းဆီက ပါးစပ်ကလည်း ကိုမောင်လှကို နှိုးဆော်၊ လက်ကလည်း ထမင်းပွဲပြင်သည်။ ကလေးတွေကိုလည်း မမုန်းတို့တဲဘက် သွားကစားကြရန် ပြောလိုက်၏။

လင်သားဖြစ်သူ ကိုမောင်လှကမူ မျက်နှာမကောင်း။ အစည်းအဝေး မသွားလို့ကလည်း မဖြစ်။ ပြီးခဲ့သည့် လထဲက ရွာ့အရှေ့ဘက် အင်းစပ်တွင် ၄ ညပုန်းအိပ်ပြီး ချောရှောင် ချောပုန်းခဲ့ရသည်။

ထို့နောက် တရွာလုံးညှိပြီး ချောကြေးစုကာ ရွာလူကြီးမှတဆင့် အထက်ကို ပို့လိုက်ကာမှ ရွာကို ချော မဖမ်းတော့ဘူးဆိုသည့် ကတိ ရခဲ့သည်။ အခုလည်း သေနတ်ဖောက်ပြီး လူစုခိုင်းပုံထောက်တော့ အရေးကြီးကိစ္စ တခုခုပဲဟု တွေးမိသည်။ ချောဆင့်တဲ့ကိစ္စတော့ မဖြစ်တန်ကောင်းပါရဲ့ဟု ဖော့ပြီး တွေးမိသည်။

“ကဲ ငါသွားလိုက်ဦးမယ်။ ကြာနေရင်လည်း စိတ်ပူမနေနဲ့။ တရွာလုံး ကြုံရတဲ့ကိစ္စ၊ ကိုယ်တယောက်ထဲ ကွက်ပြီး ခေါ်တာမှ မဟုတ်တာ။ ကလေးတွေ ပြန်ခေါ်လိုက်ပါတော့ကွာ၊ ထမင်းကျွေးလိုက်ပါတော့”
ခမောက်ပင် မဆောင်းနိုင်ဘဲ တဲပေါ်က ဆင်းချသွားသည့် လင်သားဖြစ်သူ ကိုမောင်လှ၏ ကြောပြင်ကိုကြည့်ကာ မနှင်းဆီ မသိမသာ သက်ပြင်းချသည်။

ရေအိုးစဉ်ကျေးရွာအုပ်စုတွင် ရွာ ၅ ရွာရှိသည့်အနက် သူတို့ သောင်ပုရွာကိုမှ အထက်က အငြှိုးကြီးနေလေသလားဟု စိုးရိမ်စိတ်နှင့် တွေးမိသည်။ လွန်ခဲ့သည့် ဆန္ဒပြပွဲတွေ တအုပ်စုလုံး လုပ်ကြတုန်းက သောင်ပုသားတွေက အတက်ကြွဆုံး ဖြစ်ခဲ့သည်။ သည့်နောက်ပိုင်း စစ်တပ်က ရွာကို ခဏခဏလာကာ ကင်းဖမ်းသည်။ ကင်းစောင့်တုန်း အိပ်ငိုက်လျှင်၊ ပျက်ကွက်လျှင် ကင်းသမားကို ဒဏ်အမျိုးမျိုးပေးသည်။ ပြီးခဲ့တဲ့တနေ့ကဆိုလျှင် ကင်းမိသည့် ရွာသားများကို လက်ပိုက်ပြီး တန်းစီကာ ကြိမ်နှင့် ရိုက်သည်။ အသက် ၆ဝ အရွယ် ဦးလေးမောင်အုံး ဆိုလျှင် ကြိမ်ဒဏ်ကြောင့် အခုထက်ထိ အိပ်ယာထဲက မထနိုင်သေး။

လင်သားဖြစ်သူ ကိုမောင်လှ အတွက်လည်း စိတ်အမြဲ ပူရသည်။ ကိုမောင်လှက ရွာတွင် ကာလသားခေါင်း။ ဆန္ဒပြပွဲတွေ ဖြစ်တုန်းကဆိုလျှင် ရွာက ကျောင်းဆရာနှင့်တွဲကာ သပိတ်ခေါင်းဆောင် လုပ်သည်။ ဆန္ဒပြပွဲတွေပြီးသွားတော့ အိမ်ကို စစ်တပ်က ဝိုင်းမည်ဟု သတင်းရသဖြင့် မကြာခဏဆိုသလို တောထဲသွားအိပ်ခဲ့ရသည်။ အခုလည်း ဘယ်အတွက်ကြောင့်များ အရေးတကြီး အစည်းအဝေးခေါ်ပါလိမ့်ဟုတွေးကာ မနှင်းဆီ စိတ်ပူသည်။


(၂)
ရွာလူကြီး ဦးလှရွှေအိမ်ရှေ့ တွင် ရွာသားတွေ စုပြီး ထိုင်နေကြသည်။ အိမ်ရှေ့ မြေကွက်လပ်ထိပ်တွင် လူ ၂ ယောက် ကုလားထိုင်တလုံးစီနှင့် ထိုင်နေကြ၏။ တယောက်က ရွာလူကြီး ဦးလှရွှေဖြစ်ပြီး ကျန်တယောက်က မြို့ဆိုး စစ်တပ်ဂိတ်တွင် တာဝန်ကျနေသည့် ဂိတ်မှူး တပ်ကြပ် ဆရာ မောင်မောင်တင်မြင့် ဖြစ်သည်။
မြေကြီးပေါ် ငုတ်တုတ်စုထိုင်နေကြသူ ရွာသားများက တယောက်ချင်းစီထကာ နာမည်အော်ပြောနေရ၏။

ရွာသားတယောက်က အော်ပြောနေသည့် ရွာသားများ၏ အမည်ကို စားပွဲတွင်ထိုင်ကာ လိုက်မှတ်ရေးနေ၏။ စားပွဲနောက် တလံခန့် အကွာတွင် ရွာလူကြီးနှင့် ဘေးချင်းယှဉ်ထိုင်နေသူ တပ်ကြပ်မောင်မောင်တင်မြင့်က စကားတွတ်ထိုးနေကြသည့် ရွာသားများကို မျက်နှာထားတည်တည်နှင့် ကြည့်နေ၏။ နာမည်အော်ပြောနေသံ ရပ်သွားသောအခါ ရွာလူကြီး ဦးလှရွှေ ထိုင်ရာက ထသည်။

“ဒီကနေ့ အခုလို တရွာလုံး လူစုခိုင်းရတာက မြို့ဆိုးဂိတ် ဂိတ်မှူး ဆရာကြီး မောင်မောင်တင်မြင့်က တရွာလုံးကို ရှင်းပြစရာ ကိစ္စရှိလို့ လူစုခိုင်းလိုက်တာပါပဲ။ အခု ဆရာကြီးပြောတာ သေသေချာချာ နားထောင်ကြပါ”ဦးလှရွှေရဲ့ စကားဆုံးတော့ ဂိတ်မှူး တပ်ကြပ် ဆရာ မောင်မောင်တင်မြင့် ထိုင်ရာက ထရပ်သည်။ လက်ထဲက ကာဘိုင်သေနတ် အသင့်ကိုင်ထားလျက်နှင့်ပင် မတ်မတ်ရပ်သည်။

ငုတ်တုတ်ထိုင်နေကြသည့် ရွာသားများကို မျက်နှာထားတည်တည်နှင့်ပင် စကားစပြောသည်။

“အခု အုတ်တွင်းမြို့မှာ တမြို့နယ်လုံး စီးပွားရေး အထူးစီမံကိန်းတခု အကောင်အထည်ဖော်ဖို့ ရှိတယ်။ စပါးငါးကန် တည်ဆောက်မယ့် စီမံကိန်းပဲ။ အဲဒါ အုတ်တွင်းတမြို့နယ်လုံး ကျေးရွာအုပ်စု ၄၂ အုပ်စု အကုန်လုံး လုပ်အားပေးကြရမယ်။ တအိမ်တယောက် လုပ်အားပေးရမယ်။ သောင်ပုရွာအနေနဲ့ ဒီကနေ့ကစပြီး တပတ်အတွင်း အုတ်တွင်းမြို့ကို အရောက်သွားရမယ်။ ရောက်ရှိကြောင်း သတင်းပို့ရမယ်။ ဟိုမှာ တာဝန်ရှိတဲ့သူတွေ တာဝန်ချပေးတဲ့ ကိုတာအတိုင်း စပါးငါးကန် တူးကြရမယ်။ သတ်မှတ်ထားတဲ့ ကိုယ့်ကိုတာ ပြီးအောင် တူးပြီးမှသာ ရွာပြန်ခွင့်ရှိမယ်။ မရှင်းတာရှိရင် မေးပါ ဒါပဲ” တပ်ကြပ် လုပ်သူက စကားကို ခတ်ပြတ်ပြတ်ပြောပြီး ကုလားထိုင်မှာ ထိုင်ချလိုက်သည့်တိုင် ရွာသားများက ငြိမ်ချက်သားကောင်းနေကြ၏။

သူတို့ မျှော်လင့်မထားသည့် သတင်းကို ကြားလိုက်ရသဖြင့် မင်တက်မိသွားကြရ၏။ သို့သော် ချက်ချင်းဆိုသလို စကားသံတွေ ဆူညံလာရပြန်သည်။ တယောက်တပေါက် ထင်မြင်ချက်တွေပြောနေကြ၏။

“သားသမီးအထောက်အခံမရှိတဲ့ မုဆိုးမအိမ်တွေအတွက်ကော ခင်ဗျ” တပ်ကြပ်လုပ်သူက ထိုင်ရာက ထရပ်သည်။

လူအုပ်ထဲက မရဲတရဲ ထမေးသူကို ခပ်တင်းတင်းပင် ကြည့်သည်။ လူအုပ်က တပ်ကြပ်နှင့် ထမေးသည့် ရွာသားကို မော့ကြည့်နေကြ၏။

“မုဆိုးမအိမ်လည်း မချန်နိုင်ဘူး။ လူကိုယ်တိုင် မလိုက်နိုင်ရင် လူငှားထည့်ရမယ်။ ဒါက အရေးကြီးတဲ့ စီမံကိန်း၊ တမြို့နယ်လုံးအတွက် စီးပွားရေးအထူးစီမံကိန်း” ငုတ်တုတ်ထိုင်နေသူ အားလုံးလိုလို ခေါင်းကို အောက်သို့ ငုံ့ထားလိုက်ကြ၏။

အခြေအနေက ထင်ထားသည်ထက် ဆိုးနေသည်ကို သဘောပေါက်သွားကြသည်။ သို့သော် မဖြစ်မနေ မေးရမည့် မေခွန်းတွေက ရှိနေသေးသည်။

ကာလသားခေါင်း ကိုမောင်လှ ထိုင်ရာက ထရပ်သည်။ လူတွေက စကားတွတ်ထိုးနေရာမှ အနည်းငယ် ငြိမ်ကျသွား၏။

“အုတ်တွင်းကို သွားရမယ်ဆိုတာက ခရီးစရိတ်တို့ စားစရိတ်တို့က အထက်က စီစဉ်ပေးမှာလား၊ ပြီးတော့ ရွာမှာက အိမ်ပေါက်စေ့ ပေါက်တူးတို့ တူရွင်းတို့ ရှိတာမဟုတ်ဘူး၊ အဲဒါတွေကော ဘယ်လိုစီစဉ်ပေးမှာလဲခင်ဗျ” ရွာသားတွေအားလုံး ကိုမောင်လှကို ကျေးဇူးတင်ထောက်ခံသောအားဖြင့် လူတိုင်း အပြုံးမျက်နှာနှင့် မော့ကြည့်ကြသည်။

ကိုမောင်လှ နေရာတွင် ပြန်မထိုင်ချမီ တပ်ကြပ် မောင်မောင်တင်မြင့်က ထရပ်လိုက်သည်။ ကိုမောင်လှကို မထီလေးစားမျက်နှာနှင့် ကြည့်သည်။

“အဲဒါတွေအားလုံး ကိုယ့်အစီစဉ်နဲ့ကိုယ် စီစဉ်ကြရမှာပဲ။ ဟိုမှာ ဘယ်နှရက်ကြာမယ်။ ဘယ်လို နေရာချထားမယ် ဆိုတာတွေ ကျုပ် မသိဘူး။ ကျုပ်တာဝန်က ရေအိုးစဉ်ကျေးရွာအုပ်စု တအုပ်စုလုံး တအိမ်တယောက် သတ်မှတ်ထားတဲ့ရက်အတွင်း အုတ်တွင်းကို ရောက်သွားဖို့ပဲ။ အခု အိမ် ၁ဝ အိမ်မှာ တတွဲစီ တွဲပေးလိုက်မယ်။ အတွဲလိုက်ခေါင်းဆောင်တွေက ကိုယ့်အတွဲထဲက လူတွေနဲ့အတူ အုပ်တွင်းကို သွားဖို့ပဲ။ အဲဒါ သေသေချာချာ စီစဉ်ကြဖို့ကိုပဲ ကျုပ်ပြောနိုင်တယ်” စိတ်အားတက်ကြွစွာ မော့ကြည့်နေသည့် လူအုပ်မှာ အသံတွေ ငြိမ်ကျသွားရ၏။

မည်သူမျှ စိတ်မချမ်းသာနိုင်ကြတော့။ သို့သော် ရှောင်လွှဲလို့ကလည်း မဖြစ်နိုင်။ အခြေအနေက တရွာလုံးအတွက် ဘေးကျပ်နံကျပ် ဖြစ်နေသည်။

“ဆရာကြီးကို တခုတော့ တောင်းပန်ချင်ပါတယ်။ ဒီိလိုပါ၊ ကျနော်တို့ရွာမှာ စုပေါင်းအလှူတခု ရှိနေပါတယ်။ အလှူရက်နဲ့ အုတ်တွင်းကို အရောက်သွားရမယ့်ရက်က တိုက်နေပါတယ်။ ဒါကြောင့်မို့ အုပ်တွင်း ရောက်ရမယ့်ရက်ကို နည်းနည်းနောက်ဆုတ်ပေးလို့ မရဘူးလား ဆရာကြီး” ရွာလူကြီး ဦးလှရွှေက တပ်ကြပ်မောင်မောင်တင်မြင့်ကို လှည့်ကြည့်သည်။

တပ်ကြပ်လုပ်သူက ကာဘိုင်သေနတ်ကို စားပွဲပေါ် တင်ထားလိုက်သည်။ ရှေ့အနည်းငယ်တိုးကာ ရင်ကို ခပ်မတ်မတ်ထားပြီး ရပ်သည်။ လူတွေအားလုံး စိတ်ဝင်တစား မော့ကြည့်နေကြ၏။

“ဒီမယ် ကျုပ်ပြောမယ်၊ ဒီကိစ္စက သောင်ပုရွာတရွာထဲအတွက် လုပ်တဲ့ကိစ္စ မဟုတ်ဘူး၊ တမြို့နယ်လုံး အကျိုးအတွက် လုပ်တာ။ ပြီးတော့ ကလေးကစားသလို လုပ်လို့မရဘူး။ တိုင်းက စီမံကိန်းချပြီးမှ လုပ်ထားတဲ့အလုပ်။ ခင်ဗျားတို့တိုင်းပြည်အတွက် ဒီလောက်ကလေးမှ မလုပ်နိုင်ကြဘူးလား၊ မလုပ်ချင်ကြဘူးလား။ ပြီးတော့ ခင်ဗျားတို့အကျိုးလေဗျာ။ ခင်ဗျားတို့ ဒီလောက်တောင်မှ တိုင်းပြည်အကျိုး ရပ်ရွာအကျိုး မလုပ်ဆောင်နိုင်ဘူးဆိုရင် ဒီမြို့နယ် ဒီရွာထဲမှာ မနေကြနဲ့ပေါ့။ ရွာပြင်ထွက်နေကြလို့ပဲ ကျုပ်ပြောချင်တယ်” လူတွေအားလုံးလိုလို ခေါင်းကိုယ်စီငုံ့ကာ တိတ်ဆိတ်သွားကြသည်။

မတ်တပ်ရပ်ပြီး တောင်းပန်စကားပြောခဲ့သည့် ဦးအောင်ပန်းက ရုတ်တရက် ပြန်မထိုင်သေးဘဲ တပ်ကြပ်မောင်မောင်တင်မြင့်ကို ကြက်သေသေပြီး ကြည့်နေသေး၏။ တပ်ကြပ်လုပ်သူ ပြောလိုက်သည့် စကားများကို မကြားလိုက်သလို နဝေတိမ်တောင် ဖြစ်နေသေးသည်။ ခဏကြာမှ ထိုင်ရမလို၊ ထရမလိုနှင့် နေရာတွင် ပြန်ထိုင်ချလိုက်သည်။

အစည်းအဝေးပွဲပြီးတော့ သောင်ပုရွာသားတွေအားလုံး ခေါင်းကိုယ်စီငုံ့ကာ အသံတိတ်ဆိတ်စွာ အိမ်ပြန်သွားခဲ့ကြသည်။

ထိုညက သောင်ပုရွာကလေးမှာ ယခင်ရက်များကလို မဟုတ်ဘဲ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်လွန်း နေခဲ့၏။


(၃)
ရန်ကုန်-မန္တလေး ကားလမ်းမကြီး ဘေးနှစ်ဖက်တွင် လူတွေ ထောင်ချီပြီး ကားစောင့်နေကြသည်။
ကိုမောင်လှတို့ လူ ၁ဝ ယောက်အုပ်စုက ကားလမ်းဘေးသို့ မနက် ၉ နာရီခန့်တွင် ရောက်လာခဲ့ကြ၏။ သူတို့လူအုပ်က မနက် ၆ နာရီခန့်ကတည်းက ရွာမှ ထွက်လာခဲ့ကြသည်။ မနက် တုံးမောင်းခေါက် ကတည်းက ချက်ကြပြုတ်ကြ ပြင်ဆင်ကြရသည်။ ထမင်းထုပ်ကိုယ်စီ အထုပ်အပိုးကိုယ်စီနှင့် ထွက်ခဲ့ကြသည်။ ရေခန်းခြောက်နေသည့် သူကြီးမအင်းကွင်းကြီးကို ဖြတ်ခဲ့ကြသည်။ ရွာမကြီးရွာနှင့် ထုံးအိုင်ရွာတို့ကို ကျော်လာခဲ့ကြသည်။

အမှန်စင်စစ် ကိုမောင်လှတို့လူစု အုတ်တွင်းကိုသွားဖို့ ပြင်ဆင်ခဲ့သည်ကပင် တပတ်ကျော် ကြာခဲ့သည်။ တရွာလုံးနီးပါး ကိုယ့်အတွဲနှင့်ကိုယ် သွားနှင့်ကြသည့်တိုင် သူတို့အတွဲက တော်တော်နှင့် မထွက်နိုင်ကြသေး။ ခန့်မှန်းခြေ တပတ်လောက် ကြာနိုင်သည်ဟုဆိုသဖြင့် ကိုယ့်အတွက် ရိက္ခာနှင့် အိမ်မှာကျန်ရစ်သူ မိသားစုအတွက် ရိက္ခာကိစ္စ အဆင်ပြေအောင် စီစဉ်ကြရသည်။ တရွာလုံး ပေါက်တူး၊ တူရွင်း၊ မြေသယ်ခြင်း ဘယ်မှာမှ သွားငှားလို့ မရနိုင်။ ညောင်ခြေထောက်ကို လူကြုံနှင့် ပေါက်တူးတလက်တော့ ငွေစုပြီး မှာလိုက်ရသည်။ မြေသယ်ခြင်းကို ကိုယ့်ဘာသာ ယက်သည်။

တကယ် ခရီးထွက်ကြမယ်လုပ်တော့ သူတို့အဖွဲ့ထဲ ပါနေသည့် မုဆိုးမ ဒေါ်မေဥက လူငှားပြီး ထည့်လိုက်မည့်ကိစ္စ အဆင်မပြေလို့ သူကိုယ်တိုင်ပဲ လိုက်မည်ဟုဆိုသဖြင့် စောင့်ကြရပြန်သည်။ ဒေါ်မေဥက အတူနေ လူမမယ် ကလေး ၂ ယောက်အတွက် နေရေးစားရေး စီစဉ်နေရပြန်သဖြင့် နောက်ထပ် ၂ ရက် ကြန့်ကြာသွားရပြန်သည်။ သူတို့လူစု ရွာကထွက်တော့ တရွာလုံးမှာမှ နောက်ဆုံးထွက်သည့် လူစုလို ဖြစ်ခဲ့သည်။ သတ်မှတ်ထားသည့် ရက်မတိုင်ခင် တရက်အလိုတွင်မှ ရွာက ထွက်နိုင်ကြသည်။

ကားလမ်းပေါ်ရောက်တော့ သူတို့ထက်အရင် ရောက်နှင့်နေကြသည့် တခြားရွာသားတွေကို တွေ့လိုက်ရ၏။ လူတွေ နေပူအောက်တွင် အုပ်စုလိုက် ထိုင်စောင့်နေကြ၏။ လာသမျှ လိုင်းကားဟူသမျှ ထန်းညက်ခဲ ပုရွက်ဆိတ်ဝိုင်းခဲသလို စုပြုံလုယက်ပြီး တက်နေကြသည်။ သူတို့လူအုပ်က သူများနည်းတူ ကားစောင့်ကြသည်။ ကားပေါ်တက်လျှင် လူအုပ်မကွဲရန် သတိပေးထားကြသည်။ ပါလာသည့် ရိက္ခာထုပ်များ ကိုယ့်တာဝန်ကိုယ် ခွဲဝေသတ်မှတ် တာဝန်ပေးထားကြသည်။

“ကိုမောင်လှရေ အခြေအနေကတော့ သိတ်မကောင်းဘူးဗျ။ ကျုပ်တို့တော့ ကားရဖို့ တော်တော်လုပ်ရမယ်နဲ့ တူတယ်။ ဟို သစ်ပင်အောက်က လူအုပ်က ရွှေမင်းအောင်ရွာကဗျ။ သူတို့က ကားလမ်းပေါ် မနေ့ညနေကတည်းက ရောက်နေတာတဲ့ဗျား။ ရောက်လာသမျှကား ဘယ်ကားမှ ရပ်မပေးနိုင်ကြ။ ထပ်တင်လို့ မရအောင် လူတွေပြည့်နေလို့ လမ်းဘေးမှာပဲ ညအိပ်လိုက်ရတယ်လို့ ပြောတယ်”
အုပ်တွင်းတမြို့နယ်လုံးက ကျေးရွာအုပ်စု ၄၂ အုပ်စု။ အုတ်တွင်းမြို့ကို လုပ်အားပေးထွက်ကြရသည်။ လူ ၂ သောင်း လုပ်အားပေးဖို့ သတ်မှတ်ထားသည်ဟု ရွာလူကြီး ဦးလှရွှေက သူကြားထားသည့် သတင်းကို ပြောပြခဲ့၏။ ကိုမောင်လှက သူ့လူ ၁ဝ ယောက်တတွဲ အုပ်စုထဲတွင် မုဆိုးမ ဒေါ်မေဥ ပါလာသည့်အတွက်လည်း စိတ်ပူနေသည်။ လူတွေ သည်လောက် တိုးကြိတ်ပြီး ကားတွေပေါ် လုတက်နေရပုံ ဆိုရင်တော့ အုတ်တွင်းကို သည်ကနေ့ နေ့ချင်းမှ ရောက်နိုင်ပါ့မလားဟု တွေးသည်။

နေမွန်းလွဲသွားသည့်တိုင် ကိုမောင်လှတို့လူအုပ် ကားမရသေး။ ကားတွေကလည်း ပြေးနေကျ လိုင်းကားတွေတင်မက ကြားကားမျိုးစုံကိုပင် လူတွေက တားစီးနေကြသည်။ နောက်တော့ ဘယ်လိုကားပဲလာလာ စစ်ကားတွေကလွဲပြီး ကားဟူသမျှ အကုန်တားကြသည်။ တောင်းပန်တိုးရှိုးပြီး စီးလို့ရသလောက် တက်စီးလိုက်ပါသွားကြသည်။

ကိုမောင်လှက လူအုပ်ခွဲကာ ကားပေါ်တက်လို့ရတဲ့သူက အရင်သွားနှင့်ဖို့ အကြံပြုသည်။ သို့သော် အုတ်တွင်းကို ရောက်ဖူးသူက ၅ ယောက်ပဲ ပါသည်။ ရောက်ဖူးသည်ဆိုသော်လည်း မြို့လယ်ခေါင်ကလွဲပြီး လည်လည်ဝယ်ဝယ် နေရာအနှံ့ရောက်ဖူးကြသူများ မဟုတ်ကြ။ အခုပဲ နေစောင်းနေပြီ။ သည်အချိန် ကားရလို့ အုတ်တွင်းကို ရောက်သည်ဆိုသည်ပဲထား၊ မိုးချုပ်မှ ရောက်မှာ သေချာသည်။ အချိန်မတော် တည်းဖို့ခိုဖို့ အခက်တွေ့မည်။ ထို့ကြောင့် လူအုပ်ခွဲပြီး သွားဖို့စိတ်ကူးကို စွန့်လွှတ်လိုက်ကြရ၏။ သည်ကြားထဲ မုဆိုးမ ဒေါ်မေဥ အတွက်ကိုလည်း ထည့်စဉ်းစားနေရသေးသည်။ အသက်က ၅ဝ ကျော်၊ ကျန်းမာရေးက သိပ်မကောင်း။

ကံအားလျော်စွာ ကုန်ကားကြီးတစင်းပေါ် ကိုမောင်လှတို့လူအုပ် အောင်မြင်စွာ လိုက်ပါလာနိုင်ခဲ့ကြသည့်အခါ နေပင် အတော်စောင်းခဲ့ပြီ။ မည်သို့ပင်ဖြစ်စေ လူအုပ်မကွဲဘဲ ကာတကားတည်း အတူတူ လိုက်လာနိုင်ခဲ့သည့်အတွက်မူ ကိုမောင်လှ စိတ်အေးရ၏။ အုတ်တွင်းကို အချိန်မတော်မှ ရောက်မှာဖြစ်သည့်တိုင် ဟိုရောက်မှ သူများနည်းတူ ကြည့်စီစဉ်ရမှာပဲဟု တွေးလာခဲ့၏။


(၄)
ကိုမောင်လှတို့ လူ ၉ ယောက် သတ်မှတ်ထားသည့် မြေကျင်းတူးခဲ့သည်မှာ ၄ ရက်ရှိပြီ။ မြေကျင်းအနေအထားက သူတို့ လူ ၉ ယောက် အပြင်းအထန်တူးမှသာ ၇ ရက်လောက်နှင့်ပြီးမည်ဟု ခန့်မှန်းသည်။ သို့သော် လူတွေက အလုပ်ပင်ပန်း၊ အစားအသောက်က မကောင်း၊ နေရအိပ်ရသည်ကလည်း အဆင်မပြေသည့်အတွက် ၄ ရက်မြောက်နေ့ရောက်တော့ အင်တိုက်အားတိုက် မတူးနိုင် မသယ်နိုင်ကြတော့။

သတ်မှတ်ထားသည့် မြေကျင်း အတိုင်းအတာက တကျင်းနှင့်တကျင်း ဆက်နေသည်။ တမိုင်ပတ်လည် မြေကွက်လပ်တခု၏ ဘေးမြေသားကို ကျင်းဖြစ်အောင်တူးပြီး တူးလို့ရသည့်မြေသားကို အလယ်ခေါင်သို့ ဖို့ကြရ၏။ ၁ဝ ယောက် တအုပ်စုအတွက် သတ်မှတ်ပေးထားသည့် ကျင်းက ပေ ၂ဝ အကျယ်၊ ထုက ၆ ပေဖြစ်သည်။ အခု ၄ ရက်မြောက်ခဲ့ပြီ။ ကျင်းတဝက်ပင် ရောက်အောင် မတူးနိုင်သေး။

“ကိုမောင်လှ ကျုပ်တို့တော့ ဒေါ်ကြီးမဥ အတွက် တခုခုတော့လုပ်ကြမှ ဖြစ်မယ်ထင်တယ်ဗျ”

ကိုမောင်လှက မြေခြင်းတောင်းကို ဘေးသို့ ပစ်ချလိုက်ပြီးမှ သူ့ကို ရပ်ကြည့်နေသည့် တရွာတည်းသား ကိုအေးကို ပြန်ကြည့်သည်။

“ဘာဖြစ်လို့လဲဟ၊ ငါ ကြည့်ရတာ မနေ့ကထက်တောင် ဒီကနေ့မနက် ပိုပြီး ထူထူထောင်ထောင် ဖြစ်လာသလားလို့”

“ဘယ်ကလာ တညလုံး ကျုပ်ဘေးနားကပ်ပြီး အဖျားတက်နေတာ။ မနက်ကျတော့ ခင်ဗျားတို့ကို အားနာတယ်ဆိုပြီး အစောကြီး ထမင်းထချက်တာ။ ဒေါ်ကြီးမဥ အခြေအနေကောင်းရဲ့လားလို့ ကျုပ်ကမေးတော့ သူက ငိုနေတာဗျ။ ကျုပ်လည်း ဆက်မမေးရဲတော့ဘူး။ ထမင်းကြမ်းစားနေတုန်း ကျုပ် သူ့ကို အကဲခတ်နေတာ။ သူက ကျုပ်တို့ကိုလည်း အားနာ၊ နေကလည်း မကောင်း၊ အလိုလိုမှ အစကတည်းက ခပ်ယဲ့ယဲ့ပဲဟာ။ ဒီအတိုင်းသွားရင် လဲသွားနိုင်တယ်ဗျ”

ကိုမောင်လှ တချက် ငိုင်သွားသည်။ သူတို့လူအုပ် လူ ၁ဝ ယောက် အလုပ်တာဝန်ခွဲကြသည့်အခါ ဒေါ်မေဥကို သူတို့စခန်းချရာ သစ်ပင်ဘေးတွင် ထမင်းချက်အဖြစ် ချန်ထားရစ်ခဲ့ကြ၏။ ကျန်နေခဲ့သည့် အဝတ်အစားနှင့် ပစ္စည်းပစ္စယတချို့ မပျောက်ပျက်ရအောင် စောင့်ခိုင်းရ၏။

သောက်ရေ သုံးရေကလည်း မြို့ထိပ်က ဘုန်းတော်ကြီး ကျောင်းဝန်းထဲက ရေတွင်းတတွင်းထဲနဲ့၊ ဘယ်နည်းနဲ့မှ မလောက်ငနိုင်။ လူတွေက ထောင်သောင်းချီပြီး ရှိနေသည်။ ထို့ကြောင့် ၁ဝ မိနစ်ခန့် လျှောက်သွားလျှင် ရောက်သည့် စစ်တောင်းမြစ်ဆီ အလှည့်လိုက် ရေသွားခတ်ကြရ၏။ အလှည့်လိုက် ကိုယ်လက်ဆေးကြော ရေပတ်တိုက်ကြရ၏။ ရောက်သည့်နေ့မှစပြီး ၄ ရက်မြောက်သည်အထိ မည်သူမျှ ရေမချိုးနိုင်သေး။ မနက် စောနိုင်သမျှ စောအောင် အလုပ်ဆင်းကြရသည်။ ညနေ မိုးချုပ်မှ အလုပ်က ပြန်တက်သည်။ သတ်မှတ်ပေးထားသည့် မြေကျင်းအရွယ်အစား ပြီးမြောက်အောင် ခပ်မြန်မြန်တူးကြသည်။ သို့မှသာ ရွာကို မြန်မြန်ပြန်နိုင်မည်။

သူတို့ ၉ ယောက်က အလုပ်တွေ ဖိလုပ်လေလေ၊ ဒေါ်မေဥက သူတို့ကို အားနာလေလေ။ မနက်အစောကြီးထ၊ ထမင်းချက်ရုံတင်မက မြစ်ထဲရေခပ်တော့လည်း လိုက်သည်။ နေ့လည်ပိုင်း သူတို့အလုပ်ဆင်းနေချိန်မှာလည်း မြစ်ထဲ ရေသွားခပ်လိုက်သေးသည်။ သူတို့အဝတ်အစားများကအစ မြစ်ထဲတွင် လျှော်ဖွပ်လာခဲ့သည်။ သို့နှင့် ရောက်ပြီး ၃ ရက်မြောက်တော့ ဒေါ်မေဥ အိပ်ယာထဲ လဲတော့သည်။ အပြင်းဖျားတော့သည်။

“ငါလည်း အဲဒါပဲ စဉ်းစားနေတာပါကွာ။ ငါတို့ဘေးက အဖွဲ့ခေါင်းဆောင်ကို ငါမေးကြည့်တယ်ကွ။ သူတို့က လူ ၉ ယောက်ပဲ တွေ့လို့ ငါမေးကြည့်တာ။ သူတို့အထဲက လူတယောက်က နေမကောင်းလို့ ဒဏ်ငွေဆောင်ပြီး ရွာပြန်သွားရတယ်တဲ့။ ဟို ကြီးကြပ်ရေးစခန်းမှာ သွားပြောရင် လူငှားထည့်ဖို့ ဒဏ်ငွေဆောင်ရင် ပြန်လို့ရတယ်လို့ ပြောတယ်။ အဲဒါ ငါ ဘယ်လို လုပ်ရမှန်းမသိလို့။ ဒေါ်ကြီးမဥမှာ ဘယ်လိုလုပ်ပြီး ဒဏ်ငွေဆောင်ဖို့ ပိုက်ဆံရှိမှာလဲကွာ။ မရှိလို့ဘဲ ဒီအထိ လိုက်လာခဲ့ရတာပဲဟာ”

နှစ်ယောက်သား ပေါက်တူးကိုယ်စီ၊ တောင်းကိုယ်စီ ပြန်ကောက်ကြ ယူကြသည်။ မည်သည့် စကားမျှတော့ မဆက်နိုင်ကြတော့။ မြေကျင်းတူးရင်းက ကိုမောင်လှ စဉ်းစားသည်။ ဒေါ်မေဥကို သည်အတိုင်းထားလို့တော့ မဖြစ်ဟု တွေးသည်။ တခြား သောင်ပုရွာသားတချို့နှင့် လိုက်လံတိုင်ပင်ကာ ငွေအလှူခံကာ ဒေါ်မေဥအတွက် ဒဏ်ငွေ စိုက်ဆောင်ပေးရလျှင် ကောင်းမလားဟု စဉ်းစားသည်။ ညကျလျှင်တော့ ကျန်သည့်လူများနှင့် တိုင်ပင်ကြည့်ဦးမည်ဟု တွေးသည်။
(၅)
အလုပ်ဆင်းခဲ့ကြသည်မှာ ၇ ရက် ပြည့်လာခဲ့ပြီ။ လူတွေ နေထိုင်မကောင်းဖြစ်မှာ စိုးသည့်အတွက် အလုပ်ချိန်ကို လျှော့ချထားလိုက်ကြရ၏။ သည်ကြားထဲ လိုက်လံအလှူခံလို့ ရသည့်ငွေနှင့် ဒဏ်ငွေဆောင်ကာ ဒေါ်မေဥ ရွာကို ပြန်လွှတ်လိုက်ရပြီး နောက်ပိုင်း ကျန်သူများအဖို့ အလှည့်လိုက် ထမင်းချက်ကြရသည်။ သောက်ရေသုံးရေခပ်ရသည့် ကိစ္စကလည်း အလုပ်ကြီးတခု ဖြစ်နေသည်။ တာဝန်ရှိသူများက သည်လောက်လူတွေ အများကြီးကို တနေရာထဲမှာ စုခိုင်းထားပြီးမှတော့ သောက်ရေသုံးရေ ကိစ္စလောက်တော့ စဉ်းစားစီစဉ်ပေးဖို့ ကောင်းသည်ဟု တွေးသည်။ အခုတော့ လူတွေအားလုံး သစ်ပင်တွေအောက် ခြုံတွေဘေး ဖြစ်သလိုနေ၊ ဖြစ်သလိုအိပ်၊ ဖြစ်သလို အပေါ့အလေး သွားနေကြရ၏။ ရက်အနည်းငယ်ကြာလာတော့ ပတ်ဝန်းကျင် အနံ့အသက်ကအစ မကောင်းအောင် ဖြစ်လာရ၏။

“မောင်အေးရေ ညတုန်းက ရွှေလင်ပန်းက လူတယောက် ဆုံးသွားတယ်တဲ့။ အဲဒါ အလောင်းကို ရွာပြင်မှာသေတဲ့ အလောင်းမို့ ရွာကလည်း အဝင်မခံမယ့်အတူတူ တော်တော်လေးလည်း ဆင်းရဲလို့ ဒီမှာပဲ အာဂန္တုအသုဘအနေနဲ့ ချမယ်လို့ ပြောတယ်။ မနက်က အစောကြီး မင်းတို့တောင် မနိုးသေးဘူး။ အဲဒီအုပ်စုခေါင်းဆောင်က အလှူလိုက်ခံနေတာ။ အလောင်းကတော့ ဘုန်းကြီးကျောင်းထဲမှာ ပြင်ဆင်ထားတယ်တဲ့။ အဲဒါ ဘယ်လိုလုပ်ရရင် ကောင်းမလဲ။ ငါတို့မှာလည်း ငွေက ဘယ်သူ့မှာမှ မရှိသလောက် ပြောင်နေပြီ”

“အဲဒီကိစ္စ ကျုပ်သိပါတယ်။ နာရေးဆိုတော့ မထည့်လို့ ဘယ်ဖြစ်မလဲ။ ဒီလိုလုပ်မယ်၊ ကျုပ် ဟို ကြီးကြပ်ရေးရုံးမှာ အလုပ်သမား လိုက်ငှားပေးနေတဲ့ အလုပ်ပွဲစား စာရေးနဲ့ သွားမေးကြည့်မယ်။ ကျုပ်က ဒါပြီးရင် ရွာမပြန်ချင်သေးဘူး။ ရွာပြန်လည်း ဘာအလုပ်မှ မရှိဘူး။ ဒီမှာပဲ မြေကျင်းလိုက်ပေါက်ဖို့ စဉ်းစားထားတာ။ အဲဒါ ငွေနည်းနည်း ကြိုထုတ်လို့ ရလို့ရငြား၊ ရမယ်ဆိုရင်တော့ ကျုပ် နိုင်သလောက် စိုက်ထည့်လိုက်ပါ့မယ်”

သူတို့နှစ်ယောက် စကားမပြတ်သေးခင် မြေကျင်းတူးနေသူတွေအားလုံး ကုန်းပေါ်ကို လှမ်းမော့ကြည့်နေကြသဖြင့် ကိုမောင်လှတို့လည်း မော့ကြည့်ကြရသည်။ လူတစု ကားလမ်းမပေါ်က ဆင်းကာ စပါးငါးကန် တူးဖော်နေကြသည့် နေရာဆီ ဦးတည်ပြီး လာနေကြ၏။ ကားလမ်းမပေါ်တွင် ကားကလေးတချို့ ရပ်ထားသည်ကိုလည်း တွေ့ရ၏။ ထို့ကြောင့် အထက်က လူကြီးတဦးဦး ရောက်လာခြင်းဖြစ်မည်ဟု ကိုမောင်လှ ချက်ချင်း သိသည်။

သူတို့ မြေကျင်းတူးနေရာတည့်တည့်ကို လူတစု ရောက်လာသည်။ အနိမ့်ပိုင်းက လူတွေ မျက်စေ့တဆုံး မြေကြီးတူးနေကြသည်ကို လှမ်းကြည့်ရင်း ကုန်းမြင့်ပေါ်တွင် လမ်းလျှောက်လာနေကြသည်။ ရှေ့ဆုံးက လူကို ဘေးမှ လူတယောက်က ထီးမိုးပေးထား၏။ ဘေးနားက လူတယောက်ကလည်း အနိမ့်ပိုင်း မြေတူးနေကြသူတွေဆီ လက်ညှိုးတထိုးထိုးနှင့် တစုံတရာ ရှင်းလင်းပြောဆိုလာနေသည်။

အလုပ်လုပ်ရင်း လူတိုင်းလိုလို ကုန်းမြင့်ပေါ် လှမ်းကြည့်နေကြသည်။ ထီးတော်မိုးအောက်က လူက လမ်းကို မြန်မြန်မလျှောက်ဘဲ မကြာခဏ ရပ်ပြီးကြည့်သည်။ နေပူကွင်းကြီးအောက် လူတွေ ထောင်သောင်းချီပြီး ပုရွက်ဆိတ်များလို လှုပ်လှုပ်ရွရွ အလုပ်လုပ်နေကြသည်ကို ရပ်ကြည့်နေသည်။

“ဟေ့ကောင် မောင်ပု ဘာရပ်ကြည့်နေတာလဲ။ ကိုယ့်အလုပ်ကို ဖြောင့်ဖြောင့်လုပ်စမ်း။ မြန်မြန်ပြီး မြန်မြန်ပြန်ဖို့ပဲ အရေးကြီးတယ်။ အလကား အချိန်ဖြုန်းနေလို့ မဖြစ်ဘူး”

လူတိုင်းလိုလို ပေါက်တူးကိုယ်စီကိုင်ရင်း ရပ်ကြည့်နေကြရာမှ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ကိုမောင်လှက အသံကြားရာဆီ လှမ်းကြည့်တော့ သူတို့နှင့် မြေကျင်းချင်းဆက်နေသည့် တခြားရွာသားတယောက်ကို တွေ့ရသည်။ ထိုလူက တစုံတရာ ခတ်တိုးတိုး ပြောလိုက်ပြန်သည်။ လူတွေ ဆူညံနေသဖြင့် ဘယ်သူမှ သဲသဲကွဲကွဲ မကြားလိုက်ရ။ သို့သော် သူ့ဘေးနားက လူတွေကမူ တဝေါဝေါနှင့် ပွဲကျသွားကြသည်။ သူတို့ပြောနေဆိုနေကြသည်များကိုမူ ကုန်းထိပ်ပေါ်ကလူတွေက အလှမ်းဝေးသဖြင့် ကြားနိုင်ကြမည်မဟုတ်။

“ခင်ဗျားကလည်း ဘယ်က မောင်ပုကိုများ ပြောလိုက်သလဲလို့ လက်စသတ်တော့ ကုန်းထိပ်က ရပ်ကြည့်နေတဲ့ ဟို မောင်ပုကို ပြောတာကိုးဗျ။ ဟုတ်ပ၊ အလကား ရပ်ကြည့်နေလို့ အမြတ်မရှိဘူး။ လုပ်ကြဟေ့ ကိုယ့်အလုပ် ကိုယ်လုပ်ကြ”

လူတွေ ခပ်တိုးတိုး ရယ်မောနေကြပြန်သည်။ ကိုမောင်လှက ပေါက်တူးကို လေထဲသို့ လွှဲမြှောက်လိုက်သည်။ သူ့စိတ်ကမူ အလုပ်ထဲ၌ မရှိ။ အိမ်တွင် ကျန်ရစ်ခဲ့သည့် ဇနီးသည် မနှင်းဆီနှင့် သားသမီး ၃ ယောက်ထံ စိတ်ရောက်နေသည်။ အိမ်မှာ အဆင်ပြေမှ ပြေကြပါ့မလားဟု တွေးပူမိသည်။


(၆)
သူတို့လူစု ကြီးကြပ်ရေးစခန်းမဏ္ဍပ်ထဲက ထွက်တော့ မနက် ၉ နာရီနီးပါး ရှိနေပြီ။ မဏ္ဍပ်ထဲတွင် လူတွေ ပြည့်ကျပ်လျက်။ မဏ္ဍပ်အပြင်ဘက်တွင်လည်း လူတွေ ဥဒဟို သွားလာလျက်။ မဏ္ဍပ်အမိုးပေါ်တင်ထားသည့် ဓာတ်စက်က လုပ်အားပေးသူများ သိရှိရန် ကိစ္စများကို အော်ပြောနေသည်။

ကိုရင်မောင်တို့အုပ်စုက မနေ့ညနေကတည်းက အလုပ်သိမ်းနိုင်ခဲ့သည်။ သည်ကနေ့မနက်ကျတော့ မြေကျင်း လိုက်လံစစ်ဆေးသူများကို သွားခေါ်ကာ တူးပြီးသား မြေကျင်းကိုပြသည်။ အပ်သည်။ သူတို့ပေးသည့် စာရွက်တရွက်ပေါ်တွင် တာဝန်ကျေပွန်ကြောင်း အုပ်စုခေါင်းဆောင်က လက်မှတ်ထိုးရသည်။ ကိစ္စအားလုံးပြီးပြန်တော့ ကြီးကြပ်ရေးမဏ္ဍပ်ကို လာရဦးမည်ဟုဆိုသဖြင့် သွားကြရပြန်သည်။

သူတို့လူစု ရွာပြန်ဖို့ ပြင်ကြဆင်ကြတော့ ဘေးက အလုပ်မပြီးသေးသည့် တခြားရွာသားများက သူတို့ကို ငေးကြည့်နေကြသေးသည်။ ၁ဝ ရက်နီးပါး အတူနေ၊ အတူအိပ်၊ အတူစား၊ အတူအလုပ်ဆင်းခဲ့ကြသူများ ဖြစ်သဖြင့် သူတို့အားလုံး ဘဝတူတွေအဖြစ် ရင်းနှီးခဲ့ကြသည်။ ထို့ကြောင့် အလုပ်မပြီးသေးသည့် ကျန်ရစ်သူများအတွက် ကိုမောင်လှတို့ကလည်း စိတ်မကောင်းဖြစ်ရသည်။ အထုပ်အပိုး ပြင်ဆင်နေကြရင်းက ကျန်ရှိနေသေးသည့် ဆန်တပြည်ခန့်ကို ဘေးနားက ရွာသားများထံ ပေးပစ်ခဲ့သည်။ သူတို့အားလုံး ရွာပြန်ကြသည့်တိုင် မောင်အေးတယောက်ကတော့ ကျန်ရှိနေဦးမှာဖြစ်ကြောင်း ပြောကြရသည်။ မောင်အေးက ရွာမပြန်နိုင်သေးဘဲ ကျန်နေသေးသည့် သောင်ပုရွာ လူအုပ်နှင့် သွားနေမည်ဟုဆိုကာ နေရာရွှေ့သည်။ ကိုမောင်လှတို့က မဏ္ဍပ်ဆီ အထုပ်အပိုးထမ်းပြီး သွားကြရပြန်သည်။

မဏ္ဍပ်ထဲတွင် လူတချို့ မြေကြီးပေါ်တွင် ဝိုင်းစုထိုင်နေကြသည်ကို တွေ့ရသည်။ သူတို့ကိုလည်း မဏ္ဍပ်ထဲတွင် နေရာယူ ထိုင်ကြရန် တာဝန်ရှိသူတွေက နေရာချသည်။ သူတို့အရင် ထိုင်နေကြသူများမှာလည်း တာဝန်တာထမ်းတွေပြီးလို့ နေရပ်ကို ပြန်ကြမည့်သူများပင် ဖြစ်သည်။ လူတွေအားလုံး ပင်ပန်းနွမ်းနယ်နေသည့် မျက်နှာများနှင့်။ ရွှံ့နှင့်ဖုံများ လူးပေနေသည့် အဝတ်အစားကိုယ်စီနှင့်။ လူတချို့ဆိုလျှင် စောင်ခြုံလျက်။ နေမကောင်းဖြစ်နေသည့် ပုံပမ်းနှင့်။

ကိုမောင်လှတို့က ရွာပြန်ချင်လှပြီ။ အခု ဘာကိစ္စနဲ့ သူတို့ကို မဏ္ဍပ်ထဲ ထိုင်ခိုင်းထားတာပါလိမ့်။

ကိုမောင်လှက လည်တဆန့်ဆန့် လုပ်သည်။ စားပွဲကိုယ်စီ ကုလားထိုင်ကိုယ်စီထိုင်နေကြသည့် တာဝန်ရှိပုဂ္ဂိုလ်များကို လိုက်ကြည့်သည်။ နာရီဝက်လောက်ကြာမှ မဏ္ဍပ်ထဲ လူမဆန့်လောက်အောင် ဖြစ်လာကာမှ လူ ၃-၄ ယောက် ဝတ်ကောင်းစားလှနှင့် မဏ္ဍပ်အတွင်း ဝင်လာသည်။ စားပွဲတွင် ထိုင်နေသူတွေအားလုံး ထိုင်ရာက ထရပ်ကာ ကြိုဆိုကြသည်။ မြေကြီးပေါ် ထိုင်နေကြသည့် ရွာသားများက ထိုင်ရမလို ထရမလို ဖြစ်သွားကြသည်။

လူ ၂ ယောက်က မဏ္ဍပ်အမိုးပေါ် တင်ထားသည့် အော်လံကို ဖြုတ်သည်။ မဏ္ဍပ်ထဲက လူအုပ်ဘက် အော်လံကို လှည့်ထားလိုက်သည်။ လူတယောက်က စကားပြောခွက်ကို ကိုင်ကာ စကားစပြောသည်။

“အခု ခင်ဗျားတို့က လုပ်အားပေးတာဝန်တွေ အောင်မြင်အောင် လုပ်အားပေးပြီးကြလို့ ကိုယ့်နေရပ်ကို ပြန်ကြမယ့်သူတွေ။ အဲဒါ မြို့နယ် …. က …. ကျေးဇူး … ပြော …”

ဓာတ်စက်သံကမကောင်း။ လူတွေက ဆူညံနေစဉ် အော်လံကြီးကလည်း လူတွေဖက်အနီးကပ်ပြီး တည့်တည့်လှည့်ထားသဖြင့် ပြောနေသည့်စကားကို ခရေစေ့တွင်းကျ ပီပီသသ မကြားကြရ။ မြို့နယ်က လူကြီးတယောက် စကားပြောလိမ့်မည် ဆိုတာလောက်ပဲ သဘောပေါက်ကြရ၏။

ထို့နောက် နောက်ထပ် လူတယောက် စကားပြောခွက်ကိုင်ရင်း မတ်တတ်ရပ်ကာ စကားပြောပြန်သည်။

“အခု ခင်ဗျားတို့ဟာ အုတ်တွင်းတမြို့ နယ်လုံး အားကိုးအားထားပြုကြရတော့မယ့် စပါးငါးကန် တူးဖော်ရေးစီမံကိန်းကြီးကို ကိုယ်တိုင်ကိုယ်ကျ အကောင်အထည်ခဲ့ကြတဲ့ သူတွေဖြစ်တယ်။ ခင်ဗျားတို့ အခု တူးဖော်ခဲ့တဲ့ စပါးငါးကန်တွေဆိုတာ တမြို့နယ်လုံးက လုပ်အားပေး လူဦးရေ ၂ သောင်းနဲ့ အကောင်အထည်ဖော်နေတာ ဖြစ်တယ်။ ခင်ဗျားတို့ အခု တူးခဲ့တဲ့ ရေမြောင်းတွေဟာ အလည်ခေါင်ကုန်းမြေတွေကို ဝိုင်းပတ်ထားတာ ခင်ဗျားတို့အားလုံး တွေ့ခဲ့ကြမှာပဲ။ အဲဒီရေမြောင်းတွေဟာ မိုးကျရင် ရေပြည့်လာမှာဖြစ်ပြီး အဲဒီရေမြောင်းတွေက ငါးမွေးမြူတဲ့ကန်တွေ ဖြစ်လာလိမ့်မယ်။ အလည်ခေါင်မှာတော့ စပါးစိုက်မှာဖြစ်တယ်။ ဒါကြောင့်မို့ ဒါကို စပါးငါးကန် စီမံကိန်းလို့ နာမည်ပေးထားတာ ဖြစ်တယ်..။ ဒီစီမံကိန်းဟာ ….”

ကိုမောင်လှ နေရာတွင်ပင် ငုတ်တုတ်ထိုင်ရင်း နားထဲက မကြားတချက် ကြားတချက်။ စကားလုံးတွေက မပီတချက် ပီတချက်။ သူ့စိတ်ကတော့ ရွာကို ပြန်ရောက်သွားလိုက်၊ မဏ္ဍပ်ထဲ ပြန်ရောက်လာလိုက်။ တနာရီနီးပါးကြာသည်အထိ ဓာတ်စက်နဲ့ စကားပြောနေသူက နိဂုံးမချုပ်နိုင်သေး။

“နိုင်ငံတော်ရဲ့ တပ်မတော်အစိုးရဟာ လူထုရဲ့ စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေအေးချမ်းသာယာရေးကို နေ့မအားညမအား ဆောင်ရွက်နေတဲ့အချိန်၊ ဒီစပါးငါးကန်စီမံကိန်းဟာ တနိုင်ငံလုံးရဲ့ စံပြစီမံကိန်းကြီးတခု၊ အမျိုးသားရေး စီမံကိန်းကြီးတခုအဖြစ် အကောင်အထည် ဖော်တာဖြစ်တယ် …”

လူတွေက ငုတ်တုတ်ထိုင်နေရင်း ဆေးလိပ်မီးညှိသူညှိ။ တယောက်ကိုတယောက် မီသူမီ။ ချောင်းခြောက်ဆိုးသူဆိုး။ စကားပြောသူပြော။ ငုတ်တုတ်ကြီး မေ့မျောနေသလို မျက်လုံးမှိတ်ပြီး နားထောင်သူက နားထောင်။

ကိုမောင်လှ သတိရလို့ ပတ်ဝန်းကျင်ကိုကြည့်တော့ သူလည်းပဲ အများနည်းတူ မဏ္ဍပ်အပြင်ဘက် ရောက်နေသည်ကို တွေ့ရသည်။ ဟောပြောပွဲ ဘယ်အချိန်က ပြီးသွားသည်ကိုပင် သတိမထားလိုက်ခဲ့။ ဘယ်လိုနည်းနဲ့ မဏ္ဍပ်အပြင်ဘက် ထွက်လာခဲ့သည်ကိုလည်း သတိမပြုမိခဲ့။

သူတို့လူစု ကားလမ်းဆုံ ကားဂိတ်ကို ပင်ပမ်းကြီးစွာ လျှောက်လာခဲ့ကြသည်။ မည်သူမျှ စကားမပြောနိုင်ကြတော့။ ကားလမ်းဆုံကို ခပ်ဝေးဝေးကတည်းက လှမ်းမြင်နေရသည်။ လူတွေ ကားလမ်းဆုံ နေပူအောက် ဟိုတစု၊ သည်တစုထိုင်ရင်း ကားစောင့်နေသည်ကို တွေ့ရ၏။

(မှတ်ချက်။ ။ အုတ်တွင်းမြို့အနီးက စပါးငါးကန်စီမံကိန်းကြီး အကောင်အထည်ဖော်ခဲ့သည်မှာ ၁၉ နှစ် ရှိပါပြီ။ ယခုအခါ အုတ်တွင်းမြို့နှင့် စစ်တောင်းမြစ်ကြား ကောနေသည့် အင်းကွင်းကြီးထဲတွင် မျက်စေ့တဆုံး ပြိုကျပျက်စီးလျက်ရှိသော၊ ငါးတကောင်တမြီးမှ မရှိသော စပါးငါးကန်စီမံကိန်း ရေကန်ကြီးများ၊ စပါးတပင်မှ မရှိဘဲ ခြုံနွယ်ပိတ်ပေါင်းများနှင့် ပြည့်နေသည့် မြေကွက်ကြီးများကို လူတိုင်း တွေ့မြင်နိုင်ကြပါသည်။)



ယနေ့ မြန်မာ့ရေးရာ သတင်းများ June,8th,2010

( 41 )၁၈ ကြိမ်မြောက် ကူမင်းကုန်စည်ပြပွဲတွင် မြန်မာပြခန်းများပြသ

( 40 )Arakanese Refugees Demonstrate at UNHCR in Malaysia

( 39 )တရုတ်ဆိုင်ကယ်များ ဖမ်းဆီးနေ

( 38 )Village Chairman Faces Rape Charge

( 37 )ရခိုင်လူမှုရေးအသင်း(ဂျပန်)၏ အလုပ် အမှုဆောင်သစ် ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ

( 36 )Chinese motorcycles seized on the Sino-Burma border

( 35 )ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးရေးမှ ဆံတော်ရှင် စေတီတော် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ကူညီ လုပ်ဆောင်မည်

( 34 )A Critical Year in Ethnic Politics

( 33 )မြန်မာနိုင်ငံအကြောင်း ဓာတ်ပုံဆု (၂) ဆု ချီးမြှင့်

( 32 )New Political Parties to Start Websites

( 31 )အောင်လံမြို့အနီး ကျေးရွာများ သောက်သုံးရေ ပြတ်လပ်

( 30 )Police Question Missile Expert Defector's Family

( 29 )မင်္ဂလာဈေး ဆေးရောင်းပွဲတော် ပြုလုပ်

( 28 )Ambassador Denies Nuclear Allegations; UN to Investigate

( 27 )နိုင်ငံရေးပါတီများတွင် စာပေ အနုပညာရှင်များလည်း ပါဝင်

( 26 )Brit Photographer Wins PX3 for Burma Work

( 25 )တောင်ဥက္ကလာပ နေအိမ်တလုံး မီးလောင်၊ တဦး သေဆုံး

( 24 )Myanmar issues new stamp to mark Sino-Myanmar relations anniversary

( 23 )လူမျိုးရေး မခွဲခြားရန် ဒုက္ခသည်ရုံးကို ဆန္ဒပြ

( 22 )The Burmese Nuclear Programme

( 21 )တခါသုံးဖုန်းကဒ်များ ရောင်းအား ထက်ဝက်ခန့် ကျဆင်း

( 20 )CNPC starts building Sino-Burma pipeline project

( 19 )IAEA looking into report on Myanmar nuclear programme

( 18 )အမျိုးသား ဘောလုံး သူရဲကောင်းတို့ရဲ့ စီးချင်းထိုးပွဲများ (အပိုင်း - ၁)

( 17 )၀ဒေသ ပန်းဆန်ဌာနချုပ်တွင် အစိုးရ ပညာရေး ၀န်ထမ်းများ ပြန်လည်ရောက်ရှိ

( 16 )Chinese, Myanmar leaders exchange greetings on anniversary of ties

( 15 )အဖွဲ့ချုပ်ဝင် ဦးအေးကို ပေါင်းတည်ထောင်တွင် တိုက်ပိတ်ထား

( 14 )Myanmar top leader stresses development of Sino-Myanmar friendly ties

( 13 )စစ်တပ်က လယ်သိမ်းပြီး အနည်းငယ် လျော်ကြေးပေး

( 12 )IAEA chief says looking into Myanmar nuclear report

( 11 )ကလေး စစ်သား ကိစ္စ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ဆက်ဆံရေး ရုံးကို တိုင်ကြား

( 10 )ILO presses for end to forced labour in Myanmar

( 9 )USDA Pulling Down Its Signs in Rangoon

( 8 )ပါတီ ရန်ပုံငွေ အတွက် စီးပွားရေး လုပ်ရန်ပြင်ဆင်

( 7 )Burma Wants to Build a Nuclear Bomb

( 6 )မြန်မာနျူကလီးယားအရေး IAEA စုံစမ်းမည်

( 5 )Burma economy in ‘artificial deficit’

( 4 )အဓမ္မလုပ်အားပေး ပပျောက်ရေး မြန်မာအစိုးရ ထိထိရောက်ရောက် မလုပ်

( 3 )Burma Snubs Asean Election Offer

( 2 )မြန်မာ့အရေး မှတ်တမ်းတင်ဓာတ်ပုံဆရာ ဆုချီးမြှင့်ခံရ

( 1 )Burmese migrants riot in Malaysian camp

Monday, June 7, 2010

ကြံ့ဖွံ့အသင်းဆိုင်းဘုတ်များ ဖြုတ်ချ

ဧရာဝတီ Monday, June 07, 2010

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) က ရန်ကုန်မြို့တွင်းရှိ မြို့နယ် ရုံးခွဲတချို့သည် ၎င်းတို့၏ ဆိုင်းဘုတ်များကို ယနေ့ ဖြုတ်ချ ခဲ့ကြောင်း သိရသည်။

တာမွေ၊ မင်္ဂလာတောင်ညွန့်၊ အလုံ၊ ကျောက်တံတားနှင့် ရန်ကင်းမြို့နယ်ရှိ ရုံးများတွင် တပ်ဆင်ထားသော ဆိုင်းဘုတ်များကို ဖြုတ်ချ နေခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ဧပြီလ ၂၉ ရက်နေ့တွင် ကြံ့ဖွံ့အသင်း ခေါင်းဆောင်များဖြစ်သော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၊ တခြားသော ၀န်ကြီး ၂၆ ဦးနှင့် စစ်တပ်မှ အရာရှိတို့စုစည်းကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ကြံ့ဖွံ့ ပါတီကို ဖွဲ့စည်းခဲ့သည်။

ယခုကဲ့သို့ ဆိုင်းဘုတ်ဖြုတ်ချခြင်းမှာ ကြံ့ဖွံ့ အသင်းကို နိုင်ငံရေး ပါတီအဖြစ်သို့ လုံးလုံးလျားလျား အသွင်ပြောင်းလဲခြင်း ဟုတ်၊ မဟုတ် ကိုမူ မသိရှိရသေးပေ။

ကြံ့ဖွံ့သည် ၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက်ဟု ဆိုခဲ့သော် လည်း နောက်ပိုင်းတွင် နအဖ၏ နိုင်ငံရေးမူဝါဒများကို အကောင် အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။

မောင်တောတွင် ကျေးရွာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် သင်တန်းပေး

မင်းဆက်ခိုင်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျေးရွာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်သင်တန်း တခုကို ယမန်နေ့က ပြုလုပ်ခဲ့သည်သည်။

အဆိုပါ သင်တန်းသို့ မောင်တောမြို့နယ်ရှိ ရပ်ကွက်- ကျေးရွာ စုစုပေါင်း ၁၂၀ ကျော်မှ သင်တန်းသား ၃၀၀ ခန့် တက်ရောက် ခဲ့သည်။

တက်ရောက်ခဲ့သူ ကော်မရှင် အဖွဲ့ဝင် တဦးက “ သင်တန်းကို ရပ်ကွက်နဲ့ ကျေးရွာ ကော်မရှင် ဥက္ကဌတွေ၊ ရယက စာရေးတွေရယ် ပီးတော့ ရယက အဖွဲ့ဝင်တွေရယ် တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ စုစုပေါင်း သင်တန်းသား ၃၀၀ ခန့်တက်ရောက်ခဲ့ပါတယ်” ဟု ပြောသည်။

မောင်တောမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာများတွင် ရွှေးကောက်ပွဲ ကော်မရှင်များကို ဖွဲ့စည်းထားပြီး ကျေးရွာထဲမှ သင့်တော်သူ တဦးကို ကျေးရွာ ကော်မရှင် ဥက္ကဌ အဖြစ် ရွှေးချယ် တင်မြှောက်ပြီး ရယက စာရေးမှာ အတွင်းရေမှူး ဖြစ်ပြီး ကျန်ရယက အဖွဲ့ဝင် တဦးမှာ ကော်မရှင် အဖွဲ့ဝင် ဖြစ်သည်။

ကော်မရှင် သင်တန်းကို နံနက် ၉ နာရီမှ နေ့လည် ၁၂နာရီထိ တကြိမ်နှင့် နေ့လည် ၁ နာရီမှ ညနေ ၄ နာရီ ထိ တကြိမ် ၂ ကြိမ် ပြုလုပ်ခဲ့သည်။

တခြား ကျေးရွာ ကော်မရှင်ဥက္ကဌ တဦးကို နိရဉ္စရာက ဆက်သွယ် မေးမြန်းရာ သူက သင်တန်း အခြေအနေကို ယခုကဲ့သို့ပြောသည်။

“သင်တန်းက ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်တွေနဲ့ ပတ်သက်ပြီး ထုတ်ထားတဲ့ စာအုပ်မှာ ပါတဲ့ အကြောင်း အရာတွေကို ရှင်းပြတာပါ။ ရွေးကောက်ပွဲကျလို့ရှိရင် ဘယ်လိုလုပ်ရမယ်။ ဘက်လိုက်ခြင်း မပြုလုပ်ရဘူး။ အမှန်အကန် ဆောင်ရွက်ရမယ်။ မဲထည့်မယ့် သူတွေ အနှောက်အယှက် ဖြစ်အောင် မလုပ်ရဘူး။ စစ်မှန်တဲ့ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ဆောင်ရမယ် စတာတို့ ရှင်းပြ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။”

ရွေးကောက်ပွဲ ကော်မရှင် သင်တန်းကို ဦးမြင့်သန်း(ခရိုင် ဥပဒေအရာရှိ)၊ ဦးမြင့်ဝင်း (ခရိုင်လဝကမှူး)၊ ဦးစည်သူအောင် (ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး) တို့မှ လာရောက် သင်ကြား ခဲ့ကြောင်း သိရသည်။

အလားတူ ရပ်ကွက်/ကျေးရွာ ရွှေးကောက်ပွဲ ကော်မရှင် သင်တန်း တခုကို လွန်ခဲ့သော စနေ့က ဘူုးသီးတောင်မြို့တွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ အတွက် မောင်တောမြို့နယ်တွင် မဲရုံး စုစုပေါင်း ၅၀၀ သတ်မှတ်ထားကြောင်း သတင်း ရရှိသည်။

မောင်တောမြို့မှ ပြည့်တံဆာတန်းကို ပြည်သူများက “နေပြည်တော် လမ်းဆုံ” အမည်ပေး

Narinjara News

ရခိုင်ပြည်နယ် မောင်တောမြို့မှ မကောင်းမူ လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်နေသည့် လမ်းဆုံ တခုကို ဒေသခံ ပြည်သူများက “ နေပြည်တော် လမ်းဆုံ” ဟု အမည်ပေးထားကြောင်း ဒေသခံ ပြည်သူ တဦးက ပြောသည်။

“ဘယ်သူက စပေးလိုက်သလဲဆိုတာတော့ ပြောရခက်ပါတယ်။ ဒါပေမယ့် အဲဒီလမ်းဆုံကို လူတိုင်းက နေပြည်တော် လမ်းဆုံ ဆိုပြီး ခေါ်နေကြပါတယ်။ အဲဒီလမ်းဆုံမှာ ဘီယာဆိုင်၊ အရက်ဆိုင်၊ ဗွီဒီယိုရုံတွေနဲ့ ဖါခန်းတွေပါ ရှိနေပီး ညနေပိုင်းကျရင် အထူးစည်ကားပါတယ်။ လူတွေက အဲဒီနေရာကို နေပြည်တော် လမ်းဆုံဆိုပီး ခေါ်ကြပါတယ်။” ဟု သူက ပြောသည်။

ယခုကဲ့သို့ မကောင်းမူ ဒုစရိုက် လုပ်ကိုင်နေသော ပြည့်တံဆာတန်း တခုကို မြန်မာ နိုင်ငံ၏ အစိုးရ ရုံးစိုက်ရာ မြို့တော် တခုဖြစ်သော “ နေပြည်တော်” နာမည်အား လူထုများက ပေးထားခြင်းမှာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ အနေဖြင့် အဆိုပါ လုပ်ငန်းများတွင် ပါဝင်ပတ်သက်မူ ရှိနေပြီး တချို့ ရဲအရာရှိများမှာ အဆိုပါ လုပ်ငန်းမှ လာဒ်ငွေများ ယူနေကြသည့် အပေါ် မကျေနပ်ရာမှ ဒေသခံများက နေပြည်တော် လမ်းဆုံဟု အမည်ပေးထားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခု ပြည်သူများ အမည်ပေးထားသော နေပြည်တော် လမ်းဆုံမှာ မောင်တောမြို့ ညောင်ချောင်း ကျေးရွာ လမ်းဆုံ ဖြစ်ပြီး ရွှေရင်အေး နတလ စံပြကျေးရွာနှင့် ကပ်ရပ် ဖြစ်သည်။

“အဲဒီနေရာမှာ မကောင်းမူလုပ်ငန်းတွေက စည်းမဲ့ ကမ်းမဲ့ ဖြစ်နေပါတယ်။ အတားအဆီး မရှိ ဖြစ်နေပါတယ်။ ညဆိုရင် ကာရာအိုကေတွေနဲ့ ပိုပီး အခြေအနေ ဆိုးပါတယ်။ သက်ဆိုင်ရာ ခယကနဲ့ မယက တာဝန်ရှိသူတွေကလည်း ဘာမှ အရေးယူ ဆောင်ရွက်တာ မရှိပါဘူး။ အားတော့နာပါတယ်။ ကြိုက်တဲ့ အချိန်မှာ ပြည့်တံဆာမတွေနဲ့ ခေါ်အိပ်လို့ ရပါတယ်။ လမ်းသွားလမ်းလာတွေနဲ့ အနီးအနားက ပြည်သူတွေအတွက် အထူး ထိခိုက်နေပါတယ်” ဟု သူက ဆက်ပြောသည်။

တခြားမြို့ခံ တဦးကလည်း နေပြည်တော် လမ်းဆုံ ဆိုရင် လူတိုင်း သိကြောင်းနှင့် နေ့စဉ် စစ်တွေမှ တဆင့် မကောင်းမူလုပ်ငန်းများ လုပ်ကိုင်သူ အမျိုးသမီးများ သင်္ဘောဖြင့် ရောက်ရှိနေကြောင်း သူက ယခုကဲ့သို့ ပြောသည်။

“မိန်းခလေးတွေက အသက် ၁၄ နှစ် အရွယ်၊ ၁၅ နှစ် အရွယ်တွေလည်း ပါတယ်လို့ သိရပါတယ်။ ဆင်းရဲ ကျပ်တည်းတဲ့ အတွက် ရခိုင်ပြည်နယ် အနှံ့ကလာပြီး လာရောက် လုပ်ကိုင် ကြတာပါ။ ခေါင်းတွေက သူတို့ကို ရခိုင်ပြည်အနှံ့ နေရာတွေက လိုက်ရှာပီး သင်္ဘောနဲ့ စစ်တွေက ဘူးသီးတောင်ကို ယူလာပါတယ်။ ဘူးသီးတောင်က တဆင့် မောင်တောကို ပို့ပီး ခုလို လုပ်ကိုင် စားသောက်နေကြတာ ဖြစ်ပါတယ်။ တနေ့ကလည်း ကောင်မလေး ၄ ဦး သင်္ဘောနဲ့ အသစ် ရောက်လာတယ်ဆိုပီး ကြားရပါတယ်” ဟု ပြောသည်။

ယခုအခါ ကမ္ဘာ့ဖလားပွဲ အတွက် ဘော်လုံး လောင်းမည့် လောင်းကစားဒိုင် အများအပြားကို ရဲတပ်ဖွဲ့က မောင်တောတွင် ဖွင့်လှစ်ခွင့် ပြုထားရာ ဘော်လုံးလောင်းသူများ ပျော်ပါးရန်အတွက် ဘော်လုံး ဒိုင်များ၊ ကရာအိုကေ ဆိုင်များနှင့် ဖါခန်းများမှ ပြည့်တံဆာ အသစ်များကို အနယ်နယ် အရပ်ရပ်မှ ခေါ်ယူ စုဆောင်းထားကြောင်း သတင်း ရရှိသည်။



စစ်အစိုးရ၏ နျူကလီးယားလက်နက် စီမံကိန်းပေါက်ကြား

NEJ / ၀၇ ဇွန် ၂၀၁၀

မြန်မာနိုင်ငံ၏ နျူကလီးယား လက်နက် ထုတ်လုပ် ရေး စီမံချက် များကို ဖော်ထုတ်သည့် သတင်း မှတ်တမ်း တခု ပေါက်ကြားခဲ့ပြီး သည့်နောက် မြန်မာစစ် အစိုးရသည် နျူကလီးယား နည်းပညာကို ရရှိရန် အားထုတ် နေသည် ဆိုသည့်အချက်မှာ ထင်ရှားကြောင်း နိုင်ငံတကာ အနုမြူစွမ်းအင် ဧဂျင်စီ ( IAEA) မှ ညွှန်ကြားရေး မှူးဟောင်း ရောဘတ်ကယ်လီက ထုတ်ဖော် ပြောကြား လိုက်သည်။

အဆိုပါ သတင်းမှတ်တမ်းကို နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ ဒီဗွီဘီက (၅) နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ပြီးခဲ့သည့် သောကြာနေ့ ဇွန် (၄) ရက်တွင် အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားခြင်းဖြစ်သည်။

စုံစမ်းထောက်လှမ်း မှုများအတွက် အရေးပါသည့် အထောက် အထား စာရွက်စာ တမ်းများ၊ ရောင်စုံ ဓာတ်ပုံ များကို မြန်မာ စစ်တပ်မှ နျူးကလီး ယားတပ်ရင်းတွင် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူး စိုင်းသိန်းဝင်းက ဒီဗွီဘီအား ပေးအပ်ကာ ဖော်ထုတ် ပြောဆို လိုက်ခြင်း ဖြစ်သည်။

မြိုင်မြို့ နျူကလီးယား စီမံကိန်းစက်ရုံတွင် ဒုတိယတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ဒုံးလက်နက်ကျွမ်းကျင်သူ မြန်မာစစ်အင်ဂျင်နီယာတဦးဖြစ်ပြီး ရုရှနိုင်ငံတွင် ဒုံးပျံနည်းပညာများ သင်ယူခဲ့သူဖြစ်သည်။

၎င်းက ဒီဗွီဘီသို့ ဆက်သွယ်ပြီး ပေးပို့ထားသည့် အထောက်အထား အချက်အလက် မှတ်တမ်းများအရ မြန်မာစစ်တပ်သည် ဒုံးလက်နက်စီမံကိန်းများအတွက် ရုရှထံမှ လေ့ကျင့်သင်ယူနေသော အထောက်အထားများကိုလည်း ဖော်ထုတ်ပေးနိုင်ခဲ့သည်။

“သူတို့ တကယ်လိုချင်နေတာ နျူကလီးယားဗုံးပဲ။ ဒါဟာ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ပဲ” ဟု စိုင်းသိန်းဝင်း၏ ပြောကြားချက်ကို အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားတွင် လွှင့်ထုတ်ခဲ့သည်။

အဆိုပါ အချက်အလက်မှတ်တမ်းများအား ဒီဗွီဘီနှင့်အတူ ပူးပေါင်းကာ လေ့လာခဲ့သည့် ရောဘတ်ကယ်လီကလည်း မြန်မာစစ်အစိုးရ၏ နျူကလီးယားလက်နက်များ ထုတ်လုပ်မှုအကြောင်းကို အထူးဆောင်းပါးတစောင် ရေးသားဖော်ထုတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါဆောင်းပါးတွင် ဒုံးပျံနှင့် နျူကလီးယားစီမံကိန်းများအတွက် နမူနာစက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် ပါဝင်ခဲ့သူတဦးဖြစ်သည့် ဗိုလ်မှူးစိုင်းသိန်းဝင်းက မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ နျူကလီးယားတပ်ရင်း၏ နျူကလီးယား ဓာတ်ပေါင်းဖိုတည်ဆောက်ခြင်း၊ နျူကလီးယား သန့်စင်စက်ရုံများ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဓာတ်ပုံများနှင့်တကွ ပြသပြောဆိုခဲ့သည်ဟု မစ္စတာ ကယ်လီက တင်ပြထားသည်။

ထို့အပြင် ဗိုလ်မှူးစိုင်းသိန်းဝင်းပြသသည့် ဓာတ်ပုံများအရ စစ်အစိုးရသည် နျူးကလီးယားဗုံးလုပ်ရာတွင် လိုအပ်သော ယူရေနီယမ်သတ္တု ပြုလုပ်ရန် ကြိုးစားနေကြောင်း အခိုင်အမာသိရှိရပြီး ယင်းအချက်သည် လက်နက်များပြုလုပ်ရာတွင်သာ အသုံးဝင်သော နျူကလီးယား နည်းပညာကို ရရှိရန် အားထုတ်နေသည် ဆိုသည့်အချက်ကို ထင်ရှားစေသည်ဟု ၎င်းကဆိုသည်။

“စစ်အစိုးရက ပလူတိုနီယမ်ကို နျူကလီးယားဗုံး ပြုလုပ်နိုင်ဖို့ nuclear reactor တခု တည်ဆောက်နေတဲ့အကြောင်း ဗိုလ်မှူးစိုင်းသိန်းဝင်းကို ပြောပြပါတယ်တဲ့” ဟု မစ္စတာကယ်လီက ဆောင်းပါးတွင် ကိုးကားဖော်ပြထားသည်။

မြန်မာစစ်အစိုးရသည် ယူရေနီယမ်များ တူးဖော်နေခြင်း၊ တူးဖော်ရရှိသည့် ယူရေနီယမ်များကို reactor နှင့် ဗုံးများတွင် အသုံးပြုနိုင်သော ဒြပ်ပေါင်းများသို့ ပြောင်းလဲနေခြင်း၊ နျူကလီးယားဗုံးလုပ်ရာတွင်သာ အသုံးပြုနိုင်သော reactor နှင့် ယူရေနီယမ် သန့်စင်စက်ရုံများကို တည်ဆောက်ရန် ကြိုးစားနေခြင်း တို့ကိုလည်း ဗိုလ်မှူးစိုင်းသိန်းဝင်း၏ အထောက်အထားများအရ တွေ့ရှိရသည်ဟု ဆက်လက် ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေသည် နျူကလီးယား စီမံကိန်းအတွက် လိုအပ်သောအဆောက်အအုံနှင့် စက်ပစ္စည်းများ တည်ဆောက်ရန် လုံလောက်သော အစွမ်းမရှိသေးဟု ဒီဗွီဘီ၏ အတိုင်ပင်ခံအဖွဲ့များက ယူဆခဲ့ကြောင်း၊ သို့သော် ဗိုလ်မှူးစိုင်းသိန်းဝင်းနှင့် အခြားရရှိသော အချက်အလက်များအရ စစ်အစိုးရသည် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်သည်အထိ ရည်မှန်းထားပြီး ယင်းအတွက် အရင်းအမြစ်များ တိုးချဲ့သုံးစွဲနေသည်မှာ ထင်ရှားကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာအနုမြူစွမ်းအင် ဧဂျင်စီ (IAEA) နှင့် ၁၉၉၅ ခုနှစ်တွင် နျူကလီးယားလက်နက်များ ရရှိရေးမကြိုးပမ်းပါဟူသော အပြည်ပြည်ဆိုင်ရာဥပဒေစံနှုန်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသော်လည်း ဗိုလ်မှူးစိုင်းသိန်းဝင်း ယူဆောင်လာသည့် အထောက်အထားများအရ မြန်မာစစ်အစိုးရ၏ လုပ်ဆောင်ချက်များသည် IAEA နှင့် သဘောတူညီချက်ကို ချိုးဖောက်ရာရောက်သည်ဟုလည်း မစ္စတာကယ်လီက တင်ပြထားသည်။


ဓာတ်ငွေ့ပိုက်လိုင်း ပေါက်သဖြင့် ရန်ကုန်မြို့ မီးအား ကျဆင်းဦးမည်

မျိုးချစ်သူ / ၀၇ ဇွန် ၂၀၁၀

ကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထပ်မံပေါက်သွားသည့်အတွက် ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုသည် ပုံမှန်ထက် လျော့ကျမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ပေးရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

၎င်းက “မေလ ဒုတိယပတ်ကလည်း တခါ ပိုက်ပေါက်သွားတယ်။ အဲဒီမှာ မီးတွေ ပုံမှန်ပေးနေတာ မပေးနိုင်ဖြစ်သွားတယ်။ အခုလည်း ပိုက်ပေါက်တာ ပြန်ပြင်နေတယ် မပြီးသေးဘူး၊ ပုံမှန်ထက် ကျမှာပဲ” ဟု ပြောသည်။

အဆိုပါပိုက်လိုင်းပေါက်မှုသည် ဇွန် (၂) ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသော်လည်း မည်သည့်ဒေသအနီး၊ မည်သည့်ကာလတွင် ပြန်လည်ပြင်ဆင်ပြီးစီးမည်ဆိုသည်ကိုမူ အဆိုပါ တာဝန်ရှိသူက ပြောဆိုခြင်း မရှိပေ။

ရန်ကုန်မြို့ခံများ အဆိုအရ မီးလာချိန် မမှန်သည့်အပြင် လာပါကလည်း မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ကျနော်တို့ စမ်းချောင်း ဗားကရာ ဘုန်းကြီးကျောင်းတိုက်အနီးက နေရာတွေကို ဥပမာထားပြောရရင် မနက် (၁၁) နာရီကနေ ညနေ (၅) နာရီထိ လာတယ်လို့ ယူဆရတဲ့ ရက်တွေမှာ မီးကကြားမှာ (၄) ခါလောက်ပြတ်တယ်။ လျှပ်စစ်က အရင် ထုတ်ပြန်ထားတဲ့ စာရင်းရှိတယ်လေ။ နံနက် (၁၁) နာရီမှ ညနေ (၅) နာရီထိ တအုပ်စု ဆိုရမှာပေါ့” ဟု စမ်းချောင်းမြို့နယ် နေသူတဦးက ပြောသည်။

ပြီးခဲ့သည့် မေ (၁၂) ရက်၌ ပေါက်သွားခဲ့သည့် ပိုက်လိုင်းနေရာမှာ ရေးမြို့၊ နောင်ပိုရွာအနီးတွင်ဖြစ်ကြောင်း၊ ပိုက်ပေါက်သည်မှာ မသမာသူများကြောင့် မဟုတ်ဘဲ ပိုက်များ ကြာမြင့်နေပြီ ဖြစ်သည့်အတွက် ဆွေးမြေ့ပေါက်ထွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ပေးရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ထို့နောက် မေ (၁၄) ရက်မှစ၍ စက်မှုဇုန်များ၊ အသေးစားစက်မှု လုပ်ငန်းများကို လျှပ်စစ်ဖြတ်တောက်ရန် လုပ်ငန်းသုံးမီတာများကို ဖြုတ်သိမ်းခဲ့ကာ မေ (၂၀) တွင် ပြန်လည်တပ်ဆင်ပေးခဲ့သော်လည်း ယခုတိုင် လျှပ်စစ်မီး ပုံမှန် မရရှိသေးကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

တနင်္သာရီမှ ရန်ကုန်သို့ သွယ်ထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ နှစ်စဉ်ပေါက်တတ်ကြောင်း၊ ပိုက်လိုင်းများ သံချေးတက်ကာ ဆွေးမြေ့ပေါက်ထွက်ခြင်းဖြစ်ကြောင်း၊ ထို့အတွက် ယခုအခါ ရတနာကမ်းလွန်ပြင်မှရသော ဓာတ်ငွေ့ကို (၂၄) လက်မအရွယ်ရှိ ပိုက်လိုင်းများဖြင့် သွယ်တန်းထားကြောင်း သိရသည်။

သွယ်တန်းထားသည့် ပိုက်လိုင်းအရှည်မှာ (၁၇၉) မိုင်ရှိပြီး ကမ်းလွန်ပိုင်းတွင် (၉၃) မိုင်၊ ကုန်းတွင်းပိုင်းအရှည် (၈၆) မိုင်ရှည်လျားကြောင်း စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

ယင်း ပိုက်လိုင်းသွယ်တန်းသော စီမံကိန်းကို အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီလီမိတက်က လုပ်ပိုင်ခွင့် ရရှိထားခြင်းဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သော စီးပွားရေးအသိုင်းအ၀ိုင်းက သိရှိရသည်။

အစိုးရက ၂၀၁၀ ပြည့်နှစ် မေလကုန်တွင် ရန်ကုန်၌ လျှပ်စစ်မီး အပြည့်ပေးမည်ဟု ပြည်သူတို့ကို ပြည်တွင်း သတင်းဂျာနယ်များမှ တရားဝင်ပြောကြားထားသော်လည်း ယခုအခါ သွယ်တန်းပြီးစီးပြီဆိုသော (၂၄) လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ထုတ်လွှတ်ခြင်း လုံးဝမရှိသေးကြောင်း သိရသည်။

ယင်းသို့ ဓာတ်ငွေ့မပို့လွှတ်နိုင်ခြင်းသည် လုပ်ပိုင်ခွင့်ရသော IGE ကုမ္ပဏီမှ အရည်အသွေး ပြည့်မီသော ပိုက်များကို မတပ်ဆင်သောကြောင့်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် ရေအားနှင့် သဘာဝဓာတ်ငွေ့များမှ ထုတ်လုပ်သော လျှပ်စစ်ပမာဏမှာ (၆၆၀) မဂ္ဂ၀ပ်သာရှိပြီး ရန်ကုန်တမြို့လုံး လိုအပ်သော ပမာဏမှာ မဂ္ဂါဝပ် (၇၀၀) နီးပါးဖြစ်ကြောင်း သိရသည်။

ယခုရရှိသော မဂ္ဂါဝပ် (၆၆၀) မှ တ၀က်ကို ရန်ကုန်တွင် သုံးစွဲနေကြောင်း လျှပ်စစ်ပေးဝေရေး၏ မှတ်တမ်းများအရ သိရသည်။

တရားဝင်ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံကုမ္ပဏီတည်ထောင် ခွင့်ပေးမည်

ဇော်ကြီး။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအပါအ၀င် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအား အသက်အာမခံကြေးရရှိနိုင် ရန် ထိုင်းအစိုးရက အာမခံကုမ္ပဏီတစ်ခု တည်ထောင်ခွင့်ပေးမည်။

ကုမ္ပဏီသို့ ငွေပေးရာတွင် အလုပ်သမားများထံမှ ပေးသွင်းရန်မလိုဘဲ အလုပ်ရှင် တစ်ဦးတည်းကသာ အလုပ် သမားလစာ၏ ၁ ရာခိုင်နှုန်းကိုပေးသွင်းရမည်ဟု မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့၏ အလုပ်သမားရေးရာ တာ ၀န်ခံ ကိုသက်ခိုင်က ပြောသည်။

“ဥပမာဆိုလိုတဲ့သဘောက ငါးထောင်ဝင်ငွေရှိတဲ့သူက တစ်ရာခိုင်နှုန်းဆိုလို့ရှိရင် တစ်လ ငါးဆယ်ပေါ့ ဗျာ။ အဲဒီကျတော့ တနှစ်ဆိုတော့ ၆၀၀ ပေါ့ဗျာ။ အာမခံကြေး တစ်နှစ်စာ သွင်းရမယ်။”

နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးကော်မတီမှ ယမန်နေ့ကပြုလုပ်သည့်အစည်းအဝေးတွင် ထိုင်း အလုပ်သမားရေးဝန်ကြီးဌာနက ဆုံးဖြတ်ချက်ချမှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ငန်းလုပ်ကိုင်ရန် မည်သည့်ကုမ္ပဏီအားလုပ်ကိုင်ခွင့်ပေးမည်ဆိုသည့်အချက်ကို လာမည့်အပတ်အစည်း အဝေးရောက်မှသာ ဆွေးနွေးသွားမည်ဖြစ်သည်။

ယင်းအစီအစဉ်သည် ထိုင်းအလုပ်သမားများ ရရှိနေသော လူမှုဖူလှုံရေးရံပုံငွေနှင့် သက်ဆိုင်ခြင်းမရှိဘဲ ပုဂ္ဂလိက အသက်အာမခံကုမ္ပဏီတွေက ကြားခံလုပ်ပေးသွားမည် ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများအား ကုမ္ပဏီမှအသက်အာမခံကြေး အမှန်တကယ်ပေးပါက ကောင်းသည့်လက္ခဏာ ဖြစ် ၍ ကြိုဆိုကြောင်း ဘန်ကောက်ရှိ မြန်မာအလုပ်သမားတစ်ဦးက ၎င်း၏အမြင်ကို ယခုလိုပြောသည်။

“အစတုန်းက ကျနော်တို့နေလာတာက အလုပ်သမားလက်မှတ်နဲ့နေတယ်။ ဘာမှအခွင့်အရေးမှ မရှိဘူး လေ။ ဘာမှလည်းတောင်းဆိုခွင့်မရှိဘူး။ အခုကျနော်တို့က ပတ်စပို့စ် ရထားတော့ ခံစားခွင့်အပြည့် အ၀ရလာတယ်။ နောက်ပြီးတော့ တောင်းဆိုခွင့်အပြည့်အ၀ ရလာတယ်ပေါ့။ အမှန်တကယ် ထုတ်ပေး မယ်ဆိုရင်တော့ကောင်းပါတယ်ဗျ။ ကိုယ့်ဗမာ ပြည်သားတွေအတွက် အထောက်အကူ တစ်ခုဖြစ်တာ ပေါ့နော။”

ယခင်က မြန်မာနိုင်ငံသားများတော်ရုံနှင့်မရနိုင်သည့် အခွင့်အရေးမျိုးရလာနိုင်သည့်အတွက် ယင်းကိစ္စအပေါ် ကြို ဆိုသော်လည်း ကုမ္ပဏီအား လုပ်ပိုင်ခွင့်ပေးထားသည့်အပေါ် ယင်းကုမ္ပဏီအနေနှင့် လူ့အခွင့်အရေးအပေါ် အ ခြေခံပြီး စဉ်းစားမှုရှိမရှိကို စောင့်ကြည့်ရန်လိုအပ်သည်ဟု အလုပ်သမားအရေးကို ကူညီပေးနေသူများက သုံးသပ် ပြောဆိုကြသည်။

လွန်ခဲ့သော ဖေဖေါ်ဝါရီလအထိ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားများအား သက်တမ်း တိုးစဉ်ကာလတွင် မြန်မာ အလုပ်သမား ၁သန်းကျော် တရားဝင်မှတ်ပုံတင်ခဲ့သည်။

အမေရိကန်နှင့် မြန်မာဆက်ဆံရေးတင်းမာနိုင်ဟု အတိုက်အခံသုံးသပ်

ဖနိဒါ

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် Jim Webb ၏ ခရီးစဉ် ရပ်ဆိုင်းလိုက်ရခြင်းကြောင့် စစ်အစိုးရနှင့် အမေရိကန်ဆက်ဆံရေး တင်းမာလာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သုံးသပ်ထားသည်။


ဆီးနိတ်နိုင်ငံခြားရေးကော်မတီ အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ၏ ဥက္ကဌဖြစ်သူ ဂျင်မ်ဝက်ဘ် သည် မြန်မာနိုင်ငံသို့ ယနေ့သွားရန် သတ်မှတ်ထားပြီးမှ အချိန်ကပ်၍ သူ၏ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာအပြီး မြန်မာအတိုက်အခံအဖွဲ့ကြီးက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အမေရိကန်နဲ့ သူတို့ကြားထဲမှာ ဒီကိစ္စတွေ အကြောင်းပြုပြီးတော့ တင်းတင်းမာမာ ဆက်ဆံလာနိုင် တယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။

ယခင်နှစ် နှောင်းပိုင်းမှစသည့် အမေရိကန် သမ္မတသစ် အိုဘားမား၏ ထိတွေ့ဆက်ဆံရေးမူဝါဒအသစ်သည် တိုတက်မှုမရှိဟု သူက ထပ်ပြောသည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် NLD ဒုဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း တို့အပါအဝင် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ၇ ဦးအား လာမည့် စနေနေ့ မွန်းလွဲပိုင်းတွင် အမေရိကန်သံမှူး၏ နေအိမ်၌ တွေ့ ဆုံရန် အစီအစဉ်ရှိခဲ့သည်။

မြန်မာနိုင်ငံက မြောက်ကိုးရီးယားထံမှ နျူကလီးယားရရှိရေး ကြိုးပမ်းနေသည့် စွပ်စွဲချက်များ ထွက်နေသည့်အပေါ် စိုးရိမ်မကင်းဖြစ်နေပြီး မြန်မာဘက်က ကောင်းစွာ ဖြေရှင်းမှု မပေးနိုင်မချင်း သွားရောက်ခြင်း မပြုဟု မစ္စတာဂျင်မ်ဝက်က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

သို့သော် ယခင်လက အမေရိကန် အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ကမ်းဘဲ Kurt Campbell နှင့် နအဖ ဝန်ကြီးများ နေပြည်တော်၌ တွေ့ဆုံစဉ် မစ္စတာ ကမ်းဘဲက မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးအပေါ် စိုးရိမ်ကြောင်း ပြောကြားရာ သိပ္ပံနှင့်နည်း ပညာဝန်ကြီး ဦးသောင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) တို့ အား “အပြည့်အဝ” လိုက်နာမည်ဟု စစ်အစိုးရက ပြောထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာ” ကို ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်ရှိကြောင်း ပြန်လည်ပြောကြားကြောင်း စစ်အစိုးရဘက်က ထုတ်ပြန်ခဲ့သည်။

၂ဝဝ၆ ခု အောက်တိုဘာ ၉ ရက်တွင် မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ကုလလုံခြုံရေးကောင်စီက စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုပြုလုပ်သော ဆုံးဖြတ် ချက်အမှတ် ၁၇၁၈ ကို အောက်တိုဘာ ၁၄ ရက်နေ့တွင် ချမှတ်ခဲ့သည်။

၂ဝဝ၉ ခု မေလ က ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် မြောက်ကိုရီးယား ကုန်တင် သင်္ဘော၊ လေယာဉ်တို့ကို လက်နက်သယ်ဆောင်လာလျှင် ကုလအဖွဲ့ဝင်နိုင်ငံများက စစ်ဆေးခွင့်ရှိစေမည့် ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ယင်းနှစ် ဇွန်လတွင် ချမှတ်ခဲ့သည်။ ယင်းဆုံး ဖြတ်ချက်အရ မြောက်ကိုရီးယားအား လက်နက်ရောင်းချခြင်း သို့မဟုတ် သူ့ထံမှ လက်နက်ဝယ်ယူခြင်းမပြုရန် အဖွဲ့ဝင်နိုင်ငံများကို တားမြစ်ထားသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို မူအားဖြင့် ကန့်ကွက်သူ မစ္စတာဂျင်မ်ဝက်ဘ် ယခင်နှစ် သြဂုတ် လ ၁၅ ရက်နေ့က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

စစ်အစိုးရက မြောက်ကိုးရီးယားမှ နျူကလီးယားလက်နက်များ ဝယ်ယူသည်ဟု အမေရိကန်က သံသယရှိနေသည်ဟု အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၏ နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်က ပြောသည်။

၂ဝဝ၈ ခု အတွင်း ဗိုလ်ချုပ်ကြီးသူရရွှေမန်း ဦးဆောင်သည့် စစ်ဘက်အဆင့်မြင့် ကိုယ်စားလှယ်များ သည် တရုတ်နိုင်ငံမှတဆင့် မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူလက်မှတ်ရေးထိုးကြောင်း လျို့ဝှက်မှတ်တမ်းများ မဇ္ဈိမက လက်ခံရရှိခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ရွှေ့ဆိုင်းသည့်အချိန်သည် မြောက်ကိုရီးယားနှင့် စစ်အစိုးရတို့၏ မဟာမိတ် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ် ဝမ်ကြားပေါင် ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

တရုတ်ဝန်ကြီးချုပ်သည် နေပြည်တော်တွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးမှု ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည်။

မစ္စတာဝမ်ကြားပေါင်၏ ခရီးစဉ်အတွင်း စွမ်းအင်၊ ရေအားလျှပ်စစ်၊ ငွေချေးခြင်းတို့အပါအဝင် နှစ်နိုင်ငံသဘောတူညီချက်စာချုပ် အနည်းဆုံး တဒါဇင်လက်မှတ်ရေးထိုးခဲ့သည်ဟု နေပြည်တော်သတင်းရပ်ကွက်တခုက မဇ္ဈိမသို့ ပြောသည်။

မည်သို့ပင်ဖြစ်စေကာမူ ဂျင်မ်ဝက်ဘ်သည် မြန်မာနိုင်ငံသို့ သွားရောက်ရန် ဆုံးဖြတ်ထားပုံ ရှိနေပြီး မစ္စတာဂျင်မ်ဝက်ဘ်နှင့် သမ္မတ အိုဘားမား၏ အစိုးရအဖွဲ့သည် မြန်မာစစ်ဗိုလ်ချုပ်များ တရုတ်နိုင်ငံ၏ ထိပ်တန်းကိုယ်စားလှယ်များနှင့် တွေဆုံခဲ့သည့် ရက်သတ္တပတ်၌ပင် မြန်မာစစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သဖြင့် ၎င်းတို့၏ စစ်အစိုးရအပေါ် ပျော့ပြောင်းသော မူဝါဒသည် ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားများနှင့် ဒီမိုကရက်တစ် ပါတီဝင်များစွာတို့၏ ပြင်းထန်သော ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။

မြန်မာ့နိုင်ငံရေး အတိုက်အခံ အင်အားစု များစွာကလည်း မစ္စတာဂျင်မ်ဝက်ဘ်၏ စစ်အစိုးရအပေါ် သဘောထားနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးခြေအနေအပေါ် ထားရှိသည့် ရှုထောင့်ကို စိုးရိမ်မကင်း စောင့်ကြည့်နေကြသည်။ ၂ဝဝ၈ ခုနှစ်က ထုတ်ဝေခဲ့သည့် မစ္စတာ ဂျင်မ်ဝက်ဘ်၏ “ ပျံသန်းဖို့ အချိန်တန်ပြီ (မျှတ၍ ဂုဏ်သိက္ခာရှိသော အမေရိကကို ပြန်လည်ဆယ်ယူခြင်း)” ဆိုသည့် စာအုပ်တွင် သူက အကယ်၍ အနောက်နိုင်ငံများအနေဖြင့် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများကို အတိတ်က ပိုမိုပြုလုပ်ခဲ့လျှင် ၂ဝဝ၇ စက်တင်ဘာတွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် သံဃာတော်များအား စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သည့်အဖြစ်မျိုးကို ရှောင်လွှဲနိုင်လိမ့်မည်ဟု ရေးသားခဲ့သည်။

မစ္စတာဂျင်မ်ဝက်ဘ် သတိမထားမိသည်မှာ ၂ဝဝ၇ ခုနှစ်မှ ယနေ့အချိန်အထိ မြန်မာစစ်အစိုးရ စီးပွားရေး အမြတ်အစွန်းရရှိမှု၏ အဓိကရင်းမြစ်မှာ ပြင်သစ် တိုတယ်လ် သဘာဝဓာတ်ငွေ့ ကုမ္ပဏီနှင့် အမေရိကန် ချက်ဗရွန် စွမ်းအင်ကုမ္ပဏီနှင့် ဖက်စပ်ပြုလုပ်ရာမှ ရရှိသော ဝင်ငွေများ ဖြစ်သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်၏ စစ်အစိုးရအပေါ် ပျော့ပြောင်းလွန်းသော သဘောထားဖြင့် ချဉ်းကပ်နေမှုကို မြန်မာအတိုက်အခံများက မကျေနပ်ကြပေ။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအား တည်ထောင်ခဲ့သူများထဲမှ တဦးဖြစ်သူ ဦးပညာဇောတက မစ္စတာဂျင်မ်ဝက်ဘ်၏ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ပြီးခဲ့သည့် နှစ်က တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် ဧရာဝတီ မဂ္ဂဇင်းတွင် ပြင်းထန်စွာ ဝေဖန်ရေးသားခဲ့ဖူးသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ဦးပညာဇောတက “ အခုဆိုရင် မြန်မာပြည်သူပြည်သားတွေဟာ မစ္စတာဂျင်မ်ဝက်ဘ်ကို စက်ဆုပ်မုန်းတီး ကုန်ကြပါပြီ။ တကယ်လို့ သူ့အနေနဲ့ အမေရိကန်အစိုးရရဲ့ စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူထားမှုတွေကို ရုပ်သိမ်းသွားပြီး မူဝါဒပြောင်းအောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ စစ်အာဏာရှင် သန်းရွှေကို အဓိက အထောက်အပံ့ ပေးခဲ့သူတဦးအဖြစ် သမိုင်းမှာ သူ့အတွက် တနေရာ သေချာသွားမှာပါ” ဟု ရေးသားခဲ့သည်။




ဘူးသီးတောင်ထဲရှိ နိုင်ငံရေး အကျဉ်းသားများကို ရာဇ၀တ်သားများနှင့် အတူထား

Narinjara News

ဘူးသီးတောင်ထောင်ထဲရှိ နိုင်ငံရေး အကျဉ်းသား အများအပြားကို သီးသန့် မထားဘဲ ရာဇ၀တ် ပြစ်မူ ကျူးလွန် သူများနှင့် အတူရောထား သဖြင့် နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် အခက်ကြုံနေရကြောင်း သတင်း ရရှိသည်။

များမကြာမှီက ထောင်ထဲမှ လွတ်လာသူ တဦးက � အခု လောလောဆယ် ရာဇ၀တ်သားတွေနဲ့ အတူ ရောထားတာက နိုင်ငံရေးသမား ၅ ဦး ဖြစ်ပါတယ်။ သူတို့ကိုကျွန်တော်တို့နေတဲ့ အဆောင် ၃ မှာထားပါတယ်။� ဟု ပြောသည်။

ရာဇ၀တ်သားများနှင့် အတူ ထားခံရသည့် နိုင်ငံရေးသမား ၅ ဦးမှာ ၂၀၀၇ ခုနှစ် စစ်တွေ ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သဖြင့် ဖမ်းဆီး လူဝတ်လဲခံရသူ ဦးအိသရိယ၊ တောင်ကုတ်မြို့မှ အဖွဲ့ချုပ် လူငယ်များ ဖြစ်ကြသည့် ကိုမိုးနေစိုး၊ ကိုချစ်မောင်မောင်၊ ကိုသန်းဌေးနှင့် ကိုမောင်မောင်သက် တို့ ဖြစ်ကြသည်။

ခုလို ရာဇ၀တ် ပြစ်မူ ကျူးလွန်တဲ့ ထောင်သားတွေ အတူထားတဲ့ အတွက် သူတို့ လုံခြုံရေးကို စိုးရိမ်ရတယ်။ ထောင်ထဲမှာက ကြီးနိုင် ငယ်ညှဉ်း စနစ် တွေရှိပါတယ်။ ပီးရင် မကြာခဏ ထောင်သားတွေ ရန်ဖြစ် တာတွေလည်း ရှိပါတယ်။ ထောင်အာဏာပိုင်တွေကို နေရာ ပြောင်းရွှေ့ပေးဖို့ ပြောပေမယ့် လည်း ထောင်အာဏာာပိုင်တွေက ဆောင်ရွက်ပေးမယ်ဆိုပီး ဘယ်တော့မှ မပြောင်းပေးဘူး။ ချိုးမယ့် ရေဆိုရင်လည်း သူတို့က တခြား ထောင်သား တွေလိုဘဲ ၆ ဖလားဘဲ ရပါတယ်။ ကျွေးတဲ့ ထမင်းကလည်း ပုံစံ ထမင်း ဖြစ်ပါတယ်� ဟု သူက ဆက်ပြောသည်။

ရှစ်ဆယ်ရှစ် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်ကိုမူ အတွင်း ထောင်တွင် သီးသန့်ထားရှိပြီး တီဗွီ တလုံးနှင့် မီးစက် တလုံးအား များမကြာမှီက တပ်ဆင် ပေးထားသည်ဟု သူက ပြောသည်။

� ကိုဌေးကြွယ်နဲ့ ထောင်သားတွေကို တွေ့ခွင့်မပေးပါဘူး။ သူ့ကို သီးသန့်ထားပါတယ်။ သူကိုတွေ့နိုင်တာက ဥပုတ်နေ့တွေမှာဆိုရင် ဘုရား ၀တ်ပြုတဲ့ ခမ်းမဆောင်မှာ တွေ့နိုင်ပါတယ်။ ဒါပေမယ့်လည်း ထောင်သား တွေက အများကြီးဆိုတော့ စကားပြောရဖို့ဆိုတာ မလွယ်ပါဘူး။ သူ့ကို သတင်းစာ ဖတ်ခွင့်ပေးတယ်။ လတိုင်း အစားအသောက်နဲ့ ဆေးဝါးတွေ အပြင်က ပုံမှန်လာပါတယ်။ တခြားထောင်ထဲက နိုင်ငံရေး အကျဉ်းသား တွေကို သူက စားစရာ သောက်စရာတွေနဲ့ ဆေးဝါးတွေ မျှဝေပေးပါတယ်။ သူ့ရဲ့ အခြေအနေက ကောင်းတယ်လို့ ပြောမယ်ဆိုရင် ပြောလို့ ရမယ်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ထွက်မလာခင် ကိုဌေးကြွယ် နေမကောင်း ဖြစ်နေတယ်လို့ ကြားခဲ့ရပါတယ်။�

တောင်ကုတ်မြို့မှ ကျောင်းသူ တဦးဖြစ်သူ မနီနီမေမြင့်ကိုလည်း အတွင်းဆောင်တွင် အမျိုးသမီးများနှင့် အတူထားသဖြင့် သူမ၏ အခြေအနေကို တိတိကျကျ မသိရှိကြောင်းသူက ပြောသည်။

ဘူးသီးတောင်ထောင်ထဲတွင် ထောင်သား ၁၄၅၀ ဦးရှိပြီး နိုင်ငံရေး အကျဉ်းသား ၂၀ ကျော်ရှိကြောင်း သိရသည်။ တနေ့အတွက် ဆန်အိတ် ၂၄ လုံး ထုတ်ပေးသော်လည်း ၁၇ အိတ်ကို ချက်ပြီး ကျန် ၇ အိတ်ကို ထောင်ပိုင်၊ ထောင်မှူးများက ရောင်းစားကြသည်ဟု သူက ပြောသည်။

လက်ရှိ ဘူးသီးတောင် ထောင်ပိုင်မှာ ဦးတင့်ဆွေ ဖြစ်ပြီး ထောင်မှူးမှာ ဦးကြည်ဦး ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ဘူးသီးတောင် ထောင်ထဲတွင် လွတ်ရက်နီး ထောင်သားများကို အပြင်သို့ ထုတ်ကာ အလုပ်ခိုင်းစေလေ့ရှိပြီး အလုပ် မလုပ်လိုသူ ထောင်သားများ အနေဖြင့် ထောင်ပိုင်၊ ထောင်မှူးတို့ကို ငွေ ၃၀၀၀၀ ကျပ်ကနေ တသိန်းထိပေးရသည်ဟု သူက ပြောသည်။