Saturday, March 5, 2011

တိုင်းရင်းသား တပ်ဖွဲ့များကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းမည်

သန်းထိုက်ဦး Saturday, 05 March 2011

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းရန် စစ်အစိုးရခေါင်းဆောင်များက ညွှန်ကြားထားကြောင်း သိရသည်။

၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အပေါ် ဗိုလ်ချုပ်ကြီးနေဝင်း၏ မဆလခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများတွင် စတင်ကျင့်သုံးခဲ့သော ဖြတ်လေးဖြတ် အစီအစဉ်မှာ လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာ အရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ အရင်းအမြစ်များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း တို့ဖြစ်သည်။


ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် ယင်းဖြတ်လေးဖြတ်အစီအစဉ်ကို ပြန်လည်အကောင်အထည်ဖော်ရန် စစ်ရုံးက သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြားထားကြောင်း စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါ စစ်ဘက်ဆိုင်ရာ သတင်းများအရ ဖြတ်လေးဖြတ်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအချင်းချင်း ဆက်သွယ်ရေးလမ်းကြောင်းများကိုပါ ဖြတ်တောက်မည့် အစီအစဉ်လည်း ထပ်တိုးထားသည်ဟု ဆိုသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ဖြတ်လေးဖြတ် အစီအစဉ်သည် ကုန်းအတွင်းပိုင်း ဒေသများ၌ ကျင့်သုံးအောင်မြင်ခဲ့ကြောင်း၊ သို့သော် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် နယ်စပ်ဒေသများတွင် အခြေစိုက်လှုပ်ရှားသောကြောင့် ထိရောက်နိုင်ဖွယ် မရှိကြောင်း ပြောသည်။

“ဖြတ်လေးဖြတ် အစီအစဉ်က ကုန်တွင်းပိုင်းမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်ရေးဆင်နွှဲဖို့ စီမံထားတဲ့ မဟာဗျူဟာပါ။ အထူးသဖြင့် ပဲခူးရိုးမမှာ လှုပ်ရှားနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ KNU ကို တိုက်ဖို့ပါပဲ။ ဒါပေမယ့် အခု ပစ်မှတ်ထားနေတဲ့ တိုင်းရင်းသားအုပ်စုတွေက တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်တွေမှာ လှုပ်ရှားနေကြတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကွပ်ကဲမှု နယ်မြေအလိုက် ဆက်သွယ်ရေး လမ်းကြောင်းများအား ဖြတ်တောက် ပိတ်ပင်ခြင်း၊ လူနှင့် စားသုံးကုန် ပစ္စည်းများ မ၀င်ရောက်စေရန် တားဆီးခြင်း၊ ကွပ်ကဲမှု နယ်မြေများအလိုက် အ၀င်အထွက်လမ်းများတွင် တပ်၊ ရဲ၊ ပြည်သူ့စစ် (ပသစ) တို့ ပူးပေါင်း၍ ပိတ်ဆို့ ရှာဖွေ တားဆီးခြင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းဆက် သွယ်နိုင်မည့်လမ်းကြောင်းများကိုလည်း ဖြတ်တောက်ပိတ်ဆို့ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် လက်နက်ကိုင်အဖွဲ့များ ၀င်ထွက်သွားလာနိုင်သော နေရာများကို လှုပ်ရှားစစ်ကြောင်းများဖြင့် နယ်မြေ စိုးမိုးရန်နှင့် ကင်းပုန်းဝပ်ခြင်း၊ ကွပ်ကဲမှု နယ်မြေအလိုက် သတ်မှတ်နယ်မြေအတွင်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ သတင်းအား ရယူခြင်း၊ ရန်သူ့ အမာခံများကို ရှင်းလင်း ဖော်ထုတ် ဖမ်းဆီးခြင်းလည်း ပါဝင်ကြောင်း သိရသည်။

ဖြတ်လေးဖြတ် အစီအစဉ်ကြောင့် တိုင်းရင်းသားဒေသများတွင် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ရွာမီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။

စစ်အရာရှိဟောင်း ဗိုလ်ထက်မင်းက “စစ်အစိုးရက ဖြတ်လေးဖြတ် အစီအစဉ်ကို ပြန်ပြီး မွမ်းမံထားတာပါ။ ကျနော် တပ်ထဲမှာ ရှိတုန်းကဆို ဒီလို သံသယရှိတဲ့ ရွာသားတွေကို မောင်းထုတ်ပြီး ရွာတွေကို မီးရှို့ပစ်တာကို တံမြက်စည်းလှည်းတယ် လို့ ခေါ်ပါတယ်” ဟု ပြောသည်။

ယခု အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေး ခိုလှုံနေသော ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က မြန်မာပြည်အရှေ့ဘက်ခြမ်းတွင် အကြီးအကျယ် ပြောင်းရွှေ့နေရာချထားခြင်းများသည် ဖြတ်လေးဖြတ် အစီအစဉ်နှင့် ပတ်သက်နေကြောင်း၊ ၁၉၉၀ နှစ်များအတွင်းက စစ်ရုံးမှ တိုက်ရိုက်ညွှန်ကြားသည့် အကုန်ရှင်းရေး မူဝါဒ (No Man’s Land Policy) ဖြစ်ကြောင်း ပြောသည်။

No Man’s Land Policy ဆိုသည်မှာ စစ်ဆင်ရေး ဧရိယာအတွင်းတွင် တွေ့ရသော ကလေးလူကြီး မကျန်ကို သတ်ဖြတ်ပစ်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။

နအဖ စစ်အစိုးရက ဖြတ်လေးဖြတ် ပြုလုပ်ရန် ညွန်ကြားချက်ထွက်ပေါ်ချိန်တွင် ဖေဖော်ဝါရီလအတွင်းက ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ်ဘက်သို့ ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင်နေသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက်ခြမ်းတွင် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်း ၇ ရင်းနှင့် သံချပ်ကာ ကား ၂၀ ကျော်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက တိုးချဲ့ချထားကြောင်း သိရသည်။

မိုင်းလား တပ်ဖွဲ့ အထူး ဒေသ (၄) အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေးယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးကို ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့် တပ်ဖွဲ့ရန် ငြင်းဆန်ကာ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေသည်။

လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၂ ဆကျော် မြင့်တက်

နရီလင်းလက် Saturday, 05 March 2011

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁၄.၅၃ ဘီလီယံ ကျော်အထိ မြင့်တက်လာသည်ဟု သိရသည်။

၂၀၁၀ ပြည့်နှစ် မတ်လမှ ၂၀၁၁ ဇန်န၀ါရီအထိ ၁၀ လ အတွင်း ကောက်ယူခဲ့သော စာရင်းအရ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ယခင်ကထက် ၂ ဆကျော် မြင့်တက်လာခြင်းဖြစ်ကြောင်း ပြည်တွင်းထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ယခင်က ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်သော်လည်း ယခုအခါ ဒုတိယနေရာသို့ ရောက်ရှိသွားပြီး အဆိုပါကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁၃.၈ ဘီလီယံကျော်ဖြစ်သည်။

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသည် လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ဧရာဝတီမြစ်နှင့် သံလွင်မြစ်သည် ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် အရင်းအမြစ်ဖြစ်သောကြောင့် ရေအားလျှပ်စစ်တွင် ရင်းနှီးမြှုပ်နှံမှုများလာကြောင်း သိရသည်။

စစ်အစိုးရသည် အဓိက ရေအားလျှပ်စစ်စီမံကိန်းများမှ ထွက်ရှိလာသော ပမာဏ အများအပြားကို ပြည်ပသို့ ရောင်းချနေပြီး ပြည်တွင်း လိုအပ်ချက်အတွက်ကိုမူ လုံလောက်စွာ ဖြည့်ဆည်းနိုင်ခြင်း မရှိပေ။

ရန်ကုန်တိုင်းအတွင်း လာမည့် သင်္ကြန်ကာလအထိ အလှည့်ကျမီးပေးစနစ် မဟုတ်တော့ဘဲ အချိန်ပြည့်နီးပါး ပေးနိုင်တော့မည်ဖြစ်ပြီး လိုအပ်သည့် ပမာဏကို ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှ ပေးဝေသွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းတွင် တလုံးလျှင် ၁၉၇.၅ မဂ္ဂါဝပ်ရှိသော တာဘိုင်နှင့် ဂျင်နရေတာ ၄ လုံး တပ်ဆင်ထားပြီး စုစုပေါင်း မဂ္ဂါဝပ် ၇၉၀ ထုတ်ယူနိုင်စွမ်းရှိကြောင်း၊ လက်ရှိ တာဘိုင်အမှတ် ၁ နှင့် ၂ စတင် လည်ပတ်နိုင်ပြီး ထွက်ရှိလာသည့် ၃.၃ သန်း ကီလိုဝပ် ဓာတ်အားကို ဓာတ်အားဖြန့် ကွန်ရက်စနစ်သို့ ပို့လွှတ်နိုင်ပြီဟု စစ်အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။

လက်ရှိ ရန်ကုန်မြို့တွင် ရေ၊ မီး ပုံမှန် ရရှိနေပြီး၊ ယင်းကဲ့သို့ ပုံမှန်အခြေအနေ ရရှိသွားပါက လာမည့်နွေရာသီတွင် မီးပြဿနာ၊ ရေပြဿနာများ လျော့နည်းသွားမည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့၏ နေ့စဉ် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာဏမှာ မဂ္ဂါဝပ် ၁၁၀၀ မှ ၁၂၀၀ ကြားတွင်ရှိပြီး ရန်ကုန်တိုင်း ခရိုင် ၄ ခုတွင် နေ့စဉ်သုံးစွဲမှုမှာ မဂ္ဂါဝပ် ၇၀၀ ကျော် ရှိသည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ စာရင်းအရ သိရသည်။

ဧရာဝတီ မြစ်ဆုံရေကာတာမှ ရေအားလျှပ်စစ် ၆၀၀၀ မဂ္ဂါဝပ်၊ ရှမ်းပြည်နယ် သံလွင်မြစ် အထက်ပိုင်း ကွမ်းလုံဒေသတွင် ရေအားလျှပ်စစ်စီမံကိန်းမှ ရေအားလျှပ်စစ် ၂၄၀၀ ကီလိုဝပ်၊ တာဆန်း ရေကာတာစီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၇၁၀၀ ကီလိုဝပ်၊ ရွှေလီ ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိသည့် ရေအားလျှပ်စစ် ၅၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံက သံလွင် ရေအားလျှပ်စစ်စီမံကိန်းတွင် လက်ရှိ၌ အမေရိကန် ဒေါ်လာ ၆ ဘီလီယံထိ ရင်းနှီးမြှုပ်နှံထားပြီး ၇.၇၈ ဘီလီယံမှ ၁၃.၈ ဘီလီယံထိ တိုးမြှင့် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားသည်ဟု သိရသည်။

လက်ရှိတွင် တည်ဆောက်လျက်ရှိသော ရေအားလျှပ်စစ် စီမံကိန်း ၁၆ ခု ရှိပြီး ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ၄ ခု၊ ၂၀၁၁ ခုနှစ်အတွင်း ၅ ခု၊ ၂၀၁၂ ခုနှစ် အတွင်း ၃ ခု၊ ၂၀၁၅ ခုနှစ်အတွင်း ၁ ခုနှင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြီးစီးမည့် စီမံကိန်း ၃ ခု ရှိသည်။

၁၉၈၈ ခုနှစ်မတိုင်မီက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည် ၅၂၉.၁ မဂ္ဂါဝပ် ရှိခဲ့သော်လည်း ယခု ၃၀၄၅.၄ မဂ္ဂါဝပ်အထိ တိုးတက်ခဲ့ပြီး တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံ ၆၀ ကျော်မှ ၄၁၂၀၆.၅ မဂ္ဂါဝပ်နှင့် နောက်တွင် တည်ဆောက်မည့် ဓာတ်အားပေး စက်ရုံ ၁ ရုံမှ ၂၆ မဂ္ဂါဝပ် ရရှိမည်ဖြစ်ပြီး စီမံကိန်းအားလုံး ပြီးစီးပါက ၄၄၂၇၆.၉ မဂ္ဂါဝပ်အထိ တိုးတက် လာမည်ဟု ဇန်န၀ါရီလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

လူကုန်ကူးသူထံမှ ချင်းအမျိုးသမီးတစ်ဦး ပြန်ကယ်ထုတ်

KHONUMTHUNG NEWS

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လူမှောင်ခို ကုန်ကူးသူများထံမှ ချင်းအမျိုးသမီးတဦးကို ယခုလ ၁ ရက်နေ့က မရာ ( ချင်း )လူငယ်အဖွဲ့က ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

အသက် ၂၅ နှစ်ခန့်ရှိ အဆိုပါ အမျိုးသမီးကို ချင်းအမျိုးသမီးတဦးက အိန္ဒိယ နိုင်ငံ Nepal လူမျိုးနိုင်ငံကူးလက်မှတ်အတု ( Document Fake) ပြုလုပ်ပေးကာ ဆော်ဒီအာရေဗျနိုင်ငံသို့ Domestic Worker အဖြစ်စေလွှတ်ရန်စီစဉ်နေချိန် မထွက် ခွာမှီတရက်အလိုတွင် နယူးဒေလီအခြေစိုက် မရာ(ချင်း)လူငယ်များက ပြန်လည်ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

“ကျတော်တို့ညီမငယ်က မတ်လ ၂ ရက်နေ့မှာ နိုင်ငံခြားသို့ပို့တော့မှာဖြစ်တယ်၊ အဲဒါ သိသိချင်း မတ်လ ၁ ရက်နေ့ညမှာပဲ သူ့ကိုဆက်သွယ်ပြီးသွားရောက် ကယ်ထုတ်လိုက်တယ်” ဟု Mara Community Leader တဦးက
ပြောသည်။

အဆိုပါအမျိုးသမီးသည် ချင်းပြည်နယ်၊ပလက်ဝမြို့၊ ဦး ဗာလောင်၏ သမီးဖြစ်ပြီးမီဇိုရမ်ပြည်နယ်ဆိုင်ဟားမြို့တွင် အလုပ် လုပ်နေစဉ် ယခုကဲ့သို့ဆွဲဆောင်ခံရခြင်းဖြစ်ကြောင်းအဆိုပါအမျိုးသမီးကပြောသည်။

သူက ” သူတို့က စရိတ်စခအားလုံးခံတယ်၊ ပါစ်ပို့လည်းလုပ်ပေးတယ်၊ ကျမက ဘာမှရေရေရာရာမသိဘူး၊ ပိုက်ဆံရှာပြီး မိဘ ကို ပိုက်ဆံများများ ပို့ဖို့ပဲစိတ်ထဲမှာ ရှိတယ်” ဟု ခိုနူမ်းထုန်သတင်းဌါနကိုပြောပြသည်။

၎င်း၏ နိုင်ငံကူး ဗီဇာသည် Work Permit မဟုတ်ပဲ Visit Permit ဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံတွင် ရက်ပေါင်း ၄၀ သာ နေထိုင်ခွင့်ရှိမည်ဖြစ်ကြောင်း သို့သော် ၄င်းတို့၏ သူဋ္ဌေးက Agent ထံ နှစ်နှစ် စာ ငွေချေပြီးဖြစ်ကြောင်းသိရသည်။

” ကျတော်တို့လေ့လာရသလောက်တော့ ကလေးမက ရက်ပေါင်း ၄၀ သာ ဆော်ဒီအာရေဗျမှာနေခွင့်ရှိမယ်၊ နောက်တော့ အပြင်ထွက်ခွင့် ပေးမှာမဟုတ်တော့ဘူး၊အမျိုးသမီးရဲ့ ပါးစ်ပို့ကိုလည်း သိမ်းပေးသွားကြမှာဖြစ်တယ်၊ အင်မတန်
အန္တရယ်ရှိ တယ်” ဟု အဆိုပါ လူငယ်ခေါင်းဆောင်က ဆက်ပြောသည်။

အမျိုးသမီးငယ်ကို Delhi Mara Community က ဆက်လက်စောင့်ရှောက်ထားကြောင်း သိရသည်။

ချိုကုပ်ဒူးကြီးရဲ့ အာဆီယံစံ

ရန်ကုန်သားတာတေ

ဖိုးရှုပ်။ ။ ဟား ပေါ်တော်မူ ဦးရုက္ခစိုးကြီး … ကြွပါခင်ဗျာ။ ကျနော်တို့က ဦးရုက္ခစိုးကြီး နတ်သက်များ ကြွေသွားပလားလို့။

ရုက္ခစိုး။ ။ ကြံကြံဖန်ဖန် နတ်သက်ကြွေစရာလားကွာ … မြန်မာပြည်က ၁၅ မိနစ် လွှတ်တော်ကြီးတောင် မပြီးသေးဘူး၊ မကြွေသေးဘူး စိတ်ချ။

ကြွက်စုတ်။ ။ သိဘူးလေ … ဦးရုက္ခစိုးက ပြောတော့ ချင်းမိုင်ရုက္ခစိုးတဲ့။ ခြေမှာ ဗွေပါလာသလားမသိဘူး၊ ချင်းမိုင်မှာကို မမြင်ရဘူး။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ထိုင်နေကျ ချင်းမိုင်မြို့မှ မြန်မာထမင်းဆိုင်သို့ မလာသည်မှာ ကြာပြီဖြစ်သော ဦးရုက္ခစိုးကြီး ရောက်လာသဖြင့် ဝိုင်း အငေါ်တူးနေကြခြင်းဖြစ်သည်။

ရုက္ခစိုး။ ။ မဟုတ်ရပါဘူးကွာ ...။ နေပြည်တော်က လွှတ်တော်ကြီးကလည်း မပြီးသေးတာနဲ့ ဟိုမော့ ဒီမော့နဲ့ သောင်တင် နေလို့ပါကွ။

ဖိုးရှုပ်။ ။ ဘာများ မော့စရာရှိလို့လဲ ဦးရုက္ခစိုးရာ။ နေပူတော်ကြီးမှာ မော့နေရင် မျက်စိပဲ ကျိန်းတော့မှာပေါ့။ နေဒီလောက် ပူတဲ့ဥစ္စာ။

ရုက္ခစိုး။ ။ စကားအဖြစ် ပြောတာပါကွာ။ အခုတောင် မင်းတို့ကို သတိရတာက တကြောင်း အဲဒီမှာ ပူလွန်းတာက တကြောင်းကြောင့် ပြန်လာတာ။ နေခြစ်ခြစ်တောက် ပူနေတဲ့ ကြားထဲ မိုးက ၅ မိနစ်လောက် ရွာလိုက်သေးတယ်ဟ။ အဲဒါကြောင့် ပိုပူပြီး နတ်တောင် မနေနိုင်အောင် ဖြစ်နေတာ။

ကြွက်စုတ်။ ။ ၁၅ မိနစ် လွှတ်တော်နဲ့ အပြိုင် ၅ မိနစ်မိုးပေါ့နော် ဦးရုက္ခစိုး။

ဖိုးရှုပ်။ ။ မဟုတ်ဘူးကွ … နေပူမိုးရွာ သူခိုးလာ … လာတဲ့ သူခိုး … သူခိုး … သူခိုး ...။

ဖိုးရှုပ်တယောက် စကားမဆက်နိုင်ဘဲ တနေရာသို့ အံ့သြတကြီး လှမ်းကြည့်ရင်း လက်ညှိုး ထိုးပြနေသဖြင့် ဦးရုက္ခစိုးနှင့် ကြွက်စုတ်ပါ ဖိုးရှုပ် ကြည့်ရာသို့ လှမ်းကြည့် မိလိုက်သည်။ သူတို့ရှိရာသို့ ပြုံးစိစိ လုပ်ရင်း လျှောက်လာသူမှာ တခြားသူတော့ မဟုတ် … နိုင်ငံကျော် ပေါတာကြီး ခေါ် ချိုကုပ်ဒူးကြီးပင် ဖြစ်သည်။

ကြွက်စုတ်က “တိုက်ဆိုင်လိုက်တာ ဖိုးရှုပ်ရာ။ မင်းက နေပူမိုးရွာ သူခိုးလာ လို့ ဆိုရုံရှိသေးတယ်၊ ကြည့်စမ်း ချိုကုပ်ဒူးကြီး ရောက်လာတော့တာပဲ” ဟု ခပ်တိုးတိုး ပြောလိုက်ရာ ဖိုးရှုပ်က “ဟုတ်ပါ့ … အသက်ရှည်ဦးမယ် …။ သူခိုးက … အဲ … ချိုကုပ်ဒူးကြီးက ချိတ်ထဘီ အဖြူကြီးတောင် ဝတ်ထားလိုက်သေးတယ်” ဟု ပြန်ပြောလိုက်သည်။

ရုက္ခစိုး။ ။ ဘယ်လိုလဲ ချိုကုပ်ဒူးကြီးရဲ့။ နေပြည်တော်မှာ မနေဘဲ ချင်းမိုင် ဘာလာလုပ်တာလဲ။

ချိုကုပ်။ ။ အဲဇလုံနဲ့ လမ်းကြုံလိုက်လာတာဗျ။ လေ့လာစရာလေးတွေ ရှိနေလို့။ ကျုပ်ရဲ့ နိုင်ငံတော် သစ်ကြီးအတွက် အရမ်း အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အလွယ်ကူဆုံး လေ့လာရေး ခရီး ထွက်ခဲ့တာပဲ ဟဲဟဲ။

ဖိုးရှုပ်။ ။ ဟိုမှာက လွှတ်တော်ကြီးလည်း မပြီးသေးဘဲနဲ့ …။ ပြုပြင်ပြောင်းလဲတဲ့ ကိစ္စတွေက လွှတ်တော်ထဲကနေ စည်းဝေး ဆုံးဖြတ်ရမှာ မဟုတ်လား။

ချိုကုပ်။ ။ မလိုပါဘူးဗျာ။ အမတ်တွေကို တလ ၃ သိန်းပေးထားတာ ... လွှတ်တော်ထဲ တနေ့ ၁၅ မိနစ်လောက် ဝင်ထိုင်ဖို့ပဲ။ ကျန်တာမပါဘူး။ ကျန်တဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေက ကျုပ်တယောက်တည်း ဆုံးဖြတ်မှာ။

ထိုစဉ် ထမင်းဆိုင်တွင်ပြထားသည့် တီဗီ၌ လစ်ဗျားအကြီးအကဲ ဂဒါဖီ မိန့်ခွန်းပြောသည်ကို ပြသနေသည်။ နေကာမျက်မှန် တပ်၍ အရည်းကြီး ဝတ်စုံ ဝတ်ထားသော ကဒါဖီကို ကြည့်ကာ ချိုကုပ်ဒူးကြီးက “တောက် … ခန့်ချောကြီးဗျာ … ဒီဇိုင်းက ရေရေလည်လည် လန်းတယ်။ သူ ဘာတွေ ပြောနေတာလဲဗျ” ဟု ပြောလိုက်သည်။

ရုက္ခစိုး။ ။ သူ့ကို တိုင်းသူပြည်သားတွေက အရမ်းချစ်ကြတယ်၊ အရမ်း ထောက်ခံတယ်လို့ ပြောနေတာ။

ချိုကုပ်။ ။ (အလေးပြုသည့်ဟန် လုပ်ရင်း) ဟာ … လန်းတယ် … လန်းတယ်။ ကျုပ်ထက်တောင် မျက်နှာပြောင် တိုက်ရဲသေးတယ်။ ကျုပ်ကတော့ ကျုပ်ကို ပြည်သူတွေက ချစ်တယ်ဆိုတာ သိပေမယ့် သူ့လို ပေါ်တင် မကြွားရဲဘူးဗျ … ဟဲဟဲ။ ဘာတွေဆက်ပြောနေလဲ လုပ်စမ်းပါဦး။

ဖိုးရှုပ်။ ။ သူ့တိုင်းပြည်မှာ ဘာဆန္ဒပြမှုမှ မရှိဘူးတဲ့။ ပြီးတော့ ဆန္ဒပြမှုတွေ ကန့်ကွက်မှုတွေ ရှိတယ်ဆိုတာလည်း နည်းနည်းပါတဲ့ ...။ အဲဒီလို ပြောနေတဲ့သူတွေက မူးယစ်ဆေးတွေသုံးပြီး ဆေးမူးပြီးပြောနေတာပါတဲ့။

ချိုကုပ်။ ။ ဟား … ဒီ တခွန်းကိုတော့ ကြိုက်သွားပြီ။ ဒီပုဂ္ဂိုလ် ကျုပ်ခြေဖျားကို မီလုမီခင်ပဲ။

ရုက္ခစိုး။ ။ ကြည့်လည်းလုပ်ဦးနော် ချိုကုပ်ဒူးကြီး။ သူက ချိုကုပ်ဒူးကြီးထက် သာမယ်ထင်တယ်။ ဆန္ဒပြတဲ့ ပြည်သူတွေကို လေယာဉ်ပစ် အမြောက်နဲ့တောင် ထုတာတဲ့။

ချိုကုပ်။ ။ ဘာ … ပြည်သူတွေကို ဟုတ်လား။ ပျင်းသနားတယ်လို့ ပြောလိုက် ...။ (လက်ဆယ်ချောင်းကို ထောင်၍) ဆယ်နှစ်၊ ဆယ်နှစ် … ကြိုးစားလိုက်ပါဦးလို့ … နော်။ သူက သာမန် ပြည်သူတွေလောက်ကို ပစ်တာ။ ကျုပ်က ဘုရားသားလို့ ပြောတဲ့ သံဃာတော်တွေကို ပစ်တာ။ သဘောပေါက်။

ကြွက်စုတ်။ ။ ဆန္ဒပြတဲ့ ပြည်သူလူထုကို နှိမ်နင်းပေမယ့် ခပ်တည်တည်ပဲနော်။ သူလုံးဝ ပစ်မိန့် မပေးပါဘူးတဲ့။ သူ့ တိုင်းပြည်ကလည်း အေးအေး ဆေးဆေး ပါပဲတဲ့။

ချိုကုပ်။ ။ ဒါတော့ မဆိုးဘူး။ နိုင်ငံ့အကြီးအကဲ ဆိုတာ ဒီလိုပဲ။ လိုအပ်ရင် မျက်နှာပြောင်တိုက်၊ အရှက်မရှိ၊ ညာရဲရမယ်။ မှန်တယ်၊ မှန်တယ်၊ ဒီချာတိတ် မှန်တယ်။ ကြည့်ပါဦး၊ ဝတ်ထားတာကလည်း ဘိုးတော် ဒီဇိုင်းနဲ့။ ဒီ အိုင်ဒီယာ မဆိုးဘူးနော်။ ကျုပ်လည်း ဒီကပြန်ရင် ဖိုးသူတော်လို ဝတ်မယ်၊ နေကာမျက်မှန် တပ်လိုက်တော့ လိမ်နေတာ လူသိပ်မသိတော့ဘူးပေါ့။ သမ္မတကနေ စပြီး လွှတ်တော် အမတ်တွေအထိ ဖိုးသူတော်လို ဝတ်ပြီး နေကာမျက်မှန် တပ်ခိုင်းရမယ်။

ဖိုးရှုပ်။ ။ ဂဒါဖီက ပြောင်လိမ်ပေမယ့် မီဒီယာကို စကားပြောတယ်လေ၊ ချိုကုပ်ဒူးကြီးကျတော့ ဘာလို့ ဘာမှ မပြောတာလဲ။အဲဒီတချက်တော့ သူက သာသွားပြီ။

ချိုကုပ်။ ။ ဟာ … သာသွားတာ မဟုတ်ဘူး။ ညံ့တာ။ ဘာကိစ္စ မီဒီယာကို အသံထုတ်မလဲ။ လိုမှမလိုဘဲ။ အခု ကြည့်လေ … သူ့မိန့်ခွန်းကို လက်ကမြင်းတဲ့ကောင်တွေက ရီမစ္စ ယူလုပ်လိုက်ကြပြီ။ အင်တာနက် ပေါ်မှာ ရှက်စရာကြီး။ တော်ကြာ သားဆိုးက ကျုပ်မိန့်ခွန်းကို ရီမစ္စ လုပ်နေမှဖြင့်။ အခု အသံမထုတ်တာတောင် ကာတွန်းဟန်လေးတို့ မစ္စတာ ခရီရေတာ တို့က အစုံလုပ်နေတာ မဟုတ်လား။

ကြွက်စုတ်။ ။ ချိုကုပ်ဒူးကြီးက အသံမကောင်းလို့ မဟုတ်လား။ အသံက ညောင်နာနာနဲ့ဆိုတော့ ခန့်ခန့်ညားညား မရှိလို့ စကားမပြောရဲလို့ မပြောရဲဘူး ပြောပါဗျာ။

ချိုကုပ်။ ။ အခု အသံကောင်းအောင် မှန်ချို မှန်မှန် သောက်နေပါတယ်ဗျ။ လိုအပ်ရင် လည်ချောင်း ခွဲစိတ်ကုသမှုပါ လုပ်လိုက်ဦးမှာ။ အဲဒီအခါကျ ကိုအံ့ကြီးလောက်၊ သုမောင်လောက် သနားတယ် ဖြစ်သွားမယ်။

ရုက္ခစိုး။ ။ ကဲပါ ကဲပါ … ဂဒါဖီထက် သာတယ်ပဲ ထားပါတော့။ အခု ချင်းမိုင် လာရင်းကိစ္စ လုပ်ပါဦး။ အနှိပ်ခန်းတို့၊ ကာရာအိုကေတို့ လေ့လာချင်ရင်တော့ ဘန်ကောက်က ပိုအဆင်ပြေမယ် ထင်တယ်။

ချိုကုပ်။ ။ အဲဒါတွေ လေ့လာဖို့ကျတော့ ကျုပ်က အိမ်မပိုင်လို့ ဂေါ်လီ သိပ်မလုပ်ရဲဘူးလေ။ တခြားသူ လွှတ်မယ်။ အခု ကျုပ်က မြန်မာနိုင်ငံတော်ကြီးကို အာဆီယံအဆင့် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ချင်တာ။ အဲဒါကြောင့် ဒီမှာ နည်းနည်းပါးပါး စနည်းနာမလို့။

ဖိုးရှုပ်။ ။ ပြောင်းမယ့်ပြောင်းတော့ ကမ္ဘာ့အဆင့်မီ လုပ်ပါလားဗျာ။

ချိုကုပ်။ ။ လာမယ်လေ။ ကမ္ဘာ့အဆင့်က ပျင်းတယ်။ စကြဝဠာအဆင့်မီ လုပ်မှာ။ အဲဒီလို လုပ်ဖို့ကျုပ်က လမ်းပျောက်မြေပုံ အဆင့်ဆင့်နဲ့သွားတာ သဘောကျတယ်ဗျ။ ဒါမှ ကြာမှာမဟုတ်လား။ ကြာမှ … ပိုဝါးရ … အဲ ရှုပ်ကုန်ပြီ၊ တဆင့်ခြင်း တက်တော့ ပိုပြီး စနစ်ကျတာပေါ့ ဟုတ်ဘူးလား။

ကြွက်စုတ်။ ။ အဲဒါကြောင့် အာဆီယံ အဆင့်ကို အရင်လုပ်မှာပေါ့ ဟုတ်လား။ ဘာတွေကို အာဆီယံ အဆင့် လုပ်ဖို့ စဉ်းစားထားလဲ။ ပညာရေး၊ ကျန်းမာရေးက အခြေခံကျတာဆိုတော့ ဆေးရုံတွေ ကျောင်းတွေကို အာဆီယံအဆင့်မီ လုပ်မှာပေါ့ ဟုတ်လား။

ချိုကုပ်။ ။ အဲဒါက သိပ်အရေးမကြီးပါဘူး။ ဆေးရုံတို့ ကျောင်းတို့ဆိုတာ မြန်မာပြည်မှာက ဓနိတွေ ထရံတွေ ပေါလွန်းလို့၊ ဓနိမိုး ထရံကာ ဆောက်လိုက်ရုံပဲ။ အရေးကြီးတာက ဝင်ငွေဗျ။ လူတွေရဲ့ ဝင်ငွေက အရေးကြီးတယ်။ အဲဒါကြောင့် လစာတွေကို အာဆီယံ အဆင့်မီ တိုးပေးလိုက်မယ်။ ပိုက်ဆံရှိရင် ဘာမဆို လုပ်လို့ရမယ်လေ။ ဟုတ်တယ်မဟုတ်လား။

ကြွက်စုတ်။ ။ အာဆီယံ နှုန်းအတိုင်းဆိုရင်တော့ တော်တော်များများ တိုးပေးရမှာနော်။

ချိုကုပ်။ ။ ကျုပ်လေ့လာပြီးပါပြီ။ ကျုပ်ရဲ့ အကြံပေးတွေကလည်း ပြောတယ်။ ၄ ဆလောက် တိုးပေးရင် မီတယ်တဲ့။ ဒါပေမယ့် ကွိုင်ကွိုင်က ယတြာ သဘောလည်း ပါချင်တယ်ဆိုတော့ ၁၁ မီးငြိမ်းအောင်ဆိုပြီး ၃ ဒဿမ ၈ ဆ တိုးပေး လိုက်မယ်၊ ပေါင်းရင် ၁၁ ရမယ်လေ။ စစ်တပ်ကတော့ သာမန်ဝန်ထမ်းထက် များမှ ဖြစ်မှာဆိုတော့ ၅ ဒဿမ ၆ ဆ တိုးပေးမယ်၊ ဒါလည်း ပေါင်းရင် ၁၁ ပဲ မဟုတ်လား။

ရုက္ခစိုး။ ။ လစာက တိုးချင်တိုင်း တိုးလို့ဖြစ်မလား။ တိုင်းပြည်က စီးပွားရေးမကောင်း၊ ဘယ်ကမှ ဝင်ငွေမရှိဘဲနဲ့ ဘယ်လို တိုးမလဲ။

ချိုကုပ်။ ။ သြော် ခက်ပါလား ဦးရုက္ခစိုးရယ်။ ပိုက်ဆံဆိုတာ စက်နဲ့ ရိုက်ထုတ်လို့ရတာပဲဟာ။ ပိုထုတ်ခိုင်းလိုက်မှာပေါ့။ ဒါဆို ဝန်ထမ်းတွေ အရမ်းအရမ်းကို ပျော်သွားမှာ။

ဖိုးရှုပ်။ ။ အစိုးရလစာ တိုးတာကတော့ ဟုတ်ပါပြီ။ ကုမ္ပဏီတွေက မတိုးနိုင်ရင် ဘယ်လိုလုပ်မလဲ။ သူတို့ ကျတော့ အာဆီယံ လစာ မမီဘဲ ဖြစ်နေမှာပေါ့။

ချိုကုပ်။ ။ ဒါမျိုးလုပ်လို့ ဘယ်ရမလဲ။ ကုမ္ပဏီလည်း တိုးရမှာပေါ့။ တသွေးတသံ တမိန့်ပဲ။ မတိုးနိုင်ရင် ကုမ္ပဏီပိတ်ပေါ့ … ဒါပဲလေ။

ကြွက်စုတ်။ ။ တကယ်က တိုင်းပြည်စီးပွားရေး ကောင်းအောင် အရင်လုပ်ရမှာ မဟုတ်လား။ အခုလို လစာတိုးတဲ့နည်းနဲ့ ဖြေရှင်းရင် ငွေကြေး ဖောင်းပွမှုတွေ ဖြစ်ကုန်မှာပေါ့။

ချိုကုပ်။ ။ ငွေကြေးဖောင်းပွမှု မဖြစ်အောင်လည်း စီစဉ်ထားပါတယ်ဗျာ။ တသောင်းတန်တို့ တသိန်းတန်တို့ ထုတ်လိုက် မှာပေါ့။ တထောင်တန် ၁၀ ရွက် ကိုင်ရမယ့်အစား တသောင်းတန် တရွက်ပဲ ကိုင်ရတော့ မဖောင်းတော့ဘူးပေါ့။

ဖိုးရှုပ်။ ။ မဟုတ်ဘူးလေ။ ငွေကြေးဖောင်းပွတယ် ဆိုတာက။ ကုန်ဈေးနှုန်းတွေ အရမ်းကြီးမြင့်ပြီး ဘယ်လောက် ငွေဝင်ဝင် မထိန်းနိုင်တာကို ပြောတာဗျ။

ချိုကုပ်။ ။ သြော် … အဲဒီတော့လည်း ဈေးသည်တွေကို ဈေးမတက်နဲ့၊ ဈေးတက်ရင် သေဒဏ်။ ဘာညာ အမိန့် ထုတ်လိုက် မှာပေါ့။

ကြွက်စုတ်။ ။ ဟာ … ဒါဆို ဈေးသည်တွေ၊ ကုန်သည်တွေက သူတို့ ပစ္စည်းတွေကို မရောင်းဘဲ လှောင်ထားကြမှာပေါ့။

ချိုကုပ်။ ။ အမယ် သူတို့တောင် မရောင်းသေးတာ … မဝယ်နဲ့ပေါ့ဗျ။ လွယ်ပါတယ်။

ရုက္ခစိုး။ ။ ဆန်တို့ ဆီတို့က အခြေခံစားကုန်တွေလေ။ အဲဒါတွေ မဝယ်လို့ ဘာနဲ့ သွားစားမလဲ။

ချိုကုပ်။ ။ ဦးရုက္ခစိုး … ခင်ဗျား စကားကို ကပ်မပြောနဲ့နော်။ ကျုပ်က အာဆီယံအဆင့်မီ လစာပေးဖို့ စဉ်းစားနေတာကို ခင်ဗျားက အဖျက်အမှောင့် လုပ်ချင်တာလား၊ ခင်ဗျားက ပုဆိန်ရိုးလား၊ ခင်ဗျားက အဖျက်သမားလား။

ရုက္ခစိုး။ ။ ဟာ … မဟုတ်ဘူးလေ။ ကျုပ်က အမှန်တရားကို ပြောပြတာ။ ဆန်ရောင်းတဲ့သူက ဆန်မရောင်းတော့ရင် ဘာနဲ့ သွားစားမလဲ။ တခြားပစ္စည်းတွေ ဝယ်မရတော့လို့ တောင်သူဦးကြီးတွေက စပါးမစိုက်တော့ရင်ကော ...။

ချိုကုပ်။ ။ ခင်ဗျား တယ်ခက်တဲ့ နတ်ပဲ။ လွယ်တာကို ခက်အောင် လုပ်နေပြန်ပြီ။ တနိုင်ငံလုံး ထမင်းမစားရ၊ စားတဲ့သူ သေဒဏ်လို့ အမိန့်ပေးလိုက်မှာပေါ့။

ဖိုးရှုပ်။ ။ အဲဒါဆို ချိုကုပ်ဒူးကြီးကော ဘာစားမှာလဲဟင်။

ချိုကုပ်။ ။ ကျုပ်လား … ကျုပ်လည်း ထမင်းမစားဘူး။ ဒါပေမယ့် လူသားနဲ့ နတ်သားနဲ့ ရောချက်စားမယ် … လာထား ...။

ချိုကုပ်ဒူးကြီး စကားမဆုံးခင် အကြောင်းသိများ ဖြစ်ကြသော ဦးရုက္ခစိုး ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ထပြေးကြလေသည်။

ဒေါသတကြီးနှင့် ထလိုက်သော ချိုကုပ်ဒူးကြီးမှာကား ချိတ်ထဘီကြီးဖြင့် တုပ်ပြီး နေရာတွင်ပင် မှောက်လျက်လဲ၍ သတိလစ် မေ့မျောသွားသောကြောင့် စိတ်မချသဖြင့် နောက်ကလိုက်လာသည့် တေဂွက မနည်း နှာနှပ်ယူလိုက်ရသော ဟူ၏။

၎ နှစ်အတွင်း မြန်မာဒုက္ခသည် ၆၅ဝဝဝ နိုင်ငံခြားထွက်

ကျော်ခ

နယ်စပ်အခြေစိုက် ဒုက္ခသည်စခန်း ၉ ခုမှ ၄ နှစ်အတွင်း တတိယနိုင်ငံသို့ ထွက်ခွါသွားသည့် မြန်မာဒုက္ခသည် ဦးရေ ၆၅ဝဝဝ ရှိပြီဟု ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များကို ကူညီနေသည့် Thai Burma Border Consortium-TBBC က ထုတ်ပြန်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ အုန်းဖျံ၊ ထမ့်ဟင်၊ နို့ဖိုး၊ ဘန့်ဒုံယမ်း၊ မယ်လအူး၊ မယ်ရာမိုနှင့် ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ နှင့် ၂ ရှိ စစ်ပြေးဒုက္ခသည်များ နိုင်ငံရေးခိုလှုံသူများကို ၂ဝဝ၆ မှ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလထိ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ အပါအဝင် တတိယနိုင်ငံများသို့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချ နေထိုင်သူများအဖွဲ့ International Organization of Migration, IOM က စီမံ၍ ပို့ဆောင်ပေးခြင်း ဖြစ်သည်။

ထိုစခန်းများမှ တတိယ နိုင်ငံများသို့ ထပ်မံပို့ဆောင်ရန် ၁၁၁ဝ၇ ဦး ကျန်ရှိသေးသည်။

ထိုအနက်မှ အမေရိကန် ပြည်ထောင်စုသို့ ၉၅၃၈ ဦး၊ သြစတေးလျ ၈၅၇ ဦး၊ ကနေဒါ ၃၃၉ ဦး၊ ဖင်လန် ၁၂၃ ဦး၊ ဆွီဒင် ၈ဝ ဦး၊ နယ်သာလန် ၅ဝ ဦး၊ နော်ဝေး ၅ဝ ဦး၊ ဂျပန် ၂၇ ဦး၊ ဗြိတိန် ၄ ဦး၊ နယူးဇီလန် ၅ ဦး၊ ဒိန်းမတ် ၈ ဦးနှင့် အခြားနိုင်ငံများသို့ ၂၆ ဦး သွားရမှာဖြစ်သည်။

“တတိယနိုင်ငံကို ရောက်သွားတဲ့ ဒုက္ခသည်တွေထဲမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ များပါတယ်။ အများစုကတော့ အမေရိကန်ကို ရောက်သွားကြတာ များတယ်” ဟု ကရင်ဒုက္ခသည်ကော်မတီ KRC အတွင်းရေးမှူး ဆရာ ဂျော့က မဇ္ဈိမကို ပြောသည်။

ဒုက္ခသည်များသည် အခြေချမည့် နိုင်ငံ၏ ဘာသာစကားနှင့် နေထိုင်မှု ပုံစံများကို လေ့လာသင်ကြားပြီးပါက ၎င်းနိုင်ငံများရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကြလေ့ရှိကြောင်း သူက ဆက်ပြောသည်။

TBBC သည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုမှ ဒုက္ခသည်များအား စားနပ်ရိက္ခာနှင့် လိုအပ်သည်များ ထောက်ပံ့နေသည့် လူမှုရေးအဖွဲ့များကို စုစည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး ၁၄ဝ ၄၅၂ ဦးကို အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိသည်။

ထို့ပြင် မြန်မာပြည်တွင်း စစ်ပွဲများကြောင့် ထွက်ပြေးလာရသည့် ဒေသခံ တိုင်းရင်းသား ယာယီဒုက္ခသည်များကိုလည်း အမိုးအကာနှင့် အစားအသောက်များ ကူညီပံ့ပိုးပေးခဲ့သေးသည်။

ယခုအခါတွင်မူ စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စခန်းများအတွင်းရှိ ဒုက္ခသည်များကိုပါ ယခင်နှစ်များကဲ့သို့ မပေးနိုင်တော့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

အလားတူဖြစ်ရပ်ကို အိန္ဒိယနိုင်ငံရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အသိအမှတ်ပြုထားသည့် မြန်မာဒုက္ခသည် ၄ဝဝဝ ကျော်ကိုလည်း UNHCR က ဆေးဝါးစရိတ်နှင့် နေထိုင်စရိတ်အဖြစ် တလျှင် ရူပီးငွေ ၂၅ဝဝ (ကျပ် ၄၅ဝဝဝ ဝန်းကျင်) ဖြင့် ၆ လအထိ ထောက်ပံ့ခဲ့သည်။

သို့သော် ယခုအခါ ၎င်းထောက်ပံ့ငွေကို ရပ်ဆိုင်းလိုက်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီ အခြေစိုက် ချင်းဒုက္ခသည် ကော်မတီ KRC ဥက္ကဋ္ဌ Steven Ral Kap Tluang က မဇ္ဈိမကို ပြောသည်။

“အဲဒီလို ရပ်ဆဲလိုက်တဲ့အတွက်ကြောင့် ဒုက္ခသည်တွေမှာ နေရေးထိုင်ရေးနဲ့ စားသောက်ရေးတွေမှာ ဒုက္ခတွေ့ကုန်ပြီး တွေ့ကရာ အလုပ်တွေကို ကြုံသလို လုပ်၊ ကြုံသလို စား အနေအထားတွေကို ရောက်ကုန်တယ်” ဟု သူက ပြောသည်။

ထို့ပြင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ထိစပ်သော မြို့များတွင် UNHCR က ဒုက္ခသည် အသိမှတ်ပြုထားခြင်း မရှိသေးသော မြန်မာနိုင်ငံသား ဒုက္ခသည် ၇ သောင်းခန့် ရှိသည်ဟု ခန့်မှန်းရကြောင်း သူက ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လထိ မြန်မာနိုင်ငံသား ၄ဝဝဝ ကျော်ကို ဒုက္ခသည်အဖြစ် လက်မှတ်များ လုပ်ပေးထားပြီး ဖြစ်ကြောင်းနှင့် နောက်ထပ် လာရောက်လျှောက်ထားသူမှာလည်း ထက်ဝက်ခန့်ရှိကြောင်း နယူးဒေလီမြို့ရှိ UNHCR ရုံး ပြောရေးဆိုခွင့်ရှိသူ Roberto Mignone က ထိုလထဲတွင် မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။

အမြဲတမ်းဒုက္ခနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ ကုလားလန်ရွာလေး…

ဖဲဘီး

အိမ်ခြေပေါင်း (၈၀) ၀န်းကျင်ခန့်ရှိတဲ့ ကုလားလန်ရွာကလေးဟာ ရှမ်း-ကရင်နီနယ်စပ်မှာပါ။ ရွာရဲ့နဘေးမှာ ပွန်ချောင်းလို့ခေါ်တဲ့ အပြာရောင် ရေချောင်းကြီးက တသွင်သွင် စီးဆင်းနေပါတယ်။ ကုလားလန်ရွာထဲကို ပအိုင်း၊ ရှမ်း၊ ကရင်နီလက်နက်ကိုင် အဖွဲ့အစည်းများ ၀င်ထွက်သွားလာတဲ့အပြင် ရွာအနီးရှိ မြန်မာစစ်အစိုးရ တပ်တို့လည်း မကြာခဏ ၀င်ထွက်သွားလာ နေကြပါတယ်။

မတူကွဲပြားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ပြဿနာ တစုံတရာဖြစ်ပွားပါက အဖွဲ့အစည်းတို့ အနေဖြင့် တိုက်ရိုက်မခံရဘဲ ကုလားလန် ရွာသားများကသာ ခံနေကြရပါတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့အကြား ပြဿနာတွေ မရှိတာတောင်မှ စစ်အစိုးရ တပ်တွေကနေပြီး မကြာခဏဆိုသလို လုပ်အားပေးစေခိုင်းမှုနဲ့ အနိုင်ကျင့် ညှင်းပမ်းနှိပ်စက်မှုတို့ကို ချိုးဖေါက်ကျူးလွန် လေ့ရှိနေပါတယ်။

ယခုလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကုလားလန်ရွာသား ၁၁ ဦးကို စစ်အစိုရတပ်ရင်း ခလရ ၄၂၃နဲ့ ၄၂၄ တို့က တပ်လုပ်အားပေးအဖြစ် ဆင့်ခေါ်ပြီး တပ်စခန်းမွန်းမံရန်အတွက် အလုပ်ကြမ်းများဖြင့် အတင်းအဓမ္မ စေခိုင်းတယ်လို့ ဆိုပါတယ်။ အလုပ်ချိန်ကို မနက် ၆ နာရီမှ ညနေ ၆ နာရီအထိမနားတမ်း လုပ်ဆောင်ပေးရပါတယ်။

အဲဒီလို အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုဟာ ကုလားလန်ရွာအနေနဲ့ အခုတခေါက်ထဲ မဟုတ်ပါဘူး။ မကြာခဏဆိုသလို၊ ခေါ်ခိုင်းရင်ခေါ်ခိုင်းတဲ့အချိန်တိုင်း လုပ်ဆောင်ပေးနေရတယ်လို့ ကလားလန်ရွာသူကြီးဖြစ်ခဲ့ဖူးသူ တစ်ဦးက ပြောပါတယ်။

"ညကိုးနာရီကတည်းက ပွန်ချောင်းကို ဆင်းရတယ်လေ၊ ညကတည်းက အရင်ဆင်းထားမှ ရှေ့မှာရှိတဲ့တစ်ဖွဲ့ကို မနက်(၆)နာရီ သူတို့ပြန်လွတ်မယ်လေ၊ အဲဒါမှ သူတို့ပြန်ရတယ်ပေါ့" လို့ ကုလားလန်ရွာသူကြီး အလှည့်ကျဖြစ်ခဲ့ဖူးသူက ပြောပါတယ်။

လုပ်အားပေးစေခိုင်းမှုအပြင် တခြားသော တပ်နဲ့ပတ်သက်တဲ့ သတင်းပို့ဆောင်ပေးခြင်းကိစ္စကိုလည်း ရွာသားတွေကမကြာခဏ မပျက်မကွက် လုပ်ဆောင်ပေးနေကြရတယ်လို့ ဆိုပါတယ်။

ကလားလန်ရွာမှ ရွာသားတို့ဟာ ရွာမှ တစ်နာရီခွဲလောက် လမ်းလျှောက်သွားရတဲ့ ၄၂၃ နဲ့ ၄၂၄ တပ်စခန်းနဲ့ ရွာရဲ့မြောက်ဘက် ၁၀ မိနစ်ခန့်ရှိတဲ့ ၄၂၆ တပ်စခန်းကိုဆီတို့ကို နေ့စဉ်နဲ့အမျှ သတင်းထူးသည်ဖြစ်စေ မထူးသည်ဖြစ်စေ သွားရောက်ပို့ပေးနေရပါတယ်။

"သတင်းသွားပို့တာက ဘာမှမဟုတ်ပါဘူး၊ သတင်းမထူးဘူးလို့ ဥက္ကဌလက်မှတ်ထိုးပြီး စာသွားပို့ရုံပါဘဲ၊ ဒါပေမဲ့သူတို့တော့ တစ်ခါတစ်လေမေးတာ၊ စစ်တာပေါ့၊ ဟိုတောက အကောင်တွေ တွေ့လား အဲလိုပေါ့" လို့ နေ့စဉ် သတင်းသွားရောက်ပို့ပေးဖူးတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

ယခုလအစောပိုင်းက သတင်းပို့ရန်အလှည့်ကျတဲ့ ကုလားလန်ရွာသားတစ်ယောက်က ဇနီးနေမကောင်းဖြစ်နေတဲ့အတွက် သတင်းသွာရောက်မပို့နိုင်တဲ့အတွက် တောင်းပန်စာရေးပြီး တစ်ခြားသူငယ်ချင်း တစ်ယောက်နဲ့ သွားခိုင်းခဲ့ရပါတယ်။

"သတင်းသွားပို့ပေးပြီးမှ အကယ်၍ သွားပို့တဲ့အချိန်မှာလည်း လုပ်အားပေးလည်း လုပ်ပေးနေရတယ် ရွာမှာရှိတဲ့ ရွာစောင့်တွေကလည်း အနောက်ဘက်မှာလဲ သတင်းသွားပို့ပေးရတယ်. တစ်ခါတစ်လေ ဆိုင်ကယ်တွေလာပြီးတော့ ချောဆွဲတာလဲရှိတယ်၊ တစ်ခါတစ်လေ ဟင်းတွေ ရှာခိုင်းတယ် ရွာစောင့်သမားတွေကလည်း ရှေ့မှာသတင်းသွားပို့ရတယ်” လို့ သတင်းသွားရောက်ပို့ပေးရတဲ့အခြေအနေကို ကုလားလန်ရွာခံက ရှင်းပြသွားပါတယ်။

သတင်းသွားရောက်ပို့ပေးတဲ့အခါမှာလည်း စစ်တပ်တို့ရဲ့ ဆူပူကြိမ်းမောင်းခြင်းကိုခံရတဲ့အတွက် ရွာသားများအနေဖြင့် မည်သူမျှမသွားချင်ဘဲ ရှိနေခဲ့ပါတယ်။ ရွာသူကြီးမှ ထိုကိစ္စအပေါ် အစည်းအဝေးခေါ်ယူပြီး သတင်းပို့ဆောင်ရမည့်ကိစ္စကို နည်းလမ်းရှာဖွေပြီး ဆုံးဖြတ်ခဲ့ရတယ်။ အစီးအဝေးရဲ့ဆုံးဖြတ်ချက်အရ ကုလားလန်ရွာမှာ တရက်ကို အလှည့်ကျရွာစောင့်နှစ်ဦးကို ရွေးချယ်ကြရပါတယ်။ တရက်ကို အလှည့်ကျရွာစောင့်နှစ်ဦးဟာ ရွာသူကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ရသလို သတင်းပို့ဆောင်ရေးလုပ်ငန်းတို့ကိုလည်း တာဝန်ယူဆောင်ရွက်ကြရပါတော့တယ်။

အလှည့်ကျသတင်းပို့ အလှည့်ကျလုပ်အားသွားလုပ်ပေးရတဲ့ကိစ္စမှာ အမျိုးသားယောင်္ကျားများမရှိတဲ့ အိမ်ထောင်စုတို့အနေနဲ့ ပိုက်ဆံ ၁၂၀၀၀ ကျပ် အကုန်ခံပြီး လူငှားရပါတယ်။ ဒါပေမဲ့ စစ်တပ်ကို ကြောက်နေရတဲ့ရွာသားတို့မှာ အဲ့ဒီငွေ ၁၂၀၀၀ ကိုလည်း မမက်မောကြပါဘူး။ နောက်ဆုံးတော့ လင်ယောင်္ကျားမရှိတဲ့ မိသားစုတို့မှာ မျက်ရည်မျက်ခွက်နဲ့ ငွေပေးပြီး သတင်းပို့ပေးမယ့်သူကို ငှားကြရပါတယ်။

ကုလားလန်ရွာမှာ ပြည်သူလူထုတွေပိုင်ဆိုင်ကြတဲ့ ရုပ်မြင်သံကြား အပေါ်စက်နဲ့အောက်စက်တွေကို စစ်တပ်တို့က ကြိုက်သလို ယူသုံးကြပါတယ်။ ပိုင်ရှင်တို့ကပြန်တောင်းရင် ရိုက်ခွဲပစ်တယ်လို့ ဆိုပါတယ်။ အလားတူ တပ်စခန်းကနေရွာထဲသို့ သွားလာရေးလွယ်ကူစေရေးအတွက် ဆိုင်ကယ်ရှိတဲ့သူတို့အနေနဲ့ တစ်ရက်တစ်စီး စီမံပေးရတယ်လို့ ဆိုပါတယ်။

“ဆိုင်ကယ်ကို တစ်နေ့ကို တစ်စီးထိုးပေးရတယ်။ တစ်စီး၊ နှစ်စီး၊ တစ်စီး၊ နှစ်စီးထိုးပေးရတာနဲ့ ကျနော်တို့ရွာလည်း အဲလိုဘဲလေ။ ဒါဏ်မခံနိုင်တာနဲ့ အဲဒါ ကျနော်တို့ နောင်ထောင်ဒေသမှာရှိတဲ့ ဆိုင်ကယ်သမားတွေစုတယ်။ ဆိုင်ကယ်ရှိတဲ့သူ တယောက် ၅၀၀၀ ထောင်စုပြီးတော့ အဲဒါ ၃၀၀၀၀၀ သိန်းကျော်ကျော်လောက် ရတယ်ထင်တယ်။ အဲဒါ ဆိုင်ကယ်တစ်စီးတောင် ၀ယ်ပေးတယ်။ သူတို့ဆိုင်ကယ်ချောဆွဲတဲ့ ဒဏ်ကိုမခံနိုင်တဲ့အတွက် အဲဒါ ဆိုင်ကယ်ပါ ၀ယ်ပေးလိုက်ရသေးတယ်” လို့ ကုလားလန်ရွာသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဇွန်လတုန်းက တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ ထောင်ထားတဲ့မိုင်းကို ထော်လဂျီတစ်စီး စီးလာတဲ့ စစ်တပ်တစ်စုအား ထိမံသွားကာ အခင်းဖြစ်ပွားမှုကို မကျေမနပ်ဖြစ်သော စစ်သားများက ကုလားလန်ရွာအပါအ၀င် အနီးအနားရှိ နောင်ထောင်ဒိုကုံး၊ နောင်ထောင်ရွာသစ်၊ ပန်ကျနဲ့ ဗန့်မက်ရွာမှရွာမိရွာဖတို့အား တပ်ထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငါးရက်တိတိ နှိပ်စက်ညှင်းဆဲခဲ့ပါတယ်။

“ကျနော်တို့ ကုလားလန်က ရွာဥက္ကဌကို ဖမ်းသွားတယ်။ ဖမ်းသွားတဲ့အချိန်မှာ ကျနော်တော့ မမြင်လိုက်ရဘူး။ အမေတို့တော့ မြင်တယ်။ စစ်သားငါးယောက်က ဖမ်းသွားတယ်။ ဖမ်းသွားပြီးနောက်ပိုင်းမှာ သူ့အိမ်က စာရွက်စာတမ်းတွေ မွေသေးတယ်။ သူနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ အကုန်သိမ်းဆီးသွားတယ်။ အဲ့ဒါပြီးတော့ လေးငါးယောက်လောက် ဖမ်းသွားတယ်….. ဖမ်းပြီးတော့ စခန်းမှာ အခုကျနော်တို့ရွာရဲ့ မြောက်ဖက်ခြမ်းက စခန်းလေ အဲမှာသွားနှိပ်စက်တယ်။ အဲဒါ ကြားနေရတယ်။ အဲအချိန်မှာ အမေကယ်ပါနဲ့… အော်နေတာ။ ထိုးလိုက်ကြိတ်လိုက်နဲ့” လို့ ကလားလန်ရွာခံက ရှင်းပြပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာမိရွာဖတို့မှာ ယနေ့ထိရွာထဲသို့ ပြန်မရောက်ဘဲ ပျောက်ဆုံးနေကြတယ်လို့ အဖြစ်မှန်ကို သိရှိထားတဲ့ရွာခံက ယခုလိုဆက်ပြောပြပါတယ်။

“သူတို့စခန်းမှာချုပ်နေတုန်း ကျနော်တို့ ၀င်လို့မရဘူး။ သူတို့ဖမ်းသွားတာ ဘယ်ရောက်ဘယ်ပျောက်နေလည်း မသိဘူး။ သတင်းလိုက်ရှာသေးတယ်။ ဆီဆိုင်မှာ ကျနော်တို့သွားတယ်။ ဘာမှမသိရဘူး။ ကျနော်တို့ရွာကဥက္ကဌလည်း ဒီလိုဘဲ စုံစမ်းနေတယ်။ ဒါပေမဲ့သတင်းအစအန မရတော့ဘူး။”

ရွာသူရွာသားတွေကို စစ်တပ်တွေက အမြဲလိုလို အနိုင်ကျင့်ဆက်ဆံနေတဲ့အတွက် ကုလားလန်ရွာရဲ့ အခြေအနေကို ရွာခံတစ်ဦးက ယခုလိုခြုံပြီး ပြောပြခဲ့ပါတယ်။

“နောက်မှာလည်း သူတို့(စစ်တပ်)ခိုင်းတဲ့ အတိုင်းလည်း လုပ်ပေးနေရတယ်။ အဲလိုမျိုးပေါ့။ ကုလားလန်ရွာမှာဆိုရင် အခက်အခဲဆိုတာ နေ့တိုင်း ပုံမှန်ရှိနေတဲ့ပုံစံသဘော။ အဲဒီလိုမျိုးဖြစ်နေတယ်ပေါ့"

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,5th,2010

( 23 )Myanmar to enforce ban on illegal ivory business

( 22 )ကြံ့ခိုင်ရေး အမတ် ၂ ဦး ထုတ်ပယ်ခံရ

( 21 )Myanmar geared up for major gems fair

( 20 )ထေရဝါဒအသင်းများ နိုင်ငံတဝှန်း ဖွင့်လှစ်မည်

( 19 )Shan army seizes ‘heroin factories’

( 18 )မွန်ပြည်နယ်တွင် ဆန်ဈေးမြင့်တက်

( 17 )Burma court looks at Australian's bail plea

( 16 )ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ လွှတ်တော် ကိစ္စ စီအာပီပီ ဆွေးနွေး

( 15 )Fait accompli of the Tatmadaw Values

( 14 )"လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ်အမေးအဖြေ အစီအစဉ်

( 13 )ကာကွယ်ရေး အထူးရံပုံငွေ ဥပဒေ အင်အယ်လ်ဒီ ဝေဖန် ပြစ်တင်

( 12 )Kachin army blocks Tatmadaw rations

( 11 )ဆန်နဲ့  ရှားပါး တိရစ္ဆာန်ထွက် ပစ္စည်းတွေ အိန္ဒိယ - မြန်မာ နယ်စပ် မှောင်ခို ရောင်းဝယ်

( 10 )ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ် တစ်ချို့ နုတ်ထွက်

( 9 )Burma’s new budget: more of the same

( 8 )မူးယစ်ဆေးဝါးနှိမ်နင်းရေး ပျက်ကွက်တဲ့ ၃ နိုင်ငံမှာ မြန်မာကို အမေရိကန် ထည့်သွင်း

( 7 )Former DMN editor Rena Pederson speaks on Burma Chronicles

( 6 )မြန်မာ့အရေးကူညီနိုင်ဖို့ ဂျပန်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်း

( 5 )Naypyidaw Orders New “Four Cuts” Campaign

( 4 )ဘတ်ဂျက်နဲ့ အထူးရန်ပုံငွေ ဥပဒေအင်္ဂါရပ်နဲ့မညီ

( 3 )US says Burma ‘fails’ in drugs fight

( 2 )မူးယစ်ဆေး ထိန်းချုပ်မှု မြန်မာအစိုးရ အလွန်အားနည်း

( 1 )Burma's Farmers Make Peasant Day Push to Form Union

Friday, March 4, 2011

ဗိုလ်ချုပ်မှူးကြီး အထူး ဘတ်ဂျက်သုံးစွဲခွင့် အာဏာ မိမိကိုယ်ကိုယ် အပ်နှင်း

ဝေမိုး Friday, 04 March 2011

ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ လွှတ်တော်များ ခေါ်ယူကျင်းပ နေသည်မှာ တလရှိသည့်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဥပဒေများ ပြဋ္ဌာန်းရန် အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ထားဆဲ ဖြစ်သည်။

မကြာသေးမီက ထုတ်ပြန်သည့် ဥပဒေများအနက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ဇန်နဝါရီလ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အစိုးရဌာနများသို့ ဖြန့်ဝေသည့် “အထူးရန်ပုံငွေ ဥပဒေ” တွင် တိုင်းပြည်၏ ဝင်ငွေများကို နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ခေါင်းစဉ်အောက်တွင် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် စိတ်ကြိုက်သုံးစွဲခွင့်ပြုထားသည်။ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်ပင် ဖြစ်သည်။


ဧရာဝတီက လက်ခံရရှိသည့် စာမျက်နှာ ၂ မျက်နှာပါ အဆိုပါဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အထူးရန်ပုံငွေကို ပြည်တွင်းသုံးငွေ သို့မဟုတ် နိုင်ငံခြားသုံးငွေဖြင့် အစစ်အဆေး အမေးအမြန်းမရှိ သုံးစွဲနိုင်ကြောင်း သိရသည်။

အခန်း (၃) အပိုဒ် (၅) ပါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်၌ တို့တာဝန် အရေးသုံးပါးအတွက် တာဝန်များ ထမ်းဆောင်ရာတွင် “အထူးရန်ပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြခြင်း၊ စာရင်းစစ်ခြင်း ခံယူရန် မလို” ဟု ဖော်ပြထားသည်။

မတ်လကုန်တွင် ကျရောက်လေ့ရှိသော ဘဏ္ဍာရေးနှစ်ကုန်မှသာ နှစ်စဉ် အထူးရန်ပုံငွေ အသုံးစရိတ်ကို နိုင်ငံတော် သမ္မတထံ ရှင်းလင်းတင်ပြရမည်ဟု ဥပဒေက ဆိုသည်။

အထူးရန်ပုံငွေဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရန်၊ ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရန်နှင့် အထူးလိုအပ်သည်များကို သုံးစွဲရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးရန်ပုံငွေဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်တပ်သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အစိုးရ အသုံးစရိတ်စုစုပေါင်းမှ ကာကွယ်ရေးအသုံးစရိတ်အဖြစ် ၂၅ ရာခိုင်နှုန်းကျော်ကို သုံးစွဲလိမ့်မည် ဖြစ်သည်။

မတ်လ ၁ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံတော် ပြန်တမ်းအရ ယခုဘဏ္ဍာရေးနှစ်အတွက် လျာထားချက်တွင် စစ်သုံးစရိတ်မှာ ကျပ် ၁.၈ ထရီလီယံ (အမေရိကန် ဒေါ်လာ သန်း ၂ ထောင်) ဖြစ်ပြီး စုစုပေါင်း ဘတ်ဂျက်၏ ၂၃.၆ ရာခိုင်နှုန်းအထိ ရှိသည်။

ကျန်းမာရေးအသုံးစရိတ်မှာ ကျပ် ၉၉.၅ ဘီလီယံ (ဒေါ်လာ သန်း ၁၁ဝ) သာရှိပြီး ၁.၃ ရာခိုင်နှုန်းသာရှိသည်။ ပညာရေးအသုံးစရိတ်မှာ ဒေါ်လာ သန်း ၃၅၀ လျာထားပြီး ၄.၁၃ ရာခိုင်နှုန်းဖြစ်သည်။

၂၀၁၁-၂၀၁၂ တွင် နအဖအစိုးရ ရုံးစရိတ်အတွက် ကျပ် ဘီလီယံ ၂၀ (ဒေါ်လာ ၂၂ သန်း) လျာထားသောကြောင့် အစိုးရသစ် ပေါ်ပေါက်လာသည့်တိုင် နအဖအဖွဲ့ကို ဖျက်သိမ်းမည် ဟုတ် မဟုတ် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။

ယခုကျင်းပနေသည့် လွှတ်တော်များတွင်လည်း စစ်တပ်မှ စေလွှတ်သော ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) တို့ကသာ လွှမ်းမိုးထားသည်။

လွှတ်တော်အသီးသီးတွင် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီနှင့် အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ ဟူ၍ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီတခုလျှင် အဖွဲ့ဝင် ၁၅ ဦးသတ်မှတ်ထားပြီး ကြံ့ဖွံ့ပါတီမှ ၁၀ ဦးနှင့် တခြားပါတီမှ ၅ ဦး ပါဝင်မည်ဖြစ်သည်။

ယနေ့အထိ ဥပဒေကြမ်းကော်မတီနှင့် ငွေစာရင်းကော်မတီတို့ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။

“လုံခြုံရေးကလည်း တင်းကျပ်တယ်။ ပြည်ခိုင်ဖြိုးအမတ်တွေတောင် အကျယ်ချုပ်ကျနေသလို ခံစားရတယ်လို့ ပြောကြတယ်” ဟု မန္တလေးမှ ကြံ့ဖွံ့ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

မင်းအောင်လှိုင် ဗိုလ်ချုပ်ကြီး ဖြစ်ပြီ

administrator Friday, 04 March 2011

ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရမည်ဟု ရေပန်းစားနေသော ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ယခုအပတ် အတွင်း ဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ပေး လိုက်ကြောင်း သတင်းရ ရှိသည်။

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၁၉ ကျောင်းဆင်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ယခုမတ်လအတွင်း ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် ရှိပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနီးကပ် သင်ကြား ပို့ချမှုများကို ခံယူနေရကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းက ပြောသည်။

“ဗိုလ်ချုပ်မင်းအောင်လှိုင်က တပ်ချုပ်ကြီး အိမ်ကို နေ့တိုင်းလိုလို သွားနေရတယ်။ တပ်တွင်းစကားတွေ အရတော့ သြ၀ါဒ ခံယူရတာလို့ပြောတယ်” ဟု နေပြည်တော် စစ် အရာရှိတဦးက ပြောသည်။


ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အမျိုးသား လုံခြုံရေးကောင်စီ အပါအ၀င် လုံခြုံရေးနှင့် ပတ်သက်သော အဖွဲ့အစည်း များတွင် ပါဝင်ရမည် ဖြစ်သည်။

ကာကွယ်ရေး ၀န်ကြီးအဖြစ် ခန့်အပ်သည်ကို လက်သင့် မခံဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား စောဒကတက် ပြောဆိုခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တပ်မှ ထုတ်ပယ် ခံရပြီးနောက် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ်မည့်အပေါ် စစ်တပ်အရာရှိ အသိုင်းအ၀န်းက လိုလားခြင်း မရှိကြောင်း သိရသည်။

“ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သာ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာရင် တပ်မတော်ထဲမှာ အကွဲအပြဲတွေ ရှိလာနိုင်ပါတယ်” ဟု နေပြည်တော် စစ်အရာရှိတဦးက ဆိုသည်။

နေပြည်တော် စစ်တပ် အသိုင်းအ၀န်း၏ အဆိုအရ ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ရေးနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အကျဉ်းသား ပေါ်တာများ ထပ်ပို့နေ

သင်းအောင် Friday, 04 March 2011

ရန်ကုန်မြို့ အင်းစိန် အကျဉ်းဦးစီးဌာနမှ အကျဉ်းသား ၂၀၀ ခန့်ကို စစ်ဆင်ရေးလုပ်သား (ပေါ်တာ) အဖြစ် အသုံးပြုရန် မကြာသေး ခင်က ရှေ့တန်း စစ်မြေပြင်များသို့ ထပ်မံ ပို့ဆောင်နေကြောင်း သိရသည်။

ယင်း အကျဉ်းသားများအား မွန်ပြည်နယ်ရှိ မုပ္ပလင်၊ တောင်စွန်း စသည့် ရဲဘက်စခန်းများသို့ ပို့ဆောင်ရန်ဟု အကြောင်းပြ၍ ရှေ့တန်း စစ်မြေများသို့ ပေါ်တာအဖြစ် ဖေဖော်ဝါရီ လကုန်ပိုင်းက ပို့ဆောင်ခဲ့ကြောင်း အင်းစိန် အကျဉ်းဦးစီးဌာန တာဝန်ကျ ၀န်ထမ်း တဦးက ပြောသည်။

မည်သည့် နေ့ရက်တွင် ပို့ဆောင်သည်နှင့် မည်သည့် အကျဉ်းထောင်များမှ အကျဉ်းသားဦးရေ မည်မျှ ပါဝင်သည် ဆိုသည်ကိုမူ ၎င်းက ဖြေဆိုရန် ငြင်းဆန်သည်။

ယခု အကြိမ်သည် ၂၀၁၀ ဒီဇင်ဘာမှ ၂၀၁၁ ဖေဖော်ဝါရီလ အတွင်း အင်းစိန် အကျဉ်းဦးစီး မှတဆင့် အကျဉ်းသားပေါ်တာ အဖြစ် တတိယ အကြိမ်မြောက် ပို့ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီလိုပဲ ကျောက်ထု ရဲဘက်စခန်း အမည်တပ်ပြီး မြ၀တီ စစ်မြေပြင်ပေါ်တာ အဖြစ် ပို့မှာပဲ။ မြ၀တီ စစ်ကြောင်းဆီကို ဘယ်နှဦး အပို့ခံရမလဲတော့ မပြောတတ်ဘူး”ဟု အင်းစိန် အကျဉ်းဦးစီးဌာန ၀န်ထမ်းက ပြောသည်။

ထို့ကြောင့် မြ၀တီ စစ်ကြောင်း ပေါ်တာ အဖြစ်မှ ငွေပေး၍ နုတ်ယူရန် အကျဉ်းသား တချို့၏ မိသားစုဝင်များက အင်းစိန်အကျဉ်း ဦိးစီး သို့ လာရောက်စုံစမ်းကာ ယခုရက်များအတွင်း မွန်ပြည်နယ် ရဲဘက်စခန်းများသို့ လိုက်သွားကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းကလည်း အင်းစိန်ထောင်မှ အကျဉ်းသားများကို စစ်မြေပြင်၌ ပေါ်တာအဖြစ်သုံးရန် ၁၀ ဘီး ကား ၅ စီးဖြင့် ခေါ်ထုတ်သွားသည်ဟု နော်ဝေးနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံ(DVB)သတင်း၌ ဖော်ပြထားသည်။

ထို့အပြင် ဇန်န၀ါရီ ဒုတိယ အပတ်က အင်းစိန်ထောင်မှ အကျဉ်းသား ၂၀၀ ကို မြ၀တီစစ်မြေပြင်သို့ ပေါ်တာအဖြစ် ထပ်မံစေလွှတ် ကြောင်း၊ လက်နက်ကြီးများဒဏ်ကြောင့် အကျဉ်းသားပေါ်တာ ၇ ဦးသာ အသက်ရှင် ကျန်ရစ်ကြောင်း၊ ၎င်းတို့သည် ဒဏ်ရာ အသီး သီးနှင့် အင်းစိန်ထောင်ဆေးရုံ၌ လက်ရှိ တက်ရောက်ကုသနေဆဲဖြစ်ကြောင်း၊ ထောင် ဆေးရုံတွင် အကျဉ်းသားလူနာ ၈၀ ထက် မနည်း တက်ရောက်လျက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိကြောင်း အကျဉ်းသားပေါ်တာများက ပြော သည်။

၂၀၁၀ ဒီဇင်ဘာ လလယ်ခန့်ကလည်း ဧရာဝတီတိုင်း ပုသိမ်၊ မအူပင်၊ မြောင်းမြ အကျဉ်းထောင်များမှ အကျဉ်းသား ၂၀၀ သည် အင်းစိန် အကျဉ်းထောင်သို့ ရောက်ရှိလာပြီး မြ၀တီ ရှေ့တန်း စစ်မြေပြင်သို့ ပေါ်တာ အဖြစ် ပို့ဆောင်ခဲ့သေးသည်။

အင်းစိန် အကျဉ်းဦးစီးဌာန တာဝန်ရှိသူများသို့ လာဘ်လာဘ ငွေကြေးပေးနိုင်သူ အကျဉ်းသားများသည် ရန်ကုန်တိုင်းအတွင်းရှိ လှည်းကူး - လှေလှော်အင်း၊ တွံတေး - တောကြီးတန်းအပြင် တခြား ကျောက်ထု ရဲဘက် စခန်းများသို့သာ ပို့ဆောင်ခံရပြီး ငွေကြေး မတတ်နိုင်သည့် အကျဉ်းသား အများစုမှာ လတ်တလော၌ ကရင်ပြည်နယ် ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်မှုများ ရှိနေကြောင်း အင်းစိန် အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။

ယင်း အကျဉ်းသားပေါ်တာများကို စစ်အစိုးရတပ်ဖွဲ့ဝင်များက မိုင်းရှင်း ကိရိယာများအဖြစ်သုံးခြင်း၊ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခြင်း များ ပြုလုပ်သောကြောင့် ထိုင်းနိုင်ငံဘက် သို့ ထွက်ပြေး တိမ်းရှောင်သူများလည်း ရှိခဲ့သည်။

၂၀၁၀ နိုဝင်ဘာ ၇ ရက် နှင့် ၈ ရက်နေ့များမှစ၍ ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များအတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် စစ်အစိုးရ တပ်များသည် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ယင်းတိုက်ပွဲများတွင် စစ်အစိုးရ တပ်က အကျဉ်းသားပေါ်တာ အသုံးပြုမှုများရှိခဲ့သည်။

မီဇိုရမ်ရဲက မြန်မာနိုင်ငံမှ ဝင်လာသော တရားမ၀င် လက်နက်များ ဖမ်းဆီး

KHONUMTHUNG NEWS

ချင်းပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ မှောင်ခိုဖြင့် ဝင်လာသော လက်နက်များကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မီဇိုရမ်အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မီဇိုရမ်ရဲအဖွဲ့ နှင့် အာသံစစ်တပ်တို့ပူးပေါင်းပြီး အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် မြန်မာနိုင်ငံသား Ningsiamniang ခေါ် အမျိုးသမီးတဦးထံမှ 9mm Pistol နှစ်လက် နှင့်မဂ္ဂဇင်း ကျည်ဘောက် နှစ်ခု ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၄င်းကို တရားမဝင် လက်နက်မှောင်ခိုမှုနှင့် နိုင်ငံခြားသားအမှုဖြင့် တရားစွဲဆိုထား ကြောင်းမီဇိုရမ်ပြည်နယ် ဒေသထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် 9mm Pistol တလက်၏ မီဇိုရမ်ပေါက်ဈေးမှာ (ရှုပီးငွေ ၁၃၀၀၀၀)ခန့်ရှိသည်ဟုသိရသည်။

အဖမ်းခံရသူ မ Ningsiamniang သည် အိန္ဒိယနိုင်ငံသားတဦး နှင့် အိမ်ထောင်ပြုပြီး မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီးသူဖြစ်သည်။ သူမ၏ခင်ပွန်းဖြစ်သူ Akbar Hussein သည် ဂျင်းနှင့် ငရုတ်သီးရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည် ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ကျန်ဖိုင်းမြို့ (Vengthlang) ရပ်ကွက်တွင်နေထိုင်သူ မီဇိုးအမျိုးသား C.Lalrinkima ထံ မြန်မာနိုင်ငံမှမှောင်ခိုဝင်လာသော 22 Pistol ( USA လုပ်) ၂ လက် ကို အာဏာပိုင်တွေကဖမ်းဆီးခဲ့ကြောင်း သေနတ်တစ်လက်မှာ 22 3011 Eagle ဖြစ်ပြီး၊ ကျန်တစ် လက်မှာ 22 Server 12689 ဖြစ်သည်ဟုသိရသည်။

အဆိုပါလက်နက်သည် ယခုလက်ရှိပေါက်ဈေးအရ တစ်လက်မှာ (ရှုပီးငွေ ၁၆၀၀၀၀) ခန့်ရှိသည်ဟုသိရသည်။

လက်နက်မှောင်ခိုကုန်သည်များသည် မီဇိုရမ်ပြည်နယ်ကိုဖြတ်ကျော်ပြီး အိန္ဒိယအရှေ့မြောက်လူမျိုးစုလက်နက်ကိုင်များနှင့် လက်နက်အရောင်းအ၀ယ်ပြုလုပ်လေ့ရှိသည်ဟုသိရသည်။ ထို့ကြောင့်မီဇိုရမ်ပြည်နယ်သည် လက်နက်ရောင်းဝယ်ဖောက် ကားရာတွင် အချက်အချာကျသည့်ဒေသတခုဖြစ်လာခဲ့သည်။

မီဇိုရမ်ဝန်ကြီးချုပ် ပူးလာလထန်ဟောလ်အာက အိန္ဒိယအရှေ့ မြောက်ဘက် သူပုန်များထံ လက်နက် ရောင်းဝယ်မှုပြု လုပ်ရာတွင် မီဇိုရမ်ပြည်နယ်ကို အဓိကအသုံးပြုနေကြသည်ဟု ပြောဆိုကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဇီးသတင်းဌာနက ဖေါ်ပြခဲ့သည်။

ထို့အပြင်အိန္ဒိယဗဟိုထောက်လှမ်းရေးများကလည်း အိန္ဒိယသူပုန်များထံ လက်လက်ခဲယမ်းများရောင်းချမှု ပြုလုပ်ရာတွင် မီဇိုရမ်ပြည်နယ်ကို အသုံးပြုနေကြကြောင်း၊ ယင်းလက်နက်များကို တရုတ်နှင့် မြန်မာ နိုင်ငံများမှ ၀င်လာခြင်းဖြစ်ကြောင်း ယင်းသတင်းတွင်ဖေါ်ပြထားသည်။

ဦးတေဇ နှင့် ကြံ့ဖွံ့ကုမ္ပဏီ ဆက်သွယ်ရေးလုပ်ငန်း လက်ဝါးကြီးအုပ်ရန် ကြံ

နရီလင်းလက် Friday, 04 March 2011

ဦးတေဇနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့ )ပိုင် ကုမ္ပဏီ၂ ခု ပူးပေါင်း၍ FTTX စနစ် ၀န်ဆောင်မှုကို လက်ဝါးကြီး အုပ်ရန် စီစဉ်နေသောကြောင့် အဆိုပါ ၀န်ဆောင်မှုကို လုပ်ခွင့်ရရှိထားသည့် ကုမ္ပဏီများကြား မကျေနပ်မှုများ ဖြစ်ပွားနေသည်ဟု သိရသည်။

FTTX စနစ်သည် ဖိုက်ဘာ ဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း ၊ တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော ၀န်ဆောင်မှုဖြစ်ပြီး ရန်ကုန် ၊ မန္တလေးမြို့ကြီးများတွင် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများမှ နယ်မြေဇုန် အလိုက် မြို့နယ်များသတ်မှတ်ကာ ၀န်ဆောင်မှု စတင် ပေးနေသည်။

အဆိုပါ ၀န်ဆောင်မှုကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် နည်းပညာ ကုမ္ပဏီများ စုပေါင်းဖွင့်လှစ်ထားသော ရတနာပုံ တယ် လီပို့ ကုမ္ပဏီတွင် ပါဝင်သည့် ကုမ္ပဏီများကို BOT စနစ်ဖြင့် စက်တင်ဘာလက စာချုပ် ချုပ်ဆို၍ စတင် လုပ်ကိုင်ခွင့် ပြုခဲ့ သည်။

Elite ကုမ္ပဏီ ၊ Red Link ၊ High the Princess ၊ Fortune International ၊ MDS ၊ Kinetic Myanmar ၊ Sky Net ၊ Fisca စသည့် ကုမ္ပဏီများ လုပ်ကိုင်ခွင့်ရထားသည်။

ဦးတေဇ ပိုင် Elite ကုမ္ပဏီ နှင့် ကြံ့ဖွံ့ ကျောထောက်နောက်ခံပြု တည်ထောင်ထားသည့် ITCS ကုမ္ပဏီ ပူးပေါင်း၍ ရန်ကုန်ဈေးကွက်တခုလုံးကို အဓိက လုပ်ကိုင်မည်ဖြစ်သောကြောင့် လက်ရှိ လုပ်ကိုင်နေ သည့် ကုမ္ပဏီများအား လုပ်ငန်း ရပ်ဆိုင်းရန် နှင့် နယ်မြို့များသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ပြောဆိုလိုက်သောကြောင့် မကျေနပ် မှုများဖြစ်ပေါ်နေသည်ဟု ရတနာပုံတယ်လီပို့ အသိုင်းအ၀န်းမှ သိရသည်။

“စာချုပ်တွေလဲချုပ်ပြီး ၄၊ ၅ လလောက်ပိုက်ဆံ အများကြီး အကုန်ခံ လုပ်ငန်းပြီးသလောက်ရှိမှ ဆက်မလုပ်ဖို့ခေါ်ပြောတယ်။ ဒီလို အခုစာချုပ်တွေချုပ်ပြီး လုပ်ခွင့်ပြုလိုက်၊ တော်တော်လေးကြာလို့ "ထူး" လိုကုမ္ပဏီကြီး တခုက လုပ်ချင်လာရင် ချက်ချင်း ရပ်ခိုင်းလိုက်၊ ဒီလိုစီးပွားရေးပေါ်လစီမျိုး နဲ့ကတော့ ဘယ်လောက်စီးပွားရေးဖွင့်ဖွင့် ဘယ်နိုင်ငံခြား ကုမ္ပဏီမှမလာဘူး”ဟု လုပ်ငန်းရပ်ဆိုင်းခံရသည့် နည်းပညာကုမ္ပဏီ တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

သူက ဆက်၍“ရန်ကုန်မြို့တွင်း နယ်မြေခွဲပြီး ကုမ္ပဏီ အလိုက် ဥပမာ- Red Link ကတော့ ဘယ်မြို့နယ်မှာ ၀န်ဆောင်မှုပေး။ လိုအပ်တဲ့ ဆက်သွယ်ရေး ၊ လိုင်းချိတ်ဖို့ အဲဒီကုမ္ပဏီက တာဝန်ယူတပ်ဆင် အကုန်လုပ်။ ဒီအတွက် ကုမ္ပဏီတွေ အသီးသီးက ကျပ် သိန်း ထောင်ချီပြီး ရင်းနှီးမြှပ်နှံလုပ်ကိုင်နေကြတာ”ဟု ဆိုသည်။

“ကျနော်တို့ အားလုံးကို စာချုပ်ထဲက ပါတဲ့အတိုင်း ၅ နှစ်ပေးလုပ်မယ်ပြောထားတာ။ အခု ရန်ကုန်မှာရှိတဲ့ မြို့နယ်တွေ အကုန် လုံး Elite နဲ့ ITCS ကပဲ လုပ်တော့မယ်။ ကျန်တဲ့လူတွေ နယ်ဘက်တွေ ဆင်းလုပ်ဆိုတော့ ကျနော်တို့ ရင်းထားတာတွေ အကုန်လုံးဘာသွားလုပ်တော့မှာလဲ။ လုပ်ငန်းစနေတာ အခု တ၀က်တပျက် ရပ်ရမယ့်အနေအထားဖြစ်နေတယ်”ဟု Sky Net ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

၎င်းက ဆက်လက်ပြီး“Elite ကိုယ်တိုင်လည်း လုပ်ခွင့်ရတဲ့ထဲမှာ ပါတာပဲ။ တခုလုံးကို သူပဲလုပ်ချင်နေတာမျိုးကတော့ ၀န်ကြီးနဲ့ ပိုင်တယ်ဆိုပြီး သဘောကျ လက်ညှိးထိုးသလို ၊ လုပ်ချင်သလို လုပ်ခွင့်ရနေတာမျိုးကတော့ မဖြစ်သင့်ဘူး”ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ Wi-Fi ဇုန် ဧရိယာ ၁၃ ခုရှိပြီး အဆိုပါ FTTX စနစ်အကောင်အထည်ပေါ်လာပါက Wi-Fi ဇုန် ဧရိယာ များလည်း တိုးပွားလာမည်ဖြစ်သည်။ FTTX စနစ်သည် ယခင်ပုံမှန် အသုံးပြုနေသော ဆက်သွယ်ရေး နည်းပညာနှင့် မတူဘဲ မြန်နှုန်းမြင့် နည်းပညာများဖြင့် အချက်အလက် အင်တာနက်ဝန်ဆောင်မှုများကို မြေအောက် ဖိုက်ဘာ ဆက်ကြောင်း များမှ တဆင့် တပ်ဆင်သွားမည်ဟု အာဏာပိုင်များက ပြောဆိုထားသည်။

ယင်း ပြဿနာများဖြစ်ပွားနေသောကြောင့် ၀န်ဆောင်မှု လုပ်ငန်းများ တ၀က်တပျက်ဖြစ်ကာ နှောင့်နှေးမှုလည်း ဖြစ်သွားသည် ဟု Red Link ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောပြသည်။

“ကုမ္ပဏီတွေ အားလုံးက တော်တော်မကျေမနပ်ဖြစ်နေတယ်။ ညီတူညီမျှ မရှိတာ တော်တော်ဆိုးတယ်။ ဒီ ၀န်ဆောင်မှုက ရန်ကုန်မှာဆိုလည်း လူတော်တော်သိလာတော့၊ ဒီ ဈေးကွက်တခုလုံးကို လိုချင်တော့ Elite က သူပဲလုပ်မယ်ဆိုပြီး ၀န်ကြီးကို ပြောတယ် ကြားတယ်။ ဒါကြောင့်လည်း အခုလို ဖြစ်လာတာပဲ”ဟု ၎င်းက ပြောသည်။

ဆက်လက်၍“အခုအခြေအနေက ကျနော်တို့ဘက်က အာဏာပိုင်နဲ့ပတ်သက်နေတော့ ပြောသလို လုပ်ရမယ့်အနေအထားဖြစ် နေတယ်။ မကျေနပ်လည်းမတတ်နိုင်ဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ထဲမှာပါတဲ့ ကုမ္ပဏီတခုကတော့ တန်အောင် ပိုက်ဆံပေး ရင် ထွက်ပေးမယ် ပြောတယ်။ ဘာမှတော့ သူတို့ဘက်က တုံ့ပြန်တာ မရှိသေးဘူး”ဟုလည်း ဆိုသည်။

လုပ်ငန်းရပ်ဆိုင်းရန် ပြောဆိုပြီးနောက်တွင် ကုမ္ပဏီများအား ကုန်ကျစရိတ် မည်မျှရှိသည်ဟု အာဏာပိုင်များက မေးမြန်း ခဲ့သော်လည်း ယခုအချိန် ငွေကြေးပြန် အလျော်ပေးခြင်းများ မရှိသေးဟု အဆိုပါကုမ္ပဏီများမှ သိရသည်။

ITCS သည် ပုဂ္ဂလိကပိုင်ကုမ္ပဏီတခုဟုကြေညာထားသော်လည်း အာဏာပိုင်များနှင့် ကြံ့ဖွံ့ အသင်းဝင်များ ပါဝင်လုပ်ကိုင် နေ သော အဖွဲ့အစည်းကြီးတခုဖြစ်ပြီး ရတနာပုံတယ်လီပို့၏ စီမံခန့်ခွဲမှုပိုင်းတွင် အရေးအကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ကုမ္ပဏီ များထံမှ သိရသည်။

ထို့အပြင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းကာ Prepaid Card (ကြိုတင်ပေးငွေပေးကတ်) များ၊ တယ်လီဖုန်း ဟန်း ဆက် များ ထုတ်လုပ်ရောင်းချနေသည်။

ဦးတေဇပိုင် ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်သော Elite ကုမ္ပဏီသည် ဖိုက်ဘာဆက်ကြောင်း အွန်လိုင်း ၀န်ဆောင်မှုအပြင် အိုင်တီ နည်းပညာ ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဖုန်းဟန်းဆက်များ ထုတ်လုပ်တင်သွင်း ရောင်းချခြင်း၊ ကျပ် ၅ သိန်းတန် CDMA ဖုန်းလိုင်းများရောင်းချခြင်း၊ ၅ သိန်းတန်ဖုန်း ငွေဖြည့်သွင်းကတ်များ ဖြန့်ချိရောင်းချခြင်း လုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

ပအိုဝ့်ပြည်သူ့စစ်များကို SSA-S တိုက်ခိုက်

Jai Wan Mai

ရှမ်းပြည်နယ် တပ်မတော် (တောင်ပိုင်း) SSA-S တပ်များက ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန်မြို့နယ် မိုင်စစ်ဒေသရှိ ပအိုဝ့်ပြည်သူ့စစ် စစ်စခန်းများကို ၂ ရက်ကြာ တိုက်ခိုက်ခဲ့သည်ဟု SSA-S သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၅ နာရီအတွင်း SSA-S တပ်များက လွိုင်ယီးဒေသရှိ ပအိုဝ့်ပြည်သူ့စစ် စစ်စခန်း ၂ ခုနှင့် ယခုလ ၁ ရက်နေ့ မနက် ၁၁ နာရီမှ ညနေ ၆ နာရီခန့်အထိ နမ့်ဆန်မြို့နယ် မိုင်စစ်မြို့နယ်ခွဲ ဝမ်ဟန်းဒေသရှိ စစ်စခန်း ၂ ခုကို SSA-S က တိုက်ခိုက်ခဲ့ကြောင်း SSA-S ဝဘ်ဆိုဒ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

G3 ၃ လက်၊ MA1 တလက်၊ M16 ၂ လက်၊ M79 တလက်၊ M60 စက်သေနတ် တလက်၊ ဘိန်း ၆ဝဝ ပိဿာခန့်၊ မူးယစ်ဆေးဝါးထုတ်ရာတွင် အသုံးပြုသည့် ဓာတုဗေဒ ပစ္စည်း ၅ ဂါလံနှင့် ဆိုင်ကယ် ၃ စီးကို SSA-S က သိမ်းဆည်းရမိကာ၊ တိုက်ခိုက်မှုများအတွင်း ပအိုဝ့် ပြည်သူ့စစ် ၆ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပအိုဝ့်လက်နက်ကိုင်အုပ်စုသည် ၂ဝဝ၉ ခုနှစ်ကတည်းက ပြည်သူ့စစ် အသွင်ပြောင်းခဲ့ပြီး၊ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်ထံမှ အထောက်အပံ့များ ပိုမိုရရှိလာခဲ့သည်ဟုလည်း ဆိုထားသည်။

လတ်တလောတွင် နမ့်ဆန်နှင့် မိုင်းပွန်မှ မြန်မာစစ်တပ်များသည် ပအိုဝ့်ပြည်သူ့စစ်များကို စစ်ကူပေးရန် ပြင်နေသည်။

နမ့်ဆန်မှ ဒေသခံတဦးက ပအိုဝ့်ပြည်သူ့စစ်သည် စစ်စခန်းများ၌ မူးယစ်ဆေးဝါးများ ထုတ်လုပ်နေပြီး၊ ၎င်းတို့ကို မြန်မာစစ်တပ်က အပြည့်အဝ ကာကွယ်ပေးထားသဖြင့် မြန်မာအာဏာပိုင်များသည် ပအိုဝ့်ပြည်သူ့စစ်များထံမှ ဝင်ငွေများစွာ ရရှိခဲ့သည်ဟု SSA-A က ဆိုသည်။

မိုင်စစ်ဒေသတွင် ဦးအောင်ခမ်းထီ ခေါင်းဆောင်သည့် ပအိုဝ့်အမျိုးသားအဖွဲ့ PNO အပါအဝင် ပြည်သူ့စစ် အုပ်စုများစွာ ရှိနေပြီး၊ မူးယစ်ဆေးဝါးမှ ရရှိသည့် ဝင်ငွေအပေါ်တွင် မီခိုနေသည်ဟု ဖော်ပြထားသည်။ ထိုအုပ်စုများအချင်းချင်း အုပ်စုအကျိုးစီးပွားအတွက် အပြိုင်အဆိုင် ကြိုးပမ်းရာမှ ပဋိပက္ခများလည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“အဲဒီ ပြည်သူ့စစ်အုပ်စုတွေဟာ စစ်အစိုးရရဲ့ အသုံးချမှုကို ခံနေရတာပါ။ ပြီးတော့ တကိုယ်ကောင်းဆန်ကြတဲ့အတွက် သူတို့ရဲ့ မူလရည်မှန်းချက်တွေလည်း ပျောက်ဆုံးကုန်ပါပြီ။ သူတို့ဟာ အရပ်သားတွေကို မြန်မာစစ်တပ်ရဲ့ ဘေးရန်ကနေ ကာကွယ်စောင့်ရှောက်ပေးရမယ့်အစား မာဖီးယားဂိုဏ်းတွေလို လုပ်နေကြပါတယ်” ဟု လေ့လာသူတဦးက ဆိုသည်။

စစ်ရေး လေ့လာသုံးသပ်သူ တဦးကလည်း “ပြည်သူ့စစ် အသွင်ပြောင်းလိုက်တဲ့ လက်နက်ကိုင် အုပ်စုတွေဟာ SSA-S ရဲ့ ပစ်မှတ်တွေ ဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအုပ်စုတွေဟာ စစ်အစိုးရရဲ့ အသုံးချခြင်းကို ခံနေရပြီးတော့ စစ်အစိုးရရဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်နေကြလို့ပါ။ SSA-S ကတော့ သူ့မှာ သီးခြား ရည်ရွယ်ချက် ရှိပါတယ်။ အဲဒါကတော့ စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ဖို့ပါပဲ” ဟု ဆိုသည်။

SSA-S သည် စစ်အစိုးရကို ရှမ်းပြည်နယ်အတွင်းမှနေ၍ ဆန့်ကျင်တိုက်ခိုက်နေသည့် တခုတည်းသော ရှမ်းလက်နက်ကိုင် အင်အားစုဖြစ်ပြီး၊ ရှမ်းပြည်နယ်နှင့် ထိုင်းနိုင်ငံ နယ်နိမိတ်တွင် အခြေစိုက်ထားသည်။ SSA-S ရှမ်းတပ်မတော်၏ ခေါင်းဆောင်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဖြစ်သည်။

အခြားလက်နက်ကိုင် အုပ်စု ၃ ခု ဖြစ်သည့် ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ တိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ NDAA (မိုင်းလား) နှင့် ရှမ်းပြည်နယ် တပ်မတော် (မြောက်ပိုင်း) (SSA-N) သည်လည်း မြန်မာ-တရုတ်နယ်စပ်တွင် ရှိသည်။ ထိုအုပ်စုများသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးမှုကို ခံနေရသော်လည်း ငြင်းဆန်နေဆဲ ဖြစ်သည်။

အင်းတကော် လက်နက်စက်ရုံ မီးငြိမ်းပြီ

မျိုးသိဏ်း

မဇ္ဈိမသတင်းဌာန ။ ။ ပဲခူးတိုင်း အင်းတကော်ရှိ အမှတ် ၁ ခဲယမ်းမီးကျောက် တပ်ဝင်းအတွင်းရှိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုစက်ရုံ လောင်မှုသည် ကြာသပတေးနေ့ မြန်မာစံတော်ချိန် ည ၇ နာရီ ၁၅ တွင် ငြှိမ်းသတ်ပြီးစီးကြောင်း ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့ အဆိုအရ သိရသည်။

မီးလောင်သည့် နေရာသည် ပဲခူးတိုင်းအတွင်း ရှိသော်လည်း ရန်ကုန်တိုင်း မီးသတ်ကပါ မီးငြှိမ်းသတ်မှုကို တိုင်းအဆင့် သတ်မှတ်၍ မြို့နယ်အားလုံးမှ မီးသတ်ကားများကို အသင့်အနေအထားဖြင့် ရှိနေရန် ညွှန်ကြားခဲ့ကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ခြင်း ဖြစ်သည်။

''အမှတ် ၁ ခဲယမ်းမီးကျောက်တပ်ထဲမှာ လောင်ပါတယ်။ ဒီကလည်း ကားတွေ ထွက်တယ်။ မီးငြိမ်းတဲ့အချိန်ကို ၁၉း ၁၅ လို့ သတ်မှတ်ပါတယ်။ ကားတွေတော့ ပြန်ရောက်မလာသေးဘူး'' ဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့မှ တာဝန်ကျ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

မီးလောင်မှုနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ မသိရသေးပါ။
--------------------------------------------------------------------------------

--------------------------------------------------------------------------------------------------
အင်းတကော် လက်နက်စက်ရုံ မီးလောင်

မဇ္ဈိမသတင်းဌာန ။ ။ ပဲခူးတိုင်းအင်းတကော်ရှိ စစ်လက်နက်ထုတ်စက်ရုံတွင် မီးလောင်နေကြောင်း ကြာသပတေးနေ့ ညနေ ၆ နာရီ သတင်းပို့ချက်တရပ်က ဆိုသည်။

အင်းတကော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုစက်ရုံ မီးလောင်နေသဖြင့် ရန်ကုန်တိုင်းအဆင့် မီးသတ်အားလုံး တပ်လှန့်ထားကာ အင်အားစုပေါင်းနေသည်ဟု ထောက်ကြံ့မီးသတ်ကလည်း မဇ္ဈိမကို ပြောသည်။

"ဟုတ်တယ်ဗျ။ မီးလောင်နေတယ်။ ကျနော်တို့ အင်းစိန်၊ မင်္ဂလာဒုံ၊ အနီးဆုံး မြို့နယ်မီးသတ်တွေကော၊ တိုင်းက မီးသတ်တွေကော ကားထွက်ပါတယ်" ဟု ထောက်ကြံ့မီးသတ် တာဝန်ကျက ပြောသည်။ ၎င်းတို့ထောက်ကြံ့တွင် မီးသတ်ကား ၂ စီးသာ ရှိသည်ဟု ဆိုသည်။

အင်းတကော် လက်နက်ထုတ်စက်ရုံသည် အင်းယားကန်ဘေး အင်းယားလိတ်ဟော်တယ်အနီးရှိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုစက်ရုံ အမှတ် ၁ နှင့် ၄ ပြီးလျှင် ရန်ကုန်မြို့နှင့် အနီးကပ်ဆုံး ခဲယမ်းလက်နက်ထုတ် စက်ရုံဖြစ်သည်။ ရန်ကုန်တိုင်းနှင့်နီးသည့် တိုက်ကြီးတွင်လည်း ကပစ စက်ရုံတရုံ ရှိသေးသည်။

နအဖတပ်မှ သံတောင်ကြီးမြို့နယ်ရှိ ရွာသားတဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့

(ကေအိုင်စီ)

ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အခြေချလှုပ်ရှားလျှက်ရှိသည့် နအဖ စစ်တပ်မှ ပြီးခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဒေသခံရွာသားတဦးကို အကြောင်းမဲ့ သတ်ပစ်ခဲ့ကြောင်း ထိုဒေသမှလာ သည့်အရ သိရသည်။

ပြီးခဲသည့် ဖေဖော်ဝါရီလ ၂၆ရက်နေ့က သံတောင်မြို့နယ်တွင် အခြေချလှုပ်ရှားနေသည့် နအဖ စကခ (၇) လက်အောက်ခံ ခြေမြန်တပ်ရင်း- ခမရ (၄၂၆)မှ သဘါဖဲ့ရွာသားတစ်ဦးဖြစ်သူ စောမောင်ရွဲ (၄၈)နှစ်ကို ၄င်းတို့ တပ်စခန်း တည်ရှိရာ သံတောင်ကြီးမြို့(ဘုရင့်နောင်တပ်မြို့)တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်သည် ဟု ဒေသခံတဦးက ကေအိုင်စီကို ယနေ့တွင် ပြောဆိုသည်။

သူက “ဒီဒေသမှာ လှုပ်ရှားတဲ့ နအဖတပ်တွေက ရွာသားတွေကို မထင်ရင် မထင်သလို ဖမ်းဆီးလိုက်၊ သတ် လိုက်တာပဲ။ ဘာကြောင်းအရာမှ မရှိဘူး။ ရွာသားတွေရဲ ပိုက်ဆံတွေကိုလည်းယူတယ်။ အကုန်ပြောရရင်တော့ ဓါးပြလည်းတိုက်တယ်။ လူလည်းသတ်တယ်ဗျာ။ အရင်ကလည်း အဲလိုမျိုး လုပ်တာပဲ။”ဟု ကေအိုင်စီကို ပြောသည်။

သဘါဖဲ့ကျေးရွာသည် သံတောင်ကြီးမြို့ (ဘုရင့်နောင်တပ်မြို့)၏ အရှေ့ဘက်တွင် တည်ရှိပြီး အကွာအဝေးအားဖြင့် ခြေလျှင်နဲ့ သွားလာလျှင် ၂နာရီကျော်သာ လျှောက်ရသည်ဟု သိရသည်။

လွန်ခဲ့သည့် ၂၀၁၀ခုနှစ်မှစ၍ ယခု ၂၀၁၁ခုနှစ်၊ မတ်လ ၃ရက်နေ့အထိ ကရင်ပြည်သူလူထုများ နေထိုင်သည့် သံတောင်၊ ထန်းတပင်မြို့နယ်နှင့် တောင်ငူဒေသများတွင် လှုပ်ရှားနေသည့် နအဖစစ်တပ်၏ ပစ်သတ်ခြင်း၊ သတ်ဖြတ်ခြင်းကြောင့် ဒေသခံရွာသား ၆ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တောင်ငူခရိုင်၏ မှတ်တမ်းအရသိရသည်။

အဆိုပါဒေသများတွင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် – စကခ (၇)နှင့် (၉) လက်အောက်ခံတပ်ရင်းများအပြင် အခြားတိုင်းတပ်ရင်းများလည်း လှုပ်ရှားလျှက်ရှိပြီး လက်ရှိအချိန်တွင် ၄င်းတို့ တပ်စခန်းများသို့ ရိက္ခာများ ပို့ဆောင်နေဆဲဖြစ်ပြီး ထို့ရိက္ခာများသွယ်ရန်အတွက် ဒေသခံရွာသူရွာသားများကို နေ့စဉ်လိုလို ခေါ်ယူခိုင်းစေသည့် အပြင် စစ်ကြောင်းများ သွားရာလမ်းများတွင်လည်း မိုင်းရှင်းလင်းရန်အတွက် ရွာသူရွာသားများကို ခေါ်ယူအသုံးပြု လျှက်ရှိကြောင်း တောင်ငူဒေသံများ၏ ပြောပြချက်အရ သိရသည်။

ဒေါ်စုလွတ်ပြီး လူထု ထောက်ခံမှု ပိုမိုရရှိ

မျိုးသန့်

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက်ပိုင်းတွင် NLD ကို လူထုမှထောက်ခံမှု ပိုမိုများပြားလာသည်ဟု NLD ပါတီဝင်များမှ ရန်ကုန်ရုံးချုပ်တွင် ကြာသပတေးနေ့ ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်တိုင်း မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေးပွဲတွင် တင်ပြကြသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် မိမိတို့ကို ထောက်ခံမှု ပိုမို များပြားလာသည်ဟု ရန်ကုန်တိုင်းအတွင်းရှိ NLD ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများမှ ပြုလုပ်သည့် ညှိနှိုင်း ဆွေးနွေးပွဲတွင် တင်ပြသွားခြင်း ဖြစ်သည်။

“သူတို့တင်ပြတာကတော့ ဒေါ်စုလွှတ်ပြီးနောက်ပိုင်းမှာ လူထုကသူတိုကိုပိုပြီးတော့ ထောက်ခံလာတယ်တဲ့၊ မခေါ်ရဲတဲ့သူတွေတောင် ခေါ်ရဲလာတယ်တဲ့။ တချို့ဆိုရင် လဘက်ရည်ဆိုင်မှာ တွေ့ရင်တောင်မှ ကျွေးမွေး သွားတာတွေရှိပါတယ်တဲ့ တင်ပြသွားတာတွေ ရှိပါတယ်။ အရင်ကဆို မျက်နှာလွှဲသွားတဲ့သူတွေက အခုဆို ပြန်ပြီးတော့ ခေါ်ရဲလာကြတယ်ပေါ့လေ၊ ဒေါ်စုမလွှတ်ခင်နဲ့ ဒေါ်စုလွှတ်ပြီး ကွာခြားချက်လေးတွေကို သူတို့ တင်ပြသွားတာပေါ့” ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်မေဝင်းမြင့်က ပြောသည်။


ဆွေးနွေးပွဲကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃၆မြို့နယ်မှ NLD ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ ၈၆ ဦး တက်ရောက်ခဲ့သည်။ တက်ရောက်လာသူများမှ မိမိတို့ မြို့နယ်အတွင်းတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ပြည်သူလူထု၏ အကြောက်တရားလွှမ်းမိုးမှု၊ NLD ရပ်တည်ခွင့်၊ NLD ပါတီဝင် လူကြီးများနှင့် လူငယ်တို့ ပူပေါင်းဆောင်ရွက်ရန် တို့ကိုလည်း ဆွေးနွေးတင်ပြခဲ့သေးသည်ဟု ဒေါ်မေဝင်းမြင့်က ပြောသည်။

အလားတူပင် NLD ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်တိုင်း မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေးပွဲများကို ယခုလ ၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ NLD ရုံးချုပ်တွင် ပြည်နယ်နှင့်တိုင်းအလိုက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးမှုနှင့်ပတ်သက်သည့် တင်ပြမှုကို ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဆွေးနွေးရာတွင် NLD ပါတီဝင်များ လူထုအတွင်းစည်းရုံးမှု အားနည်းခြင်းကြောင့်ဖြစ်နိုင်သည်ဟု ပါရှိသည်။

“သူ (ဒေါ်အောင်ဆန်းစုကြည်) လွတ်ပြီးတဲ့နောက်မှာတဲ့ NLD ကိုလာပြီးဝန်းရံတဲ့အထဲမှာ ပြည်သူလူထုတွေ အများကြီးပါတယ်တဲ့။ နောက်ပြီးတော့ ပြည်သူလူထုအတွက် အကျိုးပြုလုပ်ငန်းတွေ တကယ်လုပ်ဖို့ တကယ်လုပ်ရင် ပြည်သူလူထုက အားကိုးလာမှာ ပြည်သူ့ရင်ထဲမှာ NLD ဟာ ရှိနေသေးသရွေ့ NLD ဟာ ရှိတာပဲ” ဒေါ်မေဝင်းမြင့်က ပြောသည်။

NLD ပါတီ ရပ်တည်ခွင့်နှင့်ပတ်သည့် တင်ပြမှုကို ဦးတင်ဦးမှ ပြန်လည် ဆွေးနွေးရာ NLD သည် မှတ်ပုံတင်ပြီးသားဖြစ်ပြီး ယခုတဖန် မှတ်ပုံတင်ပြန်တင်ရန်မလိုအပ်ခြင်းကြောင့် ဖြစ်သည်ဟု ရှင်းလင်း ပြောဆိုခဲ့သည်။ NLD လူကြီးနှင့် လူငယ် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ဦးတင်ဦးမှ ပြောဆိုသွားသည်ဟု သိရသည်။

NLD ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်မှ ပြန်လည်ဆွေးနွေးရာတွင် ယခုအကြံပြု တင်ပြချက်များသည် လုံလောက်မှုမရှိသေးဘဲ ပြည်သူလူထုတွင်းရှိ အခြေအနေများကို ထဲထဲဝင်ဝင် လေ့လာပြီး ထပ်မံတင်ပြပေးစေလိုကြောင့် ဖြည့်စွက် ဆွေးနွေးခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ဆွေးနွေးပွဲ တက်ရောက်လာသူများကို အဖွဲ့ချုပ်မှ ပြုလုပ်သည့် အစည်းအဝေး အခမ်းအနားများကို မှန်မှန်တက်ရောက်ရန်နှင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီ နိုင်ငံဖြစ်လာစေရေးအတွက် ပါတီဝင်များအနေဖြင့် အလုပ်လုပ်ကြရန်လိုအပ်ကြောင်း မှာကြားခဲ့ပြီး ညနေ ၄ နာရီတွင် ဆွေးနွေးပွဲ ပြီးဆုံးသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်တိုင်း မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေးပွဲများကို သောကြာနေ့ တရက်နားမည်ဖြစ်ပြီး ၅ ရက်နေ့တွင် ပဲခူးတိုင်း၊ ၇ ရက်နေ့တွင် ဧရာဝတီတိုင်း တို့နှင့် ဆွေးနွေးမည်ဖြစ်သည်။ ကျန်ပြည်နယ်အချို့နှင့် တိုင်းအချို့ကို ပူးတွဲဆွေးနွေးပွဲများ ၁ဝ ရက်အထိ ကျင်းပမည်ဖြစ်သည်။

အေးနေသော မန္တလေး ကျောက်စိမ်းဈေးကွက်

ခိုင်သွယ်

မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းရှေ့ရှိ လမ်းမပေါ်တွင် ပီနံအိတ်တခု ခင်းပြီး ကျောက်အရိုင်းတုံးများ၊ ဖြတ်စများ၊ ကျောက်စိမ်း အကာသားများ၊ ကျောက်ဒိုးပြားများကို ချပုံထားပြီး၊ တပုံလျှင် ၁၀၀၀ ကျပ်၊ ၅၀၀ ကျပ် စသည်ဖြင့် ရောင်းနေသော ကျောက်ကုန်သည် မဦးက အရောင်းအ၀ယ် မဖြစ်သည့်အတွက် စိတ်ပျက်နေကြောင်း ပြောသည်။

“ကျောက်အရိုင်းတုံး ရောင်းတဲ့သူတွေရော၊ ပစ္စည်းကောင်း ကိုင်တဲ့သူတွေရော ဘယ်သူမှ အရောင်းအ၀ယ် မဖြစ်ဘူး။ ကျမဆို ဈေးဦး မပေါက်တာ ၁ ပတ်လောက်တောင် ရှိနေပြီ” ဟု မဦးက ညည်းသည်။

မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း အပြင်ဘက်ရှိ လမ်းဘေးတွင် ကျောက်များအား မြေပေါ် ပုံရောင်းသူများ၊ ရောင်းဝယ်ရေးစခန်းအတွင်း ဆိုင်ခန်းဖြင့် ရောင်းသူများ၊ စခန်းတွင် တနိုင်တပိုင် လှည့်ရောင်းသူများပါမကျန် အရောင်းအ၀ယ်မဖြစ်ဘဲ ပါးလျက်ရှိကြောင်း သိရှိရသည်။

မန္တလေး ကျောက်စိမ်းဈေးကွက်သို့ ဖားကန့်မှ ကျောက်များ အဓိက ဝင်ပြီး ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ဈေးကွက်တွင် တရုတ်လူမျိုးများစွာ ဝင်ရောက်ရောင်းဝယ် ဖောက်ကားလျက်ရှိသောကြောင့် ကျောက်ဈေးကွက်မှာ တရုတ်လူမျိုးများ၏ ၀ယ်လိုအားပေါ်တွင် မူတည်နေကြောင်း သိရှိရသည်။

ကျောက်မျက် ဈေးကွက်သည် တရုတ်လူများ၏ ဝယ်လိုအားနှင့် ဆက်စပ်နေသောကြောင့် တရုတ်နှစ်သစ်ကူးရာသီ နီးလာသည့်အချိန်မှစ၍ ဈေးကွက်အေးသွားလေ့ရှိကြောင်း၊ ယင်းနောက် အဆိုပါ ဈေးကွက်မှာ မြန်မာနှစ်သစ်ကူးကာလ သင်္ကြန်ပွဲတော်ရာသီနှင့် တဆက်တည်း ဖြစ်သွားကာ သင်္ကြန်ပြီးနောက်ပိုင်းရောက်မှသာ ဈေးကွက် ပြန်လည်ကောင်းလာလေ့ရှိကြောင်းလည်း မန္တလေး ကျောက်ကုန်သည်များက ပြောသည်။

“ဒီရက်ပိုင်း ကျောက်စိမ်းဈေးကွက်က တော်တော်လေး အေးနေပါတယ်။ အရောင်းအဝယ် မဖြစ်သလောက်ပဲ။ ရှားရှားပါးပါး အရောင်းအဝယ်ဖြစ်ပြီဆိုလည်း ပေးတဲ့ဈေးက ကာလတန်ဖိုးထက်ကို နည်းနေတော့ အဆင်မပြေကြဘူး” ဟု မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းမှ ကျောက်ကုန်သည်တဦးက ပြောသည်။

တရုတ်နှစ်သစ်ကူးပြီးကာစ ဖြစ်နေခြင်း၊ ကျောက်ဝိုင်းအတွင်းရှိ တရုတ်လူမျိုး အများစုနှင့် တချို့သောကုန်သည်များ၊ ပွဲစားများသည် ပွဲတော်ရက်တွင် အလုပ်မဆင်းတော့သောကြောင့် ဝိုင်းအတွင်း လာရောက် အလုပ်လုပ်ကိုင်သူ နည်းပါးလျက်ရှိပြီး အရောင်းအဝယ် အေးလာရခြင်းဖြစ်ကြောင်း၊ အစိုးရက ဦးစီးပြုလုပ်နေသော အရောင်းပြပွဲများ၏ ရိုက်ခတ်မှုလည်း ပါဝင်ကြောင်း မန္တလေး ကျောက်ကုန်သည်များထံမှ သိရသည်။

“အစိုးရက ပြပွဲရောင်းချပွဲကို တနှစ်မှာ သုံး လေးကြိမ်လောက်ပြုလုပ်နေတဲ့အတွက် ကျနော်တို့လို အရင်းနှီးနည်းနည်းနဲ့ လုပ်နေတဲ့သူတွေကို ထိခိုက်ကုန်ပါတယ်။ ပြပွဲမှာ ကုမ္ပဏီတွေ ဈေးနှုန်းတွေလည်း စွတ်တင်တော့ မြင့်ကုန်ပြီး ကျောက်ကောင်းဆိုရင် အရင်လို ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားတွေ မ၀ယ်နိုင်ကြတော့ဘူး။ တရုတ်တွေပဲ ၀ယ်နိုင်တဲ့ ဈေးတွေ ဖြစ်ကုန်တယ်။ ဈေးကွက်ကလည်း တရုတ်တွေပေါ်မှာပဲ လုံးဝကို မှီခိုသွားရတဲ့ အနေအထားကို ဖြစ်နေတယ်” ဟု မန္တလေးမှ ကျောက်ကုန်သည်တဦးက ပြောသည်။

မန္တလေးကျောက်ဝိုင်းသည် အထက်မြန်မာပြည်တခုလုံးတွင် ထင်ရှားသော ကျောက်မျက်ဈေးကွက်ဖြစ်ပြီး တိုင်းရင်းသားတချို့နှင့်
တရုတ်ဝယ်လက် အများဆုံး ၀င်ရောက်ဝယ်ယူသော ဈေးကွက်ဖြစ်ကြောင်း သိရှိရသည်။ တိုင်းရင်းသားများထဲမှ ကိုးကန့်နှင့် “ဝ” တို့က တရုတ်လူမျိုးများကဲ့သို့ပင် ကျောက်စိမ်းကို တန်ဖိုးထားကြကြောင်း၊ ကိုယ်ပိုင် ဝယ်ယူခြင်းအပြင် တရုတ်ပြည်သို့လည်း သွားရောက် ရောင်းချကြောင်း သိရသည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး ကျောက်စိမ်းဈေကွက်၌ နိုင်ငံခြားဧည့်သည်များ ၀ယ်ယူမှုဈေးကွက်မှာလည်း ယခင်နှစ်များကထက် အရောင်းပါးကာ ဈေးကွက် အေးနေကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ဈေးအတွင်းရှိ ကျောက်မျက်အရောင်းဆိုင်တချို့မှာ နိုင်ငံခြားဧည့်သည်များရှိသော ဟိုတယ်များသို့ ကိုယ်တိုင်သွားရောက်၍ ဝယ်သူရှိမည့်နေရာ သွားရောက် ရောင်းချသောစနစ်များဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗိုလ်ချုပ်ဈေး ကျောက်မျက်ပစ္စည်းဆိုင်တဆိုင်မှ ဆိုင်ရှင်တဦးက အရောင်းအ၀ယ် ပုံစံပြောင်းလာခြင်းနှင့် ပတ်သက်၍ “အခုမြင်တဲ့အတိုင်းပဲ ဆိုင်တွေအားလုံးနီးပါး ထိုင်နေရတယ်။ တချို့ဆိုင်တွေကျတော့ ဟိုတယ်ကိုသွားပြီး နိုင်ငံခြားသားဧည့်သည်တွေကို ရောင်းချနေတဲ့ပုံစံတွေကို ကျင့်သုံးနေကြတယ်။ အဲဒီလိုလုပ်တော့ ပစ္စည်းတွေကလည်း တန်ကြေးကြီးတဲ့ပစ္စည်းတွေ လုပ်တာပိုများတယ်။ ဆိုင်မှာထိုင်ပြီး ရောင်းတဲ့သူတွေထက် သူတို့ပိုပြီး အလုပ်ဖြစ်တယ်။ တချို့ကျတော့ အစိုးရလုပ်တဲ့ ပွဲတွေမှာပဲ ရောင်းတော့တယ်။ အဲဒီမှာက ဈေးတင်လို့ ပိုကောင်းတယ်” ဟု ပြောပြသည်။

အစိုးရက ပြုလုပ်ကျင်းပနေသောပြပွဲသို့ လာရောက်ဝယ်ယူသူများတွင် ပြည်တွင်းဝယ်လက်များထက် ပြည်ပမှ ၀ယ်လက်များကြောင်း၊ လာရောက်ဝယ်ယူခဲ့သည့် နိုင်ငံခြားသားများတွင် ကျောက်စိမ်းကို အသုံးအဆောင်ပစ္စည်းအဖြစ် အသုံးပြုလေ့ရှိသည့် တရုတ်လူမျိုး အများဆုံးဖြစ်ကြောင်း သိရသည်။

တရုတ်လူမျိုးများအပြင် ဥရောပနှင့် အမေရိကန်နိုင်ငံများမှ ၀ယ်ယူသူများလည်း လာရောက်ခဲ့ကြောင်းနှင့် ၀ယ်ယူသူများမှာ အချောထည် ကျောက်မျက်ရတနာများထက် အရိုင်းတုံးများ ၀ယ်ယူရန် ပိုမို စိတ်ဝင်စားကြောင်း သိရှိရသည်။

ကျောက်စိမ်းဈေးကွက် တခုလုံးကို ခြုံကြည့်ပါက မြန်မာ့ကျောက်စိမ်းအား အများဆုံး ၀ယ်ယူအားပေးနေကြသည်မှာ တရုတ် လူမျိုးများသာဖြစ်ကြောင်း၊ မြန်မာ့ကျောက်စိမ်း အရည်ကောင်းတို့ကိုလည်း တရုတ်လူမျိုးများကသာ ပိုင်ဆိုင်သွားကြကြောင်း ကျောက်မျက်ကုမ္ပဏီတခုမှ တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်းဈေးကွက်တွင် အဖြူရောင်၊ အစိမ်းရောင်၊ ပန်းရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ အမဲရောင်၊ အပြာရောင်နှင့် တခြားအရောင်များလည်း ရှိပြီး အစိမ်းရောင်မှာ ဈေးအရဆုံးဖြစ်ကြောင်း သိရှိရကာ အဓိက၀ယ်လက်များမှာ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်သူဌေးများ အ၀ယ်များဆုံးဖြစ်ကြောင်း သိရှိရသည်။

အစိုးရက ပြုလုပ်ကျင်းပသော ကျောက်မျက်ရတနာ ရောင်းပွဲများတွင် အဓိက ပါဝင်ရောင်းချနေကြသည်မှာ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ တိုင်းရင်းသား စီးပွားရေးပုဂ္ဂလိက လုပ်ငန်းရှင် ကုမ္ပဏီများနှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးနှင့် အကျိုးတူပူးပေါင်းသော ကုမ္မဏီများ၊ ပြည်တွင်း ကျောက်မျက်ရတနာဆိုင်များ
ဖြစ်ပြီး ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,4th,2010

( 30 )ကျိုက်ထီးရိုးအပြန် ကားမှောက် ၂၅ ဦး ဒဏ်ရာရ

( 29 )ကရင်နီပြည်တွင် ဥပဒေပြုရေးနှင့် တိုင်းရင်းသားအရေးဆိုင်ရာ ကော်မီတီဝင်များ တင်တွင်း

( 28 )၁၀ နှစ် နေထိုင်ခွင့်လက်မှတ် ထုတ်ပေးသည့် ထိုင်းဝန်ထမ်းများ လာဘ်စား

( 27 )Local Officials Benefit from Migrant Document Check

( 26 )Burma court mulls bail for Australian editor

( 25 )လွှတ်တော်ဥက္ကဋ္ဌခုံများ ၅ နှစ် ခံပါ့မလား

( 24 )Burma joins the Facebook Revolutions

( 23 )ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းတွင် လောင်စာဆီ အခက်တွေ့ နေ

( 22 )Rice Flow to the Border Restricted

( 21 )မြန်မာတိုင်းမ်စ် ထုတ်ဝေသူ ရော့စ် ဒန်ကလေကို အာမခံ ငြင်းပယ်

( 20 )Why we need to keep talking about Burma

( 19 )လွှတ်တော်နှစ်ရပ်အတွက် ပြည်သူ့ငွေစာရင်းကော်မတီများ ဖွဲ့စည်း

( 18 )Myanmar court mulls bail for Australian editor

( 17 )ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ပိုလုပ်ပြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

( 16 )Forcibly relocated people to be forcibly relocated again

( 15 )လစ်ဗျားဂယက်ကြောင့် ပြည်ပ ဆန်တင်ပို့ခွင့် ပိတ်

( 14 )မြန်မာကို EU ပြစ်ဒဏ်ခတ်မှု ဆက်ထားသင့်ကြောင်း တိုက်တွန်း

( 13 )Burmese troops block road with logs in response to KIA

( 12 )အိုမန်နိုင်ငံ ဆန္ဒပြပွဲများကြောင့် မြန်မာလုပ်သားများ လုံခြုံရေးစိုးရိမ်

( 11 )လူထု နိုင်ငံရေး ခံစားချက် လေ့လာဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

( 10 )Burmese soldiers use alcohol to lure two boys to join army

( 9 )အပိတ်ခံရသည့် အမေ့အိမ် စာသင်ကျောင်း ပြန်ဖွင့်မည်

( 8 )ရော့စ် ဒန်ကလေကို တရားရုံးက အာမခံမပေး

( 7 )ခရမ်းမြို့မှ လယ်သမားများ လယ်ယာမြေအရေး အစိုးရထံ အိတ်ဖွင့်ပေးစာပို

( 6 )Myanmar, Bolivia, Venezuela fail in drugs fight:

( 5 )မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်

( 4 )Australian publisher Ross Dunkley in court

( 3 )ဗြိတိန်က မြန်မာကို လေးနှစ်အတွင်း ပေါင် သန်း ၂၀၀ ကျော် ကူညီမည်

( 2 )မလေးရှားမှာ ဒုက္ခသည်များ အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို

( 1 )Brothers in corruption: Maldives and Burma

Thursday, March 3, 2011

ယာယီနိုင်ငံကူး လက်မှတ်ဖြင့် မြန်မာပြည်ပြန်သူများ ငွေညှစ်ခံရ

ဧရာဝတီ Thursday, 03 March 2011

ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူး လက်မှတ်များ ကိုင်ဆောင်၍ တရားဝင် အလုပ်လုပ်ကိုင်နေသူများ နယ်စပ်ဂိတ်များမှ တဆင့် မြန်မာနိုင်ငံသို့ အပြန်တွင် အာဏာပိုင်များ၏ အဓမ္မ ငွေတောင်းခံရမှုများ ရှိသည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်မြို့မြ၀တီတွင် မြန်မာအာဏာပိုင်များ၏ ငွေတောင်းခံမှုနှင့်ကြုံတွေ့ရခြင်းဖြစ်သည်ဟု မြန်မာ အလုပ် သမားများ က ပြောပြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ပြန်လာသည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့သူ မစန်းစန်းနွယ်က “ဘန်ကောက်မှာ ယာယီနိုင်ငံကူး လက်မှတ်နဲ့ အလုပ်လုပ်တယ်၊ ဒီနှစ် သင်္ကြန်ပွဲအတွက် ခွင့်ယူပြီး ပြန်လာတာ လမ်းခရီးမှာ ဘာပြဿနာမှ မရှိဘူး၊ မဲဆောက်ကနေ မြ၀တီကူးမှပဲ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်က ကျမတို့ဆီက ငွေတောင်းတာ ဓားပြတိုက်နေသလိုပဲ”ဟု ဧရာဝတီသို့ ပြောသည်။


မြ၀တီ နှင့် မျက်နှာချင်းဆိုင် ထိုင်းနိုင်ငံဘက်ရှိ အမှတ်၂ လှေဂိတ်မှတဆင့် နယ်ခြား သောင်ရင်းမြစ်ကို စစ်လှေဖြင့် ဖြတ်ကူးရာတွင် တဦးလျှင် စက်လှေခ ကျပ် ၅၀၀ မြ၀တီကမ်းပေါ်သို့ အတက်တွင် လူတဦး ကျပ် ၅၀၀ အပြင် အထုပ်အပိုး အိပ်အကြီး အသေး ၁ အိပ်လျှင်ကျပ် ၂၀၀၀ မှ ၃၀၀၀ အထိ တောင်းခံနေပြီး ဘန်ကောက်မှ ပြန်လာသည့် အလုပ်သမား တဦးအနေနှင့် ပစ္စည်းသယ်ပေးသည့် အလုပ်သမားခ အပါအ၀င် ကျပ် ၁၀၀၀၀ ခန့်ပေးရသည် ဟုလည်း မစန်းစန်းနွယ်က ပြောသည်။

သောင်ရင်းမြစ်အတွင်း စစ်လှေမောင်းသူတဦးက ယခင်လလယ်မှစတင်ကာ နေရပ်ပြန် လာကြသည့် မြန်မာ အလုပ် သမားများမှာ တနေ့လျှင်လူ ဦးရေ ၅၀၀ ခန့်နေ့စဉ်ရှိသည့်အတွက် မြ၀တီဘက်ရှိ အာဏာပိုင်များ တနေ့ရရှိသည့် ငွေ မှာ ကျပ်သန်းချီရှိသည်ဟု ပြောသည်။

စက်လှေမောင်းသူက“ကျနော်လှေမောင်းတဲ့ အမှတ်၂ ဂိတ်တခုတည်းမှာပဲ ဘန်ကောက်ကပြန်လာတဲ့လူတွေ တနေ့ကို ၃၀၀ အနည်းဆုံးရှိတယ်၊ ကျနော်တို့ဂိတ်လိုပဲ မြန်မာတွေကူးတဲ့လှေဆိပ်ကြီး ၁၀ ခုလောက်ရှိတယ်၊ ငွေညှစ်တဲ့ဂိတ်ထဲမှာအဆိုးဆုံးက မြ၀တီဘက်က ကြံခင်းဂိတ်ပဲ၊ အဲဒီမှာဂိတ်၂ ခုရှိတယ်၊ ကရင်နယ်ခြားစောင့်ဂိတ်နဲ့ မြန်မာစစ်တပ် ဂိတ်တွေ အတော်ဆိုးတယ်၊ ပိုက်ဆံတောင်းတာ များလို့ဆိုပြီး သွားမပြောနဲ့ ကိုယ့်အထုပ်ကို မိုင်းရှာမယ်ဆိုပြီးတော့ အမျိုးမျိုးဒုက္ခလိုက်ပေးလို့ ရွာလည်သွားတဲ့ လူတွေ အများကြီးရှိတယ်”ဟု ရှင်းပြသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံမှ ထုတ်ပေးထားသည့် ယာယီနိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းမှပြန် လာကြသူများကို မြန်မာအာဏာပိုင်များဘက် မှ အဓမ္မငွေတောင်းမှုများပြုလုပ်ခွင့် မရှိသော်လည်း လုံခြုံရေးအကြောင်းပြ ချက်ဖြင့် ထိုင်းမှပြန်လာသည့် မြန်မာ အလုပ်သမားများကို အကျပ်ကိုင်ခြိမ်းခြောက်မှုများမှာ မြ၀တီခရိုင်အတွင်း နေ့စဉ်ဖြစ် ပွားလျက်ရှိသည်ဟု မြ၀တီမြို့ခံ အစိုးရ ၀န်ထမ်းတဦးက ပြောသည်။

သန်းနှင့်ချီ၍ ထိုင်းတွင်ရောက်ရှိနေကြသည့် မြန်မာအလုပ်သမားများအနက် နှစ်စဉ် အတာသင်္ကြန်ကာလမတိုင်မီ အချိန် တွင် နေရပ်အသီးသီးသို့ အလည်ပြန်ကြသူ သိန်းနှင့်ချီရှိရာ မြ၀တီ-ဘားအံ-ရန်ကုန် ပြေးဆွဲသည့် မော်တော်ယာဉ်လိုင်းများ အကျိုးအမြတ် များသည့်ကာလဖြစ်သကဲ့သို့ လမ်းခရီးတလျှောက်ရှိ စစ်ဆေးရေးဂိတ်များရှိ ၀န်ထမ်းများ သာမန် ကာလထက် ငွေရွှင်သည့်အချိန် ဖြစ်သည်ဟု ယာဉ်မောင်း တဦးက ပြောသည်။

ထိုင်းတွင်ရောက်ရှိနေကြသည့် အလုပ်သမားများ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ပြန်လျှင် မြ၀တီနယ်စပ်လမ်းကို အများစုအသုံးပြုကြခြင်းမှာ မြ၀တီ-ရန်ကုန် ခရီးအကွာအဝေး၂၆၅ မိုင်ကို ကားဖြင့် ၁၄ နာရီခန့်သာသွားရခြင်းကြောင့် ဖြစ်သည် ဟု သိရသည်။

ရော့စ် ဒန်ကလေ အင်းစိန်ထောင်၌ ကောင်းမွန်စွာနေခွင့်ရ

မင်းနိုင်သူ Thursday, 03 March 2011

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးတွင် တရားစွဲခံထားရသော မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ် မစ္စတာ ရော့စ် ဒန်ကလေသည် အင်းစိန်ထောင်အတွင်း ကောင်းမွန်စွာ နေထိုင်ခွင့်ရ ထားသည်ဟု အမည်မဖော်လိုသည့် အင်းစိန်ထောင် အရာရှိက ပြောသည်။

“အကျဉ်းသား တသောင်းကျော်ရှိတဲ့ အင်းစိန်ထောင်ကြီးထဲမှာ သူ့ရဲ့ အင်းလျားလမ်းနေအိမ်လို ဇိမ်ကျကျ မထားနိုင်ပေမယ့် တခြား အကျဉ်းသားတွေထက် သာလွန်တဲ့အဆင့်နဲ့ သူနေရပါတယ်”ဟု အဆိုပါအရာရှိက ဆိုသည်။

မစ္စတာ ဒန်ကလေကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အင်းစိန်ထောင်သို့ ပို့လိုက်ချိန်မှစ၍ အင်းစိန်ထောင် တိုက်အမှတ် ၁ အတွင်းရှိ အခန်းနံပါတ် ၁၄ ၌ ထားရှိကြောင်း သိရသည်။


အဆိုပါအခန်းသည် မန္တလေးမြို့မှ လူသိများသည့် စီးပွားရေးသမား နေပြည်တော်သန်းထွန်းနေထိုင်ခဲ့ဖူးသည့် အခန်းဖြစ်ပြီး အနောက်နိုင်ငံသုံး ရေချိုးခန်းနှင့်အိမ်သာပါရှိသည့် အခန်းဖြစ်ကြောင်း ၊ တိုက်နံရံများတွင် ထုံးမသုတ်ဘဲ သန့်ရှင်းသည့် ဆေး သုတ် ထားကြောင်း ၊ အရောင်တင်ဆီ သုတ်ထားသည့် ကွပ်ပျစ်လည်း ရှိကြောင်း အင်းစိန်ထောင်အရာရှိက ပြောသည်။

အင်းစိန်ထောင်အတွင်း မနက်စာအဖြစ် ဆန်ပြုတ်တိုက်လေ့ရှိသော်လည်း မစ္စတာ ဒန်ကလေကိုမူ ကော်ဖီပေးသည်ဟုလည်း ဆို သည်။

“သူက ဆန်ပြုတ် မသောက်ချင်ဘူးပြောလို့ ကော်ဖီနဲ့ တခြားအသင့်စား စားစရာတချို့ကို ပေးပါတယ်။ ဒေါက်တာ တင်ထွန်းဦး က လည်း ထောင်ဝင်စာပို့ပေးတယ်။ သူလိုအပ်တဲ့ ရေနွေးကိုလည်း ခွင့်ပြုပေးထားပါတယ်”ဟု ထောင်အရာရှိက ပြောသည်။

ဒေါက်တာ တင်ထွန်းဦးသည် မြန်မာတိုင်းမ်ဂျာနယ်၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူဖြစ်ပြီး မစ္စတာ ဒန်ကလေကို ရဲက ဖမ်းဆီးပြီး ၃ ရက်အကြာတွင် မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူလိုက်သူဖြစ်သည်။

လတ်တလော မြန်မာနိုင်ငံ တ၀န်း အကျဉ်းထောင်များရှိ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အပါအ၀င် အကျဉ်းသား အားလုံး သည် အနောက်နိုင်ငံသုံး ရေချိုးခန်းနှင့် အိမ်သာ အသုံးပြုခွင့်မရကြောင်း သိရသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ၁၉၈၈ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံ အကျဉ်းထောင်များရှိ နိုင်ငံရေး အကျဉ်းသား ၁၄၆ ဦး သေဆုံးခဲ့ကြောင်း၊ တခြားသော ထောင်နှင့် ချီသည့်အကျဉ်းသားများမှာလည်း ရဲဘက် စခန်းများနှင့် အကျဉ်းထောင်များအတွင်း သေဆုံးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန် ပြောဆိုထားသည်။

AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က“မစ္စတာ ဒန်ကလေ က နိုင်ငံခြားသားလည်း ဖြစ်တယ်၊ နိုင်ငံရေး အကျဉ်းသား လည်း မဟုတ်တော့ သူ့ကို ထောင်အရာရှိတွေက ကောင်းကောင်း ထားနိုင်တာပေါ့၊ ဒါပေမယ့်လည်း သူ့အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင် ရဦးမှာပါ”ဟု ပြောသည်။

ယနေ့ တွင် မစ္စတာ ရော့စ် ဒန်ကလေကို ဒုတိယအကြိမ်မြောက် ရုံးထုတ်သည်။

“ဒီကနေ့ မစ္စတာ ဒန်ကလေလည်း တရားရုံးကို တက်ရောက်ပါတယ်။ တရားလိုပြသက်သေ ၆ ဦးကို တရားသူကြီးက စစ်မေးပါတယ်။ မစ္စတာ ဒန်ကလေရဲ့ ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်နေပုံရပါတယ်။ အာမခံတော့ မရပါဘူး”ဟု ယနေ့ တရားခွင်သို့ သွားရောက်ခဲ့သည့် မြန်မာတိုင်းမ်ဂျာနယ် မန်နေဂျာ ဦးဝေလင်းက ပြောသည်။

အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေနေသည့် မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ် မစ္စတာ ဒန်ကလေသည် လ၀က အက်ဥပဒေပုဒ်မ ၁၃ (၁) ၊ ရာဇ၀တ်မှုပုဒ်မ ၃၂၃ ၊ ၃၂၈ ၊ ၃၅၂ ၊ ၃၄၁ တို့ဖြင့်ငြိစွန်းသည်ဟုစွပ်စွဲခံရပြီး တရားရင်ဆိုင်နေရခြင်း ဖြစ် သည်။

သြစတြေးလျနိုင်ငံသား မစ္စတာ ဒန်ကလေသည် ၂၀၀၀ ပြည့်နှစ်တွင် မြန်မာတိုင်းမ်ဂျာနယ်ကို စတင်ထုတ်ဝေခဲ့သူဖြစ်ပြီး ထိုစဉ်က တန်ခိုးထွားသည့် စစ်ထောက်လှမ်းရေး၏ ကျောထောက်နောက်ခံပြုမှုများ ရှိခဲ့သည်ဟု ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းကပြော ဆိုကြသည်။

စစ်ထောက်လှမ်းရေးအဖွဲ့ကို ၂၀၀၄ ခုနှစ်တွင် နအဖစစ်အစိုးရက ဖျက်သိမ်းခဲ့ပြီးနောက် မြန်မာတိုင်းမ်ဂျာနယ် ရှယ်ယာဝင် ဗိုလ်မှူးချုပ်သိန်းဆွေ၏သား ဦးဆန်နီဆွေသည်လည်း အဖမ်းခံခဲ့ရကာ ၄င်း၏ အစုရှယ်ယာများကို နအဖပြန်ကြားရေးဝန်ကြီးနှင့် နီးစပ် သည့် ဒေါက်တာတင်ထွန်းဦးထံ လွှဲပြောင်းပေးခဲ့ရကြောင်း အမည်မဖော်လိုသည့် သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

“မစ္စတာ ဒန်ကလေ ကတော့ နအဖ စစ်အစိုးရရဲ့အနုနည်းနဲ့ အကြမ်းဖက်ခြင်းကို ခံလိုက်ရတာလို့ပဲ မြင်တယ်”ဟု ၎င်းက ဆိုသည်။

မစ္စတာ ဒန်ကလေကို လာမည့် မတ်လ ၈ ရက်နေ့တွင် တတိယအကြိမ် ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။

SSA-S က PNO ၏ မူးယစ်ဆေးဝါး စက်ရုံကို ဝင်တိုက်

ဧရာဝတီ Thursday, 03 March 2011

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ပအိုဝ်းတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး၍ လက်နက် တချို့တို့ကို SSA-S က သိမ်းဆည်းရမိခဲ့သည်။

SSA-S တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများ သတင်းပေးမှုများကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်ဇန်မြို့နယ်မှ ၄၀ ကီလိုမီတာခန့် အကွာရှိ မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် စက်ရုံတွင် လုံခြုံရေးယူပေးနေသော ပအိုဝ်းတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ၇ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း SSA-S မှ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။

စိုင်းဆိုင်မိဏ်းက ဆက်လက်၍ “သူတို့ချက်မယ့် ဘိန်းအစိမ်း ပိဿာပေါင်း ၁၀၀ ကို ကျနော်တို့ ဖမ်းဆီးရမိပါတယ်။ ဘိန်းချက်တဲ့နေရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း အရည် ၅ ပုံးကိုလည်း သိမ်းဆည်းရမိပါတယ်။ ပြီးတော့ သူတို့ရဲ့ လက်နက် တချို့ကိုလည်း သိမ်းဆည်းရမိပါတယ်” ဟု ပြောသည်။

တိုက်ပွဲတွင် ပအိုဝ်းတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးသည်ဟု သတင်းရရှိထားပြီး ထိခိုက် ဒဏ်ရာရရှိသူများ စာရင်းကိုမှု မသိရသေးကြောင်း၊ ယင်း စက်ရုံအတွက် လုံခြုံရေးယူပေးနေသော ပအိုဝ်းတပ်ဖွဲ့ဝင် ခန့်မှန်ခြေ အင်အား ၅၀ ခန့်ရှိပြီး SSA-S ဘက်မှ တပ်ဖွဲ့ စစ်ကြောင်းတကြောင်းစာ ရှိကြောင်း၊ SSA-S ဘက်မှ ကျဆုံးမှု မရှိကြောင်း ၎င်းက ဆိုသည်။

တောင်ကြီးမြို့တွင်ရှိသော PNO ရုံးကို ဧရာဝတီက ဆက်သွယ်၍ မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေဆိုသူ ခွန်အောင်စိုးက အခြေအနေများကို ဘာမျှ မသိရှိရကြောင်း ပြန်လည် ဖြေကြားသည်။

ဦးအောင်ခမ်းထီ ခေါင်းဆောင်သည့် PNO သည် ၁၉၉၁ ခုနှစ် ဧပြီလတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၁၉၉၃ တွင် အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သည်။

အပစ်အခတ်ရပ်စဲပြီးနောက် PNO သည် ရှမ်းပြည်တောင်ပိုင်း အထူးဒေသ ၆ ကို ထိန်းချုပ်ထားသည်။ စစ်အစိုးရက PNO ကို စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးခဲ့သည်။ ယင်းနောက် PNO သည် ပတ္တမြားနဂါး ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ဦးနေ၀င်းထွန်းကို စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးခဲ့သည်။

ဦးနေ၀င်းထွန်းသည် PNO ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်ပြီး ရှမ်းပြည်နယ် အမှတ် (၉) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

PNO ပိုင် ကုမ္ပဏီသည် ရှမ်းပြည်နယ်ရှိ မိုင်းရှုး၊ ကချင်ပြည်နယ်ရှိ ဖားကန့်၊ တောမှော်၊ စစ်ကိုင်းတိုင်းရှိ ကောလင်း၊ မန္တလေးတိုင်းရှိ မိုးကုတ်တို့တွင် ကျောက်မျက်ရတနာနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ၎င်းတို့ ရှာဖွေတွေ့ရှိခဲ့သည့် တန်ချိန် ၃၀၀၀ ရှိ ကျောက်စိမ်းတုံးကြီးကို စစ်အစိုးရအား လွှဲပြောင်းလှူဒါန်းခဲ့သည်။

အင်းစိန် ဗုံးကွဲမှု ဂယက် နိုင်ငံရေး အကျဉ်းသားဟောင်းများကို ရိုက်ခတ်

လင်းသန့် Thursday, 03 March 2011

ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် ဗုံးတလုံး ပေါက်ကွဲပြီးနောက် ယခုရက်ပိုင်းအတွင်း နိုင်ငံရေး အကျဉ်းသား ဟောင်းများ၏ အမည်စာရင်းကို ရဲအထူးသတင်းတပ်ဖွဲ့ (SB) က လိုက်လံမေးမြန်း စုံစမ်းနေပြီး လက်သည်တရားခံပြရန် အမှုဆင်နေသည်ဟု သိရသည်။

အင်းစိန်မြို့နယ်၊ ကမ်းနားလမ်း အလယ်ရပ်ကွက်၊ အောင်ဇေယျ အိမ်ရာတခုရှေ့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ည ၇ နာရီကျော်က ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုကြောင့် လူ ၈ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသော မင်္သကာသူဟု ဆိုသည့် ဇော်မင်းသန်း၏ အခန်းတွင် ဖောက်ခွဲရေး ပစ္စည်းများ တွေ့ရှိရကြောင်း၊ ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ဆဲ ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

SB ၏ လာရောက် မေးမြန်းခြင်းခံရသူ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက “ညကပဲ ကျနော်ဆီကို SB အရာရှိတယောက်နဲ့ တခြားအဆင့် တယောက် လူကိုယ်တိုင် လာသွားတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်း တချို့ နာမည်တွေနဲ့ နေရပ်လိပ်စာတွေမေးပြီး ကျနော့်ကိုလည်း ကူညီဖို့ပြောတယ်။ အရင်လည်း မကြာခဏ ဒီလိုတော့ လာလာမေးတတ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

တခြား နိုင်ငံရေး အကျဉ်းသားဟောင်း တဦးကလည်း “အခုဟာကတော့ သူတို့က အရင် ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ကျောင်းသားဟောင်းတွေနဲ့ လက်နက်မှုနဲ့ ထောင်ကျခဲ့ဖူးသူတွေကို အဓိကထား မေးတယ်။ ကျနော်တို့လည်း စိုးရိမ်တယ်ဗျာ။ ကိုယ်ဘာမှ မသိလိုက်ရဘဲ ထောင်ကျခံရမယ့်အရေး မိသားစုကလည်း ပူတာပေါ့။ ကျနော်တို့ ထောင်ထဲမှာ ကတည်းက အပြင်မှာ ဗုံးကွဲလိုက်တာနဲ့ လာမေးတော့တာပဲ” ဟု ပြောသည်။

အင်းစိန်ဗုံးကွဲမှု ဖြစ်ပွားပြီးနောက် ညစဉ်ရက်ဆက် ဧည့်စာရင်းစစ်ခြင်း၊ ခရီးသွားပြည်သူများ အားလုံခြုံရေး အထူးကြပ်မတ် စစ်ဆေးခြင်းများကြောင့် စိတ်ပျက်စရာများနှင့်ကြုံနေရကြောင်း ရန်ကုန်မြို့ခံတဦးက ဆိုသည်။

ဗုံးပေါက်ကွဲပြီးနောက် ရန်ကုန်အ၀င်အထွက် ကားများ၊ ရထားများနှင့် ခရီးသည်များကိုပါ လုံခြုံရေးတပ်ဖွဲ့များက တင်းကျပ်စွာ စစ်ဆေးမှုများလုပ်နေကြောင်း သိရသည်။

အမည်မဖော်လိုသူ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက “လူထုလှုပ်ရှားမှု ပေါ်ပေါက်ရေးလုပ်နေသူတွေကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေက နောက်ကွယ်က စီမံနေတယ်လို့ သူတို့က ထင်နေတယ်။ အခုအခါက နိုင်ငံတကာမှာလည်း လူထုတော်လှန်ရေးတွေက ဆက်တိုက်ဖြစ်နေတာ မဟုတ်လား။ နိုင်ငံရေး အကျဉ်းသားဟောင်း တချိုကတော့ ဆက်မလုပ်ကြတော့ပါဘူး။ ကြည့်ရတာ အမှိုက်လှည်းတဲ့ စီမံချက်ထဲမှာ အကုန်သိမ်းကျုံးမလို့ အကွက်ချထားတာ ထင်တယ်” ဟု ပြောသည်။

မတ်လ ၁၃ ရက်နေ့တွင် ကျရောက်မည့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးသည့် နှစ်ပတ်လည်နေ့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် ကျင်းပသွားရန် တက်ကြွလှုပ်ရှားသူများက စီစဉ်နေကြကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုများကို စစ်အစိုးရက စိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး ကြိုတင်ဟန့်တားခြင်းအဖြစ် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ပြောသည်။

မြန်မာစစ်တပ်က သစ်လုံးဖြင့်လမ်းပိတ်ထားမှုကြောင့် ဒေသခံများသွားလာရေး ဒုက္ခရောက်

KNG

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) အား တုံ့ပြန်သည့်အနေဖြင့် သစ်လုံးများဖြင့် သုံးရက်ကြာလမ်းပိတ်ဆို့ထားမှုကြောင့် ဒေသခံများ၏သွားလာရေး ဒုက္ခရောက်ခဲ့ကြောင်း သိရသည်။

KIA တပ်ရင်း ၂၇ မှ ၎င်းတို့ဒေသထဲရောက်ရှိတပ်ချနေသော မြန်မာစစ်တပ်၏ ရိက္ခာထောက်ပို့ လမ်းကြောင်းပိတ်ဆို့မှုကို တုံ့ပြန်သည့်အနေဖြင့် ယင်းကဲ့သို့သစ်လုံးဖြင့် လမ်းပိတ်ဆို့ခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။

မန်မော်(ဗန်းမော်)ခရိုင်၊ အဓိကဆက်သွယ်ရေး မန်ဂျေ(မံစီ)နှင့် မုန်းခေါင်ကားလမ်းတစ်နေရာ လိုင်ကာဇွပ်ဂျာကျေးရွာတွင် ဒုဗိုလ်မှူးကြီးအောင်မြင့်ထွန်း ဦးဆောင်သော အင်မောက်(မိုးမောက်)နယ်မြေခံ တပ်ရင်း ခမရ (၄၃၇)က ဖေဖော်ဝါရီ ၂၃ မှ ၂၅ ရက်အထိ ၃ ရက်ကြာပိတ်ဆို့ထားသည်ဟု ရွာခံများပြောသည်။


ယင်းသို့ပိတ်ဆို့ထားသည့်အတွက် လိုင်ကာဇွပ်ဂျာကျေးရွာနှင့် အခြားရွာငယ်များ အစားအစာနှင့် လူသုံးကုန်ပစ္စည်းသယ်ယူပို့ဆောင်ခြင်း အခက်အခဲကြုံတွေ့ရသည်ဟု ဒေသခံများပြောသည်။

“KIA က သူတို့နယ်မြေကို ဖြတ်သန်းလာတဲ့ မြန်မာစစ်တပ်ထောက်ပို့၊ ရိက္ခာတင်ထော်လာဂျီကားငယ်တွေကို ရပ်တန့်တားမြစ်လိုက်ပြီး ခမရ (၄၃၇) က ဗိုလ်မှူး မြင့်လှိုင်ဦးဆောင်တဲ့ မြန်မာစစ်သား ၃၀ က အဲဒီလမ်းကို သစ်လုံးတွေနဲ့ ပိတ်ဆို့လိုက်ပြန်တယ်။” ဟု ရွာသားတစ်ဦးပြောသည်။

“အဲဒီ ဒေသက KIA တပ်ရင်းကို ဖိအားမပေးနိုင်တော့ မြန်မာစစ်သားတွေက ရွာသားတွေကို ဒုက္ခပေးပြန်တယ်။” ဟု သူဆက်ပြောသည်။

ထောက်ပို့လမ်းကြောင်းပိတ်ဆို့ခံရသည့် ဗိုလ်မှူး ကျော်သူအောင်နှင့် မြန်မာစစ်သား ၃၀ သည် ခမရ (၄၃၇) မှဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့၊ KIA တပ်ရင်း ၂၇ နှင့် မိုးညှင်းနယ်မြေခံတပ်ရင်း ခလရ (၁၅)ကြား ပစ်ခတ်မှုဖြစ်ပွားပြီး ကတည်းက ယခုထိ ၎င်း KIA နယ်မြေတွင် တပ်ချကျန်နေခဲ့သည်ဟု ရွာသားက ထပ်ပြောသည်။

ယင်းမြန်မာစစ်သား ၈ ဦး ဒဏ်ရာရရှိခဲ့သည့် ခလရ (၁၅) ကုန်တင်ယာဉ်တစ်စီးအား ဗိုလ်မှူး ယောထုန်ဦးဆောင်သော KIA တပ်ရင်း ၂၇ က ပစ်ခတ်မှုသည် မန်မော်(ဗန်းမော်)ခရိုင် မံဝင်းမြို့နယ် ပုံးလိန်ကျေးရွာတွင်ဖြစ်သည်။

ဒဏ်ရာရသူထဲမှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးယဉ်ထွေး တရုတ်နယ်စပ် နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ရောက်ရှိဆေးဝါးကုသပြီးနောက် သေဆုံးခဲ့သည်။

ယင်းနောက် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လက်အောက် အင်မောက်တပ်ရင်း ခမရ (၄၃၇)၊ မန်ဂျေတပ်ရင်း ခမရ (၃၁၉)၊ မိုးညှင်းတပ်ရင်း ခလရ(၁၅)နှင့် မြစ်ကြီးနားတပ်ရင်း ခလရ (၂၁) မှ မြန်မာစစ်သားများ တိုက်ပွဲဖြစ်ရာ KIA နယ်မြေအနီးသို့ရောက်ရှိလာပြီး ပြန်ဆုတ်သွားခဲ့သည်။

“နောက်ထပ် စစ်ရိပ်စစ်ယောင်မတွေ့ရပေမဲ့လို့ ဒေသခံရွာသားတွေက ဟိုဒီ သွားလာဖို့ အခက်အခဲကြီး ကြုံနေရတယ်။” ဟု ရွာသားတစ်ဦး ပြောသည်။

ကလေးစစ်သား စုဆောင်းမှုများ ဆက်လက်တိုးမြင့်ဆဲ

မင်းနိုင်သူ Thursday, 03 March 2011

မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းမှုများ ရှိနေဆဲဖြစ်ပြီး စစ်တပ်အတွင်း တာဝန်ထမ်းဆောင် နေစဉ်တွင်လည်း နိုင့်ထက်စီးနင်း ပြုကျင့်ခံရမှုများ ရှိကြောင်း ကလေးစစ်သားဟောင်း တဦးက ပြောသည်။

ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ၏ ကူညီမှုကြောင့် မကြာမီက တပ်ထွက်လက်မှတ် ရရှိခဲ့သည့် မောင်မင်းဆွေဦးက “ကျနော် တပ်ထဲမှာ ရှိတုန်းက ဗိုလ်ကြီး ဇင်မင်းထွန်းကပဲ ကျနော့်ကို အသုံးစရိတ်ဆိုပြီး တပတ်ကို ကျပ် ၂၀၀၀ ပေးတယ်။ ကျနော်ရတာ အဲဒါလေးပဲ။ ကျနော့်လစာ ဘယ်လောက်နှုန်းရမှန်းလည်း ကျနော် မသိဘူး။ ထောက်ပံ့ကြေး ဘယ်လောက်ရမှန်းလဲ မသိခဲ့ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အသက် ၁၄ နှစ်အရွယ်ရှိ ၈ တန်းကျောင်းသား မောင်မင်းဆွေဦးသည် တောင်ငူမြို့ အင်းဝဘဏ်ရှေ့ရှိ ကြက်တောင်ကွင်းတွင် ကြက်တောင်ရိုက် ကစားနေရာမှ အမည်မသိ တပ်ကြပ်ကြီးတဦး၏ စည်းရုံးမှုကို ခံခဲ့ရပြီး တပ်ကြပ်ကြီး မျိုးသန့်လက်သို့ ထပ်မံလွှဲပြောင်း ခံခဲ့ရသည်။


မောင်မင်းဆွေဦး၏ လစာကို အထက်အရာရှိက ထုတ်ယူခဲ့ပြီး တပ်မှထွက်ခွာချိန်တွင်လည်း မောင်မင်းဆွေဦး ပိုင်ဆိုင်သည့် ကိုယ်ပိုင်သေတ္တာနှင့် ပစ္စည်းများကို တပ်ရင်းမှူး ဗိုလ်မှူး မိုးလွင်က ပြန်လည်ယူဆောင်ခွင့် မပြုခဲ့ကြောင်း သိရသည်။

မောင်မင်းဆွေဦး၏မိခင် ဒေါ်ခင်ဆွေဦးက “ကျမတို့ကို တပ်ထွက်လက်မှတ်သွားယူလိုက်ပါ၊ အထက်က ချပေးထားပြီဆိုပြီး အရာခံဗိုလ် ဆန်းဝင်းက အိမ်ကိုလာပြီး အကြောင်းကြားလို့ သွားယူတယ်။ တပ်ရင်းမှူးက တပ်ထွက်လက်မှတ်ကို တော်တော်နဲ့ ထုတ်မပေးဘဲ ကျမတို့ကို မော်တော်ယာဉ်ထားတဲ့ အခန်းထဲမှာ ထည့်ထားတယ်။ အဲဒီအထဲမှာပဲ ကြောက်ကြောက်လန့်လန့် ၁၄ ရက်လောက်နေခဲ့ရပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့ကျမှ တပ်ထွက်လက်မှတ်ရတယ်။ ကလေးရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကိုလည်း ပြန်ထုတ်မပေးဘူး။ ဒါတွေက မင်းနဲ့မဆိုင်တော့ဘူး၊ ကျန်တဲ့ရဲဘော်တွေကိုပဲ ခွဲဝေပေးရမယ်လို့ ပြောလိုက်တယ်” ဟု ပြောသည်။

မောင်မင်းဆွေဦးက “တပ်ကြပ်ကြီး မျိုးသန့်က ကျနော့်ကို ကျောက်ဆည်မြို့က လေကြောင်းအရန် ကာကွယ်ရေးအလုပ်ရုံတပ်ရင်း လလရ (၇) ကို ခေါ်သွားတယ်။ ကျနော်က စစ်သားမလုပ်ချင်ဘူးလို့ပြောတော့ အဲဒီ လလရ (၇) က ဒု အရာခံဗိုလ်က ကျနော့်ကို ပြန်ပို့မလိုလိုနဲ့ မန္တလေးမြို့က စစ်သားစုဆောင်းရေးကို ခေါ်သွားတယ်။ မန္တလေး စစ်သားစုဆောင်းရေးက အသက်ငယ်လို့ လက်မခံတော့ ရွှေဘို စစ်သားစုဆောင်းရေးကို ထပ်ခေါ်သွားပြီး ကျနော့်ကိုရောင်းတယ်” ဟု ရှင်းပြသည်။

ရွှေဘို စစ်သားစုဆောင်းရေးတပ်မှတဆင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ရှိ လေ့ကျင့်ရေးတပ် အမှတ် (၄) တွင် အခြေခံစစ်ပညာ သင်ကြားခဲ့ရကာ လလရ (၇) တွင် ပြန်လည် တာဝန်ထမ်းဆောင်ခဲ့ရပြီး တနှစ်ခန့်အကြာတွင် ရန်ကုန်မြို့ရှိ ILO ရုံး၏ ဆောင်ရွက်ပေးမှုကြောင့် တပ်မှ ထွက်ခွင့်ရခဲ့ခြင်းဖြစ်သည်။

“တပ်ထဲမှာ နေတုန်းက နေ့တိုင်း အမှိုက်လှည်း၊ သစ်ပင်ရှင်း၊ အလုပ်ကြမ်းတွေ လုပ်ရတယ်။ အထက်က အရာရှိတွေ မကျေနပ်ရင် အရိုက်အနှက်လည်း ခံရတယ်။ ကျနော် တပ်ထွက်လက်မှတ်သွားယူတော့ အရာရှိရိပ်သာမှာ ကျနော့်လို ကလေး ၃ ယောက် ထပ်ရောက်နေတယ်လို့ တပ်သားတယောက်က ကျနော့်ကို ပြောလိုက်သေးတယ်” ဟု မောင်မင်းဆွေဦးက ပြောသည်။

အတိုက်အခံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ဝေဖန်နေသည့်တိုင် မြန်မာနိုင်ငံတွင် ကလေးစစ်သားအဖြစ် စုဆောင်းမှုများ ရှိနေဆဲဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းအတွင်းတွင်ပင် တိုင်ကြားချက် ၂၂ ခုကို လက်ခံရရှိထားကြောင်း ရန်ကုန်မြို့ရှိ ILO ရုံးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ILO ရုံးတာဝန်ခံ မစ္စတာ စတိဗ် မာရှယ် (Steve Marshall) က “ကလေးစစ်သား ထပ်မံစုဆောင်းမှုတွေ ဘာ့ကြောင့် မရပ်သေးလဲဆိုတာကို ကျနော်လည်း မသိပါဘူး။ ပြောနိုင်တာတခုကတော့ အစိုးရက ဒီပြဿနာကို ကိုင်တွယ်ဖို့ စစ်တပ်အထက်အရာရှိတွေပါဝင်တဲ့ ကော်မတီတရပ်ကို ဖွဲ့စည်းထားပါတယ်။ အရာရှိတွေအားလုံးကိုလည်း အသက် ၁၈ နှစ်အောက် ကလေးတွေကို စစ်တပ်မှာ စုဆောင်းမထားရေးနဲ့ပတ်သက်ပြီး တရားဥပဒေအရ လိုက်နာဆောင်ရွက်ဖို့အတွက် သတိပေးချက်တွေလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ပြဿနာက ဒီထုတ်ပြန်ချက်ဟာ ရည်ရွယ်ချက်တရပ်ကြောင့် ပေါ်ထွက်လာခဲ့သလိုပဲ ဖြစ်နေပြီး ဘာကြောင့် ကလေးစစ်သားတွေကို ဆက်လက်စုဆောင်း နေရလဲဆိုတာ နားမလည်နိုင်ဘူး ဖြစ်နေပါတယ်” ဟု ပြောသည်။

ကလေးစစ်သား အဓမ္မစုဆောင်းခံရမှုများကို ILO ရုံးနှင့် လက်တွဲဆောက်ရွက်ပေးနေသည့် ပဲခူးမြို့ အခြေစိုက် လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ကလေးစစ်သား စုဆောင်းမှုများသည် တပ်အရာရှိများကိုယ်တိုင် ပါဝင်နေသည့် လူကုန်ကူးမှုတရပ်သဖွယ် ဖြစ်နေခြင်းကြောင့် မပပျောက်နိုင်ခြင်း ဖြစ်နေရသည်ဟု ပြောသည်။

နအဖစစ်အစိုးရက အရွယ်မရောက်သေးသည့် ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေး ကော်မတီကို ၂၀၀၄ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင် စစ်ဘက်အရာရှိများဖြင့် ဖွဲ့စည်းခဲ့သော်လည်း ကလေးစစ်သား အဓမ္မစုဆောင်းခံရမှုကြောင့် ILO ရုံးသို့ တိုင်ကြားမှုများမှာ တနှစ်ထက်တနှစ် မြင့်တက်နေဆဲဖြစ်သည်။

ရန်ကုန်မြို့ရှိ ILO ရုံးမှ ကလေးစစ်သားအမှု စတင်ကိုယ်တွယ်ခွင့်ရခဲ့သည့် ၂၀၀၇ ခုနှစ်တွင် တိုင်ကြားမှု ၁၃ မှု၊ ၂၀၀၈ ခုနှစ်တွင် ၃၁ မှု၊ ၂၀၀၉ ခုနှစ်တွင် ၈၁ မှုနှင့် ၂၀၁၀ ခုနှစ်တွင် ၂၁၀ မှု ရှိလာသည်အထိ တိုင်ကြားမှုများသည် တိုးမြင့်လာခဲ့ကြောင်း သိရသည်။

နေပြည်တော် ဆောက်လုပ်ရေး လုပ်သားများ ခေါင်းပုံဖြတ်ခံနေရ

စည်သူ Thursday, 03 March 2011

နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသော ဆောက်လုပ်ရေး လုပ်သားများ၊ သစ်ပင်ပန်းမန် စိုက်ပျိုးသူများ အနေဖြင့် လုပ်အားနှင့် လုပ်ခကို ခေါင်းပုံဖြတ်မှု ခံနေရကြောင်း သိရသည်။

နေပြည်တော် တည်ဆောက်ရေး စတင်ခဲ့သည့် ၂၀၀၃ ခုနှစ်ခန့်မှစကာ မြန်မာနိုင်ငံအရပ်ရပ်ရှိ ရွှေ့ပြောင်းလုပ်သားများ အလုပ်အကိုင် ရှာဖွေရန် ၀င်ရောက်လာခဲ့ပြီး ယခုကဲ့သို့ ခေါင်းပုံဖြတ်မှုများကို ခံနေရကြောင်း အလုပ်သမားများက ပြောကြသည်။

“အလုပ်က မိန်းကလေးဆို ပန်းပင်ရေလောင်း၊ ယောက်ျားလေးကတော့ ပန်းပင်စိုက်ရမယ် ဆိုပြီး ခေါ်လာပေမယ့် တကယ်တန်းကျတော့ မြေသယ်ရတယ်။ အရမ်းပင်ပန်းပါတယ်” ဟု ပျဉ်းမနား - တောင်ညို လမ်းချဲ့ရာတွင် လုပ်ကိုင်နေသူ အောင်လံမြို့နယ် စခန်းကြီးကျေးရွာမှ မခင်စန်း က ပြောကြားသည်။

တရက်လျှင် မိန်းကလေးတဦးအတွက် နေ့စားခ ကျပ် ၂၀၀၀ ပေးမည်ဟု ပြော၍ ခေါ်လာသော်လည်းကျပ် ၁၄၀၀ သာ ပေးကြောင်း၊ ယောက်ျားလေး တဦးအတွက် နေ့စားခ ၃၀၀၀ ကျပ် ပေးမည်ဟု ဆိုသော်လည်း ၁၈၀၀ သာ ပေးကြောင်း သိရသည်။

နေ့စား အလုပ်သမားများအား ၄၅ ရက် အနည်းဆုံး လုပ်ကိုင်ရမည်ဟု ဆိုကာ ခေါ်လာသောကြောင့် မလုပ်ချင်တော့သော်လည်း မပြန်နိုင် သေးကြောင်း အဆိုပါ အလုပ်သမားများက ဆိုသည်။

“ကျမတို့ရွာက အားလုံး ၂၈ ယောက်ကို အရင်ရောက်နှင့်တဲ့ ကျမတို့ရွာသားက တဆင့် လာခေါ်တာပါ။ ၄၅ ရက် မပြည့်ဘဲ ပြန်ရင် လာခေါ်တဲ့သူက လျော်ကြေး ကျပ် ၁ သိန်းပေးရမယ် ဆိုတော့ သူ့ကိုငဲ့ပြီး မပြန်ဖြစ်ကြဘူး” ဟု မခင်စန်းက ပြောသည်။

ပျဉ်းမနား - တောင်ညိုလမ်းကို ၈ လမ်းသွား လမ်းမကြီးအဖြစ် တာဝန်ယူ ဖောက်လုပ်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းမှာ လွှတ်တော် အဆောက်အအုံကို ဆောက်လုပ်ခွင့်ရခဲ့သော ACE ဆောက်လုပ်ရေး ဖြစ်သည်။

ACE ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးတင့်ဆန်းမှာ ယခုအခါ ပြည်ထောင်စု ၀န်ကြီးအဖွဲ့တွင် ဆောက်လုပ်ရေး ဝန်ကြီး သို့မဟုတ် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဖြစ်လာမည့်သူဟု အမည်ထွက်နေသူလည်း ဖြစ်သည်။

“အိပ်ရတာလည်း အဆင်မပြေဘူး။ ကြပ်ညပ်နေတာ။ ရေကလည်း ပုံမှန်မလာဘူး၊ ရေမချိုးရတာ ၅ ရက်ရှိပြီ။ ရွာပဲ ပြန်လုပ် စားချင်နေတယ်” ဟု မခင်စန်းက ဆိုသည်။

ထိုကဲ့သို့သော လုပ်အားနှင့် လုပ်ခ ခေါင်းပုံဖြတ်ခံရမှု ဖြစ်ရပ်များသည် ယခု လုပ်ငန်းခွင် တွင်သာမက တခြားသော နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းခွင် များတွင်လည်း ဖြစ်ပွားနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းများသို့ အုတ်၊ သဲ၊ကျောက် သွင်းသည့် ကန်ထရိုက် တဦးက ပြောပြသည်။

“နေရာတိုင်းမှာလိုလို ဖြစ်နေတာပဲ။ တချို့ လုပ်ငန်းရှင်က ပေးတယ်၊ ကြားကလူက ခေါင်းပုံဖြတ်တယ်။ တချို့ ဆောက်လုပ်ရေး လုပ်ငန်းခွဲတွေ ကတော့ ပိုင်ရှင်ကိုယ်တိုင် ခေါင်းပုံ ဖြတ်တာ ရှိပါတယ်။ တည်ဆောက်ရေး လုပ်ငန်းတွေအတွက် မိန်းကလေး အလုပ်ကြမ်း ကျပ် ၂၀၀၀၊ ယောက်က်ျားလေးက ကျပ် ၃၀၀၀ ဆိုပြီး အနည်းဆုံး သတ်မှတ်ထားတာပါ” ဟု သူက ဆိုသည်။

တချို့လုပ်ငန်းခွင် များတွင် ဆောက်လုပ်ရေး လုပ်ငန်းခွဲတချို့က လုပ်ခမပေးဘဲ ထွက်ပြေးသည့် ဖြစ်ရပ်များ လည်း ဖြစ်ပွားဖူးကြောင်း သိရသည်။

“ပြီးခဲ့တဲ့ တလလောက်က ပျဉ်းမနား ၈၅ တံတားအောက်မှာ မွန်းရေး ဆောက်လုပ်ရေးက ငလိုက်ချောင်းကို ဆည်ဖို့တာ လုပ်သားတွေကို နှစ်ပတ်စာ လုပ်ခမပေးဘဲ လုပ်ငန်းသိမ်းသွားတယ်။ ဘယ်သူ မှ မတိုင်ရဲကြဘူး။ ငြိမ်ခံလိုက်ရတာပဲ။ လုပ်သား ၁၀၀ ကျော်ရဲ့ နှစ်ပတ်စာလုပ်ခကို တကျပ်မှ ရှင်းမသွားဘူး” ဟု အဆိုပါလုပ်ငန်းခွင်တွင် လုပ်ကိုင်ခဲ့သူ တဦးက ပြောသည်။

အဆိုပါလုပ်ငန်းခွင်တွင် နှစ်ပတ်တခါ လုပ်ခများ အဖြစ် ယောက်ျားလေး နေ့စားခ ကျပ် ၃၀၀၀၊ မိန်းကလေး နေ့စားခ ကျပ် ၂၀၀၀ နှင့် တွက်ကာ ရှင်ပေးခဲ့သော်လည်း နောက်ဆုံးနှစ်ပတ်အတွက် လုပ်ခမရှင်းဘဲ လုပ်ငန်း သိမ်းသွားခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

လုပ်အားနှင့် လစာ ခေါင်းပုံဖြတ်မှု ဖြစ်ရပ်ကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီသို့ တိုင်ကြားမှု တချို့ ရှိခဲ့သော်လည်း တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း စုံစမ်းသိရှိရသည်။

“ကျနော်တို့ တခါက တိုင်ဖူးတယ်။ သပြေကုန်း ဈေးပွဲရုံတန်းတွေ ဆောက်တုန်းက နေ့စားခ မရှင်းတဲ့ကိစ္စပါ။ တလစာလောက် လုပ်အားခကို ကြားထဲက အလုပ်သမားခေါင်းက ယူပြီး ထွက်ပြေးသွားတာ။ ဘာမှ မရှင်းပေးဘူး။ တိုင်တာလည်း အပိုပါပဲ” ဟု ကိုယ်တွေ့ ကြုံခဲ့ရသူ နေပြည်တော် ဒေသခံ ကိုမင်းဇော်က ပြောပြသည်။