Sunday, March 13, 2011

တရုတ်ရေတပ်

ဘိုဘိုကျော်ငြိမ်း

မော်စီတုံးလက်ထက်က တရုတ်ရေတပ်ဟာ ဖွတ်ချပ်ဖွတ်ချပ်နဲ့ မီးကျိုးမောင်းပျက် အဆင့်ပဲ ရှိပါတယ်။ ဧပြီလ ၂၃ရက် ၁၉၄၉ခု မှာ တရုတ်အရှေ့ပိုင်း စစ်နယ်မြေရေတပ်ကို စတင်ဖွဲ့စည်းခဲ့တယ်။

စစ်ကော်မရှင်က ကြည်းတပ်ဗိုလ်ချုပ် Xiao Jinguang ကို ရေတပ်ဦးစီးအဖြစ် ခန့်အပ်တယ်။ ၁၉၅ဝခု ဧပြီလ ၁၄ ရက်မှာ ဘေဂျင်းမှာ တရုတ်ရေတပ်ဌာနချုပ်ကို စတင်တည်ထောင်ခဲ့တယ်။ ကနဦးအစမှာ ရေတပ်ဟာ တိုးတက်စနိုင်ငံတိုင်းမှာလို ကြည်းတပ်ရဲ့ အရိပ်အောက်က ရုန်းမထွက်နိုင်ခဲ့ပါ။ ထို့ပြင် ယဉ်ကျေးမှု တော်လှန်ရေးခေတ်က “လင်ပြောင်”က ရေတပ်ဦးစီးချုပ်ကို ရန်ရှာလို့ နိုင်ငံရေးမှူးက ဦးဆောင်ပြီး နိုင်ငံရေး စွက်ဖက်ခဲ့တာကြောင့် ဖယိုဖရဲဖြစ်ခဲ့ရတယ်။ တိန့်လျောက်ပိန် ပြန်တက်လာအပြီးမှာမှ တရုတ်စစ်တပ်ကို ခေတ်မီစစ်တပ် ဖြစ်ရစေမယ်ဆိုတဲ့ မူဝါဒချမှ ရေတပ်လည်းခေတ်မီ တိုးတက်လာရတာပါ။

တရုတ်ရေတပ်အတွက် တာဝန် ၃ ရပ်က ရှင်းရှင်းလေးပါပဲ
(၁) ရေကြောင်းဘက်မှ ရန်သူများကျူးကျော်လာမှုကို ကာကွယ်ရန်
(၂) မိမိ ရေပိုင်နက်အတွင်း အချုပ်အခြာအာဏာပိုင်မှုကို ထိန်းသိမ်းရန်
(၃) တရုတ်နိုင်ငံအကျိုးနှင့် ရေကြောင်းလမ်းအခွင့်အရေးများကို ထိန်းသိမ်းရန်
တရုတ်ရေတပ်ရဲ့ ကြေငြာချက်တွေမှာ တောင်ပိုင်းတရုတ်ပင်လယ် South China Sea နဲ့ အရှေ့ပိုင်း တရုတ်ပင်လယ် East China Sea (Yellow Sea အပါအဝင်)တွေမှာ တရုတ်ရဲ့အဓိကကျတဲ့ အကျိုး (Core Interest) ကို ကာကွယ်ရန်ဆိုတာ အမြဲပါပေမယ့် ဒီ အဓိက တရုတ်အကျိုးနယ်မြေဟာ ဘယ်လောက် ကျယ်တယ်ဆိုတာ မပါဘူး။

မြောက်ပိုင်းမှာ တရုတ်နဲ့ဂျပန်တို့ ရူကူကျွန်းတွေ (Ryukyu Islands)ကို သူပိုင်တယ်ငါပိုင်တယ် ဆိုတဲ့အငြင်းပွားမှု ရှိသလို၊ တောင်ပိုင်းမှာ စပရက်လီကျွန်း (Spratly Islands) တွေကိုလည်း ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နဲ့ အငြင်းပွားလျက်ရှိတယ်။

တရုတ်ရေတပ် အားကြီးလာတာနဲ့အမျှ တရုတ်ရဲ့ အကျိုးသက်ရောက်မှုနယ်ပယ် (Core Interest)ဟာ ကျယ်သထက်ကျယ်လာတယ်။ တရုတ်နိုင်ငံဟာ သူ့တိုင်းပြည်ထူထောင်ဖို့ ရေနံနဲ့သဘာဝသံယာဇာတတွေကို အာဖရိကတိုက်နဲ့ အရှေ့အလယ်ပိုင်းက သွင်းယူနေရတယ်။ ဒီသင်္ဘောလမ်းကြောင်းတွေ လုံခြုံရေးအတွက် အမေရိကန်ရေတပ်ကို အားကိုးရမှာကို မလိုလားဘူး။ မိမိ၏ပင်လယ်ပြင် လုံခြုံရေးနဲ့ ကမ္ဘာ့ သင်္ဘောလမ်းကြောင်းများ လုံခြုံရေးဟာ တရုတ်ရေတပ်အတွက် အဓိကတာဝန်နှစ်ရပ်ဖြစ်တယ်။

၁၉၉၁ ခု သမ္မတကလင်တန် လက်ထက်မှာ တိုင်ဝမ်ပြဿနာဖြစ်တော့ ကလင်တန်က လေယာဉ်တင် သင်္ဘောအုပ်စု နှစ်ခုလွှတ်ပြီး ခြိမ်းခြောက်ခဲ့တယ်။ တရုတ်ရေတပ်က အင်အား မရှိသေးတာကြောင့် တရုတ်တွေ အလျော့ပေးခဲ့ရတယ်။ ဒါပေမယ့် အင်မတန် မခံချင်ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် စစ်ကော်မရှင်က ဖျက်သင်္ဘော Destroyer တွေဝယ်ဖို့ အမိန့်ချမှတ်ခဲ့တယ်။

ဒါ့အပြင် တရုတ်ပိုင်နက်ရေပြင်ထဲ အမေရိကန်နဲ့ ဂျပန်သင်္ဘောတွေ ဝင်မလာရဲအောင် A2/AD လို့ခေါ်တဲ့ (for "anti-access/area denial") အဝင်အထွက် ပိတ်ဆို့ခြင်း နယ်မြေအဝင်မခံဆိုတဲ့ ဗျူဟာကိုချမှတ်ပြီး
Anti-Ship Ballastic Missiles ASBM
Anti-Ship Cruise Missiles ASCM
Land–based Cruise Missiles LBCM
(မှတ်ချက် စာ (၁၃)စာ(၁၆) CRS (Congressional Research Service) Report For Congress on China Naval Modernization October 2010 နှင့် Austin Bay ရေးတဲ့ China’s Navy Gets Bigger, but Why?, December 28, 2010 ရဲ့ ဆောင်းပါးကိုညွှန်းပါသည်။)
အမေရိကန်တွေ နောက်မစော်ကားရဲအောင် ပြင်ဆင်တာပဲ။ အမှန်တကယ်လည်း အမေရိကန်တွေ အရင်လို အရမ်းကာရော တရုတ်ရေပြင်ထဲ မဝင်ရဲတော့ဘူး။

တလောက မြောက်ကိုရီးယားကိုခြိမ်းခြောက်ဖို့ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်လေ့ကျင့်မှုတရပ် Yellow Sea မှာ လုပ်တာနီးလွန်းတယ်လို့ တရုတ်က ကန့်ကွက်လို့ နေရာပြောင်းလေ့ကျင့်ကြရတယ်။ အမေရိကန်တွေလည်း ဒီလေယာဉ်တင် သင်္ဘောပစ်ဒုံးကျည်ရန်ကိုတန်ပြန်ဖို့ ကြိုးစားနေပေမယ့် လုံးဝပစ်ချနိုင်တဲ့အဆင့် မရောက်သေးဘူး။ လေယာဉ်တင် သင်္ဘောကြီးအမြှပ်ခံရရင် အရှက်တွေဗြန်းဗြန်းကွဲမှာ စိုးရိမ်စရာပါ။ Warfare စိတ်ဓါတ်စစ်ဆင်ရေးတွေလည်း အများကြီးပါပါတယ်။

တရုတ်ရဲ့ တိုင်ဝမ်မူဝါဒ မဟာဗျူဟာကိုလေ့လာရင် စစ်ရေးအရ အင်မတန်ချီးကျူးစရာကောင်းတယ်။ တရုတ်က ဆန်ဇူး ( Sun Zhu) ပြောခဲ့တဲ့ စစ်မတိုက်ရဘဲ အောင်နိုင်ခြင်းဗျူဟာကို ကျင့်သုံးနေတာပဲ။

ဆန်ဇူး က ပြောခဲ့တယ်မဟုတ်လား (The supreme art of war is to subdue the enemy without fighting) စစ်တိုက်ခြင်းပညာရဲ့ အထွဋ်အထိပ်ဟာ စစ်မတိုက်ရဘဲ ရန်သူကိုနှိပ်ကွပ် အနိုင်ရခြင်းပဲ။ In the practical art of war, the best thing of all is to take the enemy's country whole and intact; to shatter and destroy it is not so good. လက်တွေ့စစ်တိုက်ခြင်းပညာမှာ ရန်သူ့နိုင်ငံကို တခုလုံးမပျက်စီးဘဲ ရရှိုနိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။ အားလုံးကြေမွပျက်စီးပြီးမှဆိုရင် မကောင်းပါတဲ့။

တရုတ်ခေါင်းဆောင်တွေဟာ အင်မတန်စိတ်ရှည်ကြတယ်။ တဘက်က စစ်အင်အားကြီးလာ၊ တဘက်က စီးပွားရေးအရပူးပေါင်းမှု နယ်ကျွံလာပြီး ဟောင်ကောင်နဲ့ မကာအိုလို လက်ရှိဘဝလက်ရှိစံနစ် မပျက်ဘူးဆိုရင် တိုင်ဝမ်ဟာ နောက်အနှစ်အစိတ်နဲ့ ငါးဆယ်ကြားမှာ တရုတ်အမြိုခံရမှပဲ။ တနိုင်ငံအတွင်း စနစ် ၂ ခု ဆိုတဲ့ မူဝါဒဟာ တိန်လျောက်ပိန် ဘယ်လောက် ဥာဏ်အမြှော်အမြင်ကြီးတယ် ဆိုတာကိုပြတာပဲ။ ပါးစပ်ကို (ဟ) ထားပေမယ့် (သွား) တွေကို မပြဘူး။ မော် လက်ထက်က အားရင်ခြိမ်းခြောက်နေတာမျိုး မလုပ်ဘူး။ အမှန်က ပိုကြောက်ဖို့ကောင်းတယ်။

တရုတ်ရေတပ်ဖွဲ့စည်းပုံဟာ အမေရိကန်ရေတပ်လောက် မရှုပ်ဘူး၊ ရေတပ်ကို ၃ ပိုင်းခွဲထားတယ်
North Sea Fleet မြောက်ပိုင်း ရေတပ်မတော်
South Sea Fleet တောင်ပိုင်း ရေတပ်မတော်
East Sea Fleet အရှေ့ပိုင်း ရေတပ်မတော်
ဆိုပြီး နယ်မြေအလိုက် ရေတပ်မတော် ၃ ခု ရှိတယ်။ တရုတ်ရေတပ်မတော် အောက်မှာ ကဏ္ဍ ၅ ခု ပါဝင်တယ်။
(၁) ရေပေါ်သင်္ဘော(Surface)
(၂) ရေငုပ်သင်္ဘော(Submarines)
(၃) ကမ်းခြေတက် စစ်တပ်(Marines)
(၄) ရေတပ်၏ လေတပ်(Naval Aviation)
(၅) ကမ်းခြေကာကွယ်ရေး(Coastal Defense)
ဒီအောက်မှာမှ စစ်သင်တန်းလေ့ကျင့်ရေးကျောင်းနဲ့ အကယ်ဒမီ ၁ဝ ခု၊ သုတေသန အထူးအထောက်အကူ (Specialized Support) နိုင်ငံရေးထောက်ပံ့ရေး (Logistic) ထိန်းသိမ်းရေး (Maintenance) ဆိုပြီး ရှိပြန်တယ်။ တရုတ်ရေတပ်မှာရှုပ်တာက ရေတပ်အောက်မှာ မရိန်း နဲ့ ကမ်းခြေကာကွယ်ရေးဟာ ပါဝင်နေတော့ ဖွဲ့စည်းပုံမှာလာရှုပ်ပါတယ်။ ဥပမာ တရုတ်ရေတပ်မှာ တပ်ဖွဲ့စည်းပုံအဆင့် ၃ ခုရှိတယ်
Zhidui - division leader organization Flotilla
Dadui - regiment leader organization Squadron
Zhongdui - battalion leader organization Detachment
ဘာသာပြန် အဘိဓါန်တချို့က Zhidui ကို Flotillaလို့ ပြန်သလို တချို့က Division လို့ ပြန်ကြတယ်။ တရုတ်ရေတပ်မတော်မှာ zhidui အဆင့် (၇) မျိုးရှိတယ်။

o Submarine
o Destroyer
o Frigate
o Speedboat
o Combat support vessel
o Submarine chaser and frigate
o Landing ship

ဒါကိုကြည့်ရင် အမေရိကန်ရေတပ်ရဲ့ Types နဲ့ အတူတူပါပဲ။ နောက် dadui ကို ရေတပ်ဝေါဟာရအရ Squadron သင်္ဘောအစု လို့ခေါ်တယ်။ မရိန်း ရေတပ်ရဲ့ လေတပ် (Naval Aviation) ထိန်းသိမ်းရေးတပ် (Maintenance troops) အခေါ်အဝေါ်နဲ့ကျရင် Batallion level ဖြစ်သွားရော။ တချိန်တည်းမှာ ရေတပ်အတွက် Zhongdui ဟာ တပ်ရင်း Batallion level ဖြစ်ပေမယ့် မရိန်း စတဲ့တခြားတပ်ဖွဲ့တွေအတွက် တပ်ခွဲ Company အဆင့်ဖြစ်သွားပြန်တယ်။ မရိန်းနဲ့ ကမ်းခြေကာကွယ်ရေး Coastal Defense တွေဟာ ရေတပ်အောက်မှာ သွတ်သွင်းထားတာကြောင့် ဖွဲ့စည်းပုံအခေါ်အဝေါ်တွေ ရှုပ်ကုန်ပြီး ဘာသာပြန်မှာ ပိုရှုပ်ကုန်တယ်။

ရေတပ်မတော် (Fleet) ၃ ခုဖွဲ့စည်းပုံက တခုနဲ့တခုမတူပါ။ ဥပမာ တရုတ်ကမ်းခြေတက်တပ် Marines မှာ Battlalions ၂ ခုပဲရှိပြီး အားလုံးကို တောင်ပိုင်းရေတပ်မတော် အောက်မှာပဲထားတယ်။ ဒီရေတပ်တွေက အချင်းချင်း အပြန်အလှန် ဖလှယ်ကြတာနည်းတယ်။ အကြောင်းက ကိုယ့်ဘတ်ဂျက်နဲ့ကိုယ် သပ်သပ်စီ ရပ်တည်ရတာကြောင့်တဲ့။ ကျနော်တို့ ဗမာတွေရဲ့ မဆလစိတ်ဓာတ် ပြဿနာမျိုးဟာ ယနေ့အထိ တရုတ်ပြည်မှာ ရှိသေးတယ်။ အခုတော့ ပူးပေါင်းဆောင်ရွက်မှုရှိအောင် တပ်အချင်းချင်း သိရအောင် အပြန်အလှန် ဖလှယ်ပြီး စစ်မှုထမ်းကြတယ်။ ဥပမာ မရင်းတပ်ခွဲတခွဲကို မြောက်ပိုင်းရေတပ်ဆီ ၆ လ အမှုထမ်းစေမယ်ပေါ့။

တရုတ်ရေတပ်မတော်မှာလည်း အမေရိကန်လို ရေပေါ်သင်္ဘော (Surface ships) နဲ့ ရေငုပ်သင်္ဘော (Submarines) အုပ်စုဆိုပြီး ခွဲထားပါတယ်။ ရေငုပ်သင်္ဘောအုပ်စုမှာ တခါ အမေရိကန်တို့လိုပဲ တိုက်စစ် Attack Submarines နဲ့ အနုမြူသင်္ဘော SSBN ဆိုပြီး ခွဲထားပြန်ပါတယ်။ ဒါပေမယ့်ကွာတာက တရုတ်တွေဟာ ဒီဇယ်နဲ့မောင်းတဲ့ ရေငုပ်သင်္ဘောတွေကို အသုံးပြုနေတုန်းပဲ။ ဒီဇယ်ရေငုပ်သင်္ဘောက ကြာကြာရေအောက်မှာ မနေနိုင်ပါ။ အနုမြူနဲ့မောင်းတဲ့ ရေငုပ်သင်္ဘောအစင်းရေကလည်း နည်းပါသေးတယ်။ ဒါကြောင့် မိမိကမ်းရိုးတန်းနဲ့ မနီးမဝေးမှာပဲ ကင်းလှည့်နိုင်တဲ့အဆင့်ပဲ ရှိပါသေးတယ်။

တရုတ်တွေရဲ့ အဓိကအားနည်းချက်က ခေတ်မှီသင်္ဘောဆောက်တဲ့ အတတ်ပညာမှာ နောက်ကျနေတုန်းပဲ။ ဒါကြောင့် ရုရှားလုပ် ဖျက်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေကို ရုရှားက ဝယ်နေကြရတုန်းပဲ။ တရုတ် ရေငုပ်သင်္ဘောတပ်ဖွဲ့မှာ Xia Class SSBN နဲ့ ရုရှားတွေရဲ့ နောက်ဆုံးပေါ်အတတ်ပညာတွေကို ပေါင်းထည့်ထားတဲ့ Jin-class SSBN ဆိုတာရှိတယ်။ Jin-class မှာမှ Type 093 နဲ့ Type 094 ဆိုပြီး နှစ်မျိုး နှစ်စားရှိပြန်တယ်။ Type 093 က attack submarine Type 094 ကမှ SSBN အနုမြူဒုံး သယ်ဆောင်နိုင်တဲ့ အနုမြူရေငုပ်သင်္ဘော ဖြစ်ပါတယ်။

အမေရိကန် ရေတပ်ထောက်လှမ်းရေး Office of Naval Intelligence ရဲ့ အမေရိကန်လွှတ်တော်ကို နှစ်စဉ်အစီရင်ခံစာတွေအရ Type 094 SSBN ဟာ ကီလိုမီတာ ၈,ဝဝဝ အကွာအဝေးအထိ ပစ်နိုင်စွမ်းရှိတဲ့ JL-2 ballistic missiles (DF-31s) ၁၂ ခုကို သယ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တရုတ်ကမ်းခြေအလွန် ကူရီကျွန်း Kuril Islands အနီးမှာ ကင်းလှည့်နေရုံနဲ့ အမေရိကန်နိုင်ငံရဲ့ သုံးပုံလေးပုံကို အန္တရာယ်ပြုနိုင်ပါတယ်။ အမေရိကန် ရေတပ်ထောက်လှမ်းရေး ONI က အချိန်ပြည့် ကင်းလှည့်နိုင်စွမ်းရှိအောင် တရုပ်ရေတပ်က Type 094 SSBN ၅ စီး တည်ဆောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ရေငုပ်သင်္ဘောကို နားထောင်ဖို့ ဆိုနာ (Sonar) လို့ခေါ်တဲ့ နားထောင်ကရိယာတွေကို ပင်လယ်အောက်မှာ ချထားရပါတယ်။ အမေရိကန် အခေါ်အဝေါ်အရ SONUS လို့ခေါ်ပါတယ်။ တရုတ်ရဲ့မဟာဗျူဟာက ပထမစည်းဝိုင်းက မိမိတို့ရဲ့ ကမ်းရိုးတန်း။

ဒုတိယစည်းဝိုင်းက ကိုရီးယား၊ ဂျပန်၊ တိုင်ဝမ်၊ ဖိလစ်ပိုင၊် စင်္ကာပူ၊ ထိုင်း၊ မြန်မာ စတဲ့နိုင်ငံတွေအထိရောက်တဲ့ အပြင်စီးဝိုင်း။

တတိယစည်းဝိုင်းက ဒုတိကမ္ဘာစစ်အတွင်း အမေရိကန်တို့ သိမ်းပိုက်ခဲ့တဲ့ Mariana စတဲ့ ကျွန်းတွေအထိရောက်တဲ့ စည်းးဝိုင်း၊ ဒီစည်းဝိုင်း ၃ ခုနဲ့ တရုတ် အကျိုးကိုခုခံမှာကိုး။ အကယ်၍ စစ်ရေး တင်းမာမှုဖြစ်ခဲ့ရင် အမေရိကန်ရေတပ်က မလက်ကာ ပင်လယ်ကြားထိပ်က ပိတ်ခဲ့ရင် တရုတ် အရှေ့ဘက်ကမ်းကို သင်္ဘောတွေ မဝင်နိုင်တော့ရင် စစ်ရေးအရ အခက်အခဲရှိနိုင်တယ် မဟုတ်ပါလား။ ဒါကြောင့် မြန်မာနိုင်ငံဟာ စစ်ရေးအရ အရေးပါလာရတာပေါ့။

(မှတ်ချက် - တရုတ်သင်္ဘောတွေ ရခိုင်မှာကပ်ပြီး ကုန်းလမ်းကနေ ကူမင်းကိုတင်ပို့ နိုင်အောင် ရခိုင်ကမ်းခြေမှာ ရေနက်ဆိပ်ကမ်း တရုတ်အကူနဲ့ တည်ဆောက်နေတာပါ)

ဒီနေရာမှာ အများကသတိမပြုမိကြတဲ့ အချက်ရှိပါတယ်။ အဲဒါကတော့ ဂျပန်ရေတပ်မတော်ပါပဲ။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ ဂျပန်တွေက စစ်အင်အားကိုအားမကိုးပဲ စီပွားရေးအင်အားကိုပဲ အာရုံစိုက်ခဲ့ကြပေမယ့် ဂျပန်နိုင်ငံဟာ ကျွန်းနိုင်ငံဖြစ်တာကြောင့် နိုင်ငံကာကွယ်ရေး Defense Forcesလို့ ဆိုပေမယ့် ရေတပ်ကို အရေးပေး ဖွဲ့ခဲ့ကြတာကြောင့် ဂျပန်ရေတပ်မတော်ဟာ ကမ္ဘာ့ရေတပ်မတော်တွေထဲမှာ ထိပ်တန်း ရေတပ်မတော်တခု ဖြစ်တယ်။ တရုတ်က ကြောက်တာလည်း ဂျပန်ကိုပဲဖြစ်တယ် ဒါကြောင့် အကယ်၍များ စစ်ဖြစ်ခဲ့ရင် တရုတ်ရင်ဆိုင်ရမှာက အမေရိကန်ရေတပ်သာမက ဂျပန်ရေတပ်ရဲ့ အန္တရာယ်လည်းရှိပြန်တယ်။ ဂျပန်တွေဘက်ကလည်း တရုတ်ရေတပ် ကြီးထွားလာတာကို စိုးရိမ်စိတ်နဲ့ ကြည့်နေကြရတယ်။

မကြာသေးခင်အထိ အိုကီနာဝါကျွန်းက အမေရိကန်တွေ ထွက်သွားဆိုပြီး ဆန္ဒပြနေတဲ့ဂျပန်တွေဟာ တရုတ်ရဲ့အန္တရာယ်ကြောင့် ဆန္ဒမပြကြတော့ဘူး။ အမေရိကန်တွေ ထွက်သွားလို့ မအော်ကြတော့ဘူး။ ဒုတိယကမ္ဘာစစ်က ဂျပန်စစ်သားတွေဟာ တရုတ်ပြည်သူတွေအပေါ် အလွန်ရက်စက်ခဲ့ကြတယ်။ ဂျပန်နဲ့ တရုတ်အကြား ရာဇဝင်အကြွေး ရှိနေသေးတာကိုး။

တဘက်မှာလည်း တရုတ်နဲ့ နယ်စပ်စစ်ဖြစ်ခဲ့ရတဲ့ အိန္ဒိယ နိုင်ငံကလည်း ရှိနေပြန်သေးတယ်။ ဒါကြောင့် တရုတ်က အဝိုင်းမခံရအောင် အနားအကပ်မခံတဲ့ A2/ADလို့ ခေါ်တဲ့ (for "anti-access/area denial") အဝင်အထွက် ပိတ်ဆို့ခြင်း - နယ်မြေအဝင်မခံဆိုတဲ့ ဗျူဟာကို ချမှတ်လာတာပါပဲ။

မကြာသေးခင် ၂ဝ၁ဝ စက်တင်ဘာလက တရုတ်ငါးဖမ်းသင်္ဘောဟာ တရုတ်နဲ့ဂျပန် သူပိုင်ငါပိုင် အငြင်းပွားနေကြတဲ့ ဆင်ကာကူကျွန်း Senkaku Islands အနီးမှာ ငါးဖမ်းနေရာ ဂျပန်စစ်သင်္ဘေင်္ာက သတိပေးတာကို ဂရုမစိုက်ဘဲ၊ ဂျပန်စစ် သင်္ဘော ၂ စီးကို ဝင်တိုက်ပစ်ရာ ဂျပန်တွေက တရုတ် သင်္ဘောသားများကို ဖမ်းဆီးခဲ့တာကြောင့် နှစ်နိုင်ငံအကြားပြဿနာ ပေါ်ခဲ့ရပါတယ်။

အရင်က စစ်သင်္ဘောများလာရင် ရှောင်ထွက်သွားတတ်တဲ့ ငါးဖမ်းလှေများဟာ အခုဂရုမစိုက်ကြဘူးလို့ ဂျပန်ဘက်က စွပ်စွဲလာပါတယ်။ အနာဟောင်းများ ပြန်ပေါ်လာကြပြီး တရုတ်လူထုက အမျိုးသားစိတ်ဓါတ်တွေ တက်ကြွဆူညံလာကြပါတယ်။ ဒီပဋိပက္ခကြောင့် တရုတ်အစိုးရက ကွန်ပြူတာနဲ့ အခြားအဆင့်မြင့်ပစ္စည်းတို့မှာ မရှိမဖြစ်တဲ့ Rare Earth Metals လို့ခေါ်တဲ့ သဘာဝသတ္ထုကို ဂျပန်ပြည်ကို တင်ပို့မှု ရပ်ဆိုင်းခဲ့တဲ့အတွက် ဂျပန်တွေ ဒီနေ့အထိ ပြဿနာပေါ်လျက်ရှိပါတယ်။

ယနေ့ကမ္ဘာကြီးရဲ့ ၉၇% သော Rare Earth Metals ထုတ်လုပ်မှုဟာ တရုတ်ပြည်ကဖြစ်တာကြောင့် တရုတ်တွေက စီးပွားရေးအင်အားပါသုံးပြီး ဂျပန်တွေကို ပညာပေးလျက်ရှိပါတယ်။ ဂျပန်ဆိုတာနဲ့ တရုတ်လူထုက အမျိုးသားစိတ်တွေဝင်လာကာ ဆူညံလာတာကြောင့် တရုတ်အစိုးရကလည်း အလျော့မပေးရဲပါ/ ဒါ့ကြောင့် ဂျပန်ကစိုးရိမ်လျက်ရှိသည်မှာလည်း သဘာဝကျပါတယ်။

တရုတ်ပြည်မှာ စစ်သံမှူးအဖြစ်ဆောင်ရွက်ခဲ့ကြတဲ့ ကွန်မင်ဒါသောမတ်နဲ့ ဒုဗိုလ်မှူးကြီး ချက်ဘယာဂီယား တို့ရေးတဲ့ စာတမ်းမှာ တရုတ်ရေတပ်ရဲ့ “အမေရိကန် ကျွမ်းကျင်သူတွေ” ဟာ တသက်လုံး အမေရိကန်စကား၊ ယဉ်ကျေးမှု၊ ရာဇဝင်၊ ဗျူဟာ တို့အပြင် အရေးပါတဲ့ရေတပ်နဲ့ မရိန်းလူကြီးတွေကိုပါ အသားပေး လေ့လာကြတယ်။ တနည်းအားဖြင့် စစ်သက်တန်းတလျောက် လေ့လာကြရတယ်။ အမေရိကန် စစ်ဗိုလ်တွေကတော့ တာဝန်ကျရာသက်တမ်း အချိန်ပိုင်းကာလမှာပဲ လေ့လာနိုင်ကြတယ်။

တရုတ်ရေတပ်ရဲ့ နိုင်ငံခြားရေးအရာရှိတွေဟာ အင်္ဂလိပ်စကားပြော ကျွမ်းကျင်ကြရုံမက နိုင်ငံခြားမှာ ပညာသင်ကြရပြီး အမေရိကန်ရေတပ်ရဲ့ ပြဿနာတွေကို အတွင်းကျကျသိကြပြီး ထိပ်ပိုင်း ရေတပ်ဗိုလ်ချုပ်တွေရဲ့ ယုံကြည်အားကိုးရတဲ့ အကြံပေးအရာရှိတွေ ဖြစ်ကြတယ်။ တရုတ်ရေတပ်ရဲ့ အမေရိကန်ဗျူဟာနဲ့ တပ်တွင်းလုပ်ထုံးတွေအပေါ် သုတေသနပြုမှုဟာ အံ့သြစရာကောင်းလောက်အောင် နက်လည်းနက် ကျယ်လည်းကျယ်ပြန့်တယ်။ အမေရိကန်ရေတပ်က တရုတ်ရေတပ်ကိုလေ့လာဖို့ Naval Intelligence ဆိုတာရှိပါတယ်။ ကွန်ကရက်ကို တနှစ်တခါ အစီရင်ခံရတဲ့ အစီရင်ခံစာတွေဟာ အင်မတန် တိကျမှုရှိပါတယ်။

အမေရိကန်တွေကတော့ ငပွကြီးပဲ။ အမေရိကန်တွေကထွင်လိုက် ရန်သူတွေက ခိုးလိုက်ပဲ။ ဆိုဗီယက်ခေတ်က ဝါဒနဲ့(ငွေ)နဲ့မျှားပြီး ခိုးတယ်။ တရုတ်ခေတ်ရောက်တော့ မျိုးချစ်စိတ်နဲ့ခိုးတယ်။ အမေရိကန်နိုင်ငံသား တရုတ်ပညာရှင်တွေ ရှိကြတာကိုး။

နောက်တခုသာတာက တရုတ်ကနှစ်စဉ်ထုတ်တဲ့ အင်ဂျင်နီယာ ပမာဏက အမေရိကန်ထက် အများကြီး ပိုတယ်။ အမေရိကန်မှာက အတော်ဆုံးလူတွေက ပိုက်ဆံများများရတဲ့ ရှေ့နေ၊ MBA ယူကြတယ်။ တရုတ်တွေက အင်ဂျင်နီယာဘက်လိုက်ကြတယ်။ ဒါကြောင့် အခုအချိန်မှာတရုတ်က ပညာရပ်ဆိုင်ရာမှာ နောက်ကျနေပေမယ့် မကြာခင်မီလာလိမ့်မယ်။

ဒီနေရာမှာ တခုသတိရှိရမှာက တရုတ်ရေတပ်ကလည်း အမေရိကန်ရေတပ်ကို အကြောင်းပြပြီး ပိုက်ဆံတိုးတောင်းတယ်။ အမေရိကန်ရေတပ်ကလည်း တရုတ်ရေတပ်ကို လက်ညှိုးထိုးပြီး ဘတ်ဂျက်ပို တောင်းတယ်။ အသေးစိပ်ကတော့ classified လို့ခေါ်တဲ့ လျှို့ဝှက် စာတမ်းတွေဖတ်ရမှ အတိအကျ အသေအချာ ပြောနိုင်မှာပါ။ အမေရိကန်ရေတပ်က ၆ဝ% ကို တရုတ်ကိုရင်ဆိုင်နိုင်ဖို့ ပစိဖိတ်သမုဒ္ဒရာ ရေတပ်ဘက် ပို့ထားပါတယ်။ တရုတ် ရေတပ်ရဲ့အင်အားက
တပ်သားဦးရေ - ၂၅၅,ဝဝဝ

ရေပေါ်စစ်သင်္ဘော
ဖျက်သင်္ဘော: ၂၆
ဖရီးဂိတ်: ၄၉
Medium landing Ship: ၃၁
အလျင်အမြန်တိုက်ခိုက်ရေးရေယာဉ်း ၂ဝဝ ကျော်

ရေငုပ်သင်္ဘော
SSBN: ၃ စီး
SSN: ၅ မှ ၇ စီး
SSK: ၅၆

ရေတပ်၏လေတပ်
တပ်သားဦးရေ - ၂၆,ဝဝဝ
လေယာဉ် - ၄ဝဝ မှ ၅ဝဝ အစီး
ကုန်းတက်တပ်သား(မရင်း) တပ်အင်အား ၁ဝ,ဝဝဝ

အဓိကကျသော ရေတပ်စခန်းများ
• Lushun
• Qingdao
• Shanghai (Wusong)
• Zhoushan
• Fuzhou
• Xiamen
• Guangzhou
• Zhanjiang
• Yulin
James R. Holmes and Toshi Yoshihara တို့ရေးတဲ့ စာတမ်အရ ပဋိပက္ခဖြစ်ခဲ့သော် အမေရိကန် တို့ဘက် စစ်ရေယာဉ် ၂၈၅ စီးအပြင် အောက်ပါရေတပ်များကို အားကိုးမိတ်ဖက်ပြုနိုင်ပါတယ်။

ဂျပန် ၁၄၇ စီး ( Aegis Cruisers နှင့် Helicopter Carriers) အပါအဝင် တောင်ကိုရီးယား ၈၅ စီး၊ သြတြေးလျ ၅၆ စီး၊ တိုင်ဝမ် ၁ဝဝ စီး၊ အမေရိကန်အင်အားနှင့် ပေါင်းခဲ့သော် အင်အားမနည်းပါ။

မနေ့တနေ့ကပဲ တရုတ်အစိုးရက သူ့ရဲ့စစ်တပ်အသုံးစရိတ်ကို ၁၂.၅% ပိုတိုးသုံးမယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေက အာကာသလေဟာပြင် (Space)နဲ့ တချို့အသုံးစရိတ်တွေ မပါသေးဘူး။ ကမ္ဘာမှာ နိုင်ငံတိုင်းဟာ စစ်အသုံးစရိတ်တွေကို လျော့ချနေရချိန်မှာ တနှစ်ထက်တနှစ် ၁ဝ%ကျော်ကျော် တိုးသုံးနိုင်တာ တရုတ်ပဲရှိတာကိုး။ သို့သော် အမေရိကန်ဘတ်ဂျက်က ဘီလျံ ၅ဝဝ ကျော်တာမို့ တရုတ်သုံးငွေဟာ ၁ဝချိုးတချိုးပဲ ရှိပါသေးတယ်။

သို့သော် များများအော် ကျယ်ကျယ်အော်မှ မိမိတို့ဘတ်ဂျက်လည်း မလျော့မှာကိုး။ တရုတ်ရေတပ်ဟာ အမေရိကန်ရေတပ်ကိုမီဖို့ရာ အနည်းဆုံး အနှစ် (၂ဝ) လောက် လိုပါသေးတယ်။ သို့သော် အန္တရာယ်ကို လက်ညှိုးထိုးထားမှ မိမိတို့လည်း ဘတ်ဂျက်အဖြတ်မခံရမှာဖြစ်ပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,13th,2010

( 16 )ကိုရီးယားရောက် ရခိုင်လူငယ်များ ဂီရိဒဏ်သင့် ဘုန်းတော်ကြီးကျောင်း အတွက် ငွေလှူ

( 15 )ပြည်နယ်ပြည်မ တန်းတူရေး၊ NLD ရှင်းပြ

( 14 )ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရေး တိုင်းရင်းသား အကူအညီလိုအပ်

( 13 )Tourists reach new beach frontier in Myanmar

( 12 )ဇာဂနာလွတ်မြောက်ရေး နိုင်ငံတကာလူရွှင်တော်တွေ တောင်းဆို

( 11 )ကရင်နီဒုက္ခသည်စခန်း မီးလောင်

( 10 )Myanmar Fans Pelt Stones And Bottles On Indian Players During Pre-Olympic Qualifier

( 9 )မြန်မာပရိသတ် ခဲပေါက်မှု အာရှဘောလုံးအဖွဲ့ချုပ် တိုင်ကြား

( 8 )မြန်မာ့လူ့အခွင့်ရေး ချိုးဖောက်မှု လျစ်လျူမရှုရေး

( 7 )we cannot lose sight of Thai refugee camps

( 6 )ဒီမိုကရေစီအရေး ပိုလုပ်နိုင်သူကို အားပေးဖို့ ဒေါ်စုပြော

( 5 )EU အဖွဲ့ ဒုက္ခသည်စခန်း လာရောက်ကြည့်ရှု

( 4 )China quake kills 25, rescue operation on

( 3 )ပညာရေးအဆို လွှတ်တော်မှာ ပယ်ချခံရ

( 2 )လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ

( 1 )Forestry staff cleared over timber imports

Saturday, March 12, 2011

ရန်ကုန် လေပြင်းတိုက်၊ ၇၆၀ အိုးအိမ်မဲ့

မဇ္ဈိမသတင်းဌာန

ရန်ကုန် (မဇ္ဈိမ) ။ ရန်ကုန်တိုင်း မြို့နယ် ၃ ခုတွင် သောကြာနေ့ မွန်းလွဲပိုင်းတွင် လေပြင်းတိုက်ခဲ့ရာ နေအိမ် ၁၅၀ ခန့် ပြိုကျပြီး၊ အိုးမဲ့အိမ်မဲ့ လေဘေးဒုက္ခသည်ပေါင်း ဦးရေ ၇၆၀ ရှိကြောင်း ရန်ကုန်တိုင်း တယက က ဆိုသည်။

တယက ထူးခြားဖြစ်စဉ် မှတ်တမ်းတွင် မွန်းလွဲ ၁ နာရီခွဲနှင့် ၃နာရီအကြား ခရမ်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ခရမ်း အေးရွာတွင် မွန်းလွဲ ၁ နာရီခွဲခန့်၊ ကျန်မြို့နယ် ၂ ခုတွင် မွန်းလွဲ ၂ နာရီခွဲမှ ၃ နာရီအကြား တိုက်ခတ်ခဲ့သည်ဟု ထူးခြားဖြစ်စဉ် မှတ်တမ်းက ဆိုသည်။

“ခရမ်းကိုတော့ ကျနော်တို့ ရန်ကုန်အနေနဲ့ မသွားရသေးဘူး။ စာရင်းတက်လာကတော့ ခရမ်းမှာ အိမ် ၁၆ လုံးပျက်ပြီး အိုးမဲ့အိမ်မဲ့ ၅၉ ယောက် ဖြစ်တယ်။ ကယ်ဆယ်ရေးစခန်း မဖွင့်ထားပါဘူး” ဟု ရန်ကုန်တိုင်း တယက တာဝန်ရှိသူ တဦးက ပြောသည်။ ကျန် နှစ်နေရာတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်ထားသည်ဟု ဆိုသည်။

ဒဂုံဆိပ်ကမ်းတွင် ၁၆၈၊ ၅၈ ၊ ၉၀၊ ၉၃၊ ၈၇ စသော ရပ်ကွက်များမှ ပျက်စီးအိမ်ခြေ ၉၀ ကျော်မှ အိုးအိမ်မဲ့ ၅၃၀ အတွက် ဓမ္မာရုံတခု၌ ကယ်ဆယ်ရေးစခန်း ဖွင့်ထားပြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ၁၀၄၊ ၇၀၊ ၂၀၊ ၂၁ စသော ရပ်ကွက်များမှ အိမ် ၄၀ ကျော် ပျက်စီးခဲ့သည့် ဦးရေ ၁၇၀ အတွက် အခြေခံပညာ ကျောင်းများ၌ ဖွင့်ထားသည်။

၁၀ တန်းစာမေးပွဲ ဖြေဆိုနေသည့် ဒဂုံဆိပ်ကမ်း ၈၇ ရပ်ကွက်ရှိ ၁၇ နှစ်အရွယ် ကျောင်းသူတဦး လေပြင်းနှင့်အတူ လွင့်လာသော သွပ်ပြားပြတ်ရှ ဒဏ်ရာရခဲ့သော်လည်း မြို့နယ်ဆေးရုံ၌ ကုသမှုခံယူခဲ့ပြီး၊ စာမေးပွဲ ဆက်ဖြေနေသည်။

“ခေါင်းမှာ ချုပ်တော့ ချုပ်လိုက်ရတယ်။ ဒါပေမယ့် သိပ်မများဘူးဆိုတော့ စာမေးပွဲတော့ ဆက်ဖြေနိုင်ပါတယ်” ဟု မိသားစုဝင် တဦးက ပြောသည်။

ရန်ကုန်တွင် လေပြင်းများတိုက်ကာ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများမှာ ယခုလ ၁၀ ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

အကျယ်အဝန်း ၁၀ မိုင်ခန့်ရှိ မိုးတိမ်တောင်များကြောင့် ယခုကဲ့သို့ စိုက်ဆင်း (ခေါ်) လေပြင်းများ တိုက်ခတ်ခြင်းမှာ ၂၀၀၆ ခုနှစ်မှစ၍ ၆ နှစ်ရှိပြီဟု မိုး/ဇလ ညွှန်ချုပ်ဟောင်း ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။

ကြံ့ဖွံ့ငွေချေး တရပ်ကွက် ကျပ် ၆ သိန်း

မဇ္ဈိမသတင်းဌာန

ရန်ကုန်တိုင်း ၄၅ မြို့နယ်ရှိ ၎င်းတို့၏ ပါတီဝင်များအတွက် တရပ်ကွက်လျှင် ကျပ် ၆ သိန်းနှုန်းဖြင့် ငွေချေးနေကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များက ပြောသည်။

တလလျှင် ၂ ရာခိုင်နှုန်း အတိုးဖြင့် ၆ လအကြာတွင် ပြန်ဆပ်ရမည့်ချေးငွေများ လက်ခံရယူရန် ရန်ကုန်တိုင်း ပါတီရုံးက မြို့နယ်များသို့ မတ်လဆန်းကတည်းက ပေးပို့ထားသည်။

"ကျနော်တို့ရပ်ကွက်က ယူတဲ့သူတွေ တယောက် ၃ သောင်းလောက် ရတယ်။ ရယက အဖွဲ့ဝင်တွေပဲ ယူတာ များပါတယ်။ တချို့လည်း မယူတော့ဘူး။ အတိုးက ၂ ကျပ်တိုး။ တတိုင်းလုံး ချပေးမယ်လို့ ပြောတယ်" ဟု လှိုင်မြို့နယ်မှ ပါတီဝင်တဦးက မဇ္ဈိမကို ပြောသည်။

"တချို့ရပ်ကွက်ကျတော့ ယူမယ့်သူ မရှိလို့ ဥက္ကဋ္ဌကပဲ ယူထားလိုက်တယ်" ဟု သူက ပြောသည်။

ရွှေဒကာ မင်းတြားကြီးရဲ့ ရွှေယတြာ

ရန်ကုန်သားတာတေ

ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ မြန်မာပြည့်အနှံ့ ဘုရားဖူးရန် ခရီးထွက်လာကြသည်။

ရုက္ခစိုး။ ။ ငါလည်း မင်းတို့နဲ့ ပေါင်းပြီး ပေါက်ကရ ရှစ်ဆယ် လိုက်လုပ်နေရတာနဲ့ တရားထိုင်တဲ့ အလုပ်လည်း ပျက်တာ ကြာပြီ။ အင်း … အခုမှပဲ ဘုရား၊ တရားနဲ့ ကုသိုလ်ရေး လုပ်ဖြစ်တော့တယ်။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးဘာသာ နတ်က နတ်အလုပ်မလုပ်ဘဲ လူကိစ္စ ဝင်ဝင်စပ်စုနေတာပါဗျာ။ ကျနော်တို့ကို ဆွဲမထည့်ပါနဲ့။

ကြွက်စုတ်။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ အခု နောက်ပိုင်းဆို ဦးရုက္ခစိုးက တန်ခိုးရှိတယ်ဆိုပြီး ထင်တိုင်းကြဲနေတာ မသိဘူး မှတ်မနေနဲ့။ မြန်မာပြည်အကြောင်းများ စပ်စုလိုက်တာ ကျနော်တို့တောင် လက်ဖျားခါရတယ်။

ရုက္ခစိုး။ ။ မင်းတို့ကလေ … နည်းနည်းလေးမှ ပစားပေးလို့မရဘူး။ ငါ့ကို တွယ်ဖို့ ဘယ်အချိန်ကတည်းက ချောင်းနေလဲ မသိဘူး။


ကြွက်စုတ်။ ။ မဟုတ်လို့လား ဦးရုက္ခစိုးရဲ့။ အခုကျမှ ဘုရားဖူးထွက်ရအောင် ဆိုပြီး ကျနော်တို့ကို လာခေါ်ဖော်ရတာ။

ရုက္ခစိုး။ ။ ဟုတ်ပါတယ်။ ငါလည်း လွှတ်တော်ကြီးက ဘာများဖြစ်မလဲ၊ ဘာများဖြစ်မလဲနဲ့ သွားကြည့်တာပေါ့ကွာ။ အခု ဘာမှ မဖြစ်မှန်းသိတော့ … ။

ဦးရုက္ခစိုးစကား မဆုံးခင် “ဟာ … လွှတ်တော်ကနေ ဘာမှ မဖြစ်ပေမယ့် မြန်မာပြည်က စေတီဘုရားပုထိုး တွေတော့ ကိုယ်ကျိုး နည်းပြီထင်တယ်” ဟု ကြွက်စုတ်က ဖြတ်ပြောလိုက်သည်။

သူတို့ရောက်ရှိနေသည့် နေရာမှာ စစ်ကိုင်း ကောင်းမှုတော် စေတီကြီးနားတွင် ဖြစ်သည်။

ဖိုးရှုပ်။ ။ ကြွက်စုတ်ကလည်းကွာ ...။ အလန့်တကြားလုပ်ပြီ။ မြန်မာပြည်က စေတီတွေ ဘာဖြစ်ကုန်လို့လဲ။

ကြွက်စုတ်။ ။ ဘာဖြစ်လဲတော့ မသိဘူး။ စစ်ကိုင်း ကောင်းမှုတော် စေတီကြီး မရှိတော့ဘူးလေကွာ။ ဘယ်သူများ ခိုးသွားလဲ မသိဘူး။

ကြွက်စုတ် အပြောကြောင့် ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့လည်း ကောင်းမှုတော်စေတီကြီးကို ဝိုင်းရှာကြသည်။

ရုက္ခစိုး။ ။ ဒီနေရာမှာပဲ … သေချာပါတယ်။ ငါ ခဏခဏ လာဖူးနေကြပါ။

ထိုစဉ် “ဘာတွေပျောက်လို့ ဘာတွေရှာနေတာလဲဗျ” ဆိုသော အသံတသံ ကြားသဖြင့် ကြည့်လိုက်ရာ ချိုကုပ်ဒူးကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ချိုကုပ်ဒူးကြီးမှာ ဘယ်တော့မှ မလျှော်သည့် ချိတ်ထဘီ အဖြူကြီးကို ခါးတောင်းကျိုက် ထားသည်။ လက်ထဲတွင် ဆေးပုံးတပုံးနှင့် စုတ်တံ တချောင်းကို ကိုင်ထားလေသည်။

ဖိုးရှုပ်။ ။ ကောင်းမှုတော် စေတီကြီး ပျောက်သွားလို့ ရှာနေတာလေ။ ကျနော်တို့က ဘုရားဖူး ထွက်လာတာ။

ချိုကုပ်။ ။ ဟားဟားဟားဟား ဟားဟားဟားဟား။ တော်တော်ရယ်ရတဲ့ လူတွေနဲ့ နတ်ပဲ။ ဒီလောက် ရွှေရောင်တွေ ဝင်းနေတဲ့ စေတီကြီးကိုများ မတွေ့ဘူးတဲ့။ ဒီမှာလေ။

ချိုကုပ်ဒူးကြီး ညွှန်ပြရာသို့ ကြည့်လိုက်ရာ ရွှေရောင်တောက်ပနေသော စေတီတော်ကြီးကို တွေ့လိုက်ရလေသည်။

ရုက္ခစိုး။ ။ ဒါ ကောင်းမှုတော် စေတီဟုတ်လား။ ပေါက်ကရ မပြောပါနဲ့ဗျာ။ ကောင်းမှုတော် စေတီကြီးက ထုံးသင်္ကန်းနဲ့ပါ။ ဒါကြီးက ကောင်းမှုတော် စေတီ မဟုတ်ပါဘူး။

ချိုကုပ်။ ။ ဟုတ်ပါတယ်ဆို …။ ဒါ ကောင်းမှုတော် စေတီမှ ကောင်းမှုတော် စေတီကြီး စစ်စစ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ နီးပါးက ကျုပ်ကိုယ်တိုင် တည်ခဲ့တဲ့ ကောင်းမှုတော် စေတီကြီးဗျ။

ကြွက်စုတ်။ ။ ဟာ ပေါက်ကရ မပြောစမ်းပါနဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ နီးပါးတုန်းက ချိုကုပ်ဒူးကြီးက ဘယ်လိုလုပ် မွေးဦးမှာလဲ။

ချိုကုပ်။ ။ စကား မဆုံးသေးဘူးလေ။ ကျုပ်က ဒီဘဝနဲ့ တည်တာတော့ ဘယ်ဟုတ်ပါ့မလဲ။ ကျုပ် … သာလွန်မင်းတရားကြီး ဘဝက တည်ခဲ့တာကို ပြောတာ။

ဖိုးရှုပ်က “အင်း … မိုးကြိုးပစ် ခံရဖို့တော့ နီးနေပြီ။ သူနဲ့ ဝေးဝေး နေမှပဲ” ဟု တွေးလိုက်သည်။

ရုက္ခစိုး။ ။ ကဲပါဗျာ။ ဘယ်သူပဲ တည်တည်ပါ။ ကောင်းမှုတော် စေတီက သူ့ဘာသာ ထုံးသင်္ကန်းနဲ့ သပ္ပာယ်နေတဲ့ဟာကို ဘယ်လိုက ဘယ်လို တဝင်းဝင်း တပြောင်ပြောင်နဲ့ ရုပ်ဆိုးအောင် လုပ်ရတာလဲ။ ဒါ ချိုကုပ်ဒူးကြီး လက်ချက်မှ ဟုတ်ရဲ့လား။

ချိုကုပ်။ ။ မေးနေရသေးလားဗျာ။ ဒါမျိုး ရွှေဉာဏ်တော် စူးရောက်တာ ဘယ်မင်းလက်ထက်မှာ တွေ့ဖူးလို့တုန်း။

ကြွက်စုတ်။ ။ ရွှေ္ပဉာဏ်တော်ကတော့ တော်တော်လေး စူး … ရောက်ပါပေတယ် (စိတ်ထဲကမူ “စူးရောက် ဆိုတာေ-ာက်ရူးလို့ ပြောတာ” ဟု ပြောလိုက်၏)

ရုက္ခစိုး။ ။ ခက်ပါလား … နေရာတကာ ပြောင်တိုင်း ကောင်းတယ် ထင်နေလား။ ဒါ ရှေးခေတ် အမွေအနှစ်တွေဗျ။ မလုပ်ကောင်းဘူး။

ချိုကုပ်။ ။ ဘာလို့မလုပ်ကောင်းရမှာလဲ။ ဘုရားကို ရွှေလှူတာပဲဟာ။

ဖိုးရှုပ်။ ။ ဒါပေမယ့် ရှေးက မင်းတွေက သူ့အဓိပ္ပာယ်နဲ့သူ ထုံးစေတီဖြင့် ထုံးစေတီ၊ ရွှေစေတီဖြင့် ရွှေစေတီ တည်ခဲ့တာ မဟုတ်လား။

ချိုကုပ်။ ။ အဲဒီတုန်းက ဘုရင်တွေက ဆင်းရဲပြီး ရွှေသင်္ကန်းမကပ်နိုင်ဘဲ ထားခဲ့လို့ ကျုပ်က ကပ်ပေးတာ ကျုပ်ကိုတောင် ကျေးဇူးတင်ရဦးမယ်။ အခုလည်း သာလွန်မင်းလက်ထက်က မလုပ်နိုင်ခဲ့တာကို အခု မသာလွန်မင်း လက်ထက်မှာ လုပ်တယ်ဗျာ။

ချိုကုပ်ဒူးကြီးက ပြောရင်း ဆေးပုံးထဲက ရွှေမင်များကို စုတ်တံဖြင့် ယူ၍ စေတီကိုယ်ထည်ကို ခြယ်လိုက်သည်။ ထိုသို့ ခြယ်နေစဉ် အနောက်၌ ဒေါ်ကွိုင်ကွိုင်လာရပ်သည်။
ကွိုင်ကွိုင်။ ။ မောင်တော် … မပြီးသေးဘူးလား။ မြန်မြန်သုတ်လေ။ တော်ကြာ ယတြာ မအောင်ဘဲ နေဦးမယ်။

ချိုကုပ်။ ။ ပြီးတော့မှာပါ။ ဒီက ဦးရုက္ခစိုးတို့က မောင်တော် ဘုရားမှာ ရွှေရောင်သုတ်တာကို အပြစ်လာပြောနေလို့ ရှင်းပြနေတာ။

ကွိုင်ကွိုင်။ ။ အောင်မလေး ရာရာစစ။ ကျုပ်ရဲ့ မောင်တော် သာလွန်မင်းတရားဝင်စားတဲ့ မသာလွန် မင်းတရားကြီးကိုများ ပြောရက်လိုက်ကြတာ။

ဖိုးရှုပ်။ ။ ပေါက်ကရတွေ လျှောက်လုပ်လို့ ပြောရတာပါ ဒေါ်ကွိုင်ကွိုင်ရယ်။ မြန်မာပြည်မှာ ထုံးဖြူဖြူနဲ့ ရှိရမယ့် စေတီ မှန်သမျှ အကုန် ရွှေရောင်လိုက်သုတ်နေတာ ရုပ်ဆိုးလွန်းလို့။

ကွိုင်ကွိုင်။ ။ ငါ့မောင်တော် ယတြာခြေတာပါဆို။ မောင်တော့် နာမည်မှာက “ရွှေ” ပါတယ်မဟုတ်လား။ အဲဒီ ရွှေက တနိုင်ငံလုံးကို လွှမ်းနေစေရမယ်၊ အဲဒီလိုလွှမ်းဖို့ တန်ခိုးကြီးတဲ့ စေတီပုထိုးတွေအားလုံးကို ရွှေရောင်သုတ်ရမယ်လို့ ဗေဒင်က ပြောထားတယ်ဟဲ့။ ပုဂံက ဗူးဘုရားကိုလည်း သုတ်ပြီးပြီ။ အခု ကောင်းမှုတော်အလှည့်။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးရေ ...။ ပေါက်ကရတွေတော့ ဖြစ်ကုန်တော့မယ်ဗျ။ တန်ခိုးကြီးတဲ့ ဘုရားတွေကို ရွှေရောင် သုတ်လိုသုတ်၊ တရားမျှတတယ်လို့ မြန်မာ့သမိုင်းမှာ နာမည်တလုံးကျန်ခဲ့တဲ့ သာလွန်မင်းတရားကြီး ဝင်စားတယ် ပြောလိုပြောနဲ့။

ချိုကုပ်။ ။ သြော် … အဲဒါက တကယ်ပါဆို။ ကျုပ်တို့ကိုးကွယ်တဲ့ ဘိုးတော်ကိုယ်တိုင် ပြောတာ။ ကျုပ်က သာလွန်မင်းတရား ကြီးနဲ့ အရမ်းတူတယ်တဲ့။ အထူးသဖြင့် လူတွေကို ထမင်းရည် သောက်ခိုင်းတဲ့နေရာမှာ တော်တော်တူတယ်တဲ့။ ကျုပ် လက်ထက်မှာ လူတွေ ထမင်း မစားနိုင်လို့ ထမင်းရည် ဝယ်သောက်ကြရတာ သိတယ်မဟုတ်လား။

ဖိုးရှုပ်။ ။ သြော် … သြော် … တူပါပေတယ်၊ တူပါပေတယ်။

ဖိုးရှုပ်က ရွဲ့ပြောသည်ကို အဟုတ်ထင်ကာ ချိုကုပ်ဒူးကြီး မြောက်သွားပြီး ရင်ဘတ်ကို ကော့လိုက်သည်။

ချိုကုပ်။ ။ ရှိသေးတယ်ဗျ။ သာလွန်မင်းက သူ့ရဲ့ သမီးတော်ကို နိုင်ငံခြားကလာဆက်သတဲ့ ပိုးထည်ကို ဆင်တာလေ။ ကျုပ်က တကယ့် လူတွေရဲ့ မသဒ္ဓါရေစာနဲ့ စိန်အစစ်တွေကိုဝယ် ဆင်တာ … ငှဲငှဲ။

ကြွက်စုတ်။ ။ အဲဒါ သူ့သမီးတော်က အကောင်းစားတွေဝတ်ပြီး စည်းကမ်းမရှိလို့ … သမီးကိုတောင် စကားမပြောဘဲ အပြစ်ပေးတယ် ဆိုတဲ့ စီရင်ထုံးအကြောင်း ပြောချင်တာလေ။

ချိုကုပ်။ ။ ဘာပဲဖြစ်ဖြစ်လေ။ ကျုပ်သမီးတွေက စည်းကမ်းရှိတယ်။ တယောက်ဆိုတယောက် ပိတောက်ဆို လွင်မိုးပဲ … အာ ယောင်ကုန်ပြီ ... ကျုပ်သမီးတွေက စည်းကမ်းရှိတော့ အပြစ်ပေးဖို့မလိုဘူးဗျ။

ရုက္ခစိုး။ ။ သာလွန်မင်းက သူ ထုတ်တဲ့ အမိန့်အတိုင်း တည်အောင်လုပ်တဲ့ မင်းဆိုတော့ ချိုကုပ်ဒူးကြီးကကော သာလွန်မင်းလို တိုင်ကို ထုံးသုတ်မိရင် ကိုယ့်လက်ညှိုး ကိုယ်ဖြတ်မှာလား။ အခု ထုံးဘုရားကို ရွှေသုတ်တာက တိုင်ကို ထုံးသုတ်မိတာထက် ဆိုးတယ်နော်။

ချိုကုပ်။ ။ အာ လက်ညှိုးတော့ မဖြတ်ပါဘူး။ ဒါပေမယ့် ကျိန်းကျေအောင် ဟိုဟာတော့ ဖြတ်တယ် … ဆံပင်၊ ဆံပင်။ ဆံပင် ဖြတ်တယ်။

ဒေါ်ကွိုင်ကွိုင်က ခါးထောက်ကာ မျက်စောင်းခဲ၍ “ကဲ မောင်တော် … လေရှည်တာ နည်းနည်းများသွားပြီ။ အလုပ်ကို ပြီးအောင် မြန်မြန်လုပ်စမ်းပါ” ဟု မာန်လိုက်သည်။

ကြွက်စုတ်။ ။ သာလွန်မင်းတရားကြီးက မိန်းမကြောက်ရလားဟင်။

ဖိုးရှုပ်။ ။ သာလွန်မင်းတရားကြီး လက်ထက်က အမျိုးသမီးရေးရာတို့၊ အမျိုးသမီးအဖွဲ့တို့၊ အမျိုးသမီး အခွင့်အရေးတို့ မပေါ်သေးဘူးလေကွာ … မင်းကလည်း။ သာလွန်မင်းတရားတုန်းက မကြောက်ရပေမယ့် မသာလွန် မင်းတြား လက်ထက် ကျတော့ ကြောက်ရတာပေါ့ ...။

ရုက္ခစိုး။ ။ ကဲကဲ … ဒီနေရာက ဝေးရာကို သွားရအောင်။ ငါ မျက်ခုံးလှုပ်တယ်။ သူတို့ ယတြာက ဘုရားလည်း မနေရဘူး။ တော်ကြာ ယတြာထဲမှာ ရုက္ခစိုးကို ထည့်ခြေပါ ဆိုမှ ငါပါ အမှုပတ်နေဦးမယ်။

ဦးရုက္ခစိုးက နှိုးဆော်လိုက်သောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ “မသာလွန် မင်းတြားကြီးရေ … သွားဦးမယ်ဗျို့” ဟု အော်ရင်း ထိုနေရာမှ ခွာခဲ့ကြ လေတော့သည်။ မသာလွန် ချိုကုပ်ဒူးကြီးမှာကား ဘုရားကို ရွှေဆေးသုတ်ရင်းက လက်ပြကာ ကျန်ခဲ့ လေတော့သည်။ ။

ရတာတောင် ကံကောင်း

ဟန်လေး

ယုံကြည်မှုနဲ့ အမျိုးသမီး အခွင့်အရေး

နရီလင်းလက်

ဒီနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့် ခဲ့ပါပြီ။ တကမ္ဘာလုံးမှာရှိနေတဲ့ အမျိုးသမီးတွေ ချီတက် လမ်းလျှောက်ပွဲ နဲ့ လှုပ်ရှားမှုပွဲတွေ စီစဉ်ပြီး အမျိုးသမီးနေ့ အထိမ်းအမှတ်ပွဲကို ဆင်နွှဲနေကြပေမယ့် မြန်မာပြည်မှာတော့ အမျိုးသမီးများနေ့ အတွက် ဘာအထိမ်းအမှတ်ပွဲမှ မလုပ်ခဲ့ကြပါဘူး။

အဲဒါကြောင့် မြန်မာပြည်ရဲ့လုပ်ငန်းခွင်နယ်ပယ် အသီးသီးမှာရှိနေတဲ့ အမျိုးသမီးတွေနဲ့ ဆက်သွယ်ပြီး အခုလို နိုင်ငံတကာ အ မျိုးသမီးနေ့မှာ အမျိုးသမီး အခွင့်အရေးတွေ အကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

အခုခေတ်မှာ အသိဉာဏ်ရှိရင် ယောကျာ်းရော ၊ မိန်းမရော အလုပ်လုပ်နိုင်တယ်ဆိုတာ သဘောမပေါက်သေးသူတွေ အများ ကြီး ရှိသေးတယ်လို့ သဘောထားလိုက်တယ်ဆိုပြီး ဆရာမ နုနုရည်(အင်းဝ) က ခွဲခြား ဆက်ဆံခံရချိန်က စိတ်ခံစားချက်ကို အခုလို ပြောပြပါတယ်။

“အမျိုးသမီးတွေကို ထမင်းချက် ၊ ကလေးထိန်း ၊ အ၀တ်လျှော် ဒီလို အိမ်ထောင်ထိန်းသိမ်းမှု လုပ်တဲ့နေရာမှာပဲ ယောကျာ်း အများစုက ထားချင်နေသေးတယ်။ ယောကျာ်းတွေနဲ့ တန်းတူ ၀င်ငွေ ရအောင်လုပ်ရတဲ့ ကိစ္စတွေ မှာ ထားဖို့ ခဲသေးတယ်။ ဒီထက်ပိုပြီး ပြောရရင် လူမှုဆက်ဆံရေး အဆင့် လို့ ခေါ်တဲ့ ရပ်ရေး ရွာရေး ၊ လူမှုရေး ကိစ္စတွေ ၊ လူထုကြားမှာ ဆုံးဖြတ်ရတဲ့ အဆုံးအဖြတ်ပေးတဲ့ ကိစ္စတွေမှာ နေရာမပေးချင်ကြသေးဘူး”လို့ ဆရာမက ဆိုပါတယ်။

အမျိုးသားတွေက အမျိုးသမီးတွေကို တန်းတူအခွင့်အရေးပေးဖို့ ၀န်လေးနေသေးတဲ့ အခြေအနေမှာရှိနေသေးတယ် လို့ လည်း ဆရာမက ဆက်ပြောတယ်။

“ဒီကနေ့ ခေတ်မှာ တချို့ အမျိုးသမီးတွေက အခွင့်အရေးတွေ ရလာပြီ။ ရနေပြီလို့ ထင်ကြပါတယ်။ ဒီလို ဘာကြောင့် ထင် တာလဲ ဆိုတော့ သူတို့ရဲ့ ကိုယ်ပိုင်မာန်ကြောင့် လို့ ပြောရမှာပေါ့။ ဆရာမ အတွေ့အကြုံ နဲ့ ပြောရရင် စာရေးဆရာ အမျိုး သမီး တယောက်အနေနဲ့ ခွဲခြား ဆက်ဆံ ခံရတာ ကြုံဖူးတာပဲ။ ဒါပေမယ့် အားငယ်တာတို့ ၊ ၀မ်းနည်းသွားတာတို့ မဖြစ်ဘဲတန်းတူ အလုပ်လုပ်နိုင်တယ် ဆိုတာ သ ဘော မပေါက်သေးပါလား သနားစရာကောင်းတယ်လို့တွေးလိုက်တယ်။ အဲဒါ Artist တ ယောက်ရဲ့ မာန် လို့ ထင် တယ်။ ဒီလိုပဲ အခွင့်အရေးတွေ ရနေပါပြီလို့ ပြောနေတဲ့ အမျိုးသမီးတွေ စိတ်ထဲမှာ ခွဲခြား ဆက်ဆံခံရ တာကို သူတို့ရင်ထဲမှာ သိပ်မကြိုက်တာရှိတုန်းပဲ မသိချင်ယောင်ဆောင်နေလိုက်တာပေါ့”လို့ ဆရာမက ပြောပြပါသေးတယ်။

ဆေးကုမ္ပဏီ တခုမှာ အရောင်းမြှင့်တင်ရေး လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးကလည်း လုပ်ငန်းခွင်မှာ အမျိုးသားနဲ့ အမျိုးသမီး လစာ နှုန်းထားရတာခြင်း မတူညီ သေးတာတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

“အများဆုံးတွေ့ရတာက အလယ်အလတ်တန်း ရာထူးနဲ့ အောက်ခြေ၀န်ထမ်းခေါ်တဲ့နေရာမှာ ခွဲခြားခံရတာတွေ ပိုများတယ်။ အလုပ်တခု ခေါ်လိုက်ရင် လျှောက်တဲ့ နေရာမှာ မိန်းကလေးဦးရေက လိုတာထက် ပိုများတော့ အလုပ်ရဖို့ အခွင့်အရေးက လည်း ရဖို့နည်းတယ်။ လခပေးတာချင်းတူလို့ လစာနည်းရင် ယောကျာ်းလေးက တခြား ပန်းရံတို့ ၊ ဆိုက်ကားနင်းတာတို့ သွား လုပ်လို့ရတယ်။ မိန်းကလေးက ပေးတဲ့ လစာမလုပ်ရင် စောစောက အလုပ်တွေ သွားဝင်လုပ်လို့မရဘူး။ ဒီလို အခြေအနေ ဆို တော့ ပေးတဲ့ လစာ က ယောကျာ်းလေးနဲ့ ၃၀၀၀- ၄၀၀၀ ကွာလည်း လုပ်ရတာပဲ”လို့ သူ့ အတွေ့အကြုံကို ပြောပါတယ်။

မြို့ပြတွေမှာထက် တောရွာတွေမှာဆိုရင် အမျိုးသမီး ဖြစ်တဲ့အပြင် အသက်ငယ်တာကြောင့် လေးလေးစားစား ဆက်ဆံမခံရ ဘူးလို့ NGO အဖွဲ့အစည်းတခုမှာ Project Manager အနေနဲ့ လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးက သူ့ခံစားချက်ကို ပြောပြပါတယ်။

“ဧရာဝတီတိုင်းဘက်က ရွာတရွာကို အလုပ်တခုနဲ့ သွားတုန်းက ပထမ Project Manager က ယောကျာ်လေး သူက အလုပ် ကနားသွားတော့ ကိုယ်ကတာဝန်ယူပြီး အဆုံးသတ်ပေးရတာ။ အဲဒီ ရွာမှာ ၁ လ ခွဲလောက်သွားနေရတယ်။ ရွာသားတွေကို ရေကန်မှာ လှေကားလုပ်ဖို့နဲ့ ခြံခတ်ဖို့ အပြီးသတ်ဖို့ ပြောတော့ ကိုယ့်ကို အသက်လည်းငယ်တယ်၊ မိန်းကလေး ဖြစ်တယ် ဆိုတော့ မဖြစ်နိုင်ဘူး ဘာဖူးနဲ့ပြန်ပြောတာ။ မိန်းကလေး ဆိုတော့ မလေးစားချင်ဘူး။ အသက်ငယ်တော့ ပိုဆိုးတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိ မြန်မာ စာနယ်ဇင်းလောကမှာဆိုရင်လည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အရေးကြီးသတင်းတွေယူဖို့ နေပြည်တော် သွားခိုင်း တဲ့ နေရာမှာ အမျိုးသား သတင်းထောက်တွေကို ဦးစားပေးလွှတ်တာ ကိုယ်တိုင်ကြုံရတော့ ကိုယ်တိုင်က ငါတို့များ မလုပ်နိုင်ဘူးလားဆိုတဲ့ အတွေးတွေ ၀င်လာစေသလို။ ယုံကြည်မှုတွေ ပျောက်ကုန်တာမျိုးဖြစ်လာစေတယ်လို့ ပြည်တွင်းဂျာနယ် အမျိုးသမီး သတင်းထောက် တဦးက ပြောပြပါတယ်။

အမျိုးသမီးသတင်းထောက်တွေ က အမျိုးသားတွေလောက် မစွမ်းဆောင်နိုင်သေးဘူးလို့ အဖွဲ့ အစည်း ခေါင်းဆောင်တွေ စိတ်ထဲမှာ သတ်မှတ်ထားတာတွေလည်း ရှိနေသေးတာ မြင်ရတယ် လို့လည်း သူ က ပြောပါတယ်။

“အရေးကြီးတဲ့ သတင်းတွေ နေပြည်တော်ကို သွားယူရမယ်ဆို ပေါ့ပေါ့ပါးပါး ယောကျာ်းလေးပဲ လွှတ်တာကောင်းပါတယ်။ တခုခုဆို ပိုလည်း မေးနိုင်တယ် ဆိုပြီး ဦးစားပေးတာမျိုးတွေ မြင်ရတယ်။ ဥပမာ- အရက် ကုမ္ပဏီက ပွဲ အတွက် သတင်းသွား ယူမယ်ဆိုရင်တောင် မိန်းကလေးက မသင့်တော်ပါဘူးဆိုတဲ့ စကားတွေထွက်လာသေးတယ်။ ပတ်ဝန်းကျင်က မိန်းကလေး တွေကို သဘောထားတဲ့ အမြင်တွေကို ကိုယ်တိုင်က ဖောက်ထွက်ဖို့လိုတယ်။ တချို့နေရာတွေမှာကျတော့ အဖွဲ့အစည်းနဲ့ လုပ်ဆောင်ရတာတွေရှိတော့ ကိုယ့်ခံစားချက်ကို စိတ်ထဲမှာပဲထားလိုက်ရတာတွေရှိတယ်”လို့ သူ က ဆိုတယ်။

သူက ဆက်ပြီး“အဲဒါကလည်း ဘာသာရေးလိုပဲ၊ အပြောင်းအလဲလုပ်ဖို့ ခက်ခဲတယ်။ မြို့ပေါ်က မိန်းကလေးတွေတောင် ဒီ လောက်ဖြစ်နေရင် နယ်မှာဆို ပိုဆိုးတာပေါ့။ လူမှုပတ်ဝန်းကျင်မှာ ကျင်လည်ပြီး ထုံးစံလိုဖြစ်နေတဲ့ အစဉ်အလာတွေကနေ ရုန်း ထွက်ဖို့လိုတယ်”လို့လည်း ပြောသေးတယ်။

တခြားနယ်ပယ်တွေမှာ ခွဲခြားမှုတွေ ဘယ်လိုရှိလဲ မသိပေမယ့် သူ လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာတော့ ခေါင်းဆောင်မှု၊ အတွင်း လုပ်ငန်းကိစ္စ အုပ်ချုပ်မှုတွေမှာ အမျိုးသားတွေကိုသာ နေရာပေးတာ တွေ့ရတယ်လို့ ရန်ကုန် အခြေစိုက် Myanmar Egress ၀န်ထမ်းတဦး က ပြောပြပါတယ်။

“အဓိက ခွဲခြားခံရတဲ့ ပြဿာနာက လစာမဟုတ်ဘူး။ ဥပမာ- အုပ်ချုပ်မှုပိုင်းမှာ အမျိုးသမီးနဲ့အမျိုးသား ယှဉ်လာရင် မန်နေဂျာ
အဆင့်မှာကအစ ယောကျာ်လေးကို ဦးစားပေးတာ။ မန်နေဂျာ အယောက်၂၀ မှာဆို အမျိုးသမီး ၁ ယောက် လောက်ပဲတွေ့ရ လိမ့်မယ်။ မိန်းကလေးတွေကလည်း ခွဲခြားမှုလို့အော်ပြီး တိုက်ကြတယ်။ ကျား၊ မ ပြဿနာလား၊ အရည်အချင်းလား၊ ယဉ်ကျေးမှုလား ခွဲရခက်”လို့ သူက ဆိုတယ်။

ယခင် ၁၀ စုနှစ်များနဲ့ နှိုင်းစာပါက Personal Level (မိသားစု အဆင့်) နဲ့ Communication Level (လှုမှုဆက်ဆံရေး အဆင့်) မှာ အမျိုးသမီးတွေ အခွင့်အရေးရရှိလာမှု တိုးတက်လာတယ်လို့ နာမည်ကျော် ရုပ်ရှင် အနုပညာရှင် အကယ်ဒမီ ဆွေဇင်ထိုက် က အခုလို ပြောပါတယ်။

“ခွဲခြားဆက်ဆံခံနေရတာတွေကို ပြောနေမယ်ဆိုရင်တော့ ဒီတိုင်းပြည်မှာ လုပ်လို့ရတာလည်း ရှိတယ်၊ လုပ်လို့ မရတာလည်း ရှိတယ်။ လုပ်လို့ မရတာကို ရိုးမယ်ဖွဲ့ မပြောတော့ဘူး။ လုပ်စရာတွေ အများကြီးရှိတယ်။ ဒီတော့ လုပ်နိုင်တာကို လုပ်နိုင်တဲ့ အ၀န်းဝိုင်းထဲကပဲ လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ ကျမတို့ ရှင်သန်ခဲ့တာ”လို့ သူက ဆိုတယ်။

အမျိုးသမီးတွေအနေနဲ့ လုပ်နိုင်တဲ့ အရည်အချင်းတွေရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရအောင်လုပ်ပြီး နိုင်ငံတကာ အဆင့် နဲ့ တကမ္ဘာလုံး အဆင့်အထိ သွားနိုင်အောင် လုပ်ဖို့ လိုတယ်လို့ ဒေါ်ဆွေဇင်ထိုက်က ဆက်ပြောပါသေးတယ်။

ဆရာမ နုနုရည်(အင်းဝ) ကတော့ အခုအခြေအနေမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာတွေရှိတယ်ဆိုတာ မသိကြသေးတော့ ဒီကနေ ကဏ္ဍတခုအနေနဲ့ ခွဲထွက်လာတဲ့ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်တာကိုတော့ အသိမရှိသေး ဘူးလို့ ပြောပါတယ်။

“၀န်ကြီးဌာန တော်တော်များများရဲ့ ဌာနမှူး ၊ လက်ထောက်ညွှန်ကြားရေးမှူး လို နေရာတွေမှာ များသောအားဖြင့် အမျိုးသား တွေ ဖြစ်နေတာ။ ဥပမာ- စစ်ဘက်နဲ့ ပတ်သက်တဲ့ ၀န်ကြီးဌာန တွေ ၊ ရုံးတွေမှာဆို ပိုသိသာတယ်။ အစိုးရ အဖွဲ့အစည်းကိုယ် တိုင်မှာကို က ဒီလို ခွဲခြားမှုတွေ ရှိနေသေးတယ်ဆိုရင် ကုမ္ပဏီ ပြင်ပအသိုင်းအ၀န်းမှာ ပိုဆိုးတာပေါ့”လို့ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ၀န်ထမ်း အမျိုးသမီး တဦးက ဆိုတယ်။

အဖွဲ့အစည်းရဲ့ အရေးကြီး ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ အမျိုးသားတွေရဲ့ဆုံးဖြတ်ချက်နဲ့ အကြံဉာဏ်တွေကိုပဲ အလေး ထားတာ ၊ အမျိုးသမီးတွေကို ထည့်သွင်းမဆွေးနွေးတာတွေ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေ တန်းတူ အခွင့်အရေး ရလာဖို့ဆိုတာ ကိုယ့်ရဲ့အရည်အချင်း၊ စိတ်ဓာတ်နဲ့ ရပ်တည်မှုတွေပေါ်မူ တည် နေတယ်လို့ ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြုသျှင်က အခုလို ပြောပါတယ်။

“ကိုယ့်ကိုယ်ကို မိန်းမတယောက်လို့ စိတ်ဖျောက်ပြီး ငါ့မှာ ယောယျာ်းတယောက်လို အရည်အချင်းရှိတယ် ဆိုပြီး တန်းတူ ရင်ပေါင်တန်း ရင်တော့ နေရာရပါတယ်။ ငါ မိန်းမပဲ မိန်းမဆိုတာ ငါယောကျာ်းတွေနောက်မှာပဲ နေရမယ်ဆိုပြီး သိမ်ငယ်စိတ်နဲ့ ရှေ့မတိုးရင်တော့ နေရာရမှာမဟုတ်ပါဘူး”လို့ ဒါရိုက်တာ ကြည်ဖြုသျှင်က ဆိုတယ်။

သူက ဆက်ပြီး“ရိုက်ကွင်းမှာဆို စက်အဖွဲ့ကအစ အကုန် ယောကျာ်းတွေကို အစ်မ အုပ်ချုပ်ရတာ။ အဲဒီအချိန်မှာ အစ်မ ကိုယ့် ကိုယ်ကိုယ် မိန်းမဆိုတာလည်း မေ့သွားတယ်။ မိန်းမ မဟုတ်တော့ဘူး၊ ခေါင်းဆောင်တယောက်ဖြစ်သွားတယ်။ အဲဒီ ယောကျာ်း တွေကလည်း အစ်မကို မိန်းမလို့ မမြင်တော့ဘူး။ သူတို့ရဲ့ခေါင်းဆောင်လို့ပဲ မြင်သွားတယ်။ အဓိက အစ်မပြောချင်တာ ဘယ်နေရာမဆိုပါပဲ။ ကိုယ့်ရဲ့စိတ်ဓာတ်၊ ရပ်တည်မှုရယ်ပေါ်မူတည်ပြီး ကိုယ့်ကို နေရာပေးကြမှာပဲ”လို့လည်း ပြောပါတယ်။

ယဉ်ကျေးမှု ၊ ဓလေ့ ထုံးတမ်းတွေအရ ဘာသာရေးနဲ့ ပတ်သက်ပြီး“ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်လို့ ဘုန်းကြီးနားမှာ မိန်းမ တယောက် နီးနီးနားနား ထိုင်နေတာ ကိုတော့ မကြိုက်ဘူး။ ဒီနေရာမှာလည်း ယောကျာ်းတွေမို့လို ရှေ့ထားတယ် မမြင်ဘူး။ ဘုန်းကြီးနဲ့ အနီးဆုံးက ယောကျာ်းတွေပဲ ရှိသင့်တယ်။ ယောကျာ်းပဲ ဖြစ်သင့်တယ်ထင်တယ်”လို့ ဒါရိုက်တာ ကြည်ဖြူသျှင် က
ပြောပြပါသေးတယ်။

စီးပွားရေး တက္ကသိုလ် ပါမောက္ခဟောင်း တဦးကတော့ အမျိုးသားတွေ အပေါ် အားကိုးချင်စိတ်က အမျိုးသမီးတွေကို နောက် ရောက် သွားစေသလို ၊ အခုအချိန်အထိ အရိုးစွဲလာတဲ့ အမျိုးသမီး ၊ အမျိုးသား ခွဲခြားမှု ထုံးတမ်းတွေကို ကျော်လွန်နိုဖို့ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ ပတ်ဝန်းကျင် ကို ဖောက်ထွက်နိုင်ဖို့ ကြိုးစားသင့်တာတွေ အပြင် ၊ ဖောက်ထွက် လာတဲ့ အမျိုးသမီးတွေကို လက်ခံပေးတဲ့ အသိုင်းအ၀န်း တွေလည်း ပိုမို လိုအပ်နေသေးတယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ကဏ္ဍပေါင်းစုံမှာအမျိုးသမီးတွေက ပမာဏအနည်းငယ်လောက် နေရာရလာနေတယ်ဆိုပေမယ့် မြန်မာ နိုင်ငံ အကျဉ်းထောင်တွေအသီးသီးမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ထဲမှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၁၇၀ ကျော်ရှိနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ အဆို အရ သိရပါတယ်။

Earthquake in Japan - 2

Earthquake in Japan

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,12th,2010

( 20 )သီးနှံဈေးကျ၍ မတ်ပဲ တောင်သူများအခက်ကြုံ

( 19 )ရခိုင် လက်နက်ကိုင်တပ်ဖွဲ့ကို မြန်မာစစ်တပ်က ဖြတ်လေးဖြတ် ပိတ်ဆို

( 18 )Progress is stifled by a stale debate

( 17 )ဒီမိုကရေစီဖော်ဆောင်ရေးမှာ အကြမ်းမဖက်နည်း လက်ကိုင်ထား

( 16 )နယ်စပ်မှ လွှတ်တော်ကိစ္စ NCUB အတွင်းရေးမှူး ဦးမောင်မောင် ရှင်းလင်းပြောကြား

( 15 )Ethical travel to Burma’s lost Eden

( 14 )ထိုင်း လေယာဉ်ခ ဈေးတက်မည်

( 13 )Renew Rapporteurs ’ Mandate, investigate Crimes Against Humanity in Burma and North Korea

( 12 )တန်ပို တင်ခွင့် ယာယီ ခွင့်ပြန်ပြု

( 11 )Quake in China kills 25, levels buildings

( 10 )အဖွဲ့ချုပ် ရပ်တည်ရေး လုံခြုံရေး ကောင်စီထံ တင်ပြမည်

( 9 )Myanmar to dredge major river, improve navigation

( 8 )အင်းလေးကန် ရေခန်းမှုနှင့် ထပ်မံကြုံနိုင်

( 7 )Burmese MPs Question, Get Stonewalled by Ministers

( 6 )စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အဆိုပြုချက် ထောက်ခံ ၂ နိုင်ငံ တိုး

( 5 )Burma activists have reformers to cultivate

( 4 )တရုတ်၊ မြန်မာ နယ်စပ် မြေငလျင်ကြောင့် အနည်းဆုံး ၂၄ ဦး သေဆုံး

( 3 )EU Commissioner Georgieva To Visit Burma Refugees In Thailand Camps

( 2 )လွှတ်တော်အမေးအဖြေ ကျေနပ်ဖွယ်မရှိ

( 1 )Burmese React to Japan Earthquake

M8.4 Earthquake and Tsunami hits Japan

TSUNAMI HITS JAPAN - 3-11-2011

Japan Earthquake: Tsunami Hits After 8.9 Quake

Friday, March 11, 2011

စစ်သား ၁၆ ဦး ကျဆုံးဟု KNLA ပြော

ကျော်ခ | သောကြာနေ့၊ မတ်လ ၁၁ ရက် ၂၀၁၁

ကရင်ပြည်နယ် ဝေါလေဒေသရှိ ဒေသခံ စစ်တပ်ထံ ရိက္ခာ၊ လက်နက်နှင့် တပ်သား လာပို့သည့် စစ်ယာဉ်တန်းကို ကရင်လွတ်မြောက် ရေးတပ်မတော် KNLA က ကြာသပတေးနေ့တွင် စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် စစ်အစိုးရတပ် စစ်သား ၁၆ ဦး ကျဆုံးကာ ၁၇ ဦး ဒဏ်ရာရသွားသည်ဟု KNLA က ပြောသည်။

ဝေါလေအခြေစိုက် ကနဲလေးနှင့် ဘုရင့်နောင် တပ်စခန်းများထံ လာရောက်သည့် စစ်ကား ၂၇ စီးနှင့် တပ်သား ၃ဝဝ ကျော် ပါဝင်သည့် ခမရ ၃၄၆ ၊ ၅၄၄ ၊ ခလရ ၃၁ဝ ၊ ၉၇ တို့ကို KNLA ၂ဝ၁ တပ်ခွဲ ၁ မှ ဗိုလ်ကြီးမြတ်ထူးနှင့် လုံခြုံရေးတပ်ခွဲမှ ဗိုလ်ကြီးစဲနာဟူး၏ တပ်ဖွဲ့ဝင် အင်အား ၇ဝ ခန့်ရှိ တပ်ခွဲ ၂ ခွဲက ကနဲလေး၊ ဝေါလေနှင့် ဘုရင့်နောင်အကြား လမ်းမကြီးပေါ်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သူတို့တပ်ရင်းတွေကို ရိက္ခာနဲ့ အားဖြည့်ဖို့ လာတာကို ကျနော်တို့က သတင်းကြိုရထားလို့ ပြောက်ကျားပုံစံနဲ့ ကြားကနေ ဖြတ်တိုက်တာ” ဟု ကရင်သူပုန်အဖွဲ့၏ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအခြေစိုက် တပ်ရင်း ၂ဝ၁ ဒု တပ်ရင်းမှူး ဗိုလ်မှူး ကြည်အောင်က မဇ္ဈိမကို ပြောသည်။

နယ်မြေကျွမ်းကျင်သည့် KNLA ပြောက်ကျားတပ်များက ယမန်နေ့ မနက်ပိုင်းမှစ၍ M 16 ၊ RPG နှင့် လက်ပစ်ဗုံးသီးများ အသုံးပြုကာ ညနေ ၆ နာရီခန့်ထိ ၃ ကြိမ် တိုက်ခိုက်ခဲ့ရာ၊ စစ်အစိုးရ တပ်များက လက်နက်ငယ်များအပြင် ၈ဝ-မမ နှင့် ၁၂ဝ-မမ မော်တာ လက်နက်ကြီးများပါ အသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့သည်။

“ကျနော်တို့ကတော့ နယ်မြေအရ ကျွမ်းကျင်တော့ ပစ်မှတ်ကောင်း ရှာစောင့်ပြီး ပစ်တော့ သူတို့ဘက်က ထိကုန်တာပေါ့။ နောက်ပိုင်း သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တော့ ရှောင်ပြေးရတာပေါ့။ ကျနော်တို့ဘက်က ထိခိုက်မှု မရှိပါဘူး” ဟု ဗိုလ်မှူးကြည်အောင်က ပြောသည်။ တိုက်ပွဲဖြစ်ရာ၌ပင် စစ်ကားများ ရပ်နားကာ ရှေ့ဆက်မတက်နိုင်ဘဲ ဖြစ်နေသဖြင့် ယနေ့တွင် တိုက်ပွဲများ ဆက်ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။

သို့သော် တိုက်ပွဲဖြစ်ပွားမှုနှင့် ကျဆုံးမှုအပေါ် သီးခြားအတည်ပြုချက်မရနိုင်ပါ။

ပြီးခဲ့သည့်နှစ်ထဲတွင် KNU ပိုင် တပ်မဟာ ၇ ခုအတွင်း စစ်အစိုးရတပ်နှင့် တိုက်ပွဲပေါင်း ၁ဝ၈၃ ပွဲ ဖြစ်ပွားခဲ့သည့်အနက် စစ်တပ်မှ ၆၁၈ ဦး ကျဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၃ဝ၄ ဦး၊ အသက်ရှင်လျက် ဖမ်းမိသူ ၁၆ ဦး ရှိခဲ့ပြီး ယင်းတိုက်ပွဲများထဲတွင် KNU ဘက်မှ ၉ ဦး ကျဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့ကြောင်း ၂ဝ၁ဝ ခုနှစ် နှစ်ချုပ် အစီရင်ခံစာက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU က ၎င်းတို့နယ်မြေများအတွင်း မြေမြှုပ်မိုင်းများ အသုံးပြု၍ တိုက်ခိုက်မှုများ ရှိသလို အရပ်သားအသွင်ဖြင့် ပြောက်ကျားစနစ် အသုံးပြုတိုက်ခိုက်ပြီး နယ်မြေကျွမ်းကျင်မှုကြောင့် ထိခိုက်ကျဆုံးမှု နည်းကြောင်း လက်နက်ကိုင်တပ် KNLA က သုံးသပ်သည်။

တိုက်ပွဲများ ဖြစ်နေသည့် ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၌လည်း ယခုဖြေဆိုနေသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးလျှင် စစ်အစိုးရတပ်များနှင့် ကရင်လက်နက်ကိုင်တပ်များအကြား မြို့ပေါ်တိုက်ပွဲများ ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းချက်များ ပေါ်ထွက်နေသည်။

“စီးပွားရေးလမ်းတွေကလည်း ပိတ်ထားတယ်။ မြို့ပေါ်မှာကလည်း ဗုံးခဏခဏ ကွဲနေတော့။ စီးပွားရေးကတော့ ခြောက်ကပ်နေပြီလေ။ ဒီကြားထဲ ကျောင်းတွေပြီးရင် မြို့ပေါ်မှာ တိုက်ပွဲဖြစ်မယ်လို့ ကြားနေကြတော့ တချို့ကုန်သည်တွေက ကော့သောင်းဘက် ပြောင်းကုန်တယ်။ အခုလည်း ဒီမှာ ဘာစီးပွားမှ ရှာလို့မကောင်းတော့ဘူး” ဟု မြဝတီတွင် အလှပြင်ဆိုင် ဖွင့်ထားသူ တဦးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရက ၂ဝ၁ဝ နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပခဲ့ပြီး၊ နောက်တနေ့တွင် မြဝတီနှင့် ဘုရားသုံးဆူ၌ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသေအပျောက်များ ရှိခဲ့သည်။

ထိုသို့သော မြို့ပေါ်တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် မြဝတီမြို့ခံ ငွေကြေးအဆင်ပြေသူအချို့မှာ အိမ်အောက်၌ မြေကတုတ်ကျင်း တူးသူများရှိသလို၊ မြို့မတည်ငြိမ်မှုကြောင့် ရွှေ့ပြောင်းထွက်ခွါသွားကြသူများ ရှိသည်ဟု မြို့ခံများက ပြောသည်။

ဒီမိုကရက်တစ် အမတ်များ ဆွေးနွေးချက် ဆင်ဆာဖြတ်

ခင်ဦးသာ Friday, 11 March 2011

လတ်တလော ကျင်းပနေသော လွှတ်တော် အစည်းအဝေးများတွင် ဒီမိုကရက်တစ် လွှတ်တော် အမတ်များ၏ ပြောဆို ဆွေးနွေးမှုများကို ဆင်ဆာဖြတ်၍ စစ်အစိုးရ သတင်းစာများက ဖော်ပြကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

ကျနော်တို့ ပြောတာတွေက ၁၀ ရာခိုင်နှုန်းလောက်ပဲ သတင်းစာမှာ ဖော်ပြတာတွေ့တယ်၊ ပြည်သူတွေကတော့ ကျနော်တို့ပြောတာတွေကို ဖတ်ပြီး ဟားနေကြမှာ သေချာတယ်”ဟု ဆင်ဆာဖြတ်ခံရသူ ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောသည်။

ဒီမိုကရက်တစ် ကိုယ်စားလှယ်များ၏ အပြန်အလှန်ပြောဆိုဆွေးနွေးမှုများကို ဆင်ဆာဖြတ်ခံရသော်လည်း ပြန်လည်ဖြေဆိုသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၏ ကိုယ်စားလှယ်(၀န်ကြီး)များ၏ ပြောဆိုမှုကိုမူ အပြည့်အစုံ ဖော်ပြပေးထားသည်ဟု ဆိုကြသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ ကိုယ်စားလှယ်များသည် ဂီရိလေဘေးဒုက္ခသည်များနှင့် ပတ်သက်၍ လို အပ်ချက်များ၊ ပံ့ပိုးမှုများ အများအပြား လိုအပ်နေသေးကြောင်းကို ဆွေးနွေးခဲ့သော်လည်း သတင်းစာတွင် ရေးသားထားခြင်း မတွေ့ရဘဲ ဖြေဆိုသူ ကြံ့ဖွံ့ဝန်ကြီး ဦးမောင်မောင်ဆွေ၏ ဖြေဆိုချက်များကိုသာ အပြည့်အစုံ ရေးသားထားကြောင်း RNDP ကိုယ်စားလှယ် တဦးက ရှင်းပြသည်။

“ဥပမာ ဆန်အိတ် ၃၀ လောက်လိုနေတာ ၂ အိတ်လောက်ပဲ အထောက်အပံ့ရသေးတယ် ဆိုတဲ့ ဆွေးနွေးမှုကို လုံးဝရေးထား တာ မတွေ့ရပေမယ့် ၀န်ကြီးပြောတဲ့ ထောက်ပံ့ပစ္စည်းတွေကိုတော့ အတိအကျ ဖော်ပြထားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပြုလွှာများ၊ မေးခွန်းများကို ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များက ဆက်တိုက်ပယ်ချ နေသည်ဟုလည်း သိရသည်။

ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုပြုလွှာများကို သက်ဆိုင်ရာဝန်ကြီးများက ဌာနအလိုက် ၎င်းတို့ပြုစု ထားသော အချက်အလက်များဖြင့် တုံ့ပြန်ပြောဆိုသွားသည်ကို စစ်အစိုးရ၏ သတင်းစာများ၌ ရေးသားထားသည်။

အဆိုပြုလွှာ တင်သွင်းသော ကိုယ်စားလှယ်များ၏ အချက်အလက် အထောက်အထားဖြင့် ပြန်လည် ဆွေးနွေးထောက်ပြခြင်း များကို အပြည့်အစုံမဖော်ပြဘဲ ဖြုတ်ထားခဲ့ပြီး ၀န်ကြီးများ၏ ဖြေဆိုမှု အပြည့်အစုံနှင့် အဆိုပြုလွှာကို ပြန်လည်ရုပ်သိမ်းကြောင်း သာ သတင်းစာများတွင် ဖော်ပြထားသည်။

နမ့်ခမ်း မဲဆန္ဒနယ်မှ ဒေါက်တာစိုင်းကျော်အုံး၏ “၀င်ငွေနည်းပြည်သူများအတွက် ဆေးကုသခွင့်အာမခံချက်ရှိသော အမျိုးသား ကျန်းမာရေးစနစ် တခုထူထောင်ရန်” အဆိုပြုလွှာကို ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့်က မြန်မာနိုင်ငံ၌ စရိတ် မျှပေး ကျန်းမာရေး ဆိုင်းဘုတ်ချိတ်၍ ငွေကြေး ချို့တဲ့သူများအတွက်သာမက ငွေကြေး တတ်နိုင်သူများကိုပါ အခမဲ့ ကုသပေးနေခြင်း များရှိသည်ဟုဆိုကာ ပယ်ချခဲ့ကြောင်း သိရသည်။

နိုင်ငံ့ဥသျှောင်ဥက္ကဋ္ဌ စစ်တပ်ကို တိုက်ရိုက်အုပ်ချုပ်မည်

ဧရာဝတီ Friday, 11 March 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံ့ဥသျှောင်အဖွဲ့၏ ဥက္ကဋ္ဌရာထူးဖြင့် တပ်မတော်ကို တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးသော နိုင်ငံ့ဥသျှောင် အဖွဲ့၏ ညွှန်ကြားမှု အောက်တွင်သာ စစ်တပ်ကို ကြီးကြပ်ကွပ်ကဲ ရမည်ဖြစ်ကြောင်း၊ အရေးပါပြီး အဓိကကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းက ပြောဆိုကြသည်။

“အဓိကကျတဲ့ တပ်တွင်းရာထူး တိုးပေးတာ၊ လက်နက်ဝယ်တာ၊ နျူကလီးယားစီမံကိန်းနဲ့ တခြားအရေးကြီးတဲ့ ကာကွယ်ရေး ဆိုင်ရာကိစ္စ တော်တော်များများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုက်ရိုက်ကိုင်တွယ်မယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကတော့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးနဲ့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ၊ စစ်ရေးပြပွဲတွေလောက်မှာပဲ မိန့်ခွန်း ပြောတာမျိုး လုပ်ရမယ်။ ဘယ်ကိစ္စမဆို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုက်ရိုက်ညွှန်ကြားမှုကိုပဲ ခံယူရမယ်” ဟု နေပြည်တော်မှ စစ်တပ် အရာရှိကြီး တဦးက ဆိုသည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို လွှဲပြောင်းပေးမည် ဖြစ်သော်လည်း စစ်တပ်မှ အငြိမ်းစားယူခြင်း မဟုတ်ဘဲ နိုင်ငံ့ဥသျှောင်အဖွဲ့ အကြီးအကဲနေရာတွင် ဗိုလ်ချုပ်မှူးကြီး ရာထူးဖြင့် ဆက်လက် ချုပ်ကိုင် ထားမည်ဖြစ်ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည်လည်း လက်ရှိရာထူး တာဝန်ဖြင့်ပင် ဥသျှောင် အဖွဲ့၌ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရပ်ကွက်က ပြောသည်။

လက်ရှိအချိန်တွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ် ရာထူးတာဝန်တချို့ကို လွှဲပြောင်း ရယူ လုပ်ကိုင်နေပြီဖြစ်ပြီး နိုင်ငံ့ဥသျှောင်အဖွဲ့ဝင် အဖြစ်လည်း ပါဝင် လုပ်ကိုင်နေရကြောင်း သိရသည်။

နိုင်ငံတော်သမ္မတအဖြစ် အရွေးချယ် ခံထားရသော ဦးသိန်းစိန်သည်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ၎င်းဦးဆောင်သော အစိုးရသစ်သို့ အာဏာလွှဲပြောင်း ပေးပြီးပါက နိုင်ငံတော် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လစဉ်အစီရင်ခံ တင်ပြရမည်ဟု သတင်းရရှိသည်။

“ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို လူတွေအများကြီးခွဲပြီး အုပ်ချုပ်ခိုင်းထားပေမယ့် သူကပဲ ထိပ်ဆုံးကနေ ချုပ်ကိုင် ထားတယ်။ သမ္မတကလည်း ငါသမ္မတပဲဆိုပြီး လုပ်ချင်ရာလုပ်လို့ မရဘူး။ ကာကွယ်ရေး ဦးစီးချုပ်ကလည်း ငါ ကာကွယ်ရေး ဦးစီးချုပ်ဆိုပြီး လုပ်လို့မရဘူး။ အကုန်လုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေတယ်” ဟု နေပြည်တော် စစ်ဘက်ဝန်ထမ်းက ဆိုသည်။

နိုင်ငံ့ဥသျှောင်အဖွဲ့သည် စစ်အစိုးရ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခြင်းမရှိသော အဖွဲ့အစည်း တခုဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အမျိုးသားထောက်လှမ်းရေး အဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းပြီး အမျိုးသား ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲတဦး ခန့်အပ်ကာ နိုင်ငံ့ဥသျှောင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဟု သိရှိရသည်။

နေပြည်တော်အခြေစိုက် စစ်ဘက်ဆိုင်ရာ သတင်းများအရ တပ်မတော်တွင် အမြင့်ဆုံးရာထူးအဖြစ် ဗိုလ်ချုပ်ကြီး ရာထူးကိုသာ ထားရှိတော့မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးမှလွဲ၍ ဗိုလ်ချုပ်မှူးကြီးရာထူးကို မည်သည့် စစ်အရာရှိကိုမှ ပေးအပ်မည်မဟုတ်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအဝန်းက ပြောသည်။

မြန်မာဘက်သို့ ပို့မည့် လက်နက်များ ထပ်မိ

သန်းထိုက်ဦး Friday, 11 March 2011

ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၁ ဦးကို လက်နက်များနှင့်အတူ ထိုင်း-မြန်မာ နယ်စပ်တွင် ယနေ့ ဖမ်းဆီး လိုက်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့မှ ချင်းစန်မြို့သို့သွားရာ ကားလမ်းမဘေးရှိ ဟိုတယ်တခုတွင် တည်းခိုနေသော ဒေသခံ ထိုင်းနိုင်ငံသား ၁ ဦးကို ထိုင်းရဲများက သတင်းအရ ၀င်ရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ထိုင်းသတင်းဌာန တခုဖြစ်သော မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သက်သေခံ ပစ္စည်းများအဖြစ် လက်နက်ကြီး ကျည်ဆန် ၆၇ ခုနှင့် M-16 သေနတ် ကျည်ဆန် ၄ ဖာ တို့ကို သိမ်းဆည်း ရမိကြောင်း ယင်းသတင်းက ဆိုသည်။

အဖမ်းခံရသူ၏ ထွက်ဆိုချက်အရ လက်နက်များကို တာချီလိတ်မြို့နယ်ရှိ အမည်မသိ လူတဦးအား ပို့ပေးရန် ဖြစ်ကြောင်း၊ ယခု လက်နက် ပစ္စည်းများကို မူးယစ်းဆေးဝါးနှင့် လဲလှယ်ရန် ဟိုတယ်၌ ဖုန်းစောင့်နေခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်း၌လည်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အတွက် လက်နက် ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့် အတူ ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

ထိုစဉ်က သက်သေခံ ပစ္စည်းများအဖြစ် ရောင်းချထားပြီးသား ၉ မမ ပစ္စတို သေတ္တာ ၅၆ သေတ္တာ၊ သေနတ်ပြောင်းရှည် ၂ လက်နှင့် M 60 သေနတ်ကျည်ဆန် အတောင့် ၂၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

ခေါ်ဇာမြို့နယ်ခွဲတွင် ပထမအကြိမ် ဗုံးပေါက်

ဂျူရီချိုင်း

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါ်ဇာမြို့နယ်ခွဲတွင် မတ်လ ၉ ရက်နေ့ ည သန်းခေါင်းယံအချိန်၌ ပထမအကြိမ်အဖြစ် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ် ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဗုံးပေါက်ကွဲမှုမှာ နှစ်စဉ်ကျင်းပလေ့ရှိသည့် ဘုရားပွဲကျင်းပသောကွင်းပြင်တွင် ပေါက်ကွဲသွားခဲ့သည်။ ၄င်းနေရာသည် မြန်မာဇာတ်သဘင်ပွဲ အနောက်ဘက် ၂၆ ပေအကွာခန့်တွင် ပေါက်ကွဲခဲ့သဖြင့် ပွဲကြည်ပရိသတ်များနှင့် ရုတ်ရုတ် သဲသဲဖြစ် သွားခဲ့ကြောင်း မျက်မြင်သက်သေအမျိုးသမီးတစ်ဦးက ပြောသည်။

“ဟုတ်တယ် ဗုံးပေါက်တယ် လူတော့မထိဘူး။ တကယ်လို့ ဇာတ်သဘင်ပွဲအရှေ့မှာ သွားပေါက်ခဲ့ရင် သေကြမှာ ဘုရားပွဲကလည်း တစ်ညနဲ့ပဲပြီးသွားတယ်” ဟု မျက်မြင်သူက ပြောသည်။ ပေါက်ကွဲမှုအတွင်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။


၎င်းခေါ်ဇာမြို့အတွင်းရှိစေတီတော်အား နှစ်စဉ်နှစ်တိုင်း သုံးညဆက်တိုက် ဘုရားပွဲကျင်းပနေလေ့ရှိသော်လည် ယခုဗုံးပေါက်ကွဲမှုကြောင့် ကျန်ရှိသောညများကို စစ်အစိုးရမှ ဖျော်ဖြေခွင့်မပြုပေ။

ပေါက်ကွဲခဲ့သည့်ဗုံးမှာ မည်သည့်အဖွဲ့အစည်းမှလာသော ဗုံးအမျိုးအစားဖြစ်သည်ကို မသိရှိသေးကြောင်း ၎င်းဗုံးသည် ဆွဲမိုင်းဗုံးအမျိုးအစားမဟုတ်ဘဲ အဝေးပစ်ဗုံး အမျိုး အစားသာဖြစ်ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ခေါ်ဇာမြို့တွင် တာဝန်ကျနေသော မြန်မာစစ်အစိုးရ တပ်နှင့် ရဲအဖွဲ့အစည်းတို့က ၁၅ မိနစ်အတွင်း လက်နက်ကြီးငယ်များဖြင့် အပေါ်သို့ မြှောက်ပစ်ခဲ့ကြောင်း မျက်မြင်အမျိုးသမီးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုအား မည်သည့်အဖွဲ့အစည်းမှ ဖောက်ခွဲသည်ကိုလည်း စုံစမ်း၍ မရသေးကြောင်း အာဏာပိုင်နှင့် နီးစပ်သည့် အမျိုးသမီးမြို့ခံတစ်ဦးက ပြောသည်။

ရေးမြို့နယ် တောင်ပိုင်းဒေသတွင် မွန်ခွဲထွက်အဖွဲ့အစည်းများမှ နိုင်ပန်ဦးစီးသည့် အဖွဲ့နှင့် နိုင်ချမ်းဒိန်းဦးစီးသောတပ်ဖွဲ့များက စစ်ရေးလှုပ်ရှားနေသဖြင့် စစ်အစိုးရတပ်နှင့် တိုက်ပွဲမကြာမဏဖြစ်ပွားမှုနှင့် တခါတလေ ပြန်ပေးဆွဲမှုမျိုးလည်းကြုံတွေ့ နေရသည့် အတွက် ဒေသအတွင်းနေထိုင်သည့်ပြည်သူများ သွားလာရေး၊ နေထိုင်ရေး အေးချမ်း သာယာရေး မရှိကြောင်း အာဏာပိုင်နှင့် နီးစပ်သည့်အမျိုးသမီးမြို့ခံက ပြောသည်။

စစ်အစိုးရ ကျောက်မျက်ဝင်ငွေ သုံးစွဲမှု မရှင်းလင်း

နရီလင်းလက် Friday, 11 March 2011


စစ်အစိုးရ၏ ၀င်ငွေအလုံးအရင်း ရသောလုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီ ရရှိသည့် ကျောက်မျက်ရတနာ ပြပွဲသည် တခု အပါအ၀င် ဖြစ်သော်လည်း အဆိုပါ ငွေများသုံးစွဲမှုကို အာဏာပိုင်များက ရှင်းလင်းစွာ ဖော်ပြခြင်း မရှိခဲ့ပေ။

ယခုလည်း ယမန်နေ့ကစတင်ပြီး မတ် ၂၂ ရက်အထိ ၄၈ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိ ရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပနေသည်။

ယင်းပြပွဲသို့ နိုင်ငံပေါင်း၂၀ မှ နိုင်ငံခြားသား ကုန်သည်များနှင့် ပြည်တွင်း ရတနာကုန်သည် ၇၀၀၀ ခန့် တက်ရောက်ခဲ့ပြီး ကျောက်စိမ်း အတွဲပေါင်း ၁၆၉၃၉ ခန့်၊ ကျောက်မျက်တွဲပေါင်း၂၀၆ တွဲနှင့် ပုလဲအတွဲ ၂၅၅ တွဲ ခင်းကျင်းပြသထားသည်ဟု သတ္တုတွင်းဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။ ပြပွဲ၌ ကျောက်မျက်ရတနာများကို အမေရိကန်ဒေါ်လာဖြင့် မရောင်းချဘဲ ယူရိုငွေဖြင့် သာရောင်းချခြင်းဖြစ်သော်လည်း ပမာဏ မည်မျှ ရောင်းချရမည်ကို မသိရှိရသေးပေ။

ယမန်နှစ် နိုဝင်ဘာလအတွင်းက ကျင်းပသွားသည့် ကျောက်မျက်ရတနာ ပြပွဲတွင် အမေရိကန် ဒေါ်လာ ၁.၄၄ ဘီလီယံ (ကျပ်သန်းပေါင်း ၁,၄၀၀,၀၀၀)ခန့် ရောင်းချခဲ့ရပြီး ယင်းပမာဏသည် ကျောက်မျက်ရတနာပြပွဲ သက်တမ်းတလျှောက် ပထမ ဆုံး အကြိမ် အများဆုံးစံချိန်တင် ရောင်းချရမှုဖြစ်ကြောင်း သတ္တုတွင်း ၀န်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။

“ပြီးခဲ့တဲ့ ပြပွဲနဲ့ ယှဉ်ရင်တော့ ကျောက်စိမ်းဈေးကွက်မှာ ပြည်ပဧည့်သည် ဘယ်လောက် လာနိုင်မယ်ဆိုတာ အာဏာပိုင်တွေက ခန့်မှန်းပြီး ကျောက်စိမ်းနဲ့ ပုလဲတွဲတွေကို များများတိုး ပြသ ရောင်းချထားတယ်။ ကျောက်စိမ်းတွဲ ထွက်နှုန်း ပိုများနေတော့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေ ဖွဲ့ထားတဲ့ ကျောက်မျက်အသင်းက ၀င်ငွေပို တိုးတာပေါ့”ဟု ရန်ကုန်မြို့ ဗိုလ်ချုပ် ဈေးရှိ ရတနာဆိုင်ရှင် တဦးက ဆိုသည်။

ကျောက်စိမ်း ဈေးကွက်တွင် အဓိက ၀ယ်လိုအားဖြစ်သော တရုတ်ကုန်သည်များ လာရောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အာဏာ ပိုင်များက ယခုပြပွဲမကျင်းပမီ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ စင်းလုံးငှားလေယာဉ် ၁၆ စီးကို စီစဉ်ပေးခဲ့သည်ဟု ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် ကျန်းမာရေး ဆေးခန်းငယ်တခု ဖွင့်လှစ်ပေးထားကာ အထူးကုဆရာဝန်များ ကြည့်ရှု့ပေးခြင်း၊ စုံစမ်းရေး ကောင်တာ များ ဖွင့်လှစ်၍ ဘာသာပြန်များ ထားရှိပေးခြင်း ၊ ပါရမီ တက္ကစီကား ၁၅၀ ကျော် ထားရှိပေးခြင်းနှင့် ရတနာ ကုန်သည်များ စားသောက်နေထိုင်ရေး၊ အင်တာနက် ဆက်သွယ်ရေးများ အဆင်ပြေရန် စသည်တို့ကို စီစဉ်ပေးထားကြောင်း သိရသည်။

ယခုပြပွဲကို အတွင်းရေးမှူး(၁) သီဟ သူရ ဦးတင်အောင်မြင့်ဦး ဖွင့်လှစ်ပေးခဲ့ပြီး မတ်လ ၈ ရက်နေ့ က ပြုလုပ်သည့် ပြပွဲ အကြို ခင်းကျင်းပြသမှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ ၎င်းတို့နှင့်နီးစပ်သည့် လုပ်ငန်းရှင်များဖြစ်သော မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင် များအသင်း နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဌ ဦးတေဇတို့ တက်ရောက်ကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

ကျောက်မျက်ရတနာပြပွဲကို ယခင် ၁ နှစ်၂ ကြိမ် ကျင်းပခဲ့ရာမှ ယခု ၃ လ တကြိမ် ကျင်းပမည်ဟု သိရပြီး ယခု ကျင်းပ သည့် ကျောက်မျက်ပြပွဲသည် နေပြည်တော်တွင် ဒုတိယ အကြိမ်မြောက်ဖြစ်သည်။

ကျင်းပလျက်ရှိသည့် ကျောက်မျက်ရတနာပြပွဲတွင် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်နှင့် ဦးတေဇပိုင် ကျောက်မျက် ရတနာ ကုမ္ပဏီများ ပါဝင်ပြသထားပြီး မြန်မာနိုင်ငံရှိ ကျောက်မျက်ရတနာ ထွက်ရှိရာ ဒေသများတွင် ၎င်းတို့ပိုင် ကုမ္ပဏီများမှ ကျောက် မျက် တူးဖော်ခွင့်များလည်း ရရှိထားသည်ဟု မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းနှင့် နီးစပ်သူများထံမှ သိရသည်။

ထို့အပြင် ပတ္တမြားနဂါးနှင့် ကျောက်စိမ်းနဂါး ကုမ္ပဏီ လီမိတက်၊ ပအိုဝ်း အမျိုးသားအဖွဲ့မှ တည်ထောင်ထားသည့် Jade Dragon Gems ကုမ္ပဏီ လီမိတက်၊ မြန်မာစည်သူ ကုမ္ပဏီ၊ ရွှေဂုဏ်ဂုဏ် ကျောက်မျက်ရတနာ လီမိတက်၊ Jind Po Aung Jade and Gems၊ ရတနာတောင်တန်း ကုမ္ပဏီ လီမိတက်၊ Khun PaO Gems ကုမ္ပဏီ လီမိတက် တို့က တူးဖော်လုပ်ပိုင်ခွင့်ရ ထားသည်။

လက်ရှိ နေပြည်တော်တွင် တည်ဆောက်မည့် ကျောက်စိမ်းသိုလှောင်ရုံများကို ဦးဇော်ဇော်ပိုင် မက်စ်မြန်မာ ကုမ္ပဏီ၊ ဦးတေဇ ပိုင် ထူးထရေးဒင်း ကုမ္ပဏီနှင့် တခြား ဆောက်လုပ်ရေး ကုမ္ပဏီ ၂ ခုက ဆောက်လုပ်ခွင့် ရရှိထားသည်။

သတ္တုတွင်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကျောက်စိမ်းထုတ်လုပ်မှုပမာဏမှာ နှစ်စဉ်တိုးတက် လာနေသောကြောင့် ၂၀၀၅ ခုနှစ်က ကျောက်စိမ်းရောင်းရငွေ အမေရိကန်ဒေါ်လာ ၁၉၈ သန်းကျော် ရရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၇၀၀ ကျော်အထိ ၀င်ငွေများ တိုးတက်လာသည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်ကျောက်စိမ်းထုတ်ယူမှု စာရင်းအရ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် တန်ချိန် ၃၂၀၀၀ အထိ စံချိန်တင် ထုတ်ယူခဲ့

ပြီး ဒုတိယ အများဆုံးမှာ ၂၀၀၉-၂၀၁၀ ဖြစ်၍ တန်ချိန် ၂၅၀၀၀၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ကျောက်စိမ်း တန်ချိန်ပေါင်း ၂၂၀၀၀ ကျော် ထုတ်ယူခဲ့သည်ဟု သတ္တုတွင်း ၀န်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ကုန်များနှင့် ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုများ ရှိသည်ဆိုသော်လည်း အနီးစပ်ဆုံး အိမ်နီးချင်း တရုတ် ကုန်သည် များထံသို့ ရောက်ရှိနေသည့် မြန်မာ့ကျောက်စိမ်းသည် မရေတွက်နိုင်လောက်သည့် ပမာဏတွင် ရှိနေသည်။

အမေရိကန်နိုင်ငံက သမ္မတဟောင်း ဂျော့ ဘုရှ် လက်ထက် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများနှင့် လွှတ်တော်အမတ် တွမ် လန်းတို့စ် ၏ Tom Lantos Block Burmese JADE (Junta’s Anti-Democratic Efforts) Act 2008 ဥပဒေ (စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေးလုပ်ရပ်များ အပေါ် အရေးယူသည့် ဥပဒေ) အရ စစ်အစိုးရ ခေါင်းဆောင်များ၊ ၎င်းတို့နှင့် အကျိုးတူစီးပွားဖက်များကို တိုက်ရိုက်ဒဏ်ခတ် အရေးယူမှုများ ချမှတ်ထားသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု ထပ်မံ သက်တမ်းတိုးရန် အမေရိကန် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို သမ္မတ အိုဘား မားကလည်း ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် အတည်ပြု လက်မှတ်ရေးထိုးထားသည်။

နိုင်ငံတကာ အဂတိ လိုက်စားမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့(TI) ၏ ၂၀၁၀ ပြည့်နှစ်အတွင်း နိုင်ငံပေါင်း ၁၇၈ နိုင်ငံကို ပြုလုပ်သည့် စစ်တမ်းအရ မြန်မာ နိုင်ငံသည် ဒုတိယ အဂတိလိုက်စားမှု အများဆုံးဖြစ်ကြောင်း သိရသည်။

Major tsunami hits Japan after massive quake

TOKYO: A massive 8.9-magnitude earthquake hit Japan on Friday, unleashing a monster 10-metre high tsunami that sent ships crashing into the shore and carried cars through the streets of coastal towns.

Many injuries were reported from Pacific coastal areas of the main Honshu island and the capital Tokyo, police said, while TV footage showed widespread flooding in the area. One person was confirmed dead.

A powerful 10-metre (33 feet) wall of water was reported in Sendai in northeastern Miyagi prefecture, media reported after a four-metre wave hit the coast earlier.

Helicopter footage showed massive inundation in northern coastal towns, where floods of black water sent shipping containers, cars and debris crashing through towns

Mud waves were shown racing upstream along the Natori river in Sendai city, blanketing farm fields.

In the capital, where millions evacuated strongly swaying buildings, multiple injuries were reported when the roof of a hall collapsed during a graduation ceremony, police said.

Plumes of smoke rose from at least 10 locations in city, where four million homes suffered power outages. Port areas were flooded, including the carpark of Tokyo Disneyland.

The first quake struck just under 400 kilometres (250 miles) northeast of Tokyo, the US Geological Survey said. It was followed by several aftershocks, one as strong as 7.1.

"We were shaken so strongly for a while that we needed to hold on to something in order not to fall," said an official at the local government of the hardest-hit city of Kurihara in Miyagi prefecture.

"We couldn't escape the building immediately because the tremors continued... City officials are now outside, collecting information on damage," she told AFP by telephone.

Prime Minister Naoto Kan quickly assembled his cabinet after the quake hit, and the government quickly dispatched naval vessels from near Tokyo to the worst-hit northeastern area of Miyagi.

The quake, which hit at 14:46 pm (0546 GMT) and lasted about two minutes, strongly rattled buildings in greater Tokyo, the world's largest urban area and home to some 30 million people.

At least 10 fires were reported in Tokyo, where the subway system stopped, sirens wailed and people streamed out of buildings.

Japan sits on the "Pacific Ring of Fire", which is dotted with volcanoes, and Tokyo is situated in one of its most dangerous areas.

A tsunami warning was issued for Japan, Taiwan, Russia and the Mariana Islands, the Pacific Tsunami Warning Centre said.

"An earthquake of this size has the potential to generate a destructive tsunami that can strike coastlines near the epicentre within minutes and more distant coastlines within hours," the centre said in a statement.

It also put the territories of Guam, the Philippines, the Marshall Islands, Indonesia, Papua New Guinea, Nauru, Micronesia and Hawaii under a lower tsunami watch. Indonesia issued its own tsunami warning.

The quake sent the Nikkei share index plunging at the close while the yen fell sharply against the US dollar.

The mega-city of Tokyo sits on the intersection of three continental plates -- the Eurasian, Pacific and Philippine Sea plates -- which are slowly grinding against each other, building up enormous seismic pressure.

The government's Earthquake Research Committee has warned of a 70 per cent chance that a great, magnitude-eight quake will strike within the next 30 years in the Kanto plains, home to Tokyo's vast urban sprawl.

The last time a "Big One" hit Tokyo was in 1923, when the Great Kanto Earthquake claimed more than 140,000 lives, many of them in fires. In 1855, the Ansei Edo quake also devastated the city.

In 1995, the Kobe earthquake killed more then 6,400 people.

More than 220,000 people were killed when a 9.1-magnitude quake hit off Indonesia in 2004, unleashing a massive tsunami that devastated coastlines in countries around the Indian Ocean as far away as Africa.

Small quakes are felt every day somewhere in Japan and people take part in regular drills at schools and workplaces to prepare for a calamity.

Nuclear power plants and bullet trains are designed to automatically shut down when the earth rumbles and many buildings have been quake-proofed with steel and ferro-concrete at great cost in recent decades.

အရပ်သားများကို စစ်တပ်က ထိုးကြိတ်မူကြောင့် ကျောက်တော်တွင် အနည်းဆုံး လူနှစ်ဦး ဆေးရုံတင်ခဲ့ရ

နိရဉ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် စကခ ၉ မှ စစ်သားများ မြို့တွင်းသို့ ၀င်ရောက်ပြီး အရပ်သားများကို ထိုးကြိတ် မူကြောင့် အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲမှ ၂ ဦးကို ဆေးရုံတင်ခဲ့ရကြောင်း သတင်း ရရှိသည်။

ကျောက်တော်မြို့ခံ တစ်ဦးက ဖြစ်ပွားပုံကို ယခုကဲ့သို့ ပြောကြားသည်။

“ ဖြစ်တာက မတ်လ ၇ ရက်နေ့ ညနေ ၈ နာရီနဲ့ ၉ နာရီ အကြား ဖြစ်တာပါ။ စကခ ၉က ဗိုလ်ကြီး ကျော်ကျော်အောင် ဦးဆောင်တဲ့ အရာရှိ တပ်သား ၉ ဦးခန့်ဟာ စစ်ယူနီဖေါင်းတွေ ၀တ်ဆင်ပြီး အရာရှိတွေ စီးတဲ့ကားနဲ့ မြို့ထဲကို ၀င်ရောက်လာပြီး တွေ့တဲ့သူကို ထိုးကြိတ်သွားတာပါဘဲ။ ဒဏ်ရာ ပြင်းထန်တဲ့ အတွက် ရွှေကံ့ကော် ကားဝင်းထဲက ဒရိုင်ဘာ တစ်ဦးနဲ့ စပယ်ယာကို ဆေးရုံတင် လိုက်ရပါတယ်” ဟု ပြောသည်။

မြို့ခံများ၏ အပြောအရ စကခ ၉ မှ ကျောက်တော်တွင် ဖွင့်လှစ်ထားသော ကာရာအိုကေနှင့် အနှိပ်ခန်းမှ စတင်ပြီး အရပ်သားတစ်ချို့နှင့် မကျေမလည် ဖြစ်ရာမှ စစ်ကားနှင့် ၀င်ရောက်လာပြီး ထိုသို့ ထိုးကြိတ်သွားခဲ့ခြင်း ဖြစ်သည်။

စစ်သားများနှင့် ပြဿာနာဖြစ်ပွားရာတွင် ရွှေကံ့ကော် ကားဂိတ်မှူးလည်း ပါဝင်ပြီး သူအား လိုက်ရှာစဉ် မရသဖြင့် ကားဂိတ်ထဲ ရန်ကုန်မှ မောင်းဝင်လာသော ရွှေကံ့ကော်ကားကို ရပ်တန့်ပြီး တစ်စုံတရာ အပြစ်မရှိသူ ကားဒရိုင်ဘာနှင့် စပယ်ယာကို အပြင်းအထန် ရိုက်နှက် ထိုးကြိတ်သဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး ဆေးရုံတင်ခဲ့ရခြင်း ဖြစ်သည်။

“ တခြား ဒဏ်ရာ ရရှိသွားတဲ့သူက သိန်းမောင်လှဆိုတဲ့ လူငယ် တစ်ဦးနဲ့ ဦးမောင်သန်းသား အဘုဆိုတဲ့ လူငယ်တစ်ဦး ဒဏ်ရာ ရရှိသွားပါတယ်။ ဦးမောင်ချေ လဘက်ရည်ဆိုင်ထဲမှာ လဘက်ရည်သောက်နေတဲ့ လူကြီး နှစ်ဦးကိုလည်း ထိုးကြိတ်သွားပါတယ်” ဟု မြို့ခံ ဆက်ပြောသည်။

ထိုသို့ ထိုးကြိတ်စဉ်အတွင်း “ မင်းတို့ ရခိုင်တွေ ဗမာစကားသံကို ကြားတာနဲ့ ကြောက်နေကြပြီ မဟုတ်လား ။ သတ္တိရှိရင် ထွက်ခဲ့” ဆိုသည့် လူမျိုးရေးအရ စော်ကားသည့် ဆဲဆော် ကြိမ်းမောင်းမူများကိုလည်း ပြုလုပ် သွားကြောင်း မျက်မြင် အရပ်သားများက ပြောသည်။

အခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင် စကခ ၉ မှူးမှ ဒဏ်ရာ ရရှိသွားသူ ရွှေကံ့ကော် ကားဒရိုင်ဘာနှင့် စပယ်ယာကို ကျပ်ငွေ ၂၀၀၀၀ စီ နစ်နာကြေးပေးခဲ့သည်ဟု သိရသည်။

သို့သော်လည်း အနှိပ်ခန်းတွင် စစ်တပ်နှင့် အရပ်သားများ မည်ကဲ့သို့ ပြဿနာ စတင် ဖြစ်ပွားခဲ့သည်ကိုမူ မိမိတို့ မသိရှိကြောင်း ကျောက်တော်မြို့ခံများက ပြောသည်။

ယနေ့တိုက်ပွဲ နအဖ ၁၀ဦးကျော်ထိခိုက်ကျဆုံး

(ကေအိုင်စီ)

ကရင်ပြည်နယ်ရှိ ဝေါ်လေဒေသ၌ ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် နအဖ စစ်တပ်ဘက်မှ ၁၀ဦးကျော် ထိခိုက် သေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။

ယနေ့ညနေ ၅နာရီခွဲခန့်တွင် ဝေါ်လေဒေသရှိ ကနဲလေးစခန်းအနီးတွင် နအဖ တပ်ဖွဲ့ဝင်များနှင့် ကရင်တပ်ဖွဲ့ဝင် များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ဒုဗိုလ်တဦးအပါအဝင် ၅ဦးသေဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း(၂၀၁)မှ တပ်မှူးတဦးက ပြောသည်။

လက်ရှိ ကနဲလေးစခန်းတွင် နအဖ ခမရ (၃၄၆)၊ (၄၀၄) တပ်ဖွဲ့ဝင်တချို့နှင့် ခလရ (၉၇)တပ်ဖွဲ့ဝင်တချို့ ဝင်ထွက်လှုပ်ရှားလျှက်ရှိသည်ဟု ၎င်းက ပြောသည်။

ယနေ့မနက် ၁၀နာရီကျော်၌လည်း ယင်းသွားလာလှုပ်ရှားနေသည့် ခမရ(၃၄၆)တပ်ရင်းနှင့် ကရင်တပ်ဖွဲ့ဝင်တို့သည် ကနဲလေးစခန်းနှင့် မနီးမဝေး ထီးဘောကော်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်က ၂ဦးသေဆုံး၊ ၃ဦးဒဏ်ရာရရှိခဲ့ပြီး ကရင်တပ်ဖွဲ့ဝင်ဘက်က ထိခိုက်မှုမရှိဟု ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။

မြန်မာစစ်အစိုးရဖျက်ဆီးသည့်ဘိန်းခင်းပမာဏ KIO ပယ်ချ

KNG

မြန်မာစစ်အစိုးရဖော်ပြသည့် ဘိန်းခင်းဖျက်ဆီးခြင်းကိန်းဂဏန်းအား ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က ပယ်ချခဲ့သည်။

ကချင်ပြည်နယ်အတွင်း ၀ိုင်းမော်၊ ဖားကန့်နှင့် တနိုင်းမြို့နယ်များတွင် ဖေဖော်ဝါရီ ၂၁ မှ ၂၇ ရက်အတွင်း ဘိန်းခင်း ဧက ၄၁၁.၃၀ ဖျက်ဆီးခဲ့သည်ဟု မတ်လ ၇ ရက်ထုတ် စစ်အစိုးရပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။

“ကျနော်တို့ သူတို့(မြန်မာစစ်တပ်)က ဘိန်းခင်းဖျက်ဆီးတာ မမြင်မိဘူး။ ဆဒုံး (၀ိုင်းမော်မြို့နယ်)မှာ လမ်းဘေးက ၃၊ ၄ ဧကဖျက်ဆီး တာလောက်ပဲကြားမိတယ်။” ဟု KIO မူးယစ်တိုက်ဖျက်ရေးပြောခွင့်ရ နော်ဘူ ပြောသည်။

၂၀၁၀-၂၀၁၁ ဘိန်းစိုက်ရာသီမှာ စုစုပေါင်း ဘိန်းစိုက်ခင်းဧက ၁၅၀၂၁.၇၅ ဖျက်ဆီးပြီးဖြစ်ကြောင်း အစိုးရ သတင်းစာတွင် ပါရှိသည်။


“မဖြစ်နိုင်ဘူး။ အပြောသက်သက်ပဲ။ ကျနော်တို့(KIO)က ဘိန်းခင်းဖျက်ဆီးနေတော့ သူတို့(မြန်မာစစ်အစိုးရ)ကလည်း လုပ်နေပါတယ်ဆိုတဲ့သဘော” ဟု နော်ဘူ ပြောသည်။

KIOက မူးယစ်တိုက်ဖျက်ရေးကို ၂၀၁၀ အောက်တိုဘာတွင် ပြန်လည် စတင်ခဲ့ပြီး ဘိန်းခင်း ၆၀၀၀ ဧက ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ဘိန်းနှင့် မူးယစ်ဆေးဝါး သုံးစွဲသူ၊ ကူးသန်းရောင်းဝယ်သူ များအားဖမ်းဆီးခဲ့ပြီး မြန်မာစစ်တပ်ထိန်းချုပ်နယ်မြေထဲရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင်လည်းဆက်လက် ဖော်ဆောင်သွားမည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးသည် ကချင်ပြည်နယ်အတွက် အဓိကပြဿနာဖြစ်လာသည်။ ကချင်လူငယ်ထု၏ ၇၀ ရာခိုင်နှုန်း မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း ဒေသခံများ ပြောနေကြသည်။

“ကျမထင်တယ် မိသားစုတိုင်းမှာ တစ်ယောက်က ဘိန်းစား” ဟု ကချင်ပြည်နယ် မန်မော် (ဗန်းမော်) ခရိုင် မန်ဂျဲ (မံစီ) ဒေသခံ အမျိုးသမီးတစ်ဦးပြောသည်။

သူမကပဲ အစိုးရ၀န်ထမ်းတွေထဲက ရဲသားများပင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ပါဝင်နေသည်ဟု ပြောသည်။

“သူတို့(အာဏာပိုင်)တွေက ရွာထဲမှာလက်လီဖြန့်ရောင်းနေသူတွေဆီကိုလည်းရောင်းပေးနေတာပဲ” ဟု ဆက်ပြောသည်။

ဘိန်းခင်းဖျက်ဆီးနေကြောင်း လူအများ သိသာမြင်သာသည့်နေရာတွင်သာ မြန်မာစစ်တပ်က ဘိန်းခင်းဖျက်ဆီးပြကြောင်း ရှမ်းပြည် ကျိုင်းတုံ ဒေသခံ တစ်ဦးပြောသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းသွားသည့် ယခင် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) တပ်ဖွဲ့ထိန်းချုပ်ဒေသထဲမှ ဘိန်းခင်းများအား KIO မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ဖျက်ဆီးရန်ကြိုးပမ်းလာရာမှ မြန်မာစစ်တပ်နှင့် နှစ်ဖက်စစ်ရေးတင်းမာမှု ပိုမိုလာခဲ့သည်ဟု KIOက ဆိုသည်။

“ကျနော်တို့(KIO)က ကျနော်တို့ တတ်နိုင်သလောက်လုပ်သွားမယ်။” ဟု နော်ဘူပြောသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ၏အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် ၂၀၀၉ တွင်ဘိန်းစိုက်ဧက ၇၈၂၉၉ ဧကမှ ၂၀၁၀ ခုနှစ်တွင် ၉၄၁၀၇ ဧကအထိ ၂၀ ရာခိုင်နှုန်း တိုးတက်စိုက်ပျိုးလာသည်ဟု ဖော်ပြထားသည်။

၂၀၀၉ ခုနှစ်တွင် ဘိန်း တန် ၃၃၀ ထွက်ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ၅၈၀ တန်ထွက်ခဲ့သည်ဟု ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာအစိုးရကတော့ ဘိန်းဖျက်ဆီးတာတွေ တိုးတက်နေတယ်လို့ပြောနေပေမဲ့လို့ ကျနော်တို့ခန့်မှန်းတာက ၂၀၀၉ နဲ့စာရင် ၂၀၁၀ မှာ ၇၅ ရာခိုင်နှုန်း ဘိန်းထုတ်တာတိုးလာတယ်။” ဟု UNODC အမှုဆောင်အရာရှိချုပ် ယူရီဖေဒိုတောပ့် ကဆိုသည်။

ကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် ကလေးသူငယ်များ ထိခိုက်မှုရှိ

နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်အတွင်းတွင် ယခုလှုပ်ရှားလျှက်ရှိသည့် နအဖ တပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်းသို့ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ ထိမှန်ဒဏ်ရာရရှိမှုများရှိ ကြောင်း ဒေသခံများက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လှုပ်ရှားနေသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၈)လက်အောက်ခံ ဗျူဟာမှူးဇော် သိန်း ဦးစီးသည့် ခမရ(၄၀၂)၊ (၄၀၅)၊ (၄၀၆)တပ်ရင်းများက မယ်ကျူကျေးရွာအနီးမှနေ၍ ယခု မတ်လ ၅ရက်နေ့၌ ကျေးရွာအ တွင်းရှိ ဘုန်းကြီးကျောင်းနားတွင် လက်နက်ကြီးငယ်များ ပစ်ခတ်ခဲ့ခြင်းကြောင့် ၁၄နှစ်အရွယ် ကိုရင်လေးတပါး ထိမှန်ခဲ့သည် ဟု ဒေသခံတစ်ဦးက ကေအိုင်စီကို ပြောသည်။

ဘွဲ့အမည် ရှင်သုဟံဆိုသည့် အဆိုပါကိုရင်လေးသည် ၎င်း၏ဘယ်ဖက်ပေါင်တွင် ကျည်ဆံထိမှန်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာဆေးကု သရန်အတွက် နအဖတပ်မှ မြန်မာငွေကျပ် ၂သောင်း ထုတ်ပေးခဲ့သည်ဟု ထိုဒေသခံက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာတွင် စခန်းထိုင်သည့် နအဖ ခမရ(၅၄၇)မှ ဗိုလ်ရဲထွန်း ဦးဆောင်သောအဖွဲ့ သည် ယခု မတ်လ ၄ရက်နေ့က ရွာသစ်ကုန်းကျေးရွာအတွင်းသို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများကြောင့် ၁၀နှစ်အရွယ် မိန်းကလေးတဦး၏ ဘယ်ဖက်ရင်ဘတ်တွင် လက်နက်ကြီးအစ ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်သည့် KNU ၏ သတင်းမှတ်တမ်းအရ သိရသည်။

ယခုလို နအဖ တပ်များမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ်များ ပစ်ခတ်လာသည့်အပေါ် ရွာသူရွာသားများက ကြောက် လန့်နေကြသည်။

ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလအတွင်း၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ နအဖတပ်များမှ အလားတူ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းကြောင့် ၁၃နှစ်အရွယ် ကျောင်းသူတဦး သေဆုံးခဲ့သည်။

အခြေခံဥပဒေနှင့် အပစ်ရပ်များ

ဦးမျိုး (ဥပဒေ)

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေ အခန်း ၃ တွင် ခုံရုံး၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားသည်။ ဤဥပဒေ ပုဒ်မ ၁၂ (ခ) တွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိ စိစစ်ခြင်း ဟု ဖော်ပြထားပါသည်။

၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်း (ပုဒ်မ ၉၆ ကို ရည်ညွှန်းသည်) တွင် ကဏ္ဍ ၁၁ ခုကို ဖော်ပြထားသည်။

(၁) နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး
(၂) နိုင်ငံခြားရေး
(၃) ဘဏ္ဍာရေးနှင့် စီမံကိန်း
(၄) စီးပွားရေး
(၅) စိုက်ပျိုးရေးနှင့် မွေးမြူရေး
(၆) စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော
(၇) စက်မှုလက်မှု
(၈) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး
(၉) လူမှုရေး
(၁ဝ) စီမံခန့်ခွဲရေး
(၁၁) တရားစီရင်ရေး

ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်း (ပုဒ်မ - ၁၈၈ ကို ရည်ညွှန်းသည်) တွင် ကဏ္ဍ ၈ ခုကို ဖော်ပြထားသည်။

(၁) ဘဏ္ဍာရေးနှင့် စီမံကိန်း
(၂) စီးပွားရေး
(၃) စိုက်ပျိုးရေးနှင့် မွေးမြူရေး
(၄) စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော
(၅) စက်မှု လက်မှု
(၆) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး
(၇) လူမှုရေး
(၈) စီမံခန့်ခွဲရေး

ဇယား ၃ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း (ပုဒ်မ ၁၉၆ ကို ရည်ညွှန်းသည်) တွင် အောက်ပါတို့ကို တွေ့ရသည်။ မည်သည့်ကဏ္ဍမျှ ပါမလာသည်မှာ ထူးခြားချက်ဖြစ်သည်။

(၁) မြို့ပြနှင့် ကျေးရွာ စီမံကိန်းများ
(၂) လမ်းတံတားများ ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး
(၃) ပြည်သူ့ကျန်းမာရေး
(၄) စည်ပင်သာယာရေး လုပ်ငန်း
(၅) မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
(၆) စားကျက်မြေများ ထိန်းသိမ်းရေး
(၇) သစ်တောများ ကာကွယ်ထိန်းသိမ်းရေး
(၈) ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
(၉) မြို့နှင့် ကျေးရွာများအတွင်း ရေနှင့် လျှပ်စစ်မီးဆိုင်ရာ ကိစ္စ
(၁ဝ) မြို့များနှင့် ကျေးရွာများ၏ ဈေးများဆိုင်ရာ ကိစ္စ

အထက်ဇယား ၃ ခုစလုံးပါ အခန်းများအရ ဥပဒေပြဋ္ဌာန်းကြရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိကို စိစစ်ပေးရမည့် တာဝန်သည် ခုံရုံးတွင် ရှိသည်ဟု ဖော်ပြထားသည်။ ၂ဝဝ၄ ခုနှစ်တွင် အမျိုးသားညီလာခံသို့ အပစ်အခတ် ရပ်စဲထားသည့် ငြိမ်းအဖွဲ့ ၁၃ ဖွဲ့ စုပေါင်း တင်သွင်းခဲ့သည့် ဥပဒေပြုရန် စာရင်းဇယား ၇ ချက်မှာကား ပျောက်ကွယ်သွားခဲ့လေပြီ။

၁၃ ဖွဲ့ တင်ပြခဲ့သည့် ပြည်ထောင်စု အခြေခံ ဥပဒေပြုရန် အချက်များမှာ -

(၁) ထပ်တူဥပဒေပြုစာရင်း ထားရှိရေး
(၂) အကြွင်းအကျန် အာဏာကို ပြည်နယ်တွင် ထားရှိရေး
(၃) ဥပဒေပြုကဏ္ဍမှာ တိုင်းရင်းသား လူမျိုးစုကို သီးခြားထားရှိရေး
(၄) ပြည်နယ်လွှတ်တော်တွေမှာ လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ ဥပဒေပြုပိုင်ခွင့် ရှိရေး
(၅) ပြည်နယ် လွှတ်တော်တွေမှာ စာပေ ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး ဥပဒေပြုပိုင်ခွင့် ရှိရေး
(၆) တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေကို ပြည်နယ်တွေမှာ ဥပဒေပြု ပြဋ္ဌာန်းပိုင်ခွင့် ရှိရေး
(၇) ပြည်နယ် ဖွဲ့စည်းပုံ သီးခြားရေးဆွဲ ပြဋ္ဌာန်းကျင့်သုံးခွင့် ရှိရေး

ပြည်ထောင်စု မုန့်ဆီကြော်မှာ နအဖ စစ်အုပ်စု နှုတ်ခမ်းနာနှင့် မတည့်လိုက်လေခြင်း။ တပြည်ထောင် ဖက်ဆစ်နာဇီစနစ်သို့ ချီတက်နေလေပြီ။ ကန့်သတ်ဥပဒေပြု စာရင်း၊ ကြွင်းကျန် ဥပဒေပြုစာရင်းနှင့် ထပ်တူဥပဒေပြု စာရင်း ဟူ၍ကား ဘာတခုမျှ မတွေ့ရှိရပါ။ အားလုံး သီးသန့် ကန့်သတ်ချက် စာရင်းများသာ ဖြစ်နေပါသည်။

အကယ်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ တတိုင်းတိုင်း၊ တဖွဲ့ဖွဲ့က ဇယား ၃ ဥပဒေပြု စာရင်းတွင် မပါသည့် ဥပဒေ တရပ်ရပ်ကို တင်ပြလာခဲ့သည် ရှိသော်၊ သို့မဟုတ် - အထက်ပါ ၇ ချက်ကို ယခုလွှတ်တော်များတွင် အကယ်၍ တင်ပြလာသည်ရှိသော် ဤခုံရုံးက ဘာများ တတ်နိုင်ပါမည်နည်း။ ဤသည်မှာ အဓိက အကျဆုံး မေးခွန်းဖြစ်ပါသည်။

ဤဥပဒေ အခန်း ၄ ။ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထား ရယူရန် တင်သွင်းခြင်း။ ပုဒ်မ ၁၄ တွင် အောက်ပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို ပုဒ်မ ၁၅ ပါ နည်းလမ်းနှင့်အညီ ခုံရုံးသို့ တင်သွင်းခွင့် ရှိသည်။

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊
(ဃ) ပြည်သူ့ လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁ဝ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များ ဟု ဖော်ပြထားသည်။

ပုဒ်မ ၁၅ (ဃ) တွင် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁ဝ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များဖြစ်လျှင် မိမိ၏ တင်ပြချက်ကို သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌ မှတဆင့် ခုံရုံးသို့ ပေးပို့ရမည် ဟု ပါရှိပါသည်။ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည် ဟု ပုဒ်မ ၂၃ တွင် ပြဋ္ဌာန်းထားသည်။ ပြည်ထောင်စု လွှတ်တော်က ရုပ်သိမ်းခြင်း မပြုလုပ်သရွေ့ ဤဥပဒေသည် အတည်ဖြစ်သည် ဟုလည်း ပုဒ်မ ၃၇ တွင် ပြဋ္ဌာန်းထားသေးသည်။ ထို့ကြောင့် ယခုကဲ့သို့ ဥပဒေမျိုးကို ပြည်ထောင်စု စစ်စစ် ဥပဒေပြု အဖွဲ့ကသာ စုပေါင်းရေးဆွဲပြီး ပြဋ္ဌာန်းသင့်သည့် ဥပဒေမျိုးသာ ဖြစ်ပါသည်။

ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၁ဝ ရာခိုင်နှုန်းက သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌ မှတဆင့် ခုံရုံးသို့ ပုဒ်မ ၁၅ (ဃ) အရ ဥပဒေအတိုင်း အပစ်ရပ် ၁၃ ဖွဲ့ တင်ပြခဲ့သည့် ၇ ချက်ကို ထပ်ဆင့်တင်ပြလျှင် ခုံရုံးက မုချလက်ခံ ဆုံးဖြတ်ချက်ပေးရပါမည်။ အကယ်၍ လက်မခံလျှင် အပစ်အခတ် ရပ်စဲထားသည့် အဖွဲ့အားလုံးက ဘာလုပ်ကြမည်နည်။ တခြားရွေးလမ်း ရှိပါသေး၏လော။