Sunday, March 20, 2011

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် လူမျိုးစုအမြင်

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ စာတမ်း

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ကြိုတင်အခြေအနေများလိုအပ်ပါသည်။ ဤအခြေအနေများသည် (ဆင် မြူယယ်လ် ဟန်တင်တန် ခွဲခြားပြသည့်အတိုင်းပင်) ဒီမိုကရေစီသို့ ဦးတည်သော တခုနှင့်တခု မတူကွဲပြားသည့် လှိုင်းအဆင့်ဆင့်ဖြစ်သည်။

ဒီမိုကရေစီအသွင်ကူးပြာင်းရေး ပထမလှိုင်းကာလအတွင်း၌ တိုးတက်ဖွံ့ဖြိုးသော အနောက်နိုင်ငံအများစုသည် မိမိတို့၏လူ့အဖွဲ့အစည်းများကို ဒီမိုကရေစီလူ့အဖွဲ့အစည်းများအဖြစ်သို့ပြောင်းလဲ ခဲ့ကြသည်။

ဤတွင် အခြေအနေ(၃) ရပ် လိုအပ်ပါသည်။ ၄င်းတို့မှာ (၁) အမှီအခိုကင်းသော လူလတ်တန်းစား ပေါ်ပေါက်ရာ ဖွံ့ဖြိုးတိုးတက်သည့် စီးပွားရေး။ (၂) သီးခြားလွတ်လပ်စွာ စည်းရုံးလှုံ့ဆော်သော အရပ်သား အဖွဲ့အစည်းများ။ (၃) စနစ်တကျ ဖွဲ့စည်းထားသော လူမှုအဖွဲ့အစည်းများက စေ့စပ်ဆွေးနွေးခြင်းနည်းဖြင့် ပဋိပက္ခနှင့် ပြဿနာများ ဖြေရှင်းသော ဒီမိုကရေစီ ယဉ်ကျေးမှုတို့ ဖြစ်သည်။ တတိယ ကမ္ဘာ့နိုင်ငံ တနိုင်ငံအနေနှင့် မြန်မာနိုင်ငံမှာ ဤကဲ့သို့သော ကြိုတင်အခြေအနေများ မရှိချေ။ အပေါင်းအပါတစု ကြီးစိုးနေသော စီးပွားရေးစနစ်ဖြင့် ဖွံ့ဖြိုးမှု အနိမ့်ဆုံးတိုင်းပြည် ဖြစ်သည်။ အရပ်သားအဖွဲ့အစည်းများ ဆိုသည်ကလည်း အကြီးအကျယ် ချုပ်ချယ်ကန့်သတ် ခံနေရပြီး၊ နိုင်ငံရေးယဉ်ကျေးမှုကလည်း တဘက်နှင့်တဘက် အပြတ်ရှင်းရေး အတိုက်အခံနိုင်ငံရေး ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအဖို့ ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ကူးပြောင်းရေးတွင် အသွင်ကူးပြောင်းရေး ဖြစ်စဉ်တရပ် လိုအပ်နေသည်ဟု ကျနုပ်တို့ ယုံကြည်မိပါသည်။

ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးတွင် ပညာရှင်များ လက်ခံသဘောတူထားသော လမ်း (၂) သွယ် ရှိပါသည်။ ၄င်းတို့မှာ အုပ်စိုးသူ ပြောင်းလဲရေးနှင့် လူ့အဖွဲ့အစည်း ပြောင်းလဲရေးတို့ ဖြစ်သည်။ (၁၉၇၄) ခုနှစ်၊ ပေါ်တူဂီနိုင်ငံမှအစ နိုင်ငံအများအပြား၏ “တတိယလှိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ” ကို အခြေခံသော လေ့လာချက်တရပ်က ဆိုထားသည်မှာ လူ့အဖွဲ့အစည်း ပြောင်းလဲမှုနှင့် တပါတည်း အုပ်စိုးသူပြောင်းလဲမှုကို မဆောင်ကျဉ်းနိုင်သော တိုင်းပြည်တပြည်၌ ဒီမိုကရေစီသည် ပျမ်းမျှခြင်းအားဖြင့် (၁ဝ) နှစ်ခန့်သာ တာရှည်နိုင်သည်ဟူ၍ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ (၁၉၈၈) ခုနှစ် လူထုအုံကြွမှုကြီးသည် အုပ်စိုးသူ ပြောင်းလဲရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့သော်လည်း ထိုစဉ်က တိုင်းပြည်၏ ခေါင်းဆောင်မှုကြောင့် လူထုလှုပ်ရှားမှုကြီးသည် လမ်းပေါ်က နိုင်ငံရေးကို ဆွေးနွေးပွဲဆီသို့ မဆောင်ကျဉ်းနိုင်ခဲ့ဘဲ ရှိခဲ့ရာ၊ ရည်မှန်းချက် မပေါက်မြောက်ခဲ့ချေ။ အရေးတော်ပုံကြီးသည် အုပ်စိုးသူနှင့် အတိုက်အခံတို့ ပူးတွဲ၍ ရှေ့ချီသည့် “သဘောတူညီထားသော အသွင်ကူးပြောင်းရေး” နည်းလမ်းဖြင့် လူ့အဖွဲ့အစည်းကို ပြောင်းလဲရန် အခွင့်အရေးပင် ဆုံးရှုံးခဲ့ရချေသည်။ ထို့ပြင် မြန်မာနိုင်ငံသည် ယခုအခါ၌ စစ်အုပ်ချုပ်ရေးမှသည် မည်ကာမတ္တ ပါလီမန်စနစ်သို့ နိုင်ငံရေးအသွင်ကူးပြောင်းမှုလမ်းကို လျှောက်လှမ်းနေတော့သည်။ ပါဝင်ပတ်သက်သူအားလုံးအား အာဏာလက်ရှိ စစ်အစိုးရက ချမှတ်ပေးသည့်အတိုင်း စခန်းသွားစေသော “ချမှတ်ပေးထားသည့် အသွင်ကူးပြောင်းမှု” ဖြင့် လျှောက်လှမ်းနေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ လောလောဆယ်၌ အုပ်စိုးသူပြောင်းလဲမှုကို ဆောင်ကျဉ်းရန် မဖြစ်နိုင်ချေ။ သို့ဖြစ်သည့်တိုင် လူ့အဖွဲ့အစည်း ပြောင်းလဲမှုသို့ တက်လှမ်းရန် အခွင့်အလမ်းများ (အသုံး ချရန် အဆင်မပြေနိုင်သော အခွင့်အလမ်းများလည်း ဖြစ်နိုင်ပါသည်) ရှိနေပါသည်။ ဤသည်မှာ စစ်တပ်ချပေးထားသော အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ ကျနုပ်တို့ ပါဝင်ရခြင်း၏ အကြောင်းအချက်တချက် ဖြစ်ပါသည်။

ရည်မှန်းချက်များတွင် မွန်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဥပဒေဘောင်အတွင်း အဖွဲ့အစည်းများ၏ နိုင်ငံရေး အဆင့်နေရာ ကတိမ်းကပါး ဖြစ်ပြီးချိန်တွင် မွန်ပြည်သူတို့၏ လက်ကျန် နိုင်ငံရေးအင်အားစုများ ဆက်လက်ရှင်သန်ရေးလည်း အပါအဝင် ဖြစ်ပါသည်။ တချိန်က အာဏာရ ဒီမိုကရေစီအစိုးရနှင့် မွန်နိုင်ငံရေး အဖွဲ့အစည်းတို့အကြား ပြည်တွင်းစစ်ပွဲသည် (၁၉၄၈) ခှုနှစ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ပြန်လည်ရရှိပြီး (၈) လ အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သည့်နောက်ပိုင်းတွင် မွန်ပြည်သူတို့သည် အဆက်ဆက် အာဏာရအစိုးရများနှင့် စစ်အစိုးရများ၏ ပြည်တွင်းစစ် ဝန်ထုပ်ဝန်ပိုးဒဏ်ကို ခံလာခဲ့ရချေသည်။ လူမျိုးတမျိုးအဖြစ် တည်ရှိမှု၊ မိသားစုဘဝများ၊ စီးပွားရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးခဲ့ရကာ၊ မွန်ပြည်သူတို့၏ လူမှုစီးပွားရေး အနေအထားသည် အိမ်နီးနားချင်း လူ့အဖွဲ့အစည်းများထက် နောက်ကျကျန်ရစ်ခဲ့သည်။ သို့ဖြစ်ရာ မည်သည့် အကွက်အကွင်း ပေါ်လာသည်ဖြစ်စေ၊ ဤအကွက်အကွင်းသည် မည်မျှသေးငယ်သည်ဖြစ်စေ နာကျင်ခံစားရခက်သော ဖိနှိပ်မှုများနှင့် အညှာအတာကင်းသော စီးပွားရေး သွေးစုပ်မှုများအောက်မှာ ရာစုနှစ်ဝက်ကျော်မျှ လျစ်လျူရှုထား ခံခဲ့ရသော ကျနုပ်တို့ ပြည်သူများ၏ အကျိုးအတွက် ကျနုပ်တို့သည် ဤပေါ်လာသမျှ အဆင်မပြေနိုင်သော အခွင့်အလမ်းများကိုပင် အမိအရ ဆုပ်ကိုင်ထားရမည် ဖြစ်ပါသည်။

ဒဏ်ခတ် ပိတ်ဆို့မှု ပြဿနာ

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ပတ်သက်၍ ကျနုပ်တို့ နားလည်ထားသည်မှာ ဖိနှိပ်သော အစိုးရကို ပြစ်ဒဏ်ပေးသော နည်းလမ်းတရပ် ဖြစ်ပြီး၊ နောက်ဆုံးအနေနှင့် အုပ်စိုးသူ ပြောင်းလဲရေးကို ဦးတည်ပါသည်။ ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ပတ်သက်သော ငြင်းခုန်ဆွေးနွေးမှုများသည် ယနေ့တွင် ပို၍ပို၍ ပြင်းထန်လာခဲ့ပါသည်။ ဒဏ်ခတ်ပိတ်ဆို့မှုကို လိုလား၏၊ မလိုလား၏ ဆိုသည်ကို ကျနုပ်တို့ ဝင်ရောက်ပြောဆိုမည် မဟုတ်ပါ။ သို့ရာတွင် ဤဒဏ်ကို အုပ်စိုးသူ အစိုးရသာမက သာမန်ပြည်သူတို့ပါ ခံနေရကြောင်းကို ကျနုပ်တို့ ဖေါ်ပြလိုပါသည်။ အစိုးရနှင့် ၄င်း၏ အပေါင်းအပါများအဖို့ ဤဒဏ်သည် မပြောပလောက်သော်လည်း ဆင်းရဲ ကျပ်တည်းသော ပြည်သူလူထုကြီး၊ အထူးသဖြင့် အစွန်အဖျားဒေသများတွင် နေထိုင်နေကြသော လူမျိုးစု ပြည်သူတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် ပြဿနာတခု ဖြစ်နေသည်ကား အမှန်ပင် ဖြစ်ပါသည်။

ဒဏ်ခတ်ပိတ်ဆို့မှုသည် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ပြုနေကာ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသည့် တွန်းအားဖြစ်သော သီးခြားလွတ်လပ်သည့် လူလတ်တန်းစား ပေါ်ထွန်းရေးအတွက် အဟန့်အတား ဖြစ်စေပါသည်။ ထို့ပြင် သီးခြားလွတ်လပ်သော အရပ်သားအဖွဲ့အစည်းများနှင့် ဒီမိုကရေစီ ယဉ်ကျေးမှု ပေါ်ထွန်းရေးကိုပါ အဟန့်အတား ပြုနေပါသည်။ ဤမျှမကသေး၊ ခေတ်အဆက်ဆက် အုပ်စိုးသူများ၏ ဖိနှိပ်ခြင်း၊ လျစ်လျူရှုထားခြင်း ခံလာခဲ့ရသော လူမျိုးစု လူ့အသိုက်အဝန်းများအားလည်း လျစ်လျူရှုရာ ရောက်ပါသည်။

ကျနုပ်တို့သည် လူ့အဖွဲ့အစည်း ပြောင်းလဲမှုအတွက် ကြိုးပမ်းရာ၌ တိုင်းပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်၏ အစိတ်အပိုင်းအဖြစ် နိုင်ငံတော်တည်ဆောက်ရေး အာဏာပျော့ကို မရှိမဖြစ် လိုအပ်ပါသည်။ နည်းပညာ၊ လူသားအရင်းအမြစ်၊ စီမံအုပ်ချုပ်မှု၊ ကောင်းစွာအုပ်ချုပ်ခြင်း၊ ဈေးကွက်များအကြောင်း သတင်းအချက်အလက်များနှင့် အသိအမြင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ အဖွဲ့အစည်းများ စသည်တို့အပြင်၊ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အတွေ့အကြုံများသည် ကျနုပ်တို့ မရှိမဖြစ် လိုအပ်နေသော အာဏာပျော့များ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံ၊ (၁၉၇ဝ) ခုလွန်နှင့် (၁၉၈ဝ) ခုလွန်နှစ်များအတွင်းက အာရှကျားနိုင်ငံများ၊ (၂ဝဝဝ) ခု လွန်နှစ်များအတွင်း အိန္ဒိယ၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့၏ တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်မှုများသည် အဓိကအားဖြင့် အနောက်တိုင်း စံချိန်မီအာဏာပျော့များနှင့် အနောက်တိုင်း အတွေ့အကြုံများမှ နေ၍ ရလာခဲ့ခြင်း ဖြစ်သည်။ ကျနုပ်တို့ တိုင်းပြည်၌ ဒဏ်ခတ်ပိတ်ဆို့မှုသည် ဖွံ့ဖြိုးပြီး အနောက်ကမ္ဘာမှ ဤအာဏာပျော့များ ရရှိရေးတွင် ဧရာမ အဟန့်အားကြီး ဖြစ်နေပါသည်။ လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ကျနုပ်တို့သည် အတွေ့အကြုံ လေ့လာရေး အခွင့်အလမ်းအားလုံး ဆုံးရှုံးရသည့်အပြင်၊ ဤအာဏာပျော့ ရရှိရေးနှင့် တပါတည်းမှာပင် စစ်ဒဏ်သင့် တိုင်းပြည်အဖြစ်မှ နာလန်ထူစေနိုင်သော တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုများ (FDIs) ရရှိရေး အခွင့်အလမ်းများကိုပါ ဆုံးရှုံးခဲ့ရပါသည်။ အဘယ့်ကြောင့် တဘက်မှာ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့က အနောက်နိုင်ငံတို့၏ ကူညီထောက်ပံ့မှုများကို ခံစားနေရပြီး၊ အခြားတဘက်မှာ ကျနုပ်တို့က အနောက်တိုင်း၏ ဒဏ်ခတ်ပိတ်ဆို့မှုဒဏ် ခံနေရသည်ကို ကျနုပ်တို့ နားမလည်နိုင်ပါ။

သို့ဖြစ်သည့်တိုင် ဤအာဏာပျော့များကို အိမ်နီးချင်းနိုင်ငံများဆီမှ ရနိုင်သည်ဟု ဆိုချင်ဆိုနိုင်ပါသည်။ အမှန်အားဖြင့် ထိုတိုင်းပြည်များဆီမှ အညံ့စား အာဏာပျော့များကိုသာ ရနိုင်ပါသည်။ သာဓကအနေနှင့် တိုတယ်ကုမ္ပဏီ၏ အလိုက်သင့် တုန့်ပြန်တတ်သော အဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေးမှုနှင့် တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီများ၏ ယဉ်ကျေးမှုတို့ကို အလွယ်နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ ကျနုပ်တို့အနေနှင့် တရုတ်၊ အိန္ဒိယနှင့် အာဆီယံ အိမ်နီးချင်း တိုင်းပြည်များဆီမှနေ၍ အာဏာပျော့များကို အနောက်ကမ္ဘာ၏ မူလလက်ဟောင်းတန်ဖိုးများ၊ စံနှုန်းများ၊ အဆင့်အတန်းများဖြင့် မရရှိနိုင်ချေ။ ဤအိမ်နီးချင်း တိုင်းပြည်များသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီအားပေးကောင်း အားပေးမည် ဖြစ်သော်လည်း နိုင်ငံတော် တည်ဆောက်ရေးကို ကူညီအားပေးနိုင်လိမ့်မည် မဟုတ်ချေ။ အုပ်စိုးသူစစ်အစိုးရနှင့် ၄င်း၏ အပေါင်းအပါတို့သည် ဤအနေအထားမှနေ၍ အကျိုးခံစားရလိမ့်မည် ဖြစ်သော်လည်း ဤအနေအထားသည် ကျနုပ်တို့၏ လူ့အဖွဲ့အစည်း ပြောင်းလဲရေး တိုက်ပွဲအတွက် အကျိုးရှိစေမည့် အနေအထား မဟုတ်ချေ။

(၂ဝဝ၈ ၊၂ဝဝ၉) ကမ္ဘာ့ဘဏ္ဍာရေးကပ် နောက်ပိုင်းတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ပြီး၊ အနောက်တိုင်း တွန်းအားဖြင့် ဖြစ်ပေါ်သော ကမ္ဘာပတ်လွှမ်းခြုံမှု ဖြစ်စဉ်မှနေ၍ တရုတ်ပြည်တွန်းအားဖြင့် ဖြစ်ပေါ်သော ကမ္ဘာပတ်လွှမ်းခြုံမှု ဖြစ်စဉ်သို့ တိမ်းညွှတ်စ ပြုလာခဲ့သည်။ အနောက်တိုင်းတွန်းအားဖြင့် ဖြစ်ပေါ်သော ကမ္ဘာပတ်လွှမ်းခြုံမှုတွင် နည်းပညာ၊ ဈေးကွက်စီးပွားရေး၊ လစ်ဘရယ် ဒီမိုကရေစီတို့ ပါဝင်သော်လည်း တရုတ် တွန်းအားဖြင့် ဖြစ်ပေါ်သော ကမ္ဘာပတ်လွှမ်းခြုံမှုတွင်မူ လစ်ဘရယ် ဒီမိုကရေစီ မပါရှိချေ။ တရုတ်နိုင်ငံသည် နည်းပညာနှင့် ဈေးကွက်စီးပွားရေးတို့ကို အသားပေးသော်လည်း ပြည်သူများအတွက် အလားအလာကောင်းများ ကိန်းအောင်းရာ လစ်ဘရယ် ဒီမိုကရေစီကိုမူ ချန်လှပ်ထားသည်။ တရုတ်ပြည်၏ နောက်လိုက်ခြင်း၊ တရုတ်ပြည်နှင့် ဆက်ဆံရေး ပြေလည်ခြင်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အစွမ်းကုန် ရရှိပြီး၊ လစ်ဘရယ် ဒီမိုကရေစီ၏ ကိန်းအောင်းနေသော အလားအလာကောင်းများနှင့် ဝေးသွားလိမ့်မည် ဖြစ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံသည် အနောက်တိုင်း၏ ဒဏ်ခတ်ပိတ်ဆို့မှုမှ မိမိဖာသာ ထွက်ရပ်လမ်း ရှာမည်ဆိုပါက တရုတ်ပြည်၏ စက်ကွင်းထဲသို့ သူ့အလိုလို ကျရောက်သွားမည် ဖြစ်ပြီး၊ ကျနုပ်တို့အနေနှင့် လူ့အဖွဲ့အစည်း ပြောင်းလဲမှုကို မျှော်လင့်စရာ ရှိမည် မဟုတ်တော့ချေ။ အာဏာရအစိုးရသည် ဤအနေအထားမှနေ၍ အမြတ်ထုတ်ပြီး၊ သက်ဆိုးရှည်နိုင်လိမ့်မည် ဖြစ်သော်လည်း အများပြည်သူတို့မှာမူ ဒီမိုကရေစီ လူ့အဖွဲ့အစည်းနှင့် ဝေးသထက်ဝေးမည်သာ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လူမျိုးစု နိုင်ငံရေးပါတီတရပ်အနေနှင့် ကျနုပ်တို့သည် တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်၊ ထို့အပြင် အပြစ်မဲ့ရှာသော အများပြည်သူတို့ အကျိုးအတွက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုကို ပြန်လည်စဉ်းစားပြီး၊ ရုပ်သိမ်းပေးပါရန် ဥရောပ သမဂ္ဂနိုင်ငံအားလုံးအား မေတ္တာရပ်ခံအပ်ပါသည်။

အင်တာနက် လိုင်းကျမှု စီးပွားရေးလုပ်ငန်းများ ထိခိုက်

ခိုင်သွယ်

မြန်မာ နိုင်ငံ အတွင်း အင်တာနက်လိုင်းများ နှေးကွေးနေခြင်း၊ လိုင်းများ ယခုနှစ်ဦးမှစ၍ ယခုအထိ မကြာခဏ ပြတ်တောက် နေခြင်း တို့ကြောင့် အင်တာ နက်ကို ဆက်သွယ်ရေး လမ်းကြောင်း အဖြစ် မှီခို လုပ်ကိုင် နေသော စီးပွားရေး လုပ်ငန်း များတွင် ထိခိုက်မှုများ ဖြစ်ပေါ် လျက်ကြောင်း သိရသည်။

ယင်းသို့ နှေးကွေး၊ ပြတ်တောက်ခြင်းများကြောင့် နိုင်ငံခြားမှ ပစ္စည်းများ ဆက်သွယ်ဝယ်ယူရာတွင် အခက်အခဲများဖြစ်ပေါ်ပြီး နစ်နာမှုများ ရှိနေကြောင်း ဆေးဝါးဖြန့်ချိရေး ကုမ္ပဏီတခုက ပြောသည်။

အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတဦးက “အီးမေးလ်သုံးလို့ မရတဲ့အတွက် အချိန်မီ ဆေးပစ္စည်းမှာလို့ မရတဲ့ပြဿနာတွေ ဖြစ်ခဲ့တယ်။ အင်တာနက်လိုင်းတွေ မကောင်းတာ လနဲ့ချီနေတာဆိုတော့ ကျနော်တို့ လုပ်ငန်းတွေတင်မကဘူး၊ နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ အားလုံးနီးပါး ပြဿနာရှိနေတာပဲ။ ရေရှည်ဖြစ်နေမယ်ဆိုရင်တော့ လုပ်ငန်းထဲမှာ အခုထက်ပိုပြီး ထိခိုက်နစ်နာမှုတွေ ဖြစ်နေဦးမှာပဲ” ဟု ပြောသည်။


အင်တာနက် ပြဿနာကြောင့် အခက်အခဲဖြစ်သော လုပ်ငန်းများတွင် သွင်းကုန်၊ ထုတ်လုပ်လုပ်ငန်းများ၊ လေယာဉ်လက်မှတ် အရောင်းဌာနများနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ပါဝင်ကြောင်း၊ အစိုးရ၀န်ကြီးဌာနများတွင်လည်း အခက်အများရှိကြောင်း ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ကုန်သည်ကြီးများအသင်းမှ အသင်းဝင်တဦးက “ကျနော်တို့လည်း ပုံမှန် အင်တာနက်သုံးနေရတာပဲ။ ဒေါ်လာဈေး၊ ကမ္ဘာ့ရေနံဈေး၊ ရွှေဈေး အတက်အကျတွေပေါ်မှာ မူတည်ပြီး အလုပ်လုပ်ကြရတာ၊ လုပ်ငန်းလည်ပတ်ကြတာဆိုတော့ ဒီနေ့ခေတ်မှာ အင်တာနက် စနစ်ပေါ်မှာ အများကြီးမူတည်နေတယ်။ လုပ်ငန်းပိုင်းတွေမှာပါ အများကြီး ထိခိုက်လာတယ်” ဟု ပြောသည်။

ဆက်သွယ်ရေး ဝန်ကြီးဌာနကမူ ပြည်တွင်းအင်တာနက် မြန်နှုန်းများ တိုးမြှင့်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဖိုက်ဘာဆက်ကြောင်းများအပြင် ပြည်တွင်းဆက်ကြောင်းများတွင်လည်း Bandwdth များတိုးချဲ့ရန် စီစဉ်နေသည်ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက်ကို အဓိက သုံးစွဲနေကြသူများမှာ ပြည်ပနှင့်ချိတ်ဆက်ပြီး လုပ်ကိုင်နေကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာသမားများ၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်လေ့လာနေကြသော ကျောင်းသူ ကျောင်းသားများ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များလည်း ပါဝင်သည်။

ခရီးသွား အေးဂျင့်တခုမှ ဝန်ထမ်းတဦးက “ဆက်သွယ်ရေးကတော့ ပြည်ပက တိုက်ခိုက်လို့လို ပြောတာပဲ။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် အင်တာနက်သုံးနေလို့လို့ ပြောကြတယ်။ ဘယ်ဟာ အမှန်လဲတော့ မပြောတတ်ဘူး။ အင်တာနက် သုံးလို့မကောင်းတာကတော့ အမှန်ပဲ” ဟု ပြောသည်။

ယခုကဲ့သို့ အင်တာနက်လိုင်းများ နှေးလာခြင်းနှင့် ပြတ်တောက်ခြင်းတို့မှာ ပြည်တွင်း အင်တာနက်ဆက်သွယ်မှု စနစ်များအား DDos Attack စနစ်ဖြင့် ပြည်ပနိုင်ငံများမှ တိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း ယခုနှစ် အစောပိုင်းတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။

ဆိုက်ဘာတိုက်ခိုက်မှုများကို ၂၀၁၀ ခုနှစ်မှ စတင်ပြီး မကြာခဏ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း မြန်မာတယ်လီပို့မှ ဝန်ထမ်းတဦးက ပြောသည်။

“ပြည်ပ မီဒီယာဝက်ဘ်ဆိုက်တွေကို proxy တွေနဲ့လည်း ဖွင့်လို့မရအောင် ပိတ်တယ်။ ဂျီမေးလ်အကောင့်တွေကိုလည်း ခိုးကြည့်နေတော့ လိုင်းတွေကို တက်လိုက်ကျလိုက်ဖြစ်အောင် ထိန်းထားနေတဲ့အတွက် လိုင်းကျနေတယ်” ဟု မြန်မာတယ်လီပို့မှ အိုင်တီကျွမ်းကျင် ပညာရှင်တဦးကလည်း ပြောသည်။

ပြည်တွင်း အင်တာနက်လိုင်းများအား ရတနာပုံတယ်လီပို့မှ လိုသလို ထိန်းချုပ်၍ရကြောင်း အဆိုပါ အိုင်တီပညာရှင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ထူးကုမ္ပဏီခွဲတခုဖြစ်သော Elite ကုမ္ပဏီမှ ၀န်ဆောင်မှုပေးနေသော အင်တာနက်စနစ်ပါ CDMA 800 MHZ ဖုန်းများတွင်ပါ အင်တာနက်လိုင်းများ ကျဆင်းခြင်း၊ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေသောကြောင့် အဆိုပါဖုန်း အပါအ၀င်၊ EVDO မိုဒန်းများပါ ရောင်းအား ကျဆင်းလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူမှာ ၂၀၀၈ ခုနှစ်တွင် အင်တာနက် သုံးစွဲသူ ၇၈၀၀၀၊ ၂၀၀၉ ခုနှစ်တွင် ၉၃၀၀၀၊၂၀၁၀ ခုနှစ်တွင် ၃ သိန်းကျော်မှ ယခု ၂၀၁၁ တွင် ၃ သိန်း ၅ သောင်းကျော်အထိ တက်လာခဲ့ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဇော်က ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ထားသော လိုင်းအရေအတွက် ၄ သောင်းကျော်ရှိပြီး အများစုမှာ ADSL အင်တာနက် လိုင်းဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း၊ ADSL လိုင်းဖြင့် သုံးစွဲသူမှာ ရန်ကုန်မြို့တွင် အများဆုံးဖြစ်ပြီး ၅ ထောင်ဝန်းကျင် ရှိကြောင်းသိရှိရသည်။

ဒေ၀ူးမှ ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်းကို မေလတွင် အပြီးသတ်တည်ဆောက်မည်

နအဖစစ်အစိုးရ၏ သဘောတူညီမူဖြင့် တောင်ကိုးရီယား ဒေ၀ူးမှ တည်ဆောက်နေသော ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်းကို ၂၀၁၁ ခုနှစ် မေလ အတွင်း အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆိပ်ကမ်းရှိ တံတားဟောင်းကို ယခုအခါ ဖြိုဖျက်ပြီး တံတား အသစ် တည်ဆောက်နေပြီ ဖြစ်ကြောင်းကို ကျောက်ဖြူဒေသခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ တံတားကို စတင် တည်ဆောက်နေပါပြီ။ အရင်တံတား အဟောင်းကို သူတို့ဖြိုချပြီး အသစ် တည်ဆောက်တာပါ။ အဲဒီ ဆိပ်ကမ်း စီမံကိန်းအတွက်လည်း ဆိုင်ခန်းတွေကို အတင်း ဖြိုဖျက် ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲဒီဆိုင်ခန်းတွေကို ငလပွေ့ချောင်းကမ်းထဲမှာ နေရာပေးတဲ့ အတွက် အခုတော့ ဆိုင်ပိုင်ရှင်တွေလည်း အဆင်မပြေ ဖြစ်နေကြပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ကျောက်ဖြူ အမှတ် (၁) ရှိ ဆိုင်ခန်းများကို အစပိုင်းက လျော်ကြေး တစုံတရာ မပေးဘဲ အာဏာပိုင်များက ဖြိုဖျက်ခဲ့သဖြင့် ဆိုင်ပိုင်ရှင်များက မကျေနပ်၍ အထက်ကို စာရေး တိုင်ကြားခဲ့ရာမှ နောက်ပိုင်းတွင် လျော်ကြေး အနည်းငယ်ပေးပြီး ငလပွေ့ချောင်းကမ်းထဲ အတင်းပြောင်းရွှေ့ ပစ်ခဲ့သည်။

ယခု ဆိပ်ကမ်းကို တည်ဆောက်ပြီးစီးပါက ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းအတွက် သင်္ဘောများ အဓိက ၀င်ထွက် ဆိပ်ကပ်သွားလာမည် ဖြစ်ကြောင်း သိရသည်။

“ အခု လောလောဆယ်တော့ လူထုတွေ အငြိုအငြင် မဖြစ်ရအောင် လူထုပိုင် ခရီးသည်နဲ့ ကုန်တင် သင်္ဘောတွေကိုလည်း ၀င်ထွက်သွားလာခွင့်ပြုမယ်ဆိုပီး သူတို့က သတင်း လွှင့်ထားပါတယ်။ အဓိကတော့ ဒီဆိပ်ကမ်းကို ရွှေသဘာဝ စီမံကိန်းအတွက် တည်ဆောက်တာဆိုတော့ သူတို့ သင်္ဘောတွေ ကပ်တာနဲ့ဘဲ တခြား သင်္ဘောတွေ ကပ်လို့ ရကြမှာ မဟုတ်ပါဘူး။ သင်္ဘော ဆိပ်ကမ်း ဟောင်းကို မတည်ဆောက်ဘဲ နှစ်အကြာကြီး ပိတ်ထားပြီး အခုမှ တည်ဆောက်တယ်ဆိုတော့ သူတို့ အကျိုးစီးပွား အတွက် ရည်ရွယ် တည်ဆောက်တာ ဖြစ်ပါတယ်။ လူထု အတွက် မဟုတ်ပါဘူး” ဟု သူက ဆက်ပြောသည်။

ဆိပ်ကမ်းရှိ ယခင် အလျားမီတာ ၂၀ ရှိသော တံတားအဟောင်း နေရာတွင် အလျား မီတာ ၈၀ အရှည်ထိ ဆိပ်ခံတံတားကို တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ ဆိပ်ကမ်းကို ၂၀၁၀ စက်တင်္ဘာလမှ စတင် အကောင်အထည်ဖေါ် တည်ဆောက်နေခြင်း ဖြစ်သည်။

ပြောက်ကျားတိုက်ပွဲကြောင့် နအဖ အရာရှိများပါ ထိခိုက်

ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၇)နယ်မြေရှိ ကလို့ယော်ထာ့တွင် ကေအဲန်အယ်အေ တပ်ဖွဲ့ဝင်များက နအဖတပ်ဖွဲ့ကို မတ်လ ၁၅ရက်နေ့က ပြောက်ကျားတိုက်ခိုက်ရာ နအဖဘက်မှ တပ်ရင်းမှူး အပါအ၀င် ၃ဦး ထိခိုက်သွားခဲ့ သည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသည်။


ထိုနေ့မနက် ၅း၃၀နာရီတွင် စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၁၂) လက်အောက်ခံ ခမရ(၅၄၆)တပ်ကို ကရင်အမျိုးသားလွတ် မြောက်တပ်ဖွဲ့(ကေအဲန်အယ်လ်အေ) တပ်မဟာ(၇)လက်အောက်ခံတပ်ရင်းများ ပြောက်ကျားတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး နှင့် တပ်ကြပ် ၂ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက အတည်ပြု ပြောဆိုသည်။

သူက “မနက် ၅နာရီခွဲလောက်မှာ ပစ်ခတ်မှုဖြစ်တာ ခဏလေးပါပဲ။ နအဖဘက်က တက်လာတော့ ကျနော်တို့ဘက် တပ်ရင်း (၁၉)နဲ့ တပ်ရင်း(၂၁)က ရဲဘော်တွေနဲ့ ပစ်ခတ်မှုဖြစ်တယ်လေ။ အဲဒီမှာ ကျနော်တို့ သိရသလောက်က ခမရ(၅၄၆) တပ်ရင်းမှူး နဲ့ တပ်ကြပ်နှစ်ယောက် ထိခိုက်တယ်။ အဲဒီထဲမှာ တပ်ကြပ်တယောက်က ဒဏ်ရာပြင်းတယ်လို့ သိရတယ်။”ဟု ဆိုသည်။

ထိုနေ့မတိုင်ခင် မတ်လ ၁၄ရက် မွန်းလွဲ ၁နာရီခန့်ကလည်း ကော့ကရိတ်မြို့အထွက် ကြောင်လျှာကုန်းနှင့် အနီးတ၀ိုက်တွင် ဒီကေဘီအေမှ နအဖ၊ ဗိုလ်မှူးမုတ်သုန်၏ နယ်ခြားစောင့်တပ်များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် နအဖ၊ နယ်ခြားစောင့်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိသည်ဟု သိရသော်လည်း အတိအကျကိုမူ မသိရှိရပေ။

ဂျပန်ငလျင်၊ ဆူနာမီနှင့် အနုမြူပြဿနာ

ဘိုဘိုကျော်ငြိမ်း

မတ်လ ၁၁ ရက်နေ့က လှုပ်သွားတဲ့ ဂျပန်ငလျင်ဟာ ၁၉ဝဝ ခုနှစ် စရင်းစကောက်ချိန်ကစပြီး ပဉ္စမအကြီးဆုံး ငလျင်ကြီးတခု ဖြစ်တယ်။ ဂျပန် ကျွန်းဟာ ၁၂-၁၃ ပေ အရှေ့ဘက်ကို ရွေ့သွားပြီး ကမ္ဘာ့ ဝင်ရိုးတောင် ၆.၅ လက်မ ပြောင်းလဲ သွားတယ်။ ကမ္ဘာကြီး လည်ပတ်မှုတောင် ၁.၈ မိုက်ခရိုစက္ကန့် (၁ စက္ကန့်= မိုက်ခရိုစက္ကန့် ၁သန်း) နှေးသွားတယ်လို့ နာဆာ ပညာရှင် Richard S Gross ရဲ့ တွက်ချက်မှုအရ သိရတယ်။ ဒါကြောင့် ဒီငလျင်ဟာ ဒုတိယကမ္ဘာ စစ်အပြီး ဂျပန်နိုင်ငံအတွက် အဆိုးဆုံး သဘာဝဘေးဒဏ်ဖြစ်တယ်။ ဂျပန်နိုင်ငံဟာ ငလျင်ကြောပေါ်မှာ ရှိတာကြောင့် ငလျင်အတွက် ပြင်ဆင်မှုရှိတယ်။

ပြဿနာက ငလျင်ကြောင့်ဖြစ်လာတဲ့ ဆူနာမီပဲ။ ဆူနာမီ ဆိုတာကလည်း ဂျပန်စကားပါပဲ။ တိုက်တွေလောက်ကြီးတဲ့ လှိုင်းလုံးကြီးတွေ ကမ်းပေါ်ကို ရောက်လာပြီး၊ ကမ်းခြေမှာရှိတဲ့ အိမ်ခြေ မြို့ရွာတွေကို တိုက်စားသွားနိုင်တဲ့ လှိုင်းကြီးတွေကို ဆူနာမီလို့ခေါ်တာပါ။

ပိုရှင်းသွားအောင် ဘာကြောင့် ငလျင်လှုပ်တာလဲ၊ ငလျင်ကြောင့် ဆူနာမီဘယ်လို ဖြစ်ရတာလဲဆိုတာကို ကြည့်ကြရအောင်။

ကျနော်တို့ရဲ့ကမ္ဘာကြီးဟာ တကယ်တော့ အသေမဟုတ်ဘူး၊ အရှင်လို့ပြောရလိမ့်မယ်။ ဆိုလိုတာက ကျနော်တို့ ရပ်နေတဲ့ မြေပြင်ကြီးဟာ တကယ်တော့ (ရွေ့)နေတာပါ။ ဥပမာ ရန်ကုန်မြို့အောက်မှာ ကမ္ဘာမြေကြီးရှိတယ်။ ဒီကမ္ဘာမြေကြီးဟာ အမြဲဒီနေရာမှာပဲ တည်တန့်နေမှာ မဟုတ်ဘူး။ ရွေ့နေတာက တနှစ်မှာ ၁ စင်တီမီတာ၊ ၂ စင်တီမီတာ ရွေ့တာဆိုတော့ တိုတောင်းလှတဲ့ လူ့သက်တန်းမှာ ရွေ့တယ်လို့ မထင်ရဘူးပေါ့။ ဒါပေမဲ့ နှစ်ပေါင်း သန်းရာနဲ့ ထောင်နဲ့ချီပြီး ကြာတဲ့ကာလမှာမှ ရွေ့ရှားမှုဟာသိသာလာပါတယ်။ ဥပမာ ကမ္ဘာတည်ပြီးစ တည်ငြိမ်လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၃,၁ဝဝ လောက် ကာလမှာ အခုလို ကုန်းတိုက်ကြီး ၇ တိုက် မရှိပါ။ ကုန်းမြေတွေအားလုံးဆက်နေတဲ့ တိုက်ကြီးတတိုက်ပဲရှိပြီး၊ ရေတွေ ဝိုင်းရံလျက်ရှိပါတယ်။ Super Continentလို့ ခေါ်ပါတယ်။ သိပ္ပံပညာရှင်တွေက နောက်နှစ်ပေါင်း သန်း ၁,ဝဝဝ ကျော်ရင် တိုက်တွေအားလုံး စုပေါင်းလာပြီး၊ Super Continent ပြန်ဖြစ်မယ်လို့ ကွန်ပြူတာ စင်မြူလေးရှင်းလို့ခေါ်တဲ့ တွက်ချက်နည်းအရ ကြိုတင် ဟောကိန်းထုတ်ထားကြပါတယ်။ လက်ရှိ အိန္ဒိယတိုက်ငယ်ဟာ နှစ်သန်းပေါင်းများစွာက အာဖရိကတိုက်နဲ့ ကပ်လျက်ရှိရာကနေ အခုနေရာဆီ တဖြည်းဖြည်း ရွေ့လာတာပါ။

တိုက်ကြီးတွေနဲ့ သမုဒ္ဒရာတွေအောက်မှာ တက်တောနစ်ပလိပ် Tectonic Plates လို့ခေါ်တဲ့ ကမ္ဘာ့ကျောက်လွှာထုကြီးတွေ ရှိပါတယ်။ စက်ရုံတွေမှာ တွေ့လေ့တွေ့ထရှိတဲ့ သံမဏိအပြား Iron Plates ဒါမှမဟုတ် Iron Sheets တွေကို ပြေးမြင်ကြည့်ပါ။ ဘေဆော့ basalt နဲ့ ဂရင်နိုက် granite လို့ ခေါ်ကြပြီး၊ ၅ မိုင်ကနေ မိုင် ၃ဝ အထိ ထူပါတယ်။ ဒီကျောက်လွှာထုတွေအောက်မှာ တဝက်တပျက် အရည်ပျော်နေတဲ့ စီးကပ်ကျောက်အရည် Viscous semi-molten rocks တွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ကမ္ဘာ့ကျောက်လွှာထုကြီး Tectonic Plates တွေဟာ ရွေ့လျားနေကြပါတယ်။

ဒီ Tectonic Plates တွေဟာ တခုနဲ့တခု ထိတွေ့တဲ့ နေရာမှာ အစဉ်တွန်းလျက် အားပြိုင်နေကြပါတယ်။ Tectonic Plate တွေ ထိတွေ့ဆက်စပ် တွန်းအားပြိုင်ရာ လမ်းကြောင်းတွေကို Fault Line ငလျင်အကြောလို့ ခေါ်ကြပါတယ်။ စာဖတ်သူတို့ ကျွဲ ၂ နှစ်ကောင် ခေါင်းချင်းဝှေ့နေတာကို ပြေးမြင်ကြည့်ပါဦး။ အားချင်းမျှနေလို့ ကျွဲနှစ်ကောင် ရွေ့တယ်လို့ မထင်ရပေမယ့် ကျွဲနှစ်ကောင်ရဲ့ တွန်းအားဟာ ထိတွေ့တဲ့နေရာမှာ အားတွေ စုနေပါတယ်။ တချက်လှုပ်ခါသွားမှ အားလွတ်ထွက်ပြီး၊ အားနဲ့ရွေ့လျားသွားတတ်ပါတယ်။ အဲဒီနည်းတူစွာ Tectonic Plates တွေဟာ သူတို့ထိတွေ့ရာမှာ တခုနဲ့တခု အတင်းတွန်းနေပါတယ်။ ဒီတွန်းအားတွေကြောင့် စွမ်းအင် Energy ဟာ အဲဒီဆုံမှတ်နေရာမှာ (စု) နေပါတယ်။ အဲဒီအင်အားတွေ လျှပ်တပြက် အတင်းတုန်ခါ လွတ်မြောက်သွားရင် ငလျင်အကြော Fault Line အတိုင်း ငလျင်လှုပ်တာ ဖြစ်ပါတယ်။

တကယ်တော့ ငလျင်လှုပ်တယ်ဆိုတာက ပလိပ် Plate တွေ တိုက်ပြီး၊ စုနေတဲ့ စွမ်းအင်၊အင်အားတွေ လွတ်ထွက်သွားတာပါ။ ငလျင်လှုပ်ရင် ဘေးတိုက်လှုပ်တာ ရှိသလို၊ အပေါ်အောက်လှုပ်တာ ရှိပါတယ်။ ကံဆိုးတာက ဂျပန်နိုင်ငံဟာ Tectonic Plates ၄ ခု ဆုံရာ ငလျင်ကြောတွေပေါ်မှာ တည်ရှိနေတာပါ။ ဒါကြောင့် ငလျင် ခဏခဏ အလှုပ်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီနည်းတူ အမေရိကန် အနောက်ဘက်ကမ်း တခုလုံးဟာလည်း ငလျင်ကြောတွေအပေါ် တည်ရှိပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ငလျင် ခဏခဏ အလှုပ်ခံရပါတယ်။

ဂျပန်ဟာ မြောက်အမေရိကား၊ ပစိဖိတ်၊ ယူရိုအာရှ Eurasian နဲ့ ဖိလစ်ပိုင် Plates တွေ လာ(စုံ)ရာ ဖြစ်ပါတယ်။ ဂျပန်မြောက်ပိုင်းဟာ မြောက်အမေရိကား Plate ရဲ့ အနောက်အစွန်းဖျားမှာ တည်ရှိပြီး၊ ဂျပန်တောင်ပိုင်းက ယူရိုအာရှ Plate အပေါ် တည်ရှိပါတယ်။

အခုလှုပ်သွားတဲ့ ငလျင်မှာ တိုကျိုမြို့ကနေ အရှေ့မြောက် ၂၃၁ မိုင်နဲ့ ဟွန်ရှူးကျွန်း စင်ဒိုင်မြို့ အရှေ့ဘက် မိုင် ၈ဝ ပစိဖိတ်သမုဒ္ဒရာအောက် Japan Trench အနီး ဖြစ်ပွားတာပါ။ ဒီနေရာမှာ ပစိဖိတ် ပလိပ်ဟာ မြောက်အမေရိကား ပလိပ်နဲ့ အားချင်းပြိုင် ထိပ်တိုက်တွန်းကြရာကနေ ပစိဖိတ်ပလိပ်ဟာ မြောက်အမေရိကား ပလိပ်အောက်ထဲ တဖြည်းဖြည်း ထိုးဆင်းသွားခြင်းပါ။ ဒီလိုနေရာကို Seduction zone (Trench) လို့ ခေါ်ကြပါတယ်။ တချိန်မှာ (အား) တွေ စုစည်းနေရာကနေ လွတ်ထွက်ပြီး၊ အပြင်းအထန် လှုပ်ရှားတာလည်း ဖြစ်တန်ပြန်ပါတယ်။ အပေါ်အောက် လှုပ်ရှားခြင်းပါ။ အဲဒီလို ပစိဖိတ် Plate က အောက်ထဲ လျှိုဝင်အဖိခံခြင်းကနေ ရုန်းထွက်ပြီး၊ အပေါ်ကို ပြန်ဦးမော့လာတာကြောင့် သမုဒ္ဒရာအောက် မြေကြီးဟာ အပေါ်ကိုမြင့်တက်လာကာ အရှေ့ဘက်ဆီ ၁၂-၁၃ ပေလောက် ရွေ့သွားပါတယ်။ ဗဟိုချက်မဟာ သမုဒ္ဒရာအောက် ၁၅.၂ မိုင်မှာ ဖြစ်ပွားတာကြောင့် တိမ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလို သမုဒ္ဒရာအောက် ကမ္ဘာမြေကြီး ပြောင်းလဲမှုကြောင့် အရှိန်နဲ့ဖယ်ရှားခံရတဲ့ ပင်လယ်ရေတွေဟာ အရပ်လေးမျက်နှာဆီ လှိုင်းနှစ်ခုသဏ္ဍာန် ရွေ့လျားသွားကြပါတယ်။ တနာရီမှာ မိုင် ၅ဝဝ နှုန်းနဲ့ ရွေ့လျားတယ်လို့ တွက်ချက်လို့ ရပါတယ်။

လှိုင်းတွေဟာ သမုဒ္ဒရာရေကြောကို ဖြတ်သန်းရာမှာ အတိုက်ခံမရှိလို့ မကြီးမားပေမယ့် ကမ်းခြေနဲ့ နီးလာတာနဲ့အမျှ အနောက်က ပါလာတဲ့ အရှိန်နဲ့၊ အရှေ့က ကာဆီးထားမှုကြောင့် လှိုင်းလုံးကြီးတွေဟာ ကမ်းခြေနဲ့ နီးလေကြီးလာလေ ဖြစ်ပါတယ်။ ဆူနာမီဆိုတာက လှိုင်းတခုထဲ မဟုတ်ပါဘူး။ အရှိန်ကြီးရင် ကြီးသလို လှိုင်းလုံးကြီးတွေ ဆက်တိုက် လိုက်လာပြီး၊ Plates တွေ နှစ်ပေါင်းများစွာ ထိပ်တိုက်တွန်းကြရင်း စုပြုံနေတဲ့ စွမ်းအားတွေဟာ လှိုင်းအရှိန်အဖြစ် ပြောင်းလဲသွားတာကြောင့် ဒီလှိုင်းတွေရဲ့ အင်အားဟာ အလွန်ပဲ ကြီးမားလှပါတယ်။ ငလျင်လှုပ်ရာ ဗဟိုနဲ့နီးလေ အင်အားကြီးမားလေ ဖြစ်ပါတယ်။ အခုလှုပ်တဲ့ ဗဟိုဟာ ဂျပန်ကျွန်းနဲ့ မိုင် ၈ဝ ပဲဝေးတာမို့၊ ထွက်ပြေးဖို့လည်း သိပ်အချိန်မရ၊ လှိုင်းအရှိန်ကလည်း ကြီးမားလှပါတယ်။ ဒါကြောင့် တနေရာမှာ အတွင်းပိုင်းထဲ ၆ မိုင်အထိ ရေတွေဝင်လာကြပါတယ်။ အလွန်အင်အားကြီးမားတဲ့ လှိုင်းလုံးကြီးတွေဟာ အိမ်တွေ၊ ကားတွေကို အရုပ်လေးတွေလိုပဲ ဖယ်ရှားသယ်ဆောင်သွားနိုင်တာ ဖြစ်ပါတယ်။ လှိုင်းအမြင့်က ပေ ၂ဝ အထိ မြင့်တယ်လို့ ဆိုကြပါတယ်။

ဒီငလျင်ကြီး ပြီးသွားတဲ့အခါ Plate နှစ်ခုဟာ ဆက်တွန်းနေကြပြန်ပြီ။ နောင်နှစ်ပေါင်း ၅ဝဝ-၁ဝဝဝ လောက်မှ တခါ ငလျှင်ကြီး ထပ်လှုပ်ပါမယ်။ တချို့ပညာရှင်တွေက ဒီငလျင်မျိုးဟာ နှစ် ၅ဝဝ မှာမှ တခါလှုပ်တတ်တယ်လို့ ဆိုသလို၊ တချို့က ၁၇ဝဝ ခုနှစ် လောက်တုန်းက တခါလှုပ်ဖူးကြောင်း ရာဇဝင်မှာ မှတ်တမ်းရှိတယ်လို့ ထောက်ပြကြပါတယ်။

ငလျင်ကို လေ့လာကြတဲ့ သိပ္ပံရဲ့ ပြဿနာမှာ နောက်တခါလှုပ်ဖို့ အချိန်တန်ပြီလို့ ပြောနိုင်ပေမယ့် ဘယ်အချိန်မှာ ဒီစွမ်းအင် အင်အားတွေ လွှတ်ထွက်မှာကို မသိနိုင်ကြသေးပါ။ ဥပမာ ငလျင်လှုပ်မှု အချိန်ဇယားကို ကြည့်ပြီး၊ အနှစ် ၁ဝဝ မှာ တခါလှုပ်တယ်၊ အနှစ် ၂ဝဝ မှာ တခါလှုပ်မယ်လို့ ခန့်မှန်းခြေ ပြောနိုင်ပေမယ့် အတိအကျ ဘယ်တော့လှုပ်မယ်လို့ ပြောနိုင်လောက်အောင် သိပ္ပံက မထွန်းကားသေးပါ။ ကမ္ဘာမြေပြင်ပေါ်မှာပင် ကိရိယာတွေ မြှုပ်နှံပြီး၊ tremor လို့ ခေါ်တဲ့ တုန်ခါမှု အသေးတွေကို တိုင်းထွာခန့်မှန်းနိုင်ပေမယ့် Plate အဆင့်အထိ ဖြစ်စဉ်ကို မတိုင်းနိုင်ကြသေးပါ။

ဒါကြောင့် ဒီ ၂ဝ၁၁ ခု ဂျပန်ငလျင်မှာ ဆူနာမီက ငလျင်ထက် ကြီးမားတဲ့ ပျက်စီးမှုကို ဖြစ်စေပါတယ်။ ဆူနာမီ ဖျက်စီးမှု နောက်ဆက်တွဲမှာ အနုမြူဓာတ်ပေါင်းဖိုတွေ ပေါက်ကွဲမှုကြောင့် Radiation အနုမြူရောင်ခြည် ပျံ့နှံ့မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ကမ္ဘာမှာ စွမ်းအင်အသုံးဆုံး ၂ နေရာ ရှိပါတယ်။ လျှပ်စစ်နဲ့ ကား၊ လေယာဉ်၊ ရထားတွေ မောင်းနှင်ဖို့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေ၊ လူနေအိမ်တွေ မီးရဖို့ လျှပ်စစ်ထုတ်လုပ်ရပါတယ်။ ဒီနေ့ခေတ်မှာ လျှပ်စစ်အပေါ် အားလုံး မီခိုနေကြရရာ လျှပ်စစ်မရှိရင် မည်ရွေ့မည်မျှ ဒုက္ခရောက်ကြောင်း မြန်မာနိုင်ငံသားတွေ အသိဆုံးပါ။ လျှပ်စစ်ထုတ်လုပ်ဖို့ လျှပ်စစ်တာဘိုင် စက်ကြီးတွေကို လည်စေရပါတယ်။ ရေအားဖြင့်သော်လည်းကောင်း၊ အပူအားဖြင့်သော်လည်းကောင်း၊ လေအားဖြင့်သော်လည်းကောင်း ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စသည်တို့ကို မီးရှို့ခြင်းဖြင့်သော်လည်းကောင်း ဒီ လျှပ်စစ် တာဘိုင်တွေကို လည်စေခြင်းဖြင့် လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ရပါတယ်။ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စတာတွေကို မီးရှို့တဲ့အခါ ကာဘွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထွက်ကာ၊ ဒီဓာတ်ငွေ့ဟာ လေထုကို ညစ်ညမ်းစေပြီး၊ နေမှ အပူဓာတ်ကို စုပ်ယူထားတာကြောင့် Global Warming လို့ ခေါ်တဲ့ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေပါတယ်။

သိပ္ပံညာရှင် အိုင်စတိုင်းရဲ့ ကမ္ဘာကျော် ဖော်မြူလာ ရှိပါတယ်, E=mc2 ။ Mass ဒြပ်ထုနဲ့ စွမ်းအင် Energy ရဲ့ ဆက်စပ်မှုကို ဖော်ထုတ်ထားတဲ့ ဖော်မြူလာဖြစ်ပါတယ်။ အနုမြူဗုံးဟာ အနုမြူတွေ ခွဲထုတ်ပြီး၊ ဆက်တိုက်ပြိုကွဲစေပြီး ထွက်ပေါ်လာတဲ့စွမ်းအင်ကို လက်နက်အဖြစ် သုံးတာပါ။ အဲဒီနည်းတူ အနုမြူစွမ်းအင်ကို ထိန်းချုပ်မှုရှိတဲ့ ပတ်ဝန်းကျင်မှာ အကျိုးရှိရှိသုံးနိုင်ပြန်ပါတယ်။ လွယ်လွယ်နားလည်အောင် ပြောရရင် သဘာဝအရ မတည်ငြိမ်တဲ့ ယူရေနီယမ် ၂၃၈ ဟာ ပိုပေါ့ပါးတဲ့ ယူရေနီယမ် ၂၃၄ ဘဝဆီ ကူပြောင်းစဉ် စွမ်းအင်အဖြစ် ဂန္မာရောင်ခြည် (Gamma Rays) တွေ ထွက်ပြီး၊ နြူထရွန် neutron တွေ ထွက်ကျလာပါတယ်။ သဘာဝအရ ဒီဖြစ်စဉ်ဟာ နှစ်ပေါင်း သန်းပေါင်းများစွာ ကြာပါတယ်။ ဒါကြောင့် ထွက်ကျလာတဲ့ နြူထရွန်တွေကို တခြား ယူရေနီယမ် နြူကလီးယပ်စ်နဲ့ တိုက်စေရာမှာ နြူထရွန်တွေ ထွက်ကျစေတာကို ဆက်တိုက်ပြိုကွဲစေပြီး Chain Reaction လို့ ခေါ်ပါတယ်။ ဒီဖြစ်စဉ်ကနေ (အပူ) ဓာတ်ထွက်ပါတယ်။ ဒီအပူဓာတ်ကိုသုံးပြီး ရေကို (ဆူ) စေကာ၊ ရလာတဲ့ (ရေနွေးငွေ့) ရဲ့ စွမ်းအားနဲ့ လျှပ်စစ် တာဗိုင်တွေကို လည်စေကာ လျှပ်စစ်ထုတ်ပါတယ်။

ဒါပေမဲ့ ဒီဖြစ်စဉ်မှာ ယူရေနီယမ် ၂၃၄ ဟာ အနုမြူရောင်ခြည်လို့ခေါ်တဲ့ Radiation ကို ထုတ်လွင့်ပြီး၊ ဒီရောင်ခြည်ဟာ လူ့ခန္ဓာကိုယ်ရှိ ဆဲလ်တွေကို ဖျက်ဆီးနိုင်တာကြောင့် လူသားတွေအတွက် အလွန်အန္တရာယ် ကြီးမားလှပါတယ်။ ဒါကြောင့် Radiation ကို ထုတ်လွင့်နေတဲ့ ယူရေနီယမ် ၂၃၄ တွေ အပြင်ဘက် ပြန့်မထွက်ဖို့ အလွန်ထူတဲ့ သံမဏိသံပေါင်းဖိုတွေမှာထားပြီး၊ ထပ်ဆင့်အလွန်ထူတဲ့ ကွန်ကရစ်အကာ အဆောက်အအုံတွေထဲ ထားရပါတယ်။

ထပ်တူအရေးကြီးတာက အပူလွန်ပြီး ပေါက်ကွဲမှုမဖြစ်စေဖို့၊ လျှပ်စစ်တာဘိုင်တွေကို လည်စေတဲ့ ရေနွေးငွေ့တွေကို ရေကန်ထဲဖြတ်စေကာ အပူကို လျော့ချစေရပါတယ်။ ဒီရေကန်ထဲဆီ ဒီဇယ်ဆီနဲ့ မောင်းနှင်တဲ့ ရေစုပ်စက်တွေမှ ပိုက်တွေကတဆင့် (ရေ) တွေကို ပို့ပေးရပါတယ်။ တချိန်ထဲမှာ သံမဏိ သံပေါင်းဖိုတွေကို ရေလှည့်ပတ်မှုနဲ့ အပူမလွန်ဖို့ ထိန်းပေးထားရပါတယ်။

ဒီအနုမြူဓာတ်ပေါင်းဖို ဒီဇိုင်းမှာ ၁၉၇ဝ ခေတ်ကဖြစ်ပြီး၊ နှစ် ၄ဝ ကျော်ပါပြီ။ ခေတ်ပေါ် ဒီဇိုင်းတွေမှာ ရေကိုသုံးပြီး၊ အအေးခံတဲ့ စနစ်ကို မသုံးကြတော့ပါ။ ဂျပန်ရဲ့ ပြဿနာမှာ တာဝန်ရှိသူတွေဟာ ငလျင်ရန်ကို စိုးရိမ်ကြလို့ ငလျင်ဖြစ်တာနဲ့ အလိုလျောက် ရပ်ဆိုင်းခြင်း Automatic Shutdown ကို အလေးပေးခဲ့ကြပေမယ့် ဆူနာမီရန်ရဲ့ အန္တရာယ်ကို အလေးမပေးမိကြ။ ဒါ့အပြင် နားလည်သူတွေက သတိပေးတဲ့ကြားက ဒီဇယ် ရေစုပ်စက်တွေကို နေရာမရွှေ့မိခဲ့ကြ။ ဒီအနုမြူဓာတ်ပေါင်းဖို ၆ ခုကို တနေရာတည်းမှာ စုပြုံထားမိတာကလည်း တဒုက္ခ။

ပြဿနာမှာ ဆူနာမီကြောင့် အရန်အပို မီးပေးစနစ် Backup electricity system ပျက်သွားပြီး လျှပ်စစ်မရှိလို့ ရေစုပ်စက်တွေ မလည်နိုင်။ ဒါ့ကြောင့် ရေပြတ်သွားတာကြောင့် ဒီအနုမြူဓာတ်ပေါင်းဖိုတွေ အပူလွန်ကာ ပြဿနာတက်ခြင်း ဖြစ်ပါတယ်။ လျှပ်စစ်ထုတ်လုပ်တဲ့ ဒီအနုမြူဓာတ်ပေါင်းဖိုမှာ လျှပ်စစ်ပြတ်သွားခြင်း ဖြစ်ပါတယ်။ နောက်ဆုံး အပူလွန်ပြီး အဆောက်အအုံတွေ ပေါက်ကွဲကာ Radiation တွေ လေထဲလွင့်သွားပါရင်၊ ကမ္ဘာ့လေကြောင်းတွေမှတဆင့် တခြားနိုင်ငံတွေဆီ ပျံ့နှံ့ကုန်ပါရင် လူတွေအတွက် အန္တရာယ်ရှိပါတယ်။ Radiation ပျံ့နှံ့မှုများရင်သော်လည်းကောင်း၊ အနီးကပ်ဖြစ်ရင်သော်လည်းကောင်း၊ အန္တရာယ် ပိုကြီးပြီး၊ Radiation နည်းနည်း လေထဲမှ ရှူမိရင် ရေရှည်မှာ ကင်ဆာဖြစ်နိုင်တာကြောင့် လူတွေ စိုးရိမ်ကြခြင်း ဖြစ်ပါတယ်။

ပြဿနာမှာ Radioactive ဖြစ်နေတဲ့ အရာဝတ္ထုတွေ လေမှတဆင့် မိုးရေနဲ့ ရောသွားပါရင် Radiation Rain ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အက်စစ်မိုး Acid Rain နဲ့ ဘာမှမဆိုင်ပါ။ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တွေကို မီးရှို့ပြီး၊ လျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံတွေဟာ စီအိုတူးလို့ခေါ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့တွေကို လေထဲမှုတ်ထုတ်ကြပါတယ်။ အဲဒီနည်းတူ အကြီးစားစက်မှုလက်မှု စက်ရုံတွေဟာလည်း ဆာလ်ဗါဒိုင်အောက်ဆိုဒ်နဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ်တွေကို လေထုထဲ စွန့်ထုတ်ပါတယ်။ အလားတူပင် သန်းပေါင်းများစွာသော ကားတွေကနေ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို မှုတ်ထုတ်ကြကာ လေထုထဲ ပျံ့နှံ့စေပါတယ်။

ဒီဓာတ်ငွေ့တွေဟာ မိုးရေနဲ့ ပေါင်းမိတဲ့အခါ အက်ဆစ်တွေအဖြစ် ပြောင်းလဲကာ မိုးထဲမှာ အက်ဆစ်တွေ ပါလာတဲ့အတွက် ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဥပမာ အက်ဆစ်ကြောင့် သစ်ပင်တွေ၊ ပန်းပင်တွေ သေစေနိုင်ပါတယ်။ အဆောက်အအုံတွေ သံချေးတက်နိုင်ပါတယ်။ ဒါ့ကြောင့် အမေရိကန်မှာ လေထုထဲကို ညစ်ညမ်းတဲ့ ဓာတ်ငွေ့တွေ မှုတ်ထုတ်မှုကို အသေအချာ သုတေသနပြုပြီးမှ ဥပဒေနဲ့ တားမြစ်လာရပါတယ်။ ဒါပေမဲ့ Radiation နဲ့ အက်ဆစ်မိုးနဲ့က ဘာမှ မဆိုင်ပါ။

နောက် မိုးလေဝသပညာအရ ကမ္ဘာ့လေကြောတွေဟာ နာရီပတ်တံနဲ့ ပြောင်းပြန် (လက်ဝဲရစ်) လည်ပတ်ပါတယ်။ ဒါကြောင့် ဂျပန်၊ တရုတ်ပြည်မှ လေတွေဟာ မြန်မာနိုင်ငံဆီ တိုက်ခတ်မလာပါ။ အမေရိကန် နိုင်ငံဘက်သာ သွားနိုင်တယ်။ အိန္ဒိယ သို့မဟုတ် မြန်မာရဲ့ အရှေ့မှာရှိတဲ့ နိုင်ငံတွေ (အီရန်လိုနိုင်ငံမျိုး) ဖြစ်ခဲ့ရင် အန္တရာယ် ရှိနိုင်ပါတယ်။ ကျနော် ဥာဏ်မီသလောက် တင်ပြခြင်းပါ။

အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ အနုမြူ ကောလာဟလတွေကိုယုံပြီး၊ မြန်မာပြည်သူတွေ စိုးရိမ်စိတ် များနေမှာကို စိုးလို့ ဒီဆောင်ပါး ရေးရခြင်းပါ။ မကြာခင် ဟိုက်ထရိုဂျင်ခေတ်ဆီ ရောက်လာရမှာက မော်တော်ကားတွေဟာ ရေနံမှဖြစ်တဲ့ ဓာတ်ဆီအစား ဟိုက်ထရိုဂျင်ကို လောင်စာအဇြစ်သုံးပြီး၊ ကာဘွန်ဒိုင်အောက်ဆိုဒ်အစား ရေသာ ထွက်လာကာ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်မယ်။

အခုအသုံးပြုနေတဲ့ အနုမြူနိဿရမှာ ဖစ်ရှင် Fission လို့ ခေါ်ပါတယ်။ နေမင်းကြီးမှာ သဘာဝအလျောက် စွမ်းအင်ထုတ်လုပ်တဲ့ နည်းမှာ ဖြူရှင် Fusion လို့ ခေါ်ပါတယ်။ ဖြူရှင် Fusion ဟာ ဖစ်ရှင် Fission ရဲ့ ပြောင်းပြန်ဖြစ်တယ်။ ဖစ်ရှင် Fission ဟာ ပိုကြီးတဲ့ အနုမြူကို ခွဲပြီး၊ ပိုငယ်တဲ့ အနုမြူကို ဖော်ထုတ်ခြင်းပါ။ ဖြူရှင် Fusion မှာ ပိုငယ်တဲ့ အနုမြူ နှစ်ခုကို ပေါင်းစပ်ပြီး၊ ပိုကြီးတဲ့ အနုမြူကို ဖော်ထုတ်တာပါ။ ဒါပေမဲ့ စွမ်းအင်ထုတ်လုပ်မှုမှာ ဖြူရှင် Fusion က ဖစ်ရှင် Fission ထက် ၃ - ၄ ဆ ပိုထုတ်နိုင်ပါတယ်။

အနုမြူဗုံး (Atomic Bomb) ထက် အစွမ်းထက်တဲ့ ဟိုက်ထရိုဂျင်ဗုံး ဆိုတာက ဖစ်ရှင် Fission ကို သုံးပြီး၊ ဖြူရှင် Fusion ဖြစ်စဉ် Reaction ရအောင် လုပ်ကာ လက်နက်အဖြစ် သုံးခြင်းပါ။ ဖြူရှင် Fusion ဖြစ်ဖို့ ဖိအားနဲ့ အပူလိုတယ်။ သိပ္ပံပညာရှင်တွေ ဖြူရှင် Fusion အနုမြူဓာတ်ပေါင်းဖို တည်ဆောက်နိုင်ဖို့ သုတေသန လုပ်နေတာ နှစ်ပေါင်း ၅ဝ ကျော်ပြီ။ မအောင်မြင်သေးပါ။ သုံးရတဲ့ စွမ်းအင်က ထွက်လာတဲ့ စွမ်းအင်ထက် များနေလို့ပါ။ ဖြူရှင် Fusion ရဲ့ အားသာချက်မှာ လူတွေကို ဒုက္ခပေးနိုင်တဲ့ radioactive particles အနုမြူရောင်ခြည်လွှမ်းအရာတွေ များများစားစား မဖော်ထုတ်ခြင်းဖြစ်ပြီး၊ ပိုအသုံးဝင်တဲ့ သိပ္ပံနည်းပညာ ဖြစ်ပါတယ်။

လောလောဆယ် အနုမြူအတတ်ပညာမှာလည်း သုံးပြီးသား ယူရေနီယမ် အချောင်းတွေကို လောင်စာအဖြစ် အသုံးပြုတဲ့ Breeder Reactor ဆိုတာ ပေါ်နေပါပြီ။ ဒါ့ကြောင့် Radioactive ဖြစ်တဲ့ လောင်စာတွေကို မြေကြီးအောက်မှာ မြှုပ်ပြီး စွန့်လွှတ်စရာ မလိုတော့ပါ။

ဒီမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဂျပန်တွေကို အတုယူသင့်တာတွေ ရှိပါတယ်။ ဂျပန်တွေဟာ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့စိတ် အင်မတန် ပြင်းထန်တယ်။ ဂျပန်ထုတ်ပစ္စည်းမှ ကောင်းတယ်။ ဂျပန်ဆန်ကမှ တကယ့် ဆန်ဆိုပြီး ဂျပန်မှ ဂျပန်စိတ် ရှိပါတယ်။ စည်းကမ်းရှိတဲ့ နေရာမှာလည်း စံယူသင့်ပါတယ်။ သဘာဝ ဘေးဒုက္ခ ရောက်တာတောင် ခိုးဝှက်မယ့်သူတွေ မရှိတာကြည့်ပြီး ကမ္ဘာက ချီးကျူးရတယ်။ ဟေတီမှာ ငလျင်လှုပ်တော့ ခိုးလိုက်ကြတာ သောက်သောက်လဲ။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ သူခိုးတွေ။

နောက် သတိပြုစေချင်တာက အနုမြူပညာဆိုတာ လူတွေ သေကြေဖို့ ဗုံးအဖြစ် သုံးနိုင်သလို ထိန်းချုပ်နိုင်တဲ့ ပတ်ဝန်းကျင်မှာ လူတွေကို အလင်းပေးတဲ့၊ အကျိုးပြုတဲ့ လျှပ်စစ်ထုတ်လုပ်ရာမှာလည်း အသုံးချနိုင်ပါတယ်။ စစ်တပ်ဆိုတာလည်း ထိုနည်းတူပါပဲ။ စိတ်ထားမှန်ရင် တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုနိုင်တဲ့ ကဏ္ဍကနေ ရပ်တည်နိုင်ပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,20th,2010

( 15 )Golden Triangle opium still linked to insurgencies

( 14 )ဘင်္ဂလားဒေ့ရှ် အမျိုးသမီးများ ခရီးရှည်ချီတက်ပွဲ မြန်မာအမျိုးသမီးများ ပါဝင်

( 13 )Fulbright ပညာတော်သင်ဆု လျွှောက်လွှာများ အမေရိကန်သံရုံးက ခေါ်ယူ

( 12 )Feeding time for seagulls

( 11 )“ဝေါ်ကာ့ထော့ကေ သွီ့ကညော” ကရင်ဗွီဒီယိုဇာတ်ကား မကြာခင် ထွက်တော့မည်

( 10 )Social media is fuelling resistance

( 9 )အနုမြူစွမ်းအင် သုံးစွဲရေး ကျွမ်းကျင်မှုအရေးကြီး

( 8 )Myanmar launches radiation inspections on air passengers from Japan

( 7 )စုံစမ်းရေးကော်မရှင်ကိစ္စ ထောက်ခံဖို့ ရိုမေးနီးယားကို တိုက်တွန်း

( 6 )Karen pray for peace

( 5 )ဂျပန်ငလျင်ကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်နိုင်

( 4 )Time stands still in the age of avarice

( 3 )ရေကစားမဏ္ဏပ်တွေ ဗုံးရှာ ကိရိယာတပ်ရမည်

( 2 )Blatter's Burma Trip: Part of Re-election Campaign?

( 1 )မြန်မာတချို့ ဂျပန်မှပြန်လာ

Saturday, March 19, 2011

ပဲခူးတိုင်းအတွင်း လောင်းကစားဝိုင်းများ အလှည့်ကျ ပြုလုပ်နေ

သင်းအောင် Saturday, 19 March 2011

ပဲခူးတိုင်းရှိ ဇီးကုန်း၊ ကြို့ပင်ကောက်၊ မိုးညိုမြို့နယ်များ၌ သက်ဆိုင်ရာ အာဏာပိုင်များက အလှည့်ကျ ရက်သတ်မှတ်၍ လောင်းကစားဝိုင်းများ ကျင်းပခွင့် ပြုနေသည့်အပေါ် ဒေသခံပြည်သူများက စိတ်ပျက်လျက် ရှိသည်။

၂၀၁၁ ဇန်န၀ါရီ လဆန်းမှ ယနေ့အထိ ပြုလုပ်ခွင့်ရနေသော အဆိုပါ လောင်းကစားဝိုင်းများသည် ဒေသတွင်း၌ ရာဇ၀တ်မှု များပြား လာနိုင်ကြောင်းနှင့် လူငယ်များ၏ အကျင့်စာရိတ္တကို ယိမ်းယိုင်စေကြောင်း ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။

ဇီးကုန်းမြို့ခံတဦးက “မတ်ပဲပေါ်ချိန်မို့ ကစားဝိုင်းတွေ ပြုလုပ်ခွင့်ပေးတာလို့လည်း ပြောဖို့ခက်နေတယ်။ အရင်နှစ်တွေက အခုလို နားလည်မှုနဲ့ ခွင့်ပြုတာမျိုး တခါမှမရှိဖူးဘူး” ဟု ပြောဆိုသည်။

လောင်းကစားဝိုင်းများကို တနင်္လာနေ့တွင် မိုးညိုမြို့နယ် ရှေ့ပြေးကျေးရွာ၊ အင်္ဂါနေ့၌ ကြို့ပင်ကောက်မြို့နယ် ဒေါင်းလူးကျေးရွာ၊ ဗုဒ္ဓဟူးနေ့တွင် ဇီးကုန်းမြို့နယ် လေးမျက်နှာကျေးရွာ၊ မိုးညိုမြို့နယ် ရွာသာယာကျေးရွာ၊ ကြာသပတေးနေ့၌ ကြို့ပင်ကောက် မြို့နယ် ဖုန်းတောစုကျေးရွာ၊ သောကြာနေ့တွင် မိုးညိုမြို့နယ် အင်းဝင်းကျေးရွာ၊ စနေနေ့တွင် ဇီးကုန်းမြို့နယ် စမ်းရွာ၊ တနင်္ဂနွေနေ့တွင် ဇီးကုန်းမြို့နယ် မယင်းကျေးရွာတို့၌ အလှည့်ကျ ကျင်းပခွင့်ကို မြို့နယ် အာဏာပိုင်များက နားလည်မှုဖြင့် ခွင့်ပြုနေသည်ဟု မိုးညိုမြို့နယ် ဒေသခံများက ပြောသည်။

မိုးညို ဒေသခံတဦးက “ရွာစဉ်အလိုက် အလှည့်ကျ လုပ်နေတဲ့ လောင်းကစားဝိုင်းတွေနဲ့ ကျေးရွာသဘာဝ ပျော်ပွဲရွှင်ပွဲ (အာဝါဒေး) မတူပါဘူး။ အာဝါဒေးဆိုတာ ဘုန်းကြီးပျံ၊ ကျေးရွာစာကြည့်တိုက်၊ ဆေးပေးခန်း၊ စာသင်ကျောင်း ဖွင့်လှစ်ဖို့ ရန်ပုံငွေအဖြစ် အပျော် ကျင်းပခြင်း ဖြစ်ပါတယ်။ အာဝါဒေးတွေနဲ့အတူ လောင်းကစားဝိုင်းတွေ ပါလာတတ်ပါတယ်။ ဒီအပေါ် ရွာဦးကျောင်း ဆရာတော်၊ ကျေးရွာ ဥက္ကဋ္ဌတွေရဲ့ တာဝန်ယူမှုအပေါ် မြို့နယ်က နားလည်မှုနဲ့ ခွင့်ပြုပေးလေ့ ရှိပါတယ်” ဟု ရှင်းပြသည်။

ထိုသို့ ကျေးရွာဥက္ကဋ္ဌမှ တာဝန်ယူကာ အာဝါဒေးကျင်းပနေစဉ် သြဇာရှိသည့် ရွာဦးကျောင်းဆရာတော်မှ လာရောက် တားမြစ်ပါက ကစားဝိုင်းကို ချက်ချင်း ပိတ်သိမ်းပေးရသည့် သာဓကများလည်း ရှိခဲ့ဖူးသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ လောင်းကစားဝိုင်းများကို အလှည့်ကျ ကျေးရွာ၏ ခြံဝင်းကျယ် နောက်ဘက် ကွက်လပ်များ၊ ရွာနံဘေး လယ်ကွင်းစပ်များ၌ ထင်သာမြင်သာ ပြုလုပ်ကြကြောင်း၊ သိန်း ဆယ်ဂဏန်းချီ ရင်းနှီးကစားသည့် နယ်လှည့် လောင်းကစားသမားကြီးများ၊ ဒေသခံလူငယ်များအပြင် မိန်းကလေးငယ်များပင် တရုန်းရုန်း လာရောက်ကစားလေ့ရှိကြောင်း၊ ဒေသ၏ လူနေမှု စရိုက်အရ အားလုံး၌ ဓားကဲ့သို့သော လက်နက်ကိုယ်စီ ယူဆောင်လာလေ့ရှိကြောင်း၊ ကျေးရွာရဲကင်း (သို့မဟုတ်) မြို့နယ် ရဲစခန်း တာဝန်ရှိသူ ၃၊ ၄ ဦးခန့် ကစားဝိုင်းများအတွင်း စကားပြောစက်ကိုင်ဆောင်ကာ အရပ်ဝတ်ဖြင့် လုံခြုံရေး ပေးထားကြောင်း သိရသည်။

ကစားဝိုင်းများ ပြုလုပ်လေ့ရှိသည့် ကျေးရွာ ဒေသခံတဦးကမူ “ခရိုင်/တိုင်း အဆင့် ဆင်းဖမ်းတော့မယ် သတင်းကြားတာနဲ့ မြို့နယ်ကနေ ကစားဝိုင်း တာဝန်ကျရဲကို စကားပြောစက် အသုံးပြု အကြောင်း ကြားလိုက်တယ်။ ဒီတော့ ကစားဝိုင်းကို ချက်ချင်း ပိတ်သိမ်း လိုက်နိုင်တယ်။ ဒီဝိုင်းတွေကို ဖမ်းချင်ရင် မြို့နယ်ကို အသိမပေးဘဲ ရှောင်တခင် ၀င်ဖမ်းမှ ရနိုင်မယ်” ဟု ပြောသည်။

လောင်းကစားဝိုင်းများမှာ လေးကောင်ဂျင် ၂ ၀ိုင်း၊ ကြက်ဝိုင်း ၂ ၀ိုင်းနှင့် ဂျုံးဂျုံးကျခုံ ၀ိုင်း (မျက်နှာပြင် ၆ ဘက်ပါ အံစာဝိုင်း) ၆ ၀ိုင်း ခန့် ပါဝင်ကြောင်း၊ ကစားဝိုင်းများအတွင်း အငြင်းပွားမှုများ၊ မလိုလားအပ်သော ဆိုးကျိုးများဖြစ်ပေါ်မှု မရှိရန် ၀ါရင့် လောင်းကစား သမားကြီးများက ဦးဆောင် ထိန်းသိမ်းကြောင်း၊ လောင်းကစားခွင့် ရရှိရေးအတွက် ကျေးရွာ ဥက္ကဋ္ဌ သို့မဟုတ် တာဝန်ရှိ အာဏာပိုင် တဦးထံ သတ်မှတ် အခကြေးငွေ ပေးသွင်းရကြောင်း သိရသည်။

အခကြေးငွေ ပေးသွင်းရမှုအပေါ် လေးကောင်ဂျင်ဒိုင်တဦးက “ထိုးသား အခြေအနေပေါ်ကြည့်ပြီး တာဝန်ခံကို တနေ့ ပေးသွင်းငွေ မတူကြဘူး။ ပျမ်းမျှ လေးကောင်ဂျင်တ၀ိုင်း ခွင့်ပြုကြေး ကျပ် ၁ သိန်းခွဲ၊ ကြက်ဝိုင်း ကျပ် ၁ သိန်း၊ ဂျုံးဂျုံးကျ တခုံ ၃ သောင်းကနေ ၅ သောင်းအထိ နေ့စဉ် ပေးသွင်းကြရတယ်” ဟု ဆိုသည်။

လောင်းကစားဝိုင်း တာဝန်ခံသည် ၎င်း၏ နေ့စဉ်ကောက်ခံရရှိငွေ ၇ သိန်း၊ ၈ သိန်းခန့်ထဲမှ မြို့နယ်အဆင့် ဒေသအာဏာပိုင်များသို့ ထပ်မံပေးသွင်းကြရသည်ဟု အထက်ပါ လေးကောင်ဂျင်ဒိုင်က ပြောသည်။

ပြီးခဲ့သည့် မတ်လဆန်းက ချဲထီ၊ ဘောလုံး လောင်းကစား ငွေကြေးများဖြေရှင်းရန် အခက်အခဲကြောင့် ကြို့ပင်ကောက်မြို့ သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးတီပွား အပါအ၀င် မိသားစု ၃ ဦး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားအပြီး ချဲထီ လောင်းကစားဒိုင်များကို မြို့နယ် အာဏာပိုင်များက အပူတပြင်း ဖမ်းဆီးလျက် ရှိသည်။

မြန်မာ့ တပ်မတော် ၀ါးလုပ်ငန်း တွင် ၀င်စွက်ဖက်၍ ဒေသခံ ၀ါးလုပ်သူများ အခက်ကြုံ

ထွန်းထွန်း

အိန္ဒိယနယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာ တပ်မတော်မှ ၀ါးအ၀ယ်ဒိုင်ဖွင့်လှစ်ပြီး ဒေသ ၀ါးလုပ်ငန်းတွင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသဖြင့် ၀ါးဈေးများမြှင့်တက်ကာ ဒေသခံ ၀ါးလုပ်ငန်း လုပ်သူများ အခက်ကြုံတွေ့နေကြရကြောင်း သတင်း ရရှိသည်။

ချင်းပြည်နယ်တွင် လွန်ခဲ့သောနှစ်က ၀ါးသီးများ သီးပြီး ၀ါးတောများ ပြုန်းတီးကာ ၀ါးများ ရှားပါးမူကို အခွင့်ကောင်းယူပြီး စစ်တပ်က ၀ါးအ၀ယ်ဒိုင်ဖွင့်၍ စီးပွားရှာဖွေနေခြင်း ဖြစ်သည်။

ဝါးကုန်သည် တစ်ဦးက “ အခု ၀ါးအ၀ယ်ဒိုင်ဖွင့်ပြီး ၀ါးတွေကို အတင်း မရောင်းမနေရ ၀ယ်ယူနေတဲ့ တပ်ရင်းက ပလက်ဝ အခြေစိုက် ၂၈၉ တပ်ရင်း ဖြစ်ပါတယ်။ ခုနှစ် ဇန္န၀ါရီလက စတင်ပြီး ပလက်ဝမြို့နယ် မီးဝကျေးရွာမှာ ၀ါးဒိုင် ဖွင့်ပြီး ၀ါးတွေကို ၀ယ်ယူနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ၀ါးများကို အိန္ဒိယနယ်စပ် အနီးရှိ ချင်းလက်ချောင်း၊ ကလက်ချောင်းများ မှ ထုတ်ယူသော ၀ါများ ဖြစ်ပြီး အဆိုပါ ၀ါးများကို ခမရ ၂၈၉ က သူတို့ ၀ါးဒိုင်တွင် မရောင်းမနေရ စနစ်ဖြင့် ၀ယ်ယူနေခြင်း ဖြစ်သည်။

“ ကုလားတန် အထက်ပိုင်းက ယူလာတဲ့ ၀ါးတွေကို မီးဝရွာ အထိဘဲ ယူလို့ ရပါတယ်။ စစ်တပ် ၀ါးအ၀ယ်ဒိုင်က အဲဒီရွာမှာ ဖွင့်ထားတော့ ကျော်ပြီး ယူလို့ မရတော့ပါဘူး။ စစ်တပ်ဒိုင်က ၀ယ်တဲ့ နေရာမှာလည်း ၀ါးအလုံး ၁၀၀ ကို အပြင် ပေါက်ဈေး ၂၀၀၀၀ ကျပ် ပတ်ဝန်းကျင်မှာ ဈေးရှိပေမယ့် စစ်တပ်က ကျပ် ၉၀၀၀ နှုန်းနဲ့ ရောင်းရပါတယ်။ ပီးရင် ၀ါး ၁၀၀ ကနေ ကျပ် ၁၀၀၀ စီ အခွန်ခဆိုပြီး ထပ်ကောက်ပါ တယ် “ဟု သူက ပြောသည်။

ယခုကဲ့သို့ စစ်တပ် ၀ါးအ၀ယ်ဒိုင်မှ ပလက်ဝမြို့ မြောက်ပိုင်းတွင်တည်ရှိသော မီးဝကျေးရွာမှ နေပြီး ၀ါးများကို တန်ရာ တန်ကြေး မပေးဘဲ ၀ယ်ယူနေသဖြင့် ၀ါးလုပ်ငန်း လုပ်ကိုင်သူ စီးပွားရေး သမားများနှင့် ၀ါးထုတ်လုပ်သူ ကျေးရွာသားများမှာ အထူး အခက်အခဲကြုံနေရကြောင်း သိရသည်။

ယခင်နှစ်များက ၀ါးစီးပွားရေး သမားများ အနေဖြင့် ပုဂ္ဂလိက ၀ါးအ၀ယ်ဒိုင်သို့ တိုက်ရိုက် ရောင်းချခွင့် ရရှိကြသော်လည်း ယခု နှစ်ဇန်န၀ါရီလ ကစပြီး စစ်တပ်မှ ၀ါးအ၀ယ်ဒိုင် ဖွင့်လှစ်ကာ ၀ါးလုပ်ငန်းကို တိုက်ရိုက်ကိုင်တွယ်လာခြင်း ဖြစ်ကြောင်း သိရသည်။

တခြား ကျေးရွာသား တစ်ဦးကလည်း “စစ်တပ်ကို မရောင်းလို့ကို မရဘူး။ သူတို့ကို မရောင်းလို့ရှိရင် ၀ါးခုတ်ခွင့်၊ ၀ါးသယ်ယူခွင့် မရဘူးပေါ့နော်။ တဘက်ကကြည့်မယ်ဆိုလို့ရှိရင် ဒီလောက်လူတွေဟာ မရှိဆင်းရဲလို့ ၀ါးခုတ်ပြီးရောင်းစားနေတာကိုမှ လွတ်လပ်စွာ ရောင်းပိုင်ခွင့် မရှိဘူး။ စစ်တပ်ဆီ ရောင်းရတယ်။ စစ်တပ်က လူထုတွေဆီက ခေါင်းပုံ ဖြတ်နေတယ်“ ဟု ပြောသည်။

ချင်းပြည်နယ် တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ် တပ်ရင်းများသည် ဒေသအတွင်းက လူထုများ လုပ်ကိုင် နိုင်သည့် တနိုင် တပိုင် စီးပွားရေး လုပ်ငန်းများ ဖြစ်ကြသည့် သစ်လုပ်ငန်း၊ ငါးလုပ်ငန်း၊ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်း၊ ၀ါးလုပ်ငန်း၊ အုတ်ဖုတ် လုပ်ငန်းများတွင် ပါဝင်ပတ်သက်ပြီး စီးပွားရှာနေကြသဖြင့် ဒေသခံ လူထုမှာ အထူး ဒုက္ခရောက်နေကြရကြောင်း သတင်း ရရှိသည်။

စစ်အစိုးရက SSPP/SSA အား ထိုးစစ်ဆင်မှုအပေါ် မဒတမှ ကန့်ကွက်ရှုတ်ချ

စောသိန်းမြင့် (ကေအိုင်စီ)

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/SSA) အခြေစိုက်စစ်စခန်းများကို စစ်အစိုးရတပ်များမှ ဆက်တိုက် ထိုး စစ်ဆင်မှုအပေါ် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(မဒတ)က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့က ကြေညာ ချက်တစောင် ထုတ်ပြန်လိုက်သည်။

SSPP/SSA အခြေစိုက်စစ်စခန်းများကို ၂၀၁၁ မတ်လ ၁၃ရက်နေ့မှ ၁၅ရက်နေ့အထိ စစ်အစိုးရတပ်ဖွဲ့များမှ ဖြတ်လေးဖြတ် ပုံစံဖြင့် အပြင်းအထန် ၀င်ရောက်တိုက်ခိုက်သည့် စစ်ဝါဒီလုပ်ရပ်မှာ မြန်မာပြည်၏ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို တစစီ ဖြိုခွဲခြင်း ဖြစ်သည်ဟု မဒတ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ ၁၄ရက်နေ့မနက်နှင့် ၁၅ရက်နေ့တွင် ရပခနှင့် ရမခ လက်အောက်ခံတပ်များသည် SSPP/SSA ကန့်သတ်နယ်မြေများ ဖြစ်သည့် “ဟိုနမ့်ကျေးရွာ”၊ “ပန်ပျဉ်”၊ နားခါကျေးရွာအုပ်စု၊ တန့်ယန်းမြို့နယ်နှင့် “နမ့်လောင်းရွာ” မိုင်းကောင်ကျေးရွာအုပ်စု၊ “ကောင်းပုံရွာ”များသို့ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း SSPP/SSA ၏ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

မဒတ ဥက္ကဌ စောဒေးဗစ်သကဘောက “SSPP/ SSA နေရာကို နအဖက တဖြည်းဖြည်းနဲ့ဝင်တိုက်တယ်။ ဖြတ်လေးဖြတ်ပုံစံနဲ့ ၀င်တိုက်တာ။ အစီအစဉ်အရ ရွာတွေကိုဖျက်၊ လူတွေကို ညှင်းဆဲ၊ အဲဒါကြောင့် ဒီလိုလုပ်တာမျိုးတွေကို ရပ်ပြီးတော့ တိုင်းပြည် ရဲ့ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ပေါ့။ နအဖက အမြဲတမ်း စစ်ရေးအရ အကြမ်းဖက်နှိမ်နင်းမှုဟာ မအောင်မြင်ဘူးဆို တာကို သိစေချင်တယ်။”ဟု ပြောသည်။

ယင်းသို့ စစ်ရေးအရ ဖိအားပေးမှုများ ဆက်တိုက်ပြုလုပ်နေပါက တိုင်းရင်းသား လက်နက်ကိုင်ပေါင်းစုံတို့ကလည်း စုပေါင်းခုခံ တော်လှန်နိုင်သောကြောင့် ပြည်တွင်းစစ်ကြီး ကျယ်ပြန့်လာမည်ဖြစ်သလို လူထုအုံကြွမှုနှင့် အကြမ်းဖက်မှုများ ပိုများလာနိုင် သည်ဟု စောဒေးဗစ်သကဘောက ဆက်ပြောသည်။

ထို့အပြင် စစ်အုပ်စု၏ စစ်ဝါဒီလုပ်ရပ်ကြောင့် ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသော အပြစ်မဲ့ တိုင်းရင်းသား ပြည်သူလူထု များကို ထိရောက်စွာ ကာကွယ်ကူညီရန်နှင့် စစ်အုပ်စု၏ တဖက်သတ် ထိုးစစ်များ ရပ်တန့်ပေးရန်အတွက် နိုင်ငံတကာ မိသားစု များအနေဖြင့် ၀ိုင်းဝန်းဖိအားပေးလုပ်ဆောင်ကြပါရန် ကြေညာချက်တွင် မေတ္တာရပ်ခံထားသည်။

မကြာသေးခင်က ဖွဲ့စည်းခဲ့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အသီးသီးကလည်း စစ်အုပ်စု၏ တဖက်သတ်ဖိအားကို နိုင်ငံရေး၊ စစ်ရေးနည်းလမ်းတို့ဖြင့် စုပေါင်းကာကွယ်တိုက်ပွဲဝင် ကြပါရန် မဒတတပ်ပေါင်းစုက တိုက်တွန်းနှိုးဆော်လိုက်သည်။

မဒတကို တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရန် ရည်ရွယ်၍ ၁၉၇၆ခုနှစ်၊ မေလ ၁ဝရက်နေ့က မာနယ် ပလောဒေသ (KNU-ဗဟိုဌာနချုပ်ဟောင်း)တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၃ဖွဲ့ စုပေါင်းဖွဲ့စည်းခဲ့သော်လည်း အဖွဲ့ဝင် အချို့မှာ စစ်အစိုးရနှင့်အပစ်ရပ်သွားခဲ့သဖြင့် လက်ရှိအချိန်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PKLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ “ဝ”အမျိုးသားအဖွဲ့ချုပ်(WNO)၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ(LDU)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အဖွဲ့ များဖြင့် ဆက်လက် ရပ်တည်လျှက်ရှိသည်။

Japan Tsunami Photos-3 ( Pray for Japan )













ငါးထောင်တန် အတုဖြင့် ဈေးဝယ်သူ ရသေ့တောင် မယက ဥက္ကဌနှင့် အာဏာပြသူ ရဲမြို့နယ်မှူး တပြိုင်တည်း အလုပ်ဖြုတ်ခံရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယက ဥက္ကဌ ဦးအောင်မျိုးမြင့်ကို လာဒ်ပေး လာဒ်ယူမူကြောင့် အလုပ်မှ ထုတ်ပယ်လိုက်သလို ရဲမြို့နယ်မှူး ဦးထွန်းစံယုံကိုလည်း အာဏာ အလွဲသုံးစားမူကြောင့် အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သတင်း ရရှိသည်။

ရသေ့တောင် ဒေသခံ တစ်ဦးက “ သူတို့ နှစ်ဦးစလုံးကို လွန်ခဲ့တဲ့ အပတ်ကဘဲ Force to retire လုပ်လိုက်ပါတယ်။ အတင်း အလုပ်မှ အနားယူခိုင်းလိုက်တာ ဖြစ်ပါတယ်။ မယက ဥက္ကဌ ဦးအောင်မျိုးမြင့်ကိုတော့ လာဒ်ပေး လာဒ်ယူမူနဲ့ အလုပ်မှ ဖြုတ်လိုက်သလို ရဲမြို့နယ်မှူး ဦးထွန်းစံယုံကိုတော့ အာဏာ အလွဲသုံးစားမူနဲ့ အလုပ်က ဖြုတ်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ မြို့နယ် လူကြီးနှစ်ဦး အလုပ်မှ တပြိုင်တည်း အဖြုတ်ခံရခြင်း ကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာမှ စုံစမ်းရာ အမည်မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ မြို့နယ် မယက ဥက္ကဌ ဦးအောင်မျိုးမင်းက ရသေ့တောင်မြို့ ဦးမောင်သာထွန်းပိုင်တဲ့ လိုင်စင်ရ အပေါင်ဆိုင်က သူ့ကိုယ်ကျိုး အတွက် မြို့နယ် ရံပုံငွေကို ပြပြီး ငွေ ၂၅၀၀၀ ကောက်ခံတယ်လို့ ပြောပါတယ်။ အဲဒီငွေတွေထဲမှာ ငါးထောင်ကျပ်တန်တွေက အတု ဖြစ်နေပေမယ့် မယက ဥက္ကဌက ငွေအတုမှန်း မသိဘဲ ဈေးသွားဝယ်တော့ ဈေးရောင်းတဲ့သူတွေက မယက ဥက္ကဌကို ငါးထောင်ကျပ်တန် အတုတွေနဲ့ ဈေးဝယ်ဆိုပြီး စွပ်စွဲ ပြဿနာ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ ခုလို အလုပ်က ထုတ်ပယ် ခံလိုက်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင်သူက “ အဲသလို ပြဿနာတွေ ဖြစ်ပွားနေချိန်မှာ နောက်ထပ် ငွေစက္ကူ ၅၀၀၀ ကျပ်တန် အတုတွေကို ကူတောင် ကျေးရွာဘက်က လူတချို့ဆီက ဖမ်းမိတယ်။ အဲဒီနောက်ပိုင်း အပေါင်ဆိုင် ပိုင်ရှင် ဦးမောင်သာထွန်းကို ဖမ်းဆီး စစ်ဆေးတော့ မယက ဥက္ကဌ လာဒ်ယူတဲ့ ကိစ္စတွေ ပေါ်သွားတယ်။ ဒါပေမယ့် မယက ဥက္ကဌကို အလုပ်က မဖြုတ်သေးဘဲ ရှိနေတဲ့ အချိန်မှာ နောက်ထပ် ရဲမြို့နယ်မှူးနဲ့ ပြဿနာ ဖြစ်ပွားတော့ တခါတည်း သူကို အလုပ်က ဖြုတ်ပီး အနားပေးလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဦးအောင်မျိုးမင်းမှာ အဆိုပါ အမူ အပြင် မြို့နယ် အတွင်း ဆန်မှောင်ခိုစက်လှေများမှ ငွေကြေးကောက်ခံမူ၊ ၀ါးဖေါင်များမှ ပိုက်ဆံ ကောက်ခံမူ အပါအ၀င် တခြား လာဒ်ပေး လာဒ်ယူမူကြောင့် အကြိမ်ကြိမ် တိုင်ကြားခံထားရသူ ဖြစ်ကြောင်းလည်း သိရသည်။

လွန်ခဲ့သော အပတ်က ရဲမြို့နယ်မှူး ဦးထွန်းစံယုံနှင့် ပြဿနာ ဖြစ်ပွားပြီး တယောက်နှင့် တယောက် အပြန်အလှန် စွပ်စွဲကြပြီးနောက် ချက်ချင်းဆိုသလို အထက်မှ သူတို့ နှစ်ဦးစလုံးကို အလုပ်မှ အနားယူ ခိုင်းလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ၀န်ထမ်းမှ ယခုကဲ့သို့ ပြောသည်။

“ ရဲမြို့နယ်မှူး ဦးထွန်းစံယုံက သုံးပွင့် ဗိုလ်ကြီးနဲ့ တပ်က တဆင့် ရဲမြို့နယ်မှူး ဖြစ်လာတဲ့သူ ဖြစ်ပါတယ်။ မြို့နယ် မယက ဥက္ကဌ ဦးအောင်မျိုးမြင့်က နှစ်ပွင့်နဲ့ တပ်က အနားယူပြီး ဥက္ကဌ ဖြစ်လာတဲ့သူ ဖြစ်ပါတယ်။ စီနီယာအရ ကွာနေတော့ မယက ဥက္ကဌကို ရဲမြို့နယ်မှူးက သိပ်တလေ တစား မရှိပါဘူး။ တစ်နေတော့ ဆယ်တန်း စာမေးပွဲ ကိစ္စနဲ့ မယက ကနေ ရဲမှူးကို အစည်းအဝေး ခေါ်တော့ စာထဲမှာ လူကြီးမင်းအား ခေါ်ယူစစ်ဆေးစရာရှိတယ်ဆိုပီး ပါသွားတယ်လို့ သိရပါတယ်။ အဲဒါကို မကျေနပ်တဲ့ ရဲမြို့နယ်မှူး ဦးထွန်းစံယုံက ငါက တရားခံ မဟုတ်ဘဲ ဘာကြောင့် ခေါ်ယူ စစ်ဆေးစရာတွေ ရှိတယ်လို့ ရေးရမလဲဆိုပြီး မြို့နယ် မယက ရုံးကိုသွားပြီး စာရေးတွေကို ကလော်တုတ် ရိုက်ပုတ်ဆဲဆိုမူတွေ လုပ်တယ်လို့ သိရပါတယ်။ ချက်ချင်းဘဲ မယက ဥက္ကဌကနေပြီး ၀န်ကြီးဌာန အဆင့်ထိ ထူးခြား ဖြစ်စဉ် ခေါင်းစဉ်တပ်ပြီး ချက်ချင်း သတင်းပို့လိုက်တော့ အထက်က ချက်ချင်း လာစစ်တယ်။ စစ်ဆေးတဲ့ အခါ သူအမှား ကိုယ့်အမှားတွေကိုတော့ စွပ်စွဲကြတော့ နှစ်ယောက်စလုံးကို အလုပ်က ဖြုတ်ပစ်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

မယက ဥက္ကဌမှာ လာဒ်ပေးလာဒ်ယူမူကြောင့် ပြည်သူများ အမုန်းပွားနေသဖြင့် အလုပ်မှ ဖြုတ်ပစ်သည့် အပေါ် မြို့ လူထုမှ ၀မ်းသာကြသော်လည်း ဦးထွန်းစံယုံမှာ လူကောင်း ဖြစ်သဖြင့် မြို့လူထုက စိတ်မကောင်း ဖြစ်နေကြကြောင်း သိရသည်။

သုံးစွဲသူ မရှိသလောက်ဖြစ်လာ၍ အင်တာနက်ဈေးနှုန်းလျော့ချလိုက်ရ

ရိုးမ ၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် အင်တာနက်သုံးစွဲသူ မရှိတော့လောက်အောင် နည်းပါးလာသည့်အတွက် ပြီးခဲ့သည့် (၁၆) ရက်နေ့မှ စ၍ အင်တာနက် ဈေးနှုန်းများ ယခင်ဈေးနှုန်းအတိုင်း ပြန်လျော့ချလိုက်ကြောင်း ဒေသခံတဦးကပြောသည်။

ယခုလ (၁) ရက်နေ့က အင်တာနက်အသုံးပြုခ တနာရီ (၁,၀၀၀) ဖြစ်သွားသည့်အတွက် ဒေသခံကျောင်းသားများက အသုံးမပြုတော့ဘဲ နေသည့်အတွက်ကြောင့် ယခင်အသုံးပြုခ တနာရီကို (၅၀၀) ကျပ်နှုန်းဖြင့်ပင် အင်တာနက်အသုံးပြုခ ဈေးနှုန်း ပြန်လည်လျော့ချလိုက်ခြင်း ဖြစ်သည်။

“အင်တာနက်အသုံးပြုခတွေ တက်သွားပြီးနောက်ပိုင်း ကျောင်းသားတွေက သွားမသုံးကြတော့ဘူး၊ တကယ်တမ်း ဒီမှာအင်တာနက်အသုံးများတာက ကျောင်းသားတွေဆိုတော့ ဒီလိုမသုံးကြတော့ ဆိုင်ရှင်တွေက ဈေးပြန်လျော့လိုက်ရတာ” ဟု ဒေသခံက ပြောသည်။

အင်တာနက်အသုံးပြုမှု နည်းပါးလာရခြင်း နောက်အကြောင်းတချက်မှာ မြန်မာပြည်တွင်း PAC ဆိုင်များမှ gtalk, Skype, Pfingo, VZO စသည်တို့ဖြင့် နိုင်ငံခြားသို့ ခေါ်ဆိုမှုများ မပြုလုပ်ရန် တားမြစ်ချက်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ (Myanmar Info – Tech Corporation Ltd.) ထံ မတ်လ (၂)ရက်နေ့က ညွန်ကြားချက် ထုတ်ပြန်ပိတ်ပင်ခဲ့သည့်အတွက် အင်တာနက်ဆိုင်များ လူအသုံးပြုမှု နည်းပါးခဲ့ရခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် အင်တာနက်ဆိုင် (၁၀) ဆိုင်နီးပါးရှိပြီး အများဆုံးအသုံးပြုသူများမှာ ကျောင်းသားများဖြစ်သည်။

ယခင်က အင်တာနက်အသုံးပြုခ တနာရီလျှင် (၅၀၀) ကျပ်နှုန်းသာရှိခဲ့ပြီး ယခုလဆန်းပိုင်းမှ စ၍ လောင်စာဆီ ဈေးနှုန်းမြင့်တက်လာသည်ကို အကြောင်းပြ၍ အင်တာနက် အသုံးပြုခများ မြင့်တက်သွားခြင်းဖြစ်သည်။

ယင်းကဲ့သို့ လောင်စာဆီ ဈေးနှုန်းများ မြင့်တက်သည့်အတွက်ကြောင့် တောင်ပေါ်သွားလာနေသည့် ယာဉ်စီးခများ မြင့်တက်သွားခဲ့သည်။

ရယ်စရာကို ရယ်စရာနဲ့ တိုက်မယ့်သူ

ရန်ကုန်သားတာတေ

ကျွန်ုပ် ရန်ကုန်သား တာတေသည် နွေခေါင်ခေါင် မိုးတစိမ့်စိမ့် ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ကုန်ကြမ်း ရှာချင်ယောင် ဆောင်ရင်း မဒမ်တာတေ အလစ်တွင် တရေးလောက်ကွေးရန် ပုဆိုးကလေး ခြုံလိုက်စဉ် … ကျွန်ုပ်၏ ဇာတ်လိုက်ကျော် ချင်းမိုင် ရုက္ခစိုးကြီးမှာ နတ်ပီပီ ကိုယ်ထင်မပြဘဲ အူယားဖားယား ပြေးလာသည်ကို တွေ့လိုက်ရလေသည်။

ရုက္ခစိုး။ ။ ကိုတာတေ ကိုတာတေ … ဒုက္ခတွေတော့ များကုန်ပြီဗျ။

တာတေ။ ။ ဘာဖြစ်လာတာလဲ ဦးရုက္ခစိုးရယ်။ ဒေဝါလီမဂ္ဂဇင်း အဟက်ခံရတဲ့ ကိစ္စ ပြောမလို့လား။ သိပြီးသားပါ။ ပြန်ရှင်းပြ ပြီးပြီမဟုတ်လား။

ရုက္ခစိုး။ ။ မဟုတ်ဘူး … ကိုတာတေရဲ့ … ဟို ...။

တာတေ။ ။ သြော် … အရွယ်တော် တဆိတ်အဟိုင်းလွန်နေတဲ့ အဆိုတော်ခြေကျ မမကြီးက သေပြီလို့ အရေးခံရလို့ ဆတ်ဆတ်ခါနာပြီး မပြီးနိုင်မစီးနိုင် ရှင်းနေတာကို ပြောချင်လို့လား။ ဒါကတော့ဗျာ … သူ့ခမျာ အခွင့်အရေးလေး ရတုန်း နာမည်ပြန်ကြီးလို ကြီးငြား လုပ်တာနေမှာပါ။ ခွင့်လွှတ်လိုက်ပါဗျာ။


ရုက္ခစိုး။ ။ လွဲပြန်ပြီ … အဲဒီကိစ္စက ...။

တာတေ။ ။ သြော် … သိပြီ … ဂျပန်က ဆူနာမီကြောင့် အဏုမြူဓာတ်ပေါင်းဖို ပေါက်တဲ့အတွက် မြန်မာပြည်မှာ အက်ဆစ်မိုး ရွာမယ်ဆိုတဲ့ အကြောင်းလား။ ကောလာဟလပါ ဦးရုက္ခစိုးရယ် …။

ရုက္ခစိုး။ ။ အဲ … မဟုတ် … ။

တာတေ။ ။ ခက်တယ်ဗျ၊ လူတွေကလည်း ဘုမသိ ဘမသိ ကြောက်ဖို့ပဲ … နည်းနည်းပါးပါး ခေါင်းကိုမသုံးကြဘူး။ ဒီမှာ ဦးရုက္ခစိုး … ခင်ဗျား ဝါရှင်တန်ပို့စ် ကြားဖူးလား၊ နယူးယောက် တိုင်းမ်စ်ကော သိရဲ့လား … အီကောနောမစ် ဂျာနယ်က ဘယ်လို ပြောသလဲ ဆိုလို့ရှိလို့ ရှိရင် ...။

အခွင့်သာလျင် ဆရာမလုပ်ရ မနေနိုင်သော ကျွန်ုပ်သည် ဟိုနားနည်းနည်း ဒီနားနည်းနည်း ကြားဖူးသမျှဖြင့် ဦးရုက္ခစိုးကို ပညာခန်းပြရန်အတွက် နေရာပြင်ထိုင်လိုက်သည်။ ဦးရုက္ခစိုးမှာ ကျွန်ုပ်၏ ဗဟုသုတများအတွက် အလွန်အထင်ကြီး လေးစား နေပုံရသည်။ မျက်လုံးကြီး ပြူး၍ ကျွန်ုပ်အား ကြည့်နေ၏။

ရုက္ခစိုး။ ။ ဒီမှာကိုတာတေ … တံတွေးတွေ စင်တယ်ဗျ … ထင်ရာတွေ စွတ်ပြောမနေနဲ့ … ခင်ဗျားချည်းပဲ ပြောနေတာ … ကျုပ် ဘာမှကို မပြောရသေးဘူး။

တာတေ။ ။ အဲ … အဲဒီ အဏုမြူ ဓာတ်ပေါင်းဖို ပေါက်တဲ့ကိစ္စ … ။

ရုက္ခစိုး။ ။ တခုမှ မဟုတ်ဘူး။ ဒါနဲ့များ ဂျာနယ်လစ်တဲ့၊ စတိုင်ယာရစ်တဲ့ … ဘာတုန်း၊ ခင်ဗျားဘာသိလဲ။ အခု ဒုက္ခများနေပြီ ဆိုတာ … ခင်ဗျား ထမင်းအိုးကို တုတ်နဲ့ ထိုးမယ့်သူ ပေါ်လာပြီ … ခင်ဗျား ထမင်းငတ်တော့မယ် ဆိုတာ လာပြောတာ။ နားလည်လား။

တာတေ။ ။ ခင်ညာ … ဘယ် … ဘယ်လို ...။

ကျွန်ုပ်၏ ထမင်းအိုး တုတ်နှင့်ထိုးမည့် ကိစ္စဟု ဆိုလိုက်သည်နှင့် အလွန်စိတ်ပူသွားမိသည်ကို ဝန်ခံပါသည် (ပညာရှိများသည် ထိုသို့ အသေးအဖွဲ စိတ်ပူပန်မှုများဖြစ်မိပါက လူရှေ့သူရှေ့တွင် ရဲရဲဝံ့ဝံ့ ဝန်ခံရဲကြသည် မဟုတ်တုံလော) ထိုကိစ္စမှာ ဆူနာမီ ထက်၊ နာဂစ်ထက်၊ ဂီရိထက် ကျွန်ုပ်အတွက် အလွန် အရေးကြီးပေသည်။ မဒမ်တာတေနှင့် တိုက်ရိုက် ပတ်သက်သည့်ကိစ္စ ဖြစ်နေသောကြောင့်ပင် (ပညာရှိများသည် မိန်းမ အလွန်ကြောက်ကြသည် မဟုတ်တုံလော)

ရုက္ခစိုး။ ။ အဲဒါပဲ … ခင်ဗျားအတွက် လာပြောတာ။ ခင်ဗျားရဲ့ ထွေရာလေးပါးကဏ္ဍကို လူမဖတ်တော့ဘူး … ခင်ဗျားထက် ရယ်ရအောင် လုပ်နိုင်တဲ့သူ ရှိနေပြီ။ အခု ကာတွန်း ကိုဟန်လေးအတွက်တောင် စိတ်ပူစရာပဲ။

ကိုတာတေ။ ။ ကျနော့်ထက် ရယ်ရအောင် လုပ်နိုင်တဲ့သူ ဟုတ်လား။ ကာတွန်း ဟန်လေးထက်လည်း ရယ်ရတယ်။

ကျွန်ုပ် အံ့သြပြီးရင်း အံ့သြရင်း ဖြစ်မိသည်။ လူရွှင်တော်ကြီး ကိုဇာဂနာလည်း ထောင်ထဲမှာ ...၊ သီးလေးသီးကလည်း ဇာတ်ခေါင်းကွဲနေသည်၊ ပြည်တွင်းက လူရွှင်တော်များကလည်း ခါးအောက်ပြက်လုံးများ ကြားတွင် တဝဲလည်လည်နှင့် …၊ ကာတွန်းအော်ပီကျယ်လည်း စိစစ်ရေးဘောင်ထဲမှာ ရေးနေရသည် ... သို့ဆိုလျင် မည်သူနည်း ...။ ခေါင်းထဲတွင် ကွက်ရှင်မတ်များ အတွဲလိုက် ထွက်လာ၏ ...။

ရုက္ခစိုး။ ။ ဘယ်သူလဲ ဟုတ်လား … တခြားသူတော့ မဟုတ်ဘူး။ မြန်မာ့အမှောင် သတင်းစာကြီးပါ ခင်ဗျာ။ အခု လူတွေက မြန်မာ့အမှောင် သတင်းစာကြီးကို ဖတ်ဖတ်ပြီး ရယ်နေကြလေရဲ့ … ကိုတာတေရေ။ ခင်ဗျားရဲ့ ထမင်းအိုးကို တုတ်နဲ့ ထိုးမယ့်သူဗျ။

ကျွန်ုပ်သည် ဝါရှင်တန်ပို့စ်လောက်၊ နယူးယောက်တိုင်းမ်စ်လောက်၊ အီကောနောမစ်လောက် … အနည်းဆုံး ဘန်ကောက်ပို့စ် လောက်ကိုသာ နေ့စဉ် ဟိုလှန်သည်လှန် လုပ်ရုံလုပ်၏ (တလုံးမှတော့ မဖတ်တတ်ပါ)။ အေပီ၊ အေအက်ဖ်ပီ၊ အန်အိတ်ခ်ျကေ၊ စီအန်အန်၊ ဘီဘီစီ သတင်းများကို သူများ ဘာသာပြန်ပေးလျင် ဖတ်၏။ မြန်မာ့အမှောင် သတင်းစာကိုမူ တောင်လှန် မြောက်လှန် လုပ်သော်လည်း လုံးလုံး မစဉ်းစားမိချေ (ပညာရှိ သတိဖြစ်ခဲပဲလေ) ...။ အခုတော့ သူက တွယ်ချေပြီ။

တာတေ။ ။ ဘာလဲဗျ … မြန်မာ့အမှောင်မှာ စတိုင်ယာကဏ္ဍ ထည့်ထားလို့လား။

ကျွန်ုပ်၏ မေးခွန်းအဆုံးတွင် “ဟားဟားဟား ဟားဟားဟား ဟားဟားဟား” ဆိုသည့် ရယ်သံနက်ကြီး တသံ ပေါ်ထွက်လာ၏။ မည်သူ ရယ်နေမှန်းမသိရ ...။ ကျွန်ုပ်ကော ဦးရုက္ခစိုးပါ သေသေချာချာ ရှာတော့မှ အိမ်ရှေ့ ရေကပြင်ဘေးက ရာဝင်အိုး နောက်တွင် ရောက်နေသော အရပ်အလွန်ပုရှာသည့် ပြန်ကြားရေးဝန်ကြီး ဦးဆော်ကြမ်း ဖြစ်နေလေသည်။

ဆော်ကြမ်း။ ။ မောင်တာတေ … မောင်တာတေ … တော်တော် ပေါက်ကရပြောတာပဲ။ ဒီလောက် ခန့်ငြားတဲ့ ကျုပ်ရဲ့ သတင်းစာတော်ကြီးမှာ မလောက်လေးမလောက်စား စတိုင်ယာကဏ္ဍ ထည့်ပါ့မလား။ စဉ်းစဉ်းစားစား ပြောစမ်းပါ။

ရုက္ခစိုး။ ။ ဟုတ်လိုက်လေ ဝန်ကြီးရယ်။ ဝန်ကြီးရဲ့ သတင်းစာက စတိုင်ယာကဏ္ဍ သီးသန့် ထည့်စရာမလိုဘဲကို ရယ်နေရတာကိုး။

ဆော်ကြမ်း။ ။ အဲဒါ ပညာပဲလေ။ မီဒီယာကို မီဒီယာနဲ့တိုက်မယ်၊ ရယ်စရာကို ရယ်စရာနဲ့တိုက်မယ်။ ဒါပဲ။

တာတေ။ ။ ဒါတော့ ဝန်ကြီးတို့ မတရားတာဘဲ။ ကျုပ်က ရယ်စရာရေးတာမှ မဟုတ်ဘဲ။ သတင်းအမှန်တွေကို တင်ပြတာ။

ဆော်ကြမ်း။ ။ လျှာမရှည်နဲ့ မောင်တာတေ။ သိတယ်။ မင်းက ထွေရာလေးပါး ကဏ္ဍရဲ့ အောက်ဆုံးကနေ ဒီကဏ္ဍဟာက စတိုင်ယာဖြစ်ပါတယ်၊ သတင်းမှန်တွေကို အခြေခံထားတာ မဟုတ်ပါဘူးလေး ဘာလေးနဲ့ မလှိမ့်တပတ်လုပ်ပြီး သတင်း အမှန်တွေကို ရေးနေတာလေ။ အဲဒီတော့ ကျုပ်ကလည်း စတိုင်ယာမရေးဘဲ သတင်းအမှန်ထဲကနေ လူတွေ ရယ်ရအောင် လုပ်တာပေါ့။ ဘယ်ရမလဲ။

ရုက္ခစိုး။ ။ ဟုတ်တယ် ဟုတ်တယ်။ ဝန်ကြီးတို့ လွှတ်တော်သတင်းတွေဆို အရယ်ရဆုံးပဲ။ အဲဒီထဲမှာ ဦးဆော်ကြမ်း ပြောတာ ပိုပြီးရယ်ရတယ်။ လူပြက်လုပ်ပါလားဟင်။

ဆော်ကြမ်း။ ။ လုပ်ဦးမှာ … အခုကျင့်နေပြီ။ ဇာဂနာလောက်တော့ သနားတယ်ဗျာ။

သူတို့ပြောနေသည်ကို ကျွန်ုပ် ဘာတလုံးမှ နားမလည်ပေ။ နယူးယောက်တိုင်းစ်၊ ဝါရှင်တန်ပို့စ်၊ အီကောနောမစ်၊ ဘန်ကောက်ပို့စ် အကြောင်းပြောတော့မှ ဆရာလုပ်တော့မည်ဟု တေးထားလိုက်ပြီး ယခု တပည့်ခံရန်ဆုံးဖြတ်လိုက်သည်။ ဦးဆော်ကြမ်း ကိုတော့ မမေးရဲ။ နတ်နိုင်ဦးရုက္ခစိုးကိုသာ ခပ်တိုးတိုး ကပ်မေးလိုက်သည်။

တာတေ။ ။ ဘယ်လိုလဲ ဦးရုက္ခစိုး။ လုပ်ပါဦး။ ကျနော် ခေတ်နောက်ကျနေပြီထင်တယ်။

ရုက္ခစိုး။ ။ သေချာတာပေါ့ ကိုတာတေရယ်။ ဦးဆော်ကြမ်းလုပ်ချလိုက်တာ သိလား။ သတင်းစာ မျက်နှာဖုံးမှာ စာလုံးမည်းကြီးနဲ့လေ ...။ မြန်မာပြည်သူတွေအနေနဲ့ သတင်းအချက်အလက်များ၊ အသိဗဟုသုတများ၊ ဖျော်ဖြေမှုများကို ကမ္ဘာ့ပြည်သူများနည်းတူ အချိန်နဲ့တပြေးညီ အပြည့်အဝ ရရှိခံစားနိုင်ပြီတဲ့ ...။ အဟိ ခွိခွိခွိ … ဟားဟားဟား။

ဦးရုက္ခစိုးကြီးမှာ ပြောရင်းက စိတ်မထိန်းနိုင်ဘဲ ဝါးလုံးကွဲ ရယ်လေတော့သည်။ ဦးဆော်ကြမ်းမှာကား မိန့်မိန့်ကြီးပြုံးလျက် “ဘာတတ်နိုင်သေးလဲ မောင်တာတေ” ဆိုသည့်ပုံ ဖမ်းထားသည်။

တာတေ။ ။ ဒီတခုတည်းနဲ့တင် ကျနော်မျိုးကြီး သေဖို့ ကောင်းနေပါပြီ။ ရှိသေးလား ဦးရုက္ခစိုး။

ရုက္ခစိုး။ ။ မြန်မာနိုင်ငံမှာ သဘာဝဘေးဒဏ် ကာကွယ်စောင့်ရှောက်ရေး ဥက္ကဋ္ဌအဖြစ် ဝန်ကြီးချုပ် ဦးသိန်းဂိန်ကို ခန့်ထားတာတဲ့။ ဒါမျိုး ကမ္ဘာ့နိုင်ငံတွေမှာ မရှိသလောက် ရှားတယ်ဆိုတဲ့အကြောင်း ...။

ဆော်ကြမ်း။ ။ ကျန်သေးတယ်လေ ဦးရုက္ခစိုးရဲ့ ... နာဂစ်ဒေသ ပြန်လည်ထူထောင်ရေးက လိုအပ်တာထက် မြန်နေလို့ တခြားနိုင်ငံတွေက မြန်မာနိုင်ငံကိုတောင် စံနမူနာ ထားရတယ်ဆိုပြီးကို လွှတ်တော်မှာ ပြောချလိုက်ကြတာ။ အဟီး။ အဲဒီလို မျက်နှာပြောင်တိုက်တဲ့ အပြောလေးတွေကို ကျုပ်က သတင်းစာထဲမှာ မပါပါအောင် ထည့်တာဗျ။ ဒါတောင် မကောင်းတတ်လို့၊ တကယ်ဆို ဂျပန်က ဆူနာမီကိစ္စအတွက် နည်းပညာ အကူအညီပေးမယ်လို့ပါ ထည့်ချင်တာ။

ရုက္ခစိုး။ ။ ကျန်တာတော့ ကိုယ့်ဘာသာပဲ ဖတ်ပေတော့။ သေချာတာတော့ မင်း … ထမင်းအိုးကွဲပြီ။

ကျွန်ုပ်အလွန် အားငယ်သွားသည်။ မြန်မာ့အမှောင်သတင်းစာကြီးက ဤသို့ ပေါရဲနေမှတော့ ကျွန်ုပ်အတွက် နေရာမရှိပြီ။
ထို့ကြောင့် မရဲတရဲနှင့် “နိုင်ငံကြီးကို အုပ်ချင်တိုင်းအုပ်ပြီး အရေးကြုံလာရင် ရှောင်မယ့် နိုင်ငံအုပ်ရှောင် ကိစ္စကော မပါဘူးလား” ဟု မေးကြည့်လိုက်၏။

ဆော်ကြမ်း။ ။ လာမယ် … ဒါက ဖြည်းဖြည်းချင်းလာမယ်။ အဲဒီသတင်းက ထုတ်လို့မဖြစ်သေးဘူး။ ချိုကုပ်ဒူးကြီး အမိန့်မပေး သေးဘူးလေ။

ရုက္ခစိုး။ ။ ခင်ဗျားတို့ လွှတ်တော်ကြီးက မေးခွန်းတွေကို ဖြေတာ အရမ်းအရမ်းကို ရှင်းတာပဲဗျာ။ ဟိုးအရင် လက်ကျန် ပင်စင်စားကြီးတွေရဲ့ ပင်စင်လစာ တိုးမလားဆိုတဲ့မေးခွန်းကိုများ ဖြေသွားလိုက်တာ … တကယ့်ကို ဝေ့လည်ကြောင်ပတ်နဲ့ ဘာပြောချင်မှန်းကို မသိရဘူး။

ဆော်ကြမ်း။ ။ ဒါကတော့ဗျာ … တိုးချင်လည်း တိုးပါမယ်၊ မတိုးချင်လည်း မတိုးပါဘူး ဆိုတာကို လူကြားကောင်းအောင် မလှိမ့်တပတ်နဲ့ ဖြေရတာ လွယ်တာမှတ်လို့ …။ အဲဒါကိုလည်း ကျုပ်ရဲ့ မြန်မာ့အမှောင်ကြီးမှာ သေချာ ထည့်ရေးထားပါတယ်။

သူတို့နှစ်ဦး အချီအချ ပြောနေသည်များကို နားထောင်ရင်းနှင့် ကျွန်ုပ်မှာ အလွန်အားငယ်လာသည်။ ဦးဆော်ကြမ်းကား ရယ်စရာကို ရယ်စရာနှင့် တိုက်နေလေပြီတကား။ ကျွန်ုပ်ကို ကြည့်ကာ ဦးဆော်ကြမ်းက မြေနိမ့်ရာ ဓားမြောင် ထပ်စိုက်မည့် ရုပ်နှင့် (လှံက သူ့အရပ်နဲ့ အတူတူလောက်ဆိုတော့ ဓားမြောင်ပဲ နိုင်တဲ့သဘောပါ) “ဒီမှာ ကိုတာတေ … မကြာခင် မှာတော့ ခင်ဗျားတို့ အားလုံး ချုံးပွဲချပြီး ငိုရတော့မှာဗျ ဟဲဟဲ” ဟု ပြောလေသည်။

ရုက္ခစိုး။ ။ ဘာများပါလိမ့် ...။ မြန်မာပြည်မှာ ၂၄ နာရီ မီးဖျက်မယ်ဆိုတဲ့သတင်းလား။ ဒါလောက်နဲ့တော့ မြန်မာတွေက မငိုလောက်ပါဘူးဗျာ။

ဆော်ကြမ်း။ ။ သိပါတယ်ဗျာ။ အဲဒါမဟုတ်ပါဘူး။ အခုဟာက ဆက်သွယ်ရေး ဝန်ကြီးပြောတာ။ ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်ဝင်ငွေ ထိခိုက်အောင်လုပ်တဲ့ ကောင်တွေကို မကြာခင် ကျုပ်တို့ ချိုကုပ်ဒူးကြီးက အသေ နှိပ်ကွပ်တော့မှာတဲ့။ အီလက်ထရွန်နစ် ပုဒ်မနဲ့ကို တရားစွဲတော့မှာ။ ပြီးရင်ထောင်ချပြီပဲ။

တာတေ။ ။ ဘယ်သူတွေလဲဗျ။ နိုင်ငံတော်ဝင်ငွေ ထိခိုက်အောင်လုပ်တာ။

ဆော်ကြမ်း။ ။ နာမည်တွေကလည်း ဘာတွေလဲ မသိပါဘူး။ တယောက်က ပီဖင်ဂိုးတဲ့ … ခေါင်းတိုက်သွင်းတဲ့ ဂိုးပဲ ကြားဖူးပါတယ် … သူ့ကျမှ ဖင်နဲ့ဂိုးရတယ်လို့။ နောက်တယောက်က ဗီဇက်အိုတဲ့ … အသက်ကြီး နေပြီထင်ပါရဲ့။ နောက် တယောက် ကတော့ မိန်းမဗျ၊ နာမည်ကလည်း ဂျီးတော်တဲ့ ...။

ကျွန်ုပ်တသက်တာတွင် တခါမှ မကြုံဘူးသော အံ့သြကုန်နိုင်ဖွယ် ဖြစ်ရပ်ဆန်းနှင့် ကြုံတွေ့နေရလေပြီ။ ကျွန်ုပ်အလွန် အထင်ကြီးလှသော နယူးယောက်တိုင်းမ်စ်၊ ဝါရှင်တန်ပို့စ်၊ အီကော်နောမစ်၊ ဂါးဒီးယန်း စသည့် သတင်းစာကြီးများသို့ အဆိုပါသတင်း ရေးပို့လိုက်ပါက ကမ္ဘာကျော်ပေတော့မည် … သို့သော် အင်္ဂလိပ်လို မရေးတတ်တာက ခက်၏။

ရုက္ခစိုး။ ။ အဲဒါကြောင့်ပြောတာ … မင်းထမင်းအိုး ရိုက်ခွဲမယ့်သူ ပေါ်လာပြီလို့ ...။ စတိုင်ယာ မရေးနဲ့တော့။

တာတေ။ ။ ဟုတ်တယ်။ စွန့်လွှတ်မယ်။ စွန့်လွှတ်မယ်။ ဒီအလုပ်ကို တသက်မလုပ်တော့ဘူး။

ထိုစဉ် ကျွန်ုပ် မျက်စိထဲ၌ မီးများ ဝင်းခနဲပွင့်သွားကာ မျက်စိရှေ့မှ ဦးဆော်ကြမ်းကော၊ ဦးရုက္ခစိုးပါ ရုတ်တရက် ထူးဆန်းစွာ ပျောက်ကွယ်သွားလေတော့၏။

“ကို … တာ … တေ” ဆိုသည့် မဒမ်တေ၏ ငှက်ဆိုးထိုးသံကြီးကြောင့် မီးပွင့်သွားခြင်းဖြစ်ပေသည်။ နောက်ဆက်တွဲအနေဖြင့် “ဘာ … စွန့်လွှတ်မှာလဲ ...ဟမ် ... ဘာအလုပ်မှဖြင့် မယ်မယ်ရရ မလုပ်ဘဲနဲ့ ရှိတဲ့ ဒီ စာရေးတာကိုတောင် စွန့်လွှတ်ဦးမယ်ပေါ့ … ဟုတ်လား။ ရှင် အိမ်ပေါ်က ဆင်းတော့ သွား။ ဟွန်း … အခုလည်း စာရေးဖို့ ကုန်ကြမ်း စဉ်းစားဦးမယ်ဆိုပြီး အိပ်နေ လိုက်တာ ယောင်တောင်ယောင်တယ် … တကတည်းတော် …” အစချီ၍ ပေါက်ပေါက်များဆက်တိုက် ဖောက်နေလေ၏။

ကျွန်ုပ် အိပ်ပျော်သွားချိန် အိပ်မက် မက်နေခြင်းပေတကား။ ကျွန်ုပ်၏ မိန်းမ အလိုက်မသိတတ်ပုံများ ... နယူးယောက်တိုင်းစ်၊ အီကောနောမစ်၊ ဝါရှင်တန်ပို့စ်၊ ဂါးဒီးယန်း … အစရှိသည့် အင်တာနေရှင်နယ် သတင်းစာများကို ပို့ရန်အတွက် သတင်းစိတ်ကူး များ ပျက်စီးရသည်အထိပင် မဟုတ်တုံလော။ ။

အစိုးရသစ် ဘတ်ဂျက် လူမှုဖူလုံရေးကို လျစ်လျူရှု

ထက်အောင်

စစ်ဘက်အရပ်ဘက် ပေါင်းစပ်ထားတဲ့ အစိုးရသစ်အတွက် လက်ရှိစစ်အစိုးရက ဥပဒေအဖြစ် ထုတ်ပြန်လိုက်တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အသုံးစရိတ်ဟာ ၎င်းတို့ကာလရှည်ကြာ ကိုင်စွဲလာခဲ့တဲ့ စစ်ရေးအရ လုံခြုံမှုရှိရေးကိုသာ ထိပ်တန်းဦးစားပေးထားပြီး တိုင်းပြည်မှာ အမှန်တကယ် လိုအပ်နေတဲ့ လူမှုဖူလုံရေးနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးခံယူချက် ကင်းမဲ့နေတာကို တွေ့ရပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ တင်မြှောက်လိုက်ပြီး ပထမဆုံး နိုင်ငံတော် သမ္မတဖြစ်လာမယ့် လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ စစ်အစိုးရဆီက အာဏာလွှဲယူပြီးနောက် အစိုးရသစ်ကို ဦးဆောင်ရမှာဖြစ်ပေမယ့် အစိုးရသစ်ရဲ့ အသုံးစရိတ်ကို လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်ထံ တစုံတရာ အသိပေး တင်ပြအတည်ပြုခြင်းမရှိဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ရဲ့လက်မှတ်နဲ့ ဖေဖော်ဝါရီလ ၁၁ ရက် နေ့မှာ အစိုးရပြန်တမ်းအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါပြန်တမ်းအရ အစိုးရသစ်ရဲ့အသုံးစရိတ်မှာ ကာကွယ်ရေးဝန်ကြီးဌာန တခုတည်းကိုပဲ ကျပ်ကုဋေ ၁၃၁၈ ကျော် (အမေရိ ကန်ဒေါ်လာ ၁.၄၉ ဘီလီယံကျော်) အများဆုံး သုံးစွဲခွင့်ပေးထားပါတယ်။ အဲဒီပမဏာဟာ ကျပ်ကုဋေ ၆၇၇၂ ကျော် (အမေ ရိကန်ဒေါ်လာ ၇.၆၅ ဘီလီယံကျော်) ရှိတဲ့ အစိုးရအသုံးစရိတ်တခုလုံးရဲ့ ၂၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

အစိုးရသစ် အသုံးစရိတ်တွေကို ၀န်ကြီးဌာနအလိုက် ခွဲဝေရာမှာ ကာကွယ်ရေးအသုံးစရိတ်ပြီးရင် အသုံးစရိတ်အများဆုံး ခွဲဝေထားတဲ့ ၀န်ကြီးဌာနတွေက စွမ်းအင်၊ အခွန်နဲ့ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆောက်လုပ်ရေးနဲ့ စက်မှုဝန်ကြီးဌာနတို့ ဖြစ်တယ်။

ဇန်န၀ါရီလကတည်းက စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ “ကူးပြောင်းရေးကာလ ပြဌာန်းချက်များ” ကို အသုံးပြုပြီး ဥပဒေသစ်တွေ အတွဲလိုက် ပြဌာန်းနေပါတယ်။ ဒီ နိုင်ငံတော်ဘဏ္ဍငွေအရ အသုံးဆိုင်ရာဥပဒေဟာ နိုင်ငံတော်ပြန်တမ်းအနေနဲ့ နောက်ဆုံးထွက်ရှိလာတဲ့ ဥပဒေဖြစ်ပေမယ့် အများပြည်သူ လေ့လာနိုင်အောင် စစ်အစိုးရက နိုင်ငံပိုင်သတင်းစာတွေထဲကနေ ထုတ်ပြန်ကြေညာခြင်း မရှိပါ။

ထိုဥပဒေနဲ့အတူ စစ်အစိုးရဟာ နောက်ထပ်အရေးကြီးတဲ့ ဥပဒေတခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ “နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သောအသုံးစရိတ်ဆိုင်ရာ အထူးရန်ပုံငွေဥပဒေ” ဖြစ်ပါတယ်။ အထူး ရန်ပုံငွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တဦးတည်းကသာ သုံးစွဲခွင့်ရှိပြီး ကာကွယ်ရေးဦးစီးချုပ်က နှစ်စဉ်တင်ပြလာတဲ့ ငွေကြေးပမာဏကို အစိုးရအသစ်ရဲ့သမ္မတက ခွင့်ပြုပေးရမှာဖြစ်ပါတယ်။

ဒီနေရာမှာ အလွန်အရေးကြီးတဲ့ မေးခွန်းတွေပေါ်လာတယ်။ အောက်မှာ ဖော်ပြထားတဲ့ အစိုးရသစ် ဘတ်ဂျက်ဇယားကို လေ့လာကြည့်မယ်ဆိုရင် အစိုးရသစ် ၀န်ကြီးဌာနအားလုံးကို စုစုပေါင်း သုံးစွဲငွေ ကျပ်ကုဋေ ၆၇၇၂ ကျော်လုံး ဝေခြမ်းထားပြီးပြီ ဆိုတော့ သမ္မတက ကာကွယ်ရေးဦးစီးချုပ်တောင်းဆိုတဲ့ အထူးရန်ပုံငွေကို ဘယ်ကရှာပေးမှာလဲ။ ပြီးတော့ အဲဒီငွေတွေက ဘယ်ကရတာလဲ။ ပြည်သူလူထုကို အသိမပေးဘဲ ပြည်သူလူထုက ရွေးချယ်ထားတဲ့ အစိုးရခေါင်းဆောင် သမ္မတက ဒီလိုလုပ်ပိုင်ခွင့် ရှိသလား။ ဖွဲ့စည်းပုံအခြေခံဥပဒေကရော ခွင့်ပြုထားတာရှိသလား။

အဲဒီ အထူးရန်ပုံငွေကို ပြည်တွင်းပြည်ပအန္တရာယ်တွေကို ကာကွယ်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ သုံးစွဲမယ်လို့ ဥပဒေက ဆိုထားပါတယ်။ ဒီလိုသုံးစွဲတဲ့နေရာမှာလည်း “မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန်မလို” လို့ ဆိုထားပြီး အသုံးစရိတ်များကို သမ္မတ တဦးထဲကိုသာ နှစ်စဉ် ရှင်းလင်းတင်ပြရမည်လို့ ဆိုထားပါတယ်။

ဒီအချက်တွေကြောင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ မတ်လ ၄ ရက်နေ့မှာ ကြေညာချက်တစောင်ထုတ်ပြန်ပြီး စစ်အစိုးရထုတ်ပြန်လိုက်တဲ့ အထူးရန်ပုံငွေဥပဒေဟာ “ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲခြင်းကို ပြည်သူများက (တိုက်ရိုက်သော်လည်းကောင်း၊ ကိုယ်စားလှယ်မှ တဆင့်သော်လည်းကောင်း) စစ်ဆေးမေးမြန်းခွင့် မရှိ၊ ပိတ်ပင်ထားခြင်းဖြစ်၍ ဥပဒေတို့၏အင်္ဂါရပ်နှင့် မကိုက်ညီကြောင်း” ဝေဖန်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ရေးအသုံးစရိတ်နဲ့ပတ်သက်ပြီး နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၄၀ ရာခိုင်နှုန်းခန့်အထိ သုံးစွဲနေကြောင်း ယခင်က ပညာရှင်များ၊ လေ့လာသူများက ဆိုကြပါတယ်။ အခုထွက်ပေါ်လာတဲ့ အစိုးရသစ်အသုံးစရိတ်ကို ရုတ်တရက်ကြည့်မယ်ဆိုရင် စစ်ရေးအသုံးစရိတ်ဟာ ထက်ဝက်နီးပါး လျော့ကျသွားသယောင် ရှိပါတယ်။

ဒါပေမယ့် ၂၀၁၁ ခုနှစ် နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲတဲ့နေရာမှာ စစ်ဗိုလ်ချုပ်ကြီးတွေ အသုံးချထားတဲ့ လှည့်ကွက် မဟာဗျူဟာကတော့ တဘက်မှာ ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ စစ်ရေးအသုံးစရိတ်အဖြစ် ယူထားပြီး ပြည်သူ့ဘဏ္ဍာငွေထဲက ဘယ်သူမှ မသိနိုင်တဲ့ ငွေကြေးပမာဏကို အထူးရန်ပုံငွေထဲ လွှဲပြောင်းရယူမယ့် အထူးအခွင့်အရေးတရပ်ကို စစ်တပ်က ဖန်တီးလိုက်တာပါပဲ။

စစ်ရေးလေ့လာသူတချို့က အထူးရန်ပုံငွေဟာ စစ်တပ်ရဲ့ လျှို့ဝှက်စစ်ရေး စီမံကိန်းတွေဖြစ်တဲ့ လှိုဏ်ခေါင်းတွေ တည်ဆောက်တဲ့နေရာမှာ၊ အဆင့်မြင့် ဒုံးပျံနည်းပညာတွေ ရယူဖို့ကြိုးစားတဲ့နေရာမှာနဲ့ အရှေ့တောင်အာရှဒေသမှာ ပထမဆုံး နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာရေးအတွက် အဏုမြူ ဓာတ်ပေါင်းဖိုတည်ဆောက်ရေး စီမံကိန်းတွေထဲ ရောက်သွားနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အစိုးရသစ် အသုံးစရိတ်တွေအနက် စွမ်းအင်ဝန်ကြီးဌာနကို ၁၄.၉၀ ရာခိုင်နှုန်း၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကို ၁၃.၇၂ ရာခိုင်နှုန်းနဲ့ လျှပ်စစ်ဝန်ကြီးဌာနကို ၉.၉၃ ရာခိုင်နှုန်း အသီးသီး ခွဲဝေပေးထားပါတယ်။

ဒီအချက်ကိုကြည့်ရင် အစိုးရအသစ်ဟာ သဘာဝအရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲတာကိုပဲ အာရုံစိုက်ပြီး ကုန်းတွင်းနဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်တာနဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေးလို လုပ်ငန်းတွေမှာ နိုင်ငံခြားကုမ္ပဏီတွေ၊ ပြည်တွင်း စစ်တပ်နဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေနဲ့ တွဲဖက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကိုပဲ ဦးစားပေးဆောင်ရွက်သွားဖို့ ရှိပါတယ်။

တိုင်းပြည်စီးပွားရေးရဲ့ ရာခိုင်နှုန်းအများစုကို စစ်တပ်ကပိုင်ဆိုင်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့က ထိထိရောက်ရောက် ချုပ်ကိုင်ထားကြပါတယ်။ ထိုစစ်တပ်ရဲ့စီးပွားရေးအင်ပါယာကြီးမှလည်း စစ်တပ်အတွက် အရေအတွက်မသိနိုင်တဲ့ ရန်ပုံငွေတွေကို ရှာဖွေပေးနိုင်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ အဓိက၀င်ငွေကို စွမ်းအင်၊ လျှပ်စစ်နဲ့ သတ္တုတူးဖော်ရေး စတဲ့ကဏ္ဍတွေက ရရှိတာဖြစ်တဲ့အတွက် အဲဒီဝင်ငွေတွေထဲကနေ စစ်ရေးရန်ပုံငွေထဲ ရောက်ရှိ သွားနိုင်ပါတယ်။

မြန်မာပြည်သူတွေဟာ ၂၀၀၈ ခုနှစ်မှာ ဆိုင်ကလုန်း နာဂစ် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသေမှာ တကြိမ်၊ ၂၀၁၀ ခုနှစ်မှာ ဆိုင်ကလုန်း ဂီရိကို ရခိုင်ပြည်နယ်တွင် တကြိမ် ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတဲ့အတွက် ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ လူမှုဘ၀တိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး အစိုးရသစ်အနေနဲ့ သင့်လျော်တဲ့ ဘတ်ဂျက်ခွဲဝေသုံးစွဲမှု ရှိသင့်ပါတယ်။

ဒါပေမယ့် အစိုးရသစ်ဘတ်ဂျက်က ပညာရေးအတွက် ၄.၅၇ ရာခိုင်နှုန်း၊ ကျန်းမာရေးအတွက် ၁.၃၁ ရာခိုင်နှုန်းနဲ့ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအတွက် ၀.၂၆ ရာခိုင်နှုန်းသာ ခွဲဝေပေးခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို နိုင်ငံတကာအစိုးရတွေက စာနာထောက်ထားကြပြီး ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားခဲ့ရတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူအတွက်၊ တိုင်းပြည်မှာ ဆင်းရဲမွဲတေလွန်းလို့ ဖြစ်ပေါ်လာတဲ့ တခြားလူမှုဒုက္ခတွေ သက်သာစေဖို့ သူတို့ နိုင်ငံက အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးတွေကို ရက်ရက်ရောရော လှူဒါန်းခဲ့ပါတယ်။

ဒီလို နိုင်ငံတကာအသိုင်းအ၀န်းက စေတနာထားခဲ့ပေမယ့် ပြည်သူပြည်သားတွေ လက်ရှိရင်ဆိုင်နေရတဲ့ လူမှုဘ၀ ဆင်းရဲဒုက္ခတွေကို ယခုအစိုးရသစ်ရဲ့ ဘတ်ဂျက်က တာဝန်ယူမှုမရှိပဲ လျစ်လျူရှုထားပါတယ်။

Japan Tsunami Photos-2 ( Pray for Japan )









ယနေ့ မြန်မာ့ရေးရာ သတင်းများ March,19th,2010

( 32 )ပြည်သူ့အကျိုးပြု လုပ်ငန်းများ NLD တိုးမြှင့်မည်

( 31 )အချိန်ပြည့် အထူးသံခန့်ရေး ကုလ စဉ်းစားဆဲ

( 30 )Latest offensive: More men at the front, less in the rear

( 29 )KNPP: စီးပွားရေးမူဝါဒ မပြောင်းလျှင် ပိတ်ဆို့မှု မရုပ်သင့်

( 28 )ကရင်နီပြည်တွင်းမှ ဘိန်းများ နယ်စပ်တွင် ဖမ်းမိ

( 27 )‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ

( 26 )The Democracy Protests in Shades of Saffron

( 25 )ကချင်ပြည်နယ် ပါတီကိုယ်စားလှယ်များနှင့် NLD ဗဟိုခေါင်းဆောင်များ ဆွေးနွေး

( 24 )Karen pray for peace

( 23 )မြန်မာပြည်သူများ ဒုက္ခ ဖော်ပြသည့် စာအုပ် မိတ်ဆက်ပွဲကျင်းပ

( 22 )Salt prices double, triple in Burma

( 21 )အနုမြူ ကောလာဟလကြောင့် နယ်စပ်နှင့် ကချင်ပြည်နယ်မှာ ဆားဈေး သုံးဆခုန်တက်

( 20 )Than Shwe and 'Top Six' Appear at Buddhist Ceremony

( 19 )Myawaddy Braces for Attack

( 18 )မွန်ပြည်နယ် ရာဘာဈေး သုံးပုံတပုံကျ

( 17 )UN delays responding to Suu Kyi’s request for new envoy

( 16 )ဒီကေဘီအေ ၀င်တိုက်မည့် သတင်းကြောင့် မြ၀တီ မြို့ခံများ ထိတ်လန့်

( 15 )Myanmar donates cash to Japan for quake, tsunami victims

( 14 )ဂျပန်တွင် အားပြင် ငလျင် လှုပ်နိုင်ခြေ ၅၀ ရာနုန်း ရှိသေး

( 13 )Myanmar military to launch new newspaper

( 12 )နအဖ ထိုးစစ်ကြောင့် ဒေသခံ ရွာသား ၇၀၀ကျော် ထွက်ပြေး

( 11 )No radioactive elements from Japan spread to Myanmar

( 10 )ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီယား သမတ ထောက်ခံ

( 9 )Myanmar experts dismiss allegations about acid rainfall

( 8 )အစိုးရသစ်နဲ့ ဆွေးနွေးဖို့ NLD အဆင်သင့်

( 7 )Australian editor denied bail in Myanmar

( 6 )ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

( 5 )Cross-border trade up 17% in January

( 4 )တရုတ်ဝယ်လိုအားကြောင့် မြန်မာဆား မကြုံစဖူးဈေးတက်

( 3 )All about burma

( 2 )မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အချိန်ပြည့် ခန့်အပ်နိုင်ရေး ကုလ စဉ်းစားမည်

( 1 )Baby steps as Burma's opposition finds its feet

Japan Tsunami Photos ( Pray for Japan )









Friday, March 18, 2011

အိမ်သုံးဆားဈေး ၁၀ ဆကျော်တက်

ဧရာဝတီ Friday, 18 March 2011

မြန်မာနိုင်ငံတွင် တရုတ်ကုန်သည်များက အိမ်သုံး အိုင်အိုဒင်းဆားများ အလုံးအရင်းဖြင့် ၀ယ်ယူနေမှုကြောင့် မန္တလေး၊ လားရှိုး၊ မူဆယ်ဈေးကွက်များတွင် အိမ်သုံးဆားများ ပြတ်လပ်သွားပြီး ဈေးနှုန်း ၁၀ ဆကျော် မြင့်တက်သွားကြောင်း သိရသည်။

“ဒီနေ့ ဆားဈေးတွေ တအားတက်ပါတယ်။ ၀ယ်လို့လည်းမရဘူး။ လှောင်တဲ့လူတွေကလည်း လှောင်နေကြတယ်။ ဈေးက တန်း မရှိဘူး။ ၀ယ်သူရောင်းသူ သဘောတူဈေးပဲ။ လောလောဆယ် အိုင်အိုဒင်းဆား တပိဿာ ကျပ် ၁၀၀၀ ကနေ ၁၅၀၀ အထိ ဈေးတက်ရောင်းနေတယ်” ဟု မန္တလေးမြို့ရှိ အိမ်သုံးဆားသန့်နှင့် အိုင်အိုဒင်းဆား ထုတ်လုပ် ရောင်းချနေသူ စက်ရုံပိုင်ရှင် တဦးက ပြောသည်။

ပုံမှန်အားဖြင့် အိုင်အိုဒင်းဆား တပိဿာလျှင် ၁၁၅ ကျပ်နှင့် ၁၅၀ ကျပ် အကြား ဈေးအတက်အကျရှိသည်။

ဆားဈေးနှုန်းမြင့်တက်ချိန် မန္တလေးမြို့ ဆားဈေးကွက်တွင် ဆား လုံးဝပြတ်လပ်သွားပြီး ရန်ကုန်မြို့ရှိ ဆားစက်များမှ
အိုင်အိုဒင်း ဆားများကိုပါ မှာယူနေကြကြောင်း သိရသည်။

“ရန်ကုန်မှာလည်း ဈေးတွေတက်နေပြီ။ အခု ဈေးသိပ်မဖွင့်ဘူး။ အားလုံးက အခြေအနေကို စောင့်ကြည့်နေတယ်။ နယ်က အမှာစာတွေ တက်နေပြီ” ဟု ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ဆားလုပ်ငန်းရှင် တဦးက ရှင်းပြသည်။

ဘုရင့်နောင်အခြေစိုက် ဆားပွဲရုံပိုင်ရှင် တဦးကမူ လာမည့်ရက်ပိုင်းအတွင်း ဆားဈေးနှုန်း အလွန်မြင့်တက်နိုင်သည်ဟု ခန့်မှန်းသည်။

ဂျပန်နိုင်ငံရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံများ ပေါက်ကွဲပြီး ဓာတ်ရောင်ခြည်များ ပင်လယ်တွင်းသို့ ပျော်ဝင်ကာ ဆားများတွင် ရေဒီယိုသတ္တိကြွ ဓာတ်ပစ္စည်းများ ပါဝင်နိုင်သည်ဆိုသော ယူဆချက်များ တရုတ်နိုင်ငံတွင် ပျံ့နေကြောင်း၊ ထို့ကြောင့် တရုတ်ပြည်သူ ထောင်ပေါင်းများစွာက ကုန်တိုက်များ၊ ကုန်စုံဆိုင်များနှင့် ဈေးများတွင် အိမ်သုံးဆားများကို ကြိတ်ကြိတ်တိုး ၀ယ်ယူကြောင်း၊ တရုတ်နိုင်ငံတွင် အိမ်သုံးဆား ပြတ်လပ်မှု ဖြစ်ပေါ်နေခြင်းကြောင့် တရုတ်နိုင်ငံမှ စီးပွားရေးသမားများက မြန်မာနိုင်ငံမှ အိမ်သုံးဆားများစွာကို မှာယူနေရာ မြန်မာပြည်မှ ဆားဈေးများပါ ထိုးတက်သွားခြင်း ဖြစ်ကြောင်း ဆားကုန်သည် များက ဆိုသည်။

မိုးလေ၀သ ပညာရှင်ဦးထွန်းလွင်ကမူ ဂျပန်နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုကြောင့် မြန်မာအပါအ၀င်
အာရှတိုက်တွင် ဓာတ်ရောင်ခြည်သင့်ပြီး အက်ဆစ်မိုးရွာသွန်းနိုင်သည်ဆိုသော သတင်းများမှာ ကောလာဟလ များသာဖြစ်ကြောင်း ပြောသည်။

စစ်အစိုးရပိုင် သတင်းမီဒီယာများကလည်း မြန်မာနိုင်ငံတွင်ရွာသွန်းသော မိုးများကိုတိုင်းတာရာ ဓာတ်ရောင်ခြည် ပါဝင်ခြင်းမရှိကြောင်းနှင့် ဂျပန်နိုင်ငံရောက် မြန်မာများကို တိုကျိုမြို့ရှိ မြန်မာသံရုံးက အကူအညီ ပေးလျက်ရှိကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန် ထားသည်။

နအဖတပ်မှ ကရင်ရွာသားတစ်ဦးကို ပစ်သတ်

နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် လက်ရှိ လှုပ်ရှားနေသည့် နအဖ ခြေမြန်တပ်မ ဌာနချုပ်- တမခ (၁၁)လက်အောက်ခံ တပ် ရင်းမှ ကျွဲအရောင်းအ၀ယ်လုပ်နေသည့် ရွာသားများကို သွားရောက်ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ခေးထာ့ရွာသားတစ်ဦး ပွဲ ချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံတဦးက ကေအိုင်စီကို ပြောသည်။

သေဆုံးသွားခဲ့သည့် အသက် ၃၉နှစ်အရွယ် ဖားမော့လောသည် ခေးထာ့ရွာမှနေ၍ ကျိုးခိုဒဲရှိ ကျွဲများကိုဝယ်ယူရန် ကျွဲပိုင်ရှင် နှင့် ဆွေးနွေးပြောဆိုနေစဉ် တမခ(၁၁)လက်အောက်ခံ ခမရ(၂၁၄)မှ ဗိုလ်ပြုံးမောင်မောင် ဦးစီးသောအဖွဲ့က တမင်သွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းဒေသခံက ပြောသည်။

သူက “စစ်တပ်က ရွာသားတွေ ကျွဲအရောင်းအ၀ယ်လုပ်တာကို ကြိုသိထားလို့ဖြစ်မယ်။ လာပြီးပစ်တာ။ ကျွဲရောင်းတဲ့လူတွေ ထွက်ပြေးလွတ်မြောက်ပေမဲ့ ဖားမော့လောက ထိသွားတယ်။ အဲဒီမှာပဲ သေဆုံးသွားတယ်။ သူ့မှာပါလာတဲ့ ထိုင်းဘတ်ငွေ သုံး သောင်းကိုလည်း စစ်တပ်က အကုန်ယူလိုက်တယ်။”ဟု ပြောသည်။

ယင်းသို့ ဖားမော့လော သေဆုံးသွားသည့်အတွက် ၎င်းအား မှီခိုနေရသူ ဇနီးသည်နှင့် သားသမီး ၃ဦးတို့သည် ယခုအချိန်တွင် စိတ်သောကရောက်နေရကြောင်း သိရသည်။

လက်ရှိ ဖာပွန်ဒေသရှိ နအဖတပ်များသည် တပ်ရိက္ခာ ပို့ဆောင်နေဆဲဖြစ်ပြီး ရိက္ခာပို့ဆောင်ရေးအတွက် ဗိုလ်ပြုံးမောင်မောင် နှင့်အဖွဲ့သည် ခေါပူနှင့် ဆာ့ညာ့ကျေးနယ်အကြားတွင် လုံခြုံရေးတာဝန်ယူကာ လှုပ်ရှားနေကြောင်း ဖာပွန်ခရိုင်အတွင်းရှိ KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ပြောသည်။

ဖာပွန်ဒေသတွင် နအဖ တပ်များမှ ပစ်သတ်၊ သတ်ဖြတ်မှုကြောင့် ၂၀၁၀ခုနှစ်အတွင်းတွင် ရွာသူရွာသား ၅ဦး သေဆုံးခဲ့ပြီး ယခု ၂၀၁၁ခုနှစ်တွင် ဖားမော့လောသည် ပထမဦးဆုံး ပစ်သတ်ခံရသည့် ရွာသားတဦးဖြစ်သည်ဟု သိရသည်။

ကုန်ပို့ခ ဈေးကျသော်လည်း ကုန်ဈေးနှုန်း မကျ

သန်းထိုက်ဦး Friday, 18 March 2011

ပြည် တွင်းတွင် ပုဂ္ဂလိက ကုန်တင်ကားကြီးများ ကုန်ပိုတင်နိုင်၍ ကုန်တင်ခများ လျော့ကျလာသော်လည်း ကုန်ဈေးနှုန်းမှာ ကျဆင်းခြင်း မရှိသေးကြောင်း စီးပွားရေး လုပ်ကိုင်နေသူများက ပြောသည်။

အာဆီယံ စံချိန်စံနှုန်းများနှင့်အညီ ယခင်က တန် ၂၀ တင်ဆောင်ခဲ့သော ၆ ဘီးကားများကို ၁၆ တန်၊ ၃၅ တန် တင်ဆောင်ခဲ့သော ၁၀ ဘီးကားများကို ၂၁ တန်၊ တန် ၄၀ တင်ဆောင်ခဲ့သော ၁၂ ဘီးကားများကို ၂၅ တန်သာ တင်ဆောင်ရန် ယမန်နှစ် သြဂုတ်လက စတင်သတ်မှတ်ခဲ့သည်။

ယင်း သတ်မှတ်ချက်ကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများက ကားခများကို နှစ်ဆအထိ တိုးမြှင့်ခဲ့သည့်အပြင် ကုန်စည်စီးဆင်းမှု နှေးကွေးသွားပြီး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သည်။

အဆိုပါရလဒ်ကြောင့် ၆ ဘီးကားများကို ၂ တန်၊ ၁၀ ဘီးနှင့် ၁၂ ဘီးကားများကို ၅ တန်အထိ အပိုတင်ဆောင်ခွင့် ယာယီခွင့်ပြုသည်ဆိုသော ကြေညာချက်ကို သယ်ယူပို့ဆောင်ရေး လုပ်ငန်းများသို့ မတ်လ ၁၅ ရက်နေ့က သယ်ယူပို့ဆောင်ရေး လုပ်ငန်းများထံ ပေးပို့ခဲ့သည်။

ရန်ကုန်မြို့ရှိ ဘုရင့်နောင်အခြေစိုက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက “ကုန်ဈေးနှုန်းတွေ တဟုန်ထိုး မြင့်တက်လာလို့ ဒီကြေညာချက်ကို ထုတ်လိုက်တာပါ။ ယာယီ ဆိုပေမယ့် ပုံသေသွားမယ့် သဘောရှိတယ်။ မဟုတ်ရင် ကားခကို ထပ်တိုးကောက်ရင်တော့ ကုန်ဈေးနှုန်း တက်တာကို အာဏာပိုင်တွေ ထိန်းလို့ရမှာ မဟုတ်ဘူး။ အခုတော့ ကားခတွေ နည်းနည်း လျှော့ကောက်လို့ ရတာပေါ့” ဟု ပြောသည်။

ထိုကြေညာချက်ကြောင့် မန္တလေး-မူဆယ်နှင့် ရန်ကုန်-တောင်ကြီး ပြေးဆွဲနေသော ကုန်ကားများက တပိဿာလျှင် ၄၀ ကျပ်၊ ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် ကုန်ကားများက တပိဿလျှင် ၃၀ ကျပ်၊ ဘားအံ-ရန်ကုန် ပြေးဆွဲနေသော ကုန်ကားများက တပိဿာလျှင် ၁၅ ကျပ် ဈေးကျသွားကြောင်း ရန်ကုန် အခြေစိုက် 7 Days ဂျာနယ်တွင် ဖော်ပြထားသည်။

ရန်ကုန်မှ တောင်ကြီးသို့ ဆန်တအိတ် သယ်ယူခမှာ ၃၅၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ ဘိလပ်မြေ တအိတ် သယ်ယူခမှာ ၃၈၀၀ ကျပ်မှ ၂၅၀၀ ကျပ်သို့ ကျဆင်းသွားကြောင်း သိရသည်။

ကုန်ပစ္စည်းများ၏ သယ်ယူခ ဈေးကျသွားသော်လည်း စားသုံးဆီမှလွဲ၍ အခြေခံကုန်စည်များမှာ ဈေးကျသွားခြင်းမရှိကြောင်း ရန်ကုန်မြို့မှ အိမ်ရှင်မတဦးက ပြောသည်။

“ကားခဈေးကျတယ်ဆိုပေမယ့် ကုန်စည်ဈေးကတော့ မကျပါဘူး၊ မြန်မာပြည်မှာက ပစ္စည်းတခု ဈေးတက်ပြီးရင် ပြန်ကျဖို့က ခဲယဉ်းတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့၌ ချင်း တပိဿာလျှင် ၁၁၀၀ ကျပ်၊ အားလူး တပိဿာလျှင် ၅၀၀ ကျပ် ဈေးပေါက်လျက်ရှိပြီး ရှမ်းပြည်နယ်တွင် ပေါ်ဆန်းမွှေး တအိတ်လျှင် ၃၅၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။

ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးတွင် လုပ်ကိုင်နေသည့် ကိုအောင်ထွန်းက “ကားခတွေကတော့ တန်ပိုတင်ခွင့်ပေးလို့ ဈေးချပေးလိုက်ပြီးပြီ။ ကုန်ပစ္စည်းတွေ ဈေးကျဖို့ကတော့ ကုန်သည်တွေနဲ့ပဲ ဆိုင်တော့တယ်” ဟု ပြောသည်။

စာမေးပွဲအပြီး မြ၀တီရှိ အစိုးရ ဌာနများကို ၀င်တိုက်မည့်သတင်း ကြောင့် မြို့ခံများ ထိတ်လန့်နေ

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ် နယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့ရှိ စစ်အစိုးရဌာနဆိုင်ရာ ရုံးများကို တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော်(DKBA)တပ်ဖွဲ့က ဆယ်တန်းစာမေးပွဲအပြီး ၀င်တိုက်မည်ဟု သတင်းထွက်ပေါ်သောကြောင့် အထိတ်တ လန့် ဖြစ်နေကြရကြောင်း မြ၀တီမြို့ခံများက ပြောဆိုနေကြသည်။

ယနေ့သည် ဆယ်တန်းစားမေးပွဲနောက်ဆုံးရက်ဖြစ်သဖြင့် မနက်ပိုင်းကတည်းက မြို့လယ်ခေါင်ရှိ ဘုရင့်နောင်လမ်းမတစ် လျှောက်ရှိ စတိုးဆိုင်ကြီးများ၊ အထည်ဆိုင်နှင့် ရွှေဆိုင်အတော်များများမှာ ပိတ်ထားကြောင်း အမည်မဖော်လိုသူ မြို့ခံအ အမျိုးသမီးတစ်ဦးက ကေအိုင်စီကို ပြောသည်။

သူမက “ဒီနေ့လည် ၁၂နာရီမှာ စာမေးပွဲက ပြီးပြီလေ။ ဒါကြောင့် ဒီမနက် မြို့ကလူတွေက အပြင်ထွက်တာ သိပ်မတွေ့ရ သလို ဘုရင့်နောင်လမ်းမပေါ်က ကိုယ်ပိုင်အိမ်ဆိုင်တွေဖြစ်တဲ့ စတိုးလ်ဆိုင်၊ ကုန်စုံဆိုင်၊ အထည်ဆိုင်နဲ့ ရွှေဆိုင်တွေ ပိတ် ထားတယ်။ ရဲတွေကတော့ ဟိုး မနေ့က ပိတ်ခိုင်းထားတာ။ နောက် ဒီနေ့ ချစ်ကြည်ရေးတံတားထိပ်က Taxi ဆိုင်ကယ်နဲ့ ဆိုက်ကားအကြုံအပို့တွေလည်း တစီးမှမရှိဘူး။ တိုက်ပွဲဖြစ်မှာကို လူတွေ တော်တော်ထိတ်လန့်နေကြတယ်။”ဟု ပြော သည်။

ဒီကေဘီအေအနေဖြင့် မြ၀တီမြို့ကို တိုက်ခိုက်ရန်နှင့် စစ်အစိုးရရုံးများကို မီးရှို့ရန် ပြီးခဲ့သည့်အပတ်က မြ၀တီအာဏာပိုင် များထံ စာပို့ခဲ့သည့်အတွက် မြို့ခံလူထုအား အပြင်မထွက်ရန် အာဏာပိုင်များက သက်ဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ စည်ပင်၊ ပို့ဆက်(ကား၊ ဆိုင်ကယ် လိုင်စင်ရုံး)၊ အခွန်ဦးစီး၊ ငွေစာရင်း၊ သမ၀ါယမ၊ စီမံကိန်းနှင့် မွေးမြူ ရေး စသည့်ဌာန၀န်ထမ်းများကို ယမန်နေ့က သောင်ရင်းခမ်းမတွင် အစည်းအဝေးခေါ်ယူကာ အသိပေးထားခဲ့သည်။

ဒီကေဘီအေအနေဖြင့် ၎င်းစာကို ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက မြ၀တီအာဏာပိုင်များထံ ပေးပို့ထားခြင်းဖြစ် ကြောင်း DKBA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး)က အတည်ပြု ပြောဆိုသည်။

ဗိုလ်မှူးချုပ်စောလားပွယ်က “ကျနော်တို့ အခုလို သူတို့(နအဖ)ရဲ့ ဌာနဆိုင်ရာရုံးကို တရားဝင်စာပို့ထားတဲ့အတွက် ဘာမှ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ သူတို့တွေ ကျနော်တို့ရဲ့ နေရာအတော်များများကို လာဖျက်ဆီးပြီးပြီ။ ဒါကြောင့် ကျနော်တို့ဘက်က လုပ်သင့်တာကို ပြန်လည်တုံ့ပြန်သွားဖို့ အခြေအနေကို ကြည့်ပြီးလုပ်သွားမယ်။”ဟု ပြောသည်။

ယနေ့ ဆယ်တန်းစာမေးပွဲ ဖြေဆိုအပြီး မွန်းလွဲ ၃နာရီခန့်တွင် မြ၀တီမြို့ဘက်၌ လက်နက်ကြီးပေါက်ကွဲသံ ကြားရကြောင်း မြ၀တီမြို့ခံတဦးက “ဒီနေ့ ၃နာရီလောက်မှာ လက်နက်ကြီးအသံ သုံးလေးချက်လောက် ကြားရတယ်။ မြို့ထဲမှာတော့ မဟုတ်ဘူး။ အသံက မင်းလက်ပံရွာဘက်ကလို့ ထင်တာပဲ။”ဟု ပြောဆိုသည်။

မင်းလက်ပံ၊ ဖလူး၊ ဝေါ်လေကျေးရွာများသည် မြ၀တီမြို့၏ တောင်ဘက်ခြမ်းတွင်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် ကာ နအဖ စစ်အစိုးရကို ပြန်လည်တိုက်ခိုက်နေသည့် ဒီကေဘီအေအဖွဲ့ ယခင်အခြေစိုက်ရာဖြစ်သော်လည်း ယခုအချိန် တွင် စစ်အစိုးရတပ်များက ၀င်ရောက်နေရာယူထားသဖြင့် ဒီကေဘီအေမှ စစ်အစိုးရဌာနဆိုင်ရာရုံးများကို တိုက်ခိုက်ရန် ယခုလို တရားဝင်စာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ယာယီ စစ်ပြေးဒုက္ခသည်များ နေစရာ အမိုးအကာ အရေးတကြီး လိုအပ်နေ

စောသိန်းမြင့် (ကေအိုင်စီ)

ဖလူး၊ ဝေါ်လေတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံနေသည့် ကရင်ပြည်နယ်မှ စစ်ပြေးဒုက္ခသည်များသည် ယခု ရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် လက်ရှိအချိန်တွင် နေစရာအမိုးအကာများ အရေးတကြီး လိုအပ်နေသည်ဟု ၎င်းဒုက္ခသည်များက ပြောသည်။

မဲဆောက်မြို့နယ် မော်ကဲထိုင်းရွာတွင် ခိုလှုံနေရသည့် စစ်ပြေးဒုက္ခသည် ရွာသူကြီးတဦးက “မိုးရွာတာ လေးရက်ဆက်တိုက်ရှိ ပြီ။ အရင်က သူများပေးထားတဲ့ တာလပတ်အမိုးတွေလည်း ဆွေးလို့ မိုးမလုံတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ရွာသား တွေသုံးနေတဲ့ တာလပတ်ဟာ နေပူထိပြီးတော့ မိုးပြန် ထိလို့မရဘူး။ တချို့ရွာသားတွေကတော့ ဖြစ်သလိုနဲ့ပဲနေကြတယ်။ တချို့က အသိအိမ်တွေမှာ ခိုကပ်ပြီးနေရတဲ့အချိန်ကျတော့ အိမ်ရှင်ကိုလည်း အားနာရတယ်။”ဟု ပြောသည်။

ယခုလို မိုးဆက်တိုက် ရွာသွန်းမှုကြောင့် စစ်ပြေးဒုက္ခသည်များအတွင်း ဖျားနာမှုများ တစုံတရာ မရှိသေးသော်လည်း မိုးမလုံ သည့် ယာယီတဲအောက်က ဖြစ်သလို နေထိုင်ကြသော ရွာသူရွာသားများ၏ ကျန်းမာရေးအတွက် စိုးရိမ်နေရသည်ဟု အဆိုပါ ရွာသူကြီးက ပြောသည်။

စစ်ပြေးဒုက္ခသည် အမျိုးသမီးတဦးကလည်း “အမိုးအကာ တခုတည်း လိုအပ်တာ မဟုတ်ဘူး။ အ၀တ်အထည်တွေလည်း လို တယ်။ ခြေအေး၊ လက်အေးပြီး ဘာမှ မလုပ်ချင် မကိုင်ချင်ဘူး ဖြစ်နေတယ်။ အခုရွာတဲ့မိုးက မိုးရာသီမှာ ရွာတဲ့မိုးလို မဟုတ် ဘူး။ အရမ်းအေးတယ်။ ကလေးတွေအတွက်ဆို ပိုပြီး စိုးရိမ်ရတယ်” ပြောသည်။

အဆိုပါစစ်ပြေးဒုက္ခသည်များအား ထိုင်းနိုင်ငံအခြေစိုက် တီဘီဘီစီ (Thai-Burma Border Consortium)မှ ကူညီထောက်ပံ့ ပေးထားပြီး ကျန်းမာရေးကို ထိုင်းနယ်စပ် အခြေစိုက်သည့် ကျန်းမာရေးလုပ်သားအဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ကြည့်ရှုစောင့်ရှောက်ပေးထားသော်လည်း လက်ရှိ ရာသီဥတုဒဏ်ကို ရင်ဆိုင်နေရသည့်ဒုက္ခကို ၎င်းအဖွဲ့များက လောလော ဆယ်တွင် မဖြေရှင်းနိုင်သေးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ခံတဦးက ယခုလို ပြောသည်။

၎င်းက “ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျမတို့ သိပါတယ်။ ဒါပေမယ့် လောလောဆယ်အချိန်မှာ အမိုး အကာပေးဖို့ဆိုတာက ဘာအစီအစဉ်မှ မရှိသေးပါဘူး။ အကြောင်းက ငွေကြေးအခက်အခဲရယ်၊ ဒီဒုက္ခသည်တွေဟာ ထိုင်းအ စိုးရက တရားဝင်သတ်မှတ်ထားတာ မဟုတ်တော့ အဲန်ဂျီအိုအဖွဲ့အစည်းတွေ ထိထိရောက်ရောက် ၀င်ကူညီဖို့လည်း ခက် တယ်။”ဟု ပြောသည်။

လူဦးရေ ၁၂,၀၀၀ကျော်ရှိ ၎င်းစစ်ပြေးဒုက္ခသည်များသည် ကရင်ပြည်နယ် မြ၀တီခရိုင်၊ ဝေါ်လေနှင့် ဖလူးဒေသမှ ရွာသူရွာသား များ ဖြစ်ကြပြီး ၂၀၁၀ခုနှစ် နိုဝင်ဘာလက နအဖနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင်ရှိ မဲဆောက်၊ ဖို့ဖရ၊ အုန်းဖန်မြို့နယ်များ၌ ယာယီ ခိုလှုံကာ ပြန့်နှံ့နေထိုင်လျှက်ရှိသည်။

လက်ရှိအချိန်တွင် ဝေါ်လေနှင့် ဖလူးဒေသတွင် နအဖနှင့်ကရင်တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုများ နည်းပါးလာသည့် အရိပ်အ ယောင်ရှိလာသော်လည်း ကျေးရွာအတွင်း မြေမြှုပ်မိုင်းအန္တရာယ်များကြောင့် စစ်ပြေးဒုက္ခသည်များမှာ ယနေ့အချိန်ထိ နေရပ် ရင်းသို့ မပြန်နိုင်သေးဘဲ ဖြစ်နေသည်။

စစ်မှုမထမ်းမနေရ ဥပဒေ လူငယ်များ မလိုမလားရှိနေ

ကူးဒူ

အမျိုးသမီးများ အပါအ၀င် အသက် ၁၈ နှစ်ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရမှ ပြဌာန်းမည်ဆိုသည့်သတင်းများ ပြည်သူလူထုအကြား ပျံ့နှံ့နေလျက်ရှိပြီး ထိုဥပဒေသည် နိုင်ငံ၏ လက်ရှိအခြေအနေနှင့် မကိုက်ညီသေးသည့်အတွက် လူငယ်များ မလိုမလားရှိနေကြသည်။

အဆိုပါဥပဒေသည် လူငယ်ထုတို့၏ အနာဂတ်ကို အညွန့်ချိုးစေပြီး တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်နေမှုများတွင် လူငယ်ထုပါဝင်ကြရမည့် ဥပဒေဖြစ်နေသည့်အတွက် ပြည်တွင်းရှိ စစ်ဆန့်ကျင်းရေး မြန်မာလူငယ်တစုမှ ဆန့်ကျင်လုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။

“အခု ကျမတို့ လူငယ်တွေကြားမှာတော့ တကယ် ပျံ့နှံ့နေတယ် ဒီသတင်းကပေါ့နော်။ တခြား ဒီမိုကရေစီ နိုင်ငံတိုင်း မှာတော့ ဒီဥပဒေတော့ ရှိနေပါတယ်။ အခုလက်ရှိ စစ်အစိုးရလည်းပဲ ဒီမိုကရေစီ နိုင်ငံတွေလို ဒီဥပဒေကို ကျင့်သုံးချင်တယ်ဆိုရင် ပြည်သူတွေရဲ့  အခြေခံ လူနေမှုစနစ် ရရှိအောင် သူတို့အရင် လုပ်ဆောင်ပေးရမှာပါ။ ကျမတို့အခုမြန်မာ ပြည်မှာက အလုပ်လက်မဲ့တွေလည်း အများကြီး၊ ပြီးတော့ အစိုးရလစာစားတဲ့ လူတွေလည်း သူရဲ့လစာနဲ့က သူတစ်ယောက် စားတောင်မှ မလောက်ဘူး။ အဓိကပြောချင်တာက ဝင်ငွေနဲ့ထွက်ငွေက မကိုက်ဘူးပေါ့လေ” ဟု ကရင်နီပြည် လွိုင်ကော်မြို့မှ အသက် ၂၀အရွယ်ရှိသည့် အမျိုးသမီးတစ်ဦးက ပြောပါသည်။

ဆက်လက်ပြီး ၎င်းက“လူထုတွေက သူတို့ မိသားစု အတွက်နဲ့ ဝမ်းစာရေးက ပိုအရေးကြီးနေတယ်။ အဲဒါကြောင့် ကျမတို့ စစ်မှုထမ်းဖို့ဆိုတာက မဖြစ်နိုင်သေးတဲ့ အခြေနေမှာ ရှိနေပါတယ်။ တကယ် ဒီမိုကရေစီ အစစ်မှန်ရတဲ့ တနေ့ဆိုရင်တော့ ကျမတို့ ပြည်သူ့စစ်လုပ်ဖို့က ဝန်မလေးပါဘူး” ဟုပြောသည်။

အလားတူ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် ကရင်နီအမျိုးသမီးငယ် တစ်ဦးကလည်း “ပြည်တွင်းကို ပြန်ဝင်ဖို့ဆိုတာက မရေမရာ ဖြစ်နေရတယ်။ အဲဒီစစ်မှုကို မထမ်းချင်ဘူး။ ကျမ မိသားစုရေးအတွက် များစွာလုပ်ရဦးမှာ ဖြစ်နေတဲ့အတွက်ကြောင့်ဘဲ” ဟုပြောပါသည်။

စစ်တပ်က ၂၀၁၀ ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြန်တမ်းကို ထုတ်ပြန်ကြောင်း ပြင်ပသို့ ပေါက်ကြားလာခဲ့ပါသည်။

အဆိုပါ ဥပဒေ၌ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု ၂ နှစ် ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုးမြှင့်နိုင်ကြောင်း ဆိုထားသည်။ စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ် နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကို ကိုယ်လက်အင်္ဂါ ချို့ယွင်းစေရန် လုပ်ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်ကြောင်း၊ သာသနာ့ ဝန်ထမ်းများ၊ ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်းသူများနှင့် သားသည်မိခင်များမှအပ သတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်သည်။

“တကယ် ဒီမိုကရေစီနိုင်ငံတွေလို ဥပမာ အမေရိကန်၊ ထိုင်း တို့လိုမျိုး ပြည်သူ့စစ်ကို တကယ် ပြည်ပရန်အတွက်နဲ့ ထားမယ်ဆိုရင်တော့ ဒီဥပဒေက အကျိုးရှိမှာပါ။ ဒါပေမဲ့ သူတို့က တိုင်းရင်းသား ပြည်သူတွေနဲ့ဘဲ ပြန်သတ်ဖြတ်ခိုင်းမယ်ဆိုရင်တော့ ဘာအကျိုးမှ မရှိဘူးပေါ့လေ” ဟု ဖရူဆိုမြို့နယ်မှ အမျိုးသားလူငယ်တစ်ဦးက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အင်အား ငါးသိန်းခန့်ရှိသည်ဟု စစ်ရေးလေ့လာသူတို့၏ ခန့်မှန်းချက်အရ သိရသည်။ ယခုပေါက်ကြားနေသည့် စစ်မှုထမ်း ဥပဒေသည် တရားဝင် ကြေညာထားခြင်း မရှိသေးသော်လည်း မြန်မာပြည်တွင်း၊ ပြည်ပရှိ လူငယ်များအကြား ပေါက်ကြားနေလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ်က ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းအတွင်းသို့ ယခု ၂၀၁၁ ခုနှစ် ဇန်နာဝါရီလ အတွင်း လချုပ်စာရင်းအရ ပြည်တွင်းမှ လူသစ်ဦးရေ ၁၀၅ ဦးတိုးလာပြီး အများစုမှာ လူငယ်လူရွယ်များ ဖြစ်သည်ဟု သိရသည်။ ဖေဖော်ဝါရီနှင့် မတ်လ အတွင်းမှာလည်း အသစ်ရောက်ရှိလာသည့်သူ အမြောက်အများ ရှိနေသေးသော်လည်း တရားဝင် စာရင်းမချုပ်ရသေးကြောင်း စခန်းအုပ်ချုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။