Tuesday, December 29, 2015
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ဂိတ် ပြန်ဖွင့်ပြီ
ဦးလွင်
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလီတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်တံတား အမှတ်(၁) တွင် လိပ်ကျွန်းလူသတ်မှုအရေး မြန်မာနှစ်ဦးကို သေဒဏ်ချမှတ်သည့်အပေါ် မကျေနပ်၍ ဒီဇင်ဘာ ၂၆ရက် နံနက်က ဆန္ဒထုတ်ဖော်မှုကြောင့် ယင်းနယ်စပ်ဂိတ်ကို တစ်နာရီကျော်ကြာ ပိတ်ခဲ့ရသည်ဟု တာချီလိတ် မြို့မရဲစခန်းက တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
“ဟိုဘက်ကလည်း အေးဆေးပါပဲ၊ ပြန်ဖွင့်ပါပြီ။ ဆန္ဒပြတဲ့အချိန်မှာ လူသွားလူလာ အခက်အခဲဖြစ်မှာကြောင့်မို့ ခဏရပ် လိုက်တာ၊ ဆန္ဒပြတဲ့အချိန်ကျတော့ လူဝင်၊ လူထွက် ယာဉ်ဝင်ယာဉ်ထွက်လုပ်လို့မရဘူး။ အဲ့တွက်ကြောင့် တံခါးကို ယာယီ ခဏပိတ်လိုက်တာပါ “ ဟု မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
မြန်မာအလုပ်သမား လူငယ်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့စမွီတရားရုံးက ဒီဇင်ဘာ ၂၄ရက်က သေဒဏ်ချ မှတ်မှုကြောင့် ဒေသခံများက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်မှုကို ဒီဇင်ဘာ ၂၆ရက် နံနက် ၉နာရီအချိန်တွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌လူစု၍ (၉)နာရီခွဲအချိန်တွင် ရှမ်းရိုးမကွင်းမှ စတင်ထွက်ခွာခဲ့ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်တံတား အမှတ်(၁) သွားရောက်၍ ငြိမ်းချမ်းစွာ ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော်ခဲ့ကြောင်း မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆန္ဒဖော်ထုတ်မှုကို တရားဝင်ခွင့်ပြုမိန့်တင်ပြီး ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်းနှင့် အင်အားငါးထောင်ခန့်ဖြင့် ၉နာရီခွဲမှ ၁၀နာရီ ၅၀ မိနစ်ထိ တစ်နာရီကျော်ကြာခဲ့သည်ဟု ၎င်းက ဆိုသည်။
ထိုသို့ ဆန္ဒထုတ်ဖော်သည့် အချိန်တွင်း နယ်စပ်ဂိတ်ကို ပိတ်ထားခြင်းဖြစ်သည်။
ကော့စမွီတရားရုံး၏ အမိန့်ချမှတ်မှုကို မကျေနပ်မှုကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့နယ်များတွင် ဆန္ဒပြမှုများ ဒီဇင်ဘာ ၂၄ရက်မှ စတင်ကာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။

လိပ်ကျွန်းအမှု ပြန်လည်သုံးသပ်ပြင်ဆင်ရန်မရှိဟု ထိုင်းဝန်ကြီးချုပ်ပြော
DVB
မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို သေဒဏ်ချမှတ်လိုက်တဲ့ လိပ်ကျွန်းအမှုမှာ ထိုင်းတရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ တရားစီရင်ချက်တွေနဲ့ ဆောင်ရွက်ခဲ့တာကြောင့် ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ မရှိဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ကျန် အိုးချားက ပြောပါတယ်။
ဒီဇင်ဘာလ ၂၈ ရက် မနက်မှာ ထိုင်းတောင်ပိုင်းကို လုပ်ငန်းစစ်ဆေးရေးထွက်ဖို့ ဘန်ကောက်ကနေ မထွက်ခွာခင် သတင်းထောက်တွေရဲ့ အမေးကို ဖြေကြား တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိပ်ကျွန်းအမှု သက်သေ အထောက်အထားခိုင်လုံမှု ရှိမရှိ ပြန်လည်ဆန်းစစ်ပေးဖို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေး ၀န်ကြီးနဲ့ စစ်ဦးစီးချုပ် တို့ဆီ တောင်းဆိုခဲ့တဲ့အပေါ် ထိုင်းဝန်ကြီးချုပ်က အောက်ခြေတရားရုံးကနေ စီရင်ချက်ချပြီးဖြစ်တဲ့အတွက် အဲဒီအမှုကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ မရှိကြောင်း၊ ဒါပေမယ့် အမှုဟာ ပြီးဆုံးသွားတာ မဟုတ်ဘဲ နောက်ထပ် အယူခံတရားရုံး၊ တရားလွှတ်တော်တရားရုံးနဲ့ နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် အသနားခံခွင့် အဆင့်ဆင့်တောင်းဆိုနိုင်သေးတယ်လို့ ပြောသွားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ သွားရောက်ပြီး လိပ်ကျွန်းအမှုမှာ ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ သွားရောက်တောင်းဆို ဆန္ဒပြခဲ့တဲ့အပေါ်ဝန်ကြီးချုပ်ရဲ့ အမြင်ကိုမေးမြန်းရာမှာတော့ အဲဒီကိစ္စဟာ နှစ်နိုင်ငံက သက်ဆို င်ရာ ရဲတပ်ဖွဲ့အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမယ့် တာဝန်ဖြစ်ကြောင်း၊ တရားဥပဒေအရ အယူခံ ၀င်လို့ရကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
ထိုင်းတောင်ပိုင်း လိပ်ကျွန်းခေါ် ခိုတောင်ကျွန်းမှာ ဗြိတိသျှလူငယ်နှစ်ဦး မနှစ်နှစ်ကုန်းပိုင်းက သတ်ဖြတ်ခံရမှုမှာ မြန်မာလူငယ်နှစ်ဦး တရားစွဲခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့က ကော့စမွီခရိုင် တရားရုံးမှု လူသတ်မှု မုဒိမ်းမှုနဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။ ဒီနောက် မြန်မာနိုင်ငံတွင်းနိုင်ငံပမှာ တရားမျှတစွာ စစ်ဆေးဖို့ တောင်းဆိုဆန္ဒပြနေကြပါတယ်။
လိပ်ကျွန်းအရေးနဲ့ပတ်သက်လို့ ထိုင်းဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရ၀စ် ၀ုန်းဆုဝမ်းကလည်း လိပ်ကျွန်းတရားစီရင်မှုအပေါ်မှာ လတ်တလော ဆန္ဒပြမှုတွေ ပိုမိုပြန့်နှံ့လာပြီး နောက်ကွယ်က ကြိုးဆွဲသူရှိနေတယ်လို့ ထိုင်းရဲဝန်ထမ်းကော်မတီအစည်းအဝေးအပြီး ပြောဆိုခဲ့ပါတယ်။ လိပ်ကျွန်းတရားစီရင်မှုကြောင့် ၂ နိုင်ငံဆက်ဆံရေး မထိခိုက်ဘူးလို့ သူက ပြောပါတယ်။
ဆန္ဒပြမှုတွေကို ကြိုးဆွဲသူတွေဟာ လက်ရှိထိုင်းအစိုးရနဲ့ ထိုင်းအမျိုးသား ငြိမ်းချမ်းရေး ကောင်စီပေါ်မှာ အကောင်းမမြင်တဲ့ အဖွဲ့၊ အစိုးရကို တော်လှန်နေတဲ့အဖွဲ့၊ ထိုင်းအစိုးရရဲ့ လုပ်ငန်းတွေပြိုလဲစေလိုတဲ့ အဖွဲ့ဖြစ်တယ်လို့လည်း ဒုဝန်ကြီးချုပ်က ဆက်ပြောပါတယ်။
ဒါကြောင့် အဆိုပါအဖွဲ့နဲ့ နိုင်ငံရေးနဲ့ ပတ်သက်မှုရှိမရှိ စုံစမ်းစစ်ဆေးဖို့၊ ဖမ်းဆီးအရေးယူဖို့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို ညွှန်ကြားထားကြောင်း၊ ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့မှာ မြန်မာတွေ ဆန္ဒပြနေကြတဲ့အပေါ်မှာတော့ ဘာမှစိုးရိမ်မှုမရှိဘူးလို့ ထိုင်းဒုဝန်ကြီးချုပ်က ပြောပါတယ်။
အလားတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း လိပ်ကျွန်းဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှု ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
လိပ်ကျွန်းဆန္ဒပြမှုမှာ တတိယအုပ်စု ၀င်ရောက်စွက်ဖက်သောင်းကျန်းလာမှာ စိုးရိမ်တဲ့အတွက် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာသံရုံးနဲ့ တိုင်ပင်ဆွေးနွေးပြီးပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းဒွန်းပရမတ် ၀ိနိုင်းက သတင်းထောက်တွေကို ပြောပါတယ်။
လိပ်ကျွန်းတရားစီရင်မှုနဲ့ ပတ်သက်တဲ့အကြောင်း ရှင်းလင်းပြောဆိုခဲ့သလို ဆန္ဒပြမှုတွေ ဒီထက် ပိုပြီးပြန့်ပွားလာခြင်းမရှိဖို့၊ တည်ငြိမ်အေးချမ်းဖို့အတွက် ၂ ဘက်နိုင်ငံ ၀န်ကြီးတွေ ပူးပေါင်း အဖြေရှာရမယ်လို့ သူက ဆက်ပြောပါတယ်။
ဆန္ဒပြမှုတွေမှာ နောက်ဆက်တွဲရှုတ်ထွေးမှုတွေ ၀င်ရောက်လာနိုင်ပြီး တတိယအုပ်စုပါ ၀င်ရောက်စွက်ဖက်သောင်းကျန်းလာနိုင်ကြောင်း၊ အခြေအနေတွေဟာ ခန့်မှန်းလို့မရနိုင်တဲ့ အတွက် နှစ်နိုင်ငံ ပူးပေါင်းပြီး ကြိုတင်ကာကွယ်ကြရမယ်လို့ ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံက ထိုင်းလူမျိုးတွေနဲ့ မြန်မာနိုင်ငံကို ခရီးသွားဖို့ပြင်နေတဲ့ ထိုင်းလူမျိုးတွေ အနေနဲ့ အခြေအနေတည်ငြိမ်မှုမရှိသေးရင် သူ့အနေနဲ့ ခရီးသွားလာခြင်းမပြုစေချင်ကြောင်း၊ ဒါပေမယ့် ပြင်ဆင်ပြီးရင်တော့ တားမြစ်မှုမရှိဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ရန်ကုန်ရှိထိုင်းသံရုံးကတော့ ဆန္ဒပြမှုတွေကြောင့် သံရုံးအ၀င်အထွက်ခက်ခဲမှုရှိလို့ ဒီဇင်ဘာလ ၂၈ ရက်ကနေ ၃၀ ရက်နေ့အထိ ၀န်ဆောင်မှုလုပ်ငန်းတွေ ယာယီပိတ်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

ဖားကန့်တွင် မြေထပ်ပြို လူငါးဦး သေဆုံး ၅၀ ကျော် ပျောက်ဆုံးနေ
မဇ္ဈိမ
ကချင်ပြည်နယ် ဖါးကန့်မြို့နယ် ဥရုချောင်းအနီးရှိ ဆွတ်အောင်ရွာနှင့် ရှမ်းစုရွာကြားတွင် ရေမဆေးကျောက် ရှာဖွေနေသူများ မြေစာပုံ ပြိုကျရာမှ လူ ၅၀ နီးပါး ပျောက်ဆုံးနေသည်ဟု AFP သတင်းတစ်ရပ်တွင် ဖေါ်ပြသည်။
“ကျနော်တို့ ဒီမနက်ပဲ ရှာဖွေ၊ ကယ်ဆယ်ရေး လုပ်နေပါတယ် လူငါးဦးသေဆုံးပြီး ငါးဆယ်လောက်ကတော့ ပျောက်နေပါတယ်” ဟု ဖါးကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဆွေမြင့်က ပြောသည်။
ဖားကန့်မြို့နယ်အတွင်း နိုဝင်ဘာ ၂၁ ရက်ကလည်း မြေစာပုံပြိုကျရမှာ လူ ၁၁၅ ကျော် သေဆုံးခဲ့ရသည်။

ပြန်လွတ်မည်ဟု သေဒဏ်ကျမြန်မာ ၂ ဦး ယုံကြည်နေကြ
အေးနိုင်
ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်စီရင်ခံရသူ ကိုဇော်လင်းနဲ့ ကိုဝေဖြိုး (ခ) ကိုဝင်းဇော်ထွန်းတို့ ၂ ဦးက သူတို့ဟာ အပြစ်ကင်းစင်ကြောင်းနဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်လိုကြောင်း ထောင်ဝင်စာတွေ့သူတွေကတဆင့် မှာကြားပါတယ်။
သေဒဏ်စီရင်ချက်ချမှတ်ခံရပြီးနောက် ပထမဆုံးအကြိမ် သူတို့ဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေက နခွန်းဆီထမရတ်အကျဉ်းထောင်မှာ ပထမဆုံးအကြိမ် ထောင်ဝင်စာ သွားတွေ့ခဲ့ကြစဉ် မှာကြားလိုက်တာလို့ ဒီအမှုလိုက်ပါဆောင်ရွက်တဲ့ Andy Hall က ဖေ့စ်ဘုတ်မှာ ရေးပါတယ်။
“ကျနော်တို့ကို ထောက်ပံ့ကူညီသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့ဟာ အပြစ်ကင်းစင်သူတွေဖြစ်ပြီး ဒီလောက်ကြမ်းကြုတ်ရက်စက်တဲ့ရာဇ၀တ်မှုမှာ ပါဝင်ပတ်သက်မှု မရှိပါဘူး။ ကျနော်တို့ မသတ်ပါဘူး. ကျနော်တို့လွတ်မြောက်ချင်ပါတယ်” လို့ ၀င်းနဲ့ ဇော်က သတင်းစကားပါးခဲ့တယ်လို့ ရေးသားထားပါတယ်။
အယူခံတက်တဲ့အခါ အမှန်တရားပေါ်ပေါက်လာမှာဖြစ်ပြီး အယူခံဝင်မှုလုပ်ငန်းစဉ်အပြီး နောက်ဆုံးမှာ လွတ်မြောက်လိမ့်မယ်လို့ ယုံကြည်ကြောင်းပြောကြားချက်ကို ကိုးကား ရေးသားထားပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ်ချမှတ်ခဲ့ပြီးနောက် မြန်မာလူငယ်နှစ်ဦးကို ကော့စမွီ အကျဉ်းထောင်ကနေ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြီးဆုံးထောင်ဖြစ်တဲ့ နခွန်းဆီထမရတ် အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။
ဒီကနေ့မွန်းတည့်ပိုင်းမှာ လူငယ် ၂ ဦးကို ထိုင်းရှေ့နေများကောင်စီက အမျိုးသမီး ရှေ့နေ ၃ ဦးနဲ့ ဘာသာပြန်အဖြစ် မဇာတို့ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲနဲ့ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးကွန်ရက်က (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက “ညီငယ် ၂ ဦးကို နေ့ခင်းပိုင်းမှာ သီးသန့် ၂ ဦးတည်း ခွဲထားပြီး ညအိပ်ချိန်မှာ အဆောင်ထဲ အခြား အကျဉ်းသား ၆၁ ဦးနဲ့ တူတူအိပ်ရကြောင်း သိရပါတယ်။ သူတို့ကို ၂၄ နာရီ ခြေကျင်းနဲ့ ၄ လအထိထားမယ်လို့ သိရပါတယ်။ ထောင်ပြောင်းချိန်က ကြိုတင်အသိမပေးခဲ့သလို၊ ထောင်တွင်း ကောလာဟလများအရ ဒီထောင်ဟာ ဆိုးတယ်လို့ ကြားထားတော့ ညီငယ် ၂ ဦးဟာ အစောပိုင်းမှာ စိုးရိမ်စိတ်ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ သို့သော် ဒီထောင်ကိုရောက်လာတဲ့အခါမှာ ထောင်ဝန်ထမ်းနဲ့တကွ အခြားအကျဉ်းသားများက ကောင်းမွန်စွာဆက်ဆံပြီး အားပေးစကားတွေ ပြောကြတာကြောင့် စိုးရိမ်စိတ်တွေ လျော့သွားပြီလို့ဆိုပါတယ်။ ရှေ့နေတွေက ထောင်ဝင်စာ လာပေးတဲ့အတွက်လည်း ၀မ်းသာနေကြပါတယ်။”
“ကူညီပေးခဲ့ကြသော အဖွဲ့တိုင်း၊ လူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်လို့ ပြောကြားပါတယ်။ ရှေ့နေတွေက မှန်ကာသီးသန့်အခန်းမှာ တွေ့ခွင့်ရပြီး ဖုန်းနဲ့ စကားပြောလို့ရပါတယ်။ အခြား သူများဆိုရင်တော့ ဗီဒီယိုကွန်ဖရင့်နဲ့ တီဗီဖန်သားပြင်ကပဲ တွေ့ခွင့်ရမယ်လို့ သိရပါတယ်။
သူတို့ ၂ ဦးစလုံး စိတ်ပိုင်း၊ရုပ်ပိုင် ကျန်းမာကြံ့ခိုင်မှုရှိပြီး၊ မိမိတို့ ဤအမှုကို မကျူးလွန်ခဲ့ကြောင်း၊ အမှန်တရားဟာ တနေ့မှာပေါ်လာမှာဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ အဆင့်ဆင့်ရင်ဆိုင်သွား မှာဖြစ်ကြောင်း အများပြည်သူကိုလည်း ပြောပေးပါလို့ အမှာစကားပါးလိုက်ပါတယ်။ သူတို့ဟာ နေ့စဉ်တရားထိုင်ခြင်းနဲ့ ဘုရားရှင်ကိုရည်မှန်းပြီး ဆုတောင်းမေတ္တာပို့လျက်ရှိကြောင်းလည်း ပြောပါတယ်။
ညီငယ်၂ဦးဟာ အဆောင် ၆/၂ မှာနေရပါတယ်။ သူတို့ကို ဆွေမျိုးများအနေနဲ့ အင်္ဂါနဲ့ ကြာသပတေး ၂ ရက် ထောင်ဝင်စာ တွေ့လို့ရပါမယ်။ ရှေ့နေအနေနဲ့ကတော့ နေ့စဉ်တွေ့လို့ ရနိုင်ကြောင်း သိရပါတယ်”လို့ ရေးသားထားပါတယ်။
ထောင်တွင်းမှာ ကြည့်ရှုခွင့်ပြုထားတဲ့ တီဗွီကနေ သူတို့ရဲ့သတင်းတွေကို ကြည့်နေရတယ်လို့ ဆိုပါတယ်။
ဒီနေ့မှာ မိခင်၂ဦးလည်း ထောင်ဝင်စာတွေ့ဖို့ရောက်နေပြီး မွန်းလွဲပိုင်းမှာ တွေ့ခွင့်ရပါတယ်။
ကာယကံရှင်လူငယ်နှစ်ဦးရဲ့ မိခင်တွေနဲ့အတူ ထောင်ဝင်စာတွေ့နေတဲ့ အမျိုးသမီးတဦးကို နေ့ခင်း ၂ နာရီခန့်မှာ မေးမြန်းရာမှာ “ဒီမှာ ထူးတာတော့ မထူးပါဘူး။ သူတို့မလုပ်ဘူး (လူသတ်မုဒိမ်းမကျင့်ဘူး) ဆိုတာ ထောင်ထဲမှာလည်း အေးဆေးပါပဲ လူတိုင်းကလည်း သိထားတယ်လေ သူတို့မလုပ်ဘူးဆိုတာ။ ထောင်ထဲမှာ နေရတာကတော့ အေးအေးဆေးဆေးပဲ။ ထောင်မှာ ကတော့ မိဘဆွေမျိုးမောင်နှမတွေနဲ့ ရှေ့နေတွေလောက်ပဲ တွေ့ခွင့်ရှိတယ်လေ။ ကျနော်နဲ့အတူ သူတို့အမေ ၂ ယောက်လုံးပါတယ်”လို့ ပြောပါတယ်။

ထိုင်းသံရုံးရှေ့ဆန္ဒပြသူထဲမှ ငါးဦးဝင်ခွင့်ရပြီး တစ်ဦးပြန်ထွက်မလာ၍ ပြန်ခေါ်ထုတ်ပေးရန် တောင်းဆိုမှုဖြစ်
ဇော်ခမ်းဟိန်း
လိပ်ကျွန်းလူသတ်မှု စီရင်ချက်ချမှတ်သည့်အပေါ်မကျေနပ်၍ ရန်ကုန်မြို့ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြနေသူ လူရာပေါင်းများစွာထဲမှ ငါးဦးမှာ သံရုံးအတွင်းသို့ ဝင်ခွင့်ရခဲ့ပြီး သံမှူးနှင့် တွေ့ဆုံ စကားပြောကာ ပြန်ထွက်လာရာစောင့်ဆိုင်းနေသည့် လူအုပ်ကြီးကတစ်ဦးပြန်ပါမလာ၍ ထိုသူအား ပြန်လည်ခေါ်ထုတ်ပေးရန် လူအပ်ကြီးက တောင်းဆိုခဲ့သည်။
စောင့်ဆိုင်းနေသည့်လူအုပ်ကြီးက ''မျက်မှန်နဲ့လူတစ်ယောက် ဘာလို့ပြန်မထွက်လာတာလဲ'' ''သူတို့လူ ဓါးလျှိုဖြစ်နိုင်တယ်'' ''အဲ့ဒီလူကို အခုခေါ်ထုတ်ပေး'' ဟူ၍ အော်ဟစ်ခဲ့ကြသည်။ ယနေ့နံနက် ၁၁ နာရီမှ စတင်ကာ ထိုင်းသံရုံးရှေ့တွင် ''We Want Justice'' ဟုကြွေးကြော်နေသော လူအုပ်ထဲမှ ခေါင်းဆောင်ငါးဦးအား နေ့လယ် ၃ နာရီခန့်တွင် ဝင်ခွင်ပြုခဲ့ပြီးသံမှူးက တစ်ဦးလျှင် စကားတစ်ခွန်းစီ ပြောခွင့်ပြုကြောင်း ၀င်ခွင့်ရခဲ့သည့် လေးရပ်ဝတီငြိမ်းချမ်းရေးအဖွဲ့မှ ကိုကျော်စိုးမိုးက မဇ္ဈိမသို့ပြောသည်။ ''အဲ့ဒီလူဘယ်သူလဲ ကျွန်တော်တို့မသိဘူး၊ ခေါ်ချိန်တောင်မရလိုက်ဘူး၊ နောက်ပေါက်က ထွက်သွားတယ်။ မီဒီယာလည်း မဟုတ်ဘူး။ ဒီလိုနှစ်ဖက်ချွန်တွေ ပါနေတဲ့အတွက် သံရုံးကို ဆက်ပြနေရင် မိုးလင်းသွားမယ်'' ဟု ၎င်းက ဆိုသည်။
ဝင်ခွင့်ရခဲ့သည့် အမျိုးသားတစ်ဦးကလည်း ငါးယောက်ဝင်ခွင့်ပေးသည့် အချိန်တွင် မျက်မှန်နှင့် ကိုငြိမ်းချမ်းဆိုသူမှာ အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်သည်ဟု ဆိုကာ လိုက်ဝင်ခဲ့ကြောင်းပြောကြားသည်။ ''သူက အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တယ် ဆိုပြီးလိုက်လာတယ်။ အထဲမှာ သံမှူးက တစ်ယောက်တစ်ခွန်းပဲ မေးခိုင်းတာ၊ သူကအင်္ဂလိပ်လိုအများကြီး၊ အကြာကြီးပြောနေလို့ ကျွန်တော်က တော်တော့ ငါတို့လည်းပြောမယ်ဆိုပြီး တားရတယ်။ သံမှူးကလည်းဝင်ကတည်းက ပြောတယ် ငါအင်္ဂလိပ်လို ကောင်းကောင်းမတတ်ဘူး၊ ဘေးမှာစကားပြန် မြန်မာကောင်မလေး တစ်ယောက်ရှိတယ်။ ပြန်ထွက်လာတော့သူမပါလာဘူး။ ရဲမှူးပြန်ခေါ်ထားတယ်ပြောတယ်။'' ဟု ၎င်းအမျိုးသားက ပြောသည်။
ဝင်ခွင့်ရရှိသည့်သူများက ပြန်ထွက်လာကာ စောင့်ဆိုင်းနေသည့် လူအုပ်ကြီးအား သံမှူးနှင့် တွေဆုံ ပြောကြားမှုကို အော်လံငယ်ဖြင့် ပြန်လည်ရှင်းပြကြပြီး တစ်နာရီခန့်အကြာတွင် ရဲမှူးဖုန်းဆက် ခေါ်၍ ဟုဆိုကာ ပျောက်ဆုံးနေသည့် ကိုငြိမ်းချမ်း ဆိုသူ ရောက်လာပြီး လူအုပ်ကြီးအား သံမှူး နှင့် တွေ့ဆုံမေးမြန်းမှု နှင့် ၎င်းပျောက်သွားရသည့် အကြောင်းရှင်းပြသည်။ ''ကျွန်တော် သတိတစ်ချက်လွတ်သွားပါတယ်။ အဲ့ဒီအတွက် အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်။ အဲ့အတွက် အလုပ်ကိုဖျက်ပြီးပြန်လာခဲ့ပါတယ်။ ကျွန်တော်လည်း ကိုယ့်နိုင်ငံသားတွေ ဒီလိုမတရားခံရတဲ့အတွက်ကြောင့် ဒီကိုလာခဲ့ရခြင်းဖြစ်ပါတယ်။ သတိလွတ်သွားတဲ့အတွက် တောင်းပန်ပါတယ်။ ကားကလဲ ရဲကားရှေ့မှာ ပိတ်နေတဲ့အတွက် သွားရွှေ့နေရတယ်။'' ဟု ကိုငြိမ်းချမ်းက လူအုပ်ကြီးအား ရှင်းပြခဲ့သည်။
၎င်းက ထိုသို့ပြောပြီး ပြည်လမ်းထိပ်မှ ထိုင်းသံရုံးရှေ့သို့ပြေးထွက်သွားခဲ့သည်။ စောင့်ဆိုင်းနေသည့် လူအုပ်ကြီးထဲ အမျိုးသားတစ်ဦးက "ကျွန်တော်တို့သည်မြန်မာနိုင်ငံသားနှစ်ဦး အတွက် အချိန်ပေး၊ အလုပ်ဖျက်၊ အသက်ပါပေး၍ မနက်ကတည်းက တရားမျှတမှုအတွက် စောင့်ဆိုင်းနေခဲ့ပြီး ကိုငြိမ်းချမ်း ယခုကဲ့သို့ သတိတစ်ချက်လွတ်သွားသည်မှာ မဖြစ်သင့်" ဟု ဝေဖန်ခဲ့သည်။ နံနက် ၉ နာရီခန့်မှ စတင်ဆန္ဒပြခဲ့သည့် ရာပေါင်းများစွာသော လူအုပ်ကြီးသည် ညနေ ၅နာရီခွဲ အချိန်တွင် လူစုကွဲသွားခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် တရုတ်သံအမတ်တို့ တွေ့ဆုံ
နော်နိုရင်း
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးပါ ဗဟိုကော်မီတီဝင်တချို့နဲ့ တရုတ်သံအမတ် မစ္စတာ ဟောင်းလျှံနဲ့ အဖွဲ့တို့ ဒီကနေ့ မနက်ပိုင်းက ဦးခွန်ထွန်းဦးနေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ တရုတ်နိုင်ငံအနေနဲ့ ရှမ်းပြည်တိုးတက်ဖို့ တရုတ်အစိုးရဘက်က ဘယ်လို အကူအညီပေးနိုင်မလဲ ဆိုတာကို မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးစိုင်းစောအောင်က ပြောပါတယ်။
“ပထမဦးဆုံးတော့ မိတ်ဆက်ကြတာပေါ့လေ။ မိတ်ဆက်ပြီးတော့ တရုတ်သံအမတ်ကြီးက ဘာစ ပြောလဲဆိုတော့ တရုတ်၊ ဗမာက အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ မိတ်ဆွေဖြစ်ခဲ့တာက နှစ်ပေါင်းကြာလှပြီ။ အဲတော့ အခု ရှမ်းပြည်နယ်က နယ်စပ်ချင်းကလည်း ဆက်နေတယ်။ တရုတ်နဲ့ ဗမာကတော့ အိမ်နီးချင်းမိတ်ဆွေကောင်းဖြစ်တယ်။ ရှမ်းပြည်ဘက်မှာရှိတဲ့လူထုနဲ့ တရုတ်ပြည်ဘက်က လူထုဟာ ညီအစ်ကိုရင်းသဖွယ်ဖြစ်တယ်လို့ သူက ပမာဏ အဲလိုပြောပါတယ်။ အဲဒီနောက် ရှမ်းပြည်တိုးတက်ဖို့အတွက်ဆိုရင် တရုတ်ပြည်က နောက်ဆိုရင် ဘယ်လိုအကူအညီပေးနိုင်မလဲ၊ ဘယ်လိုပူးပေါင်းလုပ်နိုင်မလဲ၊ ကျနော်တို့(တရုတ်)ဆီမှာတော့ အရင်းအမြစ်တွေရှိတယ်။ ကျနော်တို့က ဗမာပြည်အိမ်နီးနားချင်းအတွက်ကိုတော့ ဖွံ့ဖြိုးတိုးတက်စေချင်တယ်တဲ့။ အဲလို ပြောတယ်။”
အက်စ်အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကတော့ လတ်တလော ငြိမ်းချမ်းရေးက အရေးကြီးကြောင်း ပြန်ပြောခဲ့တယ်လို့လည်း ဦးစိုင်းစောအောင်က ပြောပါတယ်။
“ကျနော်တို့ ဥက္ကဋ္ဌက ဘာပြောလဲဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးက အရေးကြီးတယ်။ ငြိမ်းချမ်းရေးမရဘူးဆိုရင် ဖွံ့ဖြိုးတိုးတက်မှုက မလုပ်နိုင်ဘူးပေါ့။ ငြိမ်းချမ်းရေးရဖို့ ဆိုလို့ရှိရင်လည်း ပင်လုံစာချုပ်ကို အခြေခံပြီးတော့ ပင်လုံစာချုပ်ရဲ့ အချက်အလက် ပင်လုံစိတ်ဓာတ်နဲ့ လုပ်ဆောင်မယ်ဆိုရင် ငြိမ်းချမ်းရေးက ရနိုင်မှာပဲတဲ့။ ကျနော်တို့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ခင်ဗျာတို့ တရုတ်ဘက်က ကြားကလူပေါ့ အနေနဲ့ ပါဝင်ပြီးတော့ ကူညီမယ်ဆိုရင် ငြိမ်းချမ်းရေးက ပို၍ မြန်မြန်ဆန်ဆန်ရမယ်လို့ယုံကြည်တယ်တဲ့။”
တရုတ်သံအမတ်ဘက်ကလည်း “ခင်ဗျားတို့ နိုင်ငံရေးပါတီတွေ၊ အခု အသစ်တက်လာမယ့် အစိုးရအဖွဲ့တွေ စိန်ခေါ်မှုအများကြီးရှိတယ် ဆိုတာကို သဘောပေါက်တယ်။ အားလုံးတွေ့ကြည့်တဲ့အခါ အားလုံးအားရကျေနပ်တယ်။ အကောင်းမြင်ပါတယ်။ တရုတ်ပြည်မှာတော့ လူအင်အားရှိတယ်။ ငွေအင်အားရှိတယ်၊ နည်းပညာရှိတယ်။ အများကြီး အကူအညီပေးနိုင်ပါတယ်။” လို့ ပြောဆိုခဲ့ကြောင်းလည်း ပြောပါတယ်။
တရုတ်သံအမတ်နဲ့ အက်စ်အန်အယ်လ်ဒီဟာ ဒါ ပထမဦးဆုံးအကြိမ်တွေ့ဆုံတာဖြစ်ပြီး တရုတ် အစိုးရအနေနဲ့ နိုင်ငံရေးပါတီကို အခုလို အရေးတယူဆက်ဆံလာတဲ့ပေါ် အကောင်းမြင်တယ်လို့လည်း ပြောပါတယ်။
ဒီတွေ့ဆုံပွဲမှာ အက်စ်အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဒု-ဥက္ကဋ္ဌ ဦးစိုင်းစောအောင် အပါအ၀င် ၄ ဦးတွေ့ဆုံခဲ့ပြီး တရုတ်သံအမတ်ကတော့ သူရဲ့စကားပြန်အပါအ၀င် ၃ ဦး လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
တရုတ်သံအမတ်ဘက်က တွေ့ဆုံလိုကြောင်း ကမ်းလှမ်းချက်အရ လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

လိပ်ကျွန်းအမှု မြန်မာနှစ်ဦးကို သေဒဏ်ချသည့်အပေါ် ရခိုင်ပါတီ နှစ်ခု ကန့်ကွက်စာထုတ်
မဇ္ဈိမ/DMG
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း(လိပ်ကျွန်း)တွင် ဖြစ်ပွားခဲ့သော ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုတွင် မြန်မာပြည်နိုင်ငံသား ရခိုင်တိုင်းရင်းသားနှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှစ်ဦးအား ကောစမွီခရိုင်တရားရုံးမှ သေဒဏ်ချမှတ်ခြင်းအပေါ် ရခိုင်ပါတီနှစ်ခု ကန့်ကွက်ကြောင်း သဘောထားတစ်စောင်ကို ဒီဇင်ဘလ ၂၄ ရက်က ထုတ်ပြန် ခဲ့ကြသည်။
အဆိုပါထုတ်ပြန်ချက်များထဲတွင် ခိုင်လုံသော သက်သေအထောက်အထားများ မရှိခြင်း၊ အမှုဖြစ်စဉ်တစ်လျောက်လုံးတွင် မြန်မာနိုင်ငံသားလူငယ်နှစ်ဦးနှင့် သက်ဆိုင်မှုမရှိခြင်းနှင့် အမှုအား အတင်းအဓမ္မဖြောင့်ချက်ရယူကာ အတည်ပြုခြင်း၊ DNA စစ်ဆေးမှုဆိုင်ရာကိုက်ညီမှုမရှိခြင်း စသည့် အချက်အလက်များပါဝင်သည်။
“တကယ်တော့ အမှုတစ်ခုဟာ သက်သေထင်ရှားရှိတယ်လို့ဆိုရင် အခုလို နှစ်ကိုချီပြီး ကြာစရာအကြောင်း မရှိဘူး။ ဒီလိုပြစ်မှုကိုပေးရအောင်ထိ သက်သေထင်ရှားခဲ့တယ်ဆိုရင် ဒီလောက်လဲကြာစရာ အကြောင်း မရှိဘူး။ ဒါကြောင့် ရခိုင်မျိုးချစ်ပါတီအနေနဲ့ကတော့ ဒီအမှုအတွက် ပြည်သူတွေနဲ့ပူးပေါင်းပြီး ဆန္ဒဖေါ်ထုတ်မှုတွေကို လုပ်ဆောင်သွားမယ်” ဟု ရခိုင်မျိုးချစ်ပါတီ ခေါင်းဆောင် ဦးမောင်မောင်စောက ပြောသည်။
ယခုကဲ့သို့ သေဒဏ်အပေးခံရခြင်းသည် မိမိနိုင်ငံ၌ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်ပထွက်ခွာပြီး ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်းလုပ်သားဘဝဖြင့် ရုန်းကန်လှုပ်ရှားနေရသော မြန်မာနိုင်ငံသားအားလုံးအတွက် ယခုဖြစ်စဉ်မှာ တုန်လှုပ်ဖွယ်ဖြစ်ကြောင်းနှင့် ရခိုင်အမျိုသားပါ

ဖားကန့်မှာ မြေစာပုံပိ သေကြပြန်ပြီ
ဧရာဝတီ
မြန်မာနိုင်ငံ မြောက်ပိုင်း ဖားကန့်မှ ကျောက်စိမ်းတွင်း တခုတွင် မြေပြိုကျမှုတခု ဖြစ်ပွားခဲ့သည့် အတွက် အလုပ်သမား ၅၀ ခန့်၏ အသက်အန္တရာယ်ကို စိုးရိမ်နေရသည်ဟု သိရသည်။ ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်မှုများလည်း ဆောင် ရွက်နေသည်။
ဒေသခံများက မြေစာပုံ ပိသူ လူ ၅၀ ခန့်ဟု ဆိုကြသော်လည်း ထိခိုက်သောအရေအတွက်ကို အာဏာပိုင်များက အတည်မပြုနိုင်သေးချေ။
မတော်တဆဖြစ်ရပ်သည် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး နိုဝင်ဘာလအတွင်းက လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ရသည့် မြေပြိုမှု ဖြစ်ပွားသည့် ဒေသတွင်ပင် ပြိုကျခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် အတွင်းတွင် ပေါ်ပေါက်ခဲ့သည့် မတော်တဆမှုများကြောင့် သေဆုံးသူ ဒါဇင်များစွာရှိသည်ဟု ဒေသခံများက ဆိုသည်။ မြေပြိုမှုများကြောင့် သေဆုံးရသူအများစုမှာ အကြီးစား ကျောက်စိမ်းလုပ်ငန်းကြီးများက စွန့်ပစ်ခဲ့သည့် မြေစာပုံများတွင် ကျန်ရစ်နေနိုင်သည့် ကျောက်များကို လာရောက်ရှာဖွေခြင်း ဖြင့် အသက်မွေးသော ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြသည်။
ဖားကန့်ဒေသသည် ကမ္ဘာပေါ်မှ ကျောက်စိမ်းများ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည့် နေရာဖြစ်ပြီး ၀ယ်လိုအား အမြင့်ဆုံးမှာ တရုတ်နိုင်ငံဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ထုတ်ပြန်ခဲ့သည့် Global Witness အဖွဲ့၏ အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ ကျောက်စိမ်း ထုတ်လုပ်မှုတန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ရှိပြီး ပြည်တွင်းအသားတင် ထုတ်လုပ်မှု (GDP) ၏ တ၀က်နီးပါးနှင့် ညီမျှသည်ဟု သိရသည်။
ယင်းသို့ မိုင်းတွင်းတွင် လူသေဆုံးမှုများ ဖြစ်ပွားနေသော်လည်း အာဏာပိုင်များနှင့် လွှတ်တော်အနေဖြင့် မိုင်းလုပ်ငန်းနှင့် ပတ်သက်၍ အရေးတယူ ပြန်လည်စိစစ်သုံးသပ်မှု အားနည်းလွန်းနေပြီး ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများအား ကာကွယ်ပေးထားသကဲ့သို့ ဖြစ်နေသောကြောင့် မြန်မာ့ကျောက်စိမ်း ကုန်သွယ်ရေးကို ခေတ်သစ်သမိုင်းတွင် အကြီးဆုံးသော သဘာဝ သယံဇာတ လုယက်မှု အဖြစ် Global Witness အဖွဲ့ က ဖော်ပြခဲ့ပါသည်။

မန္တလေးမြို့ခံတချို့နှင့်ဆရာတော်များ အိမ်တော်ရာဘုရားတွင်ဆုတောင်း
အောင်ကိုဦး
မန္တလေးမြို့အိမ်တော်ရာဘုရားတွင် ဒီဇင်ဘာလ ၂၅ ရက် မွန်းလွဲ ၂ နာရီက ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု၌ သေဒဏ်အမိန့်ချခံခဲ့ရသော ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ လွတ်မြောက်ရန်နှင့်အမှန်တရားပေါ်ထွက်ရန်အတွက် ဆရာတော်သံဃာတော်များနှင့်မြို့ခံတစ်ချို့က ဆုတောင်းမှုများပြုလုပ်ခဲ့ပြီး မိုးပျံဘော်လုံးများလွှတ်တင် ခဲ့ကြသည်။
"မတရားမှန်းသိတာကိုဒီအတိုင်းကြည့်နေလို့မရဘူး။အားလုံးမှာတာဝန်ရှိသည်။အရှိန်မြှင့်ပြီးလုပ်သွားမယ်။"ဟု ဦးဆောင်ပြုလုပ်သူဆရာတော်တစ်ပါးက မိန့်ကြားသည်။
လာရောက်ဆုတောင်းသူအများစုသည် နိုင်ငံတော်အစိုးရအနေဖြင့်လည်း တာဝန်ယူဆောင်ရွက်စေချင်ပြီး ထင်သာမြင်သာဆောင်ရွက်မှုများကို ပြည်သူလူထုသာချပြပေးရန်လိုသည်ဟုလည်းဆိုကြသည်။ ဆရာတော်၊သံဃာတော်များနှင့်လူပုဂ္ဂိုလ် ၁၀၀ ဦးခန့်ဆုတောင်းခြင်းဖြစ်ပြီး ဆုတောင်းပွဲအပြီးတွင် သေဒဏ်ချခံထားရသူ နှစ်ဦး၏ နာမည်များ မိုးပျံဘော်လုံးပေါ်တွင် ရေးသားကာ လွှတ်တင်ခဲ့ကြသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ကို နိုင်ငံရေး အဖွဲ့အစည်းအဖြစ် ပြောင်းလဲမည်
ဇူးဇူး
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) အား ပြောင်းလဲလာသည့် တိုင်းပြည်အခြေအနေအရ နိုင်ငံရေး အဖွဲ့အစည်းအဖြစ် လာမည့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် စတင် ပြောင်းလဲဖွဲ့စည်းရန်အတွက် အဖွဲ့ဝင်များ ဖိတ်ခေါ်နေကြောင်း သိရသည်။
FPPS ကို နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ရန်၊ အဖွဲ့တွင်း တာဝန်ယူမှု၊ တာဝန်ခံမှု စနစ်ကျစေရန်၊ နောင် တာဝန်ယူမည့်သူများကို အဖွဲ့အား စနစ်တကျလွှဲပြောင်းနိုင်ရန်နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့အား နိုင်ငံရေး အဖွဲ့အစည်း တခုအဖြစ် အများအမြင်တွင် ရှင်းလင်းပြတ်သားစွာ ရှုမြင်လာစေရန် ရည်ရွယ်ပြီး ပြောင်းလဲ ဖွဲ့စည်းခြင်းဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဧရာဝတီကို ပြောသည်။
“ဖြစ်နေတာက CSO(လူမှုအဖွဲ့အစည်း)လား ဆိုတော့လည်း တိတိကျကျ မဟုတ်ပြန်ဘူး။ နိုင်ငံရေး အဖွဲ့အစည်းလား ဆိုတော့လည်း တိတိကျကျ မဟုတ်ပြန်ဘူးဆိုတဲ့ အခါကျတော့ ကြားထဲမှာ အလယ်လတ်နေတဲ့ပုံစံ ဖြစ်နေတယ်။ ဒါကြောင့် အခုဟာကတော့ နိုင်ငံရေး အဖွဲ့အစည်းတခုအဖြစ် အသွင်ပြောင်းမှာပါ။ နိုင်ငံရေး အကျဉ်းသားအရေးကို လုပ်တာနဲ့အတူ တဖက်မှာလည်း နိုင်ငံရေးကို ဦးတည်ပြီး လုပ်သွားမယ်”ဟု FPPS အဖွဲ့ဝင် ဦးတင်မောင်ဦးက ပြောသည်။
ယခင်က FPPS ကို တနှစ်တကြိမ် ညီလာခံခေါ်ယူပြီး ထိုညီလာခံ၏ ဆုံးဖြတ်ချက်အရ ၁၅ ဦးကော်မတီ ရွေးချယ်၍ နိုင်ငံရေး အကျဉ်းသားများအရေးကိုသာ ဆောင်ရွက်ခဲ့ရသည့်အတွက် နိုင်ငံရေးတွင် ကျယ်ကျယ်ပြန့်ပြန် မလုပ်ဆောင်နိုင်ခဲ့သည့်အပြင် ယခုအခါ နိုင်ငံရေး အကျဉ်းသားဟောင်းများအားလုံး ပါဝင်လာစေချင်သည့်အတွက် အဖွဲ့ဝင်စနစ်ကို အခြေခံကာ ပြောင်းလဲတည်ဆောက်ခြင်းဖြစ်ကြာင်းလည်း ဦးတင်မောင်ဦးက ဆိုသည်။
FPPS ပြောင်းလဲဖွဲ့စည်းခြင်းအားဖြင့် နိုင်ငံရေး အကျဉ်းသားများ အရေးသာမက နိုင်ငံရေးအရွေ့ကို အရှိန်အဟုန်နှင့် ရွှေ့သွားနိုင် မည်ဟု ယုံကြည်ပြီး FPPS အနေဖြင့် ရည်ရွယ်ချက်တူ ဆန္ဒတူသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း FPPS အဖွဲ့ဝင် ဦးထွန်းကြည်ကလည်း ပြောသည်။
FPPS အဖွဲ့ဝင်အဖြစ် လျှောက်ထားမည်ဆိုပါက နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (FPPS) နှင့် နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) တို့ ၂၀၁၄ ခုနှစ် သြဂုတ်လက ပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲမှ ထွက်ရှိလာသော နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ် သတ်မှတ်ချက်နှင့် ကိုက်ညီသူများသာ လျှောက်ထားနိုင်ခွင့်ရှိကြောင်း FPPS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
FPPS အဖွဲ့ဝင်အဖြစ် လျှောက်ထားမည့်သူများအတွက် စည်းကမ်းချက်များ အနေဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ ချမှတ်ထားသော မူဝါဒများကို လက်ခံယုံကြည်သူဖြစ်ပြီး မူဝါဒနှင့် စည်းကမ်းများကို ချိုးဖောက်ခဲ့လျှင် အဖွဲ့ဝင်အဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည် ဖြစ်သည်ဟုလည်း FPPS ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
FPPS ကို နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ် ရေး စသည့်ရည်ရွယ်ချက်များ ချမှတ်၍ နိုင်ငံရေး အကျဉ်းသားဟောင်းများဖြင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် စတင် ဖွဲ့စည်း တည်ထောင် ခဲ့ခြင်း ဖြစ်သည်။

Subscribe to:
Posts (Atom)