Friday, December 12, 2008

မိဘများလည်း သမိုင်းပေး ၀တ္တရား ထမ်းဆောင်နေ

မျိုးကြီး

(ကျောင်းသားခေါင်းဆောင် ကိုပဏ္ဏိတ်ထွန်း၏ မိခင်နှင့် ဆက်သွယ်မေးမြန်းချက်)
သားဖြစ်သူက သမိုင်းပေးတာဝန် ထမ်းဆောင်နေသလို၊ မိဘများကလည်း သမိုင်းပေးဝတ္တရားကို ထမ်းဆောင်နေသည်ဟု နှစ်ရှည်အကျဉ်းစံ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပဏ္ဏိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦးက မဇ္ဈိမကို ယနေ့ ပြောသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီး မပေါ်ပေါက်ခင် သြဂုတ်လ ၂၁ ရက်နေ့က ကိုပဏ္ဏိတ်ထွန်း အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၃ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

သူတို့ကို အင်းစိန်ထောင်ထဲတွင် တနှစ်ကျော်ကြာ ချုပ်နှောင်ခဲ့ပြီး၊ ယခုနှစ် စက်တင်ဘာလတွင် ထောင်တွင်း သီးသန့်တရားရုံးက အီလက်ထရောနစ် ဥပဒေဖြင့် တရားစွဲဆိုသည်။ အောက်တိုဘာလ ၃၀ ရက်နေ့တွင်မူ မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး၊ နိုဝင်ဘာလ ၁၁ ရက်နေ့က ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့သည်။

လကုန်ပိုင်းတွင် သူတို့ကို ဝေးလံခေါင်ဖျား ဒေသများရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့ခဲ့ရာ ကိုပဏ္ဏိတ်ထွန်းလည်း ကချင်ပြည်နယ် ဗန်းမော်ထောင်သို့ ရောက်ရှိသွားသည်။

မိခင် ဒေါ်ညွန့်ညွန့်ဦးက ကျန်းမာရေးနှင့် ငွေကြေးအခက်အခဲ ရှိနေလည်း သားထံသို့ ဆက်လက်၍ ထောင်ဝင်စာ တွေ့သွားမည်ဟု ဆိုသည်။

ယခုလ ၈ ရက်နေ့တွင် ဗန်းမော်ထောင်၌ သားကို ပထမအကြိမ် ထောင်ဝင်စာတွေ့ခဲ့သည့် သူ့ကို မဇ္ဈိမသတင်းထောက် မျိုးကြီးက ယနေ့နံနက်ပိုင်းတွင် ဆက်သွယ်မေးမြန်းခဲ့သည်။

မေး။ အန်တီလာတဲ့ ခရီးကဝေးတော့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ကျန်းမာရေးက အတော်ကို ဆိုးနေတယ်။ အောက်လမ်းကနေ လာခဲ့ရတယ်။ ရထားက နာရီ ၂၀ လောက်စီးရတယ်။ ကားကလည်း နာရီ ၂၀ လောက် စီးရတယ်။ ဒါတောင် မန္တလေးက လူတွေ ပြောတာ ကား စောရောက်လို့ တော်သေးတယ်လို့ ပြောကြတယ်။ ညာဘက်လက်က မမြှောက်နိုင်တော့ဘူး၊ ကပ်နေတယ်။

မေး။ လာရတဲ့ အခက်အခဲတွေ ပြောပြပါအုံးဗျ။

ဖြေ။ လမ်းပန်းဆက်သွယ်ရေးပေါ့လေ။ မီးရထားနဲ့လာတာ၊ မနက် ၃ နာရီလောက်ကြီး မန္တလေးရောက်တယ်။ အလုပ်ကလည်း မဆင်းကြသေးဘူး။ ဘယ်သွားလို့ သွားရမှန်းလည်း မသိဘူး။ ဖုန်းကလည်း ဘယ်ဆက်လို့ ဆက်ရမှန်းလည်း မသိဘူး။ ဗန်းမော် အရောက်အထိ ကသိကအောက် အရမ်းဖြစ်တာပေါ့။

မေး။ သားကိုရော ထောင်ဝင်စာ တွေ့ပြီးပြီလား။

ဖြေ။ အန်တီက တနင်္လာနေ့ ၁၂ နာရီခွဲလောက်မှာ ဗန်းမော် ရောက်တယ်။ ရောက်ရောက်ချင်းပဲ ထောင်ဝင်စာ တန်းတွေ့တာ။ သားကတော့ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ မစိုးရိမ်ရဘူးပေါ့။ စားရေးသောက်ရေးကတော့ ထောင်ထမင်း၊ ထောင်ဟင်းပေါ့ သားရယ်။ အန်တီလည်း ပါလာတဲ့ ဟင်းလေးတွေ၊ ပစ္စည်းလေးတွေကိုတော့ ပေးခဲ့ပါတယ်။

သားကတော့ မှာပါတယ်။ အမေ မလာနိုင်ရင်လည်း နောက်တခေါက် မလာဖို့။ ကလေးထောင်မှာ ၇ နှစ် ကျတုန်းကလည်း ဒီလိုပဲ အဆင်ပြေပါတယ်ပဲ ပြောပါတယ်။ သူတို့က တကယ်ရင်ဆိုင်နိုင်တဲ့ ကလေးတွေပဲ။ တခြားတော့ ထူးထူးထွေထွေ မှာတာမရှိပါဘူး။ Dictionary (အဘိဓာန်) စာအုပ်တော့ ပို့ပေးဖို့ မှာပါတယ်။

မေး။ နောက်တခေါက် ဘယ်တော့လောက် ပြန်လာဖြစ်မလဲဗျ။

ဖြေ။ မတ်လလောက်မှပဲ ပြန်လာနိုင်မယ်။

မေး။ ဗန်းမော်က လူတွေကရော အန်တီ့ကို အကူအညီပေးကြလား။

ဖြေ။ တခါမှ မမြင်ဘူးကြပေမယ့် တကယ့်ဆွေမျိုးတွေ၊ မိတ်ဆွေတွေလိုပါပဲ။ နားလည်မှုလည်း ပေးကြတယ်၊ အားပေးကြတယ်။ ဦးဦးဖျားဖျား ရောက်တာဆိုတော့လေ၊ တည်းခိုခန်းမှာပဲ တည်းလိုက်တယ်။ တည်းလက်စဆိုတော့ အိမ်တွေမှာ မတည်းဖြစ်လိုက်ဘူး။ နေ့လယ်ပိုင်းမှပဲ အိမ်တွေကို လိုက်လည်တယ်။ ညတော့ တည်းခိုခန်းမှာ ပြန်အိပ်မယ်။

မေး။ ဗန်းမော်ထောင်မှာ ကိုပဏ္ဏိတ်ထွန်းအပြင် တခြား ဘယ်သူတွေ ရောက်နေလဲဗျ။

ဖြေ။ အရင်ဆုံးရောက်တာက ပဏ္ဏိတ်ထွန်း၊ ကိုမျိုးခင်၊ ဒုတိယအသုတ်က အောင်သိန်းလွင်၊ တတိယအသုတ်က ကျော်စွာဋ္ဌေးနဲ့ ထွန်းထွန်းနိုင်။

မေး။ ဘယ်တော့လောက် ပြန်ဖြစ်မလဲဗျ။

ဖြေ။ ကျန်းမာရေးက အတော်ဆိုးနေတော့ လေယာဉ်နဲ့ပဲပြန်မယ်။ မနက်ဖြန် မနက် ၇ နာရီလောက်ပေါ့။ လေယာဉ်ကွင်း ချိန်းချိန်က ဒီနေ့တော့ လက်မှတ်သွားယူမယ်၊ ငွေသွားချေရမယ်။ တိုက်ရိုက်လေယာဉ်တော့ မဟုတ်ပါဘူး။ Transfer ပေါ့။ မန္တလေး တံတားဦးလေယာဉ်ကွင်းမှာ ၃ နာရီ၊ ၄ နာရီလောက်တော့ နေရအုံးမယ်။ လေယာဉ်က မန္တလေးကနေ ခန္တီးမှာ လူသွားကြိုရအုံးမယ်။ အန်တီတို့ တိုင်းပြည်က အဲဒါပဲကြည့်။ ကွင်းသာရှိတာ လေယာဉ်ရှိတာ မဟုတ်ဘူး။

မေး။ ဘာများ ပြောချင်တာ ရှိပါသေးလဲဗျ။

ဖြေ။ ပြောချင်တာကတော့ အခက်အခဲတွေက ကျန်းမာရေးနဲ့ ငွေရေးကြေးရေး အခက်အခဲပေါ့ကွယ်။ အဲဒါတွေကို ကြံ့ကြံ့ခံရမှာပေါ့။ သားကလည်း သမိုင်းပေးတာဝန် ထမ်းဆောင်နေတော့ အန်တီတို့ မိဘတွေအနေနဲ့ကလည်း သမိုင်းပေး ၀တ္တရား ထမ်းဆောင်ရတာပေါ့။ ဒီလိုပဲ ခံယူထားပါတယ်။

အန်တီတို့အနေနဲ့ အတတ်နိုင်ဆုံး စောင့်ရှောက်သွားပါမယ်။ အန်တီက ဦးဦးဖျားဖျား တယောက်ပဲ လာတော့ ကျန်တဲ့သူတွေ အားလုံးကလည်း သူတို့မိဘတွေ ရောက်သလိုပါပဲ၊ ခံစားကြရတယ်။ အန်တီကလည်း ကျန်ခဲ့တဲ့ မိဘတွေကို သွားပြီး ပြောပြနိုင်တာပေါ့လေ။

No comments:

Post a Comment