Monday, December 22, 2008

သော့အိမ်က ပုရွက်ဆိတ်များ

မျိုးမြင့်ချို


ကိုရင်မောင်ရေ ….

ကျုပ် ပုရွက်ဆိတ်တွေအကြောင်း ပြောပြမလို့ဗျ။ ဘာကြောင့် အဲဒီသတ္တဝါလေးတွေကို ပုရွက်ဆိတ်လို့ ခေါ်တယ်၊ ဘယ်နှစ်မျိုးရှိတယ်၊ ဘယ်အချက်အလက်တွေနဲ့ ပြည့်စုံမှ ပုရွက်ဆိတ်ဖြစ်တယ်ဆိုတာတော့ ကျုပ်မသိဘူးဗျ။ ကျုပ် မြင်ဖူးတာကတော့ နှစ်မျိုးဗျာ။ တမျိုးက အနက်ရောင်အကောင်၊ လူကိုပြန်မကိုက်ဘူးထင်တယ်၊ သွားရင်လာရင် ပြာယာခတ်ပြီး တောင်မကြည့် မြောက်မကြည့်။ ဟိုတိုးဒီတိုးနဲ့  နည်းနည်းမြန်တယ်။ အစားအသောက်တွေများ ဒီကောင်တွေ အုံခဲနေလိုကတော့ နည်းနည်းလေးလောက် လှုပ်လိုက်ခတ်လိုက်တာနဲ့ တချိုးတည်း ခြေဦးတည့်ရာ လစ်တော့တာဗျို့။ အဲဒီလိုအခါမျိုးဆို ကျုပ်က ဒီကောင်တွေကြည့်ပြီး သနားလည်းသနား ရယ်ရယ်ချင်တယ်။ အဲဒါကိုကြည့်ပြီး၊ ဒီကောင်တွေကို ကျုပ်က “အရူးပုရွက်ဆိတ်” လို့ နာမည်ပေးထားတယ်။

နောက်တမျိုးက အနီရောင်။ အနက်တွေထက် အကောင်သေးတယ်။ လူကို ကိုက်တတ်တယ်။ သွားရင်လာရင် အေးအေးဆေးဆေးပဲ။ ဣနြေ္ဒရတယ်။ ဒီကောင်တွေကျတော့ ဟိုကောင်တွေလို မဟုတ်ဘူး၊ မောင်းထုတ်ခါထုတ်လည်း ပေတီးပေကတ်နဲ့။ တော်တော်နဲ့  မထွက်ချင်ဘူး။ အံမယ်…လူတောင်ပြန်ကိုက်တဲ့ ဟာလေးတွေဗျ။ တခါတလေ စိတ်ကမရှည်တော့ လက်နဲ့  ဖိသတ်ဖျစ်သတ်မိတာပေါ့ဗျာ။ ကျုပ်က ဒါကိုကြည့်ပြီး ဒီကောင်တွေကို “ဖိုက်တာ(Fighter) ပရွက်ဆိတ်” လို့ နံမည်ပေးတယ်ဗျာ။ အရူးတွေထဲမှာရော ဖိုက်တာတွေထဲမှာရော ခေါင်းကြီးအကောင်ကြီးတွေ ရှိတယ်ဗျို့။ အဲဒီခေါင်းကြီး ပုရွက်ဆိတ်တွေက အပြင်ထွက်ခဲတယ်။ အထဲမှာ ဘာတာဝန်တွေနဲ့ ဘာလုပ်နေတယ်တော့မသိဘူးပေါ့ဗျာ။

ဒီကောင်တွေက တကောင့်တကောင် တည့်တာမဟုတ်ဘူးဗျ။ တကောင်ချင်းထိပ်တိုက်တိုးလို့ကတော့ အရူးတွေက ရှောင်တယ်၊ ပြန်မချဘူး။ နောက်ပြီး အရူးတွေက ဖိုက်တာတွေရဲ့  “အိမ်” (ပုရွက်ဆိတ်အုံ)ကို အတင်းဝင်လုပြီး နေပစ်လိုက်တာလည်းမတွေ့ဖူးဘူး။ ဖိုက်တာတွေကသာ အတင်းဝင်စီး၊ ကိုက်ကက်၊ အရူးတွေကို မောင်းထုတ်၊ ပြီးတော့ အတည်ပေါက်နဲ့ ကိုယ့်အိမ်ကိုယ့်ယာ လုပ်ပစ်တာဗျို့။ အဲဒီအခါမျိုးများဆိုရင် အရူးတွေခမျာ သိပ်သနားစရာ ကောင်းတယ်။ ပြန်မကိုက်နိုင်အားဘူး။ သူတို့ဥလေးတွေ အကောင်မဖြစ်တဖြစ်လေးတွေကို ရသလောက် ကြုံးသယ်၊ သူတို့ဘုရင်မကို အသေခံကာကွယ်ပြီး ကယ်ထုတ်၊ အိုးပြစ်အိမ်ပြစ်နဲ့။ အရူးခေါင်းကြီးတွေလည်း ထွက်လာပြီးပြန်တော့ ကိုက်ပါတယ်။ ရေရှည်အဆုံးအဖြတ်မှာတော့ ဖိုက်တာတွေပဲနိုင်တာ။ အဲဒီအခါမျိုးမှာ အရူးခေါင်းကြီးတွေ ကြည့်ရတာ စစ်ရှုံးတပ်ပျက်ကြီးကို မနည်းပြန်စုနေရတဲ့ တမ်မှူးတွေကျနေတာပဲ၊ ရောက်ယက်ကိုခတ်လို့။ ဖိုက်တာတွေက စစ်ပွဲပြီးတာနဲ့ ဒဏ်ရာရတဲ့အရူးတွေကိုရော သူတို့  ဖိုက်တာတွေကိုရော ကျင်းအပြင်ဆွဲထုတ်ပြီး တနေရာမှာ ပုံထားလိုက်တာများ ခြေပြတ်လက်ပြတ် ခေါင်းတခြား ကိုယ်တခြား။ မမြင်ရက်စရာပါဗျာ။ စစ်ပြီးစ စစ်တလင်းကြီး ကျနေတာပဲ။ ဒီ့နောက်တော့ အရူးတွေ အိမ်သစ်ရှာရပြန်ပြီ။ မတွေ့သေးခင်စပ်ကြား လူ့အဝတ်စားတွေ အသုံးအဆောင်တွေကြား ယာယီခိုကပ်ရင်း နေကြရရှာတာ။ အဲသလိုအချိန်မှ သူတို့တွေဟာ စစ်ရှုံးစစ်သားတွေထက် စစ်ပြေးဒုက္ခသည်တွေနဲ့ ပိုတူတယ်။ ကျုပ်လေ အရူးတွေဖက်က မခံချင်ဘူး။ တခုခု လုပ်ပေးချင်တယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ လွှတ်ထားလိုက်ရတာပဲ။ သူတို့သဘာဝကိုး။

တနေ့တော့ ကျုပ်စိတ်ထဲ အတွေးပေါက်တယ်။ အရူးတွေက ဖိုက်တာတွေထက် အကောင်လည်းကြီးတယ်၊ ခြေတံလက်တံလည်း ရှည်တယ်၊ ဖျတ်ဖျတ်လတ်လတ်လည်းရှိတယ်။ ဒီကောင်တွေကို တကောင်ချင်းသာ လက်ဝှေ့ကြိုးဝိုင်းထဲကလို “တည်”ပေးလိုက်ရင် ဘယ်ကောင် နိုင်မလဲပေါ့။ ကောင်းတော့မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် အဲဒီအချိန်က ကောင်းတယ်တို့ မကောင်းဘူးတို့ ကျုပ်အတွေးထဲမရှိပါဘူး။ ဒါနဲ့ လက်ကို တံတွေးလေးဆွတ်ပြီး ဒီကောင်တွေကို မနာမကျင်အောင် အသာလေး တကောင်ချင်းဖမ်းပြီး ပိတ်ဖြူစလေးပေါ်တင်ပြီး “တည်”ပေးကြည့်တယ်။ နှစ် ကောင်သား ဦးမှင်ချင်းထိကာရှိသေး အရူးကထွက်ပြေးတာဗျို့။ ကျုပ်လည်း ကျုပ်နည်းက မဟန်သေးပါဘူးဆိုပြီး နည်းလမ်းရှာတယ်။ ဒီကောင်တွေကို ထွက်ပြေးလို့မရအောင် ကြိုးဝိုင်းလုပ်ပေးရရင် ကောင်းမလားပေါ့။ နောက်တော့ သွားတွေ့တယ်။ ဒီကောင်တွေ နှစ်မျိုးလုံး ပရုပ်ဆီဆို အသေအလဲကြောက်တာ။ ဒါနဲ့ ကျုပ်လည်း သံမံတလင်းပေါ် နေရာလေးတခုကိုကွက်ပြီး ဖုန်တွေဘာတွေ ပြောင်နေအောင်သုတ်တဲ့ပြီး ပရုပ်ဆီတကော် လောက်ကော်၊ ပရုပ်ဆီနဲ့ ကျပ်ဝိုင်းလောက် အဝိုင်းလေးဝိုင်း၊ အရူးနဲ့ ဖိုက်တာ တကောင်စီကို သာသာလေးဖမ်း၊ ကွင်းထဲလွှတ်ချလိုက်တယ်။ စာကြည့်မျက်မှန်ကို မှန်ဘီလူးလိုလုပ်ပြီး သေသေချာချာ အနီးကပ်စောင့်ကြည့်တာပေါ့။ ဒီကောင်တွေဘာလုပ် မလဲဆိုတာ။

စစချင်းတော့ နှစ်ကောင်သား ဦးမှင်ချင်းထိတာနဲ့ အရူးက ထွက်ပြေးဖို့လုပ်လိုက်၊ ပရုပ်ဆီ စည်းဝိုင်းကို ဦးမှင်နဲ့ထိလိုက်၊ ကွင်းထဲ ပြန်ဝင်လာလိုက်။ ဖိုက်တာကလည်း ဒီပရုပ်ဆီကြိုးဝိုင်းထဲကနေ အပြင်ကိုထွက်ဖို့ လုပ်လိုက် ကြိုးဝိုင်းအနားသတ်က အနံ့ကိုရလိုက်၊ ကွင်းထဲပြန်ဝင်လာလိုက်၊ အရူးနဲ့ တိုးလိုက်၊ အရူးကပြေးလိုက်၊ သူကလည်း နောက်ကနေတော့ အရူးနောက်ကို လိုက်တော့မကိုက်ရှာပါဘူး။ သူ့ဟာသူ ကြိုးဝိုင်းထဲက ထွက်လမ်းရှာလိုက်နဲ့ နှစ်ကောင်စလုံးတော့ ယောက်ယက်ခတ်နေရှာသေးတယ်။ နောက်တော့ ကျုပ်က ကြိုးဝိုင်းကို ပရုပ်ဆီနည်းနည်း ထပ်ကော်ပြီး ကျဉ်းပေးလိုက်တယ်။ ဒီကောင်တွေ ရှောင်မလွတ်တော့ဘူး။ ထွက်ပေါက်လည်းမရှိတော့ဘူး။ ချရုံဘဲ ရှိတော့တယ်။ ကျဉ်းထဲကျပ်ထဲရောက်နေပြီ။ ဒီလိုနဲ့ နောက်ဆုံးအကြိမ် တွေ့ရောဆိုပါတော့။ ဖိုက်တာက အရူးကို ဝင်ကိုက်တယ်။ အရူးကလည်း ပြေးမလွတ်တော့တဲ့အတူ သေမထူးနေမထူးဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ဟန်တူတယ်။ မပြေးတော့ဘူး။ ပြန်ကိုက်တယ်။ တကောင့်တကောင် လုံးသွားတယ်။ အရူးက ဖိုက်တာကို ဂုတ်ပိုးလို့ထင်ရတဲ့ နေရာကို ခဲထားတယ်။ ဖိုက်တာက အရူးရဲ့  ခါးသိမ်နေရာကို ပြန်ခဲဖို့လုပ်တယ်။ ခဏနေတော့ အကောင်ချင်းကွဲသွားတယ်။ ပြီးတော့ ပြန်လုံးကြပြန်တယ်။ ဒီတခါ ဖိုက်တာက အရူးရဲ့ နောက်ခြေထောက်တဖက်ကို အရင်စကိုက်တယ်။ အရူးက ဖိုက်တာရဲ့အကိုက်ကို ရုန်းရင်း၊ ဖိုက်တာရဲ့ခါးသိမ်ကို ပြန်ကိုက်တယ်။ နောက် အကောင်ချင်း ကွဲသွားပြန်တယ်။

အဲသလိုနဲ့ တကောင့်တကောင် ခါးသိမ်နေရာကို အမိအရ ကိုက်ဖို့ကြိုးစားရင်း အချိန်က တော်တော်ကုန်သွားတယ်။ ဘယ်ကောင်မှ ချက်ကောင်းကို အသေမမိသေးဘူး။ မိလိုက်ပြန်လွတ်လိုက်နဲ့။ နှစ်ကောင်လုံးလည်း မောနေပြီ။ လှုပ်ရှားမှုတွေ နှေးလာတယ်။ အလစ်မှာ တချက်တချက် နောက်ကနေ ဝင်ကိုက်တာကလွဲလို့ တကောင့်တကောင် အသေလုံးဖို့ မတတ်နိုင်ကြတော့ဘူး။ ပွဲကလည်း အဆုံးအဖြတ်မပေးနိုင်ဘူး။ ဒါနဲ့ ကျုပ် နောက်တမျိုးစမ်းမယ်၊ ဒီကောင်တွေလည်း မောနေပြီဆိုပြီး ကြိုးဝိုင်းထဲက အပြင်ထုတ်ပေးလိုက်တယ်။ နှစ်ကောင်လုံး ဒဏ်ရာတော့ အတော်ရသွားပုံပဲ။ တော်တော်နဲ့ လမ်းမလျှောက်နိုင်ဘူး။ သူတို့ကိုယ်သူတို့ ခြေထောက်လေးတွေ လက်လေးတွေနဲ့ ဟိုနားပွတ်လိုက် ဒီနားပွတ်လိုက် လုပ်နေသေးတယ်။ ကျုပ် သနားတော့လည်းသနားတယ်။ ဒါပေမယ့် ကျုပ်လိုချင်တဲ့ အဖြေက မရသေးဘူး။

ဒါနဲ့ ကြိုးဝိုင်းထဲကို ဖိုက်တာနှစ်ကောင်နဲ့ အရူးတကောင်၊ တကယ်သာ ချမယ်ဆိုလို့ကတော့ လက်ရည်ညီလောက်တယ်လို့ တွက်ပြီး နှစ်ကောင့်တကောင်ပွဲ လုပ်ပေးပြန်တယ်။ ပွဲကစစချင်း လွှတ်လိုက်တာနဲ့ ကြမ်းတော့တာဗျို့ ။ ဖိုက်တာနှစ်ကောင်မှာ တကောင်က အရူးရဲ့ နောက်ခြေထောက်ကို ဖျတ်ကနဲပြေးဆွဲပြီး ကိုက်လိုက်တယ်။ အရူးက ထွက်ပြေးဖို့ ရုန်းတယ်။ ဖိုက်တာက သံမံတလင်းပေါ်ခြေစုံကန်ပြီး အတင်းဆွဲထားတဲ့ကြားက အရူးရုန်းရာနောက် ဒရွတ်တိုက်ပါနေတယ်။ အဲဒီအချိန်မှာ ကျန်တဲ့ဖိုက်တာက အရူးရဲ့ ဂုတ်ပိုးနေရာကို ဝင်ခဲတယ်။ အရူးက ဝင်ခဲတဲ့ဖိုက်တာကို ပြန်ကိုက်လို့ အကောင်ချင်းလုံးသွားချိန်မှာ အရူးရဲ့ နောက်ခြေထောက်ကိုဆွဲထားတဲ့ ဖိုက်တာက ရုတ်တရက် လွှတ်လိုက်ပြီး အရူးဖင်ပိုင်းက ဖုသီးကို ဝင်ကိုက်တယ်။ အရူး တော်တော်လေး နာသွားဟန်တူတယ်။ အရူးက ဟိုကောင်ဆီကနေ၊ ဖင်ကိုလာကိုက်တဲ့ ဖိုက်တာကို ပြန်ကိုက်ဖို့ အတင်းရုန်းတယ်။ မရဘူး။ ဟိုကောင်က အသေခဲထားတယ်။ မလွှတ်ဘူး။ နှစ်ကောင့်တကောင်၊ အရူးခမျာ အပေါ်ရောက်လိုက် အောက်ရောက်လိုက်နဲ့ လူးလိမ့်နေတာပဲ။

ဒီ့နောက်တော့ အရူးကို ဖိုက်တာနှစ်ကောင်က ခဲထားရင်း ခဏငြိမ်နေတယ်။ အရူး ပြန်မကိုက်နိုင်တော့ဘူး။ တွန်းထိုးရုန်းကန်နေတာပဲ။ အမောပြေသလောက်ရှိတော့ အရူးရဲ့ဖင်ဖုသီးကို ကိုက်ထားတဲ့ ဖိုက်တာက၊ သူ့ကိုယ်ကို ပြောင်းပြန်လုပ်ထဲ့ပြီး၊ အရူးရဲ့ ခါးသိမ်နေရာကို မိမိရရ ဝင်ကိုက်ချလိုက်တယ်။ အရူးခမျာ နာတယ်ထင်ရှာရဲ့။ ဆတ်ဆတ်ကိုလွန့်နေတာပဲ။ ကျုပ်လည်း သသောပေါက်သွားတယ်။ ဒါဆို ပွဲသိမ်းခဏ်းရောက်ပြီ။ ဖိုက်တာတွေနိုင်ပြီ။ ဘာလို့လဲဆိုတော့ ပုရွက်ဆိတ်ရဲ့ အားအနည်းဆုံးအပိုင်းက ခါးသိမ်လေးကိုး။ အဲဒီခါးသိမ်လေး ပြတ်သွားရင် သွားပြီ။ ဘာမှ ပြန်မလုပ်နိုင်တော့ဘူး။ ကျုပ်လည်း ဒီကောင်တွေကို ပါးစပ်ထဲရေထည့်မှုတ်ပြီး အကောင်ချင်း ခွဲပေးလိုက်တယ်။ ဖိုက်တာနှစ်ကောင်ကတော့ ခဏလောက်ပဲ ဟိုဟိုဒီဒီ ပွတ်သပ်ပြီး ထွက်သွားပေမယ့် အရူးခမျာတော့ မချိမဆန့်။ ဒါနဲ့ ကျုပ်လည်း သူ့ကို ပုလင်းဖုံးလေးထဲ အချိုလေးပါ နည်းနည်းထည့်ပြီး အနားပေးလိုက်တယ်။

နောက်တပွဲကတော့ ဖိုက်တာတစ်၊ အရူးနှစ် ပွဲပေါ့ဗျာ။ ထုံးစံအတိုင်း စစချင်းတော့ အရူးတွေက လျောက်ပြေးနေသေးတယ်။ နောက်တော့ “တည်”ကုန်ကျရော။ အရူးတကောင်က ဖိုက်တာကို ဝင်ကိုက်တယ်။ ဖိုက်တာက ကိုက်လာတဲ့အရူးကို သဲကြီးမဲကြီး ပြန်လုံးပြီးကိုက်တယ်။ လုံးဝမလွှတ်ဘူး။ ကျန်တဲ့ အရူးတကောင်က တော်တော်ကြာကြာအထိ အပြင်ထွက်ဖို့ အပေါက်ရှာလိုက် ပရုပ်ဆီနံ့ရလိုက်၊ ကွင်းထဲ ပြန်ဝင်လာလိုက် လေးငါးခြောက်ကြိမ် လုပ်နေသေးတယ်။ ဟိုကောင့်ကို ဝင်မကူဘူး။ ကျုပ်တောင် ဒီအရူးကိုကြည့်ရင်း ဝင်ကိုက်ပါတော့လား… ဝင်ကိုက်ပါတော့လားနဲ့ ပါးစပ်က ထွက်မိသေးတယ်။ မလွတ်နိုင်ပုံပေါက်တော့မှ မထူးပါဘူးဆိုပြီး နောက်ဆုံးကျတော့မှ ဝင်ကိုက်တော့တာ။ အံမယ်… ငတိက ကိုက်မယ့်ကိုက်တော့ တကယ့်ချက်ကောင်းကို ဝင်ကိုက်တာ။ ခါးသိမ်နေရာပဲ။ ကွက်တိပဲ။ တချက်တည်းနဲ့ ကိုက်လည်းကိုက်၊ ဖြတ်လည်းဖြစ်ချ၊ တိကနဲပဲ။ ဖိုက်တာရဲ့ခါးသိမ်လေး ပြတ်ထွက်သွားတယ်။ ကျုပ်တောင် ဆွဲချိန်လွဲချိန် မရလိုက်ဘူး။ ကျုပ်လည်း အကောင်ချင်းခွဲလိုက်တယ်။ အရူးတွေကိုတော့ ဒီအတိုင်းပဲ ထားလိုက်တယ်။ ခါးပြတ်သွားတဲ့ ဖိုက်တာကိုတော့ သူ့အိမ်အပေါက်ဝနား အသာပြန်ချပေးလိုက်တယ်။ ခင်ဗျားကတော့ ထင်မှာပဲနော် ကျုပ်ဟာ နှလုံးသားမရှိတဲ့လူ၊ ရက်စက်တဲ့လူလို့။ မတတ်နိုင်ဘူးဗျာ။ ကျုပ်က သိချင်တာကိုး။ ဒါပေမယ့် အဲဒီတကြိမ်ပါပဲ။ နောက်ဆို ဘယ်တော့မှ ထပ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

ဒီသုံးပွဲလည်းပြီးရော စိတ်လည်း တော်တော်မောသွားတယ်။ တွေးစရာတွေလည်း တပုံကြီးကျန်ခဲ့တယ်။ ကျုပ်တို့ ခင်ဗျားတို့တတွေလည်း ခုဆို တကွဲတပြားစီ လွင့်စဉ်လို့။ အိုးတကွဲအိမ်တကွဲနဲ့။ ဒါတွေ ဘာ့ကြောင့် ဘယ်လိုဖြစ်ရတယ်ဆိုတာ ခင်ဗျားသိတဲ့အတိုင်းပဲ။ ဒီတော့ ကျုပ်တွေးမိတယ်။ ကျုပ်တို့တတွေဟာ မဖြစ်မနေ ပရွက်ဆိတ်ဖြစ်ရမယ်ဆိုရင် “ဖိုက်တာပုရွက်ဆိတ်” နဲ့ “အရူးပုရွက်ဆိတ်” ဘယ်ဟာ ဖြစ်ချင်တာလဲ။ ဘာကြောင့် ဖြစ်ချင်ရတာလဲ။ ဘယ်ပုရွက်ဆိတ်ရဲ့ “ဘဝအနေဟာ” လူ့ဘောင်ကောင်းကျိုးကို ပိုဆောင်နိုင်မလဲ။ လူဟာ ဘယ်တော့မှ ပုရွက်ဆိတ်မဟုတ်ဘူးလို့ ပတ္တောပိတ်ပြောမယ်ဆိုရင်လည်း ရှိပါစေဗျာ။ ကျုပ်တော့ ကိုယ့်အခြေအနေကို ပြန်ဆင်ခြင်မိတိုင်း သော့အိမ်ရဲ့ ပရုပ်ဆီကြိုးဝိုင်းထဲက “ဖိုက်တာ” နဲ့ “အရူး” ပုရွက်ဆိတ်လေးတွေကိုပဲ မြင်မြင်နေမိတယ်။

No comments:

Post a Comment