Thursday, December 25, 2008

ထောင်ချသော်လည်း ကြောက်ရွံ့နောက်တွန့်မည် မဟုတ်

ဇာနည်

(သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ဝေးထောင်များတွင် ထောင်ဒဏ်များ ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများထံ သွားရောက်တွေ့ဆုံကာ အားပေးနေသော နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်တင်က 'အကျဉ်းသား မိသားစုများပါ ဒုက္ခရောက်နေသဖြင့် ၀ိုင်းဝန်းကူညီကြရန်' ယနေ့ တိုက်တွန်းလိုက်သည်။

သို့သော်လည်း ဆင်းရဲလှသည့် မိသားစုဝင်များအနေဖြင့် အားငယ်သွားခြင်း၊ အားလျော့သွားခြင်း မရှိသလို၊ ထောင်ချသည့်အတွက်လည်း အာဏာပိုင်များကို ကြောက်ရွံ့သွားမည်၊ တွန့်ဆုတ်သွားမည် မဟုတ်ကြောင်း ဆရာကြီးက ပြောသည်။

ဒီမိုကရေစီရေး လှုပ်ရှားနေသူများအနေဖြင့် အသံညီညီဖြင့် လက်တွဲလုပ်ဆောင်ပါရန် တိုက်တွန်းလိုက်သေးသည်။

နိုင်ငံရေးအကျဉ်းသား မိသားစုများထံ သွားရောက်အားပေးနေသည့် အခြေအနေနှင့် သူ့အမြင်များကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ဇာနည်က မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။ ။ ဘဘ အခု အကျဉ်းကျနေတဲ့ သူတွေရဲ့ မိသားစုတွေကို လိုက်တွေ့နေတယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့် အခုလို လိုက်တွေ့ဖြစ်တာလဲဆိုတာ သိပါရစေရှင့်။

ဖြေ။ ။ ဒီဥစ္စာက ဘယ်လိုလဲဆိုတော့ ကျနော်ကိုယ်တိုင် ထောင်ထဲမှာ အနှစ် ၂၀ လောက် နေခဲ့ရတာဗျာ။ အဲဒီမှာ အဖွဲ့ချုပ်ကရော၊ နောက် အားလုံးကရော ၀ိုင်းကူညီကြတယ်။ အားပေးတယ်၊ သတိရတယ်လို့ ပြောတယ်။ တခါတလေလည်း မုန့်ဘာညာ စသည်ပေါ့ဗျာ လာလာပြီးတော့ ပေးကြတယ်။ ငပိကြော်ဖြစ်ဖြစ်ပေါ့။ ဒီလိုနဲ့ ကျနော် အနှစ် ၂၀ ကို ဖြတ်သန်းခဲ့ရတာ။

ဆိုတော့ ဒီလူတွေရဲ့ကျေးဇူး၊ ဒီလူတွေရဲ့ လုပ်ရပ်ကို မမေ့နိုင်ဘူး။ ကျနော့် ပေးတဲ့သူက မောင်ဖြူ ဖြစ်ပေမယ့်လို့ ကျနော် ပြန်ပေးတာက မောင်မဲဆိုရင်လည်း ဒါက မောင်ဖြူကို ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားတယ်လေ။ ဘာလို့လဲဆိုတော့ ဒါက လူတိုင်း ၀ိုင်းလုပ်ပေးလို့ ကျနော် အသက်ရှည်လာတာဗျ။ ထောင်ထဲမှာက အသက်ရှည်နိုင်စရာ မရှိဘူး။ ဒီအစိုးရရဲ့ ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေ ခံနေရတာ။ ဒါတောင် ကျနော် ညှဉ်းဆဲခံရတာတွေ ထည့်မပြောသေးဘူး။ ဒီအစိုးရ ဒီလောက်ကြပ်မတ် ချုပ်ချယ်ထားတဲ့ အထဲမှာ တယောက်ထဲ ပိတ်နေတဲ့အခါတွေမှာ ကျနော် အသက်ရှည်စရာအကြောင်း မရှိဘူး။

ဒီလို ကျနော့်ကို အားပေးတဲ့ လူတွေ၊ ကျနော့်ကို သတိရတဲ့လူတွေကြောင့်သာ ကျနော် အသက်ရှည်ခဲ့တာဗျ။ ဒါကြောင့် ဒီနေ့ ကျနော်သွားကူနေတယ်၊ ဘာညာဆိုတာက ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရကို လုပ်တာ။ တော်တော့်ကိုတော့ မောတယ်ဗျာ။ ဒါပေမဲ့ ကျနော် တတ်နိုင်သမျှ လုပ်မှာပါပဲ။ ကျနော် ဘယ်ကမှ ပိုက်ဆံ ရလို့တော့ မဟုတ်ဘူး။ ကျနော့ မိတ်ဆွေတွေ ထောက်ပံ့တဲ့ လမ်းစရိတ်ကို ကျနော် ချွေတာပြီး လိုင်းကားစီးပြီး သူတို့ကို မုန့်လေး ဘာလေး ၀ယ်ပြီး ပေးတယ်။ ဒါပါပဲ။

မေး။ ။ ဘဘ ဒီလိုသွားတော့ သူတို့ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ အခြေနေတွေကို ဘယ်လိုတွေ့ခဲ့ရပါလဲရှင့်။

ဖြေ။ ။ ကျနော်ပြောချင်တာတော့ နှစ်ချက် သုံးချက် ရှိမယ်ဗျ။ တချက်က လူတိုင်းက သိပ်ပြီးတော့ ကျနော်တို့ ထင်သလို စိတ်ပျက် အားငယ်နေတာတော့ မရှိဘူးဗျ။ လူတိုင်းက တက်ကြွနေတယ်။ ကျနော်တို့ လာတဲ့အတွက်လည်း ပိုပြီးတော့ ထက်သန်တက်ကြွနေတယ်။ ၀မ်းသာနေတယ်။ ကျနော် အဲဒါကို တွေ့ခဲ့ရတယ်။ နောက်တချက်က ဘယ်လိုလဲဆိုတော့ ဒီထဲမှာက တချို့ တောင့်တောင့်တင်းတင်းပေါ့ဗျာ၊ စီးပွားရေးအားဖြင့် တောင့်တင်းပုံပေါ်တဲ့ မိသားစုများထက် တော်တော်ဆင်းရဲတဲ့သူတွေကို သွားတွေ့တယ်ဗျ။ အဲဒီ အခါကျတော့ ကျနော်တော့ ဒီအစိုးရလုပ်တဲ့ပုံကို သိပ်ပြီးတော့ စိတ်ထဲ စိတ်ပျက်တယ်ဗျာ။

ဘာလို့လဲဆိုတော့ ကျနော်ပြောတာက အကျဉ်းသားတွေ ထောင်ကျတယ်။ နိုင်ငံရေး လုပ်တဲ့အတွက် ထောင်ကျမယ်ဆိုတာ နိုင်ငံရေးသမားတိုင်း နားလည်ပြီးသား ကိစ္စ။ ဆိုပါတော့ ကျနော်ဆို ထောင်ပြန်ကျလည်း ရယ်ဒီပဲ။ ကျနော် ဒီနေ့အထိလည်း ထောင်အ၀တ်အစား အပြာရောင်တို့ ဘာတို့ပဲ ၀တ်နေတာပဲ၊ ဘာမှလည်း တွန့်ဆုတ်မှု မရှိဘူး၊ ဘာမှလဲ ဂရုမစိုက်ဘူး။ ကျနော် လုပ်စရာရှိတာ ကျနော် လုပ်နေတာပဲ။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတိုင်းအတွက်ကလည်း ထောင်ကျတယ်ဆိုတာ မဆန်းဘူးဗျ။ ဒါပေမဲ့ ဒီအစိုးရက သိပ်ပြီးတော့ကို တော်တော့်ကို ဆိုးဆိုးဝါးဝါး လုပ်တာပဲ။

ကျနော် စဉ်းစားကြည့်တယ်။ ခုနက ပြောတဲ့ တချက်ပေါ့ဗျာ။ မိသားစုတွေက တော်တော်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲတဲ့ အခါကျတော့ ဒီလောက်ဆင်းရဲတဲ့ မိသားစုတွေက ဘယ်လိုဖြစ်လဲဆိုတော့ အဝေးမှာ ထောင်တွေက ကျတယ်ဆိုတော့ ဥပမာဆို ပူတာအိုကျတဲ့ မိသားစု ပါတယ်ပေါ့။ တနေ့က ကျနော် ဒေါပုံနယ်ထဲ သွားတယ်။ အဲဒီမှာ လေး၊ ငါး ဆယ်အိမ်လောက်သွားတာဆိုတော့ အဲဒီက လူတွေက တော်တော့်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲလိုက်တာမှဗျာ အိမ်လေးတွေကလည်း ကျဉ်းကျဉ်းလေးတွေ။ ဒါပေမဲ့ သူတို့ စိတ်ဓာတ်အားဖြင့်တော့ မကျဘူး။ မကျဘူး ဆိုပေမယ့်ဗျာ စိတ်တော့ နည်းနည်းလေး ညစ်နေတာပေါ့။

စိတ်ညစ်တယ်ဆိုတာက ခင်ဗျားတို့ စဉ်းစားကြည့်လေ။ ဒီထဲမှာ ကလေးတယောက်က ပူတာအိုသွားရမယ်ဆိုပြီး ပါတယ်။ စစ်တွေကို သွားရမယ့်သူတွေ ပါတယ်။ အဲဒီဟာတွေဟာ ခရီးစရိတ်ကထား၊ ICRC က ကူတယ် ဆိုသော်ငြားလည်း၊ ခင်ဗျား ဒီခရီးက စားရေးသောက်ရေး၊ နေရေးထိုင်ရေး ရှိသေးတယ်။ ဘာလို့ဆိုတော့ အဲဒီကို သွားတာ တပတ်နှစ်ပတ်ကြာတယ်။ အဲဒီတော့ သူတို့ စားရေးသောက်ရေးက ဟိုမှာတင် အခက်အခဲရှိရုံ မဟုတ်ဘူး။ သူတို့ ရန်ကုန်မှာက နေ့စား လက်လုပ်လက်စားတွေဗျာ။ သူတို့ ဘာမှ အလုပ်မလုပ်နိုင်ဘူး။ နိုင်ငံရေး လုပ်တဲ့သူတင် ထောင်ကျတာ မဟုတ်ဘူး။ မိသားစုပါ ဒုက္ခရောက်နေတာဗျာ။ ၀ိုင်းကူနိုင်ရင် ကူကြပါ ကူနိုင်အောင်လည်း လုပ်ကြပါလို့ ကျနော် တိုက်တွန်းချင်တယ်။

မေး။ ။ အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတာတွေ၊ နောက် နယ်ဝေးက ထောင်တွေကို ပို့ခံရတာတွေ အပေါ် ဘယ်လိုမြင်ပါသလဲ ဘဘ။

ဖြေ။ ။ အဲဒါက အစိုးရ အနေနဲ့က မလုပ်ကောင်းတာပဲဗျာ။ ထောင်ချချပေါ့ဗျာ။ မိသားစုပါ ဒုက္ခရောက်အောင်တော့ မလုပ်ကောင်းဘူးပေါ့ဗျာ။ ကျနော်တော့ အဲလိုပဲ သဘောရတယ်ဗျ။ တမင်နှိပ်စက်တာပေါ့ဗျာ။ လူတွေကို အကျဉ်း နှစ်ပေါင်းများစွာ ချတယ်။

စဉ်းစားကြည့်ဗျာ။ လူသတ်မှု ကျူးလွန်တာတောင် ထောင်ဒဏ် နှစ်၂၀ စသည်လောက်ပဲ ကျနိုင်တယ်။ အဲဒါမျိုးတွေကို၊ လူတွေကို ထောင်ဒဏ် နှစ် ၆၀ တွေဘာတွေ ချတယ်ဆိုတာက ရှင်းရှင်းပြောရင် ဒါက လူတွေကို မတရားသဖြင့် လုပ်တာပဲဗျ။ တရားဥပဒေနဲ့ အညီလုပ်တာ မဟုတ်ဘဲ မတရားသဖြင့် လုပ်တာပဲဗျ။

မနေ့တနေ့က လူငယ်တယောက်ဆိုရင် တနေရာကို ၃ နှစ်လောက်ကျတာ။ ၀န်ထမ်းတယောက်နဲ့ ပတ်သက်တယ်ဆိုပြီးတော့လား မသိဘူး။ သူ့ကို ၃ မှုနဲ့ ထောင်ဒဏ် ၉ နှစ် ချတယ်ဗျာ။ ဒါမျိုးက မလုပ်ကောင်းတဲ့ အလုပ်တွေပဲ။ တရားစီရင်ရေးဟာ တရားသဖြင့် မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ။ ထားတော့ ဒါကတော့ အကျဉ်းသားတွေကို ထောင်ချတဲ့အတွက် ကျနော်ကတော့ မပြောချင်ဘူး။ များတာ နည်းတာလည်း ဂရုမစိုက်ပါဘူး။

နိုင်ငံရေးသမား ထောင်ချတာလည်း ကျနော်က သိပ်ပြီး မပြောချင်ဘူး။ နိုင်ငံရေးသမားကတော့ ထောင်ကျရင်ကျမယ် လုပ်တာပဲ။ ဒါပေမဲ့ မိသားစုကိုတော့ ဒီလောက်ကြီး မညှဉ်းဆဲကောင်းဘူးဗျ။ စဉ်းစားကြည့်လေ။ တရားသဖြင့်လည်း မဟုတ်ဘူးဗျာ။ မိသားစုကို ဒုက္ခရောက်အောင် ထပ်လုပ်တယ်။ ဒါလုပ်ကောင်းသလားဗျာ။

အောက်ဗမာပြည်က အကျဉ်းသားကို ပုသိမ်ပို့တာတို့၊ ဖျာပုံပို့တယ်။ ဘားအံပို့တယ်ဆို ထားအုံး။ နောက် အင်းစိန်ထောင်မှာ မတရားနဲ့ ထောင်ကျနေတဲ့သူတွေ များလွန်းလို့ နေရာမရှိဘူး။ နေရာမရှိလို့ အဝေးပို့ရတယ်ဆို တော်သေးတယ်။ ဘယ့်နှယ်ဗျာ အောက်ဗမာပြည်က လူကို ပူတာအိုပို့တယ်ဆိုတာတော့ တရားလွန်တာပေါ့။ ကျနော်ကတော့ ဒီလိုပဲ သဘောရပါတယ်။

မေး။ ။နိုင်ငံရေးလှုပ်ရှားတဲ့ သူတွေကို အခုလိုမျိုး နှစ်ရှည်ထောင်ဒဏ်တွေချတာ အဝေးက ထောင်တွေကို ပို့တာတွေ လုပ်တော့ နိုင်ငံရေး လှုပ်ရှားမှုတွေက အရှိန်လျော့သွားနိုင်ပါသလား ဘဘ။

ဖြေ။ ။ မလျော့ဘူး မနည်းသွားဘူး။ ကျနော်ကတော့ စိတ်အားထက်သန်နေလို့လားတော့ မသိဘူး။ ကျနော်တော့ နည်းမယ်လို့ မထင်ဘူး။ ဘာလို့ ကျနော် ဒီလိုပြောနိုင်လဲဆိုတော့ အထောက်အထားမရှိ၊ စိတ်ကူးစိတ်သန်းနဲ့ ပြောနေတာ မဟုတ်ဘူး။ အခု ကျနော် သွားတွေ့တဲ့ မိသားစုတွေဆိုရင် တော်တော်ကို ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ ဖြစ်ပေမယ်လို့ အကုန်လုံးက မျက်ရည်တပေါက် မကျဘူး။ ဘယ်သူကမှ စိတ်အားပျက်တဲ့စကား မပြောဘူး။ မိဘတွေကလည်း သူတို့ကို ထောက်ခံနေတုန်းပဲဗျ။ မိဘတွေကလည်း ဘာမှ စိတ်ပျက်တာ မရှိဘူး။

အဲဒီတော့ ကျနော်ထင်တယ် ဒီလို ထောင်ချတဲ့အတွက်နဲ့တော့ လူတွေက ပိုပြီးတောင် ထက်သန်လာတယ်။ အိမ်တအိမ်ဆိုရင် မိခင်တယောက်က ပြောတယ်။ 'အခု ကလေးတွေ ကြည့်ရတာတဲ့၊ ထောင်တွေ အရမ်းချတာတောင်မှ ပိုတောင်မှ စိတ်အားထက်သန်နေတယ်' တဲ့။ တက်ကြွနေတယ်ပေါ့လေ။ ဆိုတော့ ကျနော်က အထောက်ထားမဲ့ ပြောတာ မဟုတ်ဘူး။ ကျနော့ ကိုယ်တွေ့ပေါ့လေ။ မြင်တွေ့နေရတယ်။

ဆင်းရဲတဲ့ မိသားစုတွေထဲမှာ အားငယ်သွားခြင်း၊ အားလျော့သွားခြင်းဆိုတာ ဘာမှ မရှိဘူးဗျ။ အဲဒီတော့ ကျနော်ပြောနိုင်တယ်။ ဒီလိုထောင်ချတဲ့အတွက်နဲ့ကတော့ သူတို့ကို ဘယ်သူမှ ကြောက်မှာလည်း မဟုတ်ဘူး။ ဘယ်သူမှလည်း ဂရုမစိုက်ဘူး။ ဘယ်သူမှ ဂရု မစိုက်ဘူးဆိုတာက အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ကျောင်းသားလူငယ်တွေ မကဘူး၊ ပြင်ပမှာရှိနေတဲ့ သူတို့ မိဘတွေကလည်း ဘာမှကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဘာမှ ကြောက်မှာ မဟုတ်ဘူး။ ဘာမှ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။

မေး။ ။ ဘဘ ဒီလို အကျဉ်းကျသူတွေရဲ့ မိသားစုတွေကို လိုက်တွေ့တော့ အာဏာပိုင်တွေဘက်က စောင့်ကြည့်တာတွေ၊ နှောင့်ယှက်တာတွေရော ရှိပါသလား ဘဘ။

ဖြေ။ ။ ဟာ အများကြီးပေါ့ဗျာ၊ အများကြီးပေါ့ဗျာ။ တနေ့က ကျနော် မြောက်ဥက္ကလာဘက်သွားတာ။ ထွက်ထားတဲ့ ကျောင်းသားလူငယ် ၁၄ ယောက်လောက်ပါတယ်။ ဒါပေမယ့်ဗျာ ကျနော်တို့ကို နောက်ကနေ အမြဲတမ်း လိုက်နေကျက ထောက်လှမ်းရေးက လူ ၂ ယောက်လောက် မော်တော်ဆိုင်ကယ် ၂ စီးလောက်ပဲ ရှိတာ။ အဲဒီနေ့ကဆို ဆိုင်ကယ်က အားလုံးပေါင်း ၉ စီးလောက်ရှိတယ်။ နောက်ထပ် ၇ စီး ရောက်လာတယ်။ ကျနော်တို့လည်း လူတော့ နည်းနည်းတော့ များတယ်ပေါ့ဗျာ။

ဒါပေမယ်လို့ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ လူတွေက ၀ိုင်းကြည့် ဘာညာနဲ့ပေါ့ဗျာ။ ဘာလို့ဆိုတော့ ဒီနေရာ၊ ဒီအိမ်မှာကတော့ အကျဉ်းကျနေတဲ့ ဘယ်သူဘယ်ဝါဆိုတာ အန်အယ်လ်ဒီက လူတွေ အိမ်ဆိုတာတွေက သူတို့ သိကြတယ်။ အဲဒီ သိတဲ့အထဲမှာ ထပ်ပြီးတော့ သူတို့တွေက မော်တော်ဆိုင်ကယ်တွေ ဘာတွေနဲ့ 'တဘွန်းဘွန်း' လုပ်တဲ့ အခါကျတော့ လူတွေက ၀ိုင်းကြည့်ဘာကြည့်။

အဲဒီတော့ ကျနော်ပြောချင်တာက အကြောင်းကြောင်းကြောင့် ဆူတာပူတာတို့ လှုပ်လှုပ်ရှားရှားဖြစ်တာတို့ အော်တာဟစ်တာဖြစ်ရင် သူတို့တာဝန်က ပိုများတယ်လို့ ထင်တယ်ဗျ။ ဘာလို့ဆို ကျနော်တို့ကတော့ အကျဉ်းကျတဲ့သူတွေ ရဲဘော်တွေ ကိုယ့်မိတ်ဆွေတွေ ဟုတ်လား။ နောက် ကိုယ့်အဖွဲ့အစည်းက လူတွေအနေနဲ့ ကျနော်တို့ သွားပြီး နှုတ်ဆက်တာပဲ အားပေးတာပဲ။ ဒါ့အပြင် မပိုဘူး။ ကျနော်တို့ အေးအေးဆေးဆေး သွားပြီးတော့ တွေ့တယ်။ တခါတလေ ကျနော်တို့ ဒီက တယောက် နှစ်ယောက်ပဲ သွားတယ်။ တခါတလေတော့လည်း များတယ်ပေါ့ဗျာ။

ဒါပေမဲ့ သူတို့ လုပ်တာက တရားလွန်တယ်။ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ ဆူတာပူတာ၊ အော်တာဟစ်တာ မဟုတ်ရရင်လည်း လှုပ်လှုပ်ရှားရှားဖြစ်တာတွေဆိုရင် ဒါ သူတို့တာဝန်ဗျ။ သူတို့တာဝန်။ တခုတော့ ရှိတယ်ပေါ့ဗျာ။ အစိုးရ ကိုယ်၌ကလည်း တရားလွန်တယ်ဆိုတော့ သူတို့လက်အောက်က သူတို့ခိုင်းတာ လုပ်နေရတဲ့ သူတွေ၊ သူ့တာဝန်အရ သူလုပ်တာကတော့ ပိုပြီးတော့ များတော့မှာပေါ့ဗျာ။

ကျနော်ကတော့ အပြစ်မတင်ပါဘူး။ သူတို့တာဝန် သူတို့လုပ်ပေါ့။ ဒါပေမဲ့ လုပ်ပုံ ပြောပါတယ်။ အခုကျတော့ ဟိုလူက ၀ိုင်းကြည့်၊ ဒီလူက ၀ိုင်းကြည့်နဲ့ပေါ့။ တခုပေါ့၊ ကျနော်တို့ကို ၀ိုင်းပြီး ရိုက်လွှတ်ရင်လည်း ဒါကတော့ တမျိုးပေါ့ဗျာ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အော်ကြဟစ်ကြနဲ့ဆိုရင်တော့ သူတို့ရဲ့တာဝန်ပေါ့။ သူတို့ကို မကျေနပ်လို့ ဆူပူရင် ဒါက ကျနော်တို့ လှုံ့ဆော်တာ မဟုတ်ဘူး။

မေး။ ။ ဘဘ အခု သွားတာမှာ အန်အယ်လ်ဒီကနေ ထွက်ထားတဲ့ လူငယ်တွေလည်း ပါတယ်လို့ သိရပါတယ်။ ဒီထွက်ထားတဲ့ လူငယ်တွေကို ဘဘ ဘယ်လိုစုစည်းထားလဲ။ သူတို့အပေါ် ထားရှိတဲ့ ဘဘ ရဲ့ သဘောထားက ဘယ်လိုလဲဆိုတာ သိပါရစေရှင့်။

ဖြေ။ ။ အတွင်းက လူငယ်တွေနဲ့လည်း သွားတယ်။ မြို့နယ်ဥက္ကဋ္ဌတွေနဲ့လည်း သွားတယ်။ ဒီနေ့ဆို မြို့နယ်ဥက္ကဋ္ဌ တယောက်ပါတယ်။ ကျနော်တော့ အစုံသွားကြည့်နေတာပဲဗျာ။ ထွက်ထားတဲ့ လူငယ်ဆိုတော့ပေမယ့်လည်း ကျနော်ကတော့ ထွက်ထားတဲ့ လူငယ်လို့ သဘောမထားဘူး။ ကျနော်ကတော့ ဒါ အန်အယ်လ်ဒီအတွင်းမှာ ရှိနေတဲ့လူတွေပဲ။ ဒါတွေက ကျနော်က ဖက်ထားတဲ့ လူတွေ။ ဘာလို့လဲဆိုတော့ ကျနော်က သူတို့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူး။

မပေးနိုင်တော့ ကျနော်က ဖက်ထားတယ်။ မင်းတို့ ဒီကနေထွက်ချင်တာလား ဆိုတော့ မဟုတ်ပါဘူးတဲ့။ မဟုတ်ဘူးဆိုတော့ ငါတော့ မင်းတို့ကို ဖက်ထားမယ်။ မင်းတို့ဟာ ထွက်ထားတဲ့ လူတွေ ဘာတွေ ပြောပြော မင်းတို့ဟာ ထုတ်ထားတဲ့လူတွေ မဟုတ်ဘူး။ မင်းတို့ကို ပြန်လည်ညီညွတ်ရေးလုပ်ရအောင် ငါ့မှာလည်း နိုင်ငံရေးသြဇာ မရှိဘူး။ အင်အားလည်း မရှိဘူး။ သို့သော် ငါထင်တယ်။ ငါမင်းတို့ကို ပိုက်ထွေးထားတဲ့ အားပဲ ရှိတယ်။ အဲလိုလုပ်ရတဲ့ အကြောင်းက ဘာလဲဆိုတော့ ဒေါ်စုလာရင် ဖြေရှင်းကြမယ်ပေါ့။ ဘာလို့ဆိုတော့ ဒေါ်စုက နိုင်ငံရေး သြဇာရှိတယ်။ အင်အားရှိတယ်။ အဲဒီ အခါကျရင် သူ့သြဇာ။ သူ့နိုင်ငံရေး အင်အားနဲ့ သူတို့ အခု ဖြစ်နေတာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော် ထင်တယ်။ ကျနော်က ပိုက်ထွေးထားနိုင်တယ်လို့ ကျနော် ယုံတယ်လေ။

မေး။ ။ ဒါဆိုရင် ဘဘက ဒေါ်အောင်ဆန်းစုကြည်က ပြန်လွတ်၊ မလွတ် ဆိုတဲ့အပေါ် ဘယ်လို မျှော်လင့်ချက်ထားလို့ပါလဲရှင့်။

ဖြေ။ ။ ဒါကတော့ ဟိုလူ လွတ်မယ်၊ ဒီလူ လွတ်မယ်လို့ နိုင်ငံရေးဗေဒင်ဟောတာက မကောင်းဘူးခင်ဗျ။ အရူးဖြစ်တတ်တယ်။ နိုင်ငံရေး ဗေဒင်ဟောရင် မှားတာပဲ များတယ်။ ဖြစ်နိုင်ချေက သူတို့အစိုးအရရဲ့ အခြေအနေနဲ့ကရော၊ ကမ္ဘာက ဖိအားပေးတာနဲ့ကရော လွတ်နိုင်တဲ့ အနေအထားပေါ့ဗျာ။ ဒါကတကြောင်း။ နောက်တခုကတော့ ဦးနေ၀င်းသမီး ဒေါ်စန္ဒာဝင်း ပြန်လွတ်လာတာတွေ၊ နောက် ဦးအုန်းကြိုင်လို ပုဂ္ဂိုလ်မျိုးကို ပြန်လွှတ်လိုက်တာမျိုး။ ထောင်ချဖို့ ဖမ်းတာပဲဗျာ။ ထောင်မကျဘဲ ပြန်လွတ်လာတယ်ဆိုတာ ရှားတယ်လေ။ အဲဒီ အပြင်ကို ဒေါ်စုနဲ့ပတ်သက်ပြီး သူတို့ပြောတဲ့စကားက ရှေ့နေက အယူခံတင်တော့ သူတို့က တွေ့ခွင့်ပေးတယ်ဆို ပေးတယ်၊ မပေးဘူးဆို မပေးဘူးပြောရင် ပြီးပြီ။ အခုက သူတို့က အစိုးရအဖွဲ့က ကိုင်တွယ်နေပါတယ်လို့ ပြောခြင်းအားဖြင့် ဒါက ရှင်းရှင်းလေးပဲ။ လွှတ်ဖို့ ကိုင်တွယ်တာလည်း ဖြစ်မယ်။ မလွှတ်ဖို့ စဉ်းစားတာလည်း ဖြစ်မယ်ပေါ့။ ဘာပဲပြောပြော အကောင်းဘက်ကပဲ စဉ်းစားကြည့်တာပေါ့။ မှားရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။

မေး။ ။ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ သူတွေကို ဘဘ အနေနဲ့ ဘာများ ပြောချင်ပါလဲရှင်။

ဖြေ။ ။ ကျနော်ကတော့ အားလုံး ညီညီညွှတ်ညွှတ် လုပ်စေချင်ပါတယ်။ အသံညီရမယ်ပေါ့ဗျာ။ လုပ်နေတဲ့သူတွေ အားလုံး တယောက်တပေါက် မဟုတ်ဘဲ တသံထဲ ထွက်မယ်၊ အလုပ်ညီမယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ အခုက အသံ မညီနိုင်သေးတော့ ပြဿနာတွေ ရှိတာပေါ့ဗျာ။ ဒါက ဒီစစ်အစိုးရကလည်း ဒီလိုဖြစ်အောင် လမ်းကြောင်းတွေ ချနေတာဗျ။ အကွဲအပြဲတွေကို လိုက်ဖန်တီး မျိုးစေ့လိုက်ချနေတာဗျ။ ဒီတော့ ကျနော် ပြောချင်တာက အားလုံးပေါ့ဗျာ၊ ပြည်တွင်းပြည်ပက အဖွဲ့တွေ အားလုံးကို ပြောချင်တာက ကျနော်တို့ အသံညီညီနဲ့ လုပ်ကြရအောင်လို့ပါ။

No comments:

Post a Comment