Sunday, December 28, 2008

စစ်အစိုးရသံအမတ်အား ဖယ်ရှားရေး စိန်ခေါ်ချက်လက်တွေ့ကျပါ့မလား

နိုင်ကျော်


“ပြည်တွင်းလှုပ်ရှားမှုတွေမပါဘဲ ကုလသမဂ္ဂ ဖြေရှင်းပေးမှုကြောင့် လွတ်မြောက်သွားသော နိုင်ငံဟူ၍ ကမ္ဘာပေါ်တွင်မရှိ” ဟူသည့် လူထုဦးစိန်ဝင်း၏ အသံဖိုင်ကို နားထောင်ခဲ့ဖူးသည်။ ထို့ကြောင့် လက်လှမ်းမီသမျှ ကမ္ဘာ့အခင်းအကျင်းများကို လေ့လာကြည့်သောအခါတွင်လည်း ထိုသို့ပင်တွေ့ရသည်။ သို့သော်လည်း ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်ဖြစ်ပေါ်ပြောင်းလဲရေးအတွက် ဆက်လက် ကြိုးစားလုပ်ဆောင်နေသည်ကို အသိအမှတ် ပြုရပေလိမ့်မည်။


မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ ပြည်သူအပေါ် နှိပ်စက်ကလူပြုမူနေမှုများသည် မြန်မာပြည်သူများသာမက ကမ္ဘာ့ပြည်သူများပါ သည်းမခံနိုင်စရာဖြစ်နေသည်ကို လူသားချင်းစာနာသူတိုင်း သတိထားမိကြမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာအသိုင်းအ၀န်းမှ စစ်အစိုးရအား ဖိအားပေးမှုများ၊ အရေးယူဆောင်ရွက်မှုများ ယနေ့ကာလတွင် ဆက်တိုက်ဆောင်ရွက်နေသည်ကို တွေ့မြင်ကြရပေသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းအရေးမှုးချုပ်၏ အထူးကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေးအထူးကိုယ်စား လှယ်များ မြန်မာနိုင်ငံသို့သွားရောက်ပြီး ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတိုးတက်ပြောင်းလဲလာစေရန် အကြိမ်ကြိမ်သွားရောက် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း နအဖ၏ တဖက်သတ်စီစဉ်မှုအောက်တွင်သာ သွားလာလှုပ်ရှားခွင့်ရကြသဖြင့် တိုးတက်မှုမတွေ့ရဘဲ အနုတ်လက္ခဏာများသာ ဖြစ်ပေါ်ခဲ့ရပါသည်။ နအဖအစိုးရသည် အာဏာရှင်တို့ထုံးစံအတိုင်း ၎င်းတို့အာဏာတည်မြဲရေးကိုသာ ရှေးရှုပြီး ပြည်သူလူထုအား ခြိမ်း ခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဖိနှိပ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း စသည်တို့ကိုသာ အစဉ်တစိုက် လုပ်ဆောင်မြဲ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

တဖက်တွင်လည်း ပြည်တွင်းပြည်ပရှိ မြန်မာ့ဒီမိုကရေစီဘက်တော်သားများကလည်း မိမိတို့တတ်စွမ်းသရွေ့ စစ်အာဏာာရှင် ဆန့်ကျင်ရေးလုပ်ငန်းများကို နည်းနာအမျိုးမျိုးဖြင့် လုပ်ဆောင်နေကြပေသည်။ ဤရက်ပိုင်းအတွင်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံ့ခေါင်းဆောင်ဟောင်း (၁၁၂) ဦးက စုစည်းလက်မှတ်ထိုး၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ မြန်မာနိုင်ငံအား ဖိအားပေးရန် တောင်းဆိုမှုတရပ် ထွက်ပေါ်လာသည်။ ထို့နည်းတူ အာဆီယံနိုင်ငံများ၏ လွှတ်တော်အမတ်များကောင်စီ (AIPMC) မှ ကမကထပြုပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ အလားတူစာများ ပေးပို့တောင်းဆိုခဲ့ကြသည်။ ဤဖြစ်ရပ်များသည် နအဖစစ်အစိုးရအပေါ် ဖိအားပေးရေးလုပ်ငန်းတွင် အင်မတန်ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများပင်ဖြစ်သည်။ ထိုကဲ့သို့သော နည်းနာပေါင်းများစွာ၊ လုပ်ငန်းစဉ်ပေါင်းများစွာထဲတွင် Credential Challenge သည်လည်း တခုအပါအ၀င်ဖြစ်နိုင်ပါသည်။ စစ်အစိုးရအား နိုင်ငံတကာမှ အသိအမှတ်မပြုနိုင်အောင် ကြိုးစားခြင်းသည် ကြိုဆိုရမည့်ကိစ္စဖြစ်ပါသည်။ သို့သော် ထိုနည်းနာသည် နည်းနာပေါင်းများစွာထဲမှ တခုဖြစ်သည်ဆိုသည်ကို သတိပြုရန် လိုအပ်ပေသည်။

ထို့အပြင် စစ်အာဏာရှင်အားတိုက်ဖျက်ကြရာတွင် “မိမိတို့လုပ်ဆောင်ချက်သည်သာ အမှန်ကန်ဆုံးဖြစ်သည်၊ ထိုလုပ်ဆောင်ချက်အပေါ် စစ်အစိုးရဆန့်ကျင်ရေး အင်အားစုများအားလုံး မည်သူမဆို ထောက်ခံလုပ်ဆောင်ကြ ရမည်၊ မတူကွဲပြားသော စဉ်းစားချက်၊ အကြံပြုချက်များကို တင်ပြအကြံပြုပြီး မိမိတို့၏ အစီအစဉ်အား ငြင်းဆိုပိုင်ခွင့်မရှိစေရ” ဆိုသည့်အယူအဆမျိုး မထားရှိသင့်ဟု ထင်မြင်ပါသည်။ ထိုသို့ စဉ်းစားဆောင်ရွက် ကြပါက လူတဦးချင်း တဖွဲ့ချင်းစီ၏ ပြဋ္ဌာန်းချက်နှင့် လွတ်လပ်ခွင့်များကို ထိခိုက်သွားပေလိမ့်မည်။ တဦးနှင့်တဦး တဖွဲ့နှင့်တဖွဲ့ ပုတ်ခတ်စွပ်စွဲသည့်အပြုအမူများအထိ မတော်တဆပင်ဖြစ်စေ ဖြစ်ပေါ်လာပါက ညီညွတ်ရေးကို ထိခိုက်လာစေနိုင်ပါသည်။

မိမိ၏ယူဆချက်မှာ ကမ္ဘာ့ခေါင်းဆောင်များကြား မြန်မာ့ပြဿနာကို တင်ပြနိုင်ဖို့အတွက်မှာ ကုလသမဂ္ဂတွင် တရားဝင်ကိုယ်စားလှယ် ရှိခြင်း မရှိခြင်းဆိုသည်ထက် မိမိတို့၏ ချဉ်းကပ်နိုင်မှုနည်းနာများသည် တခုလုံးအကျိုးစီးပွားအတွက် မည်မျှထိရောက်သည် မထိရောက်သည်ကသာ အဓိကကျသည့် ကိစ္စဖြစ်သည်ဟု ထင်မြင်မိသည်။

အမျိုးသားညွန့်ပေါင်းအစိုးရသည် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်ခန့်အပ်ထားသည်ဖြစ်ရာ Credential Challenge နှင့်ပတ်သက်၍ အမျိုးသား ညွန့်ပေါင်းအစိုးရနှင့် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအကြား သဘောထားများ ကွဲပြားနေကြသည် ဆိုသည့်အဖြစ်မှာ အင်အားစုများအကြား သို့မဟုတ် ပြည်တွင်းမှ တက်ကြွလှုပ်ရှားနေသူများအကြား နားရှုပ်စေနိုင်သော အကြောင်းအရာများဖြစ်လာစေပါသည်။

Credential Challenge အဆင့်ဆင့်နှင့်ပတ်သက်၍ ….

ပထမအဆင့်အနေဖြင့် MPU ဒု-ဥက္ကဋ္ဌမှ လက်မှတ်ရေးထိုးပြီး စက်တင်ဘာလ (၉) ရက်နေ့တွင် Credential Challenge လျှောက်လွှာကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ လုပ်ထုံးလုပ်နည်း ဥပဒေနှင့် ကိုက်ညီမှုမရှိသေး၍ Credential Challenge ကော်မတီသို့ တင်သွင်းရန် မပြည့်စုံသေးကြောင်း ပြန်ကြားခဲ့ပါသည်။

ပထမဦးဆုံးအဆင့်ဖြစ်သော ဤတင်သွင်းမှုနှင့်ပတ်သက်၍ ဆောင်ရွက်သူများသည် ကုလသမဂ္ဂ အထွေထွေညီလာခံ လုပ်ထုံးလုပ်နည်းဥပဒေများကို မသိကျိုးကျွန်ပြုပြီး တင်သွင်းခဲ့လေသလားဆိုသည်ကို မေးခွန်းထုတ်ဖွယ်ဖြစ်သည်။ သိလျက်နှင့် တင်သွင်းသည်ဆိုလျှင်တော့ အခြားသော ရည်ရွယ်ချက်များ ရှိနေသေးသလားဟု ထပ်မံမေးခွန်းထုတ်စရာဖြစ်လာပါသည်။

ဒုတိယအဆင့်အနေဖြင့် ၂၀၀၈ ဒီဇင်ဘာလအတွင်းတင်သွင်းရန် ထပ်မံကြိုးပမ်းမှုများသည် အမျိုးသားညွန့်ပေါင်းအစိုးရ၀န်ကြီးချုပ်မှ လက်မှတ်ထိုးမပေး၍ ပျက်ကွက်ခဲ့ရသည်ဟု ကြားသိကြရသည်။ ၀န်ကြီးချုပ်မှ လက်မှတ်ထိုးမပေးခြင်းဆိုသည်မှာလည်း လုံလောက်သော အကြောင်းရှိပေလိမ့်မည်။ ၀န်ကြီးချုပ်၏စဉ်းစားချက်များကို အလေးအနက်ထား၍ ထည့်သွင်း စဉ်းစားကြရမည်လည်းဖြစ်သည်။ အကြောင်းမဲ့ လက်မှတ်မထိုးဘဲ ငြင်းဆိုနေသည်တော့ မဟုတ်တန်ရာဟု အောက်မေ့မိပါသည်။

တတိယအဆင့်အနေဖြင့် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ညီလာခံကို ၂၀၀၉ ဇန်န၀ါရီလထဲတွင် ကျင်းပကြမည်။ ထိုညီလာခံတွင် Credential Challenge ကိစ္စ၌ လက်မှတ်ထိုးမည်ဟု ကတိပြုနိုင်သောသူကိုသာလျှင် ၀န်ကြီးချုပ်ရာထူးခန့်အပ်မည် ဆိုသည့်ပြောဆိုမှုများ စိတ်မကောင်းစွာ ကြားနေကြရသည်။ ထိုညီလာခံမှဖွဲ့စည်းလိုက်သည့် အစိုးရ၏ ၀န်ကြီးချုပ် (သို့မဟုတ်) နိုင်ငံခြားရေးဝန်ကြီးမှ လက်မှတ်ရေးထိုး၍ ထပ်မံတင်သွင်းကြမည်ဟု ကြားသိနေရပါသည်။

ထိုသို့ဆောင်ရွက်ရန် သင့် မသင့်၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လှုပ်ရှားမှုကြီးတခုလုံးအတွက် အပေါင်းလက္ခဏာ ဆောင် မဆောင်၊ ဆောင်ရွက်ကြမည့်သူများက သတိချပ်ကြဖို့ လိုမည်ဟု ထင်ပါသည်။ မဆောင်ရွက်သင့်သည် များကို ဆောင်ရွက်မိလျှင် တရှုံးအပေါ် တရှုံးဆင့်သလို ဖြစ်သွားတတ်ပါသည်။

စတုတ္ထအဆင့်အနေဖြင့် မိမိတို့တင်လိုက်သော တင်ပြချက်ကို Credential Challenge ကော်မတီက လက်ခံစဉ်းစားပြီဆိုသည့်တိုင် Credential Challenge Committee တွင် နိုင်ငံပေါင်း (၉) နိုင်ငံ ပါဝင်ဖွဲ့စည်းထားသည်ဖြစ်ရာ မိမိတို့ဘက်မှ အမေရိကန်နိုင်ငံက ထောက်ခံရန်မှာ မသေချာလှပေ။ အစ္စရေးအရေးက သူတို့အတွက် Credential Challenge ကို ထောက်ခံရန် တံတိုင်းသဖွယ် တားဆီးနေသော ဖြစ်စဉ်တခုကို သတိမူသင့်သည်။ တရုတ်နှင့် ရုရှကတော့ သေချာပေါက် ငြင်းပယ်မည်သာဖြစ်သည်။ မဲစနစ်ဖြင့်ဆုံးဖြတ်ရာတွင် (၅) နိုင်ငံရဖို့ ဆိုသည်မှာ အလွန်ခက်ခဲသော ကိစ္စရပ်ပင်ဖြစ်သည်။

ပဉ္စမအဆင့်အနေဖြင့် (၅) နိုင်ငံမှ ထောက်ခံ၍ အထွေထွေ ညီလာခံသို့ရောက်ရှိသွားခဲ့သော် မည်သို့ဖြစ်လာမည်နည်း။ ၂၀၀၈ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်ရန်အတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၈၉) မဲ၊ ကန့်ကွက်မဲ (၂၉) နှင့် ကြားနေ (၆၃) မဲရရှိခဲ့သည်။ ထောက်ခံမဲမှာ (၅၀) ရာခိုင်နှုန်းမပြည့်ခဲ့ပေ။ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း ညံ့ဖျင်းလှသည်ဟု နာမည်ကြီးနေသော စစ်အစိုးရ၏လုပ်ရပ်များကို ဝေဖန် အကြံပြုလွှာအပေါ်မှာပင် အဖွဲ့ဝင် (၁၈၂) နိုင်ငံအနက် (၈၉) နိုင်ငံကသာ ထောက်ခံခဲ့သည်မှာ အားရစရာမရှိလှကြောင်းကို ညွှန်ပြနေပေသည်။ စစ်အစိုးရအား ကုလသမဂ္ဂထိုင်ခုံမှဖယ်ရှားခြင်း ဆိုသည့်ခေါင်းစဉ်အတွက်ဆိုလျှင် ကြားနေမဲပေးခဲ့သည့် (၆၃) နိုင်ငံသည် ဆက်လက်၍ ကြားနေမဲပေးကြပါဦးမည်လော။ စဉ်းစားသင့်ပါသည်။ ထိုနိုင်ငံများသည်လည်း သူတို့၏ သီးခြားပြဿနာများ ကိုယ်စီ အသီးသီးရှိနေကြပါသည်။ မထောက်ခံချင်၍ ကြားနေသည်ဆိုသည်ကို သတိမူသင့်သည်။ ပို၍အရေးကြီးသော Credential Challenge လို ကိစ္စများအဖို့ဆိုလျှင် ကြားမနေတော့ဘဲ ကန့်ကွက်သည်ဆိုသောအဆင့်သို့ ပြောင်းသွား မပြောင်းသွားကို မည်သူမျှ အတတ်ပြောနိုင်လိမ့်မည်မဟုတ်ဟု ထင်ပါသည်။

ကျွမ်းကျင်သော ဥပဒေပညာရှင်များနှင့် နိုင်ငံရေးအကဲခတ်သမားများ၏ အကြံပြုချက်မှာ ညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ်လက်မှတ်ထိုးခြင်း မထိုးခြင်း၊ နိုင်ငံတခုမှ လက်ခံလက်မှတ်ထိုးခြင်း မထိုးခြင်းသည် အရေးကြီးသော ဖြစ်စဉ်တခုမဟုတ်ဘဲ အတိုက်အခံအင်အားစုများနှင့် နိုင်ငံတကာအင်အားစုများက နိုင်ငံရေးအရ ထောက်ခံမှု များလေလေ Credential Challenge အပေါ် နိုင်ငံရေးသြဇာသက်ရောက်မှု ကြီးလေလေဖြစ်သည်ဟု ဆိုကြသည်။

အထက်ပါအကြောင်းအချက်များကို ဆန်းစစ်ကြည့်ခြင်းဖြင့် Credential Challenge သည် လက်တွေ့ကျသော နိုင်ငံရေးထိုးနှက်ချက်တခု ဖြစ်နိုင် မဖြစ်နိုင်၊ မိမိတို့အတွက် အောင်ပွဲ ရနိုင် မရနိုင် ဆိုသည့်မေးခွန်းများမှာ အမှန်တကယ်ဖြေကြားကြရမည့်မေးခွန်းများ ဖြစ်လာပါတော့သည်။

တဖက်တွင် ကုလသမဂ္ဂက ယနေ့အချိန်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တွေ့ဆုံနွေး နွေးအဖြေရှာခြင်းကိုသာ ဆက်လက်ကြိုးပမ်းနေဆဲဆိုသည်ကိုလည်း အထူးသတိချပ်သင့်ပေ သည်။ စစ်အစိုးရကို နေရာမှလုံးဝဖယ်ရှားပစ်ရေးထက် စကားပြောဖက်အဖြစ် တက်လှမ်းလာ ရေးကို ပို၍အားစိုက်နေကြောင်း သတိချပ်သင့်ပါသည်။

ယနေ့အချိန်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အပြောင်းအလဲတရပ်သို့ ဦး တည်နေသည့် အချိန်ကာလဖြစ်သည်ဆိုသည်ကို အားလုံးလက်ခံနိုင်ကြမည်ထင်ပါသည်။
ထိုသို့သောအခြေအနေအောက်တွင် ပြည်တွင်းပြည်ပညီညွတ်မှုကို အစွမ်းကုန် တည် ဆောက်ကြရမည်လည်းဖြစ်သလို နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဆင်ကြရာတွင်လည်း အပြန် အလှန်အသိအမှတ်ပြု အပြန်အလှန်တန်ဖိုးထားပြီး လက်တွဲဆောင်ရွက်၍ ရသမျှလုပ်ငန်းတိုင်း တွင် လက်တွဲဆောင်ရွက်ကြရမည်လည်းဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် ပြည်သူတို့၏မဲများကို အတင်းလုယူ၍ အတည်ပြုခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံမူကြမ်းကို အသက်သွင်းနိုင်ရေးအတွက် ၂၀၁၀ ရွေးကောက် ပွဲဆိုသည်ကို ဇွတ်ကျင်းပရန် နအဖအစိုးရက စီမံဆောင်ရွက်နေပြီဖြစ်သည်။ ၎င်းဆောင်ရွက် ချက်များသည် ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီများနှင့် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြီးအပိုင်ဖျက်သိမ်းပစ်ရန် စစ်အစိုးရ၏ ကြံရွယ်အားထုတ်ချက်များဖြစ်သည်။

အကျိုးဆက်အဖြစ် မြောက်များလှစွာသောစိန်ခေါ်ချက်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ပြည်တွင်း အတိုက်အခံအင်အားစုအားလုံး ရင်ဆိုင်နေကြရပြီဖြစ်သည်။ ဤကဲ့သို့သောအခြေအနေမျိုးတွင် မည်သည့်လုပ်ရပ်တစ်ခုကို ဆောင်ရွက်သည်ဖြစ်စေ မိမိတို့ အင်အားစုတစ်ခုလုံးအတွက် သို့မဟုတ် ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးတစ်ခုလုံးအတွက် အကျိုး ရှိ မရှိ၊ အပေါင်းလက္ခဏာ ဆောင် မဆောင်ဆိုသည့် ပေတံဖြင့်သာ ချင့်ချိန်တိုင်းတာ ဆောင်ရွက်သင့်သည်ဟု စဉ်းစားမိပါသည်။ တစ်ဦးစီတိုင်း၏ ဆောင်ရွက်မှုတိုင်းသည် တစ်ခု လုံးဆိုင်ရာဆောင်ရွက်ချက်ကို အထောက်အကူပြုနေရမည်ဖြစ်သည်။ တစ်ဖွဲ့ချင်းစီ၏ ဆောင် ရွက်ချက်တိုင်းသည် တစ်ခုလုံးဆိုင်ရာဆောင်ရွက်ချက်ကို အထောက်အကူပြုနေရမည်ဖြစ် သည်။ ဤစဉ်းစားနည်းများသည် နိုင်ငံတစ်ခုကို အကောင်းဆုံးဖြစ်အောင်တည်ဆောက်နေသူ များအဖို့ ကိုင်စွဲကြရမည့် အခြေခံအကျဆုံးသော လုပ်ထုံးလုပ်နည်းများဖြစ်သည်ကို အင်အား စုအားလုံး မည်သူမဆိုလက်ခံနိုင်လိမ့်မည်ဟု ရိုးသားစွာယုံကြည်မိပါသည်။


No comments:

Post a Comment