Saturday, December 13, 2008

မြန်မာနည်းမြန်မာ့ဟန် မိုဘိုင်းဖုန်း

သန်းစိုးလှိုင် ဒီဇင်ဘာ ၁၃၊ ၂၀၀၈

မြန်မာနိုင်ငံတွင် တခါသုံး ဂျီအက်စ်အမ် ဆင်းကဒ် (GSM Sim Card) များကို ဒေါ်လာ ၁၀၊ ၂၀ နှင့်ညီမျှသည့် အက်ဖ်အီးစီဖြင့် ရောင်းချပြီဟု ဆိုသည်။ ပြင်ဦးလွင်မြို့အနီးရှိ ရတနာပုံစီးတီးတွင် ပြုလုပ်သည့် အိုင်စီတီသီတင်းပတ်တွင် စတင်ရောင်းချပြီး ရန်ကုန်မြို့တွင်လည်း ရနိုင်သည်ဟု ဆိုသည်။ အက်ဖ်အီးစီ ၁၀ပေးရသည့်ကဒ်မှာ တပတ်အတွင်း သက်တမ်းကုန်မည်ဖြစ်ပြီး ၂၀ပေးရသည့်ကဒ်မှာ ၂ပတ်အတွင်း ကုန်မည်ဟု ဆိုသည်။

စောစောပိုင်းက သတင်းထွက်ပေါ်ခဲ့သော သတင်းကဲ့သို့ ဒေါ်လာ ၅၀တန် ဆင်းကဒ်များ ရောင်းချပြီး ပြောဆိုခကို ဒေါ်လာ ၁၀၊ ၂၀ ဖြင့် ၀ယ်ယူဖြည့်သွင်းကာ ကြာရှည်စွာ သုံးစွဲနိုင်မည့် သဘောမျိုးမဟုတ်၊ ဆင်းကဒ်အတွက် ပြောဆိုခ ထပ်ဖြည့်သွင်း၍လည်း ရမည်မဟုတ်၊ အဆိုပါအိုင်ကဒ် သက်တမ်း ကုန်သည်အထိသာ သုံးစွဲနိုင်မည့်သဘောဖြစ်သည်။

ဂျီအက်စ်အမ် ဆင်းကဒ်ကို ဒေါ်လာ ၁၀၊ ၂၀၊ ၅၀နှင့်ညီမျှသည့် ငွေဖြင့်ရောင်းမည်ဆိုသည့် သတင်းထွက် ပေါ်လျင်ပေါ်ခြင်း ယခင်ငှားရမ်း ပေးထားသည့် မိုဘိုင်းဖုန်းများ ဈေးလျော့ကျသွား သော်လည်း ယခုနောက်ပိုင်း သိရှိရသည့် အချက်အလက်များအရဆိုလျှင် အထွက်ခေါ်ဆိုခ ယခင် တမိနစ် ၂၅ကျပ် ပေးရသည့် မိုဘိုင်းဖုန်းများကို လူကြိုက်များနေဦးမည့် အရိပ်အရောင်များ မြင်နေရသည်။

အဘယ်ကြောင့်ဆိုသော် အ၀င်(ခေါ်ဆိုမှု လက်ခံခြင်း) အတွက် တမိနစ်လျှင် ငွေလဲနှုန်းအရ ကျပ်၆၀ ကျသင့်ပြီး အထွက်ခေါ်ဆိုမှုအတွက် တမိနစ်လျှင် ကျပ် ၃၆၀ ၀န်းကျင်ကျသင့်မည်ဖြစ်၍ ယာယီ တပတ် ၂ပတ် သုံးစွဲလိုသူမှအပ စီးပွားရေးလုပ်ကိုင်သူ၊ မိသားစုဆက်သွယ်ရေးအတွက် လိုအပ်သူများအတွက် ဈေးကြီးနေသည်ဟု ဆိုနိုင်သည်။



ပိုင်ဆိုင်မှု သဘောဆောင်သည့် မိုဘိုင်းဖုန်းနှင့်ကား

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဝယ်ယူခြင်း၊ မော်တော်ကားဝယ်ယူခြင်းမှာ အခြားအခြားသောနိုင်ငံများနှင့် ကွဲပြားသည်။ ပိုင်ဆိုင်မှု သဘောဆောင်ကာ လစဉ်အသုံးစရိတ် သက်သာနိုင်သမျှ သက်သာရန်၊ တခါတရံမှာ အကျိုးအမြတ်ပင်ရရှိရန် မျှော်ကိုးထားကြသည်။ မိုဘိုင်းဖုန်းလုံးကို မယုံကြည်နိုင်လောက်သည့် ဈေးနှုန်းဖြစ်သည့် သိန်း ၂၀၊ ၂၅ ဖြင့် ၀ယ်ယူကြသည်။ အရေးတကြီး အသုံးမလိုပါက တလ ၄သောင်းခွဲဖြင့် ငှားရမ်းကာ အိမ်စရိတ် ဖြည့်တင်းနိုင်ကြသည်။ နှစ် ၂၀ကျော်မိုဒယ် မော်တော်ကားတစီးကို သိန်း ၂၀၀၊ ၃၀၀ကျော် ပေးဝယ်ထားကြသည်။ ကားပိုင်ရှင်တို့က တနေ့ ၂ဂါလံ ဓာတ်ဆီ၊ ဒီဇယ်ဆီ ခွဲတမ်းကြောင့် နေ့စဉ် ကျပ်၂၀၀၀ ၀န်းကျင်ရသည့် အမြတ်ကို အားထားနေရ၍ဖြစ်သည်။

သိန်း၅၀၀၊ ၁၀၀၀တန်ကား စီးနေသည့် ကားပိုင်ရှင်များပင်လျှင် သုံးရက်တခါ ၆ဂါလံထုတ်ရသည့် ဆီခွဲတမ်းကို ရန်ကုန်မြို့တောင်ဘက်စွန်းမှ မြောက်ဘက်စွန်းသို့ တကူးတက အချိန်ပေးကာ သွားရောက် ထုတ်ယူကြရသည်။ ဦးပုည၏ ရေသည်ပြဇာတ်ထဲမှ ရေသည်ယောက်ကျားနှင့် တူနေသည်။ ဘုရင်က မည်မျှပင် ဆုတော်ငွေချစေကာမူ ရေသည်က သူ၏ချွေးနည်းစာ အကြွေတမတ်ကို မြို့ရိုးတဘက်မှ တဘက်သို့ နေပူကြီးထဲတွင် ခြေလျင်သွားရောက် ယူလိုသည့် အဖြစ်နှင့် သတိရ နှိုင်းယှဉ်ဖွယ်ဖြစ်သည်။ ယခုလည်း ကားပိုင်ရှင်တွေက ရင်းနှီးထားသည့် သိန်း ငါးရာ တထောင်မှာ ပျောက်ပျက်သွား၊ လျော့သွား၍ မဖြစ်၊ ဤငွေမမာဏရဖို့ အနှစ်နှစ်အလလ၊ သို့မဟုတ် အခွင့်အခါကောင်းတခုကို ကြုံခဲ့၊ မိဘလက်ထက်က စုဆောင်းခဲ့ခြင်းကြောင့်ဖြစ်သည်။

တယ်လီဖုန်းသည်လည်း ရန်ကုန်မြို့တွင် ပိုင်ဆိုင်မှုပြ ပစ္စည်းတခုဖြစ်သည်။ ရွှေ့ပြောင်းနိုင်သည့် ပိုင်ဆိုင်မှုပစ္စည်းဟု ဆိုနိုင်သည်။ ထို့ကြောင့် လင်မယားကွာရှင်းသည့် သတင်းစာကြော်ငြာများတွင် အိမ်၊ ကား၊ လက်ဝတ်လက်စားနှင့် မိုဘိုင်းဖုန်းနံပါတ် - - - တို့ကို သဘောတူညီချက်မရဘဲ ရောင်းချခြင်းမပြုရန် ကြေညာကြသည်။ မိုဘိုင်းဖုန်းကို ပိုင်ဆိုင်မှု တခုအဖြစ် သတ်မှတ်ထားခြင်းမှာ မြန်မာနိုင်ငံအကြောင်းကို မသိရှိသေးသည့် အခြားနိုင်ငံသားများ နားလည်ရန် အလွန်ခက်ခဲ လိမ့်မည်ဖြစ်သည်။ သို့သော်လည်း ဤသည်မှာ စစ်အစိုးရ၏ လက်ဝါးကြီးအုပ်ပြီး ပါမစ်ရောင်းစားသည့် ဈေးကွက်စီးပွားရေးစနစ်၏ ထွက်ကုန်တရပ်ဖြစ်နေသည်။

မြန်မာနိုင်ငံသားများမှာ ယခုလိုအခြေအနေအောက်တွင် ရှင်သန်လှုပ်ရှားကြရသည်။ ယခုလိုအခြေအနေနှင့် လိုက်ညှိပြီး နေထိုင် ရပ်တည်နေကြရသည်။ တခါတရံတွင် ဓါတ်ဆီ ၂ဂါလံအတွက် အချိန် ၁နာရီခန့်ပေးကာ တန်းစီသည့် ကားပိုင်ရှင်များ၏ အဖြစ်၊ နောက်ကျသည့် ဖုန်းနံပါတ်များက ယခင်နံပါတ်များထက် ကျပ် ၁သိန်းမှ ၂သိန်းဝန်းကျင် ဈေးပိုသည့် အဖြစ်၊ ကားပွဲစားတန်းတွင် အနှစ် ၂၀ကျော်ဝန်းကျင်မိုဒယ် တပတ်ရစ် ကားများ၏ နံပါတ်၊ အက္ခရာအနိမ့်အမြင့် ပေါ်မူတည်ကာ ဈေးပြောင်းလဲနေခြင်းအဖြစ်တို့ကို အဓိပ္ပာယ်မရှိဟု ပြောရမှထက် ထိုအခြေအနေရောက်အောင် တွန်းပို့ထားသည့် နအဖ စစ်အစိုးရကိုသာ ပိုပြီး စိတ်နာနေကြလေသည်။



မိုဘိုင်း တယ်လီဖုန်းနှင့် စစ်အစိုးရ၏ လုံခြုံရေးအမြင်

ကမ္ဘာ့နိုင်ငံအများအပြားတွင် ဆင်းကဒ်တကဒ်ကို ၄၊ ၅ဒေါ်လာမှ ဒေါ်လာ ၂၀၀န်းကျင်ဖြင့် ရောင်းချနေချိန်မှာ စစ်အစိုးရကဘာကြောင့် ယခုလို ချုပ်ကိုင်ထားသလဲ ဟူသည်မှာ စဉ်းစားစရာဖြစ်သည်။ လွယ်လွယ်ပြောနိုင်သည့် အချက်တချက်မှာ စစ်အစိုးရ၏ သတင်းလုံခြုံရေး အမြင်ကြောင့် ကန့်သတ်ထားခြင်းဟုပင်ဖြစ်သည်။ ပြည်တွင်းသတင်းများကို အမှောင်ချလိုသည့် အတွက် မိုဘိုင်းဖုန်းကို အများသူငါ လွယ်လွယ်နှင့် လက်လှမ်းမမှီသည့် ပမာဏတွင် ထားလိုခြင်းဖြစ်သည်။ တပြိုင်နက်တည်း တချက်ခုတ်နှစ်ချက်ပြတ်အနေဖြင့် နိုင်ငံရေး သတင်မီဒီယာနှင့် မည်သို့မျှ မသက်ဆိုင်သည့် ကုန်သည် စီးပွားရေး လုပ်ငန်းရှင်များဆီမှလည်း ဖုန်းတလုံးအတွက် ဒေါ်လာ ထောင့်လေးငါးရာပေးဝယ်ရသည့် အတွက် အဆိုပါ လူလတ်တန်းစားများထံမှ ငွေဖြင့် စစ်အစိုးရ ယန္တရား၊ စစ်တပ်ကို ထောက်ပံ့ရန် လုပ်ဆောင်ထားခြင်းဖြစ်သည်။

မိုဘိုင်းဖုန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာလျှင် အနယ်နယ်အရပ်ရပ်မှ သတင်းများ ပြည်တွင်း၊ ပြည်ပသို့ အလွယ်တကူ ပေါက်ကြားမည်စိုးရိမ်သောကြောင့် အရေအတွက်နှင့် တန်ဘိုးကို တတ်နိုင်သမျှ ကန့်သတ်ထားခဲ့ခြင်းပင်ဖြစ်သည်။ စစ်အစိုးရထံမှ အကြိမ်ကြိမ်ပါမစ်ရသည့် စစ်တပ်အရာရှိကြီးများ၏ မိသားစုများတွင် မိသားစုဝင်တိုင်း မိုဘိုင်းတလုံးစီ ကိုင်နိုင်သည်။ ထို့အပြင် ပိုနေသည့် မိုဘိုင်းဖုန်းများကို တလ ၄သောင်းခွဲဖြင့် ရန်ကုန်မြို့တွင် ၆လ၊ ၁နှစ် အငှားချထားကြသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး ကာလမတိုင်မီ သြဂုတ်လကုန်တွင် နိုင်ငံရေးလှုပ်ရှားသူများနှင့် အဆိုပါ လှုပ်ရှားသူများ၏ ဖုန်းနှင့်ဆက်သွယ်မှုရှိသော သတင်းမီဒီယာ သမားအချို့၏ ဖုန်းများကိုပါ ဆက်သွယ်ရေးဝန်ကြီးဌာနက လိုင်းပိတ်ခဲ့သည်။ ပိတ်သည့်အရေအတွက် ၁၀၀ကျော် ရှိခဲ့ရာတွင် နေပြည်တော်တွင်နေထိုင်သည့် စစ်ဗိုလ်ကတော်များ ရန်ကုန်တွင် အငှားချထားသည့် ဖုန်းလိုင်းများလည်း ပါဝင်ခဲ့သည်။



စစ်အစိုးရကိုယ်တိုင် လွန်ဆွဲနေသည့် အကျိုးစီးပွား

ရန်ကုန်မြို့တွင် အန်ဂျီအိုအလုပ် လာရောက် လုပ်ကိုင်သည့် နိုင်ငံခြားသားအချို့၏ ပထမဆုံး ရင်းနှီးမှတ်မိသည့် မြန်မာ စကားလုံးသည် “ကြားလား၊ ကြားလား” ဟု ဆိုသည်။ ထိုသို့ ဆိုရလောက်အောင် တဘက်နှင့် တဘက် မိုဘိုင်းဖုန်း ပြောရာတွင် လိုရင်းကို မပြောမီ သူအသံကိုယ်ကြားလား၊ ကိုယ်အသံသူကြားလား ရှေးဦးစွာ အတည်ပြုကြရသည်။

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်တို့မှ ဂျီအက်စ်အမ်ဖုန်း သုံးစွဲသူများသည် ဖုန်းဝင်လာလျှင်၊ ဖုန်းခေါ်လိုလျှင် မြေညီထပ်ဆိုပါက အိမ်အပြင်သို့ ထွက်ပြောရသည်။ အပေါ်ထပ်ဆိုပါက ၀ရန်တာသို့ထွက်ကာ ပြောကြရသည်။ ထိုမျှမက ဟိုဟိုဒီဒီ လှည့်ကာ ကြားလား၊ ကြားလား၊ ကြားလားဟု အကြိမ်ကြိမ် အော်ဟစ်ပြီး ကြားသည်ဆိုသည့်နေရာတွင် ရပ်ပြီး ပြောကြရသည်။ ထို့ကြောင့် ရန်ကုန်မှ မိုဘိုင်းဖုန်းသုံးသူများက “ဖုန်းလာရင် အိမ်ကိုပတ်ပြေးနေရတယ်။ ဘယ်နေရာက လိုင်းမိသလဲဆိုတာ နားထောင်ရင်း ၀ရန်တာထွက်လိုက်၊ နောက်ဖေးပြေး၊ အိမ်ရှေ့ပြေးနဲ့” ဟု ဆိုကြသည်။

မိုဘိုင်းဖုန်းသည် စစ်အစိုးရကိုယ်တိုင် လွန်ဆွဲနေသည့် အကျိုးစီးပွားဖြစ်သည်။ ဆယ်ဒေါ်လာဝန်းကျင်သာရှိမည့် ဆင်းကဒ်တကဒ်ကို ဒေါ်လာ ထောင့်လေးငါးရာနှင့် ရောင်းသည့်အတွက် စစ်အစိုးရအတွက် ငွေရအလွယ်ဆုံး စီးပွားရေးလုပ်ငန်းတခု ဖြစ်သည်။ ဆင်းကဒ်များရောင်းစားပြီး ဆက်သွယ်ရေးကွန်ရက်ကိုလည်း အရည်အသွေး တိုးတက်လာရန် ဟုတ္တိပတ္တိ မလုပ်ဆောင်ပေ။ သုံးစွဲသူများလာသည့်အတွက် ကွန်ယက်၏ စွမ်းဆောင်နိုင်အားမှာ လွန်ခဲ့သည့် ၂နှစ် ၀န်းကျင်ကနှင့်စာလျှင် ကျဆင်းသွားသည်ဟုပင် ဆိုနိုင်သည်။

ဤသည်မှာ စစ်အစိုးရက ဖုန်းရောင်းရာမှ ရသည့်ငွေများကို အိတ်ထဲသာထည့်ပြီး သုံးစွဲသူများအတွက် မယ်မယ်ရရ မလုပ်ဆောင်ပေးသည်ကို ပြောဆိုလိုခြင်းဖြစ်သည်။ နှစ်စဉ်ဘတ်ဂျက်ပိတ်ခါနီး ဖေဖေါ်ဝါရီကုန်၊ မတ်လအစတွင် လိုသည့်ငွေကိုဖြည့်ရန် ဂျီအက်စ်အမ် ပါမစ်ပေါင်း ငါးထောင် မှ တသောင်း ကြား အမြန်ချပေးလေ့ရှိသည်။ ပြီးခဲ့သည့်နှစ်က ကျောင်းဆရာများကို ပေးမည်ဟုဆိုကာ ရောင်းချခဲ့သည်။ တလုံးလျှင် ကျပ် ၁၅သိန်းခွဲနှင့် အလုံးရေ ငါးထောင် ရောင်းပြီး တလအတွင်း သိန်း ၇ သောင်းခွဲ လွယ်လွယ်နှင့် ရအောင် လုပ်ခြင်းဖြစ်သည်။

ယခုလည်း နိုင်ငံခြားငွေ လိုအပ်၊ စစ်အစိုးရနှင့် ဝေမျှစားသည့် လုပ်ငန်းရှင်ကြီးများအတွက်လည်း အကျိုးရှိရေးအတွက် တခါသုံး ဂျီအက်စ်အမ်ကဒ်များကို ချရောင်းခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် လမ်းဘေး ဟင်းရွက်ရောင်းသည့်ဈေးသည်၊ ကုန်တိုက်တံခါးစောင့်တို့အထိ မိုဘိုင်းဖုန်းပြောနိုင်သုံးနိုင်သည့် အခြေအနေမျိုးရောက်ဖို့ ဝေးကွာလွန်းနေသည်။ တလကျပ်နှစ်သောင်းခွဲမျှ လစာရသည့် စတိုးဆိုင်အရောင်းစာရေး၊ ကုမ္ပဏီဝန်ထမ်းတဦးက သူ၏ လခနှင့် ညီမျှသည့် ၂ပတ်ခံ ဂျီအက်စ်အမ်ဆင်းကဒ်တကဒ်ကို ၀ယ်ယူဖို့ရာ စိတ်မကူးနိုင်သေးသည့် အခြေအနေဖြစ်သည်။

ထို့ကြောင့် ယခုကဲ့သို့ ရတနာပုံ မြန်မာ့ အိုင်စီတီ သီတင်းပတ်နည်းပညာပြပွဲ (အမှန်ကတော့ ဈေးရောင်းပွဲ)တွင် စတင်ရောင်းချသည့် တခါသုံးဆင်းကဒ်များကို ၀မ်းသာစွာဖြင့် ကြိုဆိုရမလား၊ အများစုတွက် မဟုတ်သေး၍ ၀မ်းနည်းရမလား ဝေခွဲမရဖြစ်နေကြသည်။ ပြည်သူများကမူ ယခုလို အခြေအနေနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။ အစိုးရဘာပြောပြော၊ ရောင်းချသည့် ကုမ္ပဏီ ဘာပြောပြော မယုံရဲသေးဘဲ စောင့်ကြည့်ပြီးမှ ၀ယ်ယူသူများမည်ဟု ထင်ပါသည်။ ။

No comments:

Post a Comment