Tuesday, December 30, 2008

အားတင်းထားပါ

ကေတီဦး

မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးတိုက်ပွဲဟာ ဘာလိုလိုနဲ့ နှစ်ပေါင်း ၂၀ တောင် ကြာညောင်းခဲ့ပါပြီ။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးကစလို့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ် တည်ဆောက်ရေးလမ်းကြောင်းကို တစိုက်မတ်မတ် လျှောက်လှမ်း ကြိုးစားခဲ့ကြတာပါ။

၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ သံဃာတော်များ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးမှာလဲ ပြည်သူလူထုအားလုံး တခဲနက် ပါဝင်တောင်းဆိုခဲ့ကြတာ အထင်အရှားရှိပါတယ်။

ပြည်သူလူထုက ဆိုးရွားလှတဲ့၊ ညံ့ဖျင်းလှတဲ့ လူနေမှု၊ အုပ်ချုပ်ရေးစနစ်ဟောင်းကို ပိုမိုကောင်းမွန်တဲ့ လူနေမှု အုပ်ချုပ်ရေးစနစ်သစ် တခုနဲ့ အစားထိုးဖို့ ဘယ်လိုပင် တောင်းဆိုသော်လည်း Army autocracy ပုံစံကိုသာ အလိုရှိတဲ့ နအဖစစ်ဗိုလ်ချုပ်တွေဟာ တချက်ကလေးမှ အလျှော့မပေးခဲ့တာလည်း အများအသိပါပဲ။ ဒါကလဲ အဆန်းတကျယ်တောဖြင့် မဟုတ်ရပါဘူး။ ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ ရက်စက်ကြမ်းတမ်းတဲ့ အုပ်စိုးသူ လူတန်းစားတို့ရဲ့ လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်ပါတယ်။ မိမိတို့ရဲ့အာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အများပြည်သူ မည်မျှ ဒုက္ခရောက်ပါစေ၊ ဆင်းရဲကြပ်တည်းနေပါစေ အလျှော့မပေးဘူး။ တော်လှန်ပုန်ကန်မှုကို ကန့်သတ်မယ်၊ ချုပ်ချယ်မယ်၊ ဖိနှိပ်မယ်ဆိုတာတွေဟာ အစွန်းရောက် အာဏာရှင်တို့ရဲ့ လက်သုံးလုပ်ရပ်တွေသာ ဖြစ်ပါတယ်။


ဒီလို ဆိုးရွားကြမ်းတမ်းတဲ့သဘောရှိတဲ့ အာဏာရှင်တို့ရဲ့ သဘောထားကို ချေဖျက်တိုက်ပွဲဝင်ကြရမဲ့ တော်လှန်ရေးသမားတွေ အတွက်တော့ သူတို့ရဲ့ ဖိနှိပ်မှုတွေကို ဂရုစိုက်စရာမလိုဘူးလို့ ထင်မြင်မိပါတယ်။ ဖိနှိပ်မှုဆိုတဲ့ စကာလုံးဟာ အာဏာရှင်တို့ရဲ့ လက်သုံးစကားဖြစ်သလို တော်လှန်ရေးဆိုတာဟာလဲ ဖိနှိပ်ခံ ပြည်သူ၊ ဖိနှိပ်မှုကို မလိုလားသူ၊ လွတ်လပ်ရေးကို မြတ်နိုးသူတို့ရဲ့ စကာလုံးသာ ဖြစ်ပါတယ်။

ပြင်သစ်ပြည်မှာ ပြင်သစ်တော်လှန်ရေး မဖြစ်မီက အော်တိုကရေစီဘုရင်စနစ် ထွန်းကားခဲ့ပါတယ်။ ပြင်သစ်ဘုရင် လူဝီ (၁၄) က "ဘုရင်နှင့် တိုင်းပြည်သည် ခြားနားခြင်းမရှိ၊ ငါသည် ဘုရင်ဖြစ်သည်၊ ထို့ကြောင့် ငါသည် တိုင်းပြည်ဖြစ်သည်”ဟု ဆိုခဲ့ပါတယ်။ အခုလဲ မြန်မာ နအဖစစ်အစိုးရဟာ သူတို့ရဲ့ အသုံးချခံ စစ်တပ်ဖွဲ့ဝင်တွေကို “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” လို့ ပြောနေတယ်။ ပြီးတော့ သူတို့ကိုယ်သူတို့ "နိုင်ငံတော် နိုင်ငံတော်” ဆိုတဲ့ စကာလုံးကို ရေလဲသုံးပြီး တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေကို လက်ခုပ်ထဲက ရေလို သဘောထားနေပါတယ်။ အဲဒီလို သဘောထားကြောင့် ပြည်သူပြည်သားတွေအပေါ်မှာ လူတဦးချင်း ရရှိခံစားထိုက်တဲ့ အခွင့်အရေးနဲ့ အခွင့်အလမ်းတွေကို ပိတ်ဆို့ဟန့်တား ခြိမ်းခြောက်မှုတွေနဲ့ သွန်ချင်သလိုသွန်၊ မှောက်ချင်သလိုမှောက် လုပ်နေပါတယ်။ သူတို့ရဲ့ဖိနှိပ်မှုဟာ အထူးသဖြင့်တော့ လူထုရဲ့ ဆန္ဒအမှန်ကို ကျယ်ကျယ်လောင်လောင် ပြောဆိုပေးခဲ့ကြတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေအပေါ်မှာ စုပြုံကျရောက်လာခဲ့ပါတယ်။

ပြည်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်ပေါင်း မြောက်များစွာ၊ ပြီးတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဝင်တွေ၊ ပြီးတော့ သံဃာ့ ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရနဲ့ သူ့ရဲ့နောက်ပါ သံဃာတော်တွေကို ဖမ်းဆီးနှိပ်စက် ထောင်ချအရေးယူထားတယ်။ အခြားသော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သူ ရှေ့နေတွေ၊ ကျောင်းသားတွေ၊ အနုပညာရှင်တွေ၊ စာနယ်ဇင်းသမာတွေ၊ ဘလော်ဂါတွေကိုလဲ ဖမ်းဆီးထောင်ချ အရေးယူထားတယ်။ ဒါ့အပြင် ဖမ်းဆီးထားသူတွေကို ပိုမိုပြင်းထန်တဲ့ ရက်စက်ခြိမ်းခြောက်မှု အသွင်သဏ္ဌာန်နဲ့ မိသားစုနဲ့ဝေးကွာရာ နယ်စပ်ဒေသက အကျဉ်းထောင်တွေဆီကို ပို့ဆောင်ခဲ့ပြန်တယ်။

ပြည်ပမှာဆိုရင်ကော။ ပြည်ပက မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေအပေါ်မှာလဲ နအဖစစ်အစိုးရဟာ လက်လှမ်းမှီသမျှနဲ့ ဟန့်တားနှောင့်ယှက်မှုတွေ ရှိနေတာပါပဲ။ နိုင်ငံရေးတက်ကြွသူတွေကို ရောက်ရှိရာနိင်ငံတွေမှာ ရပ်တည်လို့မရအောင် နိုင်ငံကူးလက်မှတ်အပေါ် ကန့်သတ်မှု ဖျက်သိမ်းမှုတွေ လုပ်တယ်။ အမိမြေကိုပြန်လာချိန်မှာ ဖမ်းဆီးမှုတွေလုပ်တယ်။ ရောက်ရှိနေတဲ့ နိုင်ငံတွေက နိုင်ငံအစိုးရတွေ အထင်အမြင်လွဲမှားအောင် ဖိအားပေးမှုတွေ လုပ်တယ်။ ထိုင်း-မြန်မာနယ်စပ်ဒေသမှာ အခြေပြုပြီး မြန်မာ့ဒီမိုကရေစီရေးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်လှုပ်ရှားနေသူတွေအပေါ်မှာဆိုရင် သက်ဆိုင်ရာ ထိုင်းအစိုးရနဲ့ International police (Interpol) အဖွဲ့လို အဖွဲ့မျိုးက အထင်အမြင်လွဲမှားအောင် လက်နက်မှောင်ခိုမှု၊ ဖောက်ခွဲမှု၊ လူကုန်ကူးမှုနဲ့ ပတ်သက်သူတွေအဖြစ် စွပ်စွဲပြောဆို တိုင်တန်းမှုတွေရှိနေတယ်လို့ ကြားသိနေရပါတယ်။ ဒီလို စွပ်စွဲပြောဆို တိုင်တန်းမှုတွေဟာ အမှန်တကယ်တော့ နအဖစစ်အစိုးရရဲ့ ရိုင်းစိုင်းရက်စက်မှု၊ မဟုတ်မမှန် လီဆယ်ပြီး သူတို့ အာဏာတည်မြဲရေး လုပ်ဆောင်မှုတွေသာဖြစ်ကြောင်း ကမ္ဘာပြည်သူတွေနဲ့ အစိုးရတွေဟာ နားလည်သဘောပေါက်သင့်ပါတယ်။

ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားသူတွေအားလုံးအနေနဲ့ကတော့ နအဖစစ်အစိုးရရဲ့ ဖိနှိပ်မှုပုံစံအမျိုးမျိုးကို နားလည်သဘောပေါက်ပြီး ခံနိုင်ရည်ရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဒီမိုကရေစီစနစ်ရဲ့ရှေ့ဆောင် အမေရိကန်နဲ့ ဥရောပနိုင်ငံကြီးတွေရဲ့ သမိုင်းကြောင်းမှာရှိတဲ့ ဒီမိုကရေစီတော်လှန်ရေး ကာလတွေဟာလဲ ဒီကနေ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲ အကျပ်အတည်းမျိုးထက် လျော့နည်းခဲ့မယ်လို့ မထင်မိပါဘူး။
အမေရိကန်မှာ လွတ်လပ်ရေးနဲ့ တန်းတူညီမျှရေး တိုက်ပွဲအတွက် စစ်ရေးနည်းနဲ့ ရှစ်နှစ်ကြာ တိုက်ခဲ့တာတောင် အမှန်တကယ် တန်းတူညီမျှရေးဟာ လူမည်းတွေအတွက် ကွက်ကျန်ခဲ့လို့ သမ္မတကြီး လင်ကွန်းဟာ လူမည်းတွေရဲ့ လွတ်လပ်ရေးအတွက် ဦးဆောင်အရေးဆိုခဲ့ရာမှာ အမေရိကန်တောင်ပိုင်းသားတွေက လက်မခံနိုင်ခဲ့ကြလို့ ပြည်တွင်းစစ်ဖြစ်ခဲ့တာ ခြောက်နှစ်ကြာခဲ့ပါတယ်။ လူမည်းအရေးအတွက် ဖြစ်ခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ်ဟာ ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး ပြည်တွင်းစစ်လို့ ဆိုပါတယ်။ စစ်ကြီးပြီးတဲ့နောက် လူမည်းတွေ လွတ်လပ်ခဲ့ပေမဲ့ လူတွေကြားက အဖြူအမဲ ခွဲခြားဆက်ဆံမှုဟာ ပြီးသွားတာမဟုတ်သေးလို့ မာတင်လူသာကင်းတို့လို ပုဂ္ဂိုလ်တွေက ဆက်လက်တိုက်ပွဲဝင်ခဲ့ရတာ နှစ်ကာလတွေ အကြာကြီးပါပဲ။ အခုအချိန်မျာတော့ ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကြီးမှာ လူမည်းနွယ် သမ္မတလောင်း အိုဘားမားက လူဖြူသမ္မတလောင်း ဂျွန်မက်ကိန်းကို မဲအပြတ်အသတ်နဲ့ နိုင်ပြီး အောင်ပွဲဆင်နိုင်ခဲ့ပါပြီ။

အင်္ဂလန်မှာလည်း အလားတူပါပဲ။ ဒီမိုကရေစီရေးနဲ့ လူအချင်းချင်း တန်းတူညီမျှရေးတိုက်ပွဲဟာ အတော်ကို အချိန်ယူခဲ့ကြရပါတယ်။ (၁၇-၁၈) ရာစုကာလတွေမှာ အင်္ဂလန်က ဘုရင်နဲ့ မှူးမတ်တွေရဲ့ ဘတပြန် ကျားတပြန် တိုက်ပွဲတွေ၊ မြေရှင်ကြီးတွေနဲ့ မှူးမတ်တွေရဲ့ တိုက်ပွဲတွေ၊ စက်မှုဖွံ့ဖြိုးလာပြီးနောက် အရင်းရှင်တွေနဲ့ မှူးမတ်အာဏာပိုင်တွေရဲ့ တိုက်ပွဲတွေ၊ အရင်းရှင်နဲ့ အလုပ်သမားတွေရဲ့ တိုက်ပွဲဟာ ပြင်းထန်ရုံမက ရှည်လျှားခဲ့တာပါပဲ။ အင်္ဂလန်မှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းမှုအစက အိမ်ပိုင်ယာပိုင်မရှိရင် မဲပေးခွင့်မရှိခဲ့ကြပါဘူး။ အလုပ်သမားတွေလဲ မဲပေးခွင့်မရခဲ့ကြပါဘူး။ ဒါတွေကိုလဲ အချိန်ယူ တိုက်ပွဲဝင်ခဲ့ရတာပါ။ အင်္ဂလန်မှာ အမျိုးသမီးတွေ မဲပေးခွင့်မရသေးခင်က အင်္ဂလိပ်အမျိုးသမီးတွေဟာ သူတို့ရဲ့အခွင့်အရေး ရရှိရေးအတွက် အမျိုးသား လွှတ်တော်အမတ်တွေ လွှတ်တော်ထဲကထွက်လာရင် လမ်းမပေါ်မှာ တုံးလုံးလှဲပြီး လမ်းပိတ်ဆို့သူက ပတ်ဆို့၊ ငြုပ်ကောင်းမှုန့်တွေ၊ ငြုပ်သီးမှုန့်တွေနဲ့ ပက်သူက ပက်၊ ကြာပွတ်နဲ့ ဆီးရိုက်သူက ရိုက်၊ အဲဒီလိုလုပ်တော့ ဖမ်းဆီးထောင်ချ၊ ထောင်ချတော့လည်း အမျိုးသမီးတွေက မလျော့ဘဲ ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြကြနဲ့၊ အဲဒီလို တိုက်ပွဲဝင်ခဲ့ကြတဲ့ အင်္ဂလိပ်အမျိုးသမီးတွေရဲ့ အောင်ပွဲဟာ (၂၀) ရာစုရောကတော့ မာဂရက်သက်ချာလို အမျိုးသမီးဝန်ကြီးချုပ်တယောက်က သက်တမ်း သုံးကြိမ်တောင်မှ အင်္ဂလန်လွှတ်တော်မှာ ကြီးစိုးနိုင်ခဲ့ပါတယ်။

တော်လှန်ရေးနဲ့ပတ်သက်ရင် တောင်အာဖရိက,က လူဖြူလူမည်းတန်းတူရေး တိုက်ပွဲတွေဟာလည်း သင်္ခန်းစာယူစရာတွေပါပဲ။ လူမည်းခေါင်းဆောင် မစ္စတာ မန်ဒဲလားနဲ့ သူ့ရဲ့ နောက်လိုက်တွေဟာ ရှည်ကြာလှတဲ့ အကျဉ်းထောင်သက်တမ်းတွေနဲ့ တိုက်ပွဲဝင်အပြီးမှာ နောက်ဆုံးတော့လဲ အောင်ပွဲဆင်နိုင်ခဲ့တာပါဘဲ။

တော်လှန်ရေးဆိုတာ လွတ်လပ်မှု၊ မျှတမှု၊ တန်းတူညီမှုဆိုတဲ့ အရာတွေအတွက် အမှန်တကယ် ကြီးကျယ်မြင့်မြတ်သူတို့သာ လုပ်ဆောင်နိုင်ကြတာပါ။ တော်လှန်ရေးဟာ ကြာချင်ကြာမယ်၊ မြန်ချင်မြန်မယ်၊ ဘဝတွေ ပါချင်ပါမယ်၊ အသက်တွေ ပါချင်ပါမယ်၊ ဒါပေမဲ့ တော်လှန်ရေးကြီးဟာ ကြီးကျယ်မြင့်မြတ်သူတို့ရဲ့လမ်းဖြစ်ပါတယ်။ မကြီးကျယ် မမြင့်မြတ်သူတို့နဲ့ မသက်ဆိုင်ဘဲ အမှန်တကယ် ကြီးကျယ်မြင့်မြတ်လိုသူတိုင်း ပါဝင်ဆင်နွဲရမဲ့ လမ်းဖြစ်ပါတယ်။

ယခုလက်ရှိ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘယ်လိုမှ ရလဒ်ကောင်းမထွက်နိုင်တော့တဲ့ အလွန့်အလွန်ဆိုးရွားလှတဲ့ “Army autocracy” စစ်အာဏာရှင် စနစ်လမ်းဟောင်းကနေ “By the people, for the people” ဆိုတဲ့ ဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြတဲ့ ကြီးကျယ်မြင့်မြတ်သူတွေ အများကြီးရှိနေကြပါပြီ။

ဖိနှိပ်သူ စစ်အစိုးရက အဘယ်မျှ ဖိနှိပ်ပါစေ၊ ကန့်သတ်ပါစေ၊ နှောင့်ယှက်ဟန့်တားပါစေ တော်လှန်ရေးလမ်းကြောင်းကတော့ ပြောင်းလို့မဖြစ်ပါဘူး။ အခုတော့ ခံနေကြရဆဲပါ။ ခံနေကြရတဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေးသမားတွေကို မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၉ ခုနှစ် ရန်ကုန် စက်မှုတက္ကသိုလ်ဝန်းထဲမှာ ပြုလုပ်ခဲ့တဲ့ ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းလေးကို ပြန်လည်ပြောပါရစေ။ သူပြောခဲ့တာက“လက်နက်ကိုင်ပြီး လုပ်ရဲတာ သတ္တိမဟုတ်ဘူး၊ ဘာလက်နက်မှ မပါဘဲ ခံရဲတာမှ သတ္တိ” ဆိုတဲ့ စကားပါပဲ။

အလူးအလဲခံနေရတဲ့ ပြည်သူလူထုအားလုံးနဲ့ နိုင်ငံရေးတက်ကြွသူတွေဟာ ခံရဲတဲ့သတ္တိတွေ ရှေ့ကို တိုးမွေးမြူကြရဦးမှာမို့ လက်သီးတွေကို ကျစ်ကျစ်ဆုပ်ထားပါ။ သမိုင်းဘီးဟာ နောက်ပြန်မလည်ပါဘူး။ အခုချိန်မှာတော့ “အားတင်းထားပါ” လို့ အားလုံး အားလုံးကို တိုက်တွန်းလိုက်ပါရစေ။ ။


No comments:

Post a Comment