Wednesday, December 17, 2008

မဲမှောင်နေသော ကမ္ဘာကြီး

မင်းဆွေသစ်


(က)
"ရက်စက်မှုတွေနဲ့ ကမ္ဘာကြီးက … ခဏကြည့်တာနဲ့ ရင်ထဲတုန်လှုပ်သွား

ခေါင်းပါးလွန်းသတဲ့ ချစ်မေတ္တာ… ချက်ချင်းတွေးကြည့်စမ်း တို့ အနာဂတ်များ"

(ထူးအိမ်သင်ရေးသည့် အသစ်ကမ္ဘာသို့ သီချင်းမှ)

ကောင်းကင်သည် ကြည်လင်ပြီး ၀င်းပနေသည်။ ပြာလဲ့သော ကောင်းကင်နှင့် နွေးထွေးသော နေခြည်နုအောက်တွင် "ဘုံဘေ" သည် သက်ဝင်ကာ ရှင်သန်နိုးထနေပြီ။ အရှေ့တိုင်း အိန္ဒိယ ဗိသုကာ လက်ရာများနှင့် "တပ်ခ်ျမဟာ"အဆင့်မြင့်ဟော်တယ်ကြီးသည် အပြာနုရောင် ကောင်းကင်နောက်ခံနှင့် ခန့်ညားထယ်ဝါစွာ … ။ မျက်ခင်းစိမ်းစမ်း အနားကွပ် တွင်းမှ ရေကူးကန်၏ ရေပြင်သည် ပြာလဲ့လဲ့…။ တပ်ခ်ျမဟာ ဟော်တယ်ကြီး၏ အရိပ်က ရေကန်အတွင်း ရိမ်းထိုးလျက် … ။ နို့နှစ်ရောင်အသွေးနှင့် တပ်ခ်ျမဟာ ဟော်တယ်ကြီးသည် တဒင်္ဂ၏ ဟိုမှဘက်တွင် အေးအေးငြိမ့်ငြိမ့်...၊ ငြိမ်ငြိမ်သက်သက် ...။

တဒင်္ဂ...။

မောင်းပြန်ရိုင်ဖယ် သေနတ်သံများကြောင့် ဟော်တယ်ကြီးအတွင်း တဒင်္ဂ မှင်သက်သွားကြ၏။ အရာရာသည် ကျောက်ရုပ်ထုများကဲ့သို့ ... ။ ခဏငယ်မျှသာ ...။ ပစ်ခတ်မှုများက ဆက်ခါ ဆက်ခါ ...။ လူတို့ ပြိုလဲကုန်ကြ၏၊ ပြေးလွှားကြ၏။ ဦးတည်ရာမဲ့ ...။ လဲနေသူတို့အား တိုက်မိ၏၊ စားသောက်ခန်းမအတွင်း စားသောက်နေသူတို့ ထိုင်နေရာမှ ပြိုလဲကြ၏၊ ပါရှန်း ကော်ဇောပေါ်တွင် လူ့သွေးတို့က အိုင်ထွန်းကာနေသည်။ ရင်ဘတ်ပွင့်နေသောသူ...၊ ခေါင်းတခြမ်း ပဲ့ထွက်သွားသည့်ခန္ဓာ...၊ လှေခါးအတိုင်း ပြေးတက်သွားသူတို့က လှေခါးထစ်များအတိုင်း ပြန်ပြီး လိမ့်ကျလာကြ၏၊ တထစ်ချင်း၊ တထစ်ချင်း ဒလိမ့်ခေါက်ကွေး ...။

ယမ်းပေါက်ကွဲမှုကြောင့် မှန်ပြူတင်းတို့ လွင့်စင်ကုန်၏၊ မီးခိုးလုံးကြီးများ လိမ့်ကာ လိပ်ကာ ထွက်လာသည်။ မီးတောက်များအား တွေ့ရ၏။ ကျီးတို့က အုပ်လိုက် ပြန်ပြေးကြသည်။ ကျီးနှင့် ခိုအုပ်တို့က နားခိုရာ ရှာမတွေ့...။ မီးခိုးငွေ့များနှင့် လွတ်ရာ ပြန်ကြ၏။

တပ်ခ်ျမဟာ ဟော်တယ်အနီး လမ်းမပေါ်တွင်က မီးသတ်ကားများ၊ လူနာတင်ကားများနှင့် ရှုတ်နေ၏။ အိန္ဒိယ တပ်မတော်၏ တိုက်ခိုက်ရေးသမားတို့က တပ်ခ်ျမဟာ ဟော်တယ်အား အပြင်မှ ၀ိုင်းထားကြသည်။ အထဲသို့မူ ၀င်လို့မရ...။ လမ်းတဖက် ပလက်ဖောင်း တဖက်မှ လူတို့သည် ၀တ်ပြီး တွားသွားကာ ဟော်တယ်ကြီးအား ကြည့်နေကြသည်။ သတင်းထောက်များက ပလက်ဖောင်းအထက်မှ သတင်းမှတ်တမ်း ရယူနေကြသည်။

အိန္ဒိယ တပ်မတော်မှ ရဟတ်ယာဉ်များက ဝေဟင်မှနေပြီး တပ်ခ်ျမဟာ ဟော်တယ်အား ၀ဲလျက်...၊ ကွန်မန်ဒိုတပ်သားများအား ရဟတ်ယာဉ်နှင့် ချပေးပြီး ဓားစာခံများအား ကယ်တင်ရန် အာဏာပိုင်တို့က စီစဉ်နေကြ၏။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်သံများအား ကြားရသည်။ ကွန်မန်ဒိုများ ဟော်တယ်အတွင်းသို့ ရောက်ရှိသွားကြပြီဟု ထင်ရသည်။ ဟော်တယ်အတွင်းမှ ဒဏ်ရာရသူများအား တွဲကာ ထွက်လာကြသည်။ ထမ်းစင်များနှင့် သယ်နေကြ၏။ သွေးအလူးလူး...၊ ဘယ်ညာလူးလိမ့်ကာ ညည်းနေကြ၏။ အချို့က ငိုကြွေးနေကြ၏။ မျက်ရည်များနှင့် မျက်ဝန်းများ...။ အလောင်းများအား သယ်ထုတ်လာကြသည်။ အမျိုးသားများ၊ အမျိုးသမီးများ၊ ခလေးသူငယ်များ။ ... ။

CNN ရုပ်သံလွှင့် အစီအစဉ်မှ သတင်းကြေညာသူသည် ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏ စာရင်းအား ကြေညာနေ၏၊ စက္ကန့်နှင့်အမျှ... ဒဏ်ရာရသူ စာရင်းနှင့် သေဆုံးသူစာရင်းက တိုးကာ တိုးကာ ...။

TV ဖန်သားပြင်မှ အကြည့်အား လွှဲဖယ်လိုက်၏။ မျက်လုံးအစုံအား မိတ်ထားလိုက်၏။ မျက်လုံးအား မှိတ်ထားလိုက်သဖြင့် TV ဖန်သားပြင်မှ သွေးပျက်ဖွယ်၊ ချောက်ချားဖွယ်၊ ထိပ်လှန့်ဖွယ်၊ ရွံရှာဖွယ် ကမ္ဘာကြီးအား မမြင်တွေ့ရတော့...။

သို့သော် ...။


(ခ)
မှိတ်ထားသော မျက်ဝန်းအတွင်း အရောင်များအား မြင်ရ၏။ အနီ...၊ အ၀ါ...၊ အပြာ...၊ အဖြူ... ရောင်စဉ် ခုနှစ်သွယ် ....။ အရောင်များမှ တဖြေးဖြေး အရုပ်များဖြစ်လာသည်။ ပထမတွင် ဝေေ၀၀ါးဝါး...၊ ဝေးရာမှ နီးလာသည်။ ၀ါးရာမှ ရှင်းလာသည်။ ထင်းလာ၏။

၂၀၀၁ ခုနှစ်။ စက်တင်ဘာ (၁၁) ရက်နေ့...။

နယူယောက်မြို့ "ဝေါ" လမ်းမကြီးရှိ ကမ္ဘာ့ကုန်သွယ်ရေး ညီနောင်မျှော်စင် အဆောက်အဦကြီးသည် ကြည်လင်သော ကောင်းကင်အောက်တွင် မားမားရပ်လျက်ရှိသည်။ ပြင်ပြားနှစ်ချပ်အား ယှဉ်လျက် ထောင်ထားသကဲ့သို့ ...။ WTC သည် အချိန်မှန်စွာနှင့်ပင် နိုးထခဲ့လေသည်။

ဂျက်လေယာဉ်ကြီးနှစ်စီးသည် ပျံသန်းနေကျ အမြင့်ပေမှ နိမ့်ဆင်းကာ ပျံသန်းလာ၏။ လေယာဉ်လမ်းကြောင်းက ပျံသန်းနေကျ လမ်းကြောင်းမဟုတ်...။ မည်သူမျှ သတိမပြုမိ။ ခဏငယ်အတွင်း လမ်းကြောင်းပြောင်းလာသော ဂျက်လေယာဉ်ကြီးတစီးသည် မတ်မတ်ရပ်နေသည့် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကြီးအား အရှေ့တောင်ဖက်မှ ၀င်ကာ တိုက်လိုက်၏။ ပေါက်ကွဲသံကြီးက ငြိမ်သက်နေသော နယူးယောက်အား ပုတ်နှိုးလိုက်၏။ မီးတောက်ကြီးသည် ကောင်းကင်တွင် ဧရာမ မီးစုန်းကြီးအလား...။

တစက္ကန့်...၊ နှစ်စက္ကန့်...၊ စက္ကန့်ငယ်များအတွင်း နောက်ထပ် ဂျက်လေယာဉ်ပျံကြီးတစီးသည် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကြီးအား အနောက်မြောက်ဘက်မှ ၀င်ကာ တိုက်ပြန်သည်။ ပြိုလဲသံတို့က တော်လဲသကဲ့သို့...။ မီးခိုးလုံးကြီးများ WTC အဆောက်အဦ၏ အထက်အမြင့်များမှ ထွက်လာသည်။ လမ်းပေါ်တွင် လူတို့က အပြေးပြေးအလွှားလွှား...။ WTC အဆောက်အဦအတွင်းမှ လူများ ပြေးထွက်လာကြသည်။ မျက်လုံးများ...။ မျက်ဝန်းများက ၀ိုင်းဝိုင်းလည်လည်...။ အထိတ်ထိတ် အလန့်လန့် ...။ အဆောက်အဦအတွင်း မီးခိုးများက အထက်...အထက်တိုင်းတွင် အူပြီး ထွက်နေကြသည်။ အထပ် ၆၀ ခန့်မှ မီးတောက်မီးညွန့်များအား တွေ့ရ၏။ ပြိုလဲသံများက စဉ်ဆက်မပြတ်။

အို...။ အထပ် ၈၀ ... ၉၀ မှ လူများ ခုန်ချလာသည်။ သေးသေးလေး...။ လေထီးမပွင့်ဘဲ ပြုတ်ကျလာသကဲ့သို့ ...။ တယောက်...နှစ်ယောက်...။ လေထဲတွင် လိမ့်ပြီး လိမ့်ပြီး...။

အို...။

မှိတ်ထားသော မျက်လုံးအား ကြောက်လန့်တကြား ဖွင့်လိုက်၏။ မှိတ်ထားသည့် မျက်ဝန်းအတွင်း မြင်နေရသည့် သွေးပျက်ဖွယ်၊ ချောက်ချားဖွယ်၊ ထိတ်လန့်ဖွယ်၊ ရွံရှာဖွယ် ကမ္ဘာကြီးအား မြင်လွှာအတွင်းမှ ပျောက်ကွယ်သွားစေရန် ...။

CNN သတင်းကြေညာသူကား အခြားသတင်းများအား ကြေညာနေပြန်၏။ ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းတို့၏ အရေး...။ ပြီးလျှင်... ဘဂဒက်မြို့၏ လမ်းများပေါ်မှ မြို့ပြလူမှုဘ၀များ ...။ TV အား ပိတ်လိုက်၏။ ကမ္ဘာကြီးက ရင်မောလှစွာ...။ မျက်လုံးအစုံအား မှေးကာ မှိတ်ထားလိုက်၏။

အို...အရောင်များ....အရိပ်များ ပေါ်လာပြန်၏။ လမ်းများပေါ်တွင် ရေများလျှံနေသည်။ လျှံနေသော ရေပြင်ပေါ်သို့ မိုးစက်များက သွန်းဆဲ...။ လေးညှို့မှ ပစ်လွှတ်လိုက်သော မျှားတံများအလား...။ မုတ်သုန်မိုး..။ စက်တင်ဘာမိုး...။

ပုံရိပ်များက တဖြည်းဖြည်းနှင့်ထင်းလာ၏။ လင်းလာ၏။ ဟုတ်သည်။ ဒါ...ရန်ကုန်။

ရန်ကုန်မြို့၏ လမ်းများက ရွှေဝါရောင်လွှမ်းနေ၏။ မိုးသံ၊ လေသံများအကြားမှ ဓမ္မတေးသံက စည်ဝေနေသည်။

ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေ...။ ရန်ကုန်သည် စက်တင်ဘာ မိုးရေစက်များအောက်တွင် ငြိမ်းချမ်းစွာ သက်ဝင် နိုးထလျက်...။

မကြာ...။ တဒင်္ဂပင်...။

ရန်ကုန်၏ လမ်းမများပေါ်သို့ စစ်သားများ ၀င်ရောက်လာကြ၏။ မောင်းပြန်ရိုင်ဖယ်သေနတ်များနှင့် ...။ အမိန့်ပေးသံများ ထွက်ပေါ်လာသည်။ ခရာတွတ်သံများ ဆူညံလာ၏။ မောင်းပြန်ရိုင်ဖယ်သေနတ်သံများ...။ ငြိမ်းချမ်းစွာနှင့် သက်ဝင်နိုးထနေသော ရန်ကုန်သည် ယမ်းပေါက်ကွဲသံများအောက်တွင် အကြည်းတန်သွားတော့၏။ သံဃာတော် အရှင်သူမြတ်တို့၏ သွေးတို့က လမ်းမထက် မိုးရေတို့နှင့် ရောထွေးကာ သွားတော့သည်။ ရန်ကုန်၏ လမ်းမများက ရွှေဝါရောင်မှ ရဲရဲနီစွေးကာ သွားတော့သည်။ မြင်လွှာအတွင်း ပုံရိပ်များက ဖြတ်ကနဲ...ဖြတ်ကနဲ ပြောင်းလဲကာနေသည်။ စီးနင်းသိမ်းပိုက်ခံထားရသည့် ငွေကြာရံ ကျောင်းတောဝင်း ... သွေးကွက်များ ... ကျိုးပျက်နေသော ဗုဒ္ဓရုပ်ပွားတော်... ပြန့်ကျဲကာနေသော ဖိနပ်များ။ ဖြတ်ကနဲ...ဖြတ်ကနဲ ရုပ်ပုံကားချပ်များမှ ပြောင်းလဲပြန်သည်။

ဒါ...ငမိုးရိပ်ချောင်း...။ ငမိုးရိပ်ချောင်းနဘေး နွံအတွင်း မှောက်လျက် လဲသေနေသော သံဃာတော်တပါး...။

ပုတ်ပွစပြုနေသော ကိုယ်တော်၏ ကျောပြင်နှင့် ဦးပြည့်တို့တွင်က အညိုအမဲ စွဲနေသည့် ဒဏ်ရာများ...။

အာဏာနှင့် ငြိမ်းချမ်းရေး အားပြိုင်မှုက စက်တင်ဘာ မိုးရေအောက်တွင် ...။

"ဥာဏ်ပညာရယ် ချစ်ခြင်းတရား

ရင်ထဲလှပတဲ့ နေ့ရက်တွေ ရှိဦးမလား...

ဒီညဏ်ပညာရယ် ချစ်ခြင်းတရား

ဘ၀မှာ ဆိုးရွားလွန်းတဲ့ ...အဓမ္မကို နိုင်ဦးမလား

ယုံကြည်တမ်းတတဲ့ နှလုံးသားများ အားလုံးရဲ့

ကမ္ဘာသစ်ရယ်...

အိမ်မက်ရယ်..."

(ထူးအိမ်သင်ရေးသည့် အသစ်ကမ္ဘာသို့သီချင်းမှ)


(ဂ)
ထိတ်လန့်ကြောက်ရွံ့ဖွယ် အဓမ္မ ကမ္ဘာကြီး၏ သတင်းများအား ကြားရ...မြင်ရပြီးလျှင် ကျနော်သည် အိပ်လို့မရတော့ ...။ "မိုဂါဒွန်" သောက်သော်လည်း အိပ်မပျော်...။ အိပ်မရလျှင် စာဖတ်ဖြစ်၏။ အများအားဖြင့် ထိုအခါမျိုးတွင် ဖတ်ဖြစ်သည်ကား ဒေါ်အောင်ဆန်းစုကြည်ရေးသည့် စာတမ်းများ...။ ယခုလည်း ဒေါ်အောင်ဆန်းစုကြည်၏ "စစ်မှန်သော လုံခြုံရာသို့" စာတမ်းအား ဖတ်ဖြစ်၏။ "မေတ္တာတရား၊ ဆင်ခြင်တုံတရားနှင့် တရားမျှတမှု ကြီးစိုးသော လူ့အဖွဲ့အစည်းကို စိတ်ကူးယဉ် မျှော်မှန်းခဲ့ကြသည်မှာ လူ့ယဉ်ကျေးမှု သက်တမ်း တလျှောက်လုံးပင်ဖြစ်ပါသည်။

ဒီမျှော်လင့်ချက်သည် စိတ်ကူးယဉ် အိမ်မက်ဖြစ်ရမည်လော၊ 'ကာလ်ပေါ့ပါး' က အမှောင်သည် ယခင်ကတည်းက ရှိနေခဲ့သော်လည်း အလင်းရောင် ပေါ်ပေါက်လာသည်မှာ မကြာသေးဟု ဆိုသည်။ ပေါ်ထွန်းစဖြစ်သော အလင်းရောင်ကို တယုတယ ကြည့်ရှု စောင့်ရှောက်ရမည် ဖြစ်ပါသည်။ အသေးငယ်ဆုံးသော အလင်းရောင်ကိုပင် ကမ္ဘာတခွင်လုံးရှိ အမှောင်ထုက ကွယ်ပျောက်အောင် မလုပ်နိုင်ပါ။ အမှောင်ဟူသည်မှာ လုံးဝကင်းမဲ့ခြင်းသဘောကို ဆောင်ပါသည်။ အမှောင်ဟူသည်မှာ အလင်းရောင်မရှိခြင်းသာ ဖြစ်ပါသည်။

သို့သော်လည်း သေးငယ်သော အလင်းရောင်သည် ကျယ်ပြန့်ကာ ၀န်းရံထားသည့် အမှောင်ထုကို မဖြိုခွင်းနိုင်ပါ။ ဒီအလင်းရောင်လေး ပိုမိုထွန်းလင်းတောက်ပ လာနိုင်ရန်အတွက် အားကောင်းရန် လိုအပ်ပါသည်။ ဒီအလင်းရောင်ကို ချစ်မြတ်နိုးလာနိုင်ရန်အတွက် ဒုက္ခ ဝေဒနာဟု သဘောမထားဘဲ ကောင်းမှု မင်္ဂလာအဖြစ် နှလုံးသွင်းကာ ကျင့်သားရအောင် ကြည့်ဖို့လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်သူ အားလုံးအား လုံခြုံမှု အလုံအလောက် ပေးနိုင်သော ပိုမိုထွန်းလင်းသည့် ကမ္ဘာလောကကို ကျမတို့ အလွန်ပင် လိုအပ်လျက်ရှိပါသည်..."

ဘယ်အချိန် ကျနော် အိပ်ပျော်သွားသည်ကို မသိတော့... ညသည် မည်မျှ မဲမှောင်နေသနည်း။

မင်းဆွေသစ်

No comments:

Post a Comment